တိုင်းပြည်ပြုလွှတ်တော်နည်းဥပဒေများ

တိုင်းပြည်ပြုလွှတ်တော်နည်းဥပဒေများ  (1947) 

တိုင်းပြည်ပြုလွှတ်တော်နည်းဥပဒေများ။
ရန်ကုန်မြို့၊ ၁၉၄၇ ခု၊ ဇွန်လ ၂၆ ရက်။

နံပါတ် ၁။ ။ ၁၉၄၇ ခု၊ ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသော တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုပြီးသည့် အောက်ပါ တိုင်းပြည်ပြုလွှတ်တော် နည်းဥပဒေများကို ထုတ်ပြန်ကျေညာလိုက်သည်။

အခဏ်း ၁။
အဓိပ္ပါယ်ရှင်းလင်းချက်။

၁။ ။ ဤနည်းဥပဒေများကို တိုင်းပြည်ပြုလွှတ်တော်နည်းဥပဒေများဟု ခေါ်တွင်စေရမည်။ ဤဥပဒေများ သည် ချက်ခြင်းအတည်ဖြစ်စေရမည်။

၂။ ။ ဤနည်းဥပဒေများတွင် အကြောင်းအရာ၌ဖြစ်စေ၊ ရှေ့နောက်စကားအစီအစဉ်၌ဖြစ်စေ၊ အဓိပ္ပါယ် ဆန့်ကျင်ကွဲလွဲသည့် အချက်တစုံတရာမရှိလျှင်-

(က) “လွှတ်တော်” ဆိုသည်မှာ၊ မြန်မာနိုင်ငံ တိုင်းပြည်ပြုလွှတ်တော်ကို ဆိုလိုသည်။

(ခ) “အမတ်” ဆိုသည်မှာ၊ လွှတ်တော်အမတ်ကို ဆိုလိုသည်။

(ဂ) “ဥက္ကဋ္ဌ” ဆိုသည်မှာ၊ လွှတ်တော်မှဥက္ကဋ္ဌအဖြစ်ဖြင့် ရွေးကောက်တင်မြှောက်ထားသော အမတ် ကိုဆိုလိုသည်။

(ဃ) “အတွင်းဝန်” ဆိုသည်မှာ၊ လွှတ်တော်၏ အတွင်းဝန်ကိုဆိုလို၍၊ ဒုတိယအတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်များပါ အကျုံးဝင်စေရမည်။

အခဏ်း ၂။
လွှတ်တော်အမတ်ဖြစ်မြောက်ခြင်းနှင့် နေရာလစ်လပ်ခြင်း။

၃။ ။ (က) လွှတ်တော်အမတ်အဖြစ်ကို ခံယူရန် လွှတ်တော်အစည်းအဝေးတွင် မော်ကွန်းစာရင်းစာအုပ် တွင် လက်မှတ်ရေးထိုးရမည်။

(ခ) လွှတ်တော်အစည်းအဝေးမရှိလျှင်မူကား၊ ဥက္ကဋ္ဌရှေ့တွင် လက်မှတ်ရေးထိုးရမည်။

(ဂ) ဤကဲ့သို့ရေးထိုးခြင်းမပြုရသေးသော ပုဂ္ဂိုလ်သည်၊ လွှတ်တော်တွင် ဝင်ရောက်ခြင်း၊ ဆွေးနွေးခြင်း၊ မဲပေးခြင်း စသည်တို့ကို ပြုနိုင်ခွင့် မရှိစေရ။

၄။ ။ အမတ်တဦးသည်၊ အောက်ပါအကြောင်းတခုခုနှင့် တိုက်ဆိုင်လျှင်၊ အမတ်အဖြစ်မှ ရပ်စဲသည်ဟူ၍ ယူဆရမည်။

(က) အနိစ္စရောက်ခြင်း။

(ခ) စိတ္တဇရောဂါကပ်ရောက်နေသည်ဟု စီရင်ပိုင်ခွင့်ရှိသော တရားရုံးတော်က အမိန့်ချမှတ်ခံရခြင်း။

(ဂ) ဤနည်းဥပဒေများအရ အတည်ဖြစ်သောနုတ်ထွက်ခြင်း။

(ဃ) အခွင့်ရယူခြင်းမရှိဘဲ လွှတ်တော်ညီလာခံတခု၏ အစည်းအဝေးအားလုံးကို မတက်ရောက်သဖြင့် ဤနည်းဥပဒေများအရ၊ လွှတ်တော်က ထိုအမတ်၏ နေရာသည် လစ်လပ်သည်ဟု ပြဋ္ဌာန်းခံရခြင်း။

(င) အမတ်တဦးသည် မိမိ၏ ရွေးကောက်ခံရခြင်း၌ ဥပဒေနှင့် မညီညွတ်ဟု ဆုံးဖြတ်ပြဋ္ဌာန်း၍ ဤနည်း ဥပဒေများအရ အပယ်ခံရခြင်း။

၅။ ။ (၁) လွှတ်တော်အမတ်တဦးသည် မိမိကိုယ်တိုင်လက်မှတ်ရေးထိုးထားသော နုတ်ထွက်စာကို ဥက္ကဋ္ဌ ထံတင်သွင်းပြီးလျှင် အမတ်အဖြစ်မှ နုတ်ထွက်နိုင်သည်။

(၂) ဥက္ကဋ္ဌက နုတ်ထွက်စာကို လက်ခံသော အချိန်မှစ၍ ထိုအမတ်၏ နေရာသည် လစ်လပ်သည်ဟု ယူဆရမည်။

၆။ ။ အထက်ပါနည်းဥပဒေ ၄ တွင် ပါရှိသော အကြောင်းအရာ တခုခုကြောင့် အမတ်တဦး၏ နေရာလစ်လပ်ခဲ့သော်၊ ဥက္ကဋ္ဌသည် ထိုအမတ်၏နေရာ လစ်လပ်ကြောင်းကို ကျေညာ၍၊ ထိုလစ်လပ်သော နေရာအတွက် အမတ်တဦးထပ်မံ ရွေးကောက်တင်မြှောက်ရန် လိုအပ်သော ကိစ္စများကို ဆောင်ရွက်ရန် အတွက် အစိုးရအား အကြောင်းကြားရမည်။

၇။ ။လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော အမတ်များ၏ အမည်စာရင်းကို အတွင်းဝန်က မှတ်ယူထားရှိစေရမည်။

(က) အမတ်တဦးသည် လွှတ်တော်အစည်းအဝေးသို့ မတက်ရောက်နိုင်လျှင် မိမိကိုယ်တိုင်ကသော်၎င်း၊ မိမိအတွက် အခြားအမတ်တဦးဦးကသော်၎င်း၊ လွှတ်တော်သို့ ခွင့်တောင်းသော အဆိုတင်သွင်းနိုင်သည်။

(ခ) ၎င်းအဆိုတွင် မတက်ရောက်နိုင်မည့်ခွင့်ရက်ကို ဖေါ်ပြရမည်။

(ဂ) အထက်ပါအတိုင်းအခွင့်ရယူခြင်းမရှိဘဲ၊ အမတ်တဦးသည် လွှတ်တော်ညီလာခံတပတ်၏ အစည်းအ ဝေးအားလုံးကို မတက်ရောက်ခဲ့သော်၊ အမတ်တဦးဦးက ထိုအမတ်၏ နေရာ လစ်လပ်ပြီဟူ၍ ကျေညာရန် အဆိုတခု တင်သွင်းနိုင်သည်။

(ဃ) ဤကဲ့သို့သော အဆိုမျိုးကို ပြင်ဆင်ခြင်း၊ ဆွေးနွေးခြင်းမပြုဘဲ၊ မဲယူ၍ ဆုံးဖြတ်ရမည်။

အခဏ်း ၃။
ဥက္ကဋ္ဌနှင့်အရံသဘာပတိများ။

၈။ ။ (၁) လွှတ်တော်ဥက္ကဋ္ဌကို အမတ်များထဲမှ လွှတ်တော်တခုလုံးက ရွေးကောက်တင်မြှောက်ရမည်။

(၂) ဥက္ကဋ္ဌ၏လစာငွေနှင့် အခြားစရိတ်ကြေးငွေ စသည်တို့ကို လွှတ်တော်က သတ်မှတ်ပိုင်ခွင့် ရှိစေရ မည်။

(၃) ဥက္ကဋ္ဌသည် လွှတ်တော်အမတ်အဖြစ်မှ ရပ်စဲသော အချိန်မှစ၍၊ ဥက္ကဋ္ဌအဖြစ်မှလည်း ရပ်စဲစေရမည်။

(၄) ဥက္ကဋ္ဌသည်၊ မိမိကိုယ်တိုင် လက်မှတ်ရေးထိုးသော နုတ်ထွက်စာကို လွှတ်တော်အတွင်းဝန်ထံ ပေးပို့ ခြင်းဖြင့် နုတ်ထွက်နိုင်သည်။

လွှတ်တော်အစည်းအဝေးကျင်းပသောအချိန်နှင့် တိုက်ဆိုင်လျှင်၊ ထိုနုတ်ထွက်စာကို လွှတ်တော်အမတ် များအား အတွင်းဝန်က ဘတ်ပြကျေညာရမည်။

အစည်းအဝေးကျင်းပချိန်မဟုတ်လျှင်၊ ထိုကိစ္စကို အစိုးရပြန်တမ်းထဲတွင် ထည့်သွင်းကျေညာရမည်။

ထိုသို့တနည်းနည်းဖြင့် ကျေညာပြီးမှသာလျှင်၊ နုတ်ထွက်ခြင်းအတည်ဖြစ်သည်။

၉။ ။ (၁) လွှတ်တော် ဥက္ကဋ္ဌရာထူးလစ်လပ်၍၊ ဥက္ကဋ္ဌရွေးကောက်ပွဲကျင်းပရန် လိုအပ်သောအခါ၊ လမ်းညွှန်အဖွဲ့သည် ရွေးကောက်ပွဲ ကျင်းပရန် နေ့ရက်ကို သတ်မှတ်ရမည်။ ယင်းသို့ သတ်မှတ်သော နေ့ရက်ကို အတွင်းဝန်က အမတ်များအသီးသီးထံသို့ အကြောင်းကြားစာများ ပေးပို့ရမည်။

(၂) လွှတ်တော်အမတ်တဦးသည်၊ အခြားအမတ်တဦးအား၊ ရွေးကောက်ပွဲအတွက် အဆိုတင်သွင်းလို လျှင်၊ အမည်တင်သွင်းသော စာရွက်ပေါ်တွင် မိမိကိုယ်တိုင်အဆိုတင်သွင်းသူ အဖြစ် လက်မှတ်ရေးထိုး ပြီး၊ တတိယအမတ်တဦးအားထောက်ခံသူအဖြစ် လက်မှတ်ရေးထိုးစေ၍၊ ထိုသတ်မှတ်ထားသော နေ့မတိုင်မှီတရက် မွန်းမလွဲမှီ အတွင်းဝန်ထံတင်သွင်းနိုင်သည်။ ထိုတင်သွင်းသော စာရွက်တွင်-

(က) အမည်စာရင်းတင်သွင်းခြင်းခံရသူ၏အမည်နှင့်

(ခ) အဆိုရှင်က မိမိအဆိုတင်သွင်းထားသူသည်၊ ရွေးကောက်တင်မြှောက်ခြင်းခံရလျှင်၊ ဥက္ကဋ္ဌအဖြစ်ဖြင့် လက်ခံဆောင်ရွက်ရန် သဘောတူကြောင်း စုံစမ်းပြီးဖြစ်သည်ဟု ဖေါ်ပြပါရှိရမည်။

(၃) အမည်စာရင်းတင်သွင်းခြင်းခံရသော အမတ်သည်၊ လွှတ်တော်တွင်ရွေးကောက်ပွဲ စတင်မကျင်းပမှီ အရွေးခံသူအဖြစ်မှ နုတ်သိမ်းနိုင်သည်။

(၄) ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ထားသော နေ့ရက်၌၊ လွှတ်တော်တခုလုံးမှ ထိုကိစ္စအတွက် အမတ်တဦးဦးအား၊ သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ရမည်။

ထိုသဘာပတိက အမည်စာရင်းတင်သွင်းခြင်းခံရ၍၊ ပြန်လည်နုတ်သိမ်းခြင်းမပြုသော ဥက္ကဋ္ဌလောင်း များ၏အမည်စာရင်းကို အဆိုတင်သွင်းသူများနှင့် ထောက်ခံသူများ၏ အမည်များနှင့်တကွ လွှတ်တော် တွင်ဘတ်ပြရမည်။ အမည်စာရင်းတင်သွင်းခြင်းခံရသူတယောက်တည်းသာရှိလျှင်၊ ထိုသူသည် ဥက္ကဋ္ဌ အဖြစ် အရွေးခံရကြောင်းကျေညာရမည်။ အကယ်၍ အမည်စာရင်းတင်သွင်းခြင်းခံရသူ တဦးထက် ပိုလျှင်၊ လွှတ်တော်က မဲဖြင့် ရွေးကောက်တင်မြှောက်ရမည်။

(၅) ယှဉ်ပြိုင်သူနှစ်ဦးတည်းသာရှိလျှင်၊ မဲရွေးရာ၌ မဲအရေအတွက်ပိုရသောသူကို အရွေးခံရသည်ဟု ကျေညာရမည်။ အကယ်၍ ထိုသူနှစ်ဦးရသော မဲအရေအတွက်မှာ တူညီနေလျှင်၊ သဘာပတိက လွှတ်တော်အတွင်းတွင် မဲချ၍ ရွေးကောက်တင်မြှောက်ရမည်။

(၆) အမည်စာရင်း တင်သွင်းခြင်းခံရသူနှစ်ဦးထက်ပိုလျှင်၊ ပဌမမဲရွေးရာတွင် ၎င်းတို့အနက် တဦးတ ယောက်သောသူသည်၊ ကျန်လူများရရှိသော မဲစုစုပေါင်းထက် ပိုသော မဲအရေအတွက်ရရှိပါက၊ ထိုပုဂ္ဂိုလ် အား အရွေးခံရသူဟု ကျေညာရမည်။ ဤကဲ့သို့ မဲပိုရရှိသူမရှိလျှင်၊ မဲအနည်းဆုံးရသော သူအား ရွေးကောက်ပွဲမှပယ်၍၊ ထပ်မံမဲရွေးခြင်းပြုစေရမည်။

ဤနည်းအားဖြင့် တဦးတယောက်သည်၊ ကျန်လူအားလုံးရရှိသော မဲစုစုပေါင်းထက်ပို၍ မဲရရှိသည့် တိုင်အောင် ထပ်၍ထပ်၍ရွေးခြင်းပြုရမည်။ နှစ်ယောက်တည်းသာကျန်သည့်အခါ၌၊ မဲပို၍ရသူအား ရွေးကောက်ခံရသူဟု ကျေညာရမည်။

(၇) ထိုသို့မဲရွေးရာတွင် ယှဉ်ပြိုင်သူ သုံးဦးသော်၎င်း၊ ထို့ထက်ပိုလျှင် သော်၎င်း၊ မဲအရချင်းတူနေ၍ နည်းဥပဒေအပိုဒ်ငယ် (၆)အရ၊ တယောက်ယောက်ကိုပယ်ထုတ်ရန် ကိစ္စတွင် ထိုမဲအရချင်း တူသူများ အနက်၊ ထုတ်ပယ်ရမည့်သူကို သဘာပတိက လွှတ်တော်အတွင်းတွင် မဲချ၍ ဆုံးဖြတ်ရမည်။

၁၀။ ။ ပဌမအကြိမ်ကျင်းပသည့် လွှတ်တော်ညီလာခံတွင် ဥက္ကဋ္ဌသည် လွှတ်တော်အမတ်များအနက်မှ အရံသဘာပတိရှစ်ဦး ရွေးချယ်ခန့်ထားရမည်။ ၎င်းတို့၏ ဝါအကြီးအငယ်ကို ဥက္ကဋ္ဌ၏ သဘောအရ သတ်မှတ်ရမည်။

၁၁။ ။ (၁) လွှတ်တော် အစည်းအဝေးများတွင်၊ ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။ ဥက္ကဋ္ဌ မတက်ရောက်နိုင်သော အစည်းအဝေးတွင် ရောက်ရှိနေသော အရံသဘာပတိများအနက်မှ၊ ဝါအရင့်ဆုံး ပုဂ္ဂိုလ်က သဘာပတိအဖြစ်ဖြင့် ဆောင်ရွက်ရမည်။ အကယ်၍ အရံသဘာပတိတဦးဦးမှ မရှိခဲ့ပါလျှင်၊ လွှတ်တော်က အမတ်တဦးကို သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ရမည်။

(၂) ဥက္ကဋ္ဌ မရှိသော အခါသော်၎င်း၊ ဥက္ကဋ္ဌသည် မိမိတာဝန်ဝတ်တရားကို မဆောင်ရွက်နိုင်သော အခါ၌ သော်၎င်း၊ ဝါအရင့်ဆုံး သဘာပတိသည်၊ ဥက္ကဋ္ဌ၏ အခွင့်အာဏာနှင့် တာဝန်ဝတ်တရားများကို ထမ်းရွက်ရမည်။

(၃) ဥက္ကဋ္ဌသည် လွှတ်တော်၏ အခွင့်အရေးများကို စောင့်ရှောက်ထိန်းသိမ်းသူဖြစ်စေရမည့်ပြင်၊ လွှတ်တော်အတွက် ဦးဆောင်ပြောဆိုနိုင်သူနှင့် ကိုယ်စားပြုနိုင်သူဖြစ်စေရမည်။ လွှတ်တော်၏ အကြီး ဆုံးသော အာဏာပိုင်အုပ်ချုပ်သူလည်း ဖြစ်စေရမည်။

အခဏ်း ၄။
လွှတ်တော်ညီလာခံ။

၁၂။ ။ (၁) ဥက္ကဋ္ဌသည် မိမိ၏ သဘောအလျောက်လွှတ်တော်ညီလာခံကို-

(က) သင့်လျော်မည်ထင်သော အချိန်နှင့် နေရာ၌ ကျင်းပရန် ဆင့်ဆိုခြင်း၊
(ခ) ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။

(၂) အတွင်းဝန်သည် လွှတ်တော်ညီလာခံကျင်းပရန် ဥက္ကဋ္ဌ သတ်မှတ်သော အချိန်နှင့်နေရာကို တိကျစွာ ဖေါ်ပြ၍၊ အမတ်အသီးသီးထံသို့ ဘိတ်စာပေးပို့ရမည်။

၁၃။ ။ လွှတ်တော်တွင် အမတ်များ ထိုင်ရန်နေရာများကို ဥက္ကဋ္ဌက သတ်မှတ်ပေးလိမ့်မည်။

၁၄။ ။ (၁) လွှတ်တော်တွင် သုံးနှုန်းရမည့် ဘာသာမှာ၊ မြန်မာဘာသာဖြစ်ရမည်။ သို့သော် လွှတ်တော် အမတ်များအား၊ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုရန် ဥက္ကဋ္ဌက ခွင့်ပြုနိုင်သည်။

(၂) လွှတ်တော် မှတ်တမ်းများကို အမတ်များ ပြောဆိုသည့် ဘာသာစကားအတိုင်း ရေးမှတ်ထားရှိရ မည်။

အခဏ်း ၅။
လွှတ်တော်၏ လုပ်ငန်းများ။

၁၅။ ။ (၁) လွှတ်တော်၏လုပ်ငန်း ဆိုသည်မှာ၊ လွှတ်တော်အတွင်း၌ ဆောင်ရွက်သောလုပ်ငန်းများ အပြင်၊ အောက်ပါအဖွဲ့များတွင် ဆောင်ရွက်သော လုပ်ငန်းများလည်း ပါဝင်သည်။

(က) တလွှတ်တော်လုံးကော်မီတီ၊
(ခ) လမ်းညွှန်ကော်မီတီ၊
(ဂ) လွှတ်တော်အမှုထမ်းနှင့် ဘဏ္ဍာရေးကော်မီတီ၊
(ဃ) စီစစ်ရေးကော်မီတီ၊
(င) ဧည့်ခံကော်မီတီနှင့်
(စ) လွှတ်တော်ကဖွဲ့သော ကော်မီတီများနှင့် ကော်မီတီများကဖွဲ့သော ဆပ်ကော်မီတီများ။

(၂) လွှတ်တော်က အခြားဆုံးဖြတ်ပြဋ္ဌာန်းချက်မရှိလျှင်၊ လွှတ်တော်ညီလာခံများကို ရန်ကုန်မြို့၌သာ ကျင်းပရမည်။

(၃) နည်းဥပဒေများ၊ တည်ဆဲအမိန့်များ၊ လွှတ်တော်၏ ဆုံးဖြတ်ပြဋ္ဌာန်းချက်များနှင့် ဥက္ကဋ္ဌ၏ ဖြတ်ထုံး များတို့ဖြင့်၊ လွှတ်တော်လုပ်ငန်းနှင့် အစီအစဉ်များကို သတ်မှတ်ရမည်။

၁၆။ ။ လွှတ်တော်၏ လုပ်ငန်းအခြေအနေကို ထောက်ထား၍၊ ဥက္ကဋ္ဌက အခါကာလအားလျော်စွာ ညွှန် ကြားသော နေ့ရက်များတွင် လွှတ်တော်အစည်းအဝေးကို ကျင်းပရမည်။ သို့သော် လွှတ်တော်၏ သဘော တူညီချက်မရရှိဘဲ၊ ဥက္ကဋ္ဌသည် လွှတ်တော်အစည်းအဝေးကို တကြိမ်လျှင် ၃ ရက်ထက်ကျော်လွန်၍ ရွှေ့ဆိုင်းခြင်း မပြုရ။

၁၇။ ။ လွှတ်တော်အစည်းအဝေးကို တလွှတ်တော်လုံးကော်မီတီအစည်းအဝေးသဘောသို့ ပြောင်းလွှဲ၍ စည်းဝေးရန် လွှတ်တော်မှာ ဆုံးဖြတ်ပြဋ္ဌာန်းပိုင်ခွင့်ရှိသည်။

၁၈။ ။ လွှတ်တော်အစည်းအဝေးများကိုသာမန်အားဖြင့် နံနက် ၁၁ နာရီအချိန်တွင် စတင်ကျင်းပရမည်။ သို့သော် အခြားအချိန်တွင် ကျင်းပရန်အတွက် ဥက္ကဋ္ဌကသော်၎င်း၊ လွှတ်တော်ကသော်၎င်း သတ်မှတ်နိုင် သည်။

၁၉။ ။ လွှတ်တော်အစည်းအဝေးထမြောက်အောင်မြင်စေရန် အမတ်ဦးရေ အနည်းဆုံး ၄၀ တက်ရောက်ရ မည်။

၂၀။ ။ မည်သည့်အချိန်၌မဆို၊ ဥက္ကဋ္ဌသည် အစည်းအဝေးထမြောက်အောင် အမတ်ဦးရေ မပြည့်သည်ကို သိရှိသောအခါ၊ ခေါင်းလောင်းကို တီးစေရမည်။ အကယ်၍ ၂ မိနစ်ကျော်လွန်သည့် တိုင်အောင် လိုအပ် သော အမတ်ဦးရေ မပြည့်သေးလျှင်၊ ဥက္ကဋ္ဌသည် အစည်းအဝေးကို ထိုနေ့တွင်ပင် မိမိသဘောအရ၊ သတ်မှတ်သော အချိန်အထိ ရွှေ့ဆိုင်းထားနိုင်သည်။ သို့မဟုတ် အစည်းအဝေးကို နောက်စည်းဝေးရက်သို့ ရွှေ့ဆိုင်းနိုင်သည်။

၂၁။ ။ (၁) အစည်းအဝေးကျင်းပမည့် နေ့အတွက်၊ ဆောင်ရွက်ရန်လုပ်ငန်း၏ အစီအစဉ်ကို အတွင်းဝန် က ရေးဆွဲ၍၊ ထိုနေ့အတွက် အစည်းအဝေးမစမှီ အမတ်အသီးသီးအား မိတ္တူတစောင်စီ ဝေငှထားရမည်။

(၂) ဤနည်းဥပဒေများတွင် အခြားပြဋ္ဌာန်းချက်များမရှိလျှင်၊ အဆိုပါ လုပ်ငန်းအစီအစဉ်တွင် မပါဝင်သော မည်သည့်ကိစ္စကိုမျှ၊ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရရှိပါက မပြုလုပ်၊ မဆွေးနွေး၊ မဆောင်ရွက်ရ။

၂၂။ ။ လွှတ်တော် အစည်းအဝေးများတွင် သော်၎င်း၊ လွှတ်တော်၏ကော်မီတီ အစည်းအဝေးများတွင် သော်၎င်း၊ လုပ်ငန်းကိစ္စများကို-

(က) အဆိုအဖြစ်ဖြင့် ဖြစ်စေ၊

(ခ) ကော်မီတီ၏ အစီရင်ခံစာအဖြစ်ဖြင့် ဖြစ်စေ၊

(ဂ) အဆိုတခု၏ ပြင်ဆင်ချက်၊ သို့မဟုတ် ပြင်ဆင်ချက်၏ ထပ်မံပြင်ဆင်ချက်အဖြစ်ဖြင့် ဖြစ်စေ တင်သွင်းရမည်။

၂၃။ ။ (၁) အမတ်တဦးသည် လွှတ်တော်တွင် ဆုံးဖြတ်ပြဋ္ဌာန်းရန် အဆိုတင်သွင်းလိုလျှင်၊ ထိုအဆိုကို လွှတ်တော်တွင် စဉ်းစားရန် မတင်သွင်းမှီ အနည်းဆုံး ကြား ၃ ရက် မတိုင်မှီက ကြိုတင်၍၊ မိမိ၏ လက်မှတ်ပါသော အဆိုလွှာကို ပေးပို့အကြောင်းကြားထားရမည်။

သို့သော် ဤစည်းကမ်းနှင့် မညီညွတ်သော်လည်း၊ ဥက္ကဋ္ဌသည် အဆိုကို တင်သွင်းခွင့် ပြုနိုင်သည်။

(၂) ဤနည်းဥပဒေများအရ တင်ကြိုအကြောင်းကြားခြင်းများကို စာဖြင့်ရေး၍၊ အတွင်းဝန်အား လိပ် တပ်လျှက် အတွင်းဝန်လက်သို့ ဖြစ်စေ၊ ၎င်း၏ ရုံးတွင်ဖြစ်စေ ပေးအပ်ရမည်။ လွှတ်တော်အစည်းအဝေး ရှိသော နေ့များတွင် လွှတ်တော်ရုံးကို စည်းဝေးနေသမျှ အချိန်အတွင်း၌ ဖွင့်လှစ်ထားလိမ့်မည်။ အစည်း အဝေးမရှိသောနေ့များတွင် တနင်္ဂနွေနှင့် ရုံးပိတ်ရက်များမှအပ နံနက် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ဤကိစ္စအတွက် ဖွင့်လှစ်ထားလိမ့်မည်။

(၃) အထက်ဖေါ်ပြပါ ရုံးပိတ်ချိန်လွန်မှ တင်သွင်းသော ကြိုတင်အကြောင်းကြားစာများကို နောက်ရုံးဖွင့် သည့် နေ့မှပေးအပ်သည်ဟူ၍ မှတ်ယူရမည်။

(၄) ဆုံးဖြတ်ပြဋ္ဌာန်းရန်အတွက် အကြောင်းကြားစာကို ကြား ၃ ရက်ကြိုတင်၍ လက်ခံရရှိခဲ့လျှင်၊ ထိုအ ဆိုကို လွှတ်တော်တွင် မတင်သွင်းမှီ ၂ ရက်က ကြိုတင်၍ အတွင်းဝန်က ထိုအဆို၏ မိတ္တူကို အမတ်အသီးသီးထံသို့ ပေးပို့ရမည်။ ဤသို့ကြား ၃ ရက်ကြိုတင်၍ အကြောင်းကြားစာမရရှိသော အဆိုများအတွက်မှာမူ၊ စောနိုင်သမျှစောစွာ အတွင်းဝန်က အမတ်များအသီးသီးထံသို့ ထိုအဆို၏ မိတ္တူတစောင်စီ ပေးပို့ရ မည်။

(၅) အောက်ပါအဆိုများအတွက်မူကား ကြိုတင်အကြောင်းကြားရန်မလို။

(က) လွှတ်တော်တက်ခြင်းမှ ခွင့်လွှတ်ရန်အဆို။
(ခ) လွှတ်တော်အစည်းအဝေးကို နောက်ရက်သို့ ရွှေ့ဆိုင်းရန်အဆို။
(ဂ) ဆွေးနွေးလျက်ရှိသော အဆို၏ ဆက်လက်ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းရန် အဆို။
(ဃ) ကော်မီတီက တင်ပြသော ကိစ္စကို ထိုကော်မီတီသို့ တဖန် ပြန်လည်စဉ်းစားရန် လွှဲအပ်သောအဆို။
(င) လွှတ်တော်အစည်းအဝေးကို တလွှတ်တော်လုံး ကော်မီတီအဖြစ်ပြောင်းလွှဲရန် အဆို။
(စ) အလျင်အမြန်အရေးတကြီး စဉ်းစားထိုက်သည်ဟု ဥက္ကဋ္ဌက အယူရှိသောအဆို။

၂၄။ ။ (၁) ဆုံးဖြတ်ပြဋ္ဌာန်းရန် အဆိုတခုသည်၊ လွှတ်တော်၏ လုပ်ငန်းအစီအစဉ်တွင် ပါရှိလာလျှင်၊ မိမိအမည်ဖြင့် တင်သွင်းထားသော အမတ်၏အမည်ကို ဥက္ကဋ္ဌက ခေါ်လိမ့်မည်။ ထိုအခါအမတ်သည်-

(က) လုပ်ငန်းအစီအစဉ်တွင် ဖေါ်ပြထားသော အဆိုကို ပဌမဦးစွာ ဘတ်ပြတင်သွင်းရမည်။ ထိုနောက်မှ သာလျှင် စကားဆက်လက်ပြောနိုင်သည်။

သို့မဟုတ်

(ခ) ဤအဆိုကို မတင်သွင်းဘဲ နေနိုင်သည်။ ဤသို့ မတင်သွင်းဘဲနေလိုလျှင် မတင်သွင်းလိုပါဟူသော စကားမျှကိုသာပြောပြရမည်။ (၂) အမည်ကို ခေါ်သည့်အခါ အဆိုရှင်အမတ်သည် လွှတ်တော်တွင် မရှိခဲ့မူ၊ ထိုအမတ်ကစာဖြင့် ရေးသား လွှဲအပ်ခြင်းခံရသော အခြားအမတ် တဦးက ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ထိုအဆိုကို တင်သွင်းနိုင်သည်။ ဤသို့လွှဲအပ်ခြင်းခံရသော အခြားအမတ်မရှိလျှင် သော်၎င်း၊ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရလျှင်သော်၎င်း၊ ထိုအ ဆိုသည် မတင်သွင်းသော အဆိုဟူ၍ မှတ်ယူရမည်။

(၃) လွှတ်တော်အစည်းအဝေးတွင် အမတ်တဦးသည်၊ အဆိုတင်သွင်းပြီးလျှင် ဖြစ်စေ၊ အဆို၏ ပြင်ဆင် ချက်ကို တင်သွင်းပြီးလျှင်ဖြစ်စေ၊ လွှတ်တော်၏ ခွင့်ပြုချက်မရလျှင် ပြန်လည်ရုပ်သိမ်းခြင်း မပြုရ။ အခွင့်တောင်းခြင်းကို ကန့်ကွက်သူရှိက၊ ရုပ်သိမ်းရန်ခွင့် မပြုရ။

(၄) ပြဋ္ဌာန်းရန်အဆိုကို တင်သွင်းထောက်ခံပြီးလျှင်၊ ဥက္ကဋ္ဌသည် ဤအဆိုကို လွှတ်တော်သို့ တင်ပြရမည်။ ထိုနောက်မှ လွှတ်တော်က ဆွေးနွေးနိုင်ခွင့် ရှိသည်။

၂၅။ ။ (၁) အဆိုတရပ်ကို ဆွေးနွေးနေစဉ် မည်သည့်အမတ်မဆို၊ ထိုအဆိုတွင် ပြင်ဆင်ချက်အဆို တင်သွင်းနိုင်သည်။

(က) အကယ်၍ ထိုအဆိုကို စတင်ဆွေးနွေးမည့်နေ့ မရောက်မှီ ကြိုတင်၍ အမတ်များအား ပြင်ဆင်ချက် မိတ္တူကို ဝေငှထားပြီး မဟုတ်ခဲ့လျှင်၊ မည်သည့် အမတ်ကမဆို၊ ထိုပြင်ဆင်ချက် တင်သွင်းခြင်းကို ကန့် ကွက်နိုင်သည်။

(ခ) ဥက္ကဋ္ဌက ဤနည်းဥပဒေကို ခေတ္တရပ်ဆိုင်းနိုင်သည့် အာဏာများရှိသည့် အလျောက် အသုံးပြု၍ ပြင်ဆင်ချက် တင်သွင်းခွင့် မပြုခဲ့သော်၊ ထိုကန့်ကွက်ချက်အတည် ဖြစ်ရမည်။

(၂) အဆိုတရပ်တွင် ပြင်ဆင်ချက်တင်သွင်းလျှင်၊ ထိုပြင်ဆင်ချက်သည် အဆိုတွင် ပါရှိသောအကြောင်း ကိစ္စနှင့် သက်ဆိုင်စေရမည်။

(၃) အတည်ဖြစ်ခဲ့သော် မူလအဆိုနှင့် ဆန့်ကျင်သည့် သဘောသက်ရောက်မည့် ပြင်ဆင်ချက်ကို ခွင့်မပြု ရ။

(၄) သိမ်ဖျင်းသေးနုပ်သော ပြင်ဆင်ချက်၊ သို့မဟုတ် လွှတ်တော်၏ ယခင်အဆုံးအဖြတ်များနှင့် ဆန့် ကျင်သော ပြင်ဆင်ချက်မျိုးကို မတင်သွင်းရ။

(၅) ပြင်ဆင်ချက် အဆိုတင်သွင်းသော အခါ၊ ထိုအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ဆန္ဒကို မတောင်း မှီ၊ ဥက္ကဋ္ဌသည် တင်သွင်းသော ပြင်ဆင်ချက်နှင့် မူလအဆိုတွင် ၎င်းနှင့် သက်ဆိုင်ရာ အပိုဒ်ကို ဘတ်ပြ ရမည်။

(၆) အဆိုတခုနှင့် သက်ဆိုင်သည့် ပြင်ဆင်ချက်အားလုံးကို ဆုံးဖြတ်ပြီးမှသာလျှင်၊ မူလအဆိုကို ဆုံးဖြတ်ရန် ဆန္ဒယူရမည်။

၂၆။ ။ အချက်ပေါင်းများစွာ ပါဝင်သော အဆိုတခုကို စဉ်းစားဆွေးနွေးပြီးသောအခါ၊ ဥက္ကဋ္ဌသည် မိမိ၏ သဘောအရ အဆိုကို ပိုင်း၍သော်၎င်း၊ အချက်တခုစီသီးခြား၍ သော်၎င်း ဆန္ဒမဲယူနိုင်သည်။

၂၇။ ။ အဆိုတရပ်ကို လွှတ်တော်တွင် တင်သွင်းဆွေးနွေးနေစဉ် အမတ်တဦးဦးက ဥက္ကဋ္ဌအား ဆွေးနွေးခြင်းကို ရပ်စဲ၍ ဆန္ဒယူရန် တောင်းဆိုနိုင်သည်။ မိမိ၏ သဘောတွင် ထိုကိစ္စကို လုံလောက် အောင်ဆွေးနွေးပြီးပြီဟု ယူဆလျှင်၊ အဆိုရှင်အား ပြန်လည်မချေပရသေးပါက ချေပစေပြီး၊ ဥက္ကဋ္ဌက ဆွေးနွေးခြင်းကို ရပ်စဲ၍ အဆိုကို မဲခွဲစေရမည်။

၂၈။ ။ (၁) အဆိုတင်သွင်းသူနှင့် ထောက်ခံသူများ ပြောဆိုပြီးသည့်နောက်၊ အခြားအမတ်များသည် ဥက္ကဋ္ဌခွင့်ပြုသည့် အစီအစဉ်အရ၊ ထိုအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောဆိုခွင့် ရှိသည်။

(၂) အဆိုတရပ်ကို ဆွေးနွေးနေစဉ်၊ အမတ်တဦးမှာ တကြိမ်သာလျှင် ပြောဆိုခွင့်ရှိသည်။ သို့သော် ဥက္ကဋ္ဌ ခွင့်ပြုလျှင်၊ မိမိ၏ ကိုယ်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောဆိုနိုင်သည်။ မူလအဆိုတင်သွင်းသူမှာကား ပြန်လည်ချေပရန် နောက်တကြိမ် ပြောဆိုနိုင်ခွင့် ရှိသည်။

၂၉။ ။ (၁) လွှတ်တော်မှာ ပြဋ္ဌာန်းဆုံးဖြတ်ရန်လိုသော ကိစ္စတရပ်ကို ဥက္ကဋ္ဌက “ဤအချက်သည် လွှတ်တော်၏ အဆုံးအဖြတ်လိုသော အချက်” ဟူ၍ ဖေါ်ပြပြီးလျှင် တင်ပြရမည်။

(၂) လွှတ်တော်အမတ်များ၏ မဲဖြင့် ဆုံးဖြတ်ရန်လိုသော ကိစ္စများတွင် မဲအရေအတွက် ညီမျှနေမှသာ လျှင်၊ ဥက္ကဋ္ဌက မိမိ၏ မဲကိုပေးရမည်။

(၃) လွှတ်တော်၏ ဆန္ဒကို နှုတ်အားဖြင့်သော်၎င်း၊ မဲအားဖြင့် သော်၎င်း၊ ဖေါ်ပြရန် တောင်းဆိုနိုင်သည်။

နှုတ်အားဖြင့် ဆန္ဒပြသည့်အခါတွင်၊ အမတ်တဦးက မဲခွဲဆုံးဖြတ်ရန် တောင်းဆိုနိုင်သည်။ မဲခွဲခြင်းဖြင့် ဆုံးဖြတ်ရန် မလိုဘဲ တောင်းဆိုသည်ဟု ဥက္ကဋ္ဌက သဘောရရှိလျှင်၊ သဘောတူသူများနှင့် မတူသူများ အားလုံးကို တဘက်ပြီးတဘက် မိမိတို့၏ နေရာများမှ မတ်တတ်ရပ်၍ ပြခြင်းအားဖြင့် လွှတ်တော်၏ ဆန္ဒကို ယူနိုင်သည်။

ထိုနောက်မှ ဥက္ကဋ္ဌသည် ဤသို့ဆန္ဒပြခြင်းဖြင့် အရှုံးအနိုင်ကို ကျေညာသင့်လျှင်၊ ကျေညာနိုင်သည်။ သို့ တည်းမဟုတ် မဲခွဲစေရမည်။

(၄) မဲခွဲခဲ့သော် မဲအရေအတွက်အရှုံးအနိုင်ကို ပြီးလျှင်ပြီးခြင်း ဥက္ကဋ္ဌက ကျေညာရမည်။ ထိုကျေညာချက် ကို စောဒကတက်နိုင်ခွင့် မရှိစေရ။

(၅) မဲခွဲရာတွင် မည်သည့်နည်းဖြင့် မဲပေးရမည်ကို ဥက္ကဋ္ဌက သတ်မှတ်၍၊ လွှတ်တော်သို့ကျေညာရမည်။

၃၀။ ။ လွှတ်တော်တွင် စဉ်းစားဆဲဖြစ်သော မည်သည့်ကိစ္စနှင့်မဆို စပ်လျဉ်း၍ ပြောဆိုလိုသော အမတ် သည်၊ ဥက္ကဋ္ဌက အမည်ကို ခေါ်မှသာလျှင် ပြောဆိုခွင့်ရှိသည်။ ဤသို့ပြောဆိုသည့်အခါ ဥက္ကဋ္ဌကအခြား ခွင့်ပြုချက်မရှိလျှင် မတ်တတ်ရပ်၍ ပြောဆိုရမည်။ မည်သည့်အခါတွင်မဆို ဥက္ကဋ္ဌမတ်တတ်ရပ် လိုက်လျှင်၊ စကားပြောနေသော အမတ်သည် မိမိ၏ စကားကို ချက်ခြင်းရပ်၍ ပြန်ထိုင်ရမည်။

၃၁။ ။ ဥက္ကဋ္ဌ၏အခြားခွင့်ပြုချက်မရလျှင်-

(က) အဆိုတခုကို လွှတ်တော်တွင် မတင်သွင်းမှီ၊ ၎င်းအဆိုတွင် ပြင်ဆင်လိုက ထိုပြင်ဆင်ချက်ကို အနည်းဆုံး (၁) ရက် မတိုင်မှီ ကြိုတင်အကြောင်းကြားထားစေရမည်။

(ခ) ၎င်းပြင်ဆင်ချက်တွင် ထပ်မံပြင်ဆင်လိုက၊ ထိုထပ်မံ ပြင်ဆင်ချက်ကို မူလအဆို စဉ်းစားမည့်နေ့၊ လွှတ်တော်အစည်းအဝေး မကျင်းပမှီ ကြိုတင်အကြောင်းကြားထားရမည်။

၃၂။ ။ လွှတ်တော်မှ တကြိမ်ဆုံးဖြတ်ပြဋ္ဌာန်းပြီးဖြစ်သော ကိစ္စကို အနည်းဆုံးလွှတ်တော်သို့ တက်ရောက် မဲပေးသော အမတ်ဦးရေ ၄ ပုံ ၁ ပုံ၏ သဘောတူညီချက် မရရှိက ထပ်မံဆွေးနွေးခြင်း မပြုရ။

၃၃။ ။ လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ရာ၌ သော်၎င်း၊ လွှတ်တော်၏ ကျင့်ထုံးနှင့် ပတ်သက်၍ သော် ၎င်း၊ ဥက္ကဋ္ဌ၏ အဆုံးအဖြတ်သည် အတည်ဖြစ်စေရမည်။

၃၄။ ။ (၁) မည်သည့်လွှတ်တော်အမတ်မျှ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရရှိဘဲ၊ လွှတ်တော်တွင် မိနစ် ၂၀ ထက် ပို၍ စကားမပြောရ။

(၂) ပြောဆိုမည့် စကားများသည်၊ လွှတ်တော်တွင် ဆွေးနွေးဆဲ ကိစ္စများနှင့် အတိအကျ စပ်လျဉ်းသက် ဆိုင်သော စကားများသာ ဖြစ်စေရမည်။

(၃) မည်သည့်အမတ်မျှ လွှတ်တော်၏ လုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်အတွက် မိမိ၏ စကားပြောဆိုခွင့်ကို အသုံးမပြုရ။

၃၅။ ။ အမတ်တဦးတယောက်သည်၊ မဆီမဆိုင်သော စကားများကို ပြောဆိုခြင်းနှင့် မိမိ၏ အကြောင်းပြ ချက်များကို သော်၎င်း၊ အခြားအမတ်များ၏ အကြောင်းပြချက်ကို သော်၎င်း၊ ငြီးငွေ့ဘွယ်ရာ ထပ်တလဲ လဲပြောဆိုခဲ့သော်၊ ဥက္ကဋ္ဌက ဤအမတ်၏ အပြုအမူကို လွှတ်တော်သို့ ဖေါ်ပြ၍၊ ထိုအမတ်၏ စကားပြော ဆိုခြင်းကို ရပ်စဲစေနိုင်သည်။ ဤသို့ ဥက္ကဋ္ဌက အမိန့်ရှိလျှင် ထိုအမတ်သည် မိမိ၏ နေရာတွင် ပြန်၍ ထိုင် ရမည်။

၃၆။ ။ နည်းဥပဒေ ၃၄ နှင့် ၃၅ တို့အရ၊ ဥက္ကဋ္ဌက အဆုံးအဖြတ်ပေးလျှင်၊ ထိုအဆုံးအဖြတ်ကို ဆွေးနွေး ခွင့် မပြုရ။

၃၇။ ။ (၁) စည်းကမ်းသေဝပ်မှုကို ရစေရန် ဥက္ကဋ္ဌက လွှတ်တော်ကို အုပ်ထိန်းရမည်။ ဤသို့ စည်းကမ်း သေဝပ်မှုနှင့် ပတ်သက်၍ မိမိချမှတ်သော အမိန့်နှင့် ဆုံးဖြတ်ချက်များကို တည်စေရန် ဥက္ကဋ္ဌမှာ လိုအပ်သည့် အာဏာများ အပြည့်အစုံ ရှိစေရမည်။

(၂) စည်းကမ်းသေဝပ်မှုအလွန်အမင်းပျက်ပြားသော အခြေသို့ ဆိုက်ရောက်လျှင်၊ ဥက္ကဋ္ဌသည် အစည်း အဝေးကို ထိုနေ့တွင်ပင် မိမိသဘောအရ၊ သတ်မှတ်သောအချိန်အထိ ရပ်ဆိုင်းထားနိုင်သည်။ သို့မဟုတ် အစည်းအဝေးကို ၃ ရက်ထက်မပိုသော တနေ့နေ့အထိ ရွှေ့ဆိုင်းနိုင်သည်။

၃၈။ ။ (၁) လွှတ်တော်အစည်းအဝေးကျင်းပနေသည့်အချိန်အတွင်းလွှတ်တော်အဆောက်အဦး၊ သို့မဟုတ် ထိုအဆောက်အဦး၏ အစိတ်အပိုင်းများ၊ ဧည့်သည်ဆောင်များနှင့် အမတ်များ၏ စာကြည့်ခန်းနှင့် ဧည့်ခန်းသို့ အမတ်များမှတပါး၊ အခြားသူများအား၊ ဥက္ကဋ္ဌက သတ်မှတ်သော စည်းကမ်းများအရသာ လျှင် ဝင်ခွင့်ပြုရမည်။

အစည်းအဝေးများကို လျှို့ဝှက်စွာ ကျင်းပနေသည့်အခါတွင်မူကား၊ လွှတ်တော်ခန်းမကြီးအတွင်းသို့ သော်၎င်း၊ ဧည့်သည်ဆောင်များအတွင်းသို့ သော်၎င်း၊ လွှတ်တော်အမတ်များနှင့် တာဝန်ကျလျက်ရှိသော လွှတ်တော်အရာရှိများနှင့် အမှုထမ်းများမှတပါး၊ မည်သူမျှမဝင်စေရ။

(၂) လွှတ်တော်အစည်းအဝေးများကို ဥက္ကဋ္ဌ၏ သဘောအရ၊ လျှို့ဝှက်စွာ ကျင်းပနိုင်သည်။

(၃) ကော်မီတီနှင့် ဆပ်ကော်မီတီအစည်းအဝေးအားလုံးတို့ကို လျှို့ဝှက်စွာ ကျင်းပရမည်။

ထိုသို့ ကျင်းပရာတွင် ဆွေးနွေးသော ကိစ္စများကို မပေါက်ကြားစေရ။

(၄) အတွင်းဝန်သည် လွှတ်တော်အစည်းအဝေးများ၏ မှတ်တမ်းအပြည့်အစုံကို ပုံနှိပ်စေ၍ အမတ် အသီးသီးတို့အား ဝေငှရမည်။

သို့သော်လည်း လျှို့ဝှက်စွာ စည်းဝေးသော အစည်းအဝေးများ၏ မှတ်တမ်းများကိုမူကား၊ “လျှို့ဝှက်စာ-အမတ်များအတွက်သာ” ဆိုသော တံဆိပ်ကို ခတ်နှိပ်ပေးရမည်။

(၅) လွှတ်တော်၏ အစည်းအဝေး လျှို့ဝှက်စွာ ကျင်းပသောအခါ၊ ဥက္ကဋ္ဌသည် ထိုစည်းဝေးချက်အတိုချုပ် ကို သတင်းစာများသို့ ထုတ်ပြန်ရန်ခွင့်ပြုနိုင်သည်။

၃၉။ ။ ပြည်ထောင်စုဝင် ပြည်နယ်တနယ်၏ အစိုးရဖွဲ့စည်းအုပ်ချုပ်ပုံနည်းနာတို့နှင့် စပ်လျဉ်းသော အဆိုကို ဆုံးဖြတ်ရာ၌၊ ဤလွှတ်တော်တွင် မဲပေးကြသော အမတ်များ၏ အများစုကသာမက၊ လွှတ်တော် တွင်တက်ရောက်ကြသော သက်ဆိုင်ရာ ပြည်နယ်အမတ်များ၏ အများစုကပါ ထောက်ခံမဲပေးမှသာ လျှင်၊ ၎င်းအဆိုသည် အတည်ဖြစ်သည်ဟူ၍မှတ်ယူရမည်။ အကယ်၍ လွှတ်တော်တွင် တက်ရောက်ကြ သော သက်ဆိုင်ရာပြည်နယ်အမတ်များအချင်းချင်း မဲတူညီနေပါက၊ ၎င်းအဆိုကို ထပ်မံ၍ ဆွေးနွေးရ မည်။ သို့ထပ်မံဆွေးနွေးပြီး၍ မဲခွဲသည့်အခါ မဲတူညီနေပြန်ပါမူ၊ သက်ဆိုင်ရာပြည်နယ်တွင် ထိုအငြင်းပွါး သော ကိစ္စကို ပြည်သူတို့မဲဆန္ဒဖြင့် ဆုံးဖြတ်စေရမည်။

အခဏ်း ၆။
ကော်မီတီများ။

၄၀။ ။ (၁) လမ်းညွှန်ကော်မီတီအဖွဲ့ကို ဤတိုင်းပြည်ပြုလွှတ်တော်တည်ရှိနေသမျှကာလ ပတ်လုံး ဖွဲ့စည်း ထားရှိရမည်။ ဤကော်မီတီတွင် (လွှတ်တော်ဥက္ကဋ္ဌမှတပါး) အဖွဲ့ဝင် ၁၄ ဦး ပါဝင်စေ၍၊ ထို ၁၄ ဦးကို လွှတ်တော်က သင့်တင့်သည်ဟု ထင်သော နည်းဖြင့် ရွေးကောက်တင်မြှောက်ရမည်။

(၂) လမ်းညွှန်ကော်မီတီတွင် ဥက္ကဋ္ဌသည် ရာထူးအရ သဘာပတိဖြစ်သည်။ ကော်မီတီသည် အဖွဲ့ဝင်များ ထဲမှ ဒုတိယ သဘာပတိကို ရွေးကောက်တင်မြှောက်ရမည်။ ဒုတိယသဘာပတိသည် ဥက္ကဋ္ဌအစည်းအဝေး ၌ မရှိသော အခါတွင် သဘာပတိအဖြစ်ဖြင့် ဆောင်ရွက်ရန် ဖြစ်သည်။

(၃) လွှတ်တော်အတွင်းဝန်သည်၊ ရာထူးအလျောက် လမ်းညွှန်ကော်မီတီ၏ အတွင်းရေးမှူးဖြစ်ရမည်။

(၄) အကြောင်းအားလျော်စွာ လစ်လပ်သော နေရာများကို ဥက္ကဋ္ဌက ဆုံးဖြတ်ပြဋ္ဌာန်းသော နည်းအတိုင်း၊ အလျင်အမြန် လွှတ်တော်က ရွေးကောက်တင်မြှောက်၍ ဖြည့်သွင်းရမည်။

၄၁။ ။ (၁)ဤကော်မီတီသည်-

(က) လွှတ်တော်အစည်းအဝေးအစီအစဉ်ကို စီမံပေးရမည်။

(ခ) အလားတူသော အဆိုများနှင့် ပြင်ဆင်ချက်များကို တစုတပေါင်းတည်းပြုလုပ်ပေးရမည်။ ၎င်းပြင် ထိုအဆိုများနှင့် ပြင်ဆင်ချက်များကို စပ်ဟပ်၍၊ တတ်နိုင်ပါက၊ တခုတည်းဖြစ်အောင် သက်ဆိုင်ရာ အဆိုရှင်များ၏ သဘောတူညီချက်ကို ရယူရမည်။

(ဂ) လွှတ်တော်နှင့် ကော်မီတီများဆက်သွယ်ရာ၌ ၎င်း၊ ကော်မီတီအချင်းချင်းဆက်သွယ်ရာ၌၎င်း၊ ဥက္ကဋ္ဌနှင့် လွှတ်တော်အမတ်များ ဆက်သွယ်ရာ၌ ၎င်း၊ ချောမောပြေပြစ်စေရန် ဆောင်ရွက်ရမည်။

(ဃ) ဤနည်းဥပဒေများအရ၊ တာဝန်ကျရောက်သော ကိစ္စများနှင့် လွှတ်တော်၊ သို့မဟုတ် ဥက္ကဋ္ဌကလွှဲ အပ်လိုက်သော အခြားကိစ္စများကိုပါ ဆောင်ရွက်ရမည်။

(၂) ဤကော်မီတီ၏ လုပ်ငန်းကို ဆောင်ရွက်ရာတွင် လိုက်နာရန် နည်းလမ်းများနှင့် ပတ်သက်သော တည်ဆဲအမိန့်များကို ဥက္ကဋ္ဌက ထုတ်ပြန်နိုင်သည်။

၄၂။ ။ (၁) လွှတ်တော်အမှုထမ်းနှင့် ဘဏ္ဍာရေးကော်မီတီတဖွဲ့ကို ဤတိုင်းပြည်ပြုလွှတ်တော် တည်ရှိနေ သမျှ ကာလပတ်လုံး ဖွဲ့စည်းထားရှိရမည်။ ဤကော်မီတီတွင်-

(က) လွှတ်တော်ဥက္ကဋ္ဌသည်၊ ရာထူးအလျောက် သဘာပတိဖြစ်စေရမည်။

(ခ) အခြားအမတ် ၉ ဦးအား၊ ကော်မီတီအဖွဲ့ဝင်အဖြစ်၊ လွှတ်တော်က သင့်လျော်သည့်နည်းဖြင့် ရွေးကောက်တင်မြှောက်ရမည်။

(၂) ဤကော်မီတီ၏ လုပ်ငန်းများမှာ-

(က) လွှတ်တော်ရုံးအတွက် လိုသော ရာထူးများကို တည်ထွင်၍၊ ပေးသင့်ပေးထိုက်သော လစာနှင့် အပို ကြေးများကို သတ်မှတ်ရန်အတွက်၊ ဥက္ကဋ္ဌအား အကြံပေးရန်။

(ခ) အမတ်များနှင့် လွှတ်တော်ကော်မီတီအဖွဲ့ဝင်များအား၊ မည်၍မည်မျှ စရိတ်ကြေးငွေ ပေးသင့်သည် ကို လွှတ်တော်သို့ အကြံပေးခြင်း၊ ထောက်ခံခြင်းပြုရန်။

(ဂ) လွှတ်တော်သို့ တင်သွင်းရန်၊ ငွေဝင်ငွေထွက် ခန့်မှန်းခြေစာရင်းနှင့် ဖြည့်စွက်ခန့်မှန်းခြေစာရင်းတို့ ကို ပြုလုပ်ရန်။

(၃) ဤကော်မီတီ၏ လုပ်ငန်းကို ဆောင်ရွက်ရာတွင်၊ လိုက်နာရန် နည်းလမ်းများနှင့် ပတ်သက်သော တည်ဆဲအမိန့်များကို ဥက္ကဋ္ဌက ထုတ်ပြန်နိုင်သည်။

၄၃။ ။ (၁) ဧည့်ခံကော်မီတီတဖွဲ့ကို၊ ဤတိုင်းပြည်ပြုလွှတ်တော်တည်ရှိနေသမျှ ကာလပတ်လုံး ဖွဲ့စည်း ထားရှိရမည်။

(၂) ဤကော်မီတီတွင်၊ အမတ် ၁၅ ဦးပါဝင်ရမည်။ ထိုအမတ်များကို လွှတ်တော်က သင့်မြတ်သည်ဟု ထင်မြင်သည့် နည်းအတိုင်း ရွေးကောက်တင်မြှောက်ရမည်။ ဤကော်မီတီအဖွဲ့ဝင်များသည်၊ မိမိတို့အဖွဲ့ ဝင်များထဲမှ တဦးဦးအား သဘာပတိ အဖြစ်ဖြင့် ရွေးကောက်တင်မြှောက်ရမည်။

(၃) ဤကော်မီတီတွင် အမတ်များကို နောက်ထပ်ဖြည့်သွင်းရန် နှင့် အလုပ်ဆိုင်ရာ ကိစ္စအမျိုးမျိုးကို ဆောင်ရွက်ရေးအတွက်၊ ဆပ်ကော်မီတီများကို ခန့်ထားရန် အာဏာရှိရမည်။

(၄) နောက်ထပ်ဖြည့်သွင်းသူနေရာလစ်လပ်လျှင်၊ နောက်ထပ်ဖြည့်သွင်းရမည်။ လွှတ်တော်က ရွေး ကောက်တင်မြှောက်သူ နေရာလစ်လပ်လျှင်၊ လွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။

၄၄။ ။ (၁) ဤကော်မီတီ၏ လုပ်ငန်းများမှာ-

(က) လွှတ်တော်အမတ်များနေထိုင်တည်းခိုရေးကိစ္စ၊

(ခ) စားရေးသောက်ရေးကိစ္စ၊

(ဂ) ဆေးဝါးကုသရေးကိစ္စ၊

(ဃ) သွားလာရေးလွယ်ကူရန် ဆောင်ရွက်မှုကိစ္စ၊

(င) စာကြည့်ခန်းဖွင့်လှစ်ရေးကိစ္စ

တို့ကို တတ်အားသမျှ ဆောင်ရွက်ပေးရန် ဖြစ်သည်။

(၂) ဤကော်မီတီ၏ လုပ်ငန်းကို ဆောင်ရွက်ရာတွင်၊ လိုက်နာရန်နည်းလမ်းများနှင့် ပတ်သက်သော တည်ဆဲအမိန့်များကို ဥက္ကဋ္ဌက ထုတ်ပြန်နိုင်သည်။

၄၅။ ။ အမတ်အဖြစ်အရွေးခံရခြင်းသည်၊ ဥပဒေနှင့် ညီ မညီ ဟူသော အချက်နှင့် စပ်လျဉ်းသော ကိစ္စများ ကို ဆောင်ရွက်ရန် ဤလွှတ်တော်တည်ရှိနေသမျှ ကာလပတ်လုံး စီစစ်ရေး ကော်မီတီတဖွဲ့ကို ဖွဲ့စည်း ထားရှိရမည်။

၄၆။ ။ (၁) ဤကော်မီတီတွင် လွှတ်တော်က သင့်မြတ်သည်ဟု အယူရှိသော နည်းဖြင့်၊ ရွေးကောက် တင်မြှောက်လိုက်သောအမတ် ၉ ဦး ပါဝင်စေရမည်။

(၂) ဤကော်မီတီတွင် ၂ ယောက်ထက် မများသော အခြားအမတ်များကို နောက်ထပ်ဖြည့်သွင်းရန် အာ ဏာရှိရမည်။

(၃) နောက်ထပ်ဖြည့်သွင်းသူများနေရာ လစ်လပ်လျှင်၊ နောက်ထပ်ဖြည့်သွင်းရမည်။ လွှတ်တော်က ရွေးကောက်တင်မြှောက်သူများနေရာ လစ်လပ်လျှင်၊ လွှတ်တော်က ရွေးကောက်တင်မြှောက်ရမည်။

(၄) ဤကော်မီတီသည် မိမိတို့အဖွဲ့ဝင်များထဲမှ တဦးဦးကို သဘာပတိအဖြစ်ဖြင့် ရွေးကောက်တင် မြှောက်ရမည်။

(၅) ဤကော်မီတီ၏ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လိုက်နာရန် နည်းလမ်းများနှင့် ပတ်သက်သော တည်ဆဲအမိန့်များကို ဥက္ကဋ္ဌက ထုတ်ပြန်နိုင်သည်။

၄၇။ ။ (၁) လွှတ်တော်တွင် အဆိုတရပ်ဖြင့် အခြားမည်သည့် ကော်မီတီကို မဆို ဖွဲ့စည်းနိုင်သည်။

(၂) လွှတ်တော်က သင့်မြတ်သည်ဟု အယူရှိသည့် နည်းအတိုင်း၊ ကော်မီတီအဖွဲ့ဝင်များကို ရွေးကောက် တင်မြှောက်ရမည်။

(၃) ကော်မီတီကို ခန့်သောအဆိုတွင် အခြားနည်းဖေါ်ပြချက်မရှိလျှင်၊ ထိုကော်မီတီကပင် အဖွဲ့ဝင်တ ဦးဦးအား၊ သဘာပတိအဖြစ် ရွေးကောက်တင်မြှောက်ရမည်။ ထိုသဘာပတိက ကော်မီတီ၏ လုပ်ငန်း များကို စီမံခန့်ခွဲရမည်။

၄၈။ ။ ကော်မီတီခန့်သောအဆိုတွင် အခြားနည်းဖေါ်ပြချက်မရှိလျှင်၊ ဤနည်းဥပဒေများကို အထောက်အ ထားပြု၍၊ လွှတ်တော်၏ အတွင်းဝန်သည် ရာထူးအရ၊ ကော်မီတီတိုင်း၏ အတွင်းရေးမှူးဖြစ်ရမည်။

၄၉။ ။ ကော်မီတီကို ခန့်သော အဆိုတွင် ကော်မီတီအစည်းအဝေး ဖြစ်မြောက်နိုင်စေရန် လိုအပ်သော အမတ်ဦးရေကို ဖေါ်ပြထားရမည်။ ထို့ပြင် အစီရင်ခံစာ တင်သွင်းရန်ရှိပါက၊ အစီရင်ခံစာကို တင်သွင်းရမည့် အချိန်အပိုင်းအခြားကိုလည်း သတ်မှတ်နိုင်သည်။

၅၀။ ။ ကော်မီတီက အခြားနည်းပြဋ္ဌာန်းချက်မရှိလျှင်၊ ကော်မီတီ၏ အစီရင်ခံစာကို သဘာပတိက လွှတ် တော်သို့ တင်သွင်းရမည့် အစီရင်ခံစာ၏ မိတ္တူတစောင်ကိုလည်း လွှတ်တော်ရုံးသို့ ပေးပို့ရမည်။

အခဏ်း ၇။
ငွေဝင်ငွေထွက်ခန့်မှန်းခြေစာရင်း။

၅၁။ ။ (၁) လွှတ်တော်၏ ခန့်မှန်းခြေအသုံးစာရင်းကို လွှတ်တော်အမှုထမ်းနှင့် ဘဏ္ဍာရေး ကော်မီတီက စီစဉ်ပြုလုပ်ပြီးလျှင်၊ အခွင့်အမိန့်ရယူရန် လွှတ်တော်တွင် တင်ပြရမည်။

(၂) ဖြည့်စွက်စာရင်းများကို ဥက္ကဋ္ဌ၏ ညွှန်ကြားချက်များအရ၊ အထက်ပါနည်းအတိုင်း လွှတ်တော်သို့ တင်သွင်းရမည်။

အခဏ်း ၈။
စရိတ်ကြေးငွေများ။

၅၂။ ။ (၁) လွှတ်တော်အမတ်များ၏ စရိတ်ကြေးငွေများကို လွှတ်တော်အမှုထမ်းနှင့် ဘဏ္ဍာရေး ကော်မီတီ၏ သဘောတူညီချက်ရရှိပြီးသော အဆိုတရပ်တင်သွင်းခြင်းဖြင့်၊ လွှတ်တော်က သတ်မှတ် ပေးရမည်။ အကြောင်းကိစ္စကို ထောက်၍၊ အမတ်များအား အထူးစရိတ်ကြေးငွေများပေးရန် နှင့် လွှတ်တော်လုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက်ရသော အမတ်မဟုတ်သူများအား၊ စရိတ်ကြေးငွေ များပေးရန်အတွက် တည်ဆဲအမိန့်များကို ဤ ကော်မီတီက ထုတ်ပြန်နိုင်သည်။

(၂) လွှတ်တော်လုပ်ငန်းတွင် ဆောင်ရွက်ရန်အတွက် ခန့်ထားသော မြန်မာနိုင်ငံအစိုးရနှင့် အခြား အာဏာပိုင်အဖွဲ့တို့၏ အမှုထမ်း အရာထမ်းတို့အတွက် လစာနှင့် စရိတ်ကြေးငွေ သတ်မှတ်ရာတွင် လွှတ်တော်အမှုထမ်းနှင့် ဘဏ္ဍာရေးကော်မီတီ၏ သဘောတူညီချက်ကိုယူ၍ လွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရ၊ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တို့ နှစ်ဦးနှစ်ဘက် သဘောတူညီချက်အရ ဖြစ်စေရမည်။ တိုက်ရိုက်ခန့်အပ်သော အမှုထမ်းအရာထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများကိုမူကား၊ ဥက္ကဋ္ဌသည် လွှတ်တော်အမှုထမ်းနှင့် ဘဏ္ဍာရေးကော်မီတီအကြံဉာဏ်ကိုယူ၍ သတ်မှတ်ရမည်။

အခဏ်း ၉။
ရွေးကောက်ခြင်းနှင့်စပ်လျဉ်းသော သံသယမကင်းမှုနှင့် ငြင်းခုံမှုများ။

၅၃။ ။ ဤအခဏ်းတွင် အကြောင်းအရာ၌ ဖြစ်စေ၊ ရှေ့နောက်စကားအစီအစဉ်၌ဖြစ်စေ၊ အဓိပ္ပါယ် ဆန့်ကျင်ကွဲလွဲသည့် အချက်တစုံတရာ မရှိလျှင်-

(က) “အမတ်အရွေးခံသူ” ဆိုသည်မှာ၊ မည်သည့် ရွေးကောက်ပွဲ၌မဆို အမည်စာရင်း တင်သွင်းခြင်းခံရ သူကို သော်၎င်း၊ မိမိအား အမတ်အရွေးခံရန် အမည်စာရင်းတင်သွင်းခြင်းခံရသည်ဟု အဆိုရှိသူကို သော် ၎င်း၊ မိမိ၏ အမည်စာရင်း တင်သွင်းခြင်းကို မတရားသဖြင့် အပယ်ခံရသည်ဟု အဆိုရှိသူကို သော်၎င်း ဆိုလိုသည်။

(ခ) “အမတ်အဖြစ်အရွေးခံရသူ” ဆိုသည်မှာ၊ မြန်မာနိုင်ငံတော်ပြန်တမ်းတွင် လွှတ်တော်အမတ်တဦး အဖြစ် နည်းလမ်းတကျ ရွေးကောက်ခြင်းခံရကြောင်း ကျေညာခြင်းခံရသော သူကို ဆိုလိုသည်။

၅၄။ ။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကန့်ကွက်လွှာတင်သွင်းလိုပါက၊ ဤအခဏ်းတွင် ဖေါ်ပြထားသော နည်းဥပဒေများအရသာလျှင် လျှောက်လွှာဖြင့် တင်သွင်းရမည်။


၅၅။ ။ (၁) အမတ်အရွေးခံရသူအပေါ်တွင် ကန့်ကွက်လွှာတင်သွင်းလိုလျှင်၊ ယှဉ်ပြိုင်အရွေးခံသူတဦးဦး က ဖြစ်စေ၊ မဲဆန္ဒရှင် တဦးဦးက ဖြစ်စေ၊ စည်းကမ်းမကျမှု၊ သို့မဟုတ် အကျင့်စာရိတ္တဖေါက်ပြားစေမှုတို့ ကိုအကြောင်းပြ၍၊ ဥက္ကဋ္ဌထံသို့ ရွေးကောက်ပွဲ ကန့်ကွက်လွှာကို အောက်ပါစည်းကမ်းသတ်ရက်အတွင်း တင်သွင်းနိုင်သည်။

(က) လွှတ်တော်ပဌမရွေးကောက်ပွဲနှင့် ပတ်သက်လျှင်၊ ဤနည်းဥပဒေများကို မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ကျေညာသည့်နေ့မှ ၁၅ ရက်အတွင်း တင်သွင်းရမည်။
(ခ) ထိုနောက်မှ ကျင်းပသော ရွေးကောက်ပွဲများအတွက်မှာမူ၊ ရွေးကောက်ပွဲများတွင် အမတ်အဖြစ် အရွေးခံရသူတို့၏ စာရင်းကို မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ကျေညာသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း တင်သွင်းရမည်။

(၂) ရွေးကောက်ပွဲကန့်ကွက်လွှာကို ဥက္ကဋ္ဌထံသို့တိုက်ရိုက်ဖြစ်စေ၊ ဥက္ကဋ္ဌက လွှဲအပ်ခြင်းခံရသော အရာရှိ ထံသို့ ဖြစ်စေ ပေးပို့လျှင်၊ ထိုရွေးကောက်ပွဲ ကန့်ကွက်လွှာကို ဥက္ကဋ္ဌထံသို့ တင်သွင်းပြီးဟု ယူဆရမည်။

ဤသို့ပေးပို့ရန်နည်းများမှာ၊ အောက်ပါအတိုင်းဖြစ်သည်။

(က) လျှောက်ထားသူကိုယ်တိုင် ပေးပို့ခြင်း။
(ခ) လျှောက်ထားသူက စာဖြင့်ရေး၍၊ ဤကိစ္စအတွက် ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူက ပေးပို့ခြင်း။
(ဂ) စာပို့တိုက်မှ ရီစစ္စတြီပြုလုပ်၍ ပေးပို့ခြင်း။

၅၆။ ။ ဤနည်းဥပဒေများအတည်မဖြစ်မှီ ကန့်ကွက်လွှာကို တင်သွင်းထားပြီးဖြစ်လျှင်၊ မြန်မာနိုင်ငံတော် ပြန်တမ်းတွင် ဤနည်းဥပဒေများကို ကျေညာသည့်နေ့မှ ၁၅ ရက်အတွင်းသော်၎င်း၊ ကန့်ကွက်လွှာ တင်သွင်း သည့် အချိန်တွင် သော်၎င်း၊ လျှောက်ထားသူသည် တရားစရိတ်အတွက် အာမခံအဖြစ်ငွေ ကျပ် ၁၀၀၀၊ သို့မ ဟုတ် ၎င်းတန်ဘိုးနှင့် ညီမျှသော အစိုးရ အာမခံစာချုပ်ကို တင်သွင်းရမည်။

၅၇။ ။ (၁) ဤနည်းဥပဒေ ၅၅ နှင့် ၅၆ တို့နှင့် မညီညွတ်သော ကန့်ကွက်လွှာကို ဥက္ကဋ္ဌက ပယ်ချရမည်။

သို့ရာတွင် လျှောက်လွှာတင်သွင်းသူသည်၊ နည်းဥပဒေ ၅၅ တွင် သတ်မှတ်ထားသော အချိန်အတွင်း၊ လျှောက်လွှာမတင်နိုင်ခြင်း၏ အကြောင်းကို ဥက္ကဋ္ဌကြေနပ်လောက်အောင် ခိုင်လုံစွာပြဆိုနိုင်လျှင်၊ ဤသို့ စည်းကမ်းသတ်ရက်လွန်မှုကို ဥက္ကဋ္ဌက ခွင့်လွှတ်နိုင်ခွင့် ရှိသည်။

(၂) အထက်ပါစာပိုဒ်အရ ကန့်ကွက်လွှာကို ပယ်ချခြင်းမပြုလျှင်၊ ဥက္ကဋ္ဌသည် အရေးယူရန် လုံလောက် သော အကြောင်းရှိသည်ဟု ယုံကြည်ပါက၊ ထိုကန့်ကွက်လွှာကို စီစစ်ရေးကော်မီတီသို့ လွှဲအပ်ရမည်။

၅၈။ ။ စီစစ်ရေးကော်မီတီသည် လျှောက်လွှာပါ စွပ်စွဲချက်များကို ဆောလျင်စွာ စုံစမ်းရမည်။ ၎င်းပြင် အောက်တွင်ကပ်လျက် ဆက်၍ဖေါ်ပြအံ့သော နည်းဥပဒေကို အထောက်အထားပြု၍၊ ဥက္ကဋ္ဌထံသို့ အစီရင်ခံစာ တင်သွင်းရမည်။

၅၉။ ။ စီစစ်ရေးကော်မီတီသည် လိုအပ်သည်ဟုထင်မြင်လျှင်၊ ၎င်းကန့်ကွက်လွှာနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးရန်အတွက် ရွေးကောက်ပွဲခုံအဖွဲ့တခုခန့်အပ်ရန် ဥက္ကဋ္ဌထံသို့ အကြံပေးထောက်ခံနိုင်သည်။

၆၀။ ။ ဤကဲ့သို့ အကြံပေးထောက်ခံခြင်းရှိခဲ့လျှင်၊ ဥက္ကဋ္ဌသည် ထိုကန့်ကွက်လွှာနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက်၊ ပုဂ္ဂိုလ်နှစ်ဦးထက်မနည်းပါဝင်သော ရွေးကောက်ပွဲခုံကို ခန့်ရမည်။

၆၁။ ။ ရွေးကောက်ပွဲခုံသည်၊ စုံစမ်းစစ်ဆေးခြင်း ပြီးဆုံးသည့်အခါတွင်၊ ဥက္ကဋ္ဌထံသို့ အစီရင်ခံစာတင် သွင်းရမည်။

၆၂။ ။ (၁) ရွေးကောက်ပွဲခုံကသော်၎င်း၊ စီစစ်ရေးကော်မီတီက သော်၎င်း၊ အောက်ပါအကြောင်းတခုခုနှင့် တိုက်ဆိုင်လျှင်၊ ရွေးကောက်ခြင်းသည် အထမမြောက်၊ လုံးဝပျက်ပြယ်သည်ဟု အကြံပေးထောက်ခံနိုင် သည်။

(က) အောက်လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများတွင် ဖေါ်ပြထားသော အကျင့်ပျက်ပြားစေမှု တခုခုကျူးလွန်ခဲ့ခြင်း။
(ခ) အမည်စာရင်းတင်သွင်းခြင်းကို လက်ခံရာတွင် ဖြစ်စေ၊ ပယ်ချရာတွင် ဖြစ်စေ စည်းကမ်းမညီညွတ် သည့်အတွက် ရွေးကောက်ပွဲကို နစ်နာလောက်အောင် ထိခိုက်စေခဲ့ခြင်း။
(ဂ) လာရောက်ပေးသောမဲကို စည်းကမ်းမဲ့စွာ လက်ခံခြင်း၊ သို့မဟုတ် ပယ်ချခြင်း။
(ဃ) လုံးဝပျက်ပြယ်သော မဲကို လက်ခံခြင်း။

(၁) အောက်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများတွင် ဖေါ်ပြသော မတရားဩဇာလွှမ်းမိုးခြင်း၊ သို့မဟုတ် လာဘ်ပေးခြင်းတို့ကို အမြောက်အများ ကျူးလွန်ခြင်းရှိသည့် အတွက်ကြောင့်၊ ရွေးကောက်ပွဲ မှာ လွတ်လပ်သော ရွေးကောက်ပွဲ မဖြစ်ခဲ့ခြင်း။

(၂) စီစစ်ရေးကော်မီတီ၊ သို့မဟုတ် ရွေးကောက်ပွဲခုံ၏ အစီရင်ခံစာတွင် တရားစရိတ်မည်၍မည်မျှ၊ မည်သူက မည်သူအား ပေးရမည်ကို ဖေါ်ပြရမည်။ နည်းဥပဒေ ၅၅ အရ၊ တင်သွင်းထားသော အာမခံငွေ မှ ထိုတရားစရိတ်နုတ်ပေးရန်သော်၎င်း၊ ထိုအာမခံငွေကို ပြန်ပေးရန်သော်၎င်း၊ အကြံပေး ထောက်ခံနိုင် သည်။

၆၃။ ။ စီစစ်ရေးကော်မီတီ၊ သို့မဟုတ် ရွေးကောက်ပွဲခုံ၏ အစီရင်ခံစာကို ရရှိသောအခါ၊ ထိုအစီရင်ခံစာ နှင့် လျော်ညီသော အမိန့်များကို ဥက္ကဋ္ဌက ထုတ်ပြန်ရမည်။

အခဏ်း ၁၀။
တိုင်းပြည်ပြုလွှတ်တော်ရုံး။

၆၄။ ။ (၁) ဥက္ကဋ္ဌသည် လွှတ်တော်ရုံး၏ အကြီးဆုံးသော အာဏာပိုင်အုပ်ချုပ်သူ ဖြစ်စေရမည်။

(၂) လွှတ်တော်ရုံးတွင် ဥက္ကဋ္ဌက သတ်မှတ်သည့် အတိုင်း၊ ဌာနခွဲများရှိစေရမည်။

(၃) လွှတ်တော်ရုံးနှင့်ပတ်သက်၍ ရာထူးခန့်အပ်ခြင်း၊ ကြီးကြပ်အုပ်ချုပ်ခြင်း၊ စည်းကမ်းသေဝပ်ခြင်း တို့ကို ဥက္ကဋ္ဌက ဆောင်ရွက်ရမည်။ သို့သော် ဥက္ကဋ္ဌသည် မိမိ၏အာဏာများကို မိမိ၏ သဘောအရ၊ စည်း ကမ်းသတ်မှတ်ချက်များဖြင့် အရာရှိတဦးဦးအား လွှဲအပ်နိုင်သည်။

၆၅။ ။ လွှတ်တော်အတွင်းဝန်၏ တာဝန်များတွင် အောက်ပါတို့ ပါဝင်ရမည်။

(က) လွှတ်တော်က လက်ခံပြီးဖြစ်သော ငွေဝင်ငွေထွက်ခန့်မှန်းခြေစာရင်းအရ၊ လွှတ်တော်အတွက် သုံးရမည့် ရံပုံငွေများကို စီမံခန့်ခွဲခြင်း။

(ခ) လွှတ်တော်လုပ်ငန်းများနှင့် ပတ်သက်သော စာချုပ်စာတမ်း၊ မှတ်တမ်းမော်ကွန်းစသည်တို့ကို ထိန်း သိမ်းထားရှိခြင်းနှင့်

(ဂ) လွှတ်တော်နှင့်ကော်မီတီများ၏ အစည်းအဝေးများအတွက် လိုအပ်သော အစီအစဉ်များပြုလုပ် ခြင်း။

အခဏ်း ၁၁။
အထွေထွေ။

၆၆။ ။ ဤနည်းဥပဒေများအရ၊ သတ်မှတ်ထားသော အစည်းအဝေးထမြောက်အောင်မြင်ရန် လိုအပ် သော လူဦးရေပြည့်စုံလျှင်၊ လွှတ်တော်နှင့် ကော်မီတီများတွင် အမတ်၊ သို့မဟုတ် အဖွဲ့ဝင်နေရာ လစ်လပ် လျက်ရှိသော်လည်း၊ လုပ်ငန်းဆောင်ရွက်ရေးအတွက် အာဏာအပြည့်အစုံ ရှိစေရမည်။

၆၇။ ။ ဤနည်းဥပဒေများကို ပြင်လိုလျှင်ဖြစ်စေ၊ ထုတ်ပယ်လိုလျှင်ဖြစ်စေ၊ နည်းဥပဒေသစ်ထည့်သွင်း လိုလျှင်ဖြစ်စေ၊ လမ်းညွှန်ကော်မီတီသို့ လွှဲအပ်ရမည်။ လမ်းညွှန်ကော်မီတီက ဤသို့ လွှဲအပ်သည့်အချိန်မှ ၁၄ ရက်အတွင်း၊ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းရမည်။

၆၈။ ။ ဤနည်းဥပဒေများတွင် အခြားပြဋ္ဌာန်းချက်မရှိလျှင်၊ လွှတ်တော်အတွက် သတ်မှတ်ချက်များသည် ကော်မီတီများအတွက်လည်း အခါကာလဒေသအားလျော်စွာ သက်ဆိုင်စေရမည်။

၆၉။ ။ ဥက္ကဋ္ဌသည် ဤနည်းဥပဒေများအရ၊ ဆောင်ရွက်ရာတွင် အခက်အခဲနှင့် ကြုံတွေ့နေလျှင်၎င်း၊ ဤနည်းဥပဒေများတွင် သတ်မှတ်ချက်မရှိလျှင်၎င်း၊ ဥက္ကဋ္ဌသည် ဤနည်းဥပဒေများတွင် မည်သို့ပင် ဖေါ် ပြထားစေကာမူ၊ ဤအခက်အခဲကို ကျော်လွန်ရန်အတွက် မိမိသင့်လျော်သည်ဟု ထင်မြင်သည့် အတိုင်း ပြဋ္ဌာန်းချက်များ ပြုလုပ်နိုင်သည်။

၇၀။ ။ ဤလွှတ်တော်ကို ဖျက်သိမ်းရန်အတွက် အမတ်ဦးရေ စုစုပေါင်း၏ ၃ ပုံ ၂ ပုံသော အမတ်များက မဲ ပေးဆုံးဖြတ်ရမည်။ လွှတ်တော်အမတ်ဦးရေအားလုံး၏ ၃ ပုံ ၂ ပုံက သဘောမတူသမျှ ကာလပတ်လုံး လွှတ်တော်ကို ဖျက်သိမ်းခြင်း မပြုလုပ်ရ။

အမိန့်အရ။
ထွန်းတင်။
အတွင်းဝန်။
တိုင်းပြည်ပြုလွှတ်တော်။