အာဆီယံ ပဋိညာဉ်စာတမ်း

အရှေ့တောင်အာရှနိုင်ငံများအသင်း ပဋိညာဉ်စာတမ်း  (2008) 
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ခေတ်မီဥပဒေမူဘောင်သည် အရှေ့တောင်အာရှနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်သည်။ ဘရူနိုင်း၊ မြန်မာ (မြန်မာ)၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ပါဝင်ပြီး ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနှင့် ဖိလစ်ပိုင်တို့ ပါဝင်ပြီးနောက် အာဆီယံတည်ထောင်သည့်စာတမ်းဖြစ်သည့် ဘန်ကောက် ကြေညာစာတမ်းကို အရှေ့တောင်အာရှနိုင်ငံများအသင်း ပဋိညာဉ်စာတမ်းဖြင့် အစားထိုးခဲ့သည်။

ရင်းမြစ် - [1]

အရှေ့တောင်အာရှနိုင်ငံများအသင်း ပဋိညာဉ်စာတမ်း

နိဒါန်း

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်ကာပူသမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံတို့မှ နိုင်ငံတော် အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများက ကိုယ်စားပြုသည့် ကျွန်ုပ်တို့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများသည် -

အာဆီယံ ကြေညာစာတမ်းကို ဗန်ကောက်မြို့၌ ထုတ်ပြန်၍ အသင်းစတင် တည်ထောင်ပြီးကတည်းက အာဆီယံ၏ ထင်ရှားသော အောင်မြင်မှုများရရှိခဲ့မှုနှင့် တိုးချဲ့ ဖွဲ့စည်းနိုင်မှုကို ကျေနပ်အားရစွာ အသိအမှတ်ပြု၍လည်းကောင်း

ဗီယန်ကျင်း လုပ်ငန်းအစီအစဥ်၊ အာဆီယံပဋိညာဥ်စာတမ်း ရေးဆွဲရေးဆိုင်ရာ ကွာလာလမ်ပူကြေညာစာတမ်းနှင့် အာဆီယံပဋိညာဥ်စာတမ်း အခြေခံ ပုံကြမ်းဆိုင်ရာ စီဘူကြေညာစာတမ်းတို့တွင် အာဆီယံပဋိညာဥ်စာတမ်း ရေးဆွဲချမှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်များကို အမှတ်ရ၍လည်းကောင်း

ဆက်စပ်သော ပထဝီအေနအထား၊ တူညီသော ရည်ရွယ်ချက်များ၊ အတူတကွ မျှော်မှန်းသည့် ပန်းတိုင်ထားရှိကြသော အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများ အကြား အပြန်အလှန် အကျိုးဖြစ်ထွန်းမှုနှင့် မှီခိုအားထားမှုများ တည်ရှိနေသည်ကို အလေးဂရုပြု၍လည်းကောင်း

တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော အသွင်လက္ခဏာ၊ တစ်ခုတည်းသော ကောင်းတူဆိုးဘက် "အသိုက်အဝန်း" ဟူသည့် သဘောထားဖြင့် ရည်မှန်းချက် ထားရှိပြီး စည်းလုံးညီညွတ်ကြ၍လည်းကောင်း


အခြေခံကျသော အရေးပါမှုနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်မှု၊ တူညီဆန္ဒဖြင့်သာ ဆုံးဖြတ်မှုနှင့် ပုံစံကွဲပြားသော်လည်း ညီညွတ်မှုရှိခြင်းဟူသည့် အခြေခံမူကြီးများကို လေးစား၍လည်းကောင်း

ဒီမိုကရေစီအခြေခံမူများ၊ တရားဥပေဒစိုးမိုရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များအား လေးစားမှုနှင့် အကာအကွယ်ပေးမှုများကို စောင့်ထိန်းလိုက်နာ၍လည်းကောင်း

ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်သစ်များ၏ အကျိုးစီးပွားအတွက် စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရှိရေးကို အာမခံချက်ရရှိစေရန်နှင့် အာဆီယံအသိုက်အဝန်း ထူထောင်မှု လုပ်ငန်းစဥ်ကို ဗဟိုပြု၍ ပြည်သူများ၏ ကြွယ်ဝချမ်းသာမှု၊ စားဝတ်နေရေးဖူလုံမှုနှင့် သက်သာချောင်ချိမှုတို့ကို ဆောင်ရွက်ကြရန် ဆုံးဖြတ်ချက်ချမှတ်၍လည်းကောင်း

ပစ္စုပ္ပန်နှင့် အနာဂတ် စိန်ေခါ်မှုများနှင့် အခွင့်အလမ်းများကို ထိရောက်စွာ တုံ့ပြန်နိုင်ရန်အလို့ငှာ နိုင်ငံရေးအရ တည်တံ့သော၊ စီးပွာရေးအရ ပေါင်းစည်းသော၊ လူမှုရေးအရ တာဝန်ယူသော အာဆီယံအသိုက်အဝန်း ဖြစ်မြောက်စေရေးအတွက် ဒေသအတွင်း စည်းလုံးညီညွတ်မှုအင်အား တောင့်တင်းခိုင်မာလာစေရန် လိုအပ်သည်ဟု ယုံကြည်၍လည်းကောင်း

ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစည်းမှုကို ပိုမိုမြှင့်တင်လျက် အထူးသဖြင့် အာဆီယံကွန်ကော့(၂) ဘာလီကြေညာချက်တွင် ဖော်ပြထားသည့် အတိုင်း အာဆီယံလုံခြုံရေးအသိုက်အဝန်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်းနှင့် အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဟူသည့် မဏ္ဍိုင် (၃)ရပ် ပါဝင်သော အာဆီယံ အသိုက်အဝန်း ထူထောင်ခြင်းဖြင့် အသိုက်အဝန်း တည်ထောင်မှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း

အာဆီယံ၏ ဥပဒေဆိုင်ရာနှင့် ဖွဲ့စည်းမှုဆိုင်ရာ မူဘောင်ကို ဤပဋိညာဥ် စာတမ်းဖြင့် ထူထောင်ရန် ဆုံးဖြတ်ကြသည်

ဤကိစ္စ အလို့ငှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော် အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများသည် စင်ကာပူနိုင်ငံ၌ အာဆီယံ တည်ထောင်သည့် နှစ်(၄၀) ပြည့် သမိုင်းဝင် အခမ်းအနားတွင် စုစည်းတွေ့ဆုံကြလျက် ဤ ပဋိညာဥ်စာတမ်းအား သဘောတူ ချမှတ်ကြပါသည်။


အခန်း (၁)
ရည်ရွယ်ချက်များနှင့် အခြေခံမူများ

အပိုဒ် (၁)
ရည်ရွယ်ချက်များ

အာဆီယံ၏ ရည်ရွယ်ချက်များမှာ -

၁။ ဒေသအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်၊ ငြိမ်းချမ်းမှုကို လိုလားသည့် အလေ့အထများ ပိုမိုခိုင်မာစေရန်၊
၂။ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုမြှင့်တင်ခြင်းအားဖြင့် ဒေသဆိုင်ရာ ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန်၊
၃။ အရှေ့တောင်အာရှဒေသကို အဏုမြူလက်နက်ကင်းမဲ့ဇုန် အဖြစ်လည်းကောင်း၊ ထို့အပြင် အဖျက် စွမ်းအားကြီးမားသော လက်နက်များ ကင်းမဲ့သောဒေသ အဖြစ် လည်းကောင်း ထိန်းသိမ်းထားရန်၊
၄။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ပြည်သူများအနေဖြင့် ကမ္ဘာတဝှမ်း တရား မျှတပြီး ဒီမိုကေရစီ ပြည့်ဝ၍ ညီညွတ်မျှတသည့် ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ နေထိုင် နိုင်ကြေစရန်၊
၅။ ကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်း၍ စီးပွားရေး လုပ်ငန်းရှင်များ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ အလုပ်သမားများ အဆင်ပြေ ချောမွေ့စွာ ရွှေ့ပြောင်းနိုင်ပြီး မတည်အရင်းအနှီးများ ပိုမိုလွတ်လပ်စွာ စီးဆင်းမှုရှိသည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် ထိရောက်စွာ အထောက်အကူပြုနိုင်သော တည်ငြိမ်၍ ကြွယ်ဝချမ်းသာပြီး အဆင့်မြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စီးပွားရေး ပေါင်းစည်းမှု ဖြစ်ပေါ်စေမည့် တစ်ခုတည်းသော ဈေးကွက်နှင့် ထုတ်လုပ်မှု ဒေသ ထူထောင်ရန်၊
၆။ အပြန်အလှန်ကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသအတွင်း ဆင်းရဲနွမ်းပါးမှု လျော့ပါးစေရန်နှင့် ဖွံ့ဖြိုးမှု ကွာဟချက်ကို ကျဉ်းမြောင်းစေရန်၊
၇။ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အခွင့်အရေးနှင့် တာဝန်များကို အလေးထားပြီး ဒီမိုကေရစီ ပိုမိုတောင့်တင်းခိုင်မာစေရန်၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေးနှင့် တရား ဥပေဒစိုးမိုးရေးကို တိုးတက်စေရန်နှင့် လူ့အခွင့်အေရးနှင့် အ ခြေခံ လွတ်လပ်ခွင့် များကို ကာကွယ်မြှင့်တင်ရန်၊
၈။ ဘက်စုံ လုံခြုံရေးအေခြခံမူနှင့်အညီ ခြိမ်းခြောက်မှုများ၊ နယ်စပ်ဖြတ်ကျော်မှုခင်း များနှင့် နယ်နိမိတ် ဖြတ်ကျော်စိန်ခေါ်မှုများကို ထိရောက်စွာ တုံ့ပြန်ရန်၊
၉။ ဒေသအတွင်း သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်း၊ သဘာဝ အရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် အာဆီယံ ပြည်သူများ၏ ဘဝအရည်အေသွး မြင့်မားမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့ကို အာမခံချက်ရရှိစေမည့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊
၁၀။ အာဆီယံပြည်သူများ၏ စွမ်းရည်မြင့်မားစေရးနှင့် အာဆီယံအသိုက်အဝန်း ပိုမိုတောင့်တင်းခိုင်မာစေရးအတွက် ပညာရေးနှင့် ဘဝတစ်သက်တာ သင်ကြားရေး တွင်လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာရပ် တွင်လည်းကောင်း နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအား အရင်းအမြစ်များကို ဖွံ့ဖြိုးတိုးတက်စေရန်၊
၁၁။ လူ့ဖွံ့ဖြိုးမှု၊ လူမှုဖူလုံမှုနှင့် တရားမျှတမှုအတွက် တန်းတူ အခွင့်အလမ်းများ ရရှိစေရန် ဆောင်ရွက်ပေးခြင်းဖြင့် အာဆီယံပြည်သူများ၏ လူနေမှုဘဝနှင့် ကောင်းကျိုး ချမ်းသာ တိုးတက်လာစေရန်၊
၁၂။ အာဆီယံပြည်သူများအတွက် လုံခြုံ၍ ဘေးကင်းပြီး မူးယစ်ဆေးဝါးကင်းစင် သည့် ပတ်ဝန်းကျင် ထူထောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတောင့်တင်းခိုင်မာ လာစေရန်၊
၁၃။ အာဆီယံ ပေါင်းစည်းရေးနှင့် အသိုက်အဝန်း ထူထောင်ရေးလုပ်ငန်းစဉ်တွင် လူ့အဖွဲ့ အစည်း၏ ကဏ္ဍအားလုံးအေနဖြင့် ပါဝင်ဆောင်ရွက်၍ အကျိုးခံစားမှု ရရှိကြစေရန် အားပေးခြင်းဖြင့် ပြည်သူများကို အလေးထားသည့် အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်၊
၁၄။ အာဆီယံ ဒေသအတွင်း ကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့် အေမွအနှစ်များကို ပိုမိုထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အာဆီယံ၏ အသွင်လက္ခဏာကို မြှင့်တင်ရန်၊
၁၅။ ပွင့်လင်းပြီး မြင်သာထင်သာရှိ၍ အများပါဝင်နိုင်သည့် ဒေသဆိုင်ရာ ဖွဲ့စည်း တည်ဆောက်မှုအတွင်း အာဆီယံအနေဖြင့် ပြင်ပမိတ်ဘက်များနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အာဆီယံ၏ ပင်မတွန်းအားဖြစ်သည့် တက်ကြွသော အခန်းကဏ္ဍနှင့် ဗဟိုအချက်အချာကျမှု တို့ကို ထိန်းသိမ်းရန်။


အပိုဒ် (၂)
အခြေခံမူများ

၁။ အပိုဒ် (၁) တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ယင်း၏ အဖွဲ့ဝင်နိုင်ငံများသည် အာဆီယံ၏ ကြေညာစာတမ်းများ၊ သဘောတူစာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ သဘောတူညီချက်များ၊ စာချုပ်များနှင့် အခြား စာချုပ်စာတမ်းများပါ အခြေခံမူများကို ထပ်လောင်း အတည်ပြု၍ လိုက်နာမည်။

၂။ အာဆီယံနှင့် ယင်း၏ အဖွဲ့ဝင်နိုင်ငံများသည် အောက်ဖော်ပြပါ အခြေခံမူများ နှင့်အညီ ဆောင်ရွက်ရမည် -

(က) အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံး၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အမျိုးသားရေး လက္ခဏာများကို လေးစားလိုက်နာခြင်း၊
(ခ) ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် သာယာဝပြောရေးကို တိုးတက်စေရန် အတူတကွ သန္နိဋ္ဌာန်ချမှတ် ဆောင်ရွက်ခြင်းနှင့် စုပေါင်း တာဝန်ယူမှုရှိခြင်း၊
(ဂ) ကျူးကျော်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အင်အားသုံးရန် ခြိမ်း ခြောက်ခြင်း သို့မဟုတ် အပြည်ပြည်ဆိုင်ရာဥပေဒနှင့် ကိုက်ညီမှု မရှိသည့် အခြားလုပ်ဆောင်မှု မှန်သမျှကို စွန့်လွှတ်ခြင်း၊
(ဃ) အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အဖြေရှာသည့် နည်းလမ်းအေပါ် အားထားခြင်း၊
(င) အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိခြင်း၊
(စ) ပြင်ပမှ ဝင်ရောက်စွက်ဖက်မှု၊ ဖျက်လိုဖျက်ဆီးပြုမှုနှင့် ဖိအားပေးမှုများ ကင်းရှင်းစွာဖြင့် အမျိုးသားရေး တည်ရှိမှုဆိုင်ရာ အဖွဲ့ဝင် နိုင်ငံတိုင်း၏ အခွင့်အေရးကို လေးစားခြင်း၊
(ဆ) အာဆီယံ၏ ဘုံအကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေသည့် ကိစ္စရပ်များ အပေါ် တိုင်ပင်ဆွေးနွေးမှုများကို ပိုမိုပြုလုပ်ခြင်း၊
(ဇ) တရားဥပေဒ စိုးမိုးရေး၊ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေး၊ ဒီမိုကရေစီ အေခြခံမူများနှင့် ဖွဲ့စည်းပုံအခြေခံဥပေဒအရ ဖွဲ့စည်းသည့် အစိုးရရှိမှု ဟူသည့် အခြေခံ သဘောတရားများကို လိုက်နာခြင်း၊
(ဈ) အခြေခံ လွတ်လပ်ခွင့်များ၊ လူ့အခွင့်အရေးများကို မြှင့်တင်ကာကွယ်ခြင်းနှင့် လူမှုရေး တရားမျှတမှု မြှင့်တင်ခြင်းတို့ကို လေးစားခြင်း၊
(ည) ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သဘောတူ လက်ခံထားသည့် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာ ထောက်ထားမှု ဥပဒေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို စောင့်ထိန်းလိုက်နာခြင်း၊
(ဋ) အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကသော်လည်းကောင်း၊ အာဆီယံ အဖွဲ့ဝင် မဟုတ်သည့် နိုင်ငံတစ်နိုင်ငံကသော်လည်းကောင်း၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း တစ်ခုခုကသော်လည်းကောင်း အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ နိုင်ငံရေးနှင့် စီးပွားရေး တည်ငြိမ်မှုတို့ကို ခြိမ်းခြောက်သည့် မိမိ၏နယ်မြေကို အသုံးချခြင်း အပါအဝင် မည်သည့်လုပ်ဆောင်မှုမျိုး သို့မဟုတ် မူဝါဒတွင်မဆို ပါဝင်ခြင်းကို ရှောင်ရှားခြင်း၊
(ဌ) ကွဲပြားမှုများ ရှိသော်လည်း စည်းလုံးညီညွတ်ခြင်း စိတ်ဓာတ်ဖြင့် ဘုံတန်ဖိုး ထားမှုအပေါ် အေလးထား၍ အာဆီယံ ပြည်သူများ၏ ကွဲပြားခြားနားသည့် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်သည့် ဘာသာတရားတို့ကို လေးစားခြင်း၊
(ဍ) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပြင်ပဆက်ဆံရေးတွင် တက်ကြွစွာ ပါဝင်ထိတွေ့ခြင်း၊ ဓမ္မဓိဠာန်ကျသော အမြော်အမြင်ကျယ်ခြင်း၊ အများ ပါဝင်နိုင်ခြင်းနှင့် ခွဲခြားမှုမရှိခြင်းတို့ကို ဆက်လက်ထိန်းသိမ်းပြီး အာဆီယံကို ဗဟိုအချက်အချာကျစေခြင်း၊
(ဎ) ဈေးကွက်ကို အခြေခံသည့် စီးပွားရေးတွင် စီးပွားရေးကတိကဝတ်များကို ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အဟန့်အတားများကို အဆင့်ဆင့် လျော့ချရေးတို့ အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အာဆီယံက ချမှတ်ထားသည့် ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်း။


အခန်း (၂)
ဥပဒေအရ ဥပဓိဂုဏ်ရှိမှု

အပိုဒ် (၃)
အာဆီယံ၏ ဥပဒေအရ ဥပဓိဂုဏ်ရှိမှု

အာဆီယံကို အစိုးရအချင်းချင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် ဥပဒေကြောင်းအရ ဥပဓိဂုဏ်ရှိမှုကို ဤပဋိညာဉ်စာတမ်းဖြင့် အပ်နှင်းလိုက်သည်။


အခန်း (၃)
အဖွဲ့ဝင်ဖြစ်ခြင်း

အပိုဒ် (၄)
အဖွဲ့ဝင်နိုင်ငံများ

အာဆီယံအဖွဲ့ဝင်နိုင်ငံများမှာ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်ကာပူသမ္မတနိုင်ငံ၊ ထိုင်းဘုရင့်နိုင်ငံနှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတို့ ဖြစ်ကြပါသည်။

အပိုဒ် (၅)
အခွင့်အရေးနှင့် တာဝန်များ

၁။ အဖွဲ့ဝင်နိုင်ငံများသည် ဤပဋိညာဉ်စာတမ်းအရ တူညီသည့် အခွင့်အရေးနှင့် တာဝန်များ ရှိရပါမည်။

၂။ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဤပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များကို ထိရောက်စွာ အကောင်အထည်ဖော်ရန်နှင့် အဖွဲ့ဝင်၏ တာဝန်ဝတ္တရားများအားလုံးကို လိုက်နာဆောင် ရွက်ရန် သင့်လျော်သည့် ပြည်တွင်းဥပေဒများ ပြဋ္ဌာန်းခြင်း အပါအဝင် လိုအပ်သည့် အစီအမံ အားလုံးကို ဆောင်ရွက်ရမည်။

၃။ ပဋိညာဉ်စာတမ်းကို ပြင်းထန်စွာ ချိုးဖောက်ခြင်းပြုလျှင် သို့မဟုတ် လိုက်နာခြင်း မရှိလျှင် ယင်းကိစ္စကို အပိုဒ် (၂၀) သို့ ရည်ညွှန်းရမည်။


အပိုဒ် (၆)
အဖွဲ့ဝင်သစ်များအားလက်ခံခြင်း

၁။ အာဆီယံ အဖွဲ့ဝင်အဖြစ် လျှောက်ထားခြင်းနှင့် ဝင်ခွင့်ပြုခြင်းအတွက် လုပ်ထုံး လုပ်နည်းများကို အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက သတ်မှတ်ပေးရမည်။

၂။ အဖွဲ့ဝင်သစ် ဝင်ခွင့်ပြုခြင်းကို အောက်တွင် ဖော်ပြထားသည့် စံသတ်မှတ်ချက်များ အပေါ်အခြေခံရမည် -

(က) အရှေ့တောင်အာရှဟု အသိအမှတ်ပြုထားသည့် ပထဝီဒေသအတွင်း တည်ရှိသည့် နေရာဖြစ်ခြင်း၊
(ခ) အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးက အသိအမှတ်ပြုခြင်း၊
(ဂ) ဤပဋိညာဉ်စာတမ်းကို လိုက်နာရန် သဘောတူညီခြင်း၊
(ဃ) အဖွဲ့ဝင်၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်နိုင်စွမ်းနှင့် ထိုသို့ ဆောင်ရွက်လိုသည့် ဆန္ဒရှိခြင်း။

၃။ အာဆီယံ အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပြုခြင်းကို အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၏ ထောက်ခံချက်ဖြင့် အာဆီယံ ထိပ်သီးအစည်းအဝေးက တူညီဆန္ဒဖြင့် ဆုံးဖြတ်ရမည်။

၄။ လျှောက်ထားသည့် နိုင်ငံက ဤပဋိညာဉ်စာတမ်းအား နောက်မှ ပါဝင်ချုပ်ဆို ကြောင်း စာချွန်လွှာကို လက်မှတ်ရေးထိုးခြင်းဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုရမည်။


အခန်း (၄)
အဖွဲ့အစည်းများ

အပိုဒ် (၇)
အာဆီယံထိပ်သီးအစည်းအဝေး

၁။ အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံတော်အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ ပါဝင်ရမည်။

၂။ အာဆီယံ ထိပ်သီးအစည်းအဝေးသည် -

(က) အာဆီယံ၏ မူဝါဒ ချမှတ်ပေးသည့် အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်ရမည်။
(ခ) အာဆီယံ၏ ရည်မှန်းချက်များ လက်တွေ့ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်းသော အဓိကကျသည့် ကိစ္စရပ်များ အပေါ်တွင် လည်းကောင်း၊ အသင်းဝင်နိုင်ငံများ၏ အကျိုးစီးပွားအတွက် အရေးကြီးသော ကိစ္စရပ်များ အပေါ်တွင် လည်းကောင်း၊ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံ အသိုက်အဝန်းကောင်စီများနှင့် အာဆီယံ ဝန်ကြီးအဆင့် ကဏ္ဍအလိုက် အဖွဲ့အစည်းများက တင်ပြလာသည့် ကိစ္စရပ်များ အပေါ်တွင် လည်းကောင်း ဆွေးနွေးခြင်း၊ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှုပေးခြင်းနှင့် ဆုံးဖြတ်ခြင်း ပြုရမည်။
(ဂ) သက်ဆိုင်ရာ ကောင်စီအသီးသီးမှ သက်ဆိုင်ရာ ဝန်ကြီးများအား ယာယီ ဝန်ကြီးအဆင့်အစည်းအဝေးများ ကျင်းပရန် လမ်းညွှန်ခြင်းနှင့် အသိုက် အဝန်းကောင်စီ တစ်ခုထက်မက ကျော်လွန် သက်ရောက်မှုရှိသည့် အာဆီယံနှင့် ပတ်သက်သော အရေးကြီးသော ကိစ္စရပ်များကို အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားရမည်။ အဆိုပါ အစည်းအဝေးများကျင်းပရန် လုပ်ထုံးလုပ်နည်းများကို အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက ချမှတ် ပေးရမည်။
(ဃ) အာဆီယံနိုင်ငံများအေပါ် ထိခိုက်မှုရှိမည့် အရေးပေါ်အခြေအနေများကို ကိုင်တွယ် ဆောင်ရွက်ရန် သင့်လျော်သည့် အေရးယူ ဆောင်ရွက်မှုများ ပြုလုပ်ရမည်။
(င) ဤပဋိညာဉ် စာတမ်း၏ အခန်း (၇) နှင့် အခန်း (၈) တွင် ရည်ညွှန်း ထားသော ကိစ္စရပ်များအေပါ် အဆုံးအဖြတ် ပေးရမည်။
(စ) အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသော အာဆီယံအဖွဲ့အစည်းများ ထူထောင်ခြင်းနှင့် ဖျက်သိမ်းခြင်းအေပါ် ခွင့်ပြုချက် ပေးရမည်။
(ဆ) ဝန်ကြီးအဆင့်အတန်းရှိသည့် အာဆီယံ အတွင်းရေးမှူးချုပ်ကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ထောက်ခံချက်အရ နိုင်ငံတော် အကြီးအကဲများ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲများ၏ ယုံကြည်အားရ နှစ်ခြိုက်မှုဖြင့် လုပ်ငန်းဆောင်ရွက်ရန် ခန့်အပ်ရမည်။

၃။ အာဆီယံ ထိပ်သီးအစည်းအဝေးများကို -

(က) တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပြီး အာဆီယံဥက္ကဋ္ဌ ရာထူးကို ရယူထားသည့် နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပရမည်။
(ခ) လိုအပ်သည့် အခါတိုင်း အထူး သို့မဟုတ် ယာယီအစည်းအဝေးများကို အာဆီယံဥက္ကဋ္ဌ ရာထူးကို ရယူထားသည့် နိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သဘောတူသည့် သတ်မှတ် နေရာတွင် ကျင်းပရမည်။


အပိုဒ် (၈)
အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ

၁။ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး အစည်းအဝေး နှစ်ကြိမ် ကျင်းပရမည်။

၂။ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသည် -

(က) အာဆီယံ ထိပ်သီးအစည်းအဝေးများ ကျင်းပရေးအတွက် ပြင်ဆင်ရမည်။
(ခ) အာဆီယံ ထိပ်သီးအစည်းအဝေး၏ သဘောတူညီချက်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမည်။
(ဂ) မူဝါဒေရးရာ ဆီလျော်ညီညွတ်မှု၊ ထိရောက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ရန် အာဆီယံ အသိုက်အဝန်းကောင်စီများနှင့် ညှိနှိုင်းဆောင်ရွက် ရမည်။
(ဃ) အာဆီယံ အသိုက်အဝန်းကောင်စီများ၏ အစီရင်ခံစာများကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြရေးအတွက် ညှိနှိုင်းဆောင်ရွက်ရမည်။
(င) အတွင်းရေးမှူးချုပ်၏ အာဆီယံလုပ်ငန်း နှစ်ပတ်လည် အစီရင်ခံစာကို လေ့လာ သုံးသပ်ရမည်။
(စ) အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များနှင့် လုပ်ငန်းဆောင်ရွက်မှုများဆိုင်ရာ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာကို လေ့လာသုံးသပ်ရမည်။
(ဆ) အာဆီယံ အတွင်းရေးမှူးချုပ်၏ ထောက်ခံချက်ဖြင့် အာဆီယံ ဒုတိယ အတွင်းရေးမှူးချုပ်များ ခန့်အပ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းများကို အတည်ပြု ပေးရမည်။
(ဇ) ဤပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် အခြားလုပ်ငန်း တာဝန်များ သို့မဟုတ် အာဆီယံ ထိပ်သီးအစည်းအဝေးမှ ပေးအပ်သည့် အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ရမည်။

၃။ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီကို သက်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများက အထောက်အကူ ပြုပေးရမည်။


အပိုဒ် (၉)
အာဆီယံ အသိုက်အဝန်းကောင်စီများ

၁။ အာဆီယံ အသိုက်အဝန်းကောင်စီများတွင် အာဆီယံ နိုင်ငံရေးနှင့်လုံခြုံရေး အသိုက်အဝန်းကောင်စီ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်းကောင်စီနှင့် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီတို့ ပါဝင်ရမည်။

၂။ အာဆီယံ အသိုက်အဝန်းကောင်စီ တစ်ခုစီ၏ ပတ်သက်ရာနယ်ပယ် အောက်တွင် သက်ဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများ ပါဝင်ရမည်။

၃။ အာဆီယံ အသိုက်အဝန်းကောင်စီ အစည်းအဝေး တစ်ခုစီအတွက် မိမိတို့ နိုင်ငံကို ကိုယ်စားပြု တက်ရောက်မည့်သူများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ အသီးသီးက သတ်မှတ်ပေးရမည်။

၄။ အာဆီယံ အသိုက်အဝန်း မဏ္ဍိုင် (၃) ရပ်မှ မဏ္ဍိုင်တစ်ရပ်စီ၏ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ရေးအတွက် အာဆီယံ အသိုက်အဝန်းကောင်စီ တစ်ခုစီသည် -

(က) အာဆီယံ ထိပ်သီးအစည်းအ ဝေး၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို အေကာင်အထည်ဖော် ဆောင်ရွက်ရမည်။
(ခ) မိမိပတ်သက်ရာ နယ်ပယ်အောက်ရှိ ကဏ္ဍအသီးသီး၏ လုပ်ငန်းများကို လည်းကောင်း၊ အခြား အသိုက်အဝန်းကောင်စီများနှင့် ဆက်နွယ်နေသည့် ကိစ္စများအပေါ်တွင်လည်းကောင်း ညှိနှိုင်းပေးရမည်။
(ဂ) မိမိပတ်သက်ရာ နယ်ပယ်အောက်ရှိ ကိစ္စရပ်များအတွက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ အစီရင်ခံစာများနှင့် ထောက်ခံချက်များ တင်သွင်းရမည်။

၅။ အာဆီယံ အသိုက်အဝန်းကောင်စီ တစ်ခုစီသည် တစ်နှစ်လျှင် အနည်းဆုံးနှစ်ကြိမ် အစည်းအဝေးကျင်းပပြီး အာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင်နိုင်ငံ၏ သင့်တော်သည့် ဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။

၆။ အာဆီယံ အသိုက်အဝန်းကောင်စီ တစ်ခုစီကို သက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက အထောက်အကူပြုရမည်။


အပိုဒ် (၁၀)
အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများ

၁။ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများသည် -

(က) ယင်းတို့နှင့် သက်ဆိုင်သော သတ်မှတ်ထားသည့် လုပ်ပိုင်ခွင့်နှင့်အညီ လုပ်ငန်းဆောင်ရွက်ရမည်။
(ခ) အာဆီယံ ထိပ်သီးအစည်းအဝေးက ချမှတ်သည့် သဘောတူညီချက်များနှင့် ဆုံးဖြတ်ချက်များကို မိမိတို့ ပတ်သက်ရာနယ်ပယ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
(ဂ) အာဆီယံပေါင်းစည်းရေးနှင့် အသိုက်အဝန်းထူထောင်ရေးကို အထောက်အကူပြုရန် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရမည်။
(ဃ) အာဆီယံ အသိုက်အဝန်းကောင်စီ အသီးသီးသို့ အစီရင်ခံစာနှင့် ထောက်ခံချက်များ တင်သွင်းရမည်။

၂။ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းတိုင်းသည် နောက်ဆက်တွဲ (၁) တွင်ပါရှိသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ အဆင်မြင့် အရာရှိကြီးများနှင့် အထောက်အကူပြုရေး အဖွဲ့အစည်းများကို မိမိပတ်သက်ရာနယ်ပယ် အောက်တွင် ထားရှိနိုင်သည်။ ဤပဋိညာဉ်စာတမ်းပါ ပြင်ဆင်ချက်များဆိုင်ရာပြဋ္ဌာန်းချက်အား ရည်ညွှန်းကိုးကားခြင်းမပြုဘဲ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ၏ ထောက်ခံချက်အရ အဆိုပါနောက်ဆက်တွဲကို အာဆီယံအတွင်းရေးမှူးချုပ်က ခေတ်နှင့်လျော်ညီ အောင် ပြင်ဆင်နိုင်သည်။


အပိုဒ် (၁၁)
အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး

၁။ အာဆီယံ အတွင်းရေးမှူးချုပ်ကို အာဆီယံ ထိပ်သီးအစည်းအဝေးက အာဆီယံ အဖွဲ့ဝင်နိုင်ငံ၏ နိုင်ငံသားများထဲမှ သက်တမ်းထပ်မံတိုးခွင့် မရှိသည့် (၅)နှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန် နိုင်ငံအက္ခရာစဉ်အလိုက် အလှည့်ကျဖြင့် သိက္ခာ သမာဓိရှိမှု၊ စွမ်းဆောင်ရည်ရှိမှုအပြင် အသိပညာဆိုင်ရာ အတွေ့အကြုံရှိမှုနှင့် ကျားမ တန်းတူရှိမှုကို အခြေခံ၍ ထည့်သွင်း စဉ်းစားကာ ရွေးချယ်ခန့်အပ်ရမည်။

၂။ အတွင်းရေးမှူးချုပ်သည် -

(က) ဤ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များ၊ သက်ဆိုင်ရာ အာဆီယံ စာချုပ် စာတမ်းများ၊ ပရိုတိုကော စာချုပ်များနှင့် အခိုင်အမာ လက်ခံကျင်းသုံးနေသော ကျင့်စဉ်များနှင့်အညီ ဤအဆင့်မြင့်ရုံး၏ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရမည်။
(ခ) အာဆီယံစာချုပ်များနှင့် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန်၊ ကြည့်ရှုစိစစ်ရန်နှင့် အာဆီယံ၏ လုပ်ငန်းနှစ်ပတ်လည် အစီရင်ခံစာကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။
(ဂ) အာဆီယံ ထိပ်သီးအစည်းအဝေး၊ အာဆီယံ အသိုက်အဝန်းကောင်စီများ၊ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်ရာ အာဆီယံအစည်း အဝေးများတွင် ပါဝင်တက်ရောက်ရမည်။
(ဃ) အတည်ပြုထားသည့် မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့် အတွင်းရေးမှူးချုပ်သို့ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာနှင့်အညီ ပြင်ပအဖွဲ့ အစည်းများနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်ခြင်း နှင့် အာဆီယံ၏ သဘောထားအမြင်ကို တင်ပြခြင်း ပြုရမည်။
(င) ဒုတိယ အတွင်းရေးမှူးချုပ်များ ခန့်အပ်ခြင်းနှင့် ရပ်စဲခြင်းအတွက် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသို့ အတည်ပြုချက် ရယူရန် ထောက်ခံ တင်ပြရမည်။

၃။ အာဆီယံ အတွင်းရေးမှူးချုပ်သည် အာဆီယံ၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိချုပ်လည်း ဖြစ်ရမည်။

၄။ အတွင်းရေးမှူးချုပ်ကို ဒုတိယဝန်ကြီး ရာထူး အဆင့်ရှိသော ဒုတိယ အတွင်းရေးမှူးချုပ် (၄)ဦးက ကူညီရမည်။ ဒုတိယ အတွင်းရေးမှူးချုပ်များက ယင်းတို့၏ လုပ်ငန်းတာဝန် ဆောင်ရွက်ရာတွင် အတွင်းရေးမှူးချုပ်သို့ တာဝန်ခံရပါမည်။

၅။ ဒုတိယ အတွင်းရေးမှူးချုပ်(၄)ဦးသည် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် တစ်နိုင်ငံ သားတည်း မဖြစ်စေရသည့်အပြင် မတူညီသည့် အာဆီယံအဖွဲ့ဝင် (၄) နိုင်ငံမှ ဖြစ်ရမည်။

၆။ ဒုတိယ အတွင်းရေးမှူးချုပ် (၄)ဦး အဖြစ် ပါဝင်ဆောင်ရွက်သူများတွင် -

(က) ဒုတိယ အတွင်းရေးမှူးချုပ်(၂)ဦးမှာ သက်တမ်းထပ်မံတိုးခွင့် မရှိသည့် (၃)နှစ် သက်တမ်းအတွက် တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး အက္ခရာစဉ် အလိုက် အာဆီယံ အဖွဲ့ဝင်နိုင်ငံများရှိ နိုင်ငံသားများထဲမှ သိက္ခာသမာဓိရှိမှု၊ အရည်အချင်း ပြည့်ဝမှု၊ စွမ်းဆောင်နိုင်မှု၊ အတွေ့အကြုံရှိမှု၊ ကျားမ တန်းတူရည်တူရှိမှု အပေါ် အခြေခံ၍ ရွေးချယ်ရမည်။
(ခ) ဒုတိယ အတွင်းရေးမှူးချုပ်(၂)ဦးမှာ (၃)နှစ်သက်တမ်းအတွက် တာဝန် ထမ်းဆောင်ရန်ဖြစ်ပြီး နောက်ထပ်သက်တမ်း (၃) နှစ်တစ်ကြိမ်တိုး၍ ခန့်ထားနိုင်သည်။ ယင်း ဒုတိယ အတွင်းရေးမှူးချုပ် (၂)ဦးကို အရည်အချင်းအပေါ် မူတည်၍ ခန့်ထားရမည်။

၇။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတွင် အတွင်းရေးမှူးချုပ်နှင့် လိုအပ်သော ဝန်ထမ်းများ ပါဝင်ရမည်။

၈။ အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများသည် -

(က) တာဝန်ထမ်းဆောင်ရာတွင် သိက္ခာသမာဓိရှိမှု၊ စွမ်းရည်ပြည့်ဝမှု၊ အရည်အချင်း ပြည့်မီမှုတို့တွင် အမြင့်မားဆုံးသော စံများကို ထိမ်းသိမ်း ထားရမည်။
(ခ) အာဆီယံပြင်ပရှိ မည်သည့်အစိုးရ သို့မဟုတ် ပုဂ္ဂိုလ်များ၏ ညွှန်ကြားချက်များကိုမျှ တောင်းခံခြင်း သို့မဟုတ် လက်ခံရယူခြင်း မရှိစေရ။
(ဂ) အာဆီယံအပေါ်တွင်သာ တာဝန်ခံရမည်ဖြစ်သော အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ တာဝန်ရှိသူများသည် ယင်းတို့၏ ရာထူးအဆင့်အတန်းအေပါ် ထိခိုက် စေမည့် မည်သည့် အပြုအမူမျိုးကိုမဆို ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရမည်။

၉။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှု အပိုင်းတွင် အာဆီယံ၏ ဝိသေသလက္ခဏာတို့ကို လေးစား ရမည်ဖြစ်ပြီး ယင်းတို့၏ တာဝန်ထမ်းဆောင်မှုအပေါ် ဩဇာလွှမ်းမိုးနိုင်အောင် ကြိုးပမ်းခြင်း မပြုရ။


အပိုဒ် (၁၂)
အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ

၁။ အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်းသည် ဂျာကာတာမြို့တွင် သံအမတ်ကြီး အဆင့်ရှိ အာဆီယံ၏ အမြဲတမ်းကိုယ်စားလှယ်ကို ခန့်အပ်ထားရှိရမည်။

၂။ အမြဲတမ်းကိုယ်စားလှယ်များ စုပေါင်းပါဝင်သော အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီကို ဖွဲ့စည်းပြီး ထိုကော်မတီသည် -

(က) အာဆီယံ အသိုက်အဝန်းကောင်စီများနှင်h အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများကို အထောက်အကူပြုရမည်။
(ခ) အာဆီယံ အမျိုးသားအဆင့် အတွင်းရေးမှူးရုံးများနှင့် အခြား အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ရမည်။
(ဂ) လုပ်ငန်းပိုင်းနှင့် သက်ဆိုင်သော ကိစ္စရပ် အားလုံးအပေါ်တွင် အာဆီယံ အတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့ကို ဆက်သွယ် ဆောင်ရွက်ခြင်း ပြုရမည်။
(ဃ) အာဆီယံ၏ ပြင်ပမိတ်ဖက်များနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက်ရေးတွင် ပံ့ပိုးကူညီရမည်။
(င) အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက သတ်မှတ်ထားသည့် အခြား တာဝန်များကို ထမ်းဆောင်ရမည်။


အပိုဒ် (၁၃)
အာဆီယံ အမျိုးသားအဆင့် အတွင်းရေးမှူးရုံးများ

အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်းသည် အာဆီယံ အမျိုးသားအဆင့် အတွင်းရေးမှူးရုံးကို ဖွဲ့စည်း တည်ထောင်ရမည်။ ထိုရုံးသည် __

(က) အမျိုးသားအဆင့် ဆက်သွယ်ရာ ဗဟိုဌာနအဖြစ် ဆောင်ရွက်ရမည်။
(ခ) အမျိုးသားအဆင့် အာဆီယံရေးရာ ကိစ္စရပ်အားလုံးဆိုင်ရာ သတင်းအချက် အလက်များ သိုမှီးရာ ဌာနအဖြစ် ဆောင်ရွက်ရမည်။
(ဂ) အမျိုးသားအဆင့်တွင် အာဆီယံ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်မှုအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည်။
(ဃ) အမျိုးသားအဆင့် အာဆီယံအစည်းအဝေး ကျင်းပရန် ပြင်ဆင်မှုများတွင် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပံ့ပိုးခြင်းပြုရမည်။
(င) အမျိုးသားအဆင့်တွင် အာဆီယံ၏ ဥပဓိရုပ်နှင့် အာဆီယံကို အများသိရှိ စေရန် တိုးမြှင့်ပြုလုပ်ရမည်။
(စ) အာဆီယံအသိုက်အဝန်း ထူထောင်ရာတွင် ပါဝင်ဆောင်ရွက်ရမည်။


အပိုဒ် (၁၄)
အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့

၁။ အာဆီယံပဋိညာဉ်စာတမ်းတွင် ပါဝင်သည့် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ တိုးမြှင့်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ အခြေခံမူများ နှင့်အညီ အာဆီယံသည် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ကို တည်ထောင်ရမည်။

၂။ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့သည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက ဆုံးဖြတ်သတ်မှတ်ပေးသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်း ဆောင်ရွက် ရမည်။


အပိုဒ် (၁၅)
အာဆီယံဖောင်ဒေးရှင်း

၁။ အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံ အတွင်းရေးမှူးချုပ်ကို အထောက်အကူပြု ရမည့်အပြင် အာဆီယံ၏ ဥပဓိရုပ်ကို လူအများ ပိုမိုသိရှိစေခြင်း၊ အာဆီယံအတွင်း ပြည်သူလူထုအကြား အပြန်အလှန် ဆက်ဆံမှုပြုခြင်း၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေး အသင်း အဖွဲ့များ၊ တက္ကသိုလ်အသိုက်အဝန်းနှင့် အခြား သက်ဆိုင်သူများနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းကို အထောက်အကူပြုမည့် သက်ဆိုင်ရာ အာဆီယံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ပြုရမည်။

၂။ အာဆီယံဖောင်ဒေးရှင်းသည် အာဆီယံအတွင်းရေးမှူးချုပ်ကို တာဝန်ခံရမည်။ အတွင်းရေးမှူးချုပ်သည် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီ မှတဆင့် အာဆီယံ ဖောင်ဒေးရှင်း၏ အစီရင်ခံစာကို အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြရမည်။


အခန်း (၅)
အာဆီယံနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ

အပိုဒ် (၁၆)
အာဆီယံနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ

၁။ အာဆီယံသည် အဓိကအားဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို အထောက်အကူပြုသော အဖွဲ့အစည်းများနှင့် ဆက်သွယ် ဆောင်ရွက်နိုင်သည်။ အဆိုပါ ဆက်နွယ်သည့် အဖွဲ့အစည်းများကို နောက်ဆက်တွဲ (၂) တွင် စာရင်းပြုစု ဖော်ပြထားပါသည်။

၂။ ယင်းသို့ ဆက်သွယ် ဆောင်ရွက်မှုများဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် စံသတ်မှတ်ချက်များကို အာဆီယံအတွင်းရေးမှူးချုပ်၏ ထောက်ခံချက်ဖြင့် အာဆီယံ အမြဲတမ်း ကိုယ်စားလှယ်များ ကော်မတီက သတ်မှတ်ပြဋ္ဌာန်းပေးရမည်။

၃။ အာဆီယံအတွင်းရေးမှူးချုပ်သည် ဤပဋိညာဉ်စာတမ်းပါ ပြင်ဆင်ချက်ဆိုင်ရာ ပြဋ္ဌာန်းချက်များကို ရည်ညွှန်းကိုးကားခြင်းမပြုဘဲ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် နောက်ဆက်တွဲ (၂) စာရင်းကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်နိုင်သည်။


အခန်း (၆)
ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ

အပိုဒ် (၁၇)
အာဆီယံ၏ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ

၁။ အာဆီယံသည် အဖွဲ့ဝင်နိုင်ငံများ၏ ပိုင်နက်နယ်မြေများအတွင်း ယင်း၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန်အတွက် လိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို ခံစားရမည်။

၂။ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို အာဆီယံနှင့် အိမ်ရှင်အဖွဲ့ဝင်နိုင်ငံ တို့အကြား သီးခြားသဘောတူညီချက်များဖြင့် ရေးဆွဲ ချမှတ်ရမည်။


အပိုဒ် (၁၈)
အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဝန်ထမ်းများ၏ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ

၁။ အာဆီယံ၏ တရားဝင်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သော သို့မဟုတ် အဖွဲ့ဝင် နိုင်ငံများတွင် အာဆီယံကို ကိုယ်စားပြုဆောင်ရွက်သော အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး ဝန်ထမ်းများသည် ယင်းတို့၏ လုပ်ငန်းများကို လွတ်လပ်စွာ ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို ခံစားရမည်။

၂။ ဤအပိုဒ်ပါ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို သီးခြားအာဆီယံ သဘောတူညီချက်ဖြင့် ရေးဆွဲချမှတ်ရမည်။


အပိုဒ် (၁၉)
အာဆီယံ တာဝန်ကို ထမ်းဆောင်သော အမြဲတမ်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ

၁။ အာဆီယံ၏ တရားဝင်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်သော သို့မဟုတ် အဖွဲ့ဝင် နိုင်ငံများတွင် အာဆီယံကို ကိုယ်စားပြု ဆောင်ရွက်သော အဖွဲ့ဝင်နိုင်ငံများ၏ အမြဲတမ်း ကိုယ်စားလှယ်များနှင့် ဝန်ထမ်းများအား ယင်းတို့၏ လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများ ခံစားရမည်။

၂။ အာဆီယံ တာဝန်ထမ်းဆောင်နေကြေသာ အမြဲတမ်းကိုယ်စားလှယ်များနှင့် ဝန်ထမ်းများ၏ ကင်းလွတ်ခွင့်များနှင့် အခွင့်အရေးများကို ၁၉၆၁ ခုနှစ် သံတမန် ဆက်ဆံရေးဆိုင်ရာ ဗီယင်နာ ကွန်ဗင်းရှင်းအရ သော်လည်းကောင်း၊ သက်ဆိုင်ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်း ဥပေဒနှင့်အညီ သော်လည်းကောင်း သတ်မှတ်ရမည်။


အခန်း (၇)
ဆုံးဖြတ်ချက်ချမှတ်ခြင်း

အပိုဒ် (၂၀)
တိုင်ပင်ဆွေးနွေးခြင်းနှင့် တူညီဆန္ဒဖြင့် ဆုံးဖြတ်ခြင်း

၁။ အခြေခံမူတစ်ရပ်အဖြစ် အာဆီယံတွင် ဆုံးဖြတ်ချက် ချမှတ်မှုကို တိုင်ပင် ဆွေးနွေးခြင်းနှင့် အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒပေါ်တွင် အခြေပြုရမည်။

၂။ အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒကို မရရှိနိုင်သောအခါ မည်သို့ သီးသန့် ဆုံးဖြတ်ချက် ချမှတ်ရမည်ကို အာဆီယံ ထိပ်သီးအစည်းအဝေးက ဆုံးဖြတ်နိုင်သည်။

၃။ ဤအပိုဒ်၏ စာပိုဒ်(၁)နှင့် (၂) ပါ မည်သည့်ပြဋ္ဌာန်းချက်ကမျှ သက်ဆိုင်ရာ အာဆီယံ ဥပဒေရးရာ စာချုပ်စာတမ်းတွင် ပါဝင်သော ဆုံးဖြတ်ချက် ချမှတ်သည့် နည်းလမ်းများကို ထိခိုက်မှု မရှိစေရ။

၄။ ဤပဋိညာဉ်စာတမ်းကို ပြင်းထန်စွာချိုးဖောက်ခြင်း သို့မဟုတ် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ယင်းကိစ္စကို အာဆီယံထိပ်သီးအစည်းအဝေးသို့ တင်ပြ အဆုံးအဖြတ် ခံယူရမည်။


အပိုဒ် (၂၁)
အကောင်အထည်ဖော်ခြင်းနှင့် လုပ်ထုံးလုပ်နည်း

၁။ အာဆီယံ အသိုက်အဝန်းကောင်စီ အသီးသီးသည် မိမိ၏ လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းရမည်။

၂။ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်အားလုံး တူညီဆန္ဒရှိပါက အာဆီယံအနုတ်ပုံစံ (ASEAN Minus X)(အာဆီယံမိုင်းနပ်စ်အိတ်စ်) နည်းလမ်း အပါအဝင် အဆင်ပြေ လွယ်ကူသော ပါဝင်ဆောင်ရွက်မှု ပုံစံကို အသုံးပြုနိုင်သည်။


အခန်း (၈)
အငြင်းပွားမှုများကို ဖြေရှင်းခြင်း

အပိုဒ် (၂၂)
အထွေထွေမူများ

၁။ အဖွဲ့ဝင်နိုင်ငံများသည် အငြင်းပွားမှု အားလုံးကို တွေ့ဆုံဆွေးနွေးခြင်း၊ တိုင်ပင် ဆွေးနွေးခြင်း၊ စေ့စပ်ဆွေးနွေးခြင်းနည်းဖြင့် အချိန်မီ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်စေရန် ကြိုးပမ်းရမည်။

၂။ အာဆီယံသည် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအားလုံးတွင် အငြင်းပွားမှုများ ဖြေရှင်းပေးသည့် နည်းလမ်းများကို ထိန်းသိမ်း တည်ထောင် ဆောင်ရွက်ရမည်။


အပိုဒ် (၂၃)
ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ကျေချမ်းအောင်ပြုခြင်း၊ ဖျန်ဖြေခြင်း

၁။ အငြင်းပွားမှုတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် သဘောတူညီချက် ပြုထားကြသည့် အချိန်ကာလ အတောအတွင်း အငြင်းပွားမှုကို ဖြေရှင်းနိုင်ရန် အလို့ငှာ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ကျေချမ်းအောင်ပြုခြင်း သို့မဟုတ် ဖျန်ဖြေခြင်း နည်းလမ်း တို့ကို ဆောင်ရွက်ရန် အချိန်မရွေး သဘောတူညီနိုင်သည်။

၂။ အငြင်းပွားမှုတွင် ပါဝင်သည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အာဆီယံဥက္ကဋ္ဌ သို့မဟုတ် ရာထူးအလျောက် ဆောင်ရွက်ပေးသည့် အာဆီယံ အတွင်းရေးမှူးချုပ် ထံသို့ ကြားဝင်ဆောင်ရွက်ပေးခြင်း၊ ကျေချမ်းအောင်ပြုခြင်း သို့မဟုတ် ဖျန်ဖြေခြင်း ပြုလုပ် ပေးရန်အတွက် မေတ္တာရပ်ခံနိုင်သည်။


အပိုဒ် (၂၄)
သီးခြား စာချုပ်စာတမ်းများပါ အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများ

၁။ သီးခြား အာဆီယံစာချုပ်စာတမ်းများနှင့် သက်ဆိုင်သည့် အငြင်းပွားမှုများကို အဆိုပါ စာချုပ်စာတမ်းများတွင် ဖော်ပြထားသည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဖြေရှင်းရမည်။

၂။ အာဆီယံ စာချုပ်စာတမ်း တစ်ရပ်ရပ်ကို ကျင့်သုံးခြင်း သို့မဟုတ် အနက်အဓိပ္ပာယ် ဖွင့်ဆိုခြင်းနှင့် သက်ဆိုင်မှုမရှိသည့် အငြင်းပွားမှုများကို အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်နှင့် ယင်းစာချုပ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းရမည်။

၃။ အကယ်၍ အခြားနည်း သီးခြားပြဋ္ဌာန်းချက် မရှိလျှင် အာဆီယံ စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း သို့မဟုတ် ကျင့်သုံးခြင်းနှင့် စပ်လျဉ်းသည့် အငြင်းပွားမှုများကို အငြင်းပွားမှုများ ဖြေရှင်းရေးနည်းလမ်းဆိုင်ရာ အာဆီယံ ပရိုတိုကော စာချုပ်နှင့်အညီ ဖြေရှင်းရမည်။


အပိုဒ် (၂၅)
အငြင်းပွားမှု ဖြေရှင်းရေးနည်းလမ်းများ တည်ထောင်ခြင်း

အခြားနည်း သီးခြားပြဋ္ဌာန်းချက် မရှိလျှင် ဤပဋိညာဉ်စာတမ်းနှင့် အခြား အာဆီယံ စာချုပ်စာတမ်းများကို အဓိပ္ပာယ် ဖွင့်ဆိုခြင်းနှင့် ကျင့်သုံးခြင်းဆိုင်ရာ အငြင်းပွားမှုများကို ခုံသမာဓိနည်းဖြင့် ဖြေရှင်းခြင်း အပါအဝင် သင့်လျော်သည့် အငြင်းပွားမှု ဖြေရှင်းရေး ဆိုင်ရာ နည်းလမ်းများကို တည်ထောင် ဆောင်ရွက်ရမည်။


အပိုဒ် (၂၆)
ဖြေရှင်းမရသည့် အငြင်းပွားမှုများ

အကယ်၍ ဤပဋိညာဉ်စာတမ်းတွင် အထက်ဖော်ပြခဲ့သည့် ပြဋ္ဌာန်းချက်များအား ကျင့်သုံးပြီး ဖြေရှင်းသော်လည်း ဖြေရှင်းမရသည့် အငြင်းပွားမှုများကို အာဆီယံထိပ်သီး အစည်းအဝေးသို့ တင်ပြပြီး ဆုံးဖြတ်ချက် ခံယူရမည်။


အပိုဒ် (၂၇)
လိုက်နာဆောင်ရွက်ခြင်း

၁။ အာဆီယံ အတွင်းရေးမှူးချုပ်သည် အတွင်းရေးမှူးချုပ်ရုံး သို့မဟုတ် အခြားသော သတ်မှတ်ထားသည့် အာဆီယံ အဖွဲ့အစည်း တစ်ခုခုတို့၏ အထောက်အကူပြုမှုဖြင့် အာဆီယံ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နည်းလမ်းမှ ရရှိသည့် တွေ့ရှိချက်များ၊ ထောက်ခံချက်များ သို့မဟုတ် ဆုံးဖြတ်ချက်များအား လိုက်နာဆောင်ရွက်ခြင်းအပေါ် စောင့်ကြပ် စိစစ်ပြီး အစီရင်ခံစာ ပြုစု၍ အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်သွင်း ရမည်။

၂။ အာဆီယံ အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ နည်းလမ်းမှ ရရှိသည့် တွေ့ရှိချက်များ၊ ထောက်ခံချက်များ သို့မဟုတ် ဆုံးဖြတ်ချက်များအေပါ် လိုက်နာဆောင်ရွက်ခြင်း မပြုသည့်အတွက် ထိခိုက်နစ်နာမှုရှိသည့် မည်သည့်အာဆီယံနိုင်ငံမဆို အဆိုပါကိစ္စရပ်ကို ဆုံးဖြတ်ချက်ရယူရန် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တင်ပြနိုင်သည်။


အပိုဒ် (၂၈)
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြား သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ

ဤပဋိညာဉ်စာတမ်းတွင် အခြားနည်း ပြဋ္ဌာန်းထားချက်မရှိလျှင် အဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၃၃ (၁) တွင် သော်လည်းကောင်း အငြင်းပွားနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သည့် အခြား အပြည်ပြည်ဆိုင်ရာဥပေဒ စာချုပ်စာတမ်းများတွင် သော်လည်းကောင်း ဖော်ပြပါရှိသည့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး နည်းလမ်းများကို ဆောင်ရွက် နိုင်ခွင့်ရှိသည်။


အခန်း (၉)
ဘတ်ဂျက်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ

အပိုဒ် (၂၉)
အထွေထွေမူများ

၁။ အာဆီယံသည် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် လုပ်ထုံးလုပ်နည်းများကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ သတ်မှတ်ရမည်။

၂။ အာဆီယံသည် ခိုင်မာသော ဘဏ္ဍာရေး စီမံခန့်ခွဲမှု မူဝါဒများ၊ ကျင့်စဉ်များနှင့် ဘတ်ဂျက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်။

၃။ ဘဏ္ဍာရေးဆိုင်ရာ ငွေစာရင်းများကို အတွင်း စာရင်းစစ်ဆေးခြင်းနှင့် ပြင်ပ စာရင်း စစ်ဆေးခြင်း ပြုလုပ်ရမည်။


အပိုဒ် (၃၀)
အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဘတ်ဂျက်နှင့် ဘဏ္ဍာရေး

၁။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးအား ယင်း၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ဘဏ္ဍာရေး အရင်းအမြစ်များကို ထောက်ပံ့ပေးရမည်။

၂။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဘတ်ဂျက်ကို အဖွဲ့ဝင်နိုင်ငံများက ပမာဏ တူညီသည့် နှစ်စဉ်ထည့်ဝင်ကြေးငွေဖြင့် ဖြည့်ဆည်းရမည်။ ယင်း ထည့်ဝင်ကြေးများကို အတွင်းရေးမှူးချုပ်ရုံးသို့ အချိန်နှင့်တေပြးညီ လွဲပြောင်း ပေးပို့ရမည်။

၃။ အာဆီယံ အတွင်းရေးမှူးချုပ်သည် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၏ သဘောတူညီချက်ကို ရယူရန် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၏ နှစ်စဉ် လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ဘတ်ဂျက်ကို ပြုစုရေးဆွဲရမည်။

၄။ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးသည် အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက ချမှတ်ထားရှိသည့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ငန်း ဆောင်ရွက်ရမည်။


အခန်း (၁၀)
အုပ်ချုပ်မှုနှင့် လုပ်ထုံးလုပ်နည်း

အပိုဒ် (၃၁)
အာဆီယံ ဥက္ကဋ္ဌ

၁။ အာဆီယံဥက္ကဋ္ဌ ရာထူးကို အဖွဲ့ဝင်နိုင်ငံ အမည်များ၏ အင်္ဂလိပ် အက္ခရာစဉ် အတိုင်း နှစ်စဉ် အလှည့်ကျ ဆောင်ရွက်ရမည်။

၂။ အာဆီယံသည် ပြက္ခဒိန်နှစ် တစ်နှစ်အတွင်းတွင် တစ်ခုတည်းသော ဥက္ကဋ္ဌရာထူး ရှိရမည်ဖြစ်ပြီး အာဆီယံဥက္ကဋ္ဌ အဖြစ် လက်ခံ ဆောင်ရွက်သည့် နိုင်ငံက အောက်ပါ အစည်းအဝေးများတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည် -

(က) အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ၊
(ခ) အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ၊
(ဂ) အာဆီယံ အသိုက်အဝန်း ကောင်စီ (၃) ရပ်၊
(ဃ) သင့်လျော်သည့်ကိစ္စတွင် သက်ဆိုင်ရာ အာဆီယံ ဝန်ကြီးအဆင့်ကဏ္ဍအလိုက် အဖွဲ့အစည်းများနှင့် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊
(ဃ) အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ။


အပိုဒ် (၃၂)
အာဆီယံ ဥက္ကဋ္ဌ၏ အခန်းကဏ္ဍ

အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် အဖွဲ့Wင်နိုင်ငံသည်-

(က) မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်ဦးရွက်ပြုခြင်း၊ ပူးပေါင်းညှိနှိုင်းခြင်း၊ တူညီဆန္ဒ ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အာဆီယံ အသိုက်အဝန်း တစ်ရပ် တည်ထောင်ရေး ကြိုးပမ်းမှုများ အပါအဝင် အာဆီယံ၏ အကျိုး စီးပွားနှင့် ကောင်းကျိုးချမ်းသာကို တက်ကြွစွာ တိုးမြှင့် ဆောင်ရွက်ရမည်။
(ခ) အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ဖော်ဆောင်စေရမည်။
(ဂ) အရေးပေါ်ကိစ္စများ သို့မဟုတ် အာဆီယံကို ထိခိုက်စေသည့် အကျပ်အတည်း အခြေအနေများကို ကြားဝင် ဆောင်ရွက်ပေးခြင်းနှင့် အခြား နည်းလမ်းအစီအစဉ်များဖြင့် အချိန်မီ ထိရောက်စွာ တုန့်ပြန် ဆောင်ရွက်စေ ရမည်။
(ဃ) ပြင်ပ မိတ်ဆွေများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို ခိုင်မာတိုးတက်စေရန် ဆောင်ရွက်ရာတွင် အာဆီယံကို ကိုယ်စားပြု ဆောင်ရွက်ရမည်။
(င) လုပ်ပိုင်ခွင့် အာဏာပေးထားသည့်အတိုင်း အခြားလုပ်ငန်း တာဝန်များကိုလည်း ဆောင်ရွက်ရမည်။


အပိုဒ် (၃၃)
သံတမန်ရေးရာ ထုံးတမ်းစဉ်လာနှင့် အလေ့အထများ

အာဆီယံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အာဆီယံ လှုပ်ရှားမှု အားလုံးကို ဆောင်ရွက်ရာတွင် တည်ဆဲ သံတမန်ရေးရာ ထုံးတမ်းစဉ်လာနှင့် အလေ့အထများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ပြောင်းလဲမှုများကို အမြဲတမ်းကိုယ်စားလှယ်များ ကော်မတီ၏ ထောက်ခံချက်ဖြင့် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းမှု ကောင်စီက အတည်ပြုပေးရမည်။

အပိုဒ် (၃၄)
အာဆီယံ၏ လုပ်ငန်းဆိုင်ရာ ဘာသာစကား

အာဆီယံ၏ လုပ်ငန်းဆိုင်ရာ ဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကား ဖြစ်သည်။


အခန်း (၁၁)
သွင်ပြင်လက္ခဏာနှင့် သင်္ကေတများ

အပိုဒ် (၃၅)
အာဆီယံ၏ သွင်ပြင်လက္ခဏာ

အာဆီယံသည် ယင်း၏ တူညီသော ပန်းတိုင်၊ ရည်မှန်းချက်များနှင့် တန်ဖိုးများကို ရရှိရန် ယင်း၏ ပြည်သူများအကြား အာဆီယံ၏ ဘုံသွင်ပြင်လက္ခဏာနှင့် အာဆီယံ အဖွဲ့ဝင်ဖြစ်မှု သဘောထားကို တိုးမြှင့်ဆောင်ရွက်ရမည်။


အပိုဒ် (၃၆)
အာဆီယံဆောင်ပုဒ်

အာဆီယံ၏ ဆောင်ပုဒ်မှာ "တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော သွင်ပြင် လက္ခဏာ၊ တစ်ခုတည်းသော အသိုက်အဝန်း" ဟူ၍ ဖြစ်ရမည်။


အပိုဒ် (၃၇)
အာဆီယံအလံ

အာဆီယံအလံသည် နောက်ဆက်တွဲ (၃) တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ရမည်။

အပိုဒ် (၃၈)
အာဆီယံ အမှတ်တံဆိပ်

အာဆီယံ၏ အမှတ်တံဆိပ်သည် နောက်ဆက်တွဲ (၄) တွင် ဖော်ပြထားသည့်အတိုင်း ဖြစ်ရမည်။


အပိုဒ် (၃၉)
အာဆီယံနေ့

ဩဂုတ်လ (၈)ရက်နေ့ကို အာဆီယံနေ့အဖြစ် ကျင်းပရမည်။


အပိုဒ် (၄၀)
အာဆီယံသီချင်း

အာဆီယံတွင် အာဆီယံသီချင်း ရှိရမည်။


အခန်း (၁၂)
ပြင်ပဆက်ဆံရေး

အပိုဒ် (၄၁)
ပြင်ပဆက်ဆံရေး အပြုအမူများ

၁။ အာဆီယံသည် နိုင်ငံများ၊ ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၊ အပြန်အလှန် အကျိုးရှိစေမည့် ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် မိတ်ဘက် ဆက်ဆံမှုတို့ကို တိုးမြှင့် ဆောင်ရွက်ရမည်။

၂။ အာဆီယံ၏ ပြင်ပဆက်ဆံရေးတွင် ဤပဋိညာဉ်စာတမ်း၌ ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက်နှင့် အ ခြေခံမူများကို လိုက်နာရမည်။

၃။ အာဆီယံသည် ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အသိုက်အဝန်း တည်ထောင်မှုတွင် မိမိ၏ ဗဟိုအချက်အခြာကျမှုကို ထိန်းသိမ်းပြီး မိမိ ဦးဆောင်ဦးရွက် ပြုသည့် ဒေသဆိုင်ရာ ဖွဲ့စည်းမှု အစီအမံများ၌ အဓိကတွန်းအား ဖြစ်ရမည်။

၄။ အာဆီယံ၏ ပြင်ပဆက်ဆံရေးကို ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများသည် စည်းလုံးညီညွတ်မှု၊ တစ်စုတစ်စည်းတည်းရှိမှုကို အခြေခံ၍ မိမိတို့၏ ဘုံရပ်တည်ချက်များ ဖြစ်ပေါ်တိုးတက်စေရန် ကြိုးပမ်းညှိနှိုင်းပြီး အတူတကွ အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်ရမည်။

၅။ အာဆီယံ ပြင်ပဆက်ဆံရေး၏ မဟာဗျူဟာကျသည့် မူဝါဒ လမ်းညွှန်မှုများကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ထောက်ခံချက်များအရ အာဆီယံ ထိပ်သီးအစည်းအဝေးက သတ်မှတ်ပေးရမည်။

၆။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် အာဆီယံပြင်ပဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်မှုတွင် ရှေ့နောက် ညီညွတ်မှုရှိစေရေးနှင့် ဆီလျော်မှု ရှိစေရး အတွက် ဆောင်ရွက်ပေးရမည်။

၇။ အာဆီယံသည် နိုင်ငံများ၊ ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် သဘောတူညီချက်များ ရေးဆွဲချုပ်ဆိုနိုင်သည်။ ယင်း သဘောတူညီချက်များ ရေးဆွဲချုပ်ဆိုရေးအတွက် လုပ်ထုံးလုပ်နည်းများကို အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီက အာဆီယံ အသိုက်အဝန်းဆိုင်ရာ ကောင်စီများနှင့် တိုင်ပင်ညှိနှိုင်း၍ သတ်မှတ် ပေးရမည်။


အပိုဒ် (၄၂)
ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းသူ

၁။ ဆွေးနွေးဖက်ဆက်ဆံရေး ညှိနှိုင်းပေးသည့် နိုင်ငံအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင် နိုင်ငံများသည် သက်ဆိုင်ရာ ဆွေးနွေးဖက်နိုင်ငံများ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ဆက်ဆံရာတွင် အာဆီယံ၏ အကျိုး စီးပွားကို မြှင့်တင်ရန်နှင့် ပေါင်းစပ် ညှိနှိုင်းပေးရန် အလှည့်ကျ တာဝန်အားလုံး ထမ်းဆောင်ရမည်။

၂။ ပြင်ပ ဆွေးနွေးဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် တွေ့ဆုံညှိနှိုင်းပေးသည့် နိုင်ငံများသည် အခြားတာဝန်များအနက် -

(က) အာဆီယံ၏ အခြေခံမူများနှင့်အညီ အာဆီယံကို ကိုယ်စားပြုပြီး အပြန် အလှန် လေးစားမှုနှင့် သာတူညီမျှမှုကို အခြေခံ၍ ဆက်ဆံမှု တိုးမြှင့်ရမည်။
(ခ) အာဆီယံနှင့် ပြင်ပ ဆွေးနွေးဖက်နိုင်ငံများ အကြား သက်ဆိုင်ရာ အစည်းအဝေးများတွင် ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရမည်။
(ဂ) တတိယနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများရှိ သက်ဆိုင်ရာ အာဆီယံ ကော်မတီများ၏ အကူအညီကို ရယူရမည်။


အပိုဒ် (၄၃)
တတိယနိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရှိ အာဆီယံ ကော်မတီများ

၁။ အာဆီယံမဟုတ်သော နိုင်ငံများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံတမန်အဖွဲ့ အကြီးအကဲများ ပါဝင်သော တတိယနိုင်ငံများရှိ အာဆီယံ ကော်မတီများကို တည်ထောင် နိုင်သည်။ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စပ်လျဉ်း၍ အလားတူ ကော်မတီများ ကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်သည်။ အဆိုပါ ကော်မတီများသည် အိမ်ရှင်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် အာဆီယံ၏ အကျိုးစီးပွားနှင့် ဥပဓိရုပ်ကို မြှင့်တင် ပေးရမည်။

၂။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အဆိုပါ ကော်မတီများ၏ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပေးရမည်။


အပိုဒ် (၄၄)
ပြင်ပအဖွဲ့အစည်းများ၏ အဆင့်အတန်း

၁။ အာဆီယံ ပြင်ပဆက်ဆံရေးများ ဆောင်ရွက်ရာတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ပြင်ပ မိတ်ဖက်အား ဆွေးနွေးဖက်၊ ကဏ္ဍအလိုက် ဆွေးနွေးဖက်၊ ဖွံ့ဖြိုးမှုမိတ်ဖက်၊ အထူးလေ့လာသူ၊ ဧည့်သည်တော် သို့မဟုတ် နောင်တွင် တည်ထောင်မည့် အခြား အဆင့်အတန်းဟူ၍ ပုံမှန်အဆင့်အတန်း အပ်နှင်းနိုင်သည်။

၂။ ပြင်ပအဖွဲ့အစည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုံမှန်အဆင့်အတန်း တစ်ရပ်ရပ် အပ်နှင်းထားခြင်း မရှိဘဲ အာဆီယံ အစည်းအဝေးများ သို့မဟုတ် ပူးပေါင်း ဆောင်ရွက်မှုများသို့ ဖိတ်ကြားနိုင်သည်။


အပိုဒ် (၄၅)
ကုလသမဂ္ဂစနစ်နှင့် အခြားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ဆက်ဆံရေး

အပိုဒ် (၄၅)

၁။ အာဆီယံသည် ကုလသမဂ္ဂစနစ်နှင့် အခြားသော ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဌာနများနှင့် ဆက်ဆံရေးတွင် သင့်တော်သည့် အဆင့်အတန်း တစ်ရပ်ရပ်ကို တောင်းဆိုနိုင်သည်။

၂။ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသည် အခြားသော ဒေသခွဲ၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ဌာနများတွင် အာဆီယံ၏ ပါဝင်ဆောင်ရွက်မှုကို ဆုံးဖြတ်ရမည်။


အပိုဒ် (၄၆)
အာဆီယံ အဖွဲ့ဝင် မဟုတ်သော နိုင်ငံများမှ အာဆီယံဆိုင်ရာ သံအမတ်ကြီးများအား ခန့်အပ်ခြင်း

အာဆီယံ အဖွဲ့ဝင် မဟုတ်သော နိုင်ငံများနှင့် အစိုးရအချင်းချင်း ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများသည် အာဆီယံဆိုင်ရာ သံအမတ်ကြီးများကို ခန့်အပ်နိုင်သည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အဆိုပါ တရားဝင် ခန့်အပ်မှုကို ဆုံးဖြတ် ပေးရမည်။


အခန်း (၁၃)
အထွေထွေနှင့် အပြီးသတ်ပြဋ္ဌာန်းချက်များ

အပိုဒ် (၄၇)
လက်မှတ်ရေးထိုးခြင်း၊ အပြီးသတ် အတည်ပြုခြင်း၊ ထိန်းသိမ်းထားရှိခြင်းနှင့် စာချုပ်အတည်ဖြစ်ခြင်း

၁။ ဤပဋိညာဉ်စာတမ်းကို အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးက လက်မှတ်ရေးထိုးရမည်။

၂။ ဤပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်နိုင်ငံအားလုံး၏ သက်ဆိုင်ရာ ပြည်တွင်း လုပ်ထုံး လုပ်နည်းများနှင့်အညီ အပြီးသတ် အတည်ပြုရမည်။

၃။ အပြီးသတ် အတည်ပြုလွှာများကို အာဆီယံ အတွင်းရေးမှူးချုပ်ထံ အပ်နှံ ပေးပို့ရမည်ဖြစ်ပြီး ယင်းအတည်ပြုလွှာများကို လက်ခံရရှိသည့်အခါတိုင်း အာဆီယံ အတွင်းရေးမှူးချုပ်သည် အဖွဲ့ဝင်နိုင်ငံ အားလုံးထံ ဆောလျင်စွာ အကြောင်းကြားရမည်။

၄။ ဤပဋိညာဉ်စာတမ်းသည် အာဆီယံ အတွင်းရေးမှူးချုပ်ထံတွင် ဒသမ မြောက် အတည်ပြုလွှာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) ပြည့် မြောက်သည့်နေ့တွင် အတည် ဖြစ်ရမည်။


အပိုဒ် (၄၈)
ပြင်ဆင်ချက်များ

၁။ မည်သည့် အဖွဲ့ဝင်နိုင်ငံကမဆို ဤပဋိညာဉ်စာတမ်းအေပါ် ပြင်ဆင်ချက်များ အဆိုပြုနိုင်သည်။

၂။ အဆိုပြုထားသည့် ပဋိညာဉ်စာတမ်း ပြင်ဆင်ချက်များကို တူညီဆန္ဒအရ အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီသည် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ရန် တင်သွင်းရမည်။

၃။ အာဆီယံ ထိပ်သီးအစည်းအဝေး၌ တူညီဆန္ဒအရ သဘောတူညီခဲ့သည့် ပဋိညာဉ်စာတမ်း ပြင်ဆင်ချက်များကို အပိုဒ် (၄၇) နှင့်အညီ အဖွဲ့ဝင်နိုင်ငံ အားလုံးက အတည်ပြုပေးရမည်။

၄။ ပြင်ဆင်ချက်တစ်ရပ်သည် အာဆီယံ အတွင်းရေးမှူးချုပ်ထံသို့ နောက်ဆုံး အတည်ပြုလွှာ တင်သွင်းသည့်နေ့မှ ရက်ပေါင်း (၃၀) ပြည့်မြောက်သည့်နေ့တွင် အတည်ဖြစ်ရမည်။


အပိုဒ် (၄၉)
လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများ

ဤပဋိညာဉ်စာတမ်းတွင် အခြားနည်း ပြဋ္ဌာန်းထားခြင်း မရှိလျှင် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေး ကောင်စီသည် လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ရမည့်အပြင် ရှေ့နောက် ညီညွတ်မှုရှိစေရန် ဆောင်ရွက်ရမည်။


အပိုဒ် (၅၀)
ပြန်လည်သုံးသပ်ခြင်း

ဤပဋိညာဉ်စာတမ်းကို စတင်အတည်ဖြစ်ပြီးနောက် (၅) နှစ် ကြာသည့်အခါဖြစ်စေ သို့မဟုတ် အခြားသတ်မှတ်ချိန်တွင် အာဆီယံ ထိပ်သီးအစည်းအဝေးမှ ဆုံးဖြတ်သည့် အခါဖြစ်စေ ပြန်လည် သုံးသပ်နိုင်သည်။


အပိုဒ် (၅၁)
ပဋိညာဉ်စာတမ်းအား အဓိပ္ပာယ် ဖွင့်ဆိုခြင်း

၁။ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ မေတ္တာရပ်ခံချက်အရ ဤပဋိညာဉ်စာတမ်းအား အနက် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အာဆီယံ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးကောင်စီက သတ်မှတ် ပေးသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက တာဝန်ယူ ဆောင်ရွက်ရမည်။

၂။ ဤပဋိညာဉ်စာတမ်းအေပါ် အနက်အဓိပ္ပာယ် ဖွင့်ဆိုမှုမှ ဖြစ်ပေါ်လာသည့် အငြင်းပွားမှု တစ်ရပ်ရပ်ကို အခန်း (၈) ပါ သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြေရှင်း ရမည်။

၃။ ဤပဋိညာဉ်စာတမ်းတွင် အသုံးပြုထားသည့် ခေါင်းစဉ်ကြီးများနှင့် ခေါင်းစဉ်များသည် ရည်ညွှန်းချက်ပြုရန် အတွက်သာ ဖြစ်ရမည်။


အပိုဒ် (၅၂)
ဥပဒေကြာင်းအရ ဆက်လက်တည်ရှိနေမှု

၁။ ဤပဋိညာဉ်စာတမ်း အတည်မဖြစ်မီကတည်းက အကျိုးသက်ရောက်မှု ရှိပြီးဖြစ်သည့် စာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ သဘောတူစာချုပ်များ၊ သဘောတူညီချက်များ၊ ကြေညာ စာတမ်းများ၊ ပရိုတိုကော စာချုပ်များနှင့် အခြား အာဆီယံ စာချုပ်စာတမ်းများသည် ဆက်လက်၍ အတည်ဖြစ်စေရမည်။

၂။ ၎င်းစာချုပ်စာတမ်းများနှင့် ဤပဋိညာဉ်စာတမ်း အကြားတွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံများ၏ အခွင့်အရေးများနှင့် တာဝန်များသည် ရှေ့နောက်ညီညွတ်မှု မရှိပါက ဤပဋိညာဉ်စာတမ်းကသာ လွှမ်းမိုး၍ အတည်ဖြစ်ရမည်။


အပိုဒ် (၅၃)
မူရင်းစာသား

လက်မှတ်ရေးထိုးထားသော ဤပဋိညာဉ်စာတမ်း၏ အင်္ဂလိပ်ဘာသာဖြင့် ပြုစု ထားသော မူရင်းစာသားကို အာဆီယံ အတွင်းရေးမှူးချုပ်ထံတွင် အပ်နှံထားရမည်။ အာဆီယံ အတွင်းရေးမှူးချုပ်သည် အဖွဲ့ဝင်နိုင်ငံများထံသို့ ပဋိညာဉ်စာတမ်း၏ မိတ္တူမှန် တစ်စောင်စီ ပေးအပ်ရမည်။


အပိုဒ် (၅၄)
အာဆီယံပဋိညာဉ်စာတမ်းအား မှတ်ပုံတင်ခြင်း

ဤပဋိညာဉ်စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ပုဒ်မ (၁၀၂) စာပိုဒ် (၁) နှင့် အညီ အာဆီယံ အတွင်းရေးမှူးချုပ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးတွင် မှတ်ပုံတင်ရမည်။


အပိုဒ် (၅၅)
အာဆီယံ၏ ပိုင်ဆိုင်သည့်ပစ္စည်းများ

အဖွဲ့အစည်း၏ ပိုင်ဆိုင်သည့်ပစ္စည်းများနှင့် ရန်ပုံငွေများကို အာဆီယံ၏ အမည်ဖြင့် ထားရှိရမည်။


၂၀ဝ၇ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံ၌ အင်္ဂလိပ်ဘာသာ မူရင်း တစ်ခုတည်းဖြင့် လက်မှတ်ရေးထိုးပြုလုပ်ကြပါသည်။


ဘရူနိုင်းဒါရုဆလမ်နိုင်ငံအတွက်

× × ×

ဟာဂျီ ဟာဆန်နယ် ဘိုလ်ကီယာ

ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ဘုရင်


ကမ္ဘောဒီးယားဘုရင့်နိုင်ငံအတွက်

× × ×

ဆမ်ဒက်ဟွန်စန်

ဝန်ကြီးချုပ်


အင်ဒိုနီးရှားနိုင်ငံအတွက်

× × × ဒေါက်တာ ဆူဆီလိုဘမ်ဘန်ယူဒိုယိုနို

သမ္မတ


လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအတွက်

× × ×

ဘိုအာစုန်ဘိုပါဗန်

ဝန်ကြီးချုပ်


မလေးရှားနိုင်ငံအတွက်

× × ×

ဒါတိုဆရီ အဗ္ဗဒူလာ အက်မက်ဘာဒါဝီ

ဝန်ကြီးချုပ်


ပြည်ထောင်စုမြန်မာနိုင်ငံအတွက်

× × ×

ဗိုလ်ချုပ်ကြီးသိန်းစိန်

ဝန်ကြီးချုပ်


ဖိလစ်ပိုင်သမ္မတနိုင်ငံအတွက်

× × ×

ဂလိုရီယာ မာကာပါဂယ်-အာယိုရို

သမ္မတ


စင်ကာပူသမ္မတနိုင်ငံအတွက်

× × ×

လီရှန်လွန်း

ဝန်ကြီးချုပ်


ထိုင်းဘုရင့်နိုင်ငံအတွက်

× × ×

ဗိုလ်ချုပ်ကြီး ဆူရာယုဒ် ချောင်လာနွတ်(အငြိမ်းစား)

ဝန်ကြီးချုပ်


ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံအတွက်

× × ×

ငုယင် တန်ဒန်

ဝန်ကြီးချုပ်