အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး

အောင်ဆုပန် ဇယစက္က ဘုရားရှိခိုး
by အမည်မသိ
324201အောင်ဆုပန် ဇယစက္က ဘုရားရှိခိုးအမည်မသိ

ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။

ဇယာပေသိ ဇယေသီနံ၊ ဇယံ ဒေတု ဇယုတ္တရော။

ယောဇယစက္ကော- ပါရမီဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ဝါ၊ ငါးရပ်သော မာန်စွယ်ကို လှန်ပယ်ကာ မြစ်တား၍ စစ်သားမကူ တစ်ဆူဥက္ကဌ် ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော အောင်တော်မူသခင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။ ဇယာသနေ– အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်း မှန်ကင်း အောင်ဗောဓိပင်ရင်း၌။ ဇယိတဗ္ဗေ- အောင်အပ်သည့်တရား မာရ်ငါးပါးအပေါင်းတို့ကို။ ဝါ၊ အောင်စည်ကိုဟိန်း အောင်ကိန်းကိုဆင် အောင်အပ်သမျှသော တရားတို့ကို။ ဇယန္တော– မာရ်စစ်သည်ရန်အလုံးကို ခြေမှုန်ကာဖျက်ဆီး၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီတကား။ ဇယေသီနံ– မြတ်နိဗ္ဗာန်အောင်ခန်းနှင့် အောင်ဘိသိက် ပန်းမဂ်ဖိုလ်ကို များထိုထိုဝဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြသူတို့အား။ ဝါ၊ ဘဝပေါင်းအနန္တ ကြံဆ၍မဆုံးဖွယ် မပြုံးမရယ်နိုင် လောက်ခမန်း အောင်ပန်းကို အာသာကြီးနှင့် ရှာမှီးလေ့ရှိကြကုန်သော သူတို့အား။ ဇယာပေသိ၊ ကိုယ်တော် မြတ်နှင့်အတူ အောင်ပန်းကိုဆွတ်ချူ၍ ထွတ်အငူအမြိုက်ဓာတ်သို့ ဆိုက်ကပ်ဆောင်ယူ အောင်စေတော်မူခဲ့ လေပြီ။ ဝါ၊ တပည့်တို့တတွေ အောင်ချင်ကြတာဖြင့် ဟိုဘဝါဘဝတွေက ငါဘုရားကိုယ်တော်မြတ် ရှာဖွေလို့ရတော်မူခဲ့တဲ့ အောင်သမျှအလီလီ လောကီ လောကုတ္တရာနှစ်ဖြာသော အောင်ဆုကြီးတွေကို အောင်ကြဟေ့... အောင်ကြဟေ့... လို့ အောင်ဆုဟစ်ကြွေး အောင်ဆုတွေပေးတော်မူလေပြီ။ ဇယုတ္တရော- အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဥသျှောင်ထွတ်ခေါင်မြတ်သရဖူ သယမ္ဘူမကိုဋ်ထီး အောင်ပွဲဝင်ပုဂ္ဂိုလ်ကြီးလည်း ဖြစ်တော်မူသော။ ယော ဇယစက္ကော- ပါရမီဆယ်ချက် အောင်လက်နက်ပိုင်ရှင် ထိုဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်။ ဝါ၊ ငါးရပ်သော မာန်စွယ်ကို လှန်ပယ်ကာ မြစ်တား၍ စစ်သားမကူ တစ်ဆူဥက္ကဌ် ဝိသုဒ္ဓိနတ် ဖြစ်တော်မူသော ထိုဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်။ ဝါ၊ အောင်သိဒ္ဓိ ပလ္လင်နန်းမှာ အောင်ပန်းကိုပန်ဆင် မာရ်နတ်ရန်ကို အောင်မြင်တော်မူသော ထိုဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်။ မေ– ဘုရားတပည့်တော်အား။ ဝါ- မြတ်နိဗ္ဗာန်အောင်ပန်းကို ဆွတ်ချူရန် လက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးနေငြား တပည့်တော်အား။ မေအမှာကံ၊ ကီ−ကုတ်နှစ်ဖြာ အောင်ဆုရတနာကို အာသာဆန္ဒ တောင့်တ၍နေကြကုန်သော တပည့်တော်တို့အား။ (တေ-တုမှာကံ– ပြိုင်ပွဲဆိုင်ပွဲမှာ အနိုင်ကြဲကာ အောင်ဇေယျတု အောင်ဆုလိုလား၍ နေကြကုန်သော တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အား ဇယံ- အောင်ဆုကို။ ဝါ- အောင်ပန်းဝေမြိုင် အောင်ဖူးတွေကြိုင်လှိုင်သည့် အောင်နိဗ္ဗူပန်းခိုင်ကြီးကို။ ဝါ၊ လောကသံသရာ နှစ်ဖြာအောင်မှ အောင်တဲ့ဆုကြီးကို။ ဝါ- ကြံသမျှ ဖန်သမျှ အနန္တလိုအင် မငြိုမငြင်ပြည့်ဝကာ အောင်ပါစေဆိုတဲ့ ဆုကြီးကို။ ဒေတု- ပေးသနားတော်မူပါ့ အရှင်ဘုရား။ ဝါ၊ ရာဟုလာသား ပမာထား၍ သနားငဲ့ညှာ ပေးသနားတော်မူပါ့ မြတ်စွာဘုရား။ ဝါ၊ အောင်ကြီးဓိဋ္ဌာန် အောင်ဆုပန်၍ လျင်မြန်ထုတ်ချောက် ကြံတိုင်းမြောက်အောင် ချီးမြှောက်မစ ပေးသနားတော်မူပါ့ အောင်နန်းသခင် အောင်နန်းရှင် အောင်ဘုရင်တစ်ဆူဖြစ်တော်မူသည့် အောင်တော်မူ အရှင်သူမြတ်ကြီးဘုရား။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse