၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ

၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ  (1974) 
၁၉၇၄ ခုနှစ်၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် နည်းဥပဒေများလည်းရှု
ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်ကောင်စီ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
[၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၂။]
ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။

(၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အောက်ဖေါ်ပြပါဥပဒေကို ထုတ်ပြန်ကြေညာသည်။

နိဒါန်း

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ယင်း၏ဂုဏ်ကျက်သရေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် စည်းကမ်းတကျ အသုံးပြုနိုင်ကြစေရန် ပြည်သူ့လွှတ်တော်က အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁
အမည်၊ စတင်အာဏာတည်သည့် နေ့ရက်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ဟုခေါ်တွင်စေရမည်၊

(ခ) ဤဥပဒေသည် နိုင်ငံတဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။

၂။ ဤဥပဒေ၌ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဆိုသည်မှာ အခြေခံဥပဒေပုဒ်မ ၁၉၁ အရ ပြဋ္ဌာန်းသတ်မှတ်ထားသော အထိမ်းအမှတ်ပုံသဏ္ဌာန်ပါဝင်သည့် တံဆိပ်ကိုဆိုသည်။ ထို့အပြင် အဆိုပါ စကားရပ်တွင် မည်သည့်အရာဝတ္ထုဖြင့်မဆို ပြုလုပ်ထားသည့်၊ သို့မဟုတ် မည်သည့်အရာဝတ္ထုပေါ်တွင်မဆို ဖော်ပြထားသည့် ယင်းအထိမ်းအမှတ်၊ ပုံသဏ္ဌာန်ပါဝင်သော တံဆိပ်တခုလုံးဖြစ်စေ၊ အစိတ်အပိုင်းဖြစ်စေ ပါဝင်သည်။

အခန်း ၂
တားမြစ်ချက်နှင့် ပြစ်ဒဏ်

၃။ မည်သူမဆို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ အောက်ဖော်ပြပါတို့ကို မပြုလုပ်ရ-

(က) နိုင်ငံတော်ကောင်စီ၏ ခွင့်ပြုချက်မရပဲ၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်း၊
(ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် တခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတခုခုကိုဖြစ်စေ၊ ဖျက်ဆီးခြင်း၊ သို့ မဟုတ် ဖျက်ဆီးစေခြင်း၊
(ဂ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကိုအတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက်အသုံးပြုခြင်း၊ အသုံး ပြု စေခြင်း၊
(ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ကြော်ငြာရန်ဖြစ်စေ၊ ကုန်ပစ္စည်းတံဆိပ်အမှတ်အသား ပြုလုပ် ရန်ဖြစ်စေ အသုံးပြုခြင်း။

၄။ ဤဥပဒေပါ တားမြစ်ချက်တခုခုကိုဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက် တခုခုကိုဖြစ်စေ ကျူးလွန်သူသည် ခြောက်လထက်မများသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တထောင်ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ အပြစ်ပေးခြင်းခံရမည်။

အခန်း ၃
အထွေထွေ

၅။ ပြည်သူ့လွှတ်တော်သည် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းကို လည်းကောင်း၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် တားမြစ်ချက်များကိုလည်းကောင်း၊ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့်စပ်လျဉ်းသည့် အခြားကိစ္စ အရပ်ရပ်ကို လည်းကောင်း နည်းဥပဒေ များဖြင့် ပြဋ္ဌာန်းနိုင်သည်။

(ပုံ) နေဝင်း၊
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၃၅ ခုနှစ်၊ နှောင်းတန်းခူးလဆန်း ၈ ရက်။
(၁၉၇၄ ခုနှစ်၊ မတ်လ ၃၀ ရက်။)

အမိန့်အရ၊
ဒုတိယ ဗိုလ်မှူးကြီး မြကျော်၊
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော်ကောင်စီရုံး။