ဓမ္မဒိန္နတ္ထေရီဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၃၈။ ဓမ္မဒိန္နတ္ထေရီဝတ္ထု
325523ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၃၈။ ဓမ္မဒိန္နတ္ထေရီဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၃၈။ ဓမ္မဒိန္နာထေရီမဝတ္ထု

ယဿဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဓမ္မဒိန္နာ အမည်ရှိသော ဘိက္ခုနီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိသာခဒါယကာ မယားအား စည်းစိမ်လွှဲအပ်ခြင်း

တစ်နေ့သ၌ ထိုဓမ္မဒိန္နာ ဘိက္ခုနီမ၏ လူဖြစ်စဉ်ကာလ၌ ခင်ပွန်းသည်ယောက်ျား ဖြစ်ခဲ့ဖူးသော ဝိသာခမည်သော ဒါယကာသီတင်းသည်သည် မြတ်စွာဘုရား၏အထံတော်၌ တရားကို ကြားနာရသဖြင့် အနာဂါမိဖိုလ်သို့ရောက်၍ “ငါကား အလုံးစုံသော ဥစ္စာနှစ်ကို ဓမ္မဒိန္နာကို လက်ခံ သိမ်းပိုက်စေခြင်းငှာ သင့်၏”ဟု ကြံစည်လေ၏။ ထိုဝိသာခဒါယကာသည် ထိုအနာဂါမိဖိုလ်ရသည်မှ ရှေးအခါ၌ လာလတ်သည်ရှိသော် ဓမ္မဒိန္နာကို လေသာပြတင်းဖြင့် ကြည့်ရှုလျက် နေသည်ကို မြင်ရလျှင် ပြုံးခြင်းကို ပြုလေ့ရှိ၏။ ထိုနေ့၌ကား လေသာပြတင်းဖြင့် ကြည့်ရှုလျက် ရပ်တည်နေသော ဓမ္မဒိန္နာကို မကြည့်တဲ့မူ၍သာလျှင် သွားလေ၏။ ဓမ္မဒိန္နာသည် “ဤသို့ဖြစ်သော အမူအရာကား အသို့ဖြစ်လေဘိသနည်း”ဟု ကြံ၍ “ထိုသို့မူလည်း ဖြစ်စေဦး။ ထမင်းစားသောအခါ သိရပေလတ္တံ့”ဟု နှလုံးပြုလျက် ထမင်းစားအံ့သောအချိန်၌ ထမင်းကို အနီးသို့ပို့လေ၏။ ဝိသာခဒါယကာသည် တစ်ပါးသောနေ့တို့၌ “လာလှည့်, အတူတကွ စားကြကုန်စို့အံ့”ဟု ဆိုလေ့ရှိ၏။ ထိုနေ့၌ကား ဆိတ်ဆိတ်နေ၍သာလျှင် စားသောက်လေ၏။ ထိုဓမ္မဒိန္နာသည် “တစ်စုံတစ်ခုသော အကြောင်းကြောင့်သာလျှင် အမျက်ထွက်သည် ဖြစ်လတ္တံ့”ဟု ကြံစည်လေ၏။ ထိုအခါ ဝိသာခသည် ချမ်းသာစွာနေထိုင်သော အချိန်အခါ၌ ဓမ္မဒိန္နာကို ခေါ်၍ “ဓမ္မဒိန္နာ- ဤအိမ်၌ရှိသော အလုံးစုံသော စည်းစိမ်ဥစ္စာနှစ်ကို လက်ခံသိမ်းပိုက်ပါလော့”ဟု ဆိုလေ၏။ ဓမ္မဒိန္နာသည် “အမျက်ထွက်သောသူတို့ မည်သည်ကား စည်းစိမ်ဥစ္စာနှစ်ကို မပေးကြ၊ မအပ်ကြကုန်၊ ဤသို့ ပေးအပ်ခြင်းကား အကြောင်း အဘယ်သို့ ရှိလေအံ့နည်း”ဟု ကြံပြီးလျှင် “အရှင့်သား- အရှင်တို့သည် ရှိကြကုန်သည် မဟုတ်ပါလော”ဟု ဆိုလေ၏။

(ရာဇဂြိုဟ်ပြည်သို့ ဘုရားရှင် ရှေးဦးစွာ ရောက်စဉ်က ဗိမ္ဗိသာရမင်းကြီးနှင့်အတူ သောတာပန်တည်သော လူဦးရေ တစ်သိန်းတစ်သောင်းတို့တွင် ဤဝိသာခဒါယကာလည်း တစ်ယောက်အပါအဝင် ဖြစ်၏။ နောက်တစ်ကြိမ် သကဒါဂါမ်၊ နောက်တစ်ကြိမ် အနာဂါမ် တည်၏။)

စည်းစိမ်လက်မခံသော မယ်ဓမ္မဒိန္နာ

“ငါကား ဤယခုနေ့မှ အစပြု၍ တစ်စုံတစ်ခုသောအမှုကို မစီရင်တော့အံ့”ဟု ဆိုလတ်သည်ရှိသော် “အရှင်တို့ စွန့်ပစ်အပ်သော တံထွေးပေါက်ကို အဘယ်သူ လက်ခံသိမ်းပိုက်ပါလတ္တံ့နည်း၊ ဤသို့လျှင် ကျွန်မအား ရဟန်းအဖြစ်ကို ခွင့်လွှတ်တော်မူကြပါကုန်လော့”ဟု တောင်းပန်လေ၏။ ထိုဝိသာခသည် “ချစ်နှမ- ကောင်းပြီ”ဟု ဝန်ခံပြီးလျှင် များစွာသော ပူဇော်ဖွယ်ဖြင့် ထိုဓမ္မဒိန္နာကို ရဟန်းမိန်းမတို့၏ ကျောင်းသို့ ဆောင်ပို့ကာ ရဟန်းပြုစေလေ၏။ ထိုဓမ္မဒိန္နာသည် ပဉ္စင်းအဖြစ် ရလတ်သည်ရှိသော် ဓမ္မဒိန္နာထေရီမဟူသော အမည်ရှိသည် ဖြစ်လေ၏။ ထိုဓမ္မဒိန္နာထေရီမသည် ဆိတ်ငြိမ်ရာကျောင်း၌ နေခြင်းငှာ အလိုရှိသဖြင့် ရဟန်းမိန်းမတို့နှင့် အတူတကွ ဇနပုဒ်သို့သွား၍ ထိုဇနပုဒ်၌ နေစဉ် မကြာမြင့်မီသာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ “ယခုအခါ ငါ့ကိုအမှီပြု၍ ဆွေမျိုးဉာတိအပေါင်းတို့သည် ကောင်းမှုကုသိုလ်တို့ကို ကြည်ညိုလှစွာ ပြုလုပ်ကြကုန်လတ္တံ့”ဟု နှလုံးပြုလျက် ရာဇဂြိုဟ်ပြည်သို့ တစ်ဖန် ပြန်လာခဲ့လေ၏။

လင်အနာဂါမ်၏ ရှိခိုးခံထိုက်သော မိန်းမ

ဝိသာခ ဥပါသကာကြီးသည် ဓမ္မဒိန္ဒာဘိက္ခုနီမ၏ ပြန်ရောက်လာသည့်အဖြစ်ကို သိရလျှင် “အဘယ်အကြောင်းကြောင့် လာဘိသနည်း”ဟု ရဟန်းမိန်းမတို့၏ကျောင်းသို့ သွား၍ ဓမ္မဒိန္နာထေရီမကို မြင်ရလျှင် ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် “အရှင်ထေရီမ ငြီးငွေ့ပျင်းရိလေသလောဟု ပြောဆိုခြင်းငှာ မလျောက်ပတ်။ ဤဓမ္မဒိန္နာရဟန်းမိန်းမကို ပြဿနာမေးမြန်းပေအံ့”ဟု ကြံစည်လျက် သောတာပတ္တိမဂ်၌ ပြဿနာကို မေးမြန်းလေ၏။ ဓမ္မဒိန္နာထေရီမသည် ပြဿနာကို ဖြေဆိုလေ၏။ ဝိသာခဒါယကာသည် ထိုသို့သောနည်းအားဖြင့်သာလျှင် ကြွင်းသောမဂ်တို့၌လည်း ပြဿနာကို မေးမြန်းပြီးလျှင် လွန်၍ ပြဿနာကို မေးလတ်သောအခါ ဓမ္မဒိန္နာထေရီမက “ဒါယကာ ဝိသာခ- ပြဿနာသည် လွန်၍သွားခဲ့လေပြီ”ဆို၍ “အလိုရှိလျှင် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ ဤပြဿနာကို မေးချေဦးလော့”ဟု ဆိုလတ်သည်ရှိသော် ထေရီမကို ရှိခိုးပြီးလျှင် နေရာမှထ၍ မြတ်စွာဘုရား၏ထံတော်သို့သွားသဖြင့် အလုံးစုံသော ထိုစကားပြောဆိုခြင်းကို မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ငါဘုရား၏ သမီးတော်ဖြစ်သော ဓမ္မဒိန္နာသည် ကောင်းစွာ ဟောကြားအပ်ပေ၏။ ငါဘုရားသည်လည်း ပြဿနာကိုကြားသည်ရှိသော် ဤအတူသာလျှင် ဖြေဆိုရာ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

(ရဟန်းပြုသည်မှစ၍ လာဘ်ပေါများလှသဖြင့် တရားအားထုတ်ခွင့် မရသောကြောင့် ဇနပုဒ်သို့ သွားလတ်သော် ပဒုမုတ္တရဘုရားလက်ထက် အိမ်ကျွန်မဖြစ်စဉ် ဆံပင်ဖြတ်ရောင်း၍ အဂ္ဂသာဝက သုဇာတမထေရ်အား လှူဒါန်းကာ ဆုတောင်းခဲ့ဖူးသောကြောင့် နှစ်ရက်သုံးရက်မျှဖြင့် ရဟန္တာမဖြစ်ပြီးလျှင် ပြန်လာခြင်း ဖြစ်၏။)

ဒေသနာတော်

[၄၂၂] ယဿ ပုရေ စ ပစ္ဆာစ၊ မဇ္ဈေ စ နတ္ထိ ကိဉ္စနံ။
အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ပုရေ စ၊ အတိတ်ခန္ဓာ၌လည်းကောင်း။ ပစ္ဆာစ၊ အနာဂတ်ခန္ဓာ၌လည်းကောင်း။ မဇ္ဈေ စ၊ ပစ္စုပ္ပန်ခန္ဓာ၌လည်းကောင်း။ ကိဉ္စနံ၊ တဏှာအားဖြင့် စွဲယူကြောင့်ကြခြင်းသည်။ နတ္ထိ၊ မရှိ။ အကိဉ္စနံ၊ ကြောင့်ကြခြင်းမရှိသော။ အနာဒါနံ၊ စွဲလမ်းခြင်းမရှိသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဓမ္မဒိန္နာထေရီမဝတ္ထု ပြီး၏။