ဆုတောင်းခန်းပျို့/နိဂုံး

ဆုတောင်းခန်းပျို့
by ရှင်သီလဝံသ, edited by ဒေါ်သန်းဆွေ (မဟာဝိဇ္ဇာ)

မြတ်စွာဘုရား မိန့်ခဲ့ကြားသား ငါးပါးမျှလောက် ကျွတ်ချိန်ထောက်၌ နှစ်ယောက်ရိုက်ရာ ရဟန္တာခေတ် လွန်သည်ဖြစ်လည်း ကြွင်းလစ်နောက်နောင် နှစ်သုံးထောင်တွင် စေ့အောင်ဝေဘန် သုံးကြိမ်ချန်လျက် နိဗ္ဗာန်အဘိတ် မဆိတ်မညံ နာဂံတခါ သကဒါနှင့် သောတာပန္န အကျွတ်ရ၍ များစွရှေးဖျား မလွန်စားတည့် ဘုရားကိုယ်ထင် မမြင်ရသည် တမည်သာမြို့ အင်မချို့သည် ဤသို့သာသနာတော်တည်း ။

သာသနာတော် ကြိုက်ခဲလှော်၌ မြတ်ဖေါ်ဝင်ဝင် ဖြစ်စေချင်၍ လေးအင်ရာသီ သင်္ဂဏီက ဝိဘင်းစသား ကျမ်းမခုနစ်ထပ် နို့ဘိုးဆပ်နှင့် မအပ်မရာ ဆုံးမစာလည်း ပါရာဇိကဏ် သီလက္ခန်က သုတ္တန်ကျမ်းပေါင်း ဆယ်ကြိမ်လောင်း၍ ရှစ်သောင်းလေးထောင် စေ့အောင်ဝေဘန် ဓမ္မခန်ကို နှောင်းကျန်လူများ ငါလွန်ငြားသော် ဘတ်ကြားပေက ငါဆုံးမသို့ နာကြကုန်ရစ် စင်စင်စစ်ဟု ရှင်ချစ်ဘုရား စောင့်ကြပ်ထားသည် ကိုယ်စား အနှိုးအဆော်တည်း ။

ကိုယ်စားနှိုးဆော် ဤသို့ကျော်သား ကြိုက်တော်ခဲစွာ သာသနာတွင် သူငါငတို့ ဖြစ်ရဘို့ဖြင့် မချို့အင်္ဂါ လူဖြစ်လှာသည် ခန္ဓာကောင်းပင် သည်တွင်တဖန် ဤသန္တာန်ကား စုန်ဆန်ဘဝ မဆွရှေးဦး ဆုတောင်းဘူးသား ကျေးဇူးသုံးစုံ တချက်ကုံလျက် ကြိုက်တုံလှာထွန် ဆယ်ဆမွန်၏ နှောင်းကျန် တို့ဘုန်းသင့်ကျော်တည်း ။

ဘုန်းသင့်အကျော် သူတော်တို့အား ဤတရားကို စီးပွါးရှေးရှေး သာရပေးလျက် တောဝေးရပ်မှာ ကျောင်းသာဖန်ဆန်း ရဟန်းဆောက်ဦ ပေးလှူသိုထား သိမ်းပကားသည် သိကြားဆရာ သုမေဓါကို ပမာစိုးစဉ်း နှုန်းထွင်းလျှဉ်း၍ စိတ်ယဉ်းတွေးခေါ် ကြံစိမ့်သော်လျှင် မိန့်တော်လင်္ကာ ကျမ်းများမှာနှင့် ညီစွာနိဒါန်း အသစ်ထွန်းသည် ကျမ်းဆန်းစာစောင် အမြိုက်ဆောင်ကား ဆုံးအောင်သာသနာ လူတို့ရွာ၌ ပညာရှိများ စဉ်တလျားတည့် မှတ်သားကြလျက် အဆက်ဆက်လျှင် မပျက် သုံးစွဲတည်စေသောဝ် ။

အောင်မြိုက်မှန်ကူ သုံးရပ်လူတွင် မည်သူဆွယ်ပြိုင် စောဘုန်းခိုင်၏ ချက်တိုင်သံတော် ဂါထာကျော်ကို ဖွေဘော်နက်စံ မကြံချေပဲ နားဝင်ခဲဟု စိတ်ရဲသဒ္ဓါ ပညာမလင်း လူပြိန်းဖျင်းအား ဖြောင့်စင်းလွယ်ကူ မှတ်စိမ့်ဟူ၍ တံချူလည်းကောင်း ရှေးစာဟောင်းကို နောက်နှောင်းလူများ ပညာပါးတို့ နားမနာသီး ဆေးနှယ်ငြီး၍ ဝှဲချီးအမြိုက် နှုတ်လှယ်တိုက်သည် အထိုက်ပူဧ ဆင်းရဲဘေးကို ငြိမ်းဆေး ဤစာမည်စေသောဝ် ။