ဒါရုသာကဋိကပုတ္တဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပကိဏ္ဏကဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၅။ ဒါရုသာကဋိကပုတ္တဝတ္ထု
325186ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပကိဏ္ဏကဝဂ် — ၅။ ဒါရုသာကဋိကပုတ္တဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၅။ ထင်းလှည်းသမား၏သားဝတ္ထု

သုပ္ပဗုဒ္ဓံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ထင်းလှည်းသမား၏သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နမော ဗုဒ္ဓဿနှင့် မိစ္ဆာဒိဋ္ဌိသူငယ်

ရာဇဂြိုဟ်ပြည်၌ သမ္မာဒိဋ္ဌိ အယူရှိသောသူ၏ သားသည်လည်းကောင်း၊ မိစ္ဆာဒိဋ္ဌိ အယူရှိသောသူ၏ သားသည်လည်းကောင်း နှစ်ယောက်တို့သည် မပြတ် ခုံညင်းကစားခြင်းကို ကစားကြကုန်သတတ်၊ ထိုသူနှစ်ယောက်တို့တွင် သမ္မာအယူရှိသောသူ၏ သားသည် ခုံညင်းကို ပစ်လတ်သည်ရှိသော် မြတ်စွာဘုရား၏ဂုဏ်ကို အဖန်ဖန် အောက်မေ့သော ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို ဆင်ခြင်နှလုံးသွင်း၍ “နမော ဗုဒ္ဓဿ”။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။ နမော၊ ရှိခိုးပါ၏ဘုရားဟု ဆိုလျက် ခုံညင်းကို ပစ်၏၊ မိစ္ဆာအယူရှိသောသူ၏ သားသည် တိတ္ထိတို့၏ ဂုဏ်ကျေးဇူးတို့ကို ရည်စူး၍ “နမော အရဟန္တာနံ”။ အရဟန္တာနံ၊ ရဟန္တာကြီးတို့အား။ နမော၊ ရှိခိုးပါ၏ဘုရားဟု ဆို၍ ပစ်၏၊ ထိုသူငယ်နှစ်ယောက်တို့တွင် သမ္မာအယူရှိသောသူ၏ သားသည် အောင်၏၊ နိုင်၏။ မိစ္ဆာအယူရှိသောသူ၏ သားသည်ကား ရှုံး၏၊ ထိုမိစ္ဆာအယူရှိသောသူ၏သားသည် ထိုသမ္မာအယူရှိသောသူ၏သား ပြုလုပ်ပုံအမူအရာကို မြင်ရလျှင် “ဤသူသည် ဤသို့အောက်မေ့၍ ဤသို့ဆို၍ ခုံညင်းကို ပစ်သည်ရှိသော် ငါ့ကို နိုင်၏၊ ငါသည်လည်း ဤသူကဲ့သို့ သဘောရှိသည်ကို ပြုလုပ်ဦးအံ့”ဟု နှလုံးပြု၍ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၌ လေ့လာခြင်းကို ပြုလေ၏။ ထို့နောက် တစ်နေ့သ၌ ထိုသူငယ်၏ဖခင်သည် လှည်းကိုက,၍ ထင်းတို့၏အကျိုးငှာ သွားလတ်သော်လည်း ထိုသူငယ်ကို ခေါ်သွားသဖြင့် တောအုပ်၌ ထင်းတို့ဖြင့် လှည်းကိုပြည့်စေ၍ ပြန်လာသည်ရှိသော် မြို့၏အပ သုသာန်၏အနီး ရေဖြင့် ချမ်းသာရာအရပ်တစ်ခု၌ နွားတို့ကို ဖြေလွှတ်ပြီးလျှင် ထမင်းစားခြင်းကို ပြုလေ၏၊ ထိုအခါ ထိုထင်းလှည်းသမား၏ နွားတို့သည် ညချမ်းသောအခါ မြို့တွင်းသို့ဝင်သော နွားအပေါင်းနှင့် အတူတကွ မြို့တွင်းသို့သာလျှင် ဝင်ကြလေကုန်၏၊ ထင်းလှည်းသမားသည်လည်း နွားတို့ကို အစဉ်အတိုင်းလိုက်သဖြင့် မြို့တွင်းသို့ဝင်ပြီးလျှင် ညချမ်းသောအခါ နွားတို့ကိုမြင်ရလျှင် ယူ၍ ထွက်လတ်သည်ရှိသော် မြို့တံခါးကို ကောင်းစွာ မမီခဲ့လေ၊ ထိုထင်းလှည်းသမား မရောက်မီကပင်လျှင် မြို့တံခါးကို ပိတ်လေ၏၊ ထိုသို့ တံခါးပိတ်ထားသောအခါ ထိုထင်းလှည်းသမား၏ သားငယ်သည် တစ်ယောက်အထီးတည်းသာလျှင် ညဉ့်အဖို့၌ လှည်း၏အောက်တွင် တုံးလုံးလှဲကာ အိပ်ပျော်ခြင်းသို့ ရောက်ရရှာလေ၏။

ဘီလူး လာဆွဲသဖြင့် ရွတ်ဆိုပုံ

ရာဇဂြိုဟ်ပြည်သည်ကား ပြကတေ့အားဖြင့်လည်း ဘီလူးတို့သည် များပြားကုန်၏၊ ဤသူငယ်သည်လည်း သုသာန်အနီး၌ အိပ်ပျော်ရှာလေ၏၊ ထိုအရပ်၌ သူငယ်ကို ဘီလူးနှစ်ယောက်တို့သည် မြင်ကြလေကုန်၏၊ ဘီလူးတစ်ယောက်သည် သာသနာတော်၏ ဆူးငြောင့်သဖွယ်ဖြစ်သော မှားသော မိစ္ဆာအယူရှိ၏၊ ဘီလူးတစ်ယောက်ကား မှန်သော သမ္မာအယူရှိ၏၊ ထိုဘီလူးနှစ်ယောက်တို့တွင် မိစ္ဆာအယူရှိသော ဘီလူးသည် “ဤသူငယ်ကား ငါတို့၏ အစာတည်း၊ ဤသူငယ်ကို စားကြကုန်စို့အံ့”ဟု ဆိုလေ၏၊ သမ္မာအယူရှိသော ဘီလူးသည် “မသင့်လျော်ပေ။ မနှစ်သက်ပါလေလင့်”ဟု တားမြစ်လေ၏။ ထိုမိစ္ဆာအယူရှိသော ဘီလူးသည် ထိုသမ္မာအယူရှိသောဘီလူး တားမြစ်သော်လည်း ထိုဘီလူး၏စကားကို မနာယူမူ၍ သူငယ်ကို ခြေတို့၌ကိုင်၍ ဆွဲငင်လေ၏၊ ထိုသူငယ်သည် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း၌ လေ့ကျက်ခြင်းရှိသည် အဖြစ်ကြောင့် ဆွဲငင်သောခဏ၌ “နမော ဗုဒ္ဓဿ”ဟူ၍ ရွတ်ဆိုလိုက်၏၊ ဘီလူးသည် ကြီးစွာသောဘေးဖြင့် ကြောက်လန့်သည်ဖြစ်၍ နောက်သို့ ဆုတ်ဖဲကာ ရပ်တည်နေလေ၏။

နန်းတော်မှ ရွှေခွက်သူခိုးဟု အဖမ်းခံရခြင်း

ထိုအခါ ထိုမိစ္ဆာအယူရှိသော ဘီလူးကို သမ္မာအယူရှိသော ဘီလူးသည် “ငါတို့နှင့် အတူတကွ မပြုအပ်သောအမှုကို ပြုမိချေပြီ၊ ထိုသူငယ်၏အလို့ငှာ ဒဏ်အမှုကို ပြုလုပ်ကြကုန်စို့အံ့”ဟု ဆို၍ ထိုသူငယ်ကို စောင့်ရှောက်လျက် ရပ်တည်နေလေ၏၊ မိစ္ဆာအယူရှိသော ဘီလူးသည် မြို့တွင်းသို့ဝင်၍ ဗိမ္ဗိသာရမင်းကြီး၏ ပွဲတော်အုပ်ကို ပြည့်စေလျက် ဘောဇဉ်အာဟာရကို ဆောင်ယူလာ၏၊ ထိုအခါ သူငယ်ကို ဘီလူးနှစ်ယောက်တို့သည်လည်း အမိအဖတို့ကဲ့သို့ဖြစ်၍ သူငယ်ကို အနီး၌ထားသဖြင့် စားစေပြီးလျှင် “ဤအက္ခရာတို့ကို မင်းကြီးသည်သာလျှင် မြင်ပါစေသတည်း၊ တစ်ပါးသောသူသည် မမြင်ပါစေသတည်း”ဟု နှလုံးပြု၍ ထိုအကြောင်းအရာကို ထင်ရှားစွာပြလျက် ဘီလူးတို့၏ အာနုဘော်အားဖြင့် ပွဲတော်အုပ်၌ အက္ခရာတို့ကို ရေးသားထားကြလေကုန်၏။

(ပွဲတော်အုပ် ထမင်းခွက်ကို ထင်းလှည်းထက်၌ တင်ထား၍ ညဉ့်သုံးယံပတ်လုံး အစောင့်အရှောက်ကိုပြု၍ ဖဲသွားကြလေ၏။ ဤစကားများသည် အချို့အဋ္ဌကထာတို့၌ မပါ။)

တစ်ဖန် မိုးသောက်သော နောက်နေ့၌ “မင်းကြီး၏ နန်းတော်မှ ခိုးသူတို့သည် ပွဲတော်အုပ်ခွက်ဘဏ္ဍာကို ခိုးယူ၏”ဟု အုတ်အုတ်ကျက်ကျက် ပြုကြကုန်လျက် တံခါးတို့ကိုပိတ်ပြီးလျှင် ကြည့်ရှုလတ်သည်ရှိသော် ထိုမြို့တွင်း၌ မမြင်ကုန်ရကား မြို့မှထွက်၍ ထိုမှဤမှ ကြည့်ရှုလတ်သည်ရှိသော် ထင်းတို့၏အကြား၌ ရွှေခွက်ကိုမြင်ရလျှင် “ဤသူငယ်သည် ခိုးသူတည်း”ဟု သူငယ်ကိုဖမ်း၍ မင်းကြီးအား ပြသကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည်လည်း အက္ခရာတို့ကိုမြင်ရလျှင် “ချစ်သား- ဤသို့ဖြစ်ပုံကား အဘယ်သို့ ဖြစ်ပုံနည်း”ဟု မေးလတ်သည်ရှိသော် “အရှင်မင်းကြီး- ကျွန်တော်မျိုး မသိပါ၊ ကျွန်တော်မျိုး၏ မိခင်ဖခင်တို့သည် လာလတ်၍ ညဉ့်အခါ ကျွေးမွေးပြီးလျှင် စောင့်ရှောက်လျက် တည်နေကြပါသည်။ ကျွန်တော်မျိုးသည်လည်း “မိခင်ဖခင်တို့သည် ငါ့ကို စောင့်ရှောက်ကြကုန်၏”ဟု မှတ်ထင်သဖြင့် ကြောက်ခြင်း,လန့်ခြင်း မရှိသည်ဖြစ်၍ အိပ်ပျော်ခြင်းသို့ ရောက်ပါသည်၊ ဤမျှကိုသာ ကျွန်တော်မျိုး သိပါသည်ဘုရား”ဟု လျှောက်တင်လေ၏။ ထိုအခါ၌ သူငယ်၏ မိခင်ဖခင်တို့သည်လည်း ထိုအရပ်သို့ ရောက်သွားကြလေကုန်၏၊ မင်းကြီးသည် ထိုအကြောင်းအရာကို သိပြီးဖြစ်သဖြင့် ထိုသုံးယောက်သော သူတို့ကို ခေါ်ဆောင်လျက် မြတ်စွာဘုရား၏ အထံတော်သို့ သွား၍ အလုံးစုံသော အကြောင်းအရာကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- အသို့ပါနည်း၊ ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့တတ်သော သတိသည်သာလျှင် စောင့်ရှောက်တတ်သောတရား ဖြစ်ပါသလော၊ ထိုသို့မဟုတ် တရားဆယ်ပါး၏ ဂုဏ်တော်ကို အဖန်တလဲလဲ အောက်မေ့တတ်သောသတိ အစရှိသည်တို့သည်လည်း စောင့်ရှောက်တတ်သော တရားတို့ ဖြစ်ကြပါသလောဘုရား”ဟု မေးလျှောက်လေ၏။ ထိုအခါ မင်းကြီးအား မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- ဗုဒ္ဓါနုဿတိသည်သာလျှင် စောင့်ရှောက်တတ်သည် မဟုတ်သေး၊ အကြင်သူတို့အားကား ခြောက်ပါးသော အပြားအားဖြင့် ကောင်းစွာ ပွားစေအပ်သော စိတ်သည် ရှိ၏၊ ထိုသူတို့အား တစ်ပါးသော စောင့်ရှောက်ခြင်း, ပိတ်ပင်တားဆီးခြင်းဖြင့်လည်းကောင်း၊ မန္တန်ဆေးတို့ဖြင့်လည်းကောင်း ပြုဖွယ်ကိစ္စသည် မရှိပြီ”ဟု မိန့်တော်မူ၍ ခြောက်ပါးသော အရာတို့ကို ပြတော်မူလိုသော မြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၉၆] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။

[၂၉၇] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။

[၂၉၈] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။

[၂၉၉] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။

[၃၀၀] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ အဟိံသာယ ရတော မနော။

[၃၀၁] သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။
ယေသံ ဒိဝါ စ ရတ္တော စ၊ ဘာဝနာယ ရတော မနော။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ ဗုဒ္ဓဂတာ၊ ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။

(ဣတိပိ သော ဘဂဝါ အရဟံ ဤသို့စသော အပြားရှိကုန်သော ဘုရားရှင်၏ ဂုဏ်တော်တို့ကို အာရုံပြု၍ဖြစ်သော သတိသည် အမြဲမပြတ်ရှိသည်ဖြစ်အံ့၊ ထိုသူတို့သည် အခါခပ်သိမ်းပင် ကောင်းစွာနိုးခြင်းပင် နိုးကြကုန်၏။ ထိုသို့ မတတ်နိုင်ကြမူ တစ်နေ့လျှင် သုံးချိန်သောအခါ၌ဖြစ်စေ၊ နှစ်ချိန်သောအခါ၌ဖြစ်စေ၊ တစ်ချိန်သောအခါ၌ဖြစ်စေ ဗုဒ္ဓါနုဿတိကို စိတ်၌ အောက်မေ့ကြကုန်သော သူတို့သည် ကောင်းစွာနိုးခြင်း နိုးကြသည်သာ မည်ကုန်၏ဟူလို။)

ဂေါတမသာဝကာ၊ ဂေါတမနွယ်ဖွား မြတ်စွာဘုရား၏ တရားနာရ တပည့်သာဝကဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ ဓမ္မဂတာ၊ တရားတော်ဂုဏ်ကို အာရုံပြု၍ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါစ၊ နေ့၌လည်းကောင်း။ ရတ္တောစ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ သံဃဂတာ၊ သံဃာတော်ဂုဏ်ကို အာရုံပြု၍ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ ကာယဂတာ၊ ဒွတ္တိံသာကာရ အစရှိသည်တို့၏ အစွမ်းဖြင့်ဖြစ်သော။ သတိ၊ အောက်မေ့ခြင်းသည်။ အတ္ထိ၊ ရှိ၏။

(ဆံပင်, မွေးညင်းစသော သုံးဆယ့်နှစ်ပါးသော အခြင်းအရာ၏ အစွမ်းဖြင့်လည်းကောင်း၊ ကိုးပါးသော သိဝထိက ကမ္မဋ္ဌာန်း၏ အစွမ်းဖြင့်လည်းကောင်း၊ ဓာတ်ကြီးလေးပါး ပိုင်းခြားခြင်း၏ အစွမ်းဖြင့်လည်းကောင်း၊ အဇ္ဈတ္တ နီလကသိုဏ်းစသော ရူပဈာန်၏ အစွမ်းဖြင့်လည်းကောင်း ဖြစ်သော ကာယဂတာသတိဟူလို။
(ကိုးပါးသော သိဝထိက ကမ္မဋ္ဌာန်းကို သတိပဋ္ဌာန်သုတ်တို့၌ ပြသည်။ သုသာန်၌ ပစ်ထားအပ်သော ၁။ ဖူးဖူးရောင်ပုပ်သောသူကောင်။ ၂။ အသားများရာ၌ နီ, ပြည်စုရာ၌ ဖြူ, အများအားဖြင့် ညိုမည်း ဟောင်ပုပ်သောသူကောင်။ ၃။ ယိုထွက်သော ပြည်ပုပ်ရှိသောသူကောင်။ ၄။ ကျီး,ခွေး,လင်းတ စသည်တို့ ကိုက်ခဲဆိတ်ဆွအပ်သောသူကောင်။ ၅။ အသားအသွေးရှိ၍ အကြောဖြင့်ဖွဲ့အပ်သော အရိုးစု။ ၆။ အသားမရှိ သွေးလိမ်းကျံလျက် အကြောဖြင့်ဖွဲ့အပ်သော အရိုးစု။ ၇။ အသားအသွေးကင်းလျက် အကြောဖြင့်ဖွဲ့အပ်သော အရိုးစု။ ၈။ အကြောဖွဲ့ခြင်းမရှိ, လက်ရိုးတခြား ခြေရိုးတခြား စသည်ဖြင့် ထိုထိုအရပ်၌ ပစ်အပ်သော အရိုးစု။ ၉။ ခရုသင်းကဲ့သို့ ဖြူဖွေးသော အရိုးစု, နှစ်ချို့နှစ်လွန်သော အရိုးစု, ကြွေမွသော အရိုးစု၊ ဤသို့ ဝိပဿနာအစွမ်းဖြင့် ဟောအပ်သော ကိုးပါးသော သိဝထိက ကမ္မဋ္ဌာန်းဟူလို။)

ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ အဟိံသာယ၊ မညှဉ်းဆဲခြင်း ကရုဏာဘာဝနာဖြင့်။ ရတော၊ မွေ့လျော်သော။ မနော၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။ ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သား ဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ယေသံ၊ အကြင်သူတို့အား။ ဒိဝါ စ၊ နေ့၌လည်းကောင်း။ ရတ္တော စ၊ ညဉ့်၌လည်းကောင်း။ နိစ္စံ၊ အမြဲမပြတ်။ ဘာဝနာယ၊ မေတ္တာဘာဝနာဖြင့်။ ရတော၊ မွေ့လျော်သော။ မနော၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။ ဂေါတမသာဝကာ၊ ဂေါတမဘုရား၏ တပည့်သားဖြစ်ကုန်သော။ တေ၊ ထိုသူတို့သည်။ သဒါ၊ အခါခပ်သိမ်း။ သုပ္ပဗုဒ္ဓံ၊ ကောင်းစွာနိုးခြင်းကို။ ပဗုဇ္ဈန္တိ၊ နိုးကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ သူငယ်သည် မိခင်ဖခင်တို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်ကာလ၌ကား ရဟန်းပြုကြ၍ အလုံးစုံ သုံးယောက်သော သူတို့သည်လည်း အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ရောက်လာသောသူတို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ထင်းလှည်းသမား၏သားဝတ္ထုပြီး၏။