ဒေဝေါရောဟဏဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗုဒ္ဓဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၂။ ဒေဝေါရောဟဏဝတ္ထု
325035ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗုဒ္ဓဝဂ် — ၂။ ဒေဝေါရောဟဏဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၂။ နတ်ပြည်မှ သက်ဆင်းတော်မူသော ဝတ္ထု

ယေ ဈာနပ္ပသုတာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ များစွာသော နတ်လူတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရာဇဂြိုဟ်သူဌေး စန္ဒကူးသပိတ် ဆွဲထားခြင်း

အခါတစ်ပါး ရာဇဂြိုဟ်သူဌေးသည် ဘေးရန်မှ လွတ်ကင်းစိမ့်သောငှာလည်းကောင်း၊ မေ့လျော့ခြင်းဖြင့် လျှောကျွတ်ကျကုန်သော တန်ဆာစသည်တို့ကို စောင့်ရှောက်စိမ့်သောငှာလည်းကောင်း ပိုက်ကွန်ဖြင့်ပြုအပ်သော ပခြုပ်အကာအရံကို ဝန်းရံစေပြီးလျှင် ဂင်္ဂါမြစ်၌ ရေကစားခြင်းကို ကစားလေ၏။ ထိုအခါ တစ်ခုသော စန္ဒကူးနီပင်သည် ဂင်္ဂါမြစ်ညာ အထက်ကမ်းနား၌ ပေါက်ရောက်လျက်ရှိရာ ဂင်္ဂါမြစ်ရေဖြင့် တိုးဝှေ့တိုက်ပွတ်အပ်သော အမြစ်ရှိရကား လဲပြိုသဖြင့် ထိုထိုအရပ်ရှိ ကျောက်ဆောင်တို့၌ တိုက်ခိုက်ချိုးဖဲ့အပ်သည်ဖြစ်၍ ဖရိုဖရဲကစဉ့်ကရဲ ပြန့်ကြဲလေ၏။ ထို့နောက်မှ တစ်ခုသော အိုးစရည်းကြီး ပမာဏရှိသော စန္ဒကူးအသားတုံးသည် ကျောက်ခဲတို့ဖြင့် ထိခိုက်ပွတ်တိုက်လျက် ရေလှိုင်းတံပိုး ပုတ်ခတ်အပ်သည်ဖြစ်၍ အစဉ်အတိုင်းအားဖြင့် မျောလတ်သည်ရှိသော် မှော်သေးမှော်ညှင်း မှေးယှက်ကာ လာပြီးလျှင် ထိုသူဌေး၏ ကွန်ယက်၌ ငြိကပ်လေ၏။ သူဌေးသည် “ဤအရာကား အဘယ်နည်း”ဟု ဆိုသဖြင့် သစ်သားတုံးဟု ကြားသိရပြီးလျှင် ထိုသစ်သားတုံးကို ဆောင်စေ၍ “ဤသစ်သားသည် အဘယ်သစ်သားဖြစ်သနည်း”ဟု ဆိုသဖြင့် စူးစမ်းခြင်းငှာ ပဲခွပ်သွားအဖျားဖြင့် ရွေစေလေ၏။ ထိုခဏ၌ပင်လျှင် ချိပ်ရည်အဆင်းနှင့်တူသော အဆင်းရှိသော စန္ဒကူးနီသည် ထင်ရှားလေ၏။ သူဌေးကြီးသည်ကား သမ္မာဒိဋ္ဌိလည်း မဟုတ်၊ မိစ္ဆာဒိဋ္ဌိလည်းမဟုတ် အလယ်အလတ်၌တည်သော လျစ်လျူရှုခြင်း သဘောရှိ၏။ ထိုသူဌေးသည် “ငါ့အိမ်၌ စန္ဒကူးနီကား များလှပေ၏၊ ဤစန္ဒကူးနီဖြင့် အဘယ်အမှု ပြုရအံ့နည်း”ဟု ကြံစည်လေ၏။ ထိုအခါ သူဌေးအား ဤသို့သော အကြံသည် ဖြစ်ပေါ်လာလေ၏။ “ဤလောက၌ “ငါတို့ကား ရဟန္တာတို့တည်း၊ ငါတို့ကား ရဟန္တာတို့တည်း”ဟူ၍ ဆိုသောသူတို့သည် များလှကုန်၏၊ ငါကား တစ်ယောက်သော ရဟန္တာကိုမျှလည်း မမြင်ရ၊ အိမ်၌ ပွတ်ခုံကို ယှဉ်စေ၍ သပိတ်ကို ပွတ်ခံစေပြီးလျှင် ဆိုင်း၌ထားပြီးမှ ဝါးလုံးအဆက်ဆက်ဖြင့် အတောင်ခြောက်ဆယ်မျှ အတိုင်းအရှည်ရှိသော ကောင်းကင်၌ တွဲရရွဲဆွဲစေ၍ “ရဟန္တာသည် အကယ်၍ ရှိသည်ဖြစ်အံ့၊ ဤစန္ဒကူးသပိတ်ကို ကောင်းကင်ဖြင့် ကြွလာ၍ ယူကြပါစေကုန်သတည်း”ဟု ဆိုအံ့၊ အကြင်သူသည် ထိုသပိတ်ကို ယူနိုင်လတ္တံ့၊ ထိုသူအား သားမယားနှင့်တကွ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပေအံ့”ဟု အကြံဖြစ်လေ၏။ ကြံစည်အပ်သော နည်းအားဖြင့်သာလျှင် သပိတ်ကို ပွတ်ခံစေပြီးလျှင် ဝါးလုံးအဆက်ဆက်ဖြင့် စိုက်ထောင်စေ၍ “အကြင်ပုဂ္ဂိုလ်သည် ဤလောက၌ ရဟန္တာ ဟုတ်မှန်၏၊ ထိုပုဂ္ဂိုလ်သည် ကောင်းကင်ဖြင့် ကြွလာပြီးလျှင် ဤသပိတ်ကို ခံယူပါစေသတည်း”ဟု ဆိုလေ၏။

စန္ဒကူးသပိတ်ရရေး တိတ္ထိတို့ ဟန်ရေးပြ

ခြောက်ယောက်သော တိတ္ထိဆရာကြီးတို့သည် “ငါတို့အားသာလျှင် လျောက်ပတ်၏၊ ငါတို့အားသာလျှင် ထိုစန္ဒကူးသပိတ်ကို ပေးလော့”ဟု ဆိုကြလေကုန်၏၊ ထိုသူဌေးသည် “ကောင်းကင်ဖြင့်ကြွလာ၍ ခံယူတော်မူကြပါကုန်လော့”ဟု ဆိုလေ၏။ ထိုအခါ ခြောက်ရက်မြောက်သောနေ့၌ နာဋပုတ္တ နိဂဏ္ဌ တက္ကတွန်းသည် တပည့်တို့ကို “သွားကြကုန်လော့၊ သူဌေးကြီးကို ဤသို့ ဆိုကြကုန်လော့၊ “ငါတို့ဆရာအား လျောက်ပတ်၏၊ အနည်းငယ်မျှသောဝတ္ထု၏ အကြောင်းကြောင့်သာလျှင် ကောင်းကင်ဖြင့် ကြွလာခြင်းကို မပြုပါလင့်၊ ဤသပိတ်ကို ငါ့အလို့ငှာ ပေးလှူပါ”ဟူ၍ ဆိုလော့”ဟု စေခိုင်းလိုက်လေ၏။ ထိုတက္ကတွန်း တပည့်တို့သည် သွားကြကုန်သဖြင့် သူဌေးကြီးကို ဆရာမှာကြားတိုင်း ပြောဆိုကြလေကုန်၏။

သူဌေးကြီးသည် “ကောင်းကင်ဖြင့် ကြွလာ၍ ယူခြင်းငှာ စွမ်းနိုင်သောပုဂ္ဂိုလ်သည်သာလျှင် ယူပါစေသတည်း”ဟု ဆိုလေ၏။ နာဋပုတ္တတက္ကတွန်းသည် ကိုယ်တိုင် သွားလိုလတ်သည်ဖြစ်၍ အန္တေဝါသိက တပည့်တို့အား အမှတ်သညာ ပေးလေ၏။ “ငါသည် တစ်ဖက်သောလက်ကိုလည်းကောင်း၊ ခြေကိုလည်းကောင်း ကြွချီမြှောက်ပင့်၍ ပျံတက်ခြင်းငှာ အလိုရှိဘိသကဲ့သို့ ဖြစ်ပေအံ့၊ သင်တို့သည် ငါ့ကို “ဆရာ- အဘယ်သို့ ပြုကြကုန်အံ့နည်း၊ သစ်သားဖြင့်ပြီးသော သပိတ်၏အကြောင်းကြောင့် ဖုံးလွှမ်းအပ်သော ရဟန္တာ၏ဂုဏ်ကျေးဇူးကို လူများအပေါင်းအား ပြတော်မမူကြပါကုန်လင့်”ဟုဆို၍ ငါ့ကို လက်တို့၌လည်းကောင်း၊ ခြေတို့၌လည်းကောင်း ကိုင်ယူဆွဲငင်လျက် မြေ၌ လဲစေကြကုန်လော့ (လဲအောင် ပြုကြပါကုန်လော့)”ဟု ဆိုသဖြင့် ထိုနာဋပုတ္တ တက္ကတွန်းသည် ထိုစန္ဒကူးသပိတ်ရှိရာအရပ်သို့ သွားတဲ့၍ သူဌေးကို “သူဌေးကြီး- ငါ့အား ဤသပိတ်သည် လျောက်ပတ်၏၊ သူတစ်ပါးတို့အား မလျောက်ပတ်။ သင့်အား အနည်းငယ်မျှသော ဝတ္ထု၏ အကြောင်းကြောင့်သာလျှင် ကောင်းကင်သို့ ပျံတက်ခြင်းကို မနှစ်သက်လင့်၊ ငါ့အား သပိတ်ကို ပေးလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ကောင်းကင်သို့ ပျံတက်၍သာ ခံယူ တော်မူကြပါလော့”ဟု လျှောက်ထားလေ၏။

ထို့နောင်မှ နာဋပုတ္တတက္ကတွန်းသည် “ထိုသို့ဖြစ်မူ ဖဲကြကုန်လော့”ဟု ဆိုသဖြင့် အန္တေဝါသိက တပည့်တို့ကို ဖဲစေပြီးလျှင် ကောင်းကင်သို့ ပျံတက်တော့အံ့ဟု တဖက်သော လက်ကိုလည်းကောင်း။ ခြေကိုလည်းကောင်း ကြွချီမြှောက်ပင့်လေ၏။ ထိုအခါ နာဋပုတ္တတက္ကတွန်းကို တပည့်တို့သည် “ဆရာ- အဘယ့်ကြောင့် ဤကောင်းကင် ပျံခြင်းအမှုကို ပြုကြပါကုန်အံ့နည်း။ အလွန်တရာယုတ်ညံ့လှစွာသော သစ်သားသပိတ်၏အကြောင်းကြောင့် ဖုံးလွှမ်းအပ်သော ရဟန္တာ၏ဂုဏ်ကျေးဇူးတို့ကို လူများအပေါင်းအား ပြတော်မူသဖြင့် အဘယ်အကျိုးရှိအံ့နည်း”ဟု ဆို၍ နာဋပုတ္တတက္ကတွန်းကို လက်ခြေတို့၌ ကိုင်ယူဆွဲငင်လျက် မြေ၌ လဲစေကြလေကုန်၏။ ထိုနာဋပုတ္တတက္ကတွန်းသည် သူဌေးကို “သူဌေးကြီး- ဤတပည့်တို့သည် ပျံတက်ခြင်းငှာ မပေးကြကုန်၊ ငါ့အား သပိတ်ကို ပေးလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ကောင်းကင်သို့ ပျံတက်၍ ခံယူတော်မူကြပါ”ဟု ဆိုသဖြင့် ဤသို့လျှင် တိတ္ထိတို့သည် ခြောက်ရက်တို့ပတ်လုံး လုံ့လပြုကြကုန်သော်လည်း ထိုစန္ဒကူးသပိတ်ကို မရကြကုန်သည်သာတည်း။

ရှင်ပိဏ္ဍောလ၏ တန်ခိုးတော်

ခုနစ်ရက်မြောက်သောနေ့၌ ရှင်မောဂ္ဂလာန် မထေရ်မြတ်၏လည်းကောင်း၊ ရှင်ပိဏ္ဍောလ ဘာရဒွါဇမထေရ်မြတ်၏လည်းကောင်း ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ကြကုန်အံ့ဟု မြွက်ဆိုကာ ကြွသွားတော်မူပြီးလျှင် တစ်ခုသော ကျောက်ဖျာအပြင်၌ရပ်၍ သင်္ကန်းကို ရုံသောကာလ၌ သေသောက်ကြူးတို့သည် စကားကို ဆိုကြကုန်၏။ “အို..အချင်းတို့- ရှေးကာလ၌ ခြောက်ဦးသော ဆရာကြီးတို့သည် လောကဝယ် ငါတို့ကား ရဟန္တာတို့ဖြစ်ကုန်၏ဟု ပြောဆို လှည့်လည်သွားလာကြကုန်၏၊ ရာဇဂြိုဟ်သူဌေး၏ သပိတ်ကို ဝါးအဆင့်ဆင့် စိုက်ထောင်လျက် ထားသောနေ့သည် ယနေ့ ခုနစ်ရက်မြောက်ရှိခဲ့ပြီ၊ ရဟန္တာသည် အကယ်၍ ရှိငြားအံ့၊ ကောင်းကင်ဖြင့် ကြွလာ၍ ခံယူစေသတည်းဟုဆိုရာ တစ်ဦးတစ်ယောက်မျှလည်း ငါကား ရဟန္တာဟူ၍ ကောင်းကင်၌ ပျံတက်နိုင်သော ပုဂ္ဂိုလ်မရှိ၊ ယခုအခါ လောက၌ ရဟန္တာတို့၏ မရှိသောအဖြစ်သည် ထင်ရှား၏”ဟု ပြောဆိုကြလေကုန်၏။

(ပိဏ္ဍံ ဥလတိ ဂဝေသတီတိ ပိဏ္ဍောလော။ ပိဏ္ဍံ၊ ဆွမ်းကို။ ဥလတိ ဂဝေသတိ၊ ရှာတတ်၏။ ဣတိ၊ ထို့ကြောင့်။ ပိဏ္ဍောလော၊ ပိဏ္ဍလမည်၏။ အမည်ရင်းကား ဘာရဒွါဇတည်း။ ထိုရဟန်းကား ဆွမ်းအစားများ၏။ သပိတ်လည်းကြီး၏။ ဘုရားရှင်သည် ထိုရဟန်းအား သပိတ်အိတ်နှင့် ခွင့်မပြုသောကြောင့် ညောင်စောင်းအောက် သမံတလင်းမြေအပြင်၌ မှောက်လျက် ထားဖန်,ယူဖန်များသဖြင့် နခမ်းတို၍ ငယ်သွားမှ သပိတ်အိတ်ခွင့်ပြုသည်ဟု သံယုတ် အဋ္ဌကထာ၌ ဆို၏။)

ထိုသေသောက်ကြူးတို့ ဆိုသောစကားကို ကြားတော်မူရလျှင် ရှင်မောဂ္ဂလာန်သည် ရှင်ပိဏ္ဍောလဘာရဒွါဇကို “ငါ့ရှင်ဘာရဒွါဇ- သင်သည် ဤသေသောက်ကြူးတို့ ဆိုသောစကားကို ကြား၏လော။ ဤသေသောက်ကြူးတို့သည် မြတ်စွာဘုရား၏ သာသနာတော်ကို စုံစမ်းလိုကုန်သကဲ့သို့ ဆိုကြကုန်ဘိ၏။ သင်သည်လည်း ကြီးသောတန်ခိုးရှိ၏။ ကြီးသောအာနုဘော်ရှိ၏။ ကြွသွားပါလော့။ ထိုသပိတ်ကို ကောင်းကင်ဖြင့်သွား၍ ယူချေလော့”ဟု ဆိုလေ၏။ “ငါ့ရှင်မောဂ္ဂလာန်- သင်သည် တန်ခိုးကြီးသော သူတို့တွင် အမြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပေ၏။ သင်သည် ဤသပိတ်ကိုယူလော့။ သင်မယူလိုမှသာ အကျွန်ုပ်ယူပါအံ့”ဟု ဆိုသဖြင့် “ငါ့ရှင်- သင်သာ ယူလော့”ဟု ဆိုသည်ရှိသော် အရှင်ပိဏ္ဍောလ ဘာရဒွါဇသည် အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထဈာန်ကို ဝင်စား၍ ခြေမတော်ဖြင့် သုံးဂါဝုတ်ရှိသော ကျောက်ဖျာကို ယူပြီးလျှင် ခြေတော်ဖျားဖြင့် ဖုံးအုပ်တော်မူလျက် လဲဝါဂွမ်းစုကဲ့သို့ ကောင်းကင်၌ တည်စေသဖြင့် ရာဇဂြိုဟ်မြို့၏အထက်၌ ခုနစ်ကြိမ် လှည့်လည်တော်မူလေ၏။ ထိုကျောက်ဖျာသည် သုံးဂါဝုတ်အတိုင်း အရှည်ရှိသော ရာဇဂြိုဟ်မြို့ကို ဖုံးအုပ်ဘိသကဲ့သို့ ထင်လေ၏။ ရာဇဂြိုဟ်မြို့သူ မြို့သားတို့သည် “ကျောက်ဖျာသည် ငါတို့အပေါ်၌ လွှမ်းမိုးကာယူဘိ၏”ဟု ကြောက်လန့်ကုန်သဖြင့် ဗန်းစကောစသည်တို့ကို ထိပ်ထက်၌တင်လျက် ပုန်းအောင်းကြလေကုန်၏။ ခုနစ်ခုမြောက်သော အကြိမ်၌ ပိဏ္ဍောလ ဘာရဒွါဇမထေရ်လည်း ကျောက်ဖျာကိုခွဲ၍ ကိုယ်တော်ကိုပြလေ၏။ များစွာသော လူအပေါင်းသည် ပိဏ္ဍောလဘာရဒွါဇ မထေရ်ကိုမြင်လျှင် “ပိဏ္ဍောလဘာရဒွါဇ အရှင်မြတ်ဘုရား- အရှင်ဘုရား၏ ကျောက်ဖျာကို မြဲမြံစွာပြု၍ ယူတော်မူပါဘုရား။ အလုံးစုံသော တပည့်တော်တို့ကို မဖျက်စီးပါလင့်ဘုရား”ဟု လျှောက်ဆိုကြသဖြင့် ပိဏ္ဍောလမထေရ်သည် ကျောက်ဖျာကို ခြေဖျားတော်ဖြင့် ပစ်ချကာ လွှတ်လိုက်လေ၏။ ထိုကျောက်ဖျာသည် ကျသွား၍ တည်မြဲတိုင်းသော အရပ်၌သာလျှင် တည်လေ၏။

မထေရ်အား စန္ဒကူးသပိတ်လှူခြင်း

မထေရ်သည် သူဌေးကြီး၏အိမ်ထက်၌ ရပ်တော်မူ၏။ ထိုပိ‌ဏ္ဍောလဘာရဒွါဇမထေရ်ကို မြင်ရလျှင် သူဌေးကြီးသည် ရင်ဖြင့်ဝပ်လျက် “အရှင်သူမြတ်ဘုရား- သက်ဆင်းတော်မူကြပါဘုရား”ဟု ဆို၍ ကောင်းကင်မှ သက်ဆင်းတော်မူသော ရှင်ပိဏ္ဍောလမထေရ်ကို ထိုင်နေစေသဖြင့် စန္ဒကူး သပိတ်ကို ချယူစေပြီးလျှင် စတုမဓူအရသာဖြင့် ပြည့်သည်ကိုပြု၍ မထေရ်မြတ်အား သပိတ်ကို လှူဒါန်းလေ၏။ မထေရ်မြတ်သည်လည်း သပိတ်ကိုယူ၍ ကျောင်းတော်သို့ ရှေးရှုကြွတော်မူလေ၏။ ထိုအခါ အကြင်သူတို့သည် တောအုပ်သို့ သွားကြကုန်သည် ဖြစ်၍လည်းကောင်း၊ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်ကြကုန်သည် ဖြစ်၍လည်းကောင်း မထေရ်မြတ်၏ ထိုတန်ခိုးပြာဋိဟာကို မဖူးမြင်လိုက်ကြရကုန်။ ထိုသူတို့သည် စည်းဝေးကြကုန်သဖြင့် “အရှင်ဘုရား- တပည့်တော်တို့အားလည်း တန်ခိုးပြာဋိဟာကို ပြတော်မူပါဘုရား”ဟု မထေရ်နောက်သို့ အစဉ်လိုက်ကြလေကုန်၏။ မထေရ်မြတ်သည် ထိုသူတို့အား တန်ခိုးပြာဋိဟာကို ပြတော်မူ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။

(စတု+မဓုရ- လေးပါးသော+အရသာကောင်း။ ထောပတ်,ဆီ,ပျားရည်,တင်လဲ ဟူလို။ အချို့ကား ထောပတ်-၁၉ကျပ်။ နှမ်းဆီ-၈ကျပ်။ နှစ်ရပ်ပေါင်း သတ္တဗီသ ဖြစ်၏။ ပျားရည် ၁၇ကျပ်။ တင်လဲ-၁၀ကျပ်။ နှစ်ရပ်ပေါင်း သတ္တဗီသဖြစ်၏။ ထောပတ်နှင့် ဆီကျက်စေပြီးလျှင် အအေးခံပြီးမှ ပျားရည် တင်လဲထည့်၍ မရပ်မနား ကောလီကျေအောင် မွှေလျက် မီးပေါ်၌ ဆူစေလျှင် စတုပညာသဓာတ်ဖြစ်၏၊ စမုန်မျိုးငါးပါး တစ်မတ်သားစီထည့်၍ ညဉ့်နံနက် တဇွန်းစီ မှန်မှန်စားလျှင် အာယုဝဍ္ဎနဟု ဆိုကြသေး၏။)

သိက္ခာပုဒ်ပညတ်ခြင်း

မြတ်စွာဘုရားသည် ထိုပိဏ္ဍောလမထေရ်သို့ အစဉ်လိုက်၍ အုတ်အုတ်ကျက်ကျက် ကြွေးကြော်လျက်ရှိသော လူများအပေါင်း၏ အသံကိုကြားတော်မူလျှင် “ချစ်သားအာနန္ဒာ- ဤအသံကား အဘယ်သူ၏ အသံနည်း”ဟု မေးတော်မူ လတ်သဖြင့် “မြတ်စွာဘုရား- ပိဏ္ဍောလ ဘာရဒွါဇမထေရ်သည် ကောင်းကင်ဖြင့်ပျံတက်၍ စန္ဒကူးသပိတ်ကို ယူအပ်ပါသည်။ ထိုပိဏ္ဍောလရဟန်း၏အထံ၌ ဤအသံဖြစ်ပါသည်ဘုရား”ဟူသော စကားကိုကြားတော်မူလျှင် ပိဏ္ဍောလ ဘာရဒွါဇရဟန်းကို ခေါ်စေတော်မူ၍ “သင် ဤသို့ပြု၏ဟူသည် မှန်သလော”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်သည်ရှိသော် “ဘာရဒွါဇ- အဘယ့်ကြောင့် သင်သည် ဤသို့ပြုဘိသနည်း”ဟု ဘာရဒွါဇမထေရ်အား ကဲ့ရဲ့ရှုတ်ချတော်မူပြီးလျှင် ထိုသပိတ်ကို အပိုင်းအပိုင်း ခွဲစိတ်စေတော်မူလျက် ရဟန်းတို့အား မျက်စဉ်းကြိတ် သွေးစိမ့်သောငှာ ပေးစေတော်မူ၍ “တန်ခိုးမပြရ”ဟု သိက္ခာပုဒ်ကို ပညတ်တော်မူလေ၏။

တန်ခိုးပြိုင်ရန် တိတ္ထိတို့ ကြိုးစားခြင်း

တိတ္ထိတို့သည် “ရဟန်းဂေါတမကား ထိုသပိတ်ကို ခွဲစိတ်စေ၍ တန်ခိုးပြာဋိဟာပြခြင်းကို မပြုစိမ့်သောငှာ သိက္ခာပုဒ်ကို ပညတ်တော်မူသတတ်”ဟူသော စကားကို ကြားရလျှင် “ရဟန်းဂေါတမ၏ တပည့်သားတို့သည် ပညတ်အပ်သော သိက္ခာပုဒ်တော်ကို အသက်ဟူသော အကြောင်းကြောင့်သော်လည်း မလွန်ကျူးကြကုန်၊ ရဟန်းဂေါတမသည် မိမိပညတ်အပ်သော ထိုသိက္ခာပုဒ်ကို စောင့်ရှောက်လိမ့်မည်သာတည်း။ ယခုအခါ ငါတို့သည် အခွင့်ကိုရပေပြီ”ဟု နှလုံးပြု၍ ထိုတိတ္ထိတို့သည် မြို့မလမ်းခရီးတို့၌ ပြောကြားကုန်လျက် သွားလာလှည့်လည်ကြကုန်၏။ “ငါတို့သည် မိမိဂုဏ်ကျေးဇူးကို စောင့်ကုန်လျက် ရှေးအခါ၌ သစ်သားဖြင့်ပြီးသော သပိတ်၏ အကြောင်းကြောင့် မိမိဂုဏ်ကျေးဇူးကို လူများအပေါင်းအား မပြကြကုန်။ ရဟန်းဂေါတမ၏ တပည့်တို့ကား သပိတ်၏ အကြောင်းကြောင့် မိမိဂုဏ်ကျေးဇူးကို လူများအပေါင်းအား ပြကြကုန်ဘိ၏။ ရဟန်းဂေါတမသည် မိမိ၏ ပညာရှိသည်အဖြစ်ကြောင့် သပိတ်ကို ခွဲစိတ်စေပြီးလျှင် သိက္ခာပုဒ်ကို ပညတ်တော်မူ၏”ဟု ဆိုကြကုန်လျက် “ယခုအခါ ငါတို့သည် ထိုရဟန်းဂေါတမနှင့်သာလျှင် အတူ တကွ တန်ခိုးပြာဋိဟာပြခြင်းကို ပြုလိုကြကုန်၏”ဟု ပြောဆိုကြလေကုန်၏။

ဗိမ္ဗိသာရမင်းကြီး လျှောက်ထားပုံ

ဗိမ္ဗိသာရမင်းကြီးသည် ထိုစကားကိုကြားရလျှင် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့သည် တန်ခိုးပြာဋိဟာ ပြခြင်းကို မပြုစိမ့်သောငှာ တပည့်သာဝကတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏ဟူသည် မှန်ပါသလောဘုရား”ဟု လျှောက်လတ်သော် “မြတ်သောမင်းကြီး- မှန်ပေ၏”ဟု မိန့်ဆိုတော်မူလေ၏။ “ယခုအခါ တိတ္ထိတို့သည် ရှင်တော်မြတ်ဘုရားတို့နှင့် အတူတကွ တန်ခိုးပြာဋိဟာ ပြခြင်းကိုပြုလိုကြကုန်၏ဟု ဆိုကြပါသည်။ ယခုအခါ အဘယ်သို့ ပြုတော်မူကြပါကုန်အံ့နည်းဘုရား”ဟု မေးလျှောက်ပြန်သော် “မြတ်သောမင်းကြီး- ထိုတိတ္ထိတို့သည် ပြုလိုကြသည်ရှိသော် ငါတို့လည်း ပြုကြကုန်အံ့။ ပြိုင်ကြကုန်အံ့”ဟု မိန့်တော်မူလေ၏။ “ရှင်တော်မြတ်ဘုရားတို့သည် သိက္ခာပုဒ်ကို ပညတ်အပ်ပြီး မဟုတ်ပါလောဘုရား”ဟု မေးလျှောက်ပြန်သည်ရှိသော် “မြတ်သောမင်းကြီး- ငါဘုရားသည် ငါဘုရား၏အလို့ငှာ သိက္ခာပုဒ်ကို မပညတ်၊ ငါ၏ တပည့်သာဝကတို့ အလို့ငှာသာ ပညတ်တော်မူပေ၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရားတို့ကို ဖယ်ထား၍ တစ်ပါးသောသူတို့၌ သိက္ခာပုဒ်ကို ပညတ်ခြင်းမည်သည် ဖြစ်နိုင်ကောင်းပါအံ့လောဘုရား”ဟု မေးပြန်သော် “မြတ်သောမင်းကြီး- ထိုသို့ဖြစ်မူ သင့်ကိုပင်လျှင် ဤအရာ၌ တစ်ဖန်မေးဦးအံ့၊ မြတ်သောမင်းကြီး- နိုင်ငံတော်တွင်း၌ သင်၏ဥယျာဉ်သည် ရှိသည်မဟုတ်လော”ဟု မေးတော်မူလေ၏။ “ရှိပါသည် မြတ်စွာဘုရား”ဟု လျှောက်လတ်သော် “မင်းကြီး- သင်၏ဥယျာဉ်၌ လူများအပေါင်းသည် သရက်သီးစသည်တို့ကို အကယ်၍ စားငြားအံ့။ အဘယ်အမှုကို ပြုဘိသနည်း”ဟု မေးတော်မူလေ၏။ “မြတ်စွာဘုရား- မင်းဒဏ်ပေးခြင်းအမှုကို ပြုရပါသည်ဘုရား”ဟု လျှောက်လတ်သော် “သင်မင်းကြီးသည်ကား စားခြင်းငှာ ရလေတုံသလော”ဟု မေးတော်မူပြန်လေ၏။ “မြတ်စွာဘုရား- ရပါသည်ဘုရား။ တပည့်တော်အား မင်းဒဏ်မရှိနိုင်ပါ၊ တပည့်တော်သည် မိမိ၏ဥစ္စာကို စားခြင်းငှာ ရနိုင်ပါသည်ဘုရား”ဟု လျှောက်လေသော် “မြတ်သောမင်းကြီး- ယူဇနာသုံးရာရှိသော နိုင်ငံတော်၌ သင်မင်းကြီး၏အာဏာသည် လွှမ်းမိုး၍ ဖြစ်နိုင်ဘိ၏။ မိမိ၏ဥယျာဉ်၌ သရက်သီး စသည်တို့ကို စားသော်လည်း မင်းဒဏ်မရှိနိုင်။ သူတစ်ပါးတို့အား မင်းဒဏ်ရှိနိုင်ဘိသကဲ့သို့ ထို့အတူ စကြဝဠာ ကုဋေတစ်သိန်း၌ ငါဘုရား၏အာဏာသည် လွှမ်းမိုး၍ ဖြစ်ဘိ၏။ မိမိ၏ သိက္ခာပုဒ်ပညတ်ခြင်းဖြစ်သောကြောင့် လွန်ကျူးသောမည်သည် မရှိနိုင်ပြီ။ တစ်ပါးသော သူတို့အားကား ရှိနိုင်ပေ၏။ ငါဘုရားသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုပေတော့အံ့”ဟု မိန့်တော်မူလေ၏။

တိတ္ထိတို့အခက်ကြုံ

တိတ္ထိတို့သည် ထိုဘုရားရှင် မိန့်တော်မူသော စကားကိုကြားရလျှင် “ယခုအခါ ငါတို့သည် ပျက်စီးသောသူတို့ ဖြစ်ကုန်ပြီ၊ (ဒုက္ခရောက်ကုန်ပြီ) ရဟန်းဂေါတမသည် သာဝကတို့ အလို့ငှာသာလျှင် သိက္ခာပုဒ်ကို ပညတ်အပ်၏၊ မိမိအလို့ငှာ ပညတ်အပ်သည်မဟုတ်၊ ကိုယ်တိုင်သာလျှင် တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှာ အလိုရှိသတတ်၊ အဘယ်သို့သောအမှုကို ငါတို့ပြုကြ ရပါကုန်အံ့နည်း”ဟု တိုင်ပင်ကြလေကုန်၏။ မင်းကြီးသည်လည်း မြတ်စွာဘုရားကို “မြတ်စွာဘုရား- အဘယ်အခါ၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူကြပါကုန်အံ့နည်းဘုရား”ဟု မေးလျှောက်လေ၏။ “မြတ်သောမင်းကြီး- ဤနေ့မှ လေးလလွန်သောအခါ ဝါဆိုလပြည့်နေ့၌ ပြုကုန်အံ့”ဟု မိန့်ဆိုတော်မူလျှင် “မြတ်စွာဘုရား- အဘယ်အရပ်၌ ပြုတော်မူကြပါကုန်အံ့နည်းဘုရား”ဟု မေးလျှောက်ပြန်သဖြင့် “မြတ်သောမင်းကြီး- သာဝတ္ထိပြည်ကိုမှီ၍ ပြုကုန်အံ့”ဟု မိန့်ဆိုတော်မူလေ၏။

(အဘယ့်ကြောင့်လျှင် မြတ်စွာဘုရားသည် ဤသို့ဝေးကွာသောအရပ်ကို ညွှန်ပြတော်မူဘိသနည်းဟူမူကား ထိုသာဝတ္ထိပြည်သည် အလုံးစုံသော ဘုရားရှင်တို့၏ မြတ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူရာ အရပ်ဖြစ်၏။ ထို့ကြောင့် ဝေးကွာသောအရပ်ကို ညွှန်ပြတော်မူဘိ၏။ ထိုမှတစ်ပါးလည်း များစွာသော လူအပေါင်း၏ စည်းဝေးနိုင်စိမ့်သောငှာလည်း ဝေးကွာသောအရပ်ကိုသာ ညွှန်ပြတော်မူသတည်း။)

တိတ္ထိကြီးတို့ စကားဖြင့်ဟန်ရေးပြ

တိတ္ထိတို့သည် ထိုစကားကိုကြားရလျှင် “ဤနေ့မှ လေးလတို့လွန်လတ်သောအခါ ရဟန်းဂေါတမသည် သာဝတ္ထိပြည်၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုလတ္တံ့၊ ယခုအခါ ထိုရဟန်းဂေါတမကို မလွှတ်မူ၍သာလျှင် အစဉ်မပြတ် လိုက်ကြကုန်အံ့၊ လူများအပေါင်းသည် ငါတို့ကိုမြင်ရလျှင် ဤသို့ပြုလုပ်ခြင်းသည် အဘယ်အကြောင်းကြောင့်နည်းဟု မေးမြန်းလတ္တံ့၊ ထိုသို့ မေးမြန်းသောအခါ လူများအပေါင်းအား ငါတို့သည် ရဟန်းဂေါတမနှင့် အတူတကွ တန်ခိုးပြာဋိဟာပြခြင်းကို ပြုကြကုန်အံ့ဟု ပြောပြီးဆိုပြီး ဖြစ်ကုန်၏။ ထိုရဟန်းဂေါတမသည် ထွက်ပြေးလတ္တံ့။ ငါတို့သည် ထိုရဟန်းဂေါတမအား ထွက်ပြေးစိမ့်သောငှာ မပေးလိုသောကြောင့် အစဉ်မပြတ် လိုက်ကြရကုန်အံ့ဟု ပြောဆိုကြကုန်အံ့”ဟူ၍ တိုင်ပင်ကြကုန်၏။

တန်ခိုးပြရန် တိတ္ထိတို့မဏ္ဍပ်

မြတ်စွာဘုရားသည် ရာဇဂြိုဟ်၌ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ထွက်တော်မူလေ၏။ တိတ္ထိတို့သည်လည်း မြတ်စွာဘုရား၏ နောက်တော်မှသာလျှင် ထွက်၍ ဆွမ်းဘုဉ်းပေးခြင်းကို ပြုတော်မူရာအရပ်၌ နေကြကုန်၏။ နေရာအရပ်၌ တဖန်မိုးသောက်သောအခါ နံနက်စာစားခြင်းကိုပြုကြကုန်၏။ လူတို့သည် “ဤသို့ဘုရားရှင်၏ နောက်တော်မှ လိုက်ရခြင်းကား အကြောင်း အသို့နည်း”ဟု မေးကုန်လတ်သော် ဖော်ပြခဲ့ပြီးသော နည်းအားဖြင့်သာလျှင် ပြောကြားကြလေကုန်၏။ လူများအပေါင်းသည်လည်း တန်ခိုးပြာဋိဟာ ပြခြင်းကို ဖူးမြင်ကြကုန်အံ့ဟု နှလုံးသွင်း၍ အမှီလိုက်လေ၏။ မြတ်စွာဘုရားသည် အစဉ်သဖြင့် သာဝတ္ထိပြည်သို့ ရောက်လေ၏။ တိတ္ထိတို့သည်လည်း မြတ်စွာဘုရားနှင့် အတူတကွသာလျှင် သွား၍ အလုပ်အကျွေး ဒါယကာတို့ကို နှိုးဆောင်တိုက်တွန်းသဖြင့် တစ်သိန်းသော ဥစ္စာကိုရ၍ ရှားသည်တိုင်တို့ဖြင့် မဏ္ဍပ်တို့ကို ဆောက်လုပ်စေပြီးလျှင် ကြာညိုပန်းတို့ဖြင့် မိုးစေ၍ “ဤမဏ္ဍပ်၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုကြကုန်အံ့”ဟု နေထိုင်ကြလေကုန်၏။

တစ်ယူဇနာအတွင်း သရက်ပင်ရှင်း

ပသေနဒီ ကောသလမင်းတရားကြီးသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- တိတ္ထိတို့သည် မဏ္ဍပ်ကိုဆောက်လုပ်အပ်ပြီ၊ ဒကာတော်သည် ရှင်တော်မြတ်ဘုရားတို့အလို့ငှာ မဏ္ဍပ်ကို ဆောက်လုပ်ပါမည်ဘုရား”ဟု လျှောက်လတ်သော် “မြတ်သောမင်းကြီး- သင့်တော်လောက်ပြီ၊ ငါဘုရားအလို့ငှာ မဏ္ဍပ်ဆောက်လုပ်မည့် ဒါယကာရှိပြီ”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- ဒကာတော်ကို ဖယ်ထား၍ ဒကာတော်မှတစ်ပါး အဘယ်ဒါယကာသည် ဆောက်လုပ်ခြင်းငှာ တတ်စွမ်းနိုင်ကောင်းပါအံ့နည်းဘုရား”ဟု လျှောက်ပြန်လတ်သော် “သိကြားနတ်မင်း တတ်စွမ်းနိုင်ပေလတ္တံ့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အဘယ်အရပ်၌ တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုပါအံ့နည်းဘုရား”ဟု လျှောက်ပြန်လတ်သော် “မြတ်သောမင်းကြီး- ကဏ္ဍအမည်ရှိသော ဥယျာဉ်စောင့်၏ သရက်ပင်ရင်း၌ ပြုပေအံ့”ဟု မိန့်တော်မူလေ၏။ တိတ္ထိတို့သည် “သရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလတ္တံ့” ဟူသောစကားကို ကြားရလျှင် မိမိ၏အလုပ်အကျွေး ဒါယကာတို့အား ပြောကြားပြီးလျှင် တစ်ယူဇနာအတွင်းဖြစ်သော နေရာ၌ အယုတ်သဖြင့် ထိုနေ့ပေါက်သော သရက်ပင်ငယ်ကိုသော်လည်း နုတ်စေ၍ တော၌ပစ်စေကြလေကုန်၏။

ဥယျာဉ်စောင့် သရက်သီး ဘုရားလှူ

မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ သာဝတ္ထိမြို့တွင်းသို့ ဝင်တော်မူလေ၏။ မင်းကြီး၏လည်း ဥယျာဉ်စောင့်ဖြစ်သော ကဏ္ဍအမည်ရှိသောသူသည် ခါချဉ်တို့သည်ပြုအပ်သော အထုပ်အတွင်း၌ အလုံးကြီးသော တစ်ခုသောသရက်သီးမှည့်ကိုမြင်၍ ထိုသရက်သီး၏ အနံ့အရသာ၌ တပ်မက်မောသဖြင့် ကျရောက်နားလာကုန်သော ကျီးတို့ကို ပြေးစေပြီးလျှင် မင်းကြီးသုံးဆောင်စိမ့်သောအကျိုးငှာ ယူ၍သွားလတ်သည်ရှိသော် လမ်းခရီးအကြား၌ မြတ်စွာဘုရားကို မြင်ရသဖြင့် “မင်းကြီးသည် ဤသရက်သီးကိုစား၍ ငါ့အားရှစ်သပြာတို့ကိုလည်းကောင်း၊ တစ်ဆယ့်ခြောက်သပြာတို့ကိုလည်းကောင်း ဆုတော်ချရာ၏။ ထိုမင်းကြီးပေးသော ဆုတော်အသပြာသည် ငါ့အား တစ်ခုသော ကိုယ်အဖြစ်၌သော်လည်း အသက်မွေးမြူခြင်းငှာ မစွမ်းနိုင်။ ငါသည် မြတ်စွာဘုရားအား ဤသရက်သီးကို အကယ်၍ လှူရသည်ဖြစ်အံ့၊ ထိုသို့ ပေးလှူရခြင်းသည် မချွတ်မယွင်း ငါ့အား ဖြစ်လေရာရာ သံသရာအဆက်ဆက် ရှည်မြင့်လှစွာသော ကာလပတ်လုံး အစီးအပွားကို ရွက်ဆောင်နိုင်သည် ဖြစ်ပေလတ္တံ့”ဟုကြံ၍ ကဏ္ဍမည်သော ဥယျာဉ်စောင့်သည် ထိုသရက်သီးမှည့်ကို မြတ်စွာဘုရားအား ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် ရှင်အာနန္ဒာမထေရ်ကို ကြည့်ရှုတော်မူလေ၏။ ထိုအခါ ရှင်အာနန္ဒာမထေရ်သည် နတ်မင်းကြီးလေးဦးတို့သည် လှူဒါန်းအပ်သော သပိတ်ကို သပိတ်အိတ်မှ ထုတ်ယူ၍ မြတ်စွာဘုရားရှင်၏ လက်တော်၌ ထားလေ၏။

(တောထွက်စ ဃဋိကာရဗြဟ္မာလှူသော သပိတ်ကား သုဇာတာ နို့ဃနာခံယူအံ့သောအခါ၌ ကွယ်ပျောက်လေ၏။ သုဇာတာလှူသော ရွှေခွက်ကား ထိုနေ့၌ပင် နေရဉ္ဇရာမြစ်၌ မျှောအပ်လေ၏။ ဘုရားဖြစ်၍ ၄၉-ရက် လွန်ပြီးသောနေ့၌ တပုဿ,ဘလ္လိကတို့လှူသော မုန့်ကို အလှူခံယူအံ့သောအခါ နတ်မင်းကြီးလေးဦးတို့ အသီးအသီးလှူသော သပိတ်လေးလုံးကို တပေါင်းတည်းနှိပ်သဖြင့် အနားရစ်လေးခုရှိသော သပိတ်ဖြစ်၏။ ထိုသပိတ်ကို ဆိုခြင်းဖြစ်သည်။)

ကဏ္ဍသရက်ပင်

ဘုရားရှင်သည် သပိတ်တော်ကို အနီးသို့ညွှန်၍ သရက်သီးကို ခံယူတော်မူပြီးလျှင် ထိုအရပ်၌ပင်လျှင် နေတော်မူလိုသော အခြင်းအရာကို ပြတော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် သင်္ကန်းကိုခင်း၍ ပေးလေ၏။ ထိုအခါ ခင်းထားသောသင်္ကန်းနေရာ၌ နေတော်မူလတ်သည်ရှိသော် မြတ်စွာဘုရားအား ရှင်အာနန္ဒာမထေရ်သည် သောက်ရေကိုစစ်၍ ထိုသရက်သီးမှည့်ကို နယ်လျက် အဖျော်ပြု၍ ဆပ်ကပ်လေ၏။ မြတ်စွာဘုရားသည် အဖျော်ကိုသုံးဆောင်တော်မူပြီးလျှင် ကဏ္ဍမည်သော ဥယျာဉ်စောင့်ကို “ဤသရက်စေ့ကို ဤအရပ်၌သာလျှင် မြေမှုန့်ကိုယက်၍ စိုက်ပျိုးလော့”ဟု မိန့်တော်မူလေ၏။ ဥယျာဉ်စောင့်သည် ထိုမိန့်တော်မူတိုင်း စိုက်ပျိုးခြင်းကို ပြုလေ၏။ ဘုရားရှင်သည် ထိုသရက်စေ့၏အထက်၌ လက်ကိုဆေးတော်မူလေ၏။ လက်ကို ဆေးတော်မူအပ်ကာမျှပင် ထွန်းတုံးမျှ အတိုင်းအရှည်ရှိသော ပင်စည်လုံးပတ်ရှိသည်ဖြစ်၍ အစောက်အားဖြင့် အတောင်ငါးဆယ်ရှိသော သရက်ပင်သည် ပေါက်ရောက်လာလေ၏။ အရပ်လေးမျက်နှာတို့၌ ကိုင်းမ တစ်ခုတစ်ခုစီလည်းကောင်း၊ အထက်၌ကိုင်းမတစ်ခုလည်းကောင်း ဤသို့ အကိုင်းခက်မကြီး ငါးခုတို့သည် အတောင်ငါးဆယ်စီ ရှိကြလေကုန်၏။ ထိုသရက်ပင်သည် ထိုတခဏချင်း၌သာလျှင် အပွင့်အသီးတို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ တစ်ခုတစ်ခုသောအရပ်၌ မှည့်သောသရက်သီးအခိုင်ကို (သီးလျက်) ရှိသည်ဖြစ်လေ၏။ နောက်တော်မှ လိုက်လာကြကုန်သော ရဟန်းတို့သည် သရက်သီးမှည့်တို့ကို စားကုန်လျက်သာလျှင် လိုက်လာကြရလေကုန်၏။ ကောသလမင်းကြီးသည် “ဤသို့သဘောရှိသော သရက်ပင် ပေါက်ရောက်ပေသတတ်”ဟူသော စကားကိုကြားရလျှင် “ထိုသရက်ပင်ကို တစ်စုံတစ်ယောက်သောသူသည် ချိုးဖဲ့ဖြတ်လှည်းခြင်းမပြုရ”ဟု အစောင့်အရှောက်ထားလေ၏။ ထိုသရက်ပင်သည် ကဏ္ဍမည်သော ဥယျာဉ်စောင့် စိုက်အပ်သည်အဖြစ်ကြောင့် ကဏ္ဍသရက်ပင်ဟူ၍သာလျှင် ထင်ရှား၏။

တိတ္ထိတို့မဏ္ဍပ်ပြို

သေသောက်ကြူးတို့သည်လည်း သရက်သီးမှည့်တို့ကို စားကြရသဖြင့် “ဟယ်..ယုတ်မာလှစွာသော တိတ္ထိပျက်တို့- ရဟန်းဂေါတမသည် ကဏ္ဍမည်သောသရက်ပင်ရင်း၌ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလိမ့်သတတ်ဟုဆို၍ သင်တို့သည် တစ်ယူဇနာ၏အတွင်း၌ ထိုနေ့ပေါက်သည်ဖြစ်သော သရက်ပင်ငယ်တို့ကိုသော်လည်း နုတ်စေအပ်ကုန်၏။ ဤသရက်ပင်သည်ကား ကဏ္ဍသရက်ပင်မည်သတည်း”ဟု ဆိုကြ၍ ထိုသေသောက်ကြူးတို့သည် စားကြွင်းစားဖတ်ဖြစ်သော သရက်စေ့တို့ဖြင့် ပစ်ခတ်ကြလေကုန်၏။ သိကြားမင်းသည် ဝါတဝလာဟက မည်သော လေနတ်သားအား “တိတ္ထိတို့မဏ္ဍပ်ကို လေတို့ဖြင့်တိုက်ခွာနုတ်ပစ်၍ မသန့်ပြန့်သောမြေအရပ်၌ ပစ်ချလေလော့”ဟု စေခိုင်းလေ၏။ လေနတ်သားသည် ထိုသိကြားမင်းဆိုတိုင်းပြု၏။ နေနတ်သားကိုလည်း “နေအဝန်းကို ဆွဲငင်နှိမ့်ချလျက် ပူလောင်စေလော့”ဟု စေခိုင်းလေ၏။ နေနတ်သားသည် ထိုသိကြားမင်း ဆိုတိုင်းပြု၏။ တစ်ဖန်လေနတ်သားကို “လေပွေထစေလျက် သွားလေလော့”ဟု စေခိုင်းပြန်လေ၏။ လေနတ်သားသည် ထိုသိကြားမင်းဆိုတိုင်း ပြုသည်ဖြစ်၍ ယိုစီးသောချွေးရှိသောကိုယ်၌ မြူစုဖြင့် ပြန့်ကြဲလေ၏။ ထိုတိတ္ထိတို့ကိုယ်သည် နီသောမြေညက်စိုင်နှင့် တူကြကုန်၏။ မိုးနတ်သားကိုလည်း “ကြီးစွာသော မိုးပေါက်တို့ကို ကျစေလော့”ဟု စေခိုင်းပြန်လေ၏။ မိုးနတ်သားသည် သိကြားမင်းဆိုတိုင်းပြု၏။ ထိုအခါ တိတ္ထိတို့၏ကိုယ်သည် အပြောက်အကွက်ရှိသော နွားကျားနှင့်တူကြလေ၏။

တိတ္ထိတို့ ထွက်ပြေးကြခြင်း

ထိုတိတ္ထိ တက္ကတွန်းတို့သည် ရှက်နိုးကြကုန်သည်ဖြစ်၍ ရှေးရှုရာ ရှေးရှုရာ အရပ်သို့သာလျှင် ပြေးလွှားကြရလေကုန်၏။ ဤသို့ ပြေးလွှားကြရကုန်သည်ရှိသော် ပူရဏကဿပ အမည်ရှိသော တိတ္ထိ၏ အလုပ်အကျွေး လယ်ထွန်ယောက်ျား တစ်ယောက်သည် “ယခုအခါ ငါ့ဆရာဖြစ်သော အရှင်ကောင်းတို့၏ တန်ခိုးပြာဋိဟာ ပြသောအခါတည်း၊ သွား၍ တန်ခိုးပြာဋိဟာပြခြင်းကို ဖူးမြင်ဦးအံ့”ဟု နွားတို့ကိုလွှတ်လိုက်၍ နံနက်စောစောကလျှင် ဆောင်ယူခဲ့သော ယာဂုအိုးကိုလည်းကောင်း၊ ကြိုးကိုလည်းကောင်း ယူခဲ့သဖြင့် လာလတ်သည်ရှိသော် ထိုအခြင်းအရာဖြင့် ပြေးလွှားနေသော ပူရဏကဿပကို မြင်ရလျှင် “အရှင်ဘုရား- ယနေ့ အရှင်ကောင်းတို့၏ တန်ခိုးပြာဋိဟာပြခြင်းကို ဖူးမြင်ဦးအံ့”ဟု မေးလျှင် “သင့်အား တန်ခိုးပြာဋိဟာဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ဤအိုးကိုလည်းကောင်း၊ ကြိုးကိုလည်းကောင်း ပေးပါလော့”ဟု ဆိုလေ၏။ ထိုပူရဏကဿပသည် လယ်ထွန်သမားပေးအပ်သော အိုးနှင့်ကြိုးတို့ကိုယူ၍ မြစ်ကမ်းနားသို့ သွားပြီးလျှင် အိုးကို ကြိုးဖြင့် မိမိလည်းပင်း၌ ဖွဲ့ချည်လျက် ရှက်နိုးလှသောကြောင့် တစ်စုံတစ်ခွန်းသော စကားကိုမျှ မဆိုမူ၍ ရေနက်ရာအရပ်၌ ခုန်ချပြီးလျှင် ရေပွက်ထစေလျက် သေ၍ အဝီစိငရဲ၌ ဖြစ်ရှာလေ၏။

ဃရဏီဒါယိကာမ တန်ခိုးပြရန်လျှောက်ထား

မြတ်စွာဘုရားသည် ကောင်းကင်၌ ရတနာစင်္ကြံကို ဖန်ဆင်းတော်မူလေ၏။ ထိုရတနာစင်္ကြံ၏ တစ်ခုသော အစွန်းကား အရှေ့စကြဝဠာ အနားရေး၌ဖြစ်၏။ တစ်ခုသောအစွန်းကား အနောက် စကြဝဠာ အနားရေး၌ဖြစ်၏။ မြတ်စွာဘုရားသည် အညီအညွတ် စည်းဝေးရောက်လာသော သုံးဆယ့်ခြောက်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်၏အလယ်၌ အရိပ်တိုးပွားသော နေမွန်းလွဲသောအခါ “ယခုအခါကား တန်ခိုးပြာဋိဟာကို ပြတော်မူအံ့သောအခါတည်း”ဟု ဂန္ဓကုဋိတိုက်မှ ထွက်တော်မူ၍ ကျောင်းဦး၌ ရပ်တော်မူလေ၏။ ထိုသို့ ရပ်တော်မူသောအခါ မြတ်စွာဘုရားကို ဃရဏီအမည်ရှိသော ကြီးသော တန်ခိုးနှင့်ပြည့်စုံသော အနာဂါမ်တည်သော သီတင်းသည် ဥပါသိကာမတစ်ယောက်သည် ချဉ်းကပ်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မကဲ့သို့သော သမီးကောင်းရတနာရှိပါလျက် ရှင်တော်မြတ်ဘုရားတို့အား ပင်ပန်းစရာ ပြုဖွယ်ကိစ္စသည် မရှိသင့်ပါ၊ တပည့်တော်မသည် တန်ခိုးပြာဋိဟာကို ပြုပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။

“ချစ်သမီးဃရဏီ- သင်သည် အဘယ်သို့သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုအံ့နည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တစ်ခုသော စကြဝဠာတိုက်၌ မဟာပထဝီ မြေအပြင်ကြီးကို ပြုလုပ်၍ ရေကြက်မကဲ့သို့ငုပ်၍ အရှေ့စကြဝဠာ နှုတ်ခမ်းရေး၌ ကိုယ်ကိုဖော်ပြပါမည်။ ထို့အတူ အနောက်စကြဝဠာ နှုတ်ခမ်းရေး၊ မြောက်စကြဝဠာ နှုတ်ခမ်းရေး၊ တောင်စကြဝဠာ နှုတ်ခမ်းရေး၌လည်းကောင်း၊ ထို့အတူ အလယ်၌လည်းကောင်း ဖော်ပြပါမည်။ “ဤသူကား အဘယ်သူနည်း”ဟု မေးအပ်သည်ရှိသော် “ဤရေကြက်မကား ဃရဏီမည်သော ဥပါသိကာမတည်း၊ ဤသည်လျှင် ရှေးဦးစွာ ဃရဏီမည်သော ထိုမိန်းမ၏အစွမ်းအာနုဘော်တည်း၊ ဘုရားရှင်၏ တန်ခိုးတော် အာနုဘော်တော်သည်ကား အဘယ်သို့သဘောရှိသည် ဖြစ်လတ္တံ့နည်း”ဟု ဆိုကြရပါကုန်လတ္တံ့။ ဤသို့လျှင် တိတ္ထိတို့သည် ရှင်တော်မြတ်ဘုရားတို့ကို မမြင်ဝံ့မူ၍သာလျှင် ထွက်ပြေးကြပါလိမ့်မည်ဘုရား”ဟု လျှောက်ကြားလေ၏။

ဗုဒ္ဓ ငြင်းပယ်တော်မူ

ထိုအခါဃရဏီကို မြတ်စွာဘုရားသည် “ချစ်သမီးဃရဏီ- သင်သည် ဤသို့သဘောရှိသော တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သည့်အဖြစ်ကို ငါဘုရား သိတော်မူ၏။ သို့ရာတွင် ပရိသတ်သည် သင်၏အကျိုးငှာ ဖွဲ့စည်းအပ်သည် မဟုတ်ပေ”ဟု မိန့်တော်မူလျက် ပယ်တော်မူလေ၏။ ထိုဃရဏီသည် “ငါ့အား မြတ်စွာဘုရားသည် ခွင့်ပြုတော်မမူ၊ မချွတ်လျှင် ငါ့ထက်လွန်စွာ တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သော တစ်ပါးသူရှိသေး၏”ဟု ကြံလျက် တင့်အပ်လျှောက်ပတ်သော အရပ်၌ နေလေ၏။

စူဠအနာထပိဏ်

မြတ်စွာဘုရားသည်လည်း “ဤအတူသာလျှင် ထိုသူတို့၏ ဂုဏ်သည်ထင်ရှားသည် ဖြစ်လတ္တံ့”ဟု သုံးဆယ်ခြောက်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်၏အလယ်၌ ခြင်္သေ့မင်းအသံနှင့်တူသော မကြောက်မရွံ့ ရဲရင့်သော အသံကိုဆိုလတ္တံ့ဟု အောက်မေ့မှတ်သား နှလုံးထားတော်မူလျက် တစ်ပါးသောသူတို့ကိုလည်း “သင်တို့သည် အဘယ်သို့လျှင် တန်ခိုးပြာဋိဟာပြခြင်းကို ပြုကြကုန်အံ့နည်း”ဟု မေးမြန်းတော်မူလေ၏။ “မြတ်စွာဘုရား- ဤသို့လျှင် ပြုကြပါမည်ဘုရား”ဟု ဘုရားရှင်၏ ရှေ့တော်၌သာလျှင် ခြင်္သေ့မင်း၏ အသံနှင့်တူသော အသံကို မကြောက်မရွံ့ မြွက်ဆို လျှောက်ကြားကြလေကုန်၏။ ထိုသူတို့တွင် စူဠအနာထပိဏ်သူဌေးသည် “ငါကဲ့သို့ သဘောရှိသော အနာဂါမ်တည်သော ဥပါသကာ သားကောင်းရတနာရှိပါလျက် မြတ်စွာဘုရားအား ပင်ပန်းစရာ ပြုဖွယ်ကိစ္စသည် မရှိသင့်စွတကား”ဟု လျှောက်ထားသောကြောင့် “အဘယ်သို့ပြုမည်နည်း”ဟု မေးအပ်သည်ရှိသော် “မြတ်စွာဘုရား တပည့်တော်ကား တစ်ဆယ့်နှစ်ယူဇနာရှိသော ဗြဟ္မာကြီး၏သဏ္ဌာန် အတ္တဘောကို ဖန်ဆင်း၍ ဤပရိသတ်၏ အလယ်၌ မိုးကြီးထစ်ချုန်း မြည်ဟည်းသည်နှင့်တူသော အသံဖြင့် ဗြဟ္မာတို့၏လက်ပန်းပေါက် ခတ်ခြင်းမည်သည်ကို လက်ပန်းပေါက်ခတ်ပါမည်ဘုရား”ဟု လျှောက်ပြီးလျှင် “လူများအပေါင်းသည် “ဤအသံကား အဘယ်အသံဖြစ်သနည်း”ဟု မေးလတ်သော် စူဠအနာထပိဏ်သူဌေး၏ ဗြဟ္မာတို့၏ လက်ပန်းပေါက်ခတ်သံ မည်သတတ်”ဟု ဆိုကြပါလိမ့်မည်။ တိတ္ထိတို့သည်လည်း “သူကြွယ်အားပင် ဤသို့သော အာနုဘော်ရှိသတတ်၊ ဘုရားရှင်၏ အာနုဘော်ကား အဘယ်သို့ သဘောရှိသည် ဖြစ်လတ္တံ့နည်း”ဟု ဆို၍ ရှင်တော်မြတ်ဘုရားတို့ကို မမြင်ဝံ့ဘဲသာလျှင် ထွက်ပြေးကြပါလိမ့်မည် ဘုရား”ဟု လျှောက်ကြားလေ၏။

ဗုဒ္ဓခွင့်မပြု

မြတ်စွာဘုရားသည် “သင်၏အာနုဘော်ကို ငါဘုရား သိတော်မူ၏”ဟု စူဠအနာထပိဏ် သူဌေးအားလည်း ထိုဃရဏီအတူသာလျှင် မိန့်ဆို၍ တန်ခိုးပြာဋိဟာပြခြင်းကို ခွင့်ပြုတော်မမူ။

စီရမည်သော သာမဏေမ

ထို့နောင်မှ ပဋိသမ္ဘိဒါ လေးပါးသို့ရောက်ပြီးသော ခုနစ်နှစ်အရွယ်သာရှိသော စီရအမည်ရှိသော သာမဏေမသည် မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်မသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သမီးစီရ- အဘယ်သို့ပြုအံ့နည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား -မြင်းမိုရ်တောင်ကိုလည်းကောင်း၊ စကြဝဠာတောင်ကိုလည်းကောင်း၊ ဟိမဝန္တာကိုလည်းကောင်း ဆောင်ယူပြီးလျှင် ဤအရပ်၌ အစဉ်အတိုင်းထား၍ တပည့်တော်မသည် ဟင်္သာမကဲ့သို့ ထိုထိုအရပ်မှထွက်လျက် မငြိမကပ်ပျံသန်းခြင်းကို ပြုပါမည်ဘုရား။ လူ အများအပေါင်းသည် တပည့်တော်မကို မြင်ရလျှင် “ဤသူကား အဘယ်သူနည်း”ဟု မေးလတ်သော် “စီရအမည်ရှိသော သာမဏေမတည်း”ဟု ဆိုကြပါကုန်လတ္တံ့။ တိတ္ထိတို့သည် “ခုနစ်နှစ်သမီးအရွယ်ရှိသော သာမဏေမ၏ ဤအာနုဘော်သည် ဤမျှလောက် ကြီးကျယ်ဘိ၏။ ဘုရားရှင်၏ အာနုဘော်ကား အဘယ်သို့သဘောရှိသည် ဖြစ်လတ္တံ့နည်း”ဟု မြတ်စွာဘုရားတို့ကို မမြင်ဝံ့ဘဲသာလျှင် ထွက်ပြေးကြရပါလိမ့်မည်ဘုရား”ဟု လျှောက်ကြားလေ၏။

(ဤမှနောက်၌ ဤသို့သဘောရှိသော စကားတို့ကို ဆိုအပ်ပြီးသည်ကို အစဉ်လျှောက်သဖြင့်သာလျှင် သိအပ်ကုန်၏။)

ထိုစီရမည်သော သာမဏေမအားလည်း မြတ်စွာဘုရားသည် “သင်၏ အာနုဘော်ကို ငါးဘုရားသိတော်မူ၏”ဟု မိန့်ဆို၍ တန်ခိုးပြာဋိဟာ ပြုခြင်းကိုခွင့်ပြုတော်မမူ။

စုန္ဒသာမဏေ

ထို့နောင်မှ ပဋိသမ္ဘိဒါလေးပါးသို့ရောက်၍ ကုန်ပြီးသော အာသဝေါရှိသော ဖွားသည်မှ ခုနစ်နှစ်အရွယ်အားဖြင့် မှတ်သားအပ်သော စုန္ဒမည်သော သာမဏေသည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်သည် တန်ခိုးပြာဋိဟာကို ပြခြင်းကိုပြုပါမည်ဘုရား”ဟု လျှောက်ပြန်သည်ရှိသော် “အဘယ်သို့ ပြုအံ့နည်း”ဟု မေးအပ်သော် စုန္ဒသာမဏေသည် “မြတ်စွာဘုရား- တပည့်တော်သည် ဇမ္ဗူဒီပါကျွန်း၏ တံခွန်သဖွယ်ဖြစ်၍ဖြစ်သော ဇမ္ဗုသပြေပင်ကြီးကို ပခုံးထက်၌ ထမ်းယူကာ လှုပ်ပြီးလျှင် ဇမ္ဗူသပြေသီးကြီးတို့ကို ခြွေဆွတ်ဆောင်ယူလျက် ဤပရိသတ်အပေါင်းကို စားစေပါမည်။ ပင်လယ်ကသစ်ပွင့်တို့ကိုလည်း ယူဆောင်၍ ရှင်တော်မြတ်ဘုရားတို့ကို ရှိခိုးလာပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “သင်၏အာနုဘော်ကို ငါဘုရားသိတော်မူ၏”ဟု စုန္ဒသာမဏေအားလည်း တန်ခိုးပြာဋိဟာပြခြင်းကို ပယ်တော်မူ လေ၏။

ဥပ္ပလဝဏ်ထေရီမ

ထို့နောက်မှ ဥပ္ပလဝဏ်အမည်ရှိသော ထေရီမသည် မြတ်စွာဘုရားကိုရှိခိုး၍ “မြတ်စွာဘုရား- တပည့်တော်မသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုပါမည်ဘုရား”ဟု လျှောက်ကြားပြန်သောကြောင့် “အဘယ်သို့ ပြုအံ့နည်း”ဟု မေးသည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်မသည် ထက်ဝန်းကျင်မှ တစ်ဆယ့်နှစ်ယူဇနာရှိသော ပရိသတ်ကိုပြ၍ အဝန်းအားဖြင့် သုံးဆယ့်ခြောက်ယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်ဖြင့် ခြံရံလျက် စကြဝတေးမင်း၏အဖြစ်ဖြင့် လာလတ်၍ ရှင်တော်မြတ်ဘုရားတို့ကို ရှိခိုးပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည် “သင်၏အာနုဘော်ကို ငါဘုရားသိတော်မူ၏”ဟု ဆို၍ ဥပ္ပလဝဏ်ထေရီမအားလည်း တန်ခိုးပြခြင်းကို ပယ်တော်မူလေ၏။

ရှင်မောဂ္ဂလာန်

ထို့နောင်မှ ရှင်မောဂ္ဂလာန်မထေရ်သည် မြတ်စွာဘုရားကိုရှိခိုး၍ “မြတ်စွာဘုရား- တပည့်တော်သည် တန်ခိုပြာဋိဟာပြခြင်းကို ပြုပါမည်ဘုရား”ဟု လျှောက်ကြားပြန်သောကြောင့် “အဘယ်သို့ပြုအံ့နည်း”ဟု မေးအပ်သည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်သည် မြင်းမိုရ်တောင်မင်းကို သွားတို့၏အကြား၌ထား၍ ပဲနောက်စေ့ မုန်ညင်းစေ့ကဲ့သို့ ခဲပါမည်၊ ဝါးပါမည်ဘုရား”ဟု လျှောက်ထားလေ၏။ “တစ်ပါးသော အဘယ်အမှုကို ပြုဦးမည်နည်း”ဟု မေးတော်မူပြန်သော် “ဤမြင်းမိုရ်တောင်မင်းကို မဟာပထဝီမြေကြီးပြုပြီးလျှင် သသင်းဖြူး ဖျာကဲ့သို့လိပ်၍ လက်ချောင်းတို့၏အကြား၌ ထည့်ထားပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “တစ်ပါးသော အဘယ်အမှုကို ပြုဦးအံ့နည်း”ဟု မေးတော်မူပြန်သော် “ဤမဟာပထဝီမြေကြီးကို အိုးထိန်းစက်ကဲ့သို့ လည်စေ၍ လူများအပေါင်းကို မြေဆီသြဇာ စားစေပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ဤမှတစ်ပါး အဘယ်အမှုကို ပြုဦးအံ့နည်း”ဟု မေးတော်မူပြန်သော် “လက်ဝဲလက်ပေါ်၌ ဤမြေကြီးကိုတင်ထား၍ ဤသတ္တဝါတို့ကို လက်ျာလက်ဖြင့် တစ်ပါးသောကျွန်း၌ ထားပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ဤမှတစ်ပါး အဘယ်အမှုကို ပြုဦးအံ့နည်း”ဟု မေးတော်မူပြန်သော် “မြင်းမိုရ်တောင်မင်းကို ထီးရိုးပြုလုပ်၍ မဟာပထဝီမြေကြီးကို မြှောက်ပင့်သဖြင့် ထိုထီးရိုး၏အထက်၌ တင်ထားပြီးလျှင် ထီးလက်စွဲသောရဟန်းကဲ့သို့ လက်တစ်ဖက်ဖြင့် ကိုင်စွဲလျက် ကောင်းကင်၌ စင်္ကြံသွားပါမည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “သင်၏တန်ခိုးအာနုဘော်ကို ငါဘုရားသိတော်မူ၏”ဟု မိန့်တော်မူ၍ ထိုရှင်မောဂ္ဂလာန်အားလည်း တန်ခိုးပြာဋိဟာကို ပြခြင်းကို ခွင့်ပေးတော်မမူ။ ထိုရှင်မောဂ္ဂလာန်သည် “မြတ်စွာဘုရားကား ငါ့ထက် လွန်ကဲစွာ တန်ခိုးပြာဋိဟာပြခြင်းကို ပြုခြင်းငှာ စွမ်းနိုင်သောသူကို သိတော်မူယောင်တကား”ဟု ကြံလျက် တင့်အပ်လျောက်ပတ်သောအရပ်၌ နေလေ၏။

ဘုရားရှင်၏ဝန်ကို အခြားသူ မဆောင်နိုင်

ထို့နောင်မှ ရှင်မောဂ္ဂလာန်ကို မြတ်စွာဘုရားသည် “ချစ်သားမောဂ္ဂလာန်- ဤပန်းထုပ်ကို သင်၏အကျိုးငှာ ဖွဲ့စည်းအပ်သည်မဟုတ်။ ငါဘုရားသည် အတုမရှိသောဝန်ကို ဆောင်တော်မူနိုင်၏။ ငါဘုရား၏ဝန်ကို ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူ မည်သည်မရှိ။ ယခုအခါ ငါဘုရား၏ဝန်ကို ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် အကြင်ကြောင့်ဖြစ်ရာ၏။ ထိုဖြစ်ခြင်းသည် အဖန်တလဲလဲ အံ့သြဖွယ်ရှိသည်သာလျှင်တည်း။ အဟိတ်တိရစ္ဆာန်မျိုး၌ ဖြစ်သောကာလ၌သော်လည်း ငါ၏ဝန်ကို ရွက်ဆောင်ခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူမည်သည် မရှိသည်သာတည်း”ဟု မိန့်တော်မူသဖြင့် “မြတ်စွာဘုရား- အဘယ်အခါ၌ ဖြစ်ပါသနည်းဘုရား”ဟု ရှင်မောဂ္ဂလာန် မေးလျှောက်အပ်သည်ဖြစ်၍ မြတ်စွာဘုရားသည် လွန်လေပြီးသော အကြောင်းကို ဆောင်တော်မူ၍-

ယတော ယတော ဂရု ဓုရံ၊ ယတော ဂမ္ဘီရဝတ္တနီ။
တဒါဿု ကဏှံ ယုဉ္ဇန္တိ၊ သွာဿု တံ ဝဟတေ ဓုရံ။

ယတော ယတော၊ အကြင်အကြင်အရပ်၌။ ဓုရံ၊ ဝန်သည်။ ဂရု၊ လေးသည်။ ဟောတိ၊ ဖြစ်၏။ ယတော၊ အကြင်အရပ်မှ။ ဂမ္ဘီရဝတ္တနီ၊ ရေညွန်များသဖြင့် သွားခြင်းငှာ ခက်ခဲသောခရီးသည်။ ဟောတိ၊ ဖြစ်၏။ တဒါ၊ ထိုအရပ်၌။ ကဏှံ၊ ကဏှမည်သော နွားလားဥသဘကို။ ယုဉ္ဇန္တိ၊ ကကုန်၏။ သော၊ ထိုကဏှမည်သော နွားလားဥသဘသည်။ တံ ဓုရံ၊ ထိုလေးလံလှစွာသောဝန်ကို။ ဝဟတေ၊ ရွက်ဆောင်ရ၏။

ဟူသော ဧကနိပါတ်၊ ကုရုင်္ဂဝဂ်လာ ဤကဏှဥသဘဇာတ်ကိုချဲ့၍ တစ်ဖန် ထိုအကြောင်းကိုပင်လျှင် အထူးပြု၍ ဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

မနုညမေဝ ဘာသေယျ၊ နာမနုညံ ကုဒါစနံ။
မနုညံ ဘာသမာနဿ၊ ဂရုံ ဘာရံ ဥဒဒ္ဓရိ။
ဓနဉ္စ နံ အလာဘေသိ၊ တေန စတ္တမနော အဟု။

မနုညမေဝ၊ နှစ်လိုဖွယ်သော စကားကိုသာလျှင်။ ဘာသေယျ၊ ဆိုရာ၏။ အမနုညံ၊ နှစ်လိုဖွယ် မရှိသောစကားကို။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ န ဘာသေယျ၊ မဆိုရာ။ မနုညံ၊ နှစ်လိုဖွယ်သောစကားကို။ ဘာသမာနဿ၊ ဆိုသောပုဏ္ဏား၏။ ဂရုံ၊ လေးလံစွာသော။ ဘာရံ၊ အလေးတင်သော လှည်းတစ်ရာဝန်ကို။ ဥဒဒ္ဓရိ၊ ရွက်ဆောင်၏။ နံ၊ ထိုပုဏ္ဏားကို။ ဓနဉ္စ၊ ဥစ္စာကိုလည်း။ အလာဘေသိ၊ ရစေပြီ။ တေန၊ ထိုဥစ္စာကို ရသောကြောင့်။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ အတ္တမနော၊ ဝမ်းမြောက်သည်။ အဟု၊ ဖြစ်ပြီ။

ဧကနိပါတ်၊ ကုရုင်္ဂဝဂ်လာ ဤနန္ဒိဝိသာလဇာတ်ကို အကျယ်ချဲ့၍ ဟောတော်မူလေ၏။ ဟောတော်မူပြီး၍ကား မြတ်စွာဘုရားသည် ရတနာစင်္ကြံသို့ တက်တော်မူပြီးသော် ရှေ့တော်၌ ပရိသတ်သည် တစ်ဆယ့်နှစ်ယူဇနာရှိလေ၏။ အနောက်အရပ်၌လည်းကောင်း၊ မြောက်အရပ်၌လည်းကောင်း၊ တောင်အရပ်၌လည်းကောင်း ထို့အတူသာလျှင် တစ်ဆယ့်နှစ်ယူဇနာစီရှိ၏။ ဖြောင့်ဖြောင့်သော်ကား နှစ်ဆယ့်လေးယူဇနာ အတိုင်းအရှည်ရှိသော ပရိသတ်၏အလယ်၌ ဘုရားရှင်သည် ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလေ၏။

ရေမီးအစုံဖြစ်သော တန်ခိုးတော်ပြခြင်း

ဤလောက၌ မြတ်စွာဘုရားသည် တပည့်သားတို့နှင့် မဆက်ဆံသော အစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူ၏။ မြတ်စွာဘုရား၏ အထက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံသည် ဖြစ်၏။ အောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ် ဖြစ်၏၊ အောက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံအစုသည် ဖြစ်၏။ အထက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ်သည်ဖြစ်၏၊ ရှေ့အဖို့ဖြစ်သော ကိုယ်တော်မှ မီး။ နောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေ။ နောက်အဖို့ဖြစ်သော ကိုယ်တော်မှ မီး။ ရှေ့အဖို့ဖြစ်သော ကိုယ်တော်မှ ရေ။ လက်ယာမျက်စိတော်မှ မီး။ လက်ဝဲမျက်စိတော်မှ ရေ။ လက်ဝဲမျက်စိတော်မှ မီး။ လက်ယာမျက်စိတော်မှ ရေ။ လက်ယာနားတွင်းတော်မှ မီး။ လက်ဝဲနားတွင်းတော်မှ ရေ။ လက်ဝဲနားတွင်းတော်မှ မီး၊ လက်ယာနားတွင်းတော်မှ ရေ။ လက်ယာနှာခေါင်းတွင်းတော်မှ မီး။ လက်ဝဲနှာခေါင်းတွင်းတော်မှ ရေ။ လက်ဝဲနှာခေါင်းတွင်းတော်မှ မီး၊ လက်ယာနှာခေါင်းတွင်းတော်မှ ရေ။ လက်ယာပခုံးစွန်းတော်မှ မီး။ လက်ဝဲပခုံးစွန်းတော်မှရေ။ လက်ဝဲပခုံးစွန်းတော်မှ မီး။ လက်ယာ ပခုံးစွန်းတော်မှ ရေ။ လက်ယာလက်မောင်းတော်မှ မီး၊ လက်ဝဲလက်မောင်းတော်မှ ရေ။ လက်ဝဲလက်မောင်းတော်မှ မီး။ လက်ယာလက်မောင်းတော်မှ ရေ။ လက်ယာနံပါးတော်မှ မီး။ လက်ဝဲနံပါးတော်မှ ရေ။ လက်ဝဲနံပါးတော်မှ မီး။ လက်ယာနံပါးတော်မှ ရေ။ လက်ယာခြေတော်မှ မီး။ လက်ဝဲခြေတော်မှ ရေ။ လက်ဝဲခြေတော်မှ မီး။ လက်ယာခြေတော်မှ ရေ။ လက်ချောင်း ခြေချောင်းတော်တို့မှ မီး၊ လက်ချောင်းခြေချောင်းတော်တို့မှ ရေ။ လက်ချောင်းကြား ခြေချောင်းကြားတို့မှ မီး။ လက်ချောင်းကြား ခြေချောင်းကြားတော်တို့မှ ရေ။ တစ်ခုတစ်ခုသော မွေးတွင်းတော်တို့မှ မီးလျှံအစုသည် ဖြစ်၏။ တစ်ခုတစ်ခုသော မွေးတွင်းတော်တို့မှ ရေအယဉ်သည် ဖြစ်၏။ အညို, အရွှေ၊ အနီ,အဖြူ, အမောင်း, ပြိုးပြိုးပြက် တစ်ခဲနက်သော ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် ပကတိအစစ် ဖြစ်တော်မူသော မြတ်စွာဘုရားသည် စင်္ကြံကြွတော်မူ၏။ ဖန်ဆင်းထားသော ဘုရား(နိမ္မိတဘုရား)သည် ရပ်မူလည်း ရပ်တော်မူ၏။ ထိုင်မူလည်း ထိုင်တော်မူ၏။ အိပ်ခြင်းကိုလည်း ပြုတော်မူ၏။ ပကတိအစစ်ဖြစ်သော မြတ်စွာဘုရားသည် စင်္ကြံမူလည်း ကြွတော်မူ၏။ ရပ်မူလည်း ရပ်တော်မူ ၏။ ထိုင်မူလည်း ထိုင်တော်မူ၏။ ဤသည်လျှင် မြတ်စွာဘုရား၏ အစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြခြင်း၌ ဉာဏ်တော်မည်၏။

ဤတန်ခိုးပြာဋိဟာပြခြင်းကို မြတ်စွာဘုရားသည် ထိုရတနာစင်္ကြံ၌ စင်္ကြံကြွတော်မူလျက် ပြုတော်မူလေ၏။

ထိုမြတ်စွာဘုရားအား တေဇောကသိုဏ်းလျှင် အာရုံရှိသော သမာပတ်၏အစွမ်းဖြင့် အထက်အဖို့ဖြစ်သော ကိုယ်တော်မှ မီးလျှံအစုသည် ဖြစ်၏။ အာပေါကသိုဏ်းလျှင် အာရုံရှိသော သမာပတ်၏အစွမ်းဖြင့် အောက်အဖို့ဖြစ်သော ကိုယ်တော်မှ ရေအယဉ်သည် ဖြစ်၏။ တစ်ဖန် ရေအယဉ်ဖြစ်ရာအရပ်မှ မီးလျှံအစုသည် ဖြစ်၏။ မီးလျှံအစုဖြစ်ရာ အရပ်မှ ရေအယဉ်သည်ဖြစ်၏။ ဤသို့ပြခြင်းအကျိုးငှာ အောက်အဖို့ဖြစ်သော ကိုယ်တော်မှ အထက်အဖို့ဖြစ်သော ကိုယ်တော်မှ အစရှိသော စကားရပ်ကို ဆိုအပ်၏။ နောက်အလုံးစုံသော ပုဒ်တို့၌ ဤနည်းအတိုင်းသာ ဖြစ်၏။ ဤရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ မီးလျှံအစုသည် ရေအယဉ်နှင့် မရောမယှက်ဖြစ်လေ၏။ ရေအယဉ်သည် မီးလျှံအစုနှင့် ထို့အတူ မရောမယှက် ဖြစ်လေ၏။ ထိုနှစ်ပါးအစုံဖြစ်သော တန်ခိုးပြာဋိဟာသည်လည်း ဗြဟ္မာပြည်သို့တိုင်အောင်တက်၍ စကြဝဠာအနားရေး၌ ကျသတတ်။ ရောင်ခြည်တော် ခြောက်သွယ်ဟု ဆိုအပ်ကုန်သော ထိုမြတ်စွာဘုရား၏ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့သည် အိုးတို့ဖြင့်သွန်းလောင်းအပ်သော ဦးပြီး,လှော်ပြီးသော ရွှေကဲ့သို့လည်းကောင်း၊ စက်ယန္တရား ကျဉ်တောက်ပြွန်မှ ယိုစီးကျထွက်သော ရွှေရည်အလျင်ကဲ့သို့လည်းကောင်း တစ်ခုသော စကြဝဠာတိုက်မှ ပျံတက်၍ ဗြဟ္မာ့ပြည်ကို ထိခိုက်ပြီးလျှင် ပြန်လည်၍ စကြဝဠာ နှုတ်ခမ်းရေးကိုသာလျှင် ယူ ကြလေကုန်၏။ စကြဝဠာတိုက် တစ်တိုက်လုံးသည် ကောက်သော အခြင်ရနယ်ရှိသော တစ်ခုတည်းသော အလင်းရောင်ရှိသော ဗောဓိအိမ်ကဲ့သို့ဖြစ်လေ၏။

တရားသိခြင်းနှင့် နိမ္မိတဘုရား

ထိုနေ့၌ မြတ်စွာဘုရားသည် စင်္ကြံကြွတော်မူ၍ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလျက် အကြားအကြား၌ လူများအပေါင်းအား တရားဟောကြားတော်မူလေ၏။ ထိုသို့ ဟောကြားတော်မူသော်လည်း အားထုတ်ခြင်းကင်းသည်ကို ပြုတော်မမူဘဲ ထိုလူများအပေါင်းအား သက်သာရာ နေထိုင်ရခြင်းကို ပေးတော်မူ၏။ ထိုခဏ၌ လူများအပေါင်းသည် ကောင်းချီးနုမော် သာဓုခေါ်ခြင်းကို ဖြစ်စေလေ၏။ ထိုလူများအပေါင်း၏ ကောင်းချီနုမော် သာဓုခေါ်ခြင်းကို ဖြစ်စေသောကာလ၌ မြတ်စွာဘုရားသည် ထိုမျှလောက်ကြီးစွာသော ပရိသတ်၏စိတ်ကို ကြည့်တော်မူလတ်သော် တစ်ယောက်,တစ်ယောက်သောသူ၏ တစ်ဆယ့်ခြောက်ပါးသော အခြင်းအရာအစွမ်းဖြင့် စိတ်ဖြစ်ပုံကို သိတော်မူလေ၏။

(ဤသို့လျှင် မြတ်စွာဘုရားတို့၏ စိတ်တော်သည် လျင်မြန်သောဖြစ်ခြင်းရှိတော်မူ၏။)

အကြင်,အကြင်ပုဂ္ဂိုလ်သည် အကြင်တရားတော်၌လည်းကောင်း၊ အကြင်တန်ခိုးပြာဋိဟာ ပြခြင်း၌လည်းကောင်း ကြည်ညိုခြင်းရှိ၏။ ထိုထိုပုဂ္ဂိုလ်၏ အလိုအစွမ်းအားဖြင့်သာလျှင် တရားကိုလည်း ဟောတော်မူလေ၏။ တန်ခိုးပြာဋိဟာ ပြခြင်းကိုလည်း ပြုတော်မူလေ၏။ ဤသို့ တရားဟောတော်မူအပ်သော်လည်းကောင်း၊ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူအပ်သော်လည်းကောင်း များစွာသောလူအပေါင်းသည် သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်ဖြစ်လေ၏။ မြတ်စွာဘုရားသည်ကား ထိုအစည်းအဝေး၌ ကိုယ်တော်မြတ်၏ စိတ်တော်ကိုယူလျက် ပြဿနာမေးခြင်းငှာ စွမ်းနိုင်သော တစ်ပါးသောသူကို မမြင်ရသောကြောင့် နိမ္မိတဘုရားကို ဖန်ဆင်းတော်မူလေ၏။ ထိုနိမ္မိတဘုရားမေးတော်မူသော ပြဿနာကို မြတ်စွာဘုရားသည် ဖြေတော်မူလေ၏။ မြတ်စွာဘုရား မေးတော်မူသော ပြဿနာကို နိမ္မိတဘုရားသည် ဖြေတော်မူလေ၏၊ မြတ်စွာဘုရား၏ စင်္ကြံကြွသောကာလ၌ နိမ္မိတဘုရားသည် ရပ်ခြင်းစသော ဣရိယာပုတ်တို့တွင် တစ်ပါးပါးသော ဣရိယာပုတ်ကို ပြုတော်မူ၏။ ထိုအနက်ကို ပြခြင်းအကျိုးငှာ နိမ္မိတဘုရားသည် စင်္ကြံမူလည်းကြွတော်မူ၏ အစရှိသော စကားကိုဆိုအပ်၏၊ ဤသို့ပြုတော်မူသော မြတ်စွာဘုရား၏ တန်ခိုးပြာဋိဟာပြခြင်းကို ဖူးမြင်ရသဖြင့်လည်းကောင်း၊ တရားစကားကို နာကြားရသဖြင့်လည်းကောင်း ထိုအစည်းအဝေး၌ ကုဋေနှစ်ဆယ်ရှိသော သတ္တဝါတို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိသည်ဖြစ်လေ၏။

တာဝတိံသာ နတ်ပြည်သို့ ကြွခြင်း

မြတ်စွာဘုရားသည် တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူလျက်သာလျှင် “လွန်လေပြီးသော ဘုရားရှင်တို့၏ တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူပြီးလျှင် အဘယ်အရပ်၌ ဝါကပ်တော်မူကြကုန်ဘိသနည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် “တာဝတိံသာနတ်ပြည်၌ ဝါကပ်၍ မယ်တော်အား အဘိဓမ္မာပိဋကတ်ကို ဟောတော်မူကြကုန်၏”ဟု မြင်တော်မူရလျှင် လက်ယာခြေတော်ကို ကြွချီ၍ ယုဂန္ဓိုရ်တောင်ထိပ်၌ ထားလျက် လက်ဝဲခြေတော်ကို ကြွချီ၍ မြင်းမိုရ်တောင်ထိပ်၌ ထားတော်မူလေ၏။ ဤသို့လျှင် ယူဇနာ တစ်သိန်းခြောက်သောင်း ရှစ်ထောင်ရှိသော အရပ်၌ သုံးခုသော ဖဝါးအကြိမ် နှစ်ခုသော ခြေလှမ်းခြင်းတို့သည် ဖြစ်ကုန်၏။

(မြတ်စွာဘုရားသည် ခြေတော်ကို ဖြန့်ဆန့်၍ နင်းတော်မူ၏ဟု မမှတ်သားအပ်၊ ထိုစကား မှန်၏၊ မြတ်စွာဘုရား၏ ခြေတော်ကိုချသော ကာလ၌သာလျှင် တောင်တို့သည် ခြေတော်ရင်းသို့ ကိုင်းညွှတ်ကာ လာတဲ့၍ ခံယူကြလေကုန်၏။ မြတ်စွာဘုရားသည် ခြေတော်နင်းပြီးသော ကာလ၌ ထိုတောင်တို့သည် ထ၍ မိမိနေရာ၌သာ တည်ကြလေကုန်၏။)

သိကြားမင်း စဉ်းစားပုံ

သိကြားမင်းသည် မြတ်စွာဘုရားကိုမြင်လျှင် “ပဏ္ဍုကမ္ဗလာကျောက်ဖျာ၌ မြတ်စွာဘုရားသည် ဤဝါတွင်း သုံးလပတ်လုံး နေထိုင် သီတင်းသုံးခြင်းသို့ ကပ်ရောက်တော်မူလိမ့်မည်တကား၊ များစွာသော နတ်တို့အားလည်း ကျေးဇူးများခြင်းသည် ဖြစ်ပေလတ္တံ့၊ မြတ်စွာဘုရားသည် ဤပဏ္ဍုကမ္ဗလာကျောက်ဖျာနေရာ၌ ဝါတွင်းသုံးလပတ်လုံး နေခြင်းသို့ ကပ်ရောက်လတ်သည်ရှိသော် တစ်ပါးသော နတ်တို့သည် လက်ကိုမျှလည်း ထားခြင်းငှာ မတတ်နိုင်ကြကုန်လတ္တံ့၊ ဤပဏ္ဍုကမ္ဗလာ ကျောက်နေရာသည်ကား အလျားအားဖြင့် ယူဇနာ ခြောက်ဆယ်ရှိ၏၊ အနံအားဖြင့် ယူဇနာငါးဆယ် ရှိ၏၊ အထုအားဖြင့် တစ်ဆယ့်ငါးယူဇနာရှိ၏၊ မြတ်စွာဘုရား နေထိုင်တော်မူသော်လည်း အချည်းနှီးကဲ့သို့ ဖြစ်လတ္တံ့”ဟု ကြံစည် လေ၏၊ မြတ်စွာဘုရားသည် ထိုသိကြားမင်း၏အလိုကို သိတော်မူ၍ မိမိ၏ ဒုကုဋ်သင်္ကန်းတော်ကို ပဏ္ဍုကမ္ဗလာ ကျောက်နေရာကို ဖုံးလွှမ်းမိစေလျက် ခင်းတော်မူ၏၊ သိကြားမင်းသည် “သင်္ကန်းတော်ကို ရှေးဦးစွာ ဖုံးလွှမ်းစေလျက် ခင်းတော်မူဘိ၏၊ ကိုယ်တော်သည်ကား အနည်းငယ်သော နေရာ၌ နေထိုင်တော်မူလတ္တံ့”ဟု ကြံစည်ပြန်လေ၏၊ မြတ်စွာဘုရားသည် ထိုသိကြားမင်း၏အလိုကို သိတော်မူ၍ နိမ့်သော အင်းပျဉ်ငယ်ကို ပံသုကူဓုတင်ဆောင်မထေရ်ကြီးသည် အတွင်းသွင်း၍ ထိုင်ဘိသကဲ့သို့ ပဏ္ဍုကမ္ဗလာကျောက်နေရာကို သင်္ကန်းတော်၏ အဖို့အတွင်း၌သာ သွင်းထား၍ နေထိုင်တော်မူလေ၏။

လူအများတို့ ငိုကြွေးကြခြင်း

များစွာသော လူအပေါင်းသည်လည်း ထိုခဏ၌ပင်လျှင် မြတ်စွာဘုရားကို ကြည့်ရှုလတ်သည်ရှိသော် မမြင်ရလေပြီ၊ လမင်းဝင်သော အခါကဲ့သို့လည်းကောင်း၊ နေမင်းဝင်သော အခါကဲ့သို့လည်းကောင်း ဖြစ်လေ၏၊ များစွာသော လူအပေါင်းသည် ဤသို့သော ငိုကြွေးမြည်တမ်းသံကို ငိုကြွေးမြည်တမ်းလျက် ဤဂါထာကို ဆိုလေ၏။

ဂတော နု စိတ္တကူဋံ ဝါ၊ ကေလာသံ ဝါ ယုဂန္ဓရံ။
န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။

ဘော၊ အိုအချင်းတို့။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ စိတ္တကူဋံ ဝါ၊ စိတ္တကူဋတောင်သို့မူလည်း။ ဂတောနု၊ ကြွသွားတော်မူလေသလော။ ကေလာသံဝါ၊ ကေလာသတောင်သို့မူလည်း။ ဂတောနု၊ ကြွသွားတော်မူလေသလော။ ယုဂန္ဓရံဝါ၊ ယုဂန္ဓရတောင်သို့မူလည်း။ ဂတောနု၊ ကြွသွားတော်မူလေသလော။ နရာသဘံ၊ နတ်လူတို့ထက် မြတ်ခြင်းကြီး မြတ်တော်မူထသော။ လောကဇေဋ္ဌံ၊ လောကသုံးပါး၏ အကြီးအမှူး ဖြစ်တော်မူတတ်ထသော။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ နော၊ ငါတို့သည်။ န ဒက္ခေမု၊ မမြင်ကြရပါကုန်တကား။

ဤဂါထာကို ရွတ်ဆိုလျက် ငိုကြွေးမြည်တမ်းလေ၏၊ တစ်ပါးသော လူအပေါင်းသည် “မြတ်စွာဘုရားတို့မည်သည်ကား ဆိတ်ငြိမ်ရာ၌ မွေ့လျော်၏၊ ထိုငါတို့မြတ်စွာဘုရားသည် “ဤသို့ သဘောရှိသော ပရိသတ်၌ ဤသို့ သဘောရှိသော တန်ခိုးပြာဋိဟာပြခြင်းကို ပြုမိ၏”ဟု ရှက်စနိုးတော်မူသည်ဖြစ်၍ တစ်ပါးသော တိုင်းသို့လည်းကောင်း၊ ဇနပုဒ်သို့လည်းကောင်း ကြွသွားတော်မူသည်ဖြစ်လတ္တံ့၊ ယခုအခါ မြတ်စွာဘုရားကို ငါတို့သည် ဖူးမြင်ကြရတော့မည် မဟုတ်”ဟု ဆို၍ ငိုကြွေးမြည်တမ်းလိုရကာ ဤဂါထာကို မိန့်ဆိုလေ၏။

ပဝိဝေကရတော ဓီရော၊ နိမံလောကံ ပုနေဟိတိ။
န နော ဒက္ခေမု သမ္ဗုဒ္ဓံ၊ လောကဇေဋ္ဌံ နရာသဘံ။

ဓီရော၊ မြဲမြံသော သမာဓိရှိတော်မူသော မြတ်စွာဘုရားသည်။ ပဝိဝေကရတော၊ ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်တော်မူလေ့ရှိ၏။ ဣမံလောကံ၊ ဤလောကကို။ ပုန၊ တစ်ဖန်။ န ဧဟိတိ၊ မကြွလာတော့လတ္တံ့။ နရာသဘံ၊ နတ်လူတို့ထက် မြတ်ခြင်းကြီး မြတ်တော်မူထသော။ လောကဇေဋ္ဌံ၊ လောက၏အကြီးအမှူး ဖြစ်တော်မူထသော။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ နော၊ ငါတို့သည်။ န ဒက္ခေမု၊ မမြင်ကြရပါကုန်တကား။

ထိုလူတို့သည် ရှင်မောဂ္ဂလာန်ကို “အရှင်ဘုရား- မြတ်စွာဘုရားသည် အဘယ်အရပ်၌ ရှိပါသနည်း”ဟု မေးကြလေကုန်၏၊ ရှင်မောဂ္ဂလာန်သည် ကိုယ်တိုင်သိသော်လည်း “ဤသို့ ပြုလတ်သော် တစ်ပါးသော ရဟန်းတို့၏လည်း ဂုဏ်ကျေးဇူးတို့သည် ထင်ရှားစွာ ဖြစ်ကြကုန်၏”ဟု မြတ်သော အလိုတော်အားဖြင့် “ရှင်အနုရုဒ္ဓါကို မေးမြန်းကြကုန်လော့”ဟု မိန့်တော်မူလေ၏။ လူတို့သည် အနုရုဒ္ဓါမထေရ်ကို ရှင်မောဂ္ဂလာန်ဆိုတိုင်း “အရှင်ဘုရား- မြတ်စွာဘုရားသည် အဘယ်အရပ်မှာပါနည်းဘုရား”ဟု မေးလျှောက်ကြလေကုန်၏၊ တာဝတိံသာနတ်ပြည်ဝယ် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါကပ်တော်မူလျက် မယ်တော်အား အဘိဓမ္မာပိဋကတ်ကို ဟောကြားတော်မူခြင်းငှာ ကြွသွားတော်မူ၏”ဟု မိန့်ဆိုတော်မူလျှင် “အရှင်ဘုရား- အဘယ်ကာလ၌ ပြန်ကြွလာပါအံ့နည်းဘုရား”ဟု မေးကြပြန်ကုန်၏။ “သုံးလတို့ပတ်လုံး အဘိဓမ္မာပိဋကတ်ကို ဟောကြားတော်မူပြီးလျှင် မဟာပဝါရဏာနေ့၌ ပြန်ကြွလာတော်မူလတ္တံ့”ဟု မိန့်တော်မူလေ၏။

ထိုအခါ လူတို့သည် “မြက်စွာဘုရားကို မဖူးမြင်ရသော် မသွားကြကုန်အံ့”ဟု နှလုံးပြုလျက် ထိုသာဝတ္ထိပြည် တန်ခိုးပြရာအရပ်၌သာလျှင် သစ်ခက်တပ်ကို ဖွဲ့ကြရကုန်၏၊ ကောင်းကင်သည်သာလျှင် ထိုသူတို့အား အမိုး ဖြစ်သတတ်၊ များစွာသော ထိုပရိသတ်၏ ကိုယ်အညစ်အကြေး မသန့်စင်သော အရာမည်သည် ထင်ရှားလာသည် ဖြစ်အံ့၊ မဟာပထဝီမြေကြီးသည် ဟင်းလင်းအကြားအပေါက်ကို ပေးလေ၏၊ အလုံးစုံသောအရပ်၌ မြေအပြင်သည် ထက်ဝန်းကျင် စင်ကြယ်သည်သာ ဖြစ်လေ၏၊ မြတ်စွာဘုရားသည် ရှေးဦးစွာကပင်လျှင် ရှင်မောဂ္ဂလာန်မထေရ်ကို “ချစ်သားမောဂ္ဂလာန်- သင်သည် ဤပရိသတ်အား တရားဟောရစ်လော့၊ စူဠအနာထပိဏ်သူဌေးသည် အစာအာဟာရ ကျွေးမွေးလှူဒါန်းလတ္တံ့”ဟု မိန့်တော်မူ၏။ ထို့ကြောင့် ထိုဝါတွင်းသုံးလပတ်လုံး စူဠအနာထပိဏ်သူဌေးသည်သာလျှင် ထိုပရိသတ်အား နံနက်စာ စားအံ့သောအခါ ယာဂုထမင်းကို လည်းကောင်း၊ ခဲဖွယ်,ကွမ်း, ဆီ,နံ့သာ,ပန်း, ဆင်ယင်စရာ တန်ဆာတို့ကိုလည်းကောင်း၊ ပေးလေ၏၊ ရှင်မဟာမောဂ္ဂလာန်သည် တရားတော်ကို ဟောတော်မူလေ၏။ တန်ခိုးပြာဋိဟာကို ဖူးမြင်ခြင်းငှာ ရောက်လာတိုင်း ရောက်လာတိုင်းဖြစ်သော သူတို့သည် မေးအပ်သော ပြဿနာတို့ကိုလည်း ဖြေဆိုတော်မူလေ၏။

နတ်တို့ စည်းဝေးလာပုံ

မြတ်စွာဘုရားကိုလည်း မယ်တော်အား အဘိဓမ္မာတရား ဟောကြားတော်မူခြင်းငှာ ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ ဝါကပ်တော်မူလတ်သည်ရှိသော် တစ်သောင်းသော စကြဝဠာ၌ နေကုန်သော နတ်ဗြဟ္မာတို့သည် ခြံရံကြလေကုန်၏။ ထို့ကြောင့် ဤဂါထာအပေါင်းကို မိန့်ဆိုအပ်၏။

တာဝတိံသေ ယဒါ ဗုဒ္ဓေါ၊ သိလာယံ ပဏ္ဍုကမ္ဗလေ။
ပါရိစ္ဆတ္တကမူလမှိ၊ ဝိဟာသိ ပုရိသုတ္တမော။

ဒသသု လောကဓာတူသု၊ သန္နိပတိတွာန ဒေဝတာ။
ပယိရုပါသန္တိ သမ္ဗုဒ္ဓံ၊ ဝသန္တံ နဂမုဒ္ဓနိ။

န ကောစိ ဒေဝေါ ဝဏ္ဏေန၊ သမ္ဗုဒ္ဓဿ ဝိရောစတိ။
သဗ္ဗေ ဒေဝေ အတိက္ကမ္မ၊ သမ္ဗုဒ္ဓေါဝ ဝိရောစတိ။

ယဒါ၊ အကြင်အခါ၌။ ပုရိသုတ္တမော၊ ယောက်ျားတကာတို့ထက် မြတ်တော်မူသော။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ တာဝတိံသေ၊ တာဝတိံသာနတ်ပြည်၌။ ပါရိစ္ဆတ္တကမူလမှိ၊ ပင်လယ်ကသစ်ပင်ရင်း၌။ ပဏ္ဍုကမ္ဗလေ၊ ပဏ္ဍုကမ္ဗလာ အမည်ရှိသော။ သိလာယံ၊ ကျောက်ဖျာ၌။ ဝိဟာသိ၊ နေတော်မူ၏။

တဒါ၊ ထိုအခါ၌။ ဒသသု လောကဓာတူသု၊ တစ်သောင်းသော လောကဓာတ်တို့၌။ ဒေဝတာ၊ နေကြကုန်သော နတ်တို့သည်။ သန္နိပတိတွာန၊ စည်းဝေးကြ၍။ နဂမုဒ္ဓနိ၊ မြင်းမိုရ်တောင်ထိပ်၌။ ဝသန္တံ၊ သီတင်းသုံးနေတော်မူသော။ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပယိရုပါသန္တိ၊ ဆည်းကပ်ကြလေကုန်၏။

ကောစိ၊ တစ်စုံတစ်ယောက်သော။ ဒေဝေါ၊ နတ်ဗြဟ္မာသည်။ သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သန္တိကေ၊ ထံတော်ပါး၌။ ဝဏ္ဏေန၊ အရောင်အဆင်းအားဖြင့်။ န ဝိရောစတိ၊ မထွန်းပနိုင်။ တစ်နည်းကား။ သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏေန၊ အဆင်းအရောင်တော်ကြောင့်။ န ဝိရောစတိ၊ မတောက်ပနိုင်။ သမ္ဗုဒ္ဓေါဝ၊ မြတ်စွာဘုရားသည်သာလျှင်။ သဗ္ဗေ ဒေဝေ၊ အလုံးစုံသော နတ်ဗြဟ္မာတို့ကို။ အတိက္ကမ္မ၊ လွန်၍။ ဝိရောစတိ၊ တင့်တယ်တော်မူပေ၏။

ဤသို့လျှင် အလုံးစုံသော နတ်ဗြဟ္မာတို့ကို ကိုယ်တော်မြတ်၏ ကိုယ်တော်ရောင်ဖြင့် နှိပ်နင်းလွှမ်းမိုး၍ နေတော်မူသော မြတ်စွာဘုရား၏အထံတော်သို့ မယ်တော်သည် တုသိတာနတ်ပြည်မှလာ၍ လက်ယာနံပါး၌ နေထိုင်လေ၏။ ဣန္ဒကနတ်သားသည်လည်း လာ၍ လက်ယာနံပါး၌သာလျှင် နေလေ၏၊ အင်္ကုရနတ်သားသည် လက်ဝဲနံပါး၌ နေလေ၏၊ ထိုအင်္ကုရနတ်သားသည် တန်ခိုးကြီးသောနတ်တို့ စည်းဝေးရောက်လာကြကုန်သည်ရှိသော် ဖဲသွားရ၍ တစ်ဆယ့်နှစ်ယူဇနာ ကွာလှမ်းသော အရပ်၌ နေရာကို ရလေ၏၊ ဣန္ဒကနတ်သားသည်ကား ထိုလက်ယာနံပါး၌သာ နေလေ၏။

အင်္ကုရနတ်သား

မြတ်စွာဘုရားသည် ထိုနတ်သားနှစ်ယောက်စလုံးတို့ကိုလည်း ကြည့်ရှုတော်မူ၍ ကိုယ်တော်မြတ်၏ သာသနာတော်၌ မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်တို့အား ပေးလှူအပ်သော အလှူ၏ အကျိုးကြီးမြတ်သည့်အဖြစ်ကို သိစေတော်မူလိုသည်ဖြစ်၍ “အင်္ကုရနတ်သား- သင်သည် ရှည်ကြာသော အသက်အပိုင်းအခြားရှိသော အနှစ်တစ်သောင်း အတိုင်းအရှည်ရှိသော ကာလတို့ပတ်လုံး တစ်ဆယ့်နှစ်ယူဇနာရှိသော ဖိုခနောက်အစဉ်ကိုပြု၍ ကြီးစွာသောအလှူကို ပေးလှူဘိ၏၊ ယခုအခါ ငါဘုရား၏ အစည်းအဝေးသို့ ရောက်လာသည်ရှိသော် တစ်ဆယ့်နှစ်ယူဇနာ အတိုင်းအရှည်ရှိသောအရပ်၌ နေရာကို ရဘိ၏၊ ဤအရာ၌ အကြောင်းကား အဘယ်နည်း”ဟု ဤသို့သော စကားတော်ကို မိန့်တော်မူလိုရကား ဤဂါထာကို ဟောတော်မူ၏။

သြလောကေတွာန သမ္ဗုဒ္ဓေါ၊ အင်္ကုရဉ္စာပိ ဣန္ဒကံ။
ဒက္ခိဏေယျံ သမ္ဘာဝေန္တော၊ ဣဒံ ဝစနမဗြဝိ။

မဟာဒါနံ တယာ ဒိန္နံ၊ အင်္ကုရ ဒီဃမန္တရေ။
အတိဒူရေ နိသိန္နောသိ၊ အာဂစ္ဆ မမ သန္တိကေ။

သမ္မာသမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အင်္ကုရဉ္စာပိ၊ အင်္ကုရနတ်သားကိုလည်းကောင်း။ ဣန္ဒကဉ္စ၊ ဣန္ဒကနတ်သားကို လည်းကောင်း။ ဩလောကတွာန၊ ကြည့်ရှုတော်မူလတ်၍။ ဒက္ခိဏေယျံ၊ မြတ်သောအလှူခံအား လှူရခြင်း၏ အကျိုးကြီးသည့်အဖြစ်ကို။ သမ္ဘာဝေန္တော၊ ထင်ရှားပြတော်မူလိုသည် ဖြစ်၍။ ဣဒံ ဝစနံ၊ ဤစကားကို။ အဗြဝိ၊ မိန့်ဆိုတော်မူလေ၏။

အင်္ကုရ၊ အင်္ကုရနတ်သား။ တယာ၊ သင်သည်။ ဒီဃမန္တရေ၊ ရှည်စွာသော အနှစ်တစ်သောင်းတို့ပတ်လုံး။ မဟာဒါနံ၊ ကြီးစွာသောအလှူကို။ ဒိန္နံ၊ ပေးလှူအပ်ပြီ။ မမ သန္တိကေ၊ ငါ၏ထံပါးအနီးသို့။ အာဂစ္ဆ၊ ရောက်လာသည်ရှိသော်။ အတိဒူရေ၊ အလွန်ဝေးသောအရပ်၌။ နိသိန္နော၊ နေရသည်။ အသိ၊ ဖြစ်လေဘိသလော။

ထိုမေးသော အသံတော်သည် မြေအပြင်သို့ ရောက်လေ၏။ ထိုအသံတော်ကို အလုံးစုံသော ပရိသတ်တို့သည်လည်း ကြားသိကြရလေကုန်၏။ ဤသို့ မိန့်တော်မူသည် ရှိသော်-

စောဒိတော ဘာဝိတတ္ထေန၊ အင်္ကုရော ဧတမဗြဝိ။
ကိံ မယှံ တေန ဒါနေန၊ ဒက္ခိဏေယျေန သုညတံ။

အယံ သော ဣန္ဒကော ယက္ခော၊ ဒဇ္ဇာ ဒါနံ ပရိတ္တကံ။
အတိရောစတိ အမှေဟိ၊ စန္ဒော တာရာဂဏေ ယထာ။

ဘာဝိတတ္ထေန၊ ထင်ရှားပြခြင်းငှာ အလိုရှိတော်မူသော မြတ်စွာဘုရားသည်။ စောဒိတော၊ တိုက်တွန်းအပ်သည် ရှိသော်။ အင်္ကုရော၊ အင်္ကုရနတ်သားသည်။ ဧတံ၊ ဤစကားကို။ အဗြဝိ၊ လျှောက်ဆိုလေ၏။ ဘန္တေ၊ ရွှေဘုန်းတော်သခင် ရှင်ပင်ဘုရား။ မယှံ၊ တပည့်တော်အား။ ဒက္ခိဏေယျေန၊ မြတ်သောအလှူခံပုဂ္ဂိုလ်မှ။ သုညတံ-သုညတေန၊ ကင်းဆိတ်သော။ တေန ဒါနေန၊ ထိုအလှူကြီးဖြင့်။ ကိံ၊ အဘယ်အကျိုး ရှိပါအံ့နည်းဘုရား။

အယံ သော ဣန္ဒကော ယက္ခော၊ ဤဣန္ဒကနတ်သားသည်။ ပရိတ္တကံ၊ အနည်းငယ်သော။ ဒါနံ၊ အလှူကို။ ဒဇ္ဇာ ဒတွာ၊ ပေးလှူပြီး၍။ တာရာဂဏေ-တာရာဂဏေဟိ၊ ကြယ်အပေါင်းတို့ထက်။ စန္ဒော၊ လသည်။ အတိရောစတိ ယထာ၊ အလွန်တင့်တယ်သကဲ့သို့။ အမှေဟိ၊ တပည့်တော်တို့ထက်။ အတိရောစတိ၊ အလွန်တင့်တယ်ပါသည် ဘုရား။

ဣန္ဒကနတ်သား

ဤသို့ အင်္ကုရနတ်သား လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် ဣန္ဒကနတ်သားကို “ဣန္ဒကနတ်သား- သင်သည် ငါဘုရား၏ လက်ယာနံပါး၌ နေထိုင်၏၊ အဘယ့်ကြောင့် မဖဲသွားမူ၍သာလျှင် နေထိုင်ရဘိသနည်း”ဟု မိန့်တော်မူလေ၏၊ “မြတ်စွာဘုရား- တပည့်တော်သည် ကောင်းသော လယ်တောမြေရာ၌ အနည်းငယ်သော မျိုးစေ့ကို စိုက်ပျိုးသော လယ်ထွန်သမားကဲ့သို့ မြတ်သော အလှူခံပုဂ္ဂိုလ်၏ ပြည့်စုံခြင်းကို ရပါသည်ဘုရား”ဟု မြတ်သောအလှူခံအား လှူရခြင်း၏ အကျိုးကြီးသည့်အဖြစ်ကို ထင်ရှားပြလိုရကား ဤဂါထာအပေါင်းကို ဆိုလေ၏။

ဥဇ္ဇင်္ဂလေ ယထာ ခေတ္တေ၊ ဗီဇံ ဗဟုမ္ပိ ရောပိတံ။
န ဖလံ ဝိပုလံ ဟောတိ၊ နာပိ တောသေတိ ကဿကံ။

တထေဝ ဒါနံ ဗဟုကံ၊ ဒုဿီလေသု ပတိဋ္ဌိတံ။
န ဖလံ ဝိပုလံ ဟောတိ၊ နာပိ တောသေတိ ဒါယကံ။

ယထာပိ ဘဒ္ဒကေ ခေတ္တေ၊ ဗီဇံ အပ္ပမ္ပိ ရောပိတံ။
သမ္မာ ဓာရေ ပဝတ္တန္တေ၊ ဖလံ တောသေတိ ကဿကံ။

တထေဝ သီလဝန္တေသု၊ ဂုဏဝန္တေသု တာဒိသု။
အပ္ပကမ္ပိ ကတံ ကာရံ၊ ပုညံ ဟောတိ မဟပ္ဖလံ။

ဥဇ္ဇင်္ဂလေ၊ ကြပ်တည်း မြေပြင်ဖြစ်သော။ ခေတ္တေ၊ လယ်၌။ ရောပိတံ၊ စိုက်ပျိုးအပ်သော။ ဗီဇံ၊ မျိုးစေ့သည်။ ဗဟုကမ္ပိ၊ များပင်များသော်လည်း။ ဝိပုလံ၊ များစွာပြန့်ပြောသော။ ဖလံ၊ အသီးသည်။ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့။ ကဿကံ၊ လယ်လုပ်သမားကို။ နာပိ တောသေတိ ယထာ၊ မနှစ်သက်စေသကဲ့သို့လည်းကောင်း။

တထေဝ၊ ထို့အတူသာလျှင်။ ဒုဿီလေသု၊ သီလမရှိသော ပုဂ္ဂိုလ်တို့၌။ ဗဟုကံ၊ များစွာ။ ပတိဋ္ဌိတံ၊ တည်သော။ ဝါ၊ ပေးလှူအပ်သော။ ဒါနံ၊ အလှူသည်။ ဝိပုလံ၊ များစွာပြန့်ပြောသော။ ဖလံ၊ အကျိုးသည်။ န ဟောတိ၊ မဖြစ်။ ဒါယကံ၊ အလှူရှင်ကို။ နာပိ တောသေတိ၊ နှစ်သက်လည်း မနှစ်သက်စေတတ်။

ဘဒ္ဒကေ၊ ကောင်းသော။ ခေတ္တေ၊ လယ်၌။ ရောပိတံ၊ စိုက်ပျိုးအပ်သော။ ဗီဇံ၊ မျိုးစေ့သည်။ အပ္ပမ္ပိ၊ နည်းပင်နည်းသော်လည်း။ သမ္မာဓာရေ၊ မစဲမပြတ် ကောင်းသော ရေအလျဉ်ရှိသော မိုးသည်။ ပဝတ္တန္တေ၊ ရွာလတ်သည်ရှိသော်။ ဝိပုလံ၊ များစွာသော။ ဖလံ၊ အသီးသီးသည်ဖြစ်၍။ ကဿကံ၊ လယ်ထွန်သမားကို။ တောသေတိ ယထာပိ၊ နှစ်သက်စေသကဲ့သို့။

တထေဝ၊ ထို့အတူသာလျှင်။ သီလဝန္တေသု၊ သီလဝန်ဖြစ်ကုန်သော။ ဂုဏဝန္တေသု၊ ဂုဏဝန်ဖြစ်ကုန်သော။ တာဒိသု၊ သည်းခံခြင်း ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၌။ ကတံ၊ ပြုအပ်သော။ အပ္ပကမ္ပိ၊ အနည်းငယ်မျှလည်းဖြစ်သော။ ကာရံ၊ ကုသိုလ်ဟု ဆိုအပ်သော။ ပုညံ၊ ကောင်းမှုသည်။ မဟပ္ဖလံ၊ များသော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်ပါသည်ဘုရား။

ဣန္ဒကနတ်သား၏ ရှေးကောင်းမှု

ထိုဣန္ဒကနတ်သား ရှေး၌ပြုအပ်သော ကောင်းမှုကံသည် အဘယ်နည်းဟူမူကား- ထိုဣန္ဒကနတ်သား အလောင်းသည် အနုရုဒ္ဓါမထေရ် ရွာတွင်းသို့ ဆွမ်းအလို့ငှာ ကြွဝင်လတ်သည်ရှိသော် မိမိအလို့ငှာ ဆောင်ယူလာခဲ့သော တစ်ယောက်မ,မျှသောဆွမ်းကို ပေးလှူစေဖူးသတတ်၊ ထိုအခါ၌ ပြုအပ်သော ထိုဣန္ဒကနတ်သား၏ ကောင်းမှုသည် အင်္ကုရနတ်သားသည် အနှစ်တစ်သောင်းတို့ပတ်လုံး တစ်ဆယ့်နှစ်ယူဇနာတိုင်တိုင် ဖိုခနောက်အစဉ်ကိုပြု၍ ပေးလှူအပ်သော အလှူထက် သာလွန်၍ အကျိုးကြီးမြတ်သည် ဖြစ်လေ၏။ ထို့ကြောင့် ဤသို့ လျှောက်ဆိုလေ၏။

ရွေးချယ်၍ လှူသင့်

ဤသို့ လျှောက်ဆိုလတ်သည်ရှိသော် မြတ်စွာဘုရားသည် “အင်္ကုရနတ်သား- အလှူမည်သည်ကား ရွေးချယ်စိစစ်၍ လှူခြင်းငှာ သင့်၏၊ ဤသို့ ရွေးချယ်စိစစ်၍ ပေးလှူသည်ရှိသော် ကောင်းသော လယ်မြေတို့၌ စိုက်ပျိုးအပ်သော မျိုးစေ့ကဲ့သို့ များသော အကျိုးရှိသည်ဖြစ်၏။ သင်သည်ကား ထိုသို့သောအခြင်းဖြင့် မပြုဘိ၊ ထို့ကြောင့် သင်၏အလှူသည် များသော အကျိုးရှိသည်မဖြစ်”ဟု မိန့်တော်မူ၍ ဤအနက်ကို ထင်စွာ ပြလိုရကား-

ဝိစေယျ ဒါနံ ဒါတဗ္ဗံ၊ ယတ္ထ ဒိန္နံ မဟပ္ဖလံ။
ဝိစေယျ ဒါနံ သုဂတပ္ပသတ္ထံ၊
ယေ ဒက္ခိဏေယျာ ဣဓ ဇီဝလောကေ။
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဗီဇာနိ ဝုတ္တာနိ ယထာ သုခေတ္တေ။

ယတ္ထ၊ အကြင်ပုဂ္ဂိုလ်၌။ ဝါ၊ အကြင်ပုဂ္ဂိုလ်အား။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ ယသ္မာ၊ အကြင်ကြောင့်။ မဟပ္ဖလံ၊ များသောအကျိုးရှိ၏။ တသ္မာ၊ ထို့ကြောင့်။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ တတ္ထ၊ ထိုပုဂ္ဂိုလ်၌။ ဝါ၊ ထိုပုဂ္ဂိုလ်အား။ ဒါနံ၊ အလှူကို။ ဒါတဗ္ဗံ၊ ပေးလှူအပ်၏။ ဝိစေယျ၊ ရွေးချယ်စိစစ်၍။ ဒါနံ၊ လှူခြင်းကို။ သုဂတပ္ပသတ္ထံ၊ မြတ်စွာဘုရားတို့သည် ချီးမွမ်းအပ်၏။ ဣဓ ဇီဝလောကေ၊ ဤသတ္တလောက၌။ ယေ ဒက္ခိဏေယျာ၊ အကြင် မြတ်သော အလှူခံပုဂ္ဂိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဧတေသု၊ ထိုမြတ်သော အလှူခံပုဂ္ဂိုလ်တို့၌။ ဝါ၊ တို့အား။ ဒိန္နာနိ၊ ပေးလှူအပ်သော အလှူတို့သည်။ သုခေတ္တေ၊ လယ်တာမြေကောင်း၌။ ဝုတ္တာနိ၊ စိုက်ပျိုးအပ်ကုန်သော။ ဗီဇာနိ ယထာ၊ မျိုးစေ့တို့ကဲ့သို့။ မဟပ္ဖလာနိ၊ များသော အကျိုးရှိကုန်၏။

ဤသို့ မိန့်တော်မူပြီးလျှင် ထိုထက်အလွန်လည်း တရားစကား ဟောကြားတော်မူလိုသော သုံးလူ့ထွတ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ဤဂါထာတို့ကို မိန့်ကြားတော်မူလေ၏။

တိဏဒေါသာနိ ခေတ္တာနိ၊ ရာဂဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတရာဂေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

တိဏဒေါသာနိ ခေတ္တာနိ၊ ဒေါသဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတဒေါသေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

တိဏဒေါသာနိ ခေတ္တာနိ မောဟဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝီတမောဟေသု၊ ဒီန္နံ ဟောတိ မဟပ္ဖလံ။

တိဏဒေါသာနိ ခေတ္တာနိ၊ ဣစ္ဆာဒေါသာ အယံ ပဇာ။
တသ္မာဟိ ဝိဂတိစ္ဆေသု၊ ဒိန္နံ ဟောတိ မဟပ္ဖလံ။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ရာဂဒေါသာ၊ ရာဂကြောင့် အပြစ်ရှိကုန်၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတရာဂေသု၊ ရာဂကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဒေါသဒေါသာ၊ ဒေါသကြောင့် အပြစ်ရှိကုန်၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတဒေါသေသု၊ ဒေါသကင်းသော ရဟန္တာပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ မောဟဒေါသာ၊ မောဟကြောင့် အပြစ်ရှိ၏ ။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝီတမောဟေသု၊ မောဟကင်းသော ရဟန္တာ ပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ များမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ခေတ္တာနိ၊ လယ်တို့သည်။ တိဏဒေါသာနိ၊ မြက်ပင် ပေါက်ရောက်ခြင်းကြောင့် အပြစ်ရှိကုန်၏။ အယံပဇာ၊ ဤသတ္တဝါအပေါင်းသည်။ ဣစ္ဆာဒေါသာ၊ မကောင်းသော အလိုရမ္မက်ကြောင့် အပြစ်ရှိကုန်၏။ တသ္မာဟိ၊ ထို့ကြောင့်သာလျှင်။ ဝိဂတိစ္ဆေသု၊ ကင်းသော အလိုရမ္မက် ရှိကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌။ ဒိန္နံ၊ ပေးလှူအပ်သော အလှူသည်။ မဟပ္ဖလံ၊ ကြီးမြတ်သော အကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အဆုံး၌ အင်္ကုရနတ်သားသည်လည်းကောင်း၊ ဣန္ဒကနတ်သားသည်လည်းကောင်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။ တာဝတိံသာနတ်ပြည်၌ ဟောကြားတော်မူအပ်သော ဒေသနာတော်သည် များစွာသော လူအပေါင်းအားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဘိဓမ္မာဒေသနာ

ထို့နောက်မှ မြတ်စွာဘုရားသည် နတ်ပရိသတ်၏အလယ်၌ နေတော်မူလျက်ပင် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကို အကြောင်းပြု၍ ကုသလာဓမ္မာ၊ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာ အစရှိသော အဘိဓမ္မာပိဋကတ်ကို ဝါတွင်းသုံးလတို့ပတ်လုံး မပြတ် ဟောကြားတော်မူလေ၏၊ ထိုသို့ပင် ဟောတော်မူသော်လည်း ဆွမ်းခံ လှည့်လည်သင့်သောအခါ၌ “ငါဘုရား ပြန်ကြွလာသည်တိုင်အောင် ဤမျှလောက်သော တရားဒေသနာတော်ကို ဟောရစ်စေသတည်း”ဟု နိမ္မိတဘုရားကို ဖန်ဆင်းတော်မူပြီးလျှင် ဟိမဝန္တာသို့ ကြွသွားတော်မူ၍ နဂါးပြည်၌ဖြစ်သော နာဂလတာမည်သော နွယ်ချိုဒန်ပူကို ခဲတော်မူသဖြင့် အနောဝတတ်အိုင်၌ မျက်နှာသစ်တော်မူပြီးလျှင် မြောက်ကျွန်းမှ ဆွမ်းကို ဆောင်ယူတော်မူ၍ အင်ကြင်းပင်ကြီးတည်း ဟူသော တန်ဆောင်း၌ နေထိုင်တော်မူလျက် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုတော်မူလေ၏၊ ရှင်သာရိပုတ္တရာမထေရ်သည် ထိုအရပ်သို့ ကြွသွား၍ မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ်ကို ပြုစုတော်မူ၏၊ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးဆုံးသောအခါ၌ “ချစ်သားသာရိပုတ္တရာ- ယနေ့ ငါဘုရားသည် ဤမျှလောက်သော အဘိဓမ္မာတရားကို ဟောအပ်ပြီ၊ သင်သည် မိမိ၏တပည့်ဖြစ်သော ရဟန်းတို့အား ပို့ချလော့”ဟု ရှင်သာရိပုတ္တရာမထေရ်အား မိန့်ကြားတော်မူလေ၏။

(ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူရာ၌ ကြည်ညိုသည်ဖြစ်၍ ငါးရာသော အမျိုးကောင်းသားတို့သည် ရှင်သာရိပုတ္တရာမထေရ်၏ အထံတော်၌ ရဟန်းပြုကြကုန်သတတ်၊ ထိုငါးရာသော ရဟန်းတို့ကို ရည်မှန်းတော်မူ၍ အရှင်သာရိပုတ္တရာမထေရ်ကို ဤသို့ မိန့်ကြားတော်မူလေ၏။)

မိန့်ကြားတော်မူပြီးသည်ရှိသော်ကား နတ်ပြည်သို့ ကြွသွားတော်မူ၍ နိမ္မိတဘုရားသည် ဟောအပ်သော နေရာမှစ၍ ကိုယ်တော်တိုင် တရားကို ဟောကြားတော်မူပြန်လေ၏။ ရှင်သာရိပုတ္တရာမထေရ်သည်လည်း ကြွတော်မူ၍ ထိုငါးရာကုန်သော ရဟန်းတို့အား အဘိဓမ္မာတရားကို ဟောကြားတော်မူလေ၏၊ ထိုငါးရာကုန်သော ရဟန်းတို့သည် မြတ်စွာဘုရားသည် နတ်ပြည်၌ နေတော်မူစဉ်သာလျှင် အဘိဓမ္မာခုနစ်ကျမ်းကို ဆောင်နိုင်သော ပုဂ္ဂိုလ်တို့ ဖြစ်ကြလေကုန်၏။

(ထိုငါးရာသော ရဟန်းတို့သည်ကား ကဿပမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ လင်းနို့သားငယ် ငါးရာဖြစ်၍ တစ်ခုသော တိုက်ခန်းအတွင်း၌ တွဲလျားဆွဲကုန်လျက် မထေရ်နှစ်ပါးတို့သည် စင်္ကြံသွား၍ အဘိဓမ္မာတရားကို သရဇ္ဈာယ်ကြကုန်စဉ် ကြားနာရသဖြင့် အသံ၌ အာရုံကို ယူကြဖူးကုန်သတတ်။)

အဘိဓမ္မာဆောင် ပုဂ္ဂိုလ်များ

ထိုလင်းနို့သားငယ် ငါးရာတို့သည် ဤသည်တို့ကား ခန္ဓာတို့ မည်ကုန်၏။ ဤသည်တို့ကား ဓာတ်တို့ မည်ကုန်၏၊ ဤသို့ အစရှိသည်တို့ဖြင့် မသိမူ၍ အသံ၌ အာရုံကို ယူခြင်းမျှဖြင့်သာလျှင် ထိုလင်းနို့အဖြစ်မှ စုတေသည်ရှိသော် နတ်ပြည်၌ ဖြစ်ကြလေကုန်၏။ ထိုနတ်သားတို့သည်လည်း နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး နတ်စည်းစိမ်ကို အစဉ်အတိုင်းခံစားပြီး၍ ထိုနတ်ပြည်မှ စုတေခဲ့ပြန်သော် သာဝတ္ထိပြည်ဝယ် အမျိုးကောင်းအိမ်တို့၌ ဖြစ်ကြကုန်၏။ ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြတော်မူသောအခါ၌ ဖြစ်သော ကြည်ညိုခြင်း ရှိကုန်သည်ဖြစ်၍ အရှင်သာရိပုတ္တရာ၏အထံတော်၌ ရဟန်းပြုကြပြီးလျှင် အလုံးစုံသောသူတို့၏ ရှေးဦးစွာ အဘိဓမ္မာခုနစ်ကျမ်းကို ဆောင်နိုင်သောပုဂ္ဂိုလ်တို့ ဖြစ်ကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ထိုသို့သောနည်းအားဖြင့် ထိုဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာဒေသနာကို ဟောကြားတော်မူလေ၏။ ဤအဘိဓမ္မာဒေသနာတော်၏ အဆုံး၌ ကုဋေ ရှစ်သောင်းသော နတ်တို့အား သစ္စာလေးပါးကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ မယ်တော် မဟာမာယာဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားသည်လည်း သောတာပတ္တိဖိုလ်၌ တည်လေ၏။

(ဤဝတ္ထု၌ မယ်တော်မာယာသည် နတ်ပြည်၌ နတ်သမီးအဖြစ်ဖြင့်သာ ဖြစ်လေသကဲ့သို့ ရှိလေတော့၏ (သက္ကတကျမ်းအချို့၌လည်း ဒုက္ကရစရိယာကျင့်ခန်း၌ မယ်တော်မာယာနတ်သမီးလာ၍ ငိုကြွေးကြောင်း အဆိုရှိသောဟူ၏)။ ထေရီဂါထာအဋ္ဌကထာ၌ ဒေဝုပ္ပတ္တိ ပန ပုရိသဘာဝေန ဇာတံ-ဟူ၍ လည်းကောင်း၊ မဏိဒီပ၌ တုဿိတ ဘဝနေ ပုရိသဘာဝေနေဝ နိဗ္ဗတ္တိ-ဟူ၍လည်းကောင်း၊ အဘိဓမ္မာဝတာရဋီကာ၌ မာတုဒေဝပုတ္တပမုခါနံ-ဟူ၍လည်းကောင်း၊ ဇာတ်ဋီကာ၌ မာတုဒေဝပုတ္တဿ-ဟူ၍လည်းကောင်း၊ အဋ္ဌကထာတစ်ခု၌ သန္တုသိတဒေဝပုတ္တော-ဟူ၍ လည်းကောင်း ရှိလေ၏။)

ရှင်မောဂ္ဂလာန် ဘုရားထံ တက်သွားပုံ

ထိုသုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသော ပရိသတ်သည်လည်း “ယခုအခါ ခုနစ်ရက်မြောက်သောနေ့၌ သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့ ဖြစ်လတ္တံ့”ဟု နှလုံးသွင်းခြင်းကိုပြု၍ ရှင်မဟာမောဂ္ဂလာန်မထေရ်သို့ ချဉ်းကပ်လျက် “အရှင်ဘုရား- မြတ်စွာဘုရား၏ သက်ဆင်းတော်မူအံ့သောနေ့ကို သိစိမ့်သောငှာ သင့်လျော်ပါသည် ဘုရား၊ တပည့်တော်တို့သည် မြတ်စွာဘုရားကို မဖူးမြင်ရဘဲ ပြန်သွားကြလိမ့်မည် မဟုတ်ပါဘုရား”ဟု လျှောက်ကြားလေ၏၊ ရှင်မဟာမောဂ္ဂလာန်မထေရ်သည် ထိုစကားကို ကြားရလျှင် “ကောင်းပြီ၊ ဒါယကာတို့”ဟု ဆို၍ ထိုနေရာ၌ပင် “မြေပြင်၌ ငုပ်လျှိုးလျက် မြင်းမိုရ်တောင်ခြေရင်းသို့ တက်သော ငါ-မောဂ္ဂလာန်ကို ပရိသတ်တို့သည် မြင်ကြပါစေကုန်သတည်း”ဟု ဓိဋ္ဌာန်တော်မူသဖြင့် ပတ္တမြားရတနာဖြင့် သီကုံးအပ်သော ဖျော့သော အဆင်းရှိသော ကမ္ဗလာကြိုးကဲ့သို့ ထင်ရှားသော သဘောရှိသည်ဖြစ်၍သာလျှင် မြင်းမိုရ်တောင်၏ အူတိုင်သဖွယ် အလယ်နေရာဖြင့် တက်တော်မူလေ၏။ လူတို့သည်လည်း ထိုအရှင်မောဂ္ဂလာန်ကို “တစ်ယူဇနာသို့ တက်ရောက်ပြီ၊ နှစ်ယူဇနာသို့ တက်ရောက်ပြီ”ဟု ကြည့်ရှုကြလေကုန်၏။ ရှင်မောဂ္ဂလာန်မထေရ်သည်လည်း မြတ်စွာဘုရားခြေတော်တို့ကို ဦးခေါင်းဖြင့် ရွက်ချီသကဲ့သို့ တက်ရောက်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ပရိသတ်တို့သည် ရှင်တော်ဘုရားတို့ကို ဖူးမြင်ပြီးမှသာလျှင် သွားခြင်းငှာ အလိုရှိကြပါသည်။ အဘယ်ကာလ၌ သက်ဆင်းတော်မူကြပါကုန်အံ့နည်းဘုရား”ဟု လျှောက်ကြားလေ၏။

တာဝတိံသာမှ သင်္ကဿမြို့သို့

“ချစ်သား မောဂ္ဂလာန်- သင်၏ နောင်တော်ကြီးဖြစ်သော ရှင်သာရိပုတ္တရာသည် အဘယ်အရပ်၌ ဝါကပ်ဘိသနည်း”ဟု မေးတော်မူပြီးလျှင် “မြတ်စွာဘုရား- သင်္ကဿနဂိုရ်ပြည်၌ ဝါကပ်ပါသည်ဘုရား”ဟု လျှောက်သဖြင့် “ချစ်သားမောဂ္ဂလာန်- ငါဘုရားသည် ဤနေ့မှ ခုနစ်ရက်မြောက်ဖြစ်သော သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့၌ သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ သက်ဆင်းပေအံ့၊ ငါ ဘုရားကို ဖူးမြင်လိုသောသူတို့သည် ထိုသင်္ကဿနဂိုရ်ပြည်သို့ လာကြစေကုန်သတည်း ဟူ၍လည်းကောင်း၊ “သာဝတ္ထိပြည်မှ သင်္ကဿနဂိုရ်ပြည် မြို့တံခါးတိုင်အောင် ယူဇနာသုံးဆယ်တို့တိုင်တိုင် ရှိကုန်၏၊ ဤမျှ အတိုင်းအရှည်ရှိသော လမ်းခရီး၌ တစ်စုံတစ်ယောက်သောသူအား လမ်း၌ စားရိက္ခာ ဆောင်ဖွယ်ကိစ္စသည် မရှိ၊ ဥပုသ်စောင့်သုံးကြကုန်သည်ဖြစ်၍ အနီးဖြစ်သောကျောင်းသို့ တရားနာခြင်းငှာ သွားကြကုန်ဘိသကဲ့သို့ လာကြကုန်ရာ၏ ဟူ၍လည်းကောင်း၊ ထိုပရိသတ်တို့ကို ပြောကြားလေလော့”ဟု မိန့်တော်မူလေ၏။ ရှင်မောဂ္ဂလာန်မထေရ်သည် “မြတ်စွာဘုရား- ကောင်းပါပြီဘုရား”ဟု ဝန်ခံပြီးလျှင် ဘုရားရှင် မိန့်တော်မူတိုင်း ပြောကြားလေ၏။

စောင်းတန်းသုံးသွယ်ဖြင့် သက်ဆင်းပုံ

သဗ္ဗညုမြတ်စွာဘုရားသည် ဝါကျွတ်လတ်သည်ဖြစ်၍ ပဝါရဏာပြုပြီးသည်ရှိသော် သိကြားမင်းအား “မြတ်သော သိကြားမင်း- လူ့ပြည်ခရီးသို့ သွားတော့အံ့”ဟု ပြောကြားလေ၏။ သိကြားမင်းသည် ရွှေဖြင့်ပြီးသော စောင်းတန်းလှေကား၊ ပတ္တမြားဖြင့်ပြီးသော စောင်းတန်း၊ ငွေဖြင့်ပြီးသော စောင်းတန်း ဤသုံးသွယ်သော စောင်းတန်းတို့ကို ဖန်ဆင်းလေ၏၊ ထိုသုံးသွယ်သော စောင်းတန်းတို့၏ အခြေတို့သည် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ တည်ကြကုန်၏၊ စောင်းတန်းဦးတို့ကား မြင်းမိုရ်တောင်ထိပ်၌ တည်ကြလေကုန်၏၊ ထိုသုံးသွယ်သော စောင်းတန်းတို့တွင် လက်ယာနံပါး၌ ရွှေဖြင့်ပြီးသော စောင်းတန်းကား နတ်တို့အလို့ငှာ ဖြစ်လေ၏။ လက်ဝဲနံပါး၌ ငွေဖြင့်ပြီးသော စောင်းတန်းကား ဗြဟ္မာကြီးတို့အလို့ငှာ ဖြစ်လေ၏။ အလယ်၌ ပတ္တမြားဖြင့်ပြီးသော စောင်းတန်းကား မြတ်စွာဘုရား၏အလို့ငှာ ဖြစ်လေ၏။ လူနတ်တို့ဆရာ ဘုရားမြတ်စွာသည်လည်း မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလျက် နတ်ပြည်မှ သက်ဆင်းတော်မူအံ့သောအခါ ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာပြခြင်းကို ပြုတော်မူ၍ အထက်သို့ ကြည့်တော်မူလေ၏။ ထိုအခါ ဗြဟ္မာပြည်တိုင်အောင် တစ်ပြင်တည်းသာ ဖြစ်ကြကုန်၏။ ထို့နောက် အောက်သို့ ကြည့်တော်မူလေ၏၊ ထိုအခါ အဝီစိတိုင်အောင် တစ်ပြင်တည်းဖြစ်လေ၏။ ထို့နောက် တူရူအရပ် အထောင့်အရပ်ကို ကြည့်တော်မူလေ၏။ ထိုအခါ များစွာကုန်သော စကြဝဠာတစ်သိန်းတို့သည် တစ်ပြင်တည်းတို့သာ ဖြစ်ကြလေကုန်၏။ နတ်တို့သည် လူတို့ကို မြင်ကြရကုန်၏၊ လူတို့သည်လည်း နတ်တို့ကို မြင်ကြရကုန်၏၊ အလုံးစုံသောသူတို့သည် မျက်မှောက်ထင်ထင် မြင်ကြရလေကုန်၏။ မြတ်စွာဘုရားသည် ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူလေ၏၊ ထိုနေ့၌ မြတ်စွာဘုရား ကျက်သရေတော်ကို ကြည့်ရှု ဖူးမြော်ကြရလေသောကြောင့် သုံးဆယ့်ခြောက်ယူဇနာ အဝန်းရှိသော ပရိသတ်၌ တစ်ယောက်သောသူမျှလည်း ဘုရားအဖြစ်ကို မတောင့်တသောသူမည်သည် မရှိ။ ရွှေစောင်းတန်းဖြင့် နတ်တို့ သက်ဆင်းကြကုန်၏။ ငွေစောင်းတန်းဖြင့် ဗြဟ္မာကြီးတို့ သက်ဆင်းလာကြကုန်၏၊ ပတ္တမြားစောင်တန်းဖြင့် မြတ်စွာဘုရား သက်ဆင်း မြန်းကြွလာတော်မူလေ၏။

နတ်တို့ ပူဇော်ပုံ အမျိုးမျိုး

ဂန္ဓဗ္ဗနတ်သားဖြစ်သော ပဉ္စသီခနတ်သားသည် ဥသျှစ်သီးမှည့်အဆင်းနှင့်တူသော ဗေဠုဝမည်သော စောင်းကို ပိုက်ယူကာ လက်ယာနံပါး၌တည်၍ မြတ်စွာဘုရားအား သာယာစွာသော အသံရှိသော ဂန္ဓဗ္ဗနတ်စောင်း၏အသံဖြင့် ပူဇော်ခြင်းကိုပြုလျက် သက်ဆင်းလေ၏။ သိကြားမင်း၏ ကူညီဖော် ကူညီဖက်ဖြစ်သော မာတလိနတ်သားသည် လက်ဝဲနံပါး၌တည်၍ နတ်၌ဖြစ်သော နံ့သာပန်းအထူးကို ကိုင်ကာ ရှိခိုးပူဇော်လျက် သက်ဆင်းလေ၏၊ မဟာဗြဟ္မာကြီးသည် ထီးကို မိုး၏၊ သုယာမနတ်သားသည် သားမြီးယပ်ကို ယပ်ခပ်၏၊ မြတ်စွာဘုရားသည် ဤသို့သော အခြံအရံနှင့်တကွ သက်ဆင်းတော်မူပြီးလျှင် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ တည်တော်မူလေ၏။ အရှင်သာရိပုတ္တရာမထေရ်သည်လည်း ကြွလာတော်မူ၍ ဘုရားရှင်ကို ရှိခိုးလျက် အကြင်ကြောင့် အရှင်သာရိပုတ္တရာမထေရ်သည် ထိုသို့ သဘောရှိသော ဘုရားရှင်၏ အသရေတော်ဖြင့် သက်ဆင်းတော်မူသော ဘုရားရှင်ကို ဤနေ့မှ ရှေး၌ မမြင်အပ်စဖူး၊ ထို့ကြောင့်-

န မေ ဒိဋ္ဌော ဣတော ပုဗ္ဗေ၊ န သုတော ဥဒ ကဿစိ။
ဧဝံ ဝဂ္ဂုဝဒေါ သတ္ထာ၊ တုဿိတာ ဂဏိမာ ဂတော။

တုဿိတာ၊ တုဿိတာစံ မယ်တော်ထံမှ။ ဝါ၊ နတ်ပြည်မှ။ ဂဏိံ၊ လူပေါင်းစုံညီ သင်္ကဿနဂိုရ်ပြည်သို့။ အာဂတော၊ သက်ဆင်းကြွလာတော်မူသည်ဖြစ်၍။ ဧဝံ ဝဂ္ဂုဝဒေါ၊ သို့စဉ်ကလောက် ထွန်းတောက်ပသော အသရေတို့ဖြင့် တင့်တယ်ကောင်းမြတ်သော။ သတ္ထာ၊ ငါတို့ဆရာ ဘုရားမြတ်စွာကို။ ဣတော၊ ဤနေ့မှ။ ပုဗ္ဗေ၊ ရှေး၌။ မေ မယာ၊ ငါသည်။ န ဒိဋ္ဌော၊ မမြင်ရစဖူး။ ဥဒ၊ ထိုမှတစ်ပါး။ ကဿစိ၊ တစ်စုံတစ်ယောက်သော သူ၏အထံမှ။ န သုတော၊ မကြားရဖူးပါတကား။

ဤသို့ အစရှိသော စကားတို့ဖြင့် မိမိ၏နှစ်သက်ခြင်းကို ပြပြီးလျှင် “မြတ်စွာဘုရား- ယနေ့ အလုံးစုံသော နတ်လူတို့သည် ရှင်တော်မြတ်ဘုရားတို့အား ချစ်မြတ်နိုးကြပါကုန်၏၊ တောင့်တကြပါကုန်၏ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ ထိုအရှင် သာရိပုတ္တရာကို မြတ်စွာဘုရားသည် “ချစ်သား သာရိပုတ္တရာ- ဤသို့ သဘောရှိသော ဂုဏ်ကျေးဇူးတို့နှင့် ပြည့်စုံတော်မူကြကုန်သော ဘုရားရှင်တို့ကို ချစ်မြတ်နိုးကုန်သည်သာတည်း”ဟု မိန့်တော်မူ၍ တရားဟောကြားလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၈၁] ယေ ဈာနပ္ပဿုတာ ဓီရာ၊ နေက္ခမ္မူပသမေ ရတာ။
ဒေဝါပိ တေသံ ပိဟယန္တိ၊ သမ္ဗုဒ္ဓါနံ သတီမတံ။

ယေ ဓီရာ၊ အကြင်ပညာရှိတို့သည်။ ဈာနပ္ပဿုတာ၊ ဈာန်နှစ်ပါးတို့၌ အာဝဇ္ဇနစသော ငါးပါးသော ဝသီဘော်တို့ဖြင့် လေ့လာခြင်း ရှိကုန်၏။ နေက္ခမ္မူပသမေ၊ ကိလေသာ ငြိမ်းရာနိဗ္ဗာန်ဟု ဆိုအပ်သော နေက္ခမ္မ၌။ (ပဗ္ဗဇ္ဇာ နိက္ခမကို ဤနေရာ၌ မယူအပ်)။ ရတာ၊ မွေ့လျော်ကြကုန်၏။ သတီမတံ၊ သတိရှိကြကုန်သော။ သမ္ဗုဒ္ဓါနံ၊ သစ္စာလေးပါး သိမြင်ပြီးကြကုန်သော။ တေသံ ဓီရာနံ၊ ထိုပညာရှိတို့အား။ ဒေဝါပိ၊ နတ်တို့သည်လည်း (လူတို့ပါ)။ ပိဟယန္တိ ၊ ချစ်မြတ်နိုးကုန်၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ကုဋေသုံးဆယ် အတိုင်းအရှည်ရှိကုန်သော သတ္တဝါတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည်ဖြစ်လေ၏။ ရှင်သာရိပုတ္တရာ မထေရ်၏ သဒ္ဓိဝိဟာရိက တပည့်ဖြစ်သော ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။

သင်္ကဿနဂိုရ်ပြည် အစလစေတီ၌ ပုစ္ဆာမေးခြင်း

(ရေမီးအစုံဖြစ်သော တန်ခိုးပြာဋိဟာ ပြခြင်းကို ပြုတော်မူပြီးလျှင် နတ်ပြည်၌ ဝါကပ်တော်မူသဖြင့် သင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ သက်ဆင်းတော်မူခြင်းကို အလုံးစုံသော ဘုရားရှင်တို့သည် မစွန့်အပ်သည်သာလျှင် ဖြစ်သတတ်၊ ထိုသင်္ကဿနဂိုရ်ပြည် မြို့တံခါး၌ လက်ယာခြေ တည်ရာအရပ်သည် အစလစေတီ တည်ရာမည်သည် ဖြစ်သတတ်။)

မြတ်စွာဘုရားသည် ထိုသင်္ကဿနဂိုရ်ပြည် မြို့တံခါး အစလစေတီနေရာ၌ ရပ်တည်တော်မူလျက် ပုထုဇဉ် စသည်တို့၏အရာ၌ ပြဿနာကို မေးတော်မူလေ၏။ ပုထုဇဉ်တို့သည် မိမိ၏အရာ၌ ပြဿနာကို ဖြေဆိုကြပြီးသည်ရှိသော် သောတာပန်ပုဂ္ဂိုလ်၏အရာ၌ ပြဿနာကို ဖြေခြင်းငှာ မတတ်နိုင်ကုန်၊ ထို့အတူ သကဒါဂါမ်ပုဂ္ဂိုလ် စသည်တို့၏အရာ၌ သောတာပန်စသော ပုဂ္ဂိုလ်တို့ မတတ်နိုင်ကြကုန်၊ ရှင်မဟာမောဂ္ဂလာန်၏အရာ၌ ကြွင်းသော မဟာသာဝကတို့ မတတ်နိုင်ကြကုန်၊ ရှင်သာရိပုတ္တရာ၏အရာ၌ ရှင်မောဂ္ဂလာန် မတတ်နိုင်၊ ဘုရားရှင်၏အရာ၌လည်း ရှင်သာရိပုတ္တရာသည်လည်း ဖြေခြင်းငှာ မတတ်နိုင်သည်သာလျှင်တည်း၊ ထိုမြတ်စွာဘုရားသည် အရှေ့အရပ်မျက်နှာကို အစပြု၍ အလုံးစုံသော အရပ်မျက်နှာတို့သို့ ကြည့်ရှုတော်မူလေ၏၊ အလုံးစုံသော အရပ်မျက်နှာတို့၌ ဟင်းလင်းအပြင် တစ်ပြင်တည်းသာလျှင် ဖြစ်လေ၏။ အရပ်ရှစ်မျက်နှာတို့၌ နတ်လူတို့သည်လည်းကောင်း၊ အထက်၌ ဗြဟ္မာပြည်တိုင်အောင် နေကုန်သော ဗြဟ္မာတို့သည်လည်းကောင်း၊ အောက်၌ မြေ၌တည်ကုန်သော နတ်ဘီလူး, နဂါး, ဂဠုန်တို့သည်လည်းကောင်း လက်အုပ်ချီ၍ “မြတ်စွာဘုရား- ဤတပည့်တော်တို့ နေရာအရပ်၌ ဤပြဿနာကို ဖြေစွမ်းနိုင်သောသူသည် မရှိပါ၊ ထိုဘုရားရှင် သီတင်းသုံးရာ အရပ်၌သာလျှင် စူးစမ်းရှာဖွေတော်မူကြပါဘုရား”ဟု ဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် “သာရိပုတ္တရာကား ပင်ပန်းဘိ၏၊ ဤသာရိပုတ္တရာသည်-

ယေစ သင်္ခတဓမ္မာ သေ၊ ယေစ သေခါ ပုထူ ဣဓ။
တေသံမေ နိပကော ဣရိယံ၊ ပုဋ္ဌော ပဗြူဟိ မာရိသ။

မာရိသ၊ ငါ၏သားကြီးဖြစ်သော သာရိပုတ္တရာ။ ဣဓ၊ ဤလောက၌။ သင်္ခတာ၊ သင်္ခတ မည်ကုန်သော။ ပုထူ၊ များစွာကုန်သော။ ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်းကောင်း။ (သေအနက်မရှိ) သေခါ၊ သေခမည်ကုန်သော။ ပုထူ၊ များစွာကုန်သော။ ယေ စ ဓမ္မာ၊ အကြင်တရားတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေသံ၊ ထိုတရားတို့၏။ နိပကော၊ ရင့်ကျက်ခြင်းသည်။ ကော၊ အဘယ်နည်း။ ဣရိယံ၊ ဖြစ်ခြင်းသည်။ ကိံ၊ အဘယ်နည်း။ ပုဋ္ဌော၊ မေးအပ်သော ငါ၏သားကြီး သာရိပုတ္တရာသည်။ မေ၊ ငါ့အား။ ဗြူဟိ၊ ဖြေကြားဘိလော။

ဤသို့ ဘုရားရှင်အရာ၌ဖြစ်သော ဤဗုဒ္ဓပြဿနာကို ကြားရသဖြင့် “မြတ်စွာဘုရားသည် ငါ့ကို “သေက္ခ,အသေက္ခပုဂ္ဂိုလ်တို့၏ မဂ်ဖိုလ်သို့ ရောက်ကြောင်းဖြစ်သော အကျင့်ကို မေးတော်မူ၏”ဟု မေးသောပြဿနာ၌ အကယ်၍ကား ယုံမှားမရှိ၊ ထိုသို့ပင် ယုံမှားမရှိသော်လည်း ခန္ဓာအစရှိသော တရားတို့တွင် အဘယ်တရားကို အဦးပြုသဖြင့် ဤအကျင့်ကို ဖြေဆိုရသော်လည်း ငါသည် မြတ်စွာဘုရား၏အလိုကို ယူခြင်းငှာ မတတ်နိုင်ပေလတ္တံ့”ဟု မြတ်စွာဘုရား၏အလိုတော်၌ ယုံမှားဖြစ်လျက် ရှိချေ၏။ ထိုသာရိပုတ္တရာသည် “ငါဘုရား နည်းကိုမပေးသည်ရှိသော် ဖြေခြင်းငှာ မတတ်နိုင်ပေလတ္တံ့၊ ထိုသာရိပုတ္တရာအား နည်းကိုပေဦးအံ့”ဟု နည်းပြတော်မူလိုသည်ဖြစ်၍ “ချစ်သား သာရိပုတ္တရာ- ဤဘူတရုပ်ကို ရှု၏လော”ဟု မိန့်တော်မူလေ၏။

(မြတ်စွာဘုရားအား သာရိပုတ္တရာသည် ငါ၏အလိုကိုယူ၍ ဖြေဆိုသည်ရှိသော် ခန္ဓာ၏အစွမ်းဖြင့် ဖြေဆိုပေလတ္တံ့ဟု အကြံ ဤသို့ ဖြစ်တော်မူသတတ်။)

ရှင်သာရိပုတ္တရာအား နည်းပေးတော်မူသည်နှင့်တကွ ထိုပြဿနာသည် နည်းတစ်ရာအားဖြင့်လည်းကောင်း၊ နည်းတစ်ထောင်အားဖြင့်လည်းကောင်း၊ နည်းတစ်သိန်းအားဖြင့်လည်းကောင်း ထင်လေ၏။ ထိုရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား ပေးတော်မူအပ်သောနည်း၌တည်၍ ထိုပြဿနာကို ဖြေဆိုလေ၏။

(မြတ်စွာဘုရားကို ဖယ်ထား၍ တစ်ပါးသောသူသည် ရှင်သာရိပုတ္တရာ၏ပြဿနာသို့ ရောက်ခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိသတတ်။)

ရှင်သာရိပုတ္တရာ ကြုံးဝါးခြင်း

ထို့ကြောင့်သာလျှင် ရှင်သာရိပုတ္တရာသည် မြတ်စွာဘုရား၏ ရှေ့တော်၌ “မြတ်စွာဘုရား- တပည့်တော်သည် တစ်ကမ္ဘာပတ်လုံး မိုးရွာသော်လည်း “ဤမျှလောက်သော မိုးရေမိုးပေါက်တို့ကား မဟာသမုဒ္ဒရာ၌ ကျကုန်၏၊ ဤမျှလောက်သော မိုးရေမိုးပေါက်တို့ကား မြေ၌ ကျကုန်၏၊ ဤမျှလောက်သော မိုးရေမိုးပေါက်တို့ကား တောင်၌ ကျကုန်၏”ဟု ရေတွက်၍ ဂဏန်းသင်္ချာ ရေးသားခြင်းသို့ တင်ခြင်းငှာ စွမ်းနိုင်ပါသည် ဘုရား”ဟု ခြင်္သေ့မင်း၏အသံနှင့်တူသော ရဲဝံ့သောအသံကို ရွတ်ဆိုကြုံးဝါးတော်မူလေသတတ်၊ မြတ်စွာဘုရားသခင်သည်လည်း ရှင်သာရိပုတ္တရာကို “ချစ်သား သာရိပုတ္တရာ- သင်ရေတွက်ခြင်းငှာ စွမ်းနိုင်သည့်အဖြစ်ကို ငါဘုရား သိတော်မူ၏”ဟု မိန့်တော်မူလေ၏၊ ထိုအရှင်သာရိပုတ္တရာ၏ ပညာတော်အား နှိုင်းယှဉ်စရာ ဥပမာမည်သည်မရှိ၊ ထို့ကြောင့် ဤသို့ မိန့်ဆိုတော်မူလေ၏။

ဂင်္ဂါယ ဝါလုကာ ခီယေ၊ ဥဒကံ ခီယေ မဟဏ္ဏဝေ။
မဟိယာ မတ္တိကာ ခီယေ၊ န ခီယေ မမ ဗုဒ္ဓိယာ။

ဂင်္ဂါယ၊ ဂင်္ဂါမြစ်၌။ ဝါလုကာ၊ သဲသည်။ ခီယေ၊ ကုန်မူလည်း ကုန်ရာ၏။ မဟဏ္ဏဝေ၊ သမုဒ္ဒရာ၌။ ဥဒကံ၊ ရေသည်။ ခီယေ၊ ကုန်မူလည်း ကုန်ရာ၏။ မဟိယာ၊ မြေ၌။ မတ္တိကာ၊ မြေမှုန့်သည်။ ခီယေ၊ ကုန်မူလည်း ကုန်ရာ၏။ မမ၊ တပည့်တော် သာရိပုတ္တရာ၏။ ဝိဿဇ္ဇနေ၊ ဖြေဆိုရာ၌။ ယာ ဗုဒ္ဓိ၊ အကြင်ပညာသည်။ အတ္ထိ၊ ရှိ၏။ သာ ဗုဒ္ဓိ၊ ထိုပညာသည်။ န ခီယေ၊ မကုန်နိုင်ရာ။

ပရောသဟဿဇာတ်အမြွက်

ဤသို့ ပညာကြီးသော ရဟန်းဖြစ်သော်လည်း ဘုရားအရာ၌ မေးအပ်သော ပြဿနာ၏ အဆုံးကိုလည်းကောင်း၊ အစွန်းကိုလည်းကောင်း မမြင်သောကြောင့် မြတ်စွာဘုရားသည် ပေးအပ်သောနည်း၌ တည်၍သာလျှင် ပြဿနာကို ဖြေဆိုတော်မူရလေ၏။ ထိုစကားကို ကြားရလျှင် ရဟန်းတို့သည် စကားကို ဖြစ်စေကြသည်မှာ “အကြင်ပြဿနာကို မေးအပ်သည်ရှိသော် အလုံးစုံသော လူများအပေါင်းသည်လည်း ဖြေဆိုခြင်းငှာ မစွမ်းနိုင်၊ ထိုပြဿနာကို တရားစစ်သူကြီးဖြစ်သော ရှင်သာရိပုတ္တရာမထေရ် တစ်ပါးတည်းသာလျှင် ဖြေဆိုနိုင်ပေ၏”ဟု စကားကို ဖြစ်စေကြကုန်၏။

မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူရလျှင် “ယခုသာလျှင် သာရိပုတ္တရာသည် လူများအပေါင်း ဖြေဆိုခြင်းငှာ မစွမ်းနိုင်သော ပြဿနာကို ဖြေဆိုသည် မဟုတ်သေး၊ ရှေး၌လည်း ဤသာရိပုတ္တရာသည် ဖြေဆိုဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူခြင်းငှာ-

ပရောသဟဿမ္ပိ သမာဂတာနံ၊
ကန္ဒေယျုံ တေ ၀ဿသတံ အပညာ။
ဧကောဝ သေယျော ပုရိသော သပညော၊
ယော ဘာသိတဿ ဝိဇာနာတိ အတ္ထံ။

သမာဂတာနံ၊ အညီအညွတ် စည်းဝေးကုန်သော သူတို့၏။ ပရောသဟဿမ္ပိ၊ တစ်ထောင်ထက် အပိုအလွန်သည်လည်း။ စေ သိယာ၊ အကယ်၍ ဖြစ်ငြားအံ့။ အပညာ၊ ပညာမရှိကုန်သော။ တေ၊ ထိုတစ်ထောင်ကျော်ဖြစ်သော သူတို့သည်။ ဝဿသတံ၊ အနှစ်တစ်ရာ ကာလပတ်လုံး။ ကန္ဒေယျုံ၊ ငိုကြွေးမူလည်း ငိုကြွေးကုန်ရာ၏။ ဘာသိတဿ၊ ဆိုအပ်သော စကား၏။ အတ္ထံ၊ အနက်ကို။ န ဝိဇာနန္တိ၊ မသိနိုင်ကြကုန်။ ယော ပုရိသော၊ အကြင်ယောက်ျားသည်။ ဘာသိတဿ၊ ဆိုအပ်သော စကား၏။ အတ္ထံ၊ အနက်ကို။ ဝိဇာနာတိ၊ သိ၏။ သပညော၊ ပညာရှိသော။ ဧကောဝ၊ တစ်ယောက်တည်းသာလျှင် ဖြစ်သော။ သော ပုရိသော၊ ထိုယောက်ျားသည်။ သေယျော၊ တစ်ထောင်မကသော ထိုသူတို့ထက် မြတ်၏။

ဧကနိပါတ်၊ လိတ္တဝဂ်လာ ဤပရောသဟဿဇာတ်ကို အကျယ်အားဖြင့် ဟောကြားတော်မူလေ၏။

နတ်ပြည်မှ သက်ဆင်းတော်မူသောဝတ္ထု ပြီး၏။