ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ

ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ  (1939) 

ကိတ္တိမမွေးစားခြင်းမှတ်ပုံတင်အက်ဥပဒေ

[၁၉၃၉ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၁၄]

(၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက်)

သက်ရောက်ခြင်း

၁။ ဤအက်ဥပဒေသည် မှတ်ပုံတင်အက်ဥပဒေ အာဏာတည်သည့် နယ်မြေများတွင်သာ အာဏာ သက်ရောက်ရမည်။

သက်ဆိုင်ခြင်း

၂။ ဤအက်ဥပဒေသည် မြန်မာဓလေ့ထုံးတမ်းဥပဒေကို လိုက်နာကျင့်သုံးသည့် ဗုဒ္ဓဘာသာဝင်များက ကိတ္တိမမွေးစားခြင်းနှင့်သာ သက်ဆိုင်ရမည်။

စတင်အာဏာသက်ရောက်ခြင်း

၃။ ဤအက်ဥပဒေသည် ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ အာဏာသက်ရောက်ရမည်။

အဓိပ္ပာယ်ဖွင့်ဆိုချက်

၄။ ကိတ္တိမသား သို့မဟုတ် ကိတ္တိမသမီးဆိုသည်မှာ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အမွေ ဆက်ခံရန် အတိအလင်းရည်ရွယ်ချက်ဖြင့် မွေးစားခြင်းခံရသည့် သား သို့မဟုတ် သမီးကို ဆိုသည်။

ကိတ္ထိမမွေးစားခြင်းကို မှတ်ပုံတင်ခြင်း

၅။ ၁၉၄၁ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းမွေးစားသည့် မွေးစားခြင်းကို စာချုပ် စာတမ်းဖြင့် မွေးစားကြောင်း သက်သေခံချက်မပြနိုင်ခဲ့လျှင် ကိတ္တိမသား သို့မဟုတ် ကိတ္တိမ သမီးအဖြစ် အမွေဆက်ခံခွင့် သို့မဟုတ် တစ်ဆင့်ခံအမွေဆက်ခံခွင့်နှင့် စပ်လျဉ်းသည့် အငြင်းပွားမှုကို မည်သည့် တရားရုံးကမျှ လက်ခံဆောင်ရွက်ခြင်းမပြုရ-

(၁) မွေးစားခြင်းစာချုပ်ကို ချုပ်ဆိုရာတွင် မွေးစားသူက(က) အဆိုပါစာချုပ် ချုပ်ဆို သည့် အချိန်၌ မွေးစားခြင်းခံရသူ၏ အသက်သည် ဆယ့်ရှစ်နှစ်အောက် မငယ်လျှင် ထိုသူကိုယ်တိုင်နှင့်ချုပ်ဆိုခြင်း၊ သို့မဟုတ် (ခ) အဆိုပါ အသက်အောက်ငယ်သည့်အခါ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ ထိုမွေးစားခြင်း အပေါ် သဘောတူညီမှုလိုအပ်သူတစ်ဦး သို့မဟုတ် တစ်ဦးထက်ပို၍ (လိုအပ်လျှင်) ထိုသူ သို့မဟုတ် ထိုသူများနှင့်ချုပ်ဆိုခြင်း၊ နှင့်
(၂) သက်သေအနည်းဆုံးနှစ်ဦးက မှန်ကန်ကြောင်း သက်သေခံလက်မှတ်ရေးထိုးခြင်း၊ နှင့်
(၃) မှတ်ပုံတင်အက်ဥပဒေပုဒ်မ ၅၁၊ ပုဒ်မခွဲ (၁) တွင် ရည်ညွှန်းထားသည့် မှတ်ပုံတင် စာအုပ်များ ၏စာအုပ်အမှတ် ၄ တွင် မှတ်ပုံတင်ထားခြင်း။


၆။ ၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၂ ကို ဤသို့အားဖြင့် ရုပ်သိမ်းလိုက်သည်။