ကိုယ်ကျင့်အဘိဓမ္မာ/ဒုတိယအခန်း/မာန အကြောင်း

325620ကိုယ်ကျင့်အဘိဓမ္မာ — ဒုတိယအခန်း မာန အကြောင်းအရှင်ဇနကာဘိဝံသ

မာန အကြောင်း

ထောင်လွှား တက်ကြွခြင်း သဘောသည် မာန်မာန မည်၏။ ထို့ကြောင့် “မာနကားမူ ထောင်လွှားကြွတက်”ဟု ဆိုခဲ့ပေသည်။ မာနဓာတ်ခံ ရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော် လို၏။ ကြွတတ ရှိ၏။ ရာထူး ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါ ကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ “ငါက သင်းတို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ် ကိုယ်ကို အထင်ကြီးကာ သူတပါးကို အထင်သေးတတ်၏။

သူများထက်မသာပဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံရှိနေသူတို့မှာ “သင်းနဲ့ ငါနဲ့ ဘာထူးသေးသလဲ၊ သူ့ လောက်တော့ ငါလဲ ရတာပေါ့”ဟု တန်းတူ ထားလျက် မာန်တက်ပြန်၏။ ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန် လျှင်လည်း မာနတ်ခံရှိနေသူမှာ “သူတို့က ငါထက်သာကော၊ ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုံး”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။