နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ  (2010) 
by နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၁/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်
( ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက် )

နိဒါန်း edit

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင် အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့် အလျောက်နိုင်ငံတော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများ ကိုချောမွေ့စွာဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီးပေါ်ပေါက် လာသည့်အခါတွင် ဆောင်ရွက်ရန်ရှိသောလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက် ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းနိုင်ရန်နှင့် ခုံရုံး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကိုလည်းကောင်း၊ ခုံရုံးနှင့်ဆက်သွယ်ရမည့် နည်းလမ်းများကိုလည်းကောင်း သတ်မှတ် နိုင်ရန်အလို့ငှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။


အခန်း(၁) အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက် edit

၁။ (က) ဤဥပဒေကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစတင်၍ အာဏာတည်စေရမည်။


၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုသည်။
(ခ) လွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တို့ကို ဆိုသည်။
(ဂ) ခုံရုံး ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို ဆိုသည်။
(ဃ) ဥက္ကဋ္ဌ ဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌကို ဆိုသည်။
(င) အဖွဲ့ဝင် ဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်ကို ဆိုသည်။
(စ) တရားရုံး ဆိုသည်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်သော အခြားတရားရုံးများကို ဆိုသည်။
(ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ဆိုသည်။

အခန်း( ၂) ခုံရုံးဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း edit

ခုံရုံးဖွဲ့စည်းခြင်း

၃။ ခုံးရုံးကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ကိုးဦးဖြင့်ဖွဲ့စည်းရမည်။

၄။ (က) နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် လွှတ်တော် ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်း များနှင့် ပြည့်စုံသူများအနက်မှ အဖွဲ့ဝင် သုံးဦးစီကို ရွေးချယ်ရမည်-

(၁) အသက် ၅၀ နှစ်ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်း မရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ

သို့မဟုတ်

(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်း ဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ

သို့မဟုတ်

(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ်အမှုလိုက်ပါဆောင်ရွက်ခဲ့သူ။
(၅) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လုံခြုံရေးအမြင်ရှိသူ၊
(၆) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ
(ခ) နိုင်ငံတော်သမ္မတက ရွေးချယ်သောသူများတွင် ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ် (၄) ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော် လည်းထင်ပေါ် ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ်ယူဆသူကို ရွေးချယ်နိုင် သည်။
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၃၊ ပုဒ်မခွဲ (င) အရ အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီဝင်မဟုတ်သူ၊ ပုဒ်မခွဲ(စ)အရ အဖွဲ့ဝင်များ သည် လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံရသူသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၀ အရ နိုင်ငံရေးပါတီဝင်တစ်ဦးဖြစ်လျှင် ပါတီလုပ်ငန်း များတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်နှင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်လျှင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ ထို့ပြင် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။

၅။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်နှင့်အညီ မိမိတို့ ရွေးချယ်ထားသည့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို နိုင်ငံတော်သမ္မတထံပေးပို့ရမည်။

ခန့်အပ်တာဝန်ပေးခြင်း

၆။ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင် ၃ဦး၊ စုစုပေါင်းရွေးချယ်ထားသည့် အဖွဲ့ဝင် ၉ ဦး၏ အမည်စာရင်းကိုလည်းကောင်း၊ ယင်းတို့အနက် ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်ညှိနှိုင်း၍ ရွေးချယ်သည့် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းပြီး သဘောတူညီချက်ရယူရမည်။

၇။ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်းနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက စုစည်းအမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား ခုံရုံးဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ။

၈။ နိုင်ငံတော်သမ္မတသည် ပုဒ်မ ၆ အရ အမည်စာရင်း တင်သွင်းသော ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်က ပုဒ်မ ၄ ပါ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှားပြ၍ ငြင်းပယ်ခဲ့လျှင် ယင်းပုဂ္ဂိုလ်အစား အမည်စာရင်း သစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။

၉။ ပုဒ်မ ၈ အရအမည်စာရင်းသစ်ထပ်မံတင်သွင်းသည့်အခါ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် မရရှိသည့် အဖွဲ့ဝင်သည် နိုင်ငံတော်သမ္မတကရွေးချယ်ထားသည့် အဖွဲ့ဝင် ဖြစ်လျှင်နိုင်ငံတော်သမ္မတကလည်း ကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်ဖြစ်လျှင်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထား သည့် အဖွဲ့ဝင်ဖြစ်လျှင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း ပုဒ်မ ၄၊ ၅ နှင့် ၆ တို့ပါ ပြဋ္ဌာန်းချက်များနှင့် အညီအမည် စာရင်းသစ်ကိုထပ်မံတင်သွင်းခွင့်ရှိသည်။

၁၀။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိပြီးသည့် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။

၁၁။ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးသည် နိုင်ငံရေးပါတီ တစ်ခုခု၏အဖွဲ့ဝင် ဖြစ်လျှင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလ ရွေးချယ်ခံခဲ့သူဖြစ်လျှင်သော်လည်းကောင်း၊ သီးခြားခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည့် နိုင်ငံသား တစ်ဦးဖြစ်လျှင်သော်လည်းကောင်း အဆိုပါပုဂ္ဂိုလ်သည် နောင်လာမည့် အထွေထွေရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ (က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံး စေရန်အလို့ငှာ ရွေးကောက်ပွဲကျင်းပရန်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာသည့် နေ့မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင်ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ ကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင်ရွက်ခွင့်ရှိသည်။

အခန်း(၃) ခုံရုံး၏ လုပ်ငန်းတာဝန်များ edit

၁၂။ ခုံရုံး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊
(ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်း၊
(ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ စိစစ်ခြင်း၊
(ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး အကြားသော်လည်းကောင်း၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြားသော် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြားသော်လည်းကောင်း၊ တိုင်းဒေသကြီး အချင်းချင်းသော်လည်း ကောင်း၊ ပြည်နယ်အချင်းချင်း သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အကြားသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အချင်းချင်းသော်လည်းကောင်း ဖြစ်ပေါ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊
(င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို့၏ အခွင့်အရေးနှင့် တာဝန်များ ဆိုင်ရာ ပေါ်ပေါက်သည့် အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊
(စ) ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ်များကို စိစစ်ဆုံးဖြတ်ခြင်း၊
(ဆ) တရားရုံးတစ်ရုံးက စစ်ဆေးဆဲအမှုနှင့်စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၃ နှင့် ဤဥပဒေပုဒ်မ ၁၇ တို့အရ တင်ပြ လာသည့် အငြင်းပွားမှုကို အဆုံးအဖြတ်ပေးခြင်း၊
(ဇ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေများက ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
(ဈ) မိမိတို့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ မိမိတို့အားရွေးချယ်သည့် သက်ဆိုင်ရာ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ အသီးသီးအစီရင်ခံခြင်း။


အခန်း(၄) ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန်တင်သွင်းခြင်း edit

၁၃။ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန်ကိစ္စများ ပေါ်ပေါက်ပါက အောက်ပါပုဂ္ဂိုလ်များသည် ခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်-

(က) နိုင်ငံတော်သမ္မတ၊
(ခ) ပြည်ထောင်စုလွှတ်တော် နာယက၊
(ဂ) ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊
(ဃ) အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊
(င) ပြည်ထောင်စုတရားသူကြီးချုပ်၊
(စ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ။

၁၄။ အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို ပုဒ်မ ၁၅ ပါ နည်းလမ်းနှင့်အညီ ခုံရုံးသို့ တင်သွင်းခွင့်ရှိသည်-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊
(ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိ သော ကိုယ်စားလှယ်များ။

၁၅။ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများနှင့်စပ်လျဉ်း၍-

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လျှင် မိမိ၏တင်သွင်းလွှာကို နိုင်ငံတော်သမ္မတမှ တစ်ဆင့် ခုံရုံးသို့ပေးပို့ရမည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လျှင်မိမိ၏ တင်သွင်းလွှာကို ပြည်ထောင်စုလွှတ်တော် နာယကမှ တစ်ဆင့် ခုံရုံးသို့ပေးပို့ရမည်။
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဖြစ်လျှင် မိမိ၏တင်သွင်းလွှာကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတတို့မှ တစ်ဆင့်ခုံရုံးသို့ပေးပို့ရမည်။
(ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိ သောကိုယ်စားလှယ်များဖြစ်လျှင် မိမိ၏တင်သွင်းလွှာကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ခုံရုံးသို့ပေးပို့ရမည်။

၁၆။ (က) ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများနှင့် စပ်လျဉ်း၍ ပုဒ်မ ၁၃ သို့မဟုတ် ၁၄ ပါ ပုဂ္ဂိုလ်များက သတ်မှတ်ထားသော နည်းလမ်းနှင့်အညီ တင်ပြရာတွင် ခိုင်လုံသော အထောက် အထား၊ စာရွက်စာတမ်းများကို ရှင်းလင်းပြည့်စုံစွာ ပူးတွဲတင်ပြရမည်။

(ခ) ပုဒ်မခွဲ (က) အရ တင်သွင်းသည့်တင်သွင်းလွှာတွင် အဆုံးအဖြတ်ပေးစေလိုသည့်အချက်မှာ အဓိပ္ပာယ်ဖွင့်ဆိုချက် သို့မဟုတ် ဆုံးဖြတ်ချက် သို့မဟုတ် သဘောထားရယူရန်ဖြစ်သည်ကို ရှင်းလင်းစွာ ဖော်ပြရမည်။

၁၇။ တရားရုံးတစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှုရှိ မရှိ၊ ညီညွတ်မှုရှိ မရှိ အငြင်းပွားမှုပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ ခုံရုံးကလည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချမှတ်ထားခြင်း မရှိသေးလျှင် အဆိုပါတရားရုံးသည် အမှု စစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏သဘောထား နှင့်အတူ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ဆောလျင်စွာ တင်ပြရမည်။ ပြည်ထောင်စုတရားသူကြီးချုပ်သည် အဆိုပါတင်ပြချက်ကို မိမိသဘောထားနှင့်အတူ ခုံရုံးသို့ တင်သွင်းရမည်။

၁၇-က။ (၁) ပုဒ်မ ၁၃ နှင့် ၁၄ ပါ ပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများသည် ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသောဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်ခြင်းရှိ မရှိ စိစစ်၍ သဘောထားရယူရန်လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် စိစစ်ပြန်ကြားစေလိုသောအချက်ကိုဖော်ပြ၍ ခုံရုံးသို့တင်သွင်းစိစစ်စေနိုင်သည်။
(၂) တင်သွင်းလွှာတွင်ကိုးကားသည့်အထောက်အထား၊ စာရွက်စာတမ်းများ ပြည့်စုံစွာပူးတွဲပါရှိစေရမည်။
(၃) ခုံရုံးသည် ပုဒ်မခွဲ (၁) အရ တင်သွင်းလာသောကိစ္စရပ်ကို စိစစ်ရာတွင်လိုအပ်ပါက သက်ဆိုင်ရာ လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ မှတ်တမ်းများ၊ ဥပဒေကြမ်းအပေါ် သက်ဆိုင်ရာလွှတ်တော်များတွင် ဆွေးနွေးခဲ့သော ဆွေးနွေးချက်များပါဝင်သည့် လွှတ်တော်မှတ်တမ်းများကို ပြည်ထောင်စုလွှတ်တော် နာယက၊ သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌများမှတစ်ဆင့် တောင်းခေါ်ကြည့်ရှုနိုင်သည်။
၁၇-ခ။ (၁) ပုဒ်မ ၁၃ နှင့် ၁၄ ပါ ပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများသည် ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ဆောင်ရွက်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိစိစစ်၍ သဘောထားရယူရန် လိုအပ်သည်ဟု ထင်မြင်ယူဆလျှင် စိစစ်ပြန်ကြားစေလိုသော အချက်ကိုဖော်ပြ၍ ခုံရုံးသို့တင်သွင်းစိစစ်စေနိုင်သည်။
(၂) ခုံရုံးသည် ပုဒ်မခွဲ (၁) အရ တင်သွင်းလွှာကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာအာဏာပိုင်အား ယင်း၏ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍စာဖြင့် ရှင်းလင်းတင်ပြခွင့်ပေးရမည်။


အခန်း(၅) တင်သွင်းလွှာကို စိစစ်ခြင်း၊ ကြားနာခြင်း၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သဘောထားပြန်ကြားခြင်း၊ ဆုံးဖြတ်ခြင်း edit

စိစစ်ခြင်း

၁၈။ ဥက္ကဋ္ဌသည် ပုဒ်မ ၁၆၊ ပုဒ်မ ၁၇၊ ပုဒ်မ ၁၇-က သို့မဟုတ် ပုဒ်မ ၁၇-ခ အရ တင်သွင်းသော တင်သွင်းလွှာပြည့်စုံမှု ရှိ မရှိ စိစစ်တင်ပြရန် နိုင်ငံတော်သမ္မတက ရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှ တစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှ တစ်ဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်သည့်အဖွဲ့ဝင်များအနက်မှ တစ်ဦးတို့ပါဝင်သော တင်သွင်းလွှာစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းပေးရမည်။

၁၉။ တင်သွင်းလွှာ စိစစ်ရေးအဖွဲ့သည် တင်သွင်းလွှာနှင့်စပ်လျဉ်း၍-

(က) ပုဒ်မ ၁၂ ပါလုပ်ငန်းတာဝန်များအနက် မည်သည့်အချက်ကို တင်သွင်းကြောင်း ခွဲခြားစိစစ်ရမည်။ စပ်ဆိုင်သော အချက်အလက်များနှင့်ခိုင်လုံသော အထောက်အထား၊ စာရွက်စာတမ်းများ ရှင်းလင်းပြည့်စုံစွာပူးတွဲပါရှိခြင်းရှိ မရှိ စိစစ်ရမည်။ ယင်းသို့စိစစ်ရာတွင် ပြည့်စုံမှုမရှိကြောင်းတွေ့ရှိပါက လိုအပ်ချက်များကို သတ်မှတ်ချိန်အတွင်း တင်ပြစေရမည်။ သတ်မှတ်ချိန်အတွင်း ရှင်းလင်းပြည့်စုံစွာ တင်သွင်းခြင်းမပြုပါက တင်သွင်းလွှာကို ငြင်းပယ်နိုင်သည်။
(ခ) ပြန်လည်ရှင်းလင်းရမည့် သို့မဟုတ် တင်သွင်းလွှာနှင့် အကျိုးသက်ဆိုင်သော ပုဂ္ဂိုလ် သို့မဟုတ် ဌာန၊ အဖွဲ့အစည်း ရှိပါက ယင်းကို တင်သွင်းလွှာ မိတ္တူနှင့်အတူ အကြောင်းကြားပြီး စပ်ဆိုင်သည့် အချက်အလက်များနှင့် ခိုင်လုံသောအထောက်အထား၊ စာရွက်စာတမ်းများကို သတ်မှတ်ချိန်အတွင်း တင်ပြခွင့်ပေးရမည်။
(ဂ) လိုအပ်ချက်များပြည့်စုံသည့်အခါ ကြားနာနိုင်ရန် ခုံရုံးသို့တင်ပြရမည်။
ကြားနာခြင်း

၂၀။ တင်သွင်းလွှာနှင့်စပ်လျဉ်း၍ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်များ အားလုံးကကြားနာဆုံးဖြတ်ရမည်။ ယင်းသို့ဆောင်ရွက်ရာတွင် တာဝန်တစ်ရပ်ရပ် အရဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ အဖွဲ့ဝင်အားလုံး တက်ရောက်နိုင်ခြင်း မရှိပါက ဥက္ကဋ္ဌ အပါအဝင် အနည်းဆုံး ခြောက်ဦးဖြင့် ကြားနာရမည်။

၂၁။ ခုံရုံးတွင်ကြားနာသည့်အခါ-

(က) ကြားနာမည့်နေ့ရက်ကို ကြိုတင်၍ကြေညာရမည်။
(ခ) ကြားနာမည့်ကိစ္စကို ဥက္ကဋ္ဌကဖြစ်စေ၊ ဥက္ကဋ္ဌကတာဝန်ပေးအပ်ခြင်းခံရသည့် အဖွဲ့ဝင်တစ်ဦးကဖြစ်စေ အကျဉ်း ချုပ်ဖတ်ကြား ရမည်။
(ဂ) တင်သွင်းလွှာနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတို့၏ လျှောက်လဲချက်ကို ကြားနာနိုင်သည်။
(ဃ) နိုင်ငံတော်၏ လျှို့ဝှက်ချက် သို့မဟုတ် နိုင်ငံတော်၏ လုံခြုံရေးကို ထိခိုက်စေနိုင်သော အကြောင်းကိစ္စမှတစ်ပါး အများပြည် သူရှေ့မှောက်တွင် ကြားနာရမည်။
(င) ဘာသာရပ်ကျွမ်းကျင်သူအား ဖိတ်ခေါ်၍ ယင်း၏သဘောထားနှင့် အကြံဉာဏ်များကို ရယူနိုင်သည်။
(စ) ပယ်ဖျက်
(ဆ) တင်သွင်းလွှာကို ဆောလျင်စွာ ကြားနာပြီးပြတ်စေရန်ဆောင်ရွက်ရမည်။
(ဇ) တင်သွင်းလွှာနှင့်စပ်လျဉ်း၍ ခုံရုံး၏ နေ့စဉ်ဆောင်ရွက်ချက်များကိုမှတ်တမ်းတင်ပြီး ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးက လက်မှတ်ရေးထိုးထားရှိရမည်။
အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ သဘောထားပြန်ကြားခြင်း၊ ဆုံးဖြတ်ခြင်း

၂၂။ ခုံရုံးသည်-

(က) ကြားနာပြီးနောက် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သဘောထား၊ ဆုံးဖြတ်ချက်ကိုဆောလျင်စွာ ချမှတ်နိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။
(ခ) အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သဘောထား၊ ဆုံးဖြတ်ချက်ချမှတ်မည့်နေ့ကို ကြိုတင်ကြေညာရမည်။
(ဂ) ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်သဘောထားကို ခုံရုံး၏ထက်ဝက်ကျော်သဘောတူညီချက်ဖြင့် ချမှတ်ရမည်။
(ဃ) ခုံရုံး၏ ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ထက်ဝက်ကျော်၏သဘောတူညီချက်ဖြင့် ချမှတ်ရမည်။
(င) ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) အရ တင်သွင်းလွှာများအတွက် ခုံရုံး၏အဓိပ္ပာယ်ဖွင့်ဆိုချက်အဖြစ်လည်းကောင်း၊ ပုဒ်မ ၁၇-က နှင့် ၁၇- ခ အရ တင်သွင်းလွှာများအတွက် သဘောထားအဖြစ်လည်းကောင်း၊ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) နှင့် (ဆ) တို့အရ တင်သွင်းလွှာများအတွက် ဆုံးဖြတ်ချက်အဖြစ်လည်းကောင်း ချမှတ်ရာတွင် ခုံရုံးကိုယ်စား ဥက္ကဋ္ဌက လက်မှတ်ရေးထိုး၍ ဥက္ကဋ္ဌကဖြစ်စေ၊ ဥက္ကဋ္ဌ၏တာဝန်ပေးချက်အရ အဖွဲ့ဝင်တစ်ဦးဦးကဖြစ်စေ အများပြည်သူရှေ့မှောက်တွင် ဖတ်ကြားရမည်။

အခန်း(၆) ခုံရုံးဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု edit

၂၃။ ပုဒ်မ၁၂၊ ပုဒ်မခွဲ (ဆ) အရ တရားရုံးတစ်ရုံးက တင်သွင်းသောအကြောင်း ကိစ္စနှင့်စပ်လျဉ်း၍ ချမှတ်သော ခုံရုံး၏ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်။

၂၄။ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။

၂၅။ ပယ်ဖျက်

အခန်း(၇) စွပ်စွဲပြစ်တင်ခြင်း၊ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း edit

၂၆။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် တစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ရမည်။

၂၇။ ခုံရုံး၏ သက်တမ်းသည် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီ ငါးနှစ် ဖြစ်သည်။ သို့ရာတွင် သက်တမ်းကုန်ဆုံးပြီး ဖြစ်သော်လည်း လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသောခုံရုံးသည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတက ခုံရုံးအသစ် ဖွဲ့စည်းပြီးသည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင် ရမည်။

၂၈။ (က) ဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိ သဘောဆန္ဒအလျောက်ရာထူးမှ နုတ်ထွက်လို လျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီးရာထူးမှ နုတ်ထွက်နိုင်သည်။

(ခ) အဖွဲ့ဝင်တစ်ဦးဦးသည် ပုဒ်မခွဲ (က) ပါအတိုင်း ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။

၂၉။ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်သည့် အခါသက်ဆိုင်ရာ ပုဂ္ဂိုလ်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၀၂၊ ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) နှင့် အညီဆောင်ရွက်ပြီးနောက် လက်ရှိရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ပြည်ထောင်စု လွှတ်တော်ကဆုံးဖြတ်လျှင် နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသူ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အား ရာထူးမှ ရပ်စဲရမည်။

၃၀။ အကြောင်းတစ်ခုခုကြောင့် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်ရာထူးနေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အသစ်ကို ပုဒ်မ ၄ ပါ အရည်အချင်းများနှင့် ပြည့်စုံသူအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ရွေးချယ်၍ ခန့်အပ်တာဝန်ပေးနိုင်သည်။

အခန်း(၈) အထွေထွေ edit

၃၁။ ဤဥပဒေအာဏာမတည်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဤဥပဒေကို အကောင် အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့်လုပ်ငန်းရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက် သည်ဟုမှတ်ယူရမည်။

၃၂။ ခုံရုံး၏ ရုံးစိုက်ရာဒေသသည် နေပြည်တော်ဖြစ်သည်။ လိုအပ်ပါက ဥက္ကဋ္ဌသည် ခုံရုံးကို အခြားသင့်လျော်သည့် နေရာတွင် ရုံးထိုင်စစ်ဆေးစေနိုင်သည်။

၃၃။ ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၏ သဘောရိုးဖြင့် တာဝန်အရဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ တရားမ ကြောင်းအရ ဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။

၃၄။ ခုံရုံးသည်လိုအပ်ပါက ပြည်ထောင်စုရှေ့နေချုပ်ကို ရုံးတော်သဟာယအဖြစ် ဖိတ်ကြားနိုင်သည်။ ရှေ့နေချုပ်သည် မိမိ ကိုယ်တိုင် မလာရောက်နိုင်ပါက မိမိကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင့်လျော်သော ညွှန်ကြားရေးမှူး အောက်မနိမ့်သည့် ပုဂ္ဂိုလ်အား ခုံရုံးသို့စေလွှတ်ဆောင်ရွက်စေနိုင်သည်။

၃၅။ ခုံရုံးက ချမှတ်သော ဆုံးဖြတ်ချက်များ၊ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် သဘောထားများကို နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာရမည်။ ယင်းတို့ကို စီရင်ထုံးအဖြစ် ကိုးကားအသုံးပြုနိုင်ရန် စုစည်း၍ပုံနှိပ်ထုတ်ဝေရမည်။

၃၆။ ဥက္ကဋ္ဌသည်ခုံရုံး၏ရုံးကိစ္စအဝဝကိုတာဝန်ယူဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ရုံးအဖွဲ့ကို ဖွဲ့စည်း ထားရှိရမည်။

၃၇။ ဤဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စု လွှတ်တော်ကပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုလုပ်နိုင်သည်။ ပြည်ထောင်စု လွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည်အတည်ဖြစ်သည်။

၃၇-က။ ခုံရုံးသည် ဤဥပဒေပါ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် တရားမကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံအက်ဥပဒေပါ ပြဋ္ဌာန်းချက်များမှစပ်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက်နိုင်သည်။


၃၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခုံရုံးသည် လိုအပ်သော နည်းဥပဒေ များ၊ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ