ကလျာမိမိမုန်း/သူတို့ဆိုလိုက ဆိုကြပါလေစေ

219307ကလျာမိမိမုန်း1967ဒေါင်းနွယ်ဆွေ
သူတို့ဆိုကြ ဆိုကြပါလေစေ

ဒေါင်းကြီးသည် ...

ကလျာမိမိမုန်း ၌ ဇာတ်ဆောင် မင်းသမီးကလေး ... နုထွေးထွေးအား ပဉ္စငါးပါး၊ ရင်ခါးမကျန် ဖွဲ့ဟန်လှပ၊ ဖောင်းဖောင်းကြွတို့ဖြင့် ... အလှညှို့ငင် ထောင်ချောက်ဆင်၍ တမင်ရေးထု လင်္ကာပြုပြီး ... မရှုဝံ့ကို ရှုချင်စေလျက် ရင်ဖိုအောင် သီကုံးဖွဲ့ပြ၏။ ဤကား ကဗျာစာဆိုတို့၏ ဉာဉ်တစ်ခုဖြစ်သည်။

အလင်္ကာကျမ်းတို့၌ စာ၊ ကဗျာ ရေးဖွဲ့သူတို့အတွက် .. သင်္ဂါရ ရသ ပေါ်ပေါက်စေရန် အကြောင်းကို ရှာရာတွင် "ပျိုမျစ်နုနယ် မိန်းမငယ်နှင့် အရွယ်ပျိုငြား ယောက်ျားတို့ကို ဆိုလော ဧကံ ..." ဟု ဆိုထားသောကြောင့် … ရှေးရှေးသော ကဗျာစာတို့သည်လည်း ပျိုမျစ်နုနယ် မိန်းမငယ်၏ ချစ်ဖွယ်ဖူးစို လှရောင်ပျိုကို ရေးတို့ သီကုံး၊ ဆေးသွန်မှုန်းခဲ့ကြ၏။

ဒေါင်းကြီးသည်လည်း ဤကလျာမိမိမုန်းတွင် ရှေးရှေးကဗျာစာဆိုတော်ကြီးတို့ ကဲ့သို့ပင် ပျိုမျစ်နုနယ် မိန်းမငယ်၏ ချစ်ဖွယ်ဖူးစို ဆင်းရောင်ပျိုကို ရေးတို့ သီကုံး ဆေးနှယ်မှုန်းခဲ့၏။

"အပြာ" ဟူသော တင်စားချက်သည် မျက်နှာဖြူတို့၏ အသုံးအနှုန်းဖြစ်၍ ယောက်ျားနှင့် မိန်းမတို့ မလျှော်သော အမှုကို ပြုလုပ်ကြရာ၌ တဏှာရာဂတို့ စီးယိုပေလူးသော ညစ်ညမ်းသည့် အပြောမျိုး၊ အပြုမျိုး၊ အမြင်မျိုးဖြင့် ရေးသား ဖေါ်ထုတ်ပြသခြင်း ဖြစ်၏။ ဤတွင် အနုပညာမြောက်မှုနှင့် အပြာဆန်မှုတို့ ခြားနားကြ၏။ အနုပညာ မြောက်ခြင်းသည် တက်မက်စဖွယ်ဖြစ်၍ အပြာဆန်ခြင်းသည် ရွံစဖွယ်ဖြစ်၏။ အနုပညာ မြောက်ခြင်းသည် နှစ်သက်ခြင်းကို တဖိန့်ဖိန့် ထိတွေ့၍ အပြာဆန်ခြင်းသည် ရွံစဖွယ် အနုပညာ မြောက်ခြင်းသည် နှစ်သက်ခြင်းကို တဖိန့်ဖိန့် ထိတွေ့ စေလျက် ရင်ကို ဖိုစေ ဟာစေ၏။ တလှပ်လှပ်ဖြစ်စေ၏။ ဦးချိုဖြင့် တိုးဝှေ့ခြင်း ခံရသကဲ့သို့ ချစ်ကြိုက်တပ်မက်သော စိတ်တို့ဖြင့် တစ်ကိုယ်လုံး ထိုးကျဉ်စေသောကြောင့်၊ ဤသည်ကို 'သိင်္ဂါရ ရသ' ဟုခေါ်၏။ သိင်္ဂါရ = ဦးချိုဖြင့် တိုးဝှေ့ခြင်း၊ ရသ = အရသာ။ အပြာဆန်ခြင်းသည် ကြမ်းတမ်း ယုတ်မာမှုကို ထိတွေ့စေလျက် ရှက်စေရွံစေ နှလုံးနာဖွယ် ဖြစ်စေ၏။ စာပေ မတတ်သော ရွာမှ မိန်းမတို့ ကြမ်းတမ်းရိုင်းစိုင်းစွာ ပြောဆိုကြသည့် စကားကဲ့သို့ ရုံ့ရင်စွာ ကြားရမြင်ရ သိရသောကြောင့် ဤသည်ကို 'ဂမ္မဒေါသ' ဟု ခေါ်၏။ ဂမ္မ = ရွာ၊ ရွာသူ၊ ဒေါသ = အပြစ်။ ဂမ္မဒေါသနှင့် သိင်္ဂါရရသကို ... အနုပညာမြောက်ခြင်းနှင့် အပြာဆန်ခြင်းကို စာကဗျာ အနည်းအကျဉ်းမျှ လေ့လာတတ်သိကြသော ဝါသနာရှင်တို့ပင်လျှင် ခွဲတတ် သိတတ်ကြ၏။ မသိဘူး ထားဦး … ရှေး စာဆိုများ၏ သွန်သင်ချက် အမိန့် တစ်ခုရှိသေး၏။ "စာကဗျာ တစ်စုံတစ်ခုသည် ရသ တစ်ခုခုကို ပေါ်အောင် ရေးဖွဲ့ထားလျှင်၊ ထိုစာကဗျာ၌ အပြစ်သင့်သော်လည်း 'ပရိဟာ' ဖြစ်၏" တဲ့ ... ပရိဟာဟူသည် အပြစ်မှ ပြေပျောက်လျက် ဂုဏ်မြောက်လာခြင်းကို ခေါ်၏။

ထို အဆိုအမိန့် မှန်မမှန်ကို မာန်လည်ဆရာတော်ဘုရားကြီး၏ ရှိုးလိုက်ရတုများအထဲမှ အောက်ပါ အသဒိသရတု အပိုင်းအစကလေးကို မြည်းစမ်းကြည့်ပါဦး။

အသဒိသမင်းသားသည် ပရိသတ်ကြီးအလယ်၌ မြားစွမ်းပြသောအခါ ပရိသတ်ကြီးက မိမိတို့ ရှိရာသို့ မြားတွေ ရောက်လာပြီဟု ထင်သဖြင့် ပြေးကြလွှားကြသည်ကို ရေးဖွဲ့ရာ၌ ...

... တယောက်ကိုတိုက် တယောက်ကိုခိုက်သည် မြေ၌လိမ့်ခါထွေး၍ ပြေးသူပြေးမှိုင်သူမှိုင် ရွှေရင်ဖွေးဖွေး ပျိုကလေးတို့ ကိုယ်ရေးမလုံနိုင်ခဲ့ တယိုင်ယိုင်သည် ထထိုင်ကုန်းကုန်း၊ ထက်အောက်တွင်ပြင် တက်တက်စင်အောင် ဘဝင်ပြား၍အုံးသည် တစ်လုံးနှစ်လုံး ချိုးဥလုံးကို မဖုံးနိုင်ပြီဘဲတည့်လေ တပေါ်နှစ်ပေါ် ကိုယ်လုံးပေါ်သည် ပဲလှော်အာတာ ကွဲတည့်လေး ...

ဟူ၍ ရေးဖွဲ့ထား၏။ ဆရာတော်ကြီး၏ ရှိုးလိုက်ရတုများ၌ ဤသို့သော ထင်းခနဲ ကွက်ကနဲ ထင်လာမြင်လာနိုင်စေသည့် အရေးအဖွဲ့တို့ကို နေရာတိုင်းလိုလိုတွင် တွေ့နိုင်ကြ၏။ ထို့နောက် တထေ့ထေ့နှင့် တစေ့စေ့ ပြုံးနေရတတ်၏။ ဤသို့ ပြုံးမိရခြင်းသည်ပင်လျှင် ရသမြောက်ခြင်း ဖြစ်၏။ ဟာသရသဖြစ်လေသည်။ ရသမြောက်ခြင်းနှင့် အပြစ်ရှိခြင်းကို ဤအတိုင်း ခွဲသိနိုင်ကြ၏။ ယင်းသို့ ခွဲသိနိုင်ကြသည်နှင့် အနုပညာမြောက်ခြင်းနှင့် အပြာဆန်ခြင်းတို့ကိုလည်း ခွဲသိနိုင်ကြပေလိမ့်မည်။ ရှေးရှေးသော ကဗျာစာဆိုတို့သည်၊ ပျိုမျစ်နုနယ် မိန်းမငယ်၏ ချစ်ဖွယ်ဖူးစို ဆင်းရောင်ပျိုကို ရေးတို့ သီကုံး ဆေးဖြင့်မှုန်းသို့၊ ရုပ်လုံးပေါ်အောင် ဖေါ်တတ်လေ့ရှိကြောင်း အထက်တွင် ဆိုခဲ့ပါပြီ ... ထိုသို့ ဖေါ်ပြရာ၌ ဆရာအဆူဆူတို့သည်၊ စာအဆူဆူ အမြင်အတွေ့ အဆူဆူတို့ဖြင့် ဖေါ်ပြခဲ့ကြရာ၊ နှောင်းခေတ်လူတို့သည် တအံ့တသြ ဖတ်ကြရ၏။ မှတ်ကြရ၏။ နည်းယူကြရ၏။

ဥပမာ - ဥမ္မာဒန္တီပျို့၌ မဟာမင်းလှမင်းခေါင် ဦးရွှန်းသည် ဥမ္မာဒန္တီ၏ လှပပုံကို ဖွဲ့သီရာ၌ အောက်ပါအတိုင်း ပုံဖေါ်ရေးဖွဲ့ခဲ့၏။

မျက်လုံး ...

ဒေဝီမယ်လျ၊ ရှုမဝနှင့်၊ နှိုင်းဆစရာ၊ ကျွန်းလေးဖြာကို၊ စကြာရှေ့တည် ရှာတွေနည်းလည်း၊ ပန်းမည်ရုံသာ၊ မရာရတည့်၊ ဝါတာမိဂ၊ သမင်မသည်၊ ကြောက်လှမ၊ ချတုန်လှုပ်ဘိလျက်၊ မျက်စိတည့်တည့်၊ ကြည့်သောအခါဝယ်၊ မျက်လုံးနှယ်သို့၊ ရှုဖွယ်စုရုံး၊ သူရယ်ပြုံးသည်

တုန်လှုပ်နေသော သမင်မ၏တောက်ပ လှုပ်ရှားသော မျက်လုံးကဲ့သို့ လှပသည့် မျက်လုံးဖြင့် ရယ်ပြုံးပါသည်ဟု ဥမ္မာဒန္တီ၏ မျက်လုံးကို ပုံဖေါ်ပြ၏။ ထိုနည်းတူပင် ...

မျက်နှာ ...

ရွှေရောင်ပျံ့ပျူး၊ ရွှေနဖူးနှင့်၊ ကော့ဖြူးမျက်တောင်၊ ရွှေမျက်မှောင်မှ၊ ရွှေရောင်ဝင်းလျှံ၊ ရွှေနားတံတွင်၊ သမ္ဘရာဖျား၊ ရွှေရွက်နားလည်း၊ ပြန့်ကားရွှေသွေး၊ ရွှေလည်ရေး၌၊ ရွှေကျေးလည်ရစ်၊ ပေါ်စသစ်သို့ ...

ခြေလက် + မျက်နှာ ...

ခြေဖျားလက်ဖျား သားရရာတွင်၊ ပတ္တမြားရည်ရွှန်း၊ ချိတ်ရည်စွန်းသို့၊ သွန်းသွန်းသွယ်ဖြာ၊ တင့်တယ်စွာနှင့်၊ ကျီးအာနှိုင်းတမ်း၊ ရွှေနှုတ်ခမ်းလည်း၊ ကွမ်းပန်းမထိ၊ ပကတိဖြင့်၊ တင့်ဘိလွန်ကဲ၊ ရှုမရဲသည်၊ ပုလဲလျှံထွက်၊ သွားရောက်လက်နှင့်၊ အောက်ထက်စုရုံး၊ ဝန်းကျင်လုံးသား၊ လှဆုံးခေါင်ချုပ်၊ ရွှေရည်မြှုပ်သို့၊ လုပ်လုပ်လဲ့လဲ့၊ မှုတ်လျှင်ပဲ့မျှ၊ နှိုင်းရွှဲရန်များ၊ ဘက်မထားလျက်၊ ရေသာပဒုံ၊ ကြာရွက်ပုံနှင့် ...

ဆံ၊ အမွေး၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေအသား၊ အကြော အရိုးတို့၏ လှပပုံ ...

ရွှေတောင်ထုပ်တွင်၊ နန်းညာတင်သား၊ နတ်ရှင်သည်းလျာ၊ သုဇိတာသို့၊ ကေသာ,လောမာ၊ နခါ, ဒန္တံ၊ မံသံတစော၊ ချောမောပြေပြစ်၊ ရိုးဆစ်ရိုးဆက်၊ ခြေလက်နားနှာ၊ ကိုယ်အင်္ဂါကို၊ ပညာလူကုန်၊ ဖယောင်းပုံနှင့်၊ နိတုံဇမ္ဗူ၊ မြရည်ကူ၍၊ သွန်းမှုရုပ်ဝါ၊ မတူရာသား ...

ဝတ်ဆင်ထုံးဖွဲ့မှု ...

နိမ္မာနရ၊ ဘုံကကျ၏၊ ကြွလာသောလား၊ ရွရွထွားလျက်၊ ပတ္တမြားရည်ကောင်း၊ ရွှေနားဋောင်းလည်း၊ နီမောင်းရဲရဲ၊ အလျဝဲလျက်၊ ပုလဲရောင်တောက်၊ ဖွေးဖွေးရောက်သား၊ လက်ကောက်မုတ္တ၊ ထွန်းရောင်ပနှင့်၊ လှသည့်ကိုယ်ဝယ်၊ လွန်တင့်တယ်သား၊ နှိုင်းဖွယ်တုလွတ်၊ ပန်းလွှာဝတ်လျက် ...

လှပချောမွေ့မှု ...

မဏိမေခလာ၊ မညသာတွင်ထ၊ အာသင်္ခနှင့်၊ အလှစံမီ၊ ဘရဏီမယ်က တင့်လိမ့်၊ မယ်နှင့်မယ်သာ၊ နှိုင်းစရာသည်၊ ဘယ်မှာမရှိ လှခေါင်ထိ၍ ...

အမူအရာ ...

ကိုယ့်ပြစ်တွက်ကို၊ ပျောက်ပျက်စိမ့်ငှာ၊ ဆီးကြိုကာလျက်၊ မာယာအယ်ဝှယ်၊ လှရုံမဲ့၍၊ တွဲ့ကာနွဲ့ကာ၊ ချောတဲ့လာအောင်၊ မျက်နှာမချို၊ ငိုသလိုနှင့်၊ ကြာညိုနံ့သင်း၊ ရွှေခံတွင်းက၊ ငြင်းကာခုံကာ၊ ပြောသောခါ၌ ...

ဤသို့လျှင် ... မင်းကြီးမင်းလှမင်းခေါင် ဦးရွှန်းသည် မိမိ၏ ဇာတ်ဆောင် ဥမ္မာဒန္တီအား၊ ထင်ရှားဖေါ်ပြသော တိုက်ရိုက်ဖေါ်နည်း အလင်္ကာတို့ဖြင့် ရုပ်လုံးပေါ်အောင် ရေးဖေါ်ဖွဲ့သီပြခဲ့၏။ မိမိတို့၏ ဇာတ်ဆောင်မင်းသမီး၏ လှပကြောင်းကို ပုံဖေါ်ကြရာ၌ ... မင်းကြီး ဦးရွှန်းသာလျှင် မဟုတ်၊ ကဗျာစာဆို အားလုံးတို့ပင်လျှင် နည်းအမျိုးမျိုးဖြင့် ပုံပေါ်အောင် ရေးဖွဲ့ဖေါ်ပြလေ့ရှိသည်ချည်း ဖြစ်၏။

တွင်းသင်မင်းကြီးသည် မိမိ၏ ဇာတ်ဆောင် မုဒုလက္ခဏ မိဖုရားကြီး၏ နှုတ်ခမ်းအား

နှိုင်းဆတူတမ်း၊ နှုတ်ခမ်းထွာမွတ်၊ ကွမ်းမစွတ်လည်း၊ တွတ်တွတ်လျှံမောင်း ...

ဟု တပ်မက်စဖွယ် ဖြစ်အောင် ရေးဖွဲ့ခဲ့၏။ နှုတ်ခမ်းကိုသာလျှင် ရေးဖွဲ့သည်မဟုတ်သေး၊ ရင်သားကိုလည်း ...

နှစ်ဆူလဝန်း၊ ဝိဒေကျွန်းက၊ ပေါ်ထွန်းသော့ယောင်၊ ရွှေနန်းချောင်ဝယ်၊ အရောင်ပေါင်းစု၊ စောမုဒု၏။ ဖွံ့နုပျို့ပျို့၊ ရွှေရင်စို့ကို ...

ဟု ရေးဖွဲ့၏။

အချို့သော ရှေးစာဆိုတို့သည်။ မိမိတို့ ဇာတ်ဆောင်၏ ပုံပမ်းကိုသာ (ဒဗ္ဗသဘာဝ ဝုတ္တိ အလင်္ကာတို့ဖြင့်) ရေးဖွဲ့ရုံမျှ မဟုတ်ဘဲ၊ မိမိတို့ ဇာတ်ဆောင်၏ လှုပ်ရှားမှု (ကြိယာ သဘာဝဝုတ္တိ အလင်္ကာ) တို့ဖြင့်လည်း ရေးဖွဲ့လေ့ ရှိကြသေး၏။ ဥပမာ ... စာဆိုတော်ကြီး ဦးယာသည်၊ မင်းနန်းပျို့၌ နန္ဒမင်းသားက ဇနပဒကလျာဏီ မင်းသမီး၏ အဆောင်ခန်းထဲသို့ အလစ်ဝင်လာပြီးလျှင်၊ ချစ်သူတို့ဘာဝ မင်းသမီးအပါး၌ လှုပ်ရှားပြုမူနေပုံကို အောက်ပါအတိုင်း ဖေါ်၏။

ပန်းရင်ဝတ်တွင်၊ လက်တော်သွင်း၍၊ မြဆင်းယှက်ဖြာ၊ ကြောစိမ်းမြွှာလျက်၊ လက်ျာရစ်စု၊ မွေရှင်နုနှင့်၊ ဒေါင်းဥခန့်မျှ ၊ အိမွမွကို၊ ခွက်ဝပန်းရည်၊ ဆုပ်နည်သည်သို့ ...

စာဆိုတော်တို့ကား ဤသို့လျှင် မိမိတို့ ဖေါ်ပြလိုကြသည့် အကြောင်း ဖြစ်ရပ်တို့၏ သရုပ်သကန်ကိုလည်း ဖေါ်ကြရ၏။ ပုံပန်း၊ ဖြစ်ရပ်တို့ ဖေါ်ကြရ၏။ အရေးကြီးသည်ကား ဖေါ်ပြရာ၌ ရုန့်ရင်းရိုင်းစိုင်းစွာ ပေါ်မလာစေရန်သာ ဖြစ်၏။ ထို့ကြောင့်လည်း တွင်းသင်မင်းကြီးသည် မိမိ၏ ဇာတ်ဆောင်တစ်ဦးဖြစ်သော မုဒုလက္ခဏ မိဖုရားကြီးအား ပုံဖေါ်ရာတွင် လှပလွန်းသော မုဒုလက္ခဏ မိဖုရားကြီးအား ပုံဖေါ်ပြရာတွင် လှပလွန်းသော မိဖုရားကြီး၏ ကိုယ်လုံးကိုယ်ထည် တစ်နေရာကို ရုပ်လုံးဖေါ်ရာ၌ ...

ဖွံ့ဖွံ့ထွားမွတ်၊ ဝင်းလွတ်စံကျော်၊ ပယော်ဓရ၊ ဖူးသစ်စသို့၊ အလှသည်းကြာ၊ ဆယ်ကြိမ်ဖွားလည်း၊ အခြားမထင်၊ ပျိုရုပ်သွင်နှင့်၊ စိမ်းလွင်ညိုညို၊ ဝါးပင်ပျိုသို့၊ စီးယိုထွက်လျှမ်း၊ မြငယ်ကမ်းသို့၊ ဖုံးလွှမ်းသော့ယောင်၊ ယှက်မြောင်မွေးညှင်း၊ ရစ်ကာကွင်းလျက်၊ ဆင်ဦးကင်းထွက်၊ ပုံတူခက်သား၊ ရဟဿင်္ဂ၊ သမန်းစဖြင့်၊ ရှု,လ,သောဟန်၊ နှိုင်းရန်တရှိ ...

ဟု ရေးဖွဲ့ခဲ့၏။ စာဆိုသည် အကြောင်းမဲ့ ရေးဖွဲ့ခြင်းမဟုတ်၊ ဤမျှ နူးညံ့လှပ၍ စွဲမက်စဖွယ် ကောင်းသော မိဖုရားကြီးကိုပင်လျှင် မိမိရရှိပြီးမှ၊ သတိသံဝေရ၍ စွန့်ပစ်ရာ၌ သတိသံဝေရမှုကို လေးနက်စေလိုသောကြောင့် ဖြစ်၏။ ရှေးရှေးဆရာ စာဆိုတော်ကြီးတို့ကား၊ မိမိတို့ ရှာထားသော အကြောင်း၊ မိမိတို့ ဖန်တီးထားသော ဇာတ်ဆောင်တို့နှင့် လိုက်လျောညီညွတ်စေရန် ဤသို့ ရေးဖွဲ့ခဲ့ကြပြီ။ ဒေါင်းကြီးသည် ... မိမိလည်း ဤသို့ပင် မိမိဖန်တီးထားသော ဖြစ်ရပ်၊ ဇာတ်ကောင်တို့နှင့် လိုက်လျော ညီညွတ်စွာ၊ ဤ ကလျာမိမိမုန်းကို ဖွဲ့သီထားသည်ဟု ဆိုအံ့။ ဤအတိုင်း အမှန်ဖြစ်ခဲ့သော် ... အဘယ်မည်သော အမြင်သေးနုတ်သူတို့က ... ဤ ယခု ကလျာမိမိမုန်း စာအုပ်ကို အပြာစာအုပ်ဟု ဆိုလာကြပါသနည်း ...

ရေးဖေါ်ဒေါင်းကြီး ... ထိုသူတို့ ဆိုလိုက ဆိုကြပါလေစ ...

ဦးချိုဖျား၌ နားလာနေသည့် ယင်ကောင်ငယ်၏ နှုတ်ဆက်သံကို နွားလားဥဿဖကြီးသည် ကြားယောင်ယောင် ရှိသော်လည်း၊ တုံ့ပြန်လိုမှ တုံ့ပြန်နိုင်ပါသည်။

အို ... စာဖတ်သူ အဆွေ၊ ခွပ်ဒေါင်းကြီး၏ တွန်ကျူးသံသည်လည်း သာယာတတ်ပါသေး၏။

ရန်ကုန်ဘဆွေ