စင်ကြယ်သော အသက်မွေးမှု

326980ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၂၃။ စင်ကြယ်သော အသက်မွေးမှုဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၃)

စင်ကြယ်သော အသက်မွေးမှုများ

edit

ဝက်သတ်သမား စုန္ဒ ရှေးအခါက ရာဇဂြိုဟ်ပြည်၌ ဝက်သတ်သမားတစ်ယောက် ရှိခဲ့သည်။ သူ၏ အမည်မှာ စုန္ဒ ဖြစ်သည်။ သူသည် ဝက်တို့ကိုသတ်၍ ကိုယ်တိုင်လည်း စားသောက်၏။ ဈေးမှာလည်း ရောင်းချ၍ အသက်မွေးမှုပြု၏။ ဝက်များကုန်သော် လှည်းဖြင့် နယ်သို့ ဆင်း၍ ဝက်ငယ်တို့ကို ဝယ်ယူစုဆောင်းလျက် လှည်းအပြည့်တင်ကာ သယ်ဆောင်လာခဲ့၏။ အိမ်နောက်တွင် ခြံခတ်၍ ထား၏။ ကြီးထွား လာသောအခါ သတ်လိုသောဝက်ကို သတ်ဖြတ်၍ အသားအသွေးနှင့်တကွ ဆုပ်နယ်ချက်ပြုတ်ကာ သားမယားတို့နှင့်အတူ ထိုင်လျက် မြိန်မြိန်ရှက်ရှက် စားသောက်၍ ကျန်သောအသားတို့ကို ရောင်း၏။

ဤသို့ပြုမူလျက် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း ၅၅ တိုင်အောင် ကြာခဲ့၏။ ထို ၅၅ နှစ်တာ ကာလအတွင်း စုန္ဒသည် မြို့ဦးကျောင်း၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားအား ဆွမ်း၊ ပန်းစသော လှူဖွယ်ဝတ္ထုတစ်ခုမျှ မလှူခဲ့ဘူးချေ။ သူပြုလုပ်ခဲ့သော မကောင်းမှုများကြောင့် စုန္ဒ၏ကိုယ်၌ ဆိုးရွားသော ရောဂါ စွဲကပ်လာ၏။ အသက်ထင်ရှားရှိစဉ်ပင် အဝီစိငရဲမီးသည် စုန္ဒကို တောက်လောင်လာ၏။ စုန္ဒသည် အိမ်၏ အလယ်တွင် ဝက်ကဲ့သို့ အော်ဟစ်ကာ လေးဘက်ထောက်လျက် အိမ်၏ အရှေ့နံရံနှင့် အနောက်နံရံသို့ ခေါက်တုံ့ခေါက်ပြန် လှည့်ပတ်၍ နေရသည်။

ထိုအခါ ဆွေမျိုးများက စုန္ဒကို ကြိုးဖြင့် မြဲမြံစွာ တုတ်ချည်၍ ခံတွင်းကို ပိတ်ကြသော်လည်း သူ၏ အော်သံကြောင့် ပတ်ဝန်းကျင် ခုနစ်အိမ် ရှစ်အိမ်တွင် နေထိုင်ကြသူတို့သည် အိပ်မရကြချေ။ အိမ်သူအိမ်သားတို့သည် စုန္ဒကို အိမ်ထဲမှ ထွက်မသွားအောင် အိမ်တံခါးတို့ကို ပိတ်ကာ အိမ်အပြင်မှ ဝိုင်းဝန်း စောင့်ရှောက်နေကြရ၏။

စုန္ဒသည် ငရဲမီး အပူလောင်ခံရသဖြင့် အော်ဟစ်ညည်းညူကာ ဆင်းရဲဒုက္ခကို ခုနစ်ရက် တိုင်တိုင် ခံစားနေရ၏။ ခုနစ်ရက်မြောက်နေ့၌ ကွယ်လွန်၍ အဝီစိငရဲ၌ ဖြစ်လေ၏။

ရဟန်းတို့သည် စုန္ဒအိမ်အနီးမှ ဖြတ်သွားခဲ့စဉ် ဝက်ကဲ့သို့ ဟစ်အော်သောအသံကို ကြား၍ ကျောင်းသို့ ရောက်သောအခါ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြ၏။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က “ချစ်သားရဟန်းတို့ ... စုန္ဒသည် ဤဘဝမှာပင် တူသောအကျိုးကို ခံစားရ၏။ မကောင်းမှုပြုသော သူသည် ဤဘဝမှာရော နောင်ဘဝမှာပါ ဆင်းရဲ ဒုက္ခရောက်ရ၏”ဟု ဟောကြားတော်မူခဲ့လေသည်။

သူ့အသက်သတ်ခြင်း၏ ဆိုးကျိုးများ

edit

၁။ ခြေလက်အင်္ဂါ ချို့တဲ့တတ်ခြင်း
၂။ ရုပ်ဆိုးခြင်း
၃။ အားအင်ချည့်နဲ့ခြင်း
၄။ လျင်မြန်ဖျတ်လတ်မှု မရှိခြင်း
၅။ ကြောက်တတ်ခြင်း
၆။ သူတစ်ပါး သတ်၍ သေရခြင်း
၇။ အနာရောဂါများခြင်း
၈။ အခြွေအရံပျက်စီးခြင်း
၉။ အသက်တိုခြင်း