ညွတ်ညွတ်ညိုသွယ်-ချီ ရတု

ညွတ်ညွတ်ညိုသွယ်-ချီ ရတု
by နတ်သျှင်နောင်
သကျမဉ္ဇူဘုရားတိုင် မယ်ဘွဲ့ရတု

ညွတ်ညွတ်ညိုသွယ် လူ့ဘုံဝယ်၌ နှုန်းဆွယ်မဆံ ကင်းဝေးလံသား ထက်ယံမြင့်သွန်း ခြောက်ဆောင်နန်းဝယ် ရွေဝန်းရံပတ် စံသင့်မှတ်သား ကြာဝတ်မဉ္ဇူ ရွှေနန်းသူလည်း ပြိုင်တူနှုန်းဆွယ် မမျှဘွယ်တည့် တင့်တယ်ကျစ်လျစ် ကြင်ကျွမ်းချစ်ကို တလှစ်ဇမ္ဗူ မြင်တိုင်းသူတို့ သည်းအူညွတ်ပျောင်း မျက်ခြည်ညောင်းမျှ ပျံ့လှောင်းကြိုင်ဆုံး ကြက်ရုံးသဇင် ပန်ဆင်စမှတ် ကုံးတုလွတ်လည်း ဝါကျွတ်လွန်ပြီ့ ကျွန်းဘွယ်ရှိလိမ့် လျှံညိပွင့်ဆိုင်း မျှမနှိုင်းသည် ဆက်တိုင်းပျော်ဖက်ရန်လှည့်သော ။

တွတ်တွတ်ဆိုဘွယ် နှုတ်ပျံ့ကြွယ်လည်း စံပယ်မုလေး ထုံလှာမွှေးသို့ ရေးရေးစိတ်တွင် မိန့်နိုးထင်၍ သာရွှင်လန့်ကြား ပြန်တုံ့မှားခဲ့ သနားချစ်သက် ကြင်ကျွမ်းဖက်ဟု မယွတ်ဆံဖြူ နှင်းထိုက်သူကြောင့် သည်းအူဝှန်ဖြိုး မြေမိုးမြင်းမိုရ် နှုန်းဆိုစီလျဉ် ကြံရာစဉ်ဝယ် နတ်ယဉ်စီးလစ် အာကာမြစ်လည်း သွယ်ရစ်လှတင့် မြကုံးပွင့်သို့ ကုံးဆင့်ကုံးရန်း ဝိုက်ဝိုက်ဝန်း၍ တိမ်နန်းဘုံသစ် ဥကင်လှစ်က သုံးခေတ္တပန်း မဉ္ဇူမှန်းသား ကြငှန်းသကျ ရှင်ချစ်ဖလျှင် ပြည့်ရစုံလွယ် ချစ်ရေးကယ်လော့ ခြောက်သွယ်ရောင်မြူး ဘဝဂ်ကျူးသည် ရူးမူးပျံတက်ဝှန်လှည့်သော ။

ထွတ်ထွတ်ပျိုရွယ် မွတ်မွတ်သွယ်သား သက်ဆယ်နှစ်စွန်း ရက်မယွန်းတည့် လျှံထွန်းတန်းဆောင် ရွှန်းတင့်ခေါင်ကို မြင်ယောင်ထင်မက် စက်လည်းသွယ်ခွေ နေလည်းပြိုက်ရွှမ်း ငြိမ့်မျှလွမ်း၍ ကြင်ကျွမ်းချစ်ညွန့် မကွန့်ကဲဆင့်1 တိုးတက်မြင့်သော် ကြာနှင့်စုံရေး ဖူးချင်နှေးခဲ့ ထစ်ကြွေးအုံ့ပျ ဝါသစ်လကို တူကွရင်ရွှေ ဖူးလွယ်စေဟု သပြေမှည့်သီး သွန်း၍ပြီးသား ရွှေထီးရတနာ ဖြန့်မိုးကာလျက် မည်သာတော်နှင့် သပ္ပါယ်တင့်သည် ပျောက်လွင့်ဗျာပါ ရှင်တော့်ရာကို ရိုးညှာခိုင်လန်း နံတူပန်းနှင့် တိမ်စွန်းသံညောင်း2 ဆုယူတောင်းသည် ဆယ်ချောင်းရှိလက်ပန်လှည့်သော ။