ဇီဝကပဉှဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အရဟန္တဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁။ ဇီဝကပဉှဝတ္ထု
324899ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အရဟန္တဝဂ် — ၁။ ဇီဝကပဉှဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁။ ဇီဝကပဉှဝတ္ထု

ဂတိဒ္ဓိနောအစရှိသော ဤတရားဒေသနာကို မြတ်စွာဘုရားသည် ဇီဝက၏သရက်ဥယျာဉ်၌ နေတော်မူစဉ် ဇီဝကမေးအပ်သော အမေးပုစ္ဆာ ပြဿနာကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(ဇီဝကဝတ္ထုကို စူဠဝါခန္ဓက၌ အကျယ်ချဲ့၍ ဟောတော်မူအပ်သည်။)

အနာဆေးစည်းခြင်းကြောင့် အပူကို မေးလျှောက်ခြင်း

တစ်ပါးသောအခါ ဒေဝဒတ်သည် အဇာတသတ်မင်းနှင့် အတူတကွ တစ်ပေါင်းတည်းဖြစ်သဖြင့် ဂိဇ္ဈကုဋ်တောင်သို့ တက်ပြီးလျှင် ပြစ်မှားလိုသော စိတ်ရှိသည်ဖြစ်၍ “ဘုရားရှင်ကို သတ်အံ့”ဟု ကျောက်လုံးကို လှိမ့်ချ၏။ ထိုကျောက်လုံးကို တောင်ထွတ်နှစ်ခုတို့သည် ခုကြခံကြလေကုန်၏၊ လိမ့်ကျသောကျောက်မှ ကွဲအက်လွင့်စဉ်သွားသော ကျောက်လွှာသည် မြတ်စွာဘုရား၏ ခြေတော်ကိုခတ်မိ၍ သွေးကို ဖြစ်စေလေ၏။ ပြင်းပြလွန်ကဲကုန်သော ဆင်းရဲဒုက္ခဝေဒနာတို့သည် ဖြစ်ကြလေကုန်၏။ ရဟန်းတို့သည် ဘုရားရှင်ကို မဒ္ဒကုစ္ဆိတောင်သို့ ဆောင်ယူကြကုန်၏။ မြတ်စွာဘုရားသည် ထိုမဒ္ဒကုစ္ဆိတောင်မှလည်း ဇီဝကသရက်ဥယျာဉ်သို့ ကြွတော်မူလိုသောကြောင့် “ထိုသရက်ဥယျာဉ်သို့ ငါဘုရားကို ဆောင်ပို့ကြကုန်လော့”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့သည် မြတ်စွာဘုရားကို ဆောင်ယူ၍ ဇီဝကသရက်ဥယျာဉ်သို့ သွားကြလေကုန်၏။ ဇီဝကသည် ထိုအကြောင်းကိုသိရလျှင် ဘုရားရှင်၏အထံတော်သို့ သွားသဖြင့် အနာကို ဆေးကုအံ့သောငှာ ထက်စွာသော ဆေးကိုပေး၍ အနာကို ဖွဲ့စည်းပြီးလျှင် ဘုရားရှင်ကို ဤသို့သော စကားလျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်သည် မြို့တော်အတွင်း၌ လူတစ်ယောက်အား ဆေးကုခြင်းကို ပြုထားပါသည်၊ ထိုသူ၏အထံသို့ သွားပြီးလျှင် တစ်ဖန် ပြန်လာပါမည်ဘုရား”ဟု လျှောက်ကြား၍ “ဤဆေးကို တပည့်တော် ပြန်လာသည့်တိုင်အောင် ဖွဲ့စည်းမြဲတိုင်းဖြင့်သာ တည်စေချင်ပါသည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ဇီဝကသည် သွား၍ ထိုယောက်ျားအား ပြုအပ်သောကိစ္စကို ပြုပြီးမှ တံခါးပိတ်သောအချိန်၌ ပြန်လာသည်ရှိသော် တံခါးမပိတ်မီ မရောက်ဘဲရှိလေ၏။

ထိုအခါ ဇီဝကအား ဤသို့သောအကြံသည် ဖြစ်ပေါ်လေ၏။ “ဪ.. ငါသည် ဝန်လေးစွာသောအမှုကို ပြုအပ်မိပေ၏၊ ငါသည် မထင်မရှား သာမန်ယောက်ျား၏ခြေကဲ့သို့ ဘုရားရှင်၏ခြေတော်၌ ထက်စွာသောဆေးကို ပေး၍ အနာကို ဖွဲ့စည်းခဲ့မိရကား ဤအခါသည် ထိုဖွဲ့စည်းပြီးသောအဖွဲ့ကို ဖြေသင့်သောအခါတည်း။ ထိုအစည်းအဖွဲ့ ကို မဖြေချေသည်ရှိသော် တစ်ညဉ့်ပတ်လုံး ဘုရားရှင်၏ကိုယ်တော်၌ ပူလောင်ခြင်းဖြစ်လတ္တံ့”ဟု အကြံဖြစ်ပေါ်လေ၏။ ထိုခဏ၌ ဘုရားရှင်သည် အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ- ဇီဝကသည် ညချမ်းအခါ ပြန်လာရာ တံခါးမပိတ်မီ မရောက်နိုင်ဘဲ ရှိလေ၏၊ ဤအခါသည်လည်း အနာကို ဖြေသင့်သောအခါတည်းဟူ၍ကား ကြံစည်လေ၏၊ ထိုအစည်းအဖွဲ့ကို ဖြေလော့”ဟု မိန့်တော်မူသဖြင့် ရှင်အာနန္ဒာသည် ဖြေ၏။ အနာသည် သစ်ပင်မှ သစ်ခေါက်ကွာကျသကဲ့သို့ ကင်းပျောက်လေ၏။ ဇီဝကသည် အရုဏ်အတွင်း၌သာလျှင် ဘုရားရှင်၏အထံတော်သို့ လျင်မြန်စွာ လာရောက်ပြီးလျှင် “မြတ်စွာဘုရား- အသို့ဖြစ်ပါသနည်း၊ ရှင်တော်မြတ်ဘုရား၏ ကိုယ်တော်၌ပူလောင်ခြင်း ဖြစ်ပါသလောဘုရား”ဟု မေးလျှောက်လေ၏။ ဘုရားရှင်လည်း “သမားတော်ဇီဝက- ငါဘုရားအားကား ဗောဓိမဏ္ဍိုင်၌သာလျှင် အလုံးစုံသော ပူပန်ခြင်းသည် ငြိမ်းအေးခဲ့လေပြီ”ဟု အနုသန္ဓေစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၉၀] ဂတဒ္ဓိနော ဝိသောကဿ၊ ဝိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ဝိဇ္ဇတိ။

ဂတဒ္ဓိနော၊ အဓွန့်ရှည်သော သံသရာခရီးကို သွားပြီးထသော။ ဝိသောကဿ၊ စိုးရိမ်ခြင်းလည်း ကင်းပြီးထသော။ သဗ္ဗဓိ၊ ခပ်သိမ်းသော ခန္ဓာစသော တရားတို့၌။ ဝိပ္ပမုတ္တဿ၊ လွတ်ပြီးထသော။ သဗ္ဗဂန္ထပ္ပဟီနဿ၊ အလုံးစုံသော ဂန္ထလေးပါးကို ပယ်ပြီးသောပုဂ္ဂိုလ်အား။ ပရိဠာဟော၊ ကိလေသာဟူသော စိတ်၏ပူပန်ခြင်းသည်။ န ဝိဇ္ဇတိ၊ မရှိ။

(သီတဥတု, ဥဏှဥတု ရဟန္တာကိုယ်၌ မကင်းသေးရကား ကိုယ်အပူကိုရည်မှန်း၍ ဇီဝက မေးသည်။ မြတ်စွာဘုရားကား တရားဟောလိုသဖြင့် စိတ်အပူကိုရည်မှန်း၍ မရှိဟု ဖြေသည်။)

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဇီဝကပဉှဝတ္ထုပြီး၏။