ကုန်တင်လှေကြီးဘွဲ့

ကုန်တင်လှေကြီးဘွဲ့
by ဝန်ကြီး ပဒေသရာဇာ

တပေါင်းမာသ
ရွှေလငယ်ဆန်းခါ
တောင်လေဦး၊ သုတ်ဖြုးဆော်၍လာ
ကိုးတောင်နာဝါ
ခိုင်ခွာသာပျဉ်လုပ်
ကဲလားနံရံ၊ သင့်စီမံ
ရေနံသာအရွှဲသုတ်ပါလို့လေး။

ပဲစင်ထုတ်ကယ်မှာ
အရုပ်ကယ်ပီစွာ
စာမရီမျိုး၊ တိုးကားပန်းကိုက်ကာ
အဖြူအပြာ၊ အဝါဆေးများ
ဦးပဲ့ငယ်ပါးပြင်
ရေးရိုးတွင်
ရစ်မျှင်သာ မင်သေ့ထားပါလို့လေး။

ရွက်တိုင်ဖျားငယ်က
လှေသားငယ်တစ်ထွေ
ဧရာတိုင်ဖူး
မြင့်ဖြူးထူကာနေ
စပါးငယ်ဆန်ရေ
ထွေထွေကုန်များ
ငါးပိငယ် အကောင်၊ ချိန်သောင်းထောင်
မြားမြောင်စွာအပြည့်သား ငယ်နှင့်လေး

ရေတိမ်ငယ်မြေသား
ကျောက်များငယ်ရှိရာ
သည်အကြောင်းကို၊ လူကောင်းဦးကသာ
ထိုးဝါးငယ်လက်မှာ
မြဲစွာသာမလွတ်
ပုဆိုးငယ်နံငယ်၊ အသွယ်သွယ်
ခါးဝတ်ယှဉ်အမြဲဝတ်ပါလို့လေး။

ကြိုးထွေးမှုငယ်က
တစ်စုငယ်မချာ
သိုရုံးတိုင်ဆိုင်း၊ ချည်သိုင်းအမွှာမွှာ
အချိန်ငယ် တော်ရာ
ယှဉ်ကာသာကမ်းနား
လေမိုးငယ်လုံရာ
ထောင့်ကောင်းကိုရှာ
ဆိုက်ကာ ဖော် အများငယ်နှင့်လေး။

စုံရာငယ်ပျော်ပါး
စားမှုကိုစီရင်
အိုးသူကြီးမှာ
ပြည့်နီးမန်းနှင့်ပင်
စလောင်းငယ် မြေအင်
ကုန်စင်ငယ်မလပ်
ဗူးရောဖရုံ ၊ ဟင်းမျိုးငယ်စုံ
ငါးပုံမှာ အမဲစပ်ပါလို့လေး။

စောင်းကာခပ်ပါလို့
မလပ်ကယ်အောင်
လိုလိုတိုင်း၊ လိုတိုင်းတဲ့မရှောင်
စပ်သီးငယ်ပူလောင်
သောင်မျှော်ငယ်တခြား
စုကာပုံကာ
ထမင်းမှာဝစွာဖော် အများငယ်နှင့်လေး

စုရုံးငယ်ပျော်ပါး
စာ၍ပြီးလျှင်
တစ်စုတစ်ဝေး၊ ပျော်ရေးကိုသာဆင်
ပြောဟောငယ်တိုင်ပင်
ရယ်ရွှင်မအား
စိတ်ကရောက်ရာ
သဘောကိုသာ
များစွာပြောကြငြားသည်နှင့်လေး

တစ်နေ့တစ်ပါး
ရက်များရှည်ကြာ
ရွှေမြို့တော်ကြီး၊ ယှဉ်မှီး ရောက်ပေလှာ
ပွဲမင်းငယ်ဦးကြာ
ဆိပ်မှာသာမလွဲ
ဦးပဲ့ငယ်ထိပ်ဆံ၊ သင့်စီမံ
ကမ်းရံသာကျားမြဲမြဲငယ်နှင့်လေး။

စျေးနှုန်းငယ်မလွဲ
ပွဲမင်းရယ်ဆိုပါ
ပါသမျှကို
ခဏများမကြာ၊ ချိန်ကာချိန်ကာ
ချိန်ကာ လက်ငင်း
နှစ်ဦးငယ်စပ်ညီ
အလီလီ
ကိုယ်စီငွေကြေးသွင်းပါလို့လေး။

လက်ငင်းချိန်တွယ်ကာ
သာရာပေးတော့သည်။
တွက်စုငယ်သင့်ရာ
ငွေမှာဖွေးတော့သည်။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse