စိဉ္စမာဏဝိကာဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး လောကဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၉။ စိဉ္စမာဏဝိကာဝတ္ထု
325030ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး လောကဝဂ် — ၉။ စိဉ္စမာဏဝိကာဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၉။ စိဉ္စမာဏဝိကာမိန်းမဝတ္ထု

ဧကံ ဓမ္မံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စိဉ္စမာဏဝိကာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တိတ္တိတို့၏အကြံ

ပထမဗောဓိ၌ မြတ်စွာဘုရားအား များစွာဖြစ်၍ ဖြစ်ကုန်သော သာဝကတို့သည်လည်းကောင်း၊ အတိုင်းအရှည် မရှိကုန်သော နတ်လူတို့သည်လည်းကောင်း အရိယာဘုံ အရိယာပုဂ္ဂိုလ်အဖြစ်သို့ ရောက်လတ်ကုန်သည်ရှိသော် ပျံ့နှံ့သော ဂုဏ်ကျေးဇူးအပေါင်းကြောင့် များစွာသော လာဘ်ပူဇော်သက္ကာရသည် ထင်ရှားဖြစ်လေ၏၊ တိတ္ထိတို့သည် နေထွက်သောအခါ ပိုးစုန်းကြူးနှင့်တူစွာ ဖြစ်ကြလေကုန်၏၊ ထိုတိတ္ထိတို့သည် ပျက်စီးသော လာဘ်ပူဇော်သက္ကာရ ရှိကုန်ရကား လမ်းခရီးအကြား၌ ရပ်တည်၍ “ရဟန်းဂေါတမသည်သာ ဘုရားဖြစ်သလော၊ ငါတို့သည်လည်း ဘုရားတို့တည်း၊ ထိုရဟန်းဂေါတမအားသာလျှင် လှူသော အလှူသည် အကျိုးကြီးသလော၊ ငါတို့အားလည်း လှူသော အလှူသည် အကျိုးကြီးသည်သာလျှင်တည်း၊ ငါတို့အားလည်း ပေးလှူကြကုန်လော့၊ ပူဇော်သက္ကာရကို ပြုကြကုန်လော့”ဟု လူတို့ကိုသိအောင် တောင်းရမ်းသော်လည်း လာဘ်ပူဇော်သက္ကာရကို မရသောကြောင့် ဆိတ်ကွယ်ရာအရပ်၌ စည်းဝေး၍ “အဘယ်သို့သောအကြောင်းဖြင့် ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို လူတို့အလယ်၌ ဖြစ်စေပြီးလျှင် လာဘ်ပူဇော်သက္ကာရကို ဖျက်ဆီးကြရကုန်အံ့နည်း”ဟု ကြံစည်ကြလေကုန်၏။

ဗုဒ္ဓ၏ လာဘ်လာဘပျက်စီးရန် စိဉ္စမာဏကို အသုံးချ

ထိုအခါ သာဝတ္ထိပြည်၌ စိဉ္စမာဏဝိကာ အမည်ရှိသော ပရိဗိုဇ်မတစ်ယောက်သည် မြတ်သော လှပသော အဆင်းကို ဆောင်ယူ၏၊ တင့်တယ်ခြင်းအစုသို့ ရောက်၏။ နတ်သမီးကဲ့သို့ ထိုစိဉ္စမာဏဝိကာ၏ကိုယ်မှ အရောင်တို့သည် ထွက်ကုန်၏။ ထိုအခါ ကြမ်းကြမ်းတမ်းတမ်း တိုင်ပင်လေ့ရှိသော တိတ္ထိတစ်ဦးသည် ဤသို့ဆို၏။ “စိဉ္စမာဏဝိကာကို စွဲ၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကိုဖြစ်စေပြီးလျှင် လာဘ်ပူဇော်သက္ကာရကို ဖျက်ဆီးကြကုန်စို့အံ့”ဟု ဆိုလတ်သော် ထိုတိတ္ထိတို့သည် “ဤသို့သောအကြောင်းသည် ရှိ၏”ဟု ဝန်ခံကြလေကုန်၏။ ထိုအခါ စိဉ္စမာဏဝိကာသည် တိတ္ထိကျောင်းအာရာမ်သို့ သွား၍ ရှိခိုးလျက် တည်လေ၏။ တိတ္ထိတို့သည် ထိုစိဉ္စမာဏဝိကာနှင့်တကွ စကားမဆိုကြကုန်။ ထိုစိဉ္စမာဏဝိကာသည် “ငါ့အား အဘယ်အပြစ်ရှိသနည်း”ဟု နှလုံးသွင်း၍ သုံးကြိမ်တိုင်အောင် “အရှင်ကောင်းတို့- ရှိခိုးပါ၏ဘုရား”ဟု ဆို၍ “အရှင်ကောင်းတို့- အကျွန်ုပ်အား အဘယ်အပြစ်ရှိသနည်း၊ အကျွန်ုပ်နှင့် အတူတကွ အဘယ့်ကြောင့် မဆိုကြပါကုန်သနည်း”ဟု မေးလျှောက်လေ၏။ “နှမ-အသို့နည်း၊ ရဟန်းဂေါတမသည် ငါတို့ကို ညှဉ်းဆဲဘိ၏၊ လာဘ်ပူဇော်သက္ကာရကို ပျက်စီးအောင်ပြုလျက် သွားလာ လှည့်လည်နေသည်ကို သင်မသိလေသလော”ဟု မေးလျှင် “အရှင်ကောင်းတို့- မသိရပါ”ဟု ဆိုပြီးလျှင် “ဤအရာ၌ တပည့်တော်မသည် အဘယ်အမှုကို ပြုရပါမည်နည်း”ဟု မေးလေသဖြင့် “နှမ- သင်သည် ငါတို့ချမ်းသာခြင်းကို အကယ်၍ အလိုရှိသည်ဖြစ်အံ့၊ မိမိကိုယ်ကိုစွဲ၍ ရဟန်းဂေါတမ၏ ကျေးဇူးမဲ့ကို ဖြစ်စေပြီးလျှင် လာဘ် ပူဇော်သက္ကာရကို ဖျက်ဆီးရမည်”ဟု မိန့်ဆိုလေ၏။

စိဉ္စမာဏ စွပ်စွဲပုံ

ထိုစိဉ္စမာဏဝိကာသည် “အရှင်ကောင်းတို့- ကောင်းလှပါပြီ၊ ဤတာဝန်သည် အကျွန်ုပ်၏ တာဝန်ပါတည်း။ မစိုးရိမ်ကြပါကုန်လင့်”ဟု ဆို၍ ဖဲသွားပြီးလျှင် မိန်းမတို့မာယာ၌ လိမ္မာသည်အဖြစ်ကြောင့် ထိုနေ့မှစ၍ သာဝတ္ထိပြည်သူပြည်သားတို့ တရားနာ၍ ဇေတဝန်ကျောင်းတော်မှ ထွက်လာသောခါ ပိုးပရံအဆင်းနှင့်တူသော အဝတ်ကိုရုံသဖြင့် နံ့သာပန်း စသည်ကို လက်စွဲလျက် ဇေတဝန်ကျောင်းတော်သို့ ရှေးရှုပြုကာ သွား၏။ “ဤအချိန်အခါ၌ အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးအပ်သည်ရှိသော် “သင်တို့အား ငါသွားရာအရပ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိုပြီးလျှင် ဇေတဝန်ကျောင်းတော်၏အနီး တိတ္ထိတို့အာရာမ်၌ နေသဖြင့် နံနက်စောစောကလျှင် “ဦးဦးဖျားဖျား ရှိခိုးခြင်းကို ရှိခိုးကြကုန်စို့အံ့”ဟု မြို့မှ ထွက်လာကုန်သော ဒါယကာအပေါင်းသည် ဇေတဝန်ကျောင်းတော်တွင်း၌ နေခဲ့လေဟန်ဖြစ်၍ မြို့သို့ ပြန်ဝင်လာသော စိဉ္စမာဏဝိကာကို “အဘယ်အရပ်၌ နေသနည်း”ဟု မေးလတ်သည်ရှိသော် “သင်တို့အား ငါ့နေရာအရပ်ဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆိုပြီးလျှင် လခွဲလွန်သောအခါ မေးအပ်သည်ရှိသော် “ဇေတဝန်ကျောင်းတော်၌ ရဟန်းဂေါတမနှင့် အတူတကွ ဂန္ဓကုဋိတစ်ခုတည်း၌ နေ၏”ဟု ဆိုလေ၏။ ပုထုဇဉ်ဖြစ်သော လူတို့အား “ဤစိဉ္စမာဏဝိကာ ပြောသောစကားသည် ဟုတ်မှန်လေသလော၊ မမှန်လေသလော”ဟု ယုံမှားခြင်းကို ဖြစ်စေ၍လည်းကောင်း၊ သုံးလ,လေးလ လွန်သောအခါ ပုဆိုးကြမ်းတို့ဖြင့် ဝမ်းကိုရစ်ပတ်သဖြင့် ကိုယ်ဝန်ဆောင်သော အသွင်ကိုပြ၍လည်းကောင်း၊ အထက်၌ နီသောအဝတ်ပုဆိုးကို ခြုံရုံလျက် “ရဟန်းဂေါတမကိုစွဲ၍ ကိုယ်ဝန်တည်လေသည်”ဟု သူမိုက်တို့ကို ယုံကြည်စေ၍လည်းကောင်း၊ ရှစ်လ,ကိုးလ လွန်သောအခါ ဝမ်း၌ ဝန်းဝိုင်းသော သစ်သားကို ဖွဲ့သဖြင့် အထက်၌ အဝတ်ပုဆိုးကို ခြုံရုံလျက် လက်ဖမိုး,ခြေဖမိုးတို့ကို နွားမေးရိုးဖြင့် ထုနှက်စေပြီးလျှင် အသားမို့မို့ တက်သည်တို့ကို ပြ၍လည်းကောင်း၊ ပင်ပန်းနွမ်းနယ်သော ဣန္ဒြေရှိသည်ဖြစ်၍လည်းကောင်း၊ ညချမ်းသောအခါ မြတ်စွာဘုရားသည် တန်ဆာဆင်အပ်သော တရားဟောပလ္လင်၌ နေတော်မူလျက် တရားဟောကြားတော်မူစဉ် တရားသဘင်သို့ သွားပြီးလျှင် မြတ်စွာဘုရားရှေ့၌ရပ်လျက် “ရဟန်းကြီး- လူအပေါင်းအား ရှေးဦးစွာ တရားဟောဘိ၏၊ သင်၏အသံသည် ချိုမြိန် သာယာလှပေ၏။ နှုတ်ခမ်းသည် ကောင်းစွာ စေ့စပ်ပေ၏၊ အကျွန်ုပ်သည်ကား သင့်ကိုစွဲ၍ ကိုယ်ဝန်ကို ရပြီးလျှင် ပြည့်စုံသော ကိုယ်ဝန်ရှိခဲ့လေပြီ၊ အကျွန်ုပ်အတွက် သားဖွားရာအိမ်ကို သင်မသိ၊ ထောပတ် ဆီ စသည်တို့ကိုလည်း မသိ၊ ကိုယ်တိုင်မပြုနိုင်သည်ရှိသော် အလုပ်အကျွေးတို့တွင် တစ်ယောက်ယောက်ကို ကောသလမင်းကြီးကိုဖြစ်စေ၊ အနာထပိတ်သူဌေးကြီးကို ဖြစ်စေ၊ ဝိသာခါ ဒါယိကာမကြီးကိုဖြစ်စေ ဤစိဉ္စမာဏဝိကာအား ပြုအပ်သည်နှင့်ယှဉ်သော အမှုကို ပြုပါလော့ဟု သင်မဆို၊ မွေ့လျော်ခြင်းငှာ တစ်ခုသာလျှင် သိ၏၊ ကိုယ်ဝန်၏ အစောင့်အရှောက်ကို မသိ”ဟု ဆိုလျက် မစင်တုံးကိုကိုင်ယူ၍ လဝန်းကို ဖျက်စီးအံ့သောငှာ လုံ့လပြုဘိသကဲ့သို့ ပရိသတ်လေးပါးအလယ်၌ မြတ်စွာဘုရားကို စွပ်စွဲဆဲရေးလေ၏။

စိဉ္စမာဏ မြေမျိုးခြင်း

မြတ်စွာဘုရားသည်လည်း တရားစကားကို ရပ်တံ့ထားတော်မူပြီးလျှင် ခြင်္သေ့မင်းကဲ့သို့ မကြောက်မရွံ့သော အသံတော်ကိုပြုလျက် “နှမ- သင်ဆိုသော စကား၏ မှန်သောအဖြစ်ကိုလည်းကောင်း၊ မမှန်သောအဖြစ်ကိုလည်းကောင်း ငါသည်လည်းကောင်း၊ သင်သည်လည်းကောင်း ငါနှင့်သင်သာ သိ၏”ဟု မိန့်တော်မူလေ၏။ “ရဟန်းကြီး- ဪ.. ဟုတ်မှန်လှပေ၏။ သင်သည်လည်းကောင်း၊ အကျွန်ုပ်သည်လည်းကောင်း ထိုသိသောအဖြစ်ကို အဘယ်သူတို့သည် သိနိုင်ကြကုန်အံ့နည်း”ဟု ဆိုလေ၏။ ထိုခဏ၌ သိကြားမင်း၏ နေရာဖြစ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာသည် ပူလောင်သော အခြင်းအရာကိုပြ၏။ သိကြားမင်းသည် ဆင်ခြင်လတ်သည်ရှိသော် စိဉ္စမာဏဝိကာ အမည်ရှိသော မိန်းမသည် မြတ်စွာဘုရားကို မဟုတ်မမှန်သောအားဖြင့် ဆဲရေး၏ဟု သိရသဖြင့် ဤအမှုကို သုတ်သင်အံ့ဟု လေးယောက်သော နတ်သားတို့နှင့် အတူတကွ သွားလေ၏။ နတ်သားတို့သည် ကြွက်ငယ်ယောင် ဆောင်ကြသည်ဖြစ်၍ သစ်သားဝန်း၏ ဖွဲ့ချည်သောကြိုးတို့ကို တစ်ပြိုင်တည်းသာလျှင် ကိုက်ဖြတ်ကြလေကုန်၏။ ခြံရုံသော အဝတ်ပုဆိုးကို လေသည် မြှောက်ပင့်လေ၏။ သစ်သားဝန်းသည် ပြုတ်ကျလတ်သည်ရှိသော် ထိုစိဉ္စမာဏဝိကာ၏ ခြေဖမိုး၌ ကျလေ၏။ နှစ်ဖက်သော ခြေဖျားတို့သည် ကျိုးကုန်၏။ လူတို့သည်လည်း “ဟယ်-သူယုတ်မ၊ ဘုရားရှင်ကို စွပ်စွဲဆဲရေးဘိ၏”ဟု ဦးခေါင်း၌ တံတွေးကိုကျစေ၍ ထွေးစွန့်၍ အုတ်ခဲ,လှံတံ အစရှိသည်တို့ လက်စွဲကုန်လျက် ဇေတဝန်ကျောင်းတော်မှ နှင်ထုတ်ကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရား၏ မျက်စိတော် မြင်လောက်ရာအရပ်ကို လွန်သောကာလ စိဉ္စမာဏဝိကာအား မဟာပထဝီမြေကြီးသည် ကွဲ၍ အကြားအပေါက်ကို ပေးလေ၏။ အဝီစိမှ မီးလျှံတို့သည် ထလာကုန်၏။ ထိုစိဉ္စမာဏဝိကာသည် ချစ်လှစွာသော မိဘဆွေမျိုးတို့ ပေးအပ်သော ကမ္ဗလာကို ခြုံရုံသည်အလား သွား၍ အဝီစိ၌ ဖြစ်ရရှာလေ၏။ သာသနာတော်မှအပဖြစ်သော တိတ္ထိတို့အား လာဘ်ပူဇော်သက္ကာရသည် ဆုတ်ယုတ်ရှာလေ၏။ မြတ်စွာဘုရားအား အတိုင်းထက်အလွန် တိုးပွားလေ၏။ တစ်ဖန် မိုးသောက်သောနေ့၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့- စိဉ္စမာဏဝိကာသည် ဤသို့ ပြန့်ပြောသော ဂုဏ်ကျေးဇူးရှိသည်ဖြစ်၍ မြတ်သောအလှူကို ခံတော်မူထိုက်သော မြတ်စွာဘုရားကို မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲ ဆဲရေးခြင်းကြောင့် ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ရရှာလေ၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။

မဟာပဒုမဇာတ် အမြွက်

မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာတော်မူဆဲအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ယခုသာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤစိဉ္စမာဏဝိကာသည် ငါ့ကို မဟုတ်မမှန်သောစကားဖြင့် စွပ်စွဲဆဲရေးခြင်းကြောင့် ပျက်စီးခြင်းသို့ ရောက်ဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍-

နာဒိဋ္ဌာ ပရတော ဒေါသံ၊ အဏုံ ထူလာနိ သဗ္ဗသော။
ဣဿရော ပဏယေ ဒဏ္ဍံ၊ သာမံ အပ္ပဋိဝေက္ခိယ။

ဣဿရော၊ ရေမြေသနင်း ပြည့်ရှင်မင်းသည်။ ပရတော ပရဿ၊ သူတစ်ပါး၏။ ဒေါသံ၊ အပြစ်ကို။ အဒိဋ္ဌာ၊ မမြင်မူ၍။ သဗ္ဗသော-သဗ္ဗာနိ၊ အလုံးစုံကုန်သော။ အဏုံထူလာနိ၊ ငယ်သောအပြစ် ကြီးသောအပြစ်တို့ကို။ သာမံ၊ ကိုယ်တိုင်။ အပ္ပဋိဝေက္ခိယ၊ မျက်မှောက်ထင်ထင် မဆင်ခြင်မူ၍။ ဒဏ္ဍံ၊ ဒဏ်ကို။ န ပဏယေ၊ မဖြစ်စေရာ မထားရာ။

(မဟာသမ္မတမင်းလက်ထက်၌ တစ်ရာထက်လွန်သော ဒဏ်မရှိ။ နှင်ထုတ်ခြင်းထက်အလွန် လက်ဖြတ် ခြေဖြတ်သတ်ခြင်းမည်သည် မရှိ။ နောက်မင်းကြီးတို့ လက်ထက်၌ ထိုအလုံးစုံ ဖြစ်လာ၏။ ထိုဒဏ်ကို ရည်စူး၍ အမတ်တို့ ဆိုကြသည်ဟု ဒွါဒသနိပါတ်ဇာတ် အဋ္ဌကထာ၌ ဆိုသည်။)

ဒွါဒသနိပါတ်၌ ဤမဟာပဒုမဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ထိုအခါ၌ ဤစိဉ္စမာဏဝိကာသည် ဘုရားလောင်း မဟာပဒုမမင်းသား၏ မယ်တော်၏ ရန်သူ။ ဝါ၊ လင်တူမင်းကြီး၏ နောက်မိဖုရားကြီးဖြစ်၍ ဘုရားလောင်းကို မသူတော်တို့၏တရားဖြင့် ဖိတ်ကြား ဖြားယောင်းသဖြင့် ထိုမင်းသား၏စိတ်ကို မရလေသောကြောင့် မိမိကိုယ်တိုင်သာလျှင် မိမိကိုယ်၌ ဖောက်ပြန်သော အခြင်းအရာကို ပြုပြီးလျှင် လူနာအသွင်ကိုပြလျက် “သင်မင်းကြီး၏ သားတော်သည် အလိုမပါသော ဘုရားနှမတော်ကို ဤသို့သော ဖောက်ပြန်ပျက်စီးခြင်းသို့ ရောက်စေပါသည်ဘုရား”ဟု မင်းကြီးအား သံတော်ဦးစကား လျှောက်ကြားလေ၏။ မင်းကြီးသည် အမျက်တော်ရှိ၍ ဘုရားလောင်းကို ခိုးသူတို့ပစ်ချရာ ချောက်၌ ပစ်ချလေ၏။ ထိုအခါ ဘုရားလောင်းကို တောင်ဝှမ်း၌စောင့်သော နတ်သည် ခံယူ၍ နဂါးမင်း၏ ပါးပျဉ်းဟူသော တိုက်ခန်း၌ ထားလေ၏။ နဂါးမင်းသည် ထိုပဒုမမင်းသားကို နဂါးပြည်သို့ဆောင်၍ ထက်ဝက်သော ပြည်စည်းစိမ်ဖြင့် ကောင်းစွာ ဆောင်နှင်းလေ၏။

ထိုဘုရားလောင်းသည် နဂါးပြည်၌ တစ်နှစ်ပတ်လုံး နေပြီးလျှင် ရသေ့ရဟန်းပြုလိုရကား ဟိမဝန္တာတောအရပ်သို့ ရောက်သွား၍ ရသေ့ရဟန်းပြုလျက် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေတော်မူလေ၏။ ထိုအခါ ဘုရားလောင်းရသေ့ကို တောသွားမုဆိုးတစ်ယောက်သည် မြင်၍ မင်းကြီးအား လျှောက်ကြားလေ၏။ မင်းကြီးသည် ထိုဘုရားလောင်း ရသေ့ထံသို့ သွားသဖြင့် ပြုအပ်သော အစေ့အစပ်ရှိသည်ဖြစ်၍ အလုံးစုံသော ထိုအကြောင်းအရာကို ပြန်ပြောင်း၍ သိတော်မူရလျှင် ဘုရားလောင်းကို ပြည်စည်းစိမ်ဖြင့် ဖိတ်၍ ဘုရားလောင်းရသေ့က “အကျွန်ုပ်အား ပြည်စည်းစိမ်ဖြင့် ပြုဖွယ်ကိစ္စမရှိ၊ သင်မင်ကြီးသာ မင်းကျင့်တရား ဆယ်ပါးတို့ကို မပျက်စေမူ၍ အဂတိတရား လေးပါးကို ပယ်စွန့်လျက် တရားသဖြင့် မင်းပြုပါလော့”ဟု ဆုံးမလေရကား မင်းကြီးသည် နေရာမှထ၍ ငိုကြွေးမြည်တမ်းလျက် မြို့တော်သို့ ပြန်သွားစဉ် လမ်းခရီးအကြား၌ အမတ်တို့ကို ဘုရင်မင်းမြတ်သည် “အဘယ်သူကိုမှီ၍ ဤသို့အကျင့်အာစာရနှင့် ပြည့်စုံသော သားကောင်းရတနာနှင့် ကွေကွင်းခြင်းသို့ ရောက်ရဘိသနည်း”ဟု မေးလေ၏။

“အရှင်မင်းကြီး- မိဖုရားကြီးကြောင့် ကွေကွင်းရပါသည်ဘုရား”ဟု လျှောက်တင်ကြလေကုန်သော် မင်းကြီးသည် မိဖုရားကို ဦးခေါင်းစောက်ထိုး ခြေမိုးမျှော် ကိုင်လျက် ခိုးသူတို့ကို ပစ်ချရာချောက်၌ ပစ်ချစေပြီးမှ မြို့တော်သို့ ဝင်ပြီးလျှင် တရားသဖြင့် မင်းပြုစေလေ၏။ ထိုအခါ မဟာပဒုမ မင်းသားကား ဘုရားလောင်းဖြစ်လေ၏၊ မယ်တော်၏ရန်သူ၊ ဝါ၊ လင်တူဖြစ်သော မိဖုရားကား စိဉ္စမာဏဝိကာ ဖြစ်လေ၏ဟု မြတ်စွာဘုရားသည် ဤအကြောင်းကို ဟောတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- တစ်ခုသောတရားဟု ဆိုအပ်သော မှန်သောစကားကို စွန့်၍ မမှန်သောစကား၌ တည်လျက် စွန့်လွှတ်အပ်သော တမလွန်လောက ရှိသောသူတို့အား မပြုနိုင်သော မကောင်းမှုမည်သည် မရှိ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၇၆] ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

ဧကံ ဓမ္မံ၊ တစ်ခုသော သစ္စာတရားကို။ အတီတဿ၊ လွန်သော။ မုသာဝါဒိဿ၊ ဆယ်ခွန်းတစ်ခွန်းမျှမမှန် မဟုတ်မမှန်သောစကားကို ဆိုလေ့ရှိသော။ ဝိတိဏ္ဏပရလောကဿ၊ စွန့်လွှတ်အပ်သော တမလွန်လောကရှိသော။ ဇန္တုနော၊ သတ္တဝါအား။ အကာရိယံ၊ မပြုအပ်သည်မည်သော။ ပါပံ၊ မကောင်းမှုကံသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

စိဉ္စမာဏဝိကာမိန်းမဝတ္ထုပြီး၏။