စိတ်ထားဖြောင့်မတ်ခြင်း

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၈။ စိတ်ထားဖြောင့်မတ်ခြင်း
326985ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း — ၂၈။ စိတ်ထားဖြောင့်မတ်ခြင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

စိတ်ထားဖြောင့်မတ်ခြင်း

edit

သံကိုကြွက်စား သားကိုစွန်ချီ

ရှေးအခါက ဗာရာဏသီပြည်တွင် ကုန်သည် “မောင်ကောက်”နှင့် “မောင် ဖြောင့်”ဆိုသည့် မိတ်ဆွေ နှစ်ဦးရှိလေသည်။ သူတို့နှစ်ယောက်သည် ခင်ခင်မင် မင် နေလာကြရင်း တစ်နေ့တွင် မောင်ဖြောင့်က သံထွန်သွားများကို မောင်ကောက်ထံတွင် ခေတ္တ အပ်နှံခဲ့ပြီး ခရီးထွက်သွား၏။ မောင်ကျောက်သည် ထိုထွန်သွားများကို ရောင်းစားပစ်လိုက်သည်။ ထို့နောက် ထွန်သွားများထားသည့် နေရာတွင် ကြွက်ချေးများကို ကြဲထားလိုက်၏။ မောင်ဖြောင့် ခရီးမှ ပြန်လာသည့်အခါ သူ၏ထွန်သွားများကို လာယူလေ၏။ မောင်ကောက် က “မင်းရဲ့ ထွန်သွားတွေကို ကြွက်စားသွားပြီ၊ ဒီမှာ ကြွက်ချေးတွေ တွေ့လား”ဟု ပြောသည့်အခါ မောင်ဖြောင့်က “အေးလေ၊ ကြွက်စားသွားတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ”ဟု အေးအေးဆေးဆေး ပြောဆိုပြီး မောင်ကောက်၏ သားကို ခေါ်ကာ ရေချိုးဆိပ်သို့ သွားလေသည်။

မောင်ဖြောင့်သည် ရေချိုးဆိပ် မရောက်မီ မိတ်ဆွေအိမ် တစ်အိမ်တွင် သားငယ်ကို အပ်ထားခဲ့ပြီး “အပြင်မထွက်ပါစေနဲ့”ဟု မှာခဲ့လေ၏။ ထို့နောက် ရေချိုးပြီး မောင်ကောက်အိမ်သို့ ပြန်သွား၏။ အိမ်သို့ ရောက်သည့်အခါ “သူငယ်ချင်း ... ရေဆိပ်မှာ ငါ ရေချိုးနေတုန်း မင်းရဲ့ သားကို စွန်တစ်ကောင်က ချီသွားတယ်။ ငါ လက်ခုပ်တီးပြီး ခြောက်ပေမယ့် စွန်က သားကို လွှတ်မချဘဲ ကောင်းကင်ပေါ် ပျံတက် သွားတယ်”ဟု ပြောလေ၏။ ထိုအခါ မောင်ကောက်က “မင်းပြောတာ လုံးဝ မဖြစ်နိုင်ဘူး။ သူငယ်ကို ချီပြီး ပျံနိုင် တဲ့ စွန်ဆိုတာ မရှိနိုင်ဘူး။ မင်းကို တရား ရုံးမှာ တရားစွဲမယ်၊ လာလိုက်ခဲ့”ဟု ပြောဆိုကာ မောင်ဖြောင့်ကို တရားရုံးသို့ ခေါ်သွားလေသည်။

ထိုအခါက တရားသူကြီးသည် ဘုရားအလောင်းတော် ဖြစ်၏။ မောင်ကောက်နှင့် မောင်ဖြောင့်တို့ တရားသူကြီးထံ ရောက်သောအခါ “တရားသူကြီးမင်း ... ဒီလူဟာ ကျွန်တော့်သားကို ရေချိုးဆိပ် ခေါ်သွားပြီး ပြန်လာတော့ သား ပြန်ပါမလာတော့ဘူး။ သူက ကျွန်တော့်သားကို စွန် ချီသွားတယ်လို့ ပြောပါတယ်။ တရားသဖြင့် ဆုံးဖြတ်ပေးပါခင်ဗျာ”ဟု မောင်ကောက်က တိုင်လေသည်။ တရားသူကြီး မင်းက မောင်ဖြောင့်ကို မေးသည့်အခါ “မောင်ကောက် ပြောတဲ့အတိုင်း မှန်ပါတယ်”ဟု ပြန်ပြောလေ၏။ တရားသူကြီးက “လောကမှာ သူငယ်ကို ချီနိုင်တဲ့ စွန်ဆိုတာ မရှိဘူး”ဟု ပြန်ပြောသောအခါ မောင်ဖြောင့်က ဒါဆိုရင် ကျွန်တော်ကလည်း တရားသူကြီးကို မေးလိုပါတယ်။ “စွန်ဟာ သူငယ်ကို ချီ၍ မပျံနိုင်ဘူးဆိုရင် ကြွက်တွေကရော သံထွန်သွားတွေကို စားနိုင်ပါသလား”ဟု မေးလိုက်၏။

တရားသူကြီးက “မင်း ပြောတဲ့စကားက ဘာအဓိပ္ပာယ်လဲ”ဟု မေးသည့်အခါ မောင်ဖြောင့်က အကြောင်းစုံကို ရှင်းပြ၏။ ထို့နောက် တရားသူကြီးကို “တရားသဖြင့် ဆုံးဖြတ်ပေးပါ”ဟု တောင်းဆို လေသည်။ တရားသူကြီးက “မင်းဟာ ကောက်ကျစ်တတ်တဲ့သူကို တန်ပြန်ကောက်ကျစ်မှုနဲ့ အနိုင်ယူရမယ် လို့ တွေးတောတတ်ပါပေတယ်”ဟု မောင်ဖြောင့်ကို ပြောပြီး မောင်ကောက်ဘက် လှည့်ကာ “သံထွန်သွား ကို ကြွက်က ကိုက်စားနိုင်တယ်ဆိုရင် သူငယ်ကိုလည်း စွန်က ချီနိုင်ပါတယ်၊ လှည့်စားတတ်သူ ဆိုတာ လှည့်စားတတ်သူနဲ့ပဲ တွေ့တတ်တယ်၊ သံထွန်သွားတွေကို ပြန်ပေးလိုက်ပါ၊ မင်းကလည်း သားကို ပြန်ပေးလိုက်ပါ”ဟု ဆုံးဖြတ်ပေးလိုက်သည်။

မောင်ကျောက်သည် ရောင်းစားထားသော သံထွန်သွားများကို အစားပြန်ပေး၏။ မောင်ဖြောင့်က လည်း သားငယ်ကို ခေါ်၍ ပြန်ပေးလိုက်လေသည်။