ဒွေဗြာဟ္မဏဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁၅။ ဒွေဗြာဟ္မဏဝတ္ထု
325500ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၁၅။ ဒွေဗြာဟ္မဏဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၁၅။ ပုဏ္ဏားနှစ်ယောက်တို့ ဝတ္ထု

ဆေတွာ နဒ္ဓိံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပုဏ္ဏားနှစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကိုယ်တွင်း၌ရှိသော လွန်ကြိုးကို ဖြတ်သင့်ခြင်း

ထိုပုဏ္ဏားနှစ်ယောက်တို့တွင် ပုဏ္ဏားတစ်ယောက်အား စူဠရောဟိတမည်သော နွားရှိ၏။ ပုဏ္ဏားတစ်ယောက်အား မဟာရောဟိတမည်သော နွားရှိ၏။ ထိုပုဏ္ဏားနှစ်ယောက်တို့သည် တစ်နေ့သ၌ “သင့်နွား အားကြီးသည်, ငါ့နွား အားကြီးသည်”ဟု အငြင်းအခုံပြုကြ၍ “ငါတို့အား အငြင်းအခုံပြုခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ မောင်းနှင်ပြီးမှ သိကြကုန်အံ့”ဟု တိုင်ပင်၍ အစိရဝတီမြစ်ကမ်းနား၌ လှည်းကို သဲဖြင့်ပြည့်စေလျက် နွားတို့ကို တပ်ယှဉ်မောင်းနှင်ကြလေကုန်၏။ ထိုခဏ၌ ရဟန်းတို့သည်လည်း ရေချိုးခြင်းငှာ အစိရဝတီမြစ်သို့ ရောက်သွားကြကုန်၏။ ပုဏ္ဏားတို့သည် နွားတို့ကို မောင်းနှင်ကြလေကုန်၏။ လှည်းသည် မတုန်မလှုပ် ရပ်တည်မြဲ ရပ်တည်လေ၏။ ဖွဲ့ချည်သော လွန်ကြိုးတို့သည်ကား ပြတ်လေကုန်၏။ ရဟန်းတို့သည် မြင်ခဲ့ရသဖြင့် ကျောင်းတော်သို့သွား၍ ထိုအကြောင်းအရာကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ထိုဖွဲ့ချည်အပ်သော လွန်ကြိုးတို့သည် အပ၌ ဖြစ်ကြကုန်၏။ ထိုလွန်ကြိုးတို့ကို အမှတ်မရှိသောသူသည် ဖြတ်နိုင်သည်သာလျှင်တည်း။ ရဟန်းမည်သည်ကား မိမိကိုယ်တွင်း၌ရှိသော အမျက်ဒေါသတည်းဟူသော အဖွဲ့ကိုလည်းကောင်း၊ တဏှာဟူသော လွန်ကြိုးကိုလည်းကောင်း ဖြတ်ခြင်းငှာသင့်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၉၈] ဆေတွာ နဒ္ဓိံ ဝရတ္တဉ္စ၊ သန္ဒာနံ သဟနုက္ကမံ။
ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

နဒ္ဓိံ စ၊ ဖွဲ့ချည်သော လျှော်ကြိုးကိုလည်းကောင်း။ ဝရတ္တဉ္စ၊ ခိုင်ခံ့သော သားရေလွန်ကြိုးကိုလည်းကောင်း။ သဟနုက္ကမံ၊ အစဉ်မပြတ်လည်၍ သွားခြင်းရှိသော။ သန္ဒာနဉ္စ၊ လှည်းကိုလည်းကောင်း။ ဆေတွာ၊ ဖြတ်တောက်ဖျက်ဆီးနိုင်သောကြောင့်။ ဥက္ခိတ္တပလိဃံ၊ ခြံပွင့်အောင် တံခါးကျည် မင်းတုတ်ကို ဖွင့်နိုင်သော။ ဗုဒ္ဓံ၊ အကြီးဖြစ်သော။ တံ၊ ထိုနွားကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ နွားကောင်းနွားမြတ်ဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

(ဤကား ထုတ်ဖော်၍ ဆိုအပ်သော လိုရင်းမဟုတ်သော နွားနှင့်ဆိုင်သောအနက်)

နိဒ္ဓဉ္စ၊ ရန်ငြိုးဖွဲ့သောအားဖြင့်ဖြစ်သော အမျက်ဒေါသကြိုးကိုလည်းကောင်း။ ဝရတ္တဉ္စ၊ ချည်နှောင်တတ်သောအားဖြင့် ဖြစ်သော တဏှာဟူသော လွန်ကြိုးကိုလည်းကောင်း။ သဟနုက္ကမံ၊ အနုသယ အစဉ်ကျခြင်းနှင့်တကွဖြစ်သော။ သန္ဒာနဉ္စ၊ ဒိဋ္ဌိခြောက်ဆယ့်နှစ်ပါးဟူသော လှည်းကိုလည်းကောင်း။ ဆေတွာ၊ ဖြတ်တောက်ဖျက်ဆီး၍။ ဌိတံ၊ တည်သော။ ဥက္ခိတ္တပလိဃံ၊ လှစ်ခွာအပ်ပြီးသော အဝိဇ္ဇာဟူသော တံခါးကျည်ရှိထသော။ ဗုဒ္ဓံ၊ သစ္စာလေးပါးကို သိပြီးသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြဟ္မဏံ၊ မကောင်းမှုကင်း သန့်ရှင်းသောဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

(ဤကား စိတ်တော်၌ထားအပ်သော လိုရင်းဖြစ်သော ရဟန်းနှင့်ဆိုင်သောအနက်။)

ဒေသနာတော်အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် အရဟတ္တဖိုလ်၌ တည်ကြလေကုန်၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာ ဖြစ်တော်မူလေ၏။

ပုဏ္ဏားနှစ်ယောက်တို့ဝတ္ထုပြီး၏။