ဓမ္မပဒဂါထာနိဿယ/အချီနိဒါန်း

အချီနိဒါန်း

ပဇ္ဇတေ ဧတ္ထ ဓမ္မောတိ, ဓမ္မပဒန္တိ သညိတော၊
ဂုရူပဒေသံ နိဿာယ, သဇ္ဇေဿံ တဿ နိဿယံ။

ဧတ္ထ၊ ဓမ္မပဒ, ခေါ်ဆိုရသည့်, နာမတင့်ဆန်း, ဤသည့်ကျမ်း၌။ ဓမ္မော၊ မနောပုဗ္ဗင်္ဂမာ, စချီကာဖြင့်, ဂါထာဖွဲ့စပ်, ဟောကြားအပ်သည့်, များမြတ်ပေတောင်း, တရားအပေါင်းကို။ ပဇ္ဇတေ၊ တရားလိုက်စား, ပုဂ္ဂိုလ်များတို့, မမှားပုံသေ, သိအပ်ပေ၏။ ဣတိ (တသ္မာ)၊ မနောပုဗ္ဗင်္ဂမာ, စချီကာဖြင့်, ဂါထာဖွဲ့စပ်, ဟောကြားအပ်သည့်, များမြတ်ပေတောင်း, တရားအပေါင်းကို, ကောင်းကောင်းသိရာ, မြတ်ကျမ်းစာ၏ အဖြစ်ကြောင့်။ (သော ဂန္ထော၊ ဆိုအပ်ခဲ့တုံ, သကတ်ဂုဏ်နှင့်, ပြည့်စုံတင့်လျှမ်း, ထိုသည့်ကျမ်းကို။) ဓမ္မပဒန္တိ၊ ဓမ္မပဒ, နာမတင့်ဆန်း, သုတ္တန်ကျမ်းဟူ၍။ သညိတော၊ ဗုဒ္ဓမြတ်စွာ, ထေရ်မဟာတို့, သေချာသတ်မှတ်, သမုတ်အပ်ခဲ့လေပြီ။ ဂုရုပဒေသံ၊ ကျောက်ထီးတမျှ, လေးစားရသည့်, ဆရာ့ရေးနည်း, နိဿရည်းကို။ နိဿာယ၊ အားကိုးသမှု, မှီငြမ်းပြု၍။ တဿ၊ ဓမ္မပဒ, ခေါ်ဆိုရသည့်, နာမတင့်ဆန်း, ထိုသည့်ကျမ်း၏။ နိဿယံ၊ အဋ္ဌကထာ, ကျမ်းဋီကာနှင့်, သဒ္ဒါအဘိဓာန်, အတန်တန်ဟု, မှီဟန်စုစည်း, နိဿရည်းကို။ သဇ္ဇေဿံ၊ ယခုနောင်ဖွား, အကျိုးများဖို့, ကြိုးစားတီထွင်, စီရင်ပေအံ့သတည်း။

ဓမ္မပဒန္တိ သညိတော။ ။ မနောပုဗ္ဗင်္ဂမာအစရှိသော ဂါထာပါဠိဓမ္မတို့ကို သိကြောင်း သိရာကျမ်းကို ဓမ္မပဒဟု ခေါ်သည်၊ [ဓမ္မပဒမည်ခြင်း၏ အခြားအကြောင်းများကို ၄-ခုမြာက် ဂန္ထာ-ရမ္ဘဂါထာနိဿယ၌ ရှုပါ။]

ဟောကြားခဲ့ရာဌာန။ ။ ဘုရားရှင်သည် ဤဓမ္မပဒကျမ်းလာ ဂါထာဒေသနာတော်များကို
၁။ သာဝတ္ထိမြို့, ဇေတဝန်ကျောင်း, ပုဗ္ဗာရုံကျောင်း
၂။ ရာဇဂြိုဟ်မြို့, ဝေဠုဝန်ကျောင်း, ဇီဝကသရက်ဥယျာဉ်ကျောင်း၊ ဂိဇ္ဈကုဋ်တောင်ကျောင်း
၃။ ကောသမ္ဗီမြို့, ဃောသိတာရုံကျောင်း၊ ပလလဲတော၊ (ပါလိလေယျကတော)။
၄။ ဝေသာလီမြို့, ကူဋာဂါရကျောင်း၊ မဟာဝုန်တော
၅။ ကပိလဝတ်မြို့, နိဂြောဓာရုံကျောင်း
၆။ ဗာရာဏသီမြို့, မိဂဒါဝုန်တော၊ ကုက္ကိုပင်၇-ပင်အောက်
၇။ ဟိမဝန္တာတောင်, တောကျောင်းငယ်
၈။ တာဝတိံသာနတ်ပြည် ပဏ္ဍုကမ္ဗလာကျောက်ဖြာထက်
၉။ ဝေဠုဝရွာ
၁၀။ သင်္ကဿမြို့တံခါး
၁၁။ ကုသိနာရုံမြို့, မလ္လာမင်းတို့၏ ဥယျာဉ်ရှိ ပရိနိဗ္ဗာန်စံရာညောင်စောင်း
၁၂။ သက္ကတိုင်း
၁၃။ ကောသလာဇနပုဒ်
၁၄။ စာလိကာတောင်
၁၅။ သေတဗျမြို့, ယင်းတိုက်တော
၁၆။ ဒီဃလင်္ဃလိကမြို့, တောကျောင်းငယ်
၁၇။ သုသုမာရဂိရမြို့ , ဘေသကဠာတော (ပဲစင်းငုံတော)
၁၈။ ကုဏ္ဍကောလိယမြို့, ကုဏ္ဍဓာနတောကျောင်း
၁၉။ အဂ္ဂါဠဝနတ်ကွန်း
၂၀။ ဗောဓိမဏ္ဍိုင်
၂၁။ ပဉ္စသာလာ ပုဏ္ဏားရွာ
၂၂။ သာကေတမြို့, အဉ္ဇနဥယျာဉ်။
၂၃။ အာဠဝီမြို့
၂၄။ ဘဒ္ဒိယမြို့, မြတ်လေးတောစသော မြို့ရွာဌာနတို့၌ သီတင်းသုံးတော်မူစဉ်ကလည်းကောင်း, ထိုထိုဤဤ အရပ်ဆီသို့ ဒေသစာရီကြွချီတော်မူစဉ်ကလည်းကောင်း ရှင်, ရဟန်း, လူ, နတ်, နဂါးတို့ကို အကြောင်းပြု၍ ဟောတော်မူခဲ့သည်။

ဒေသနာတော်၏ ကျေးဇူး။ ။ ထိုဓမ္မပဒဒေသနာတော်ကို နာကြားရ၍ ဘုရားရှင်လက်ထက်တော်က သတ္တဝါများစွာ နိဗ္ဗာန် သုဂတိသို့ ရောက်ခဲ့ကြသည်၊ ဘုရားရှင် ပရိနိဗ္ဗာန်စံတော် မူပြီးနောက် သာသနာတော်နှစ်၂၁၈ ခုနှစ်တွင်၁ အိန္ဒိယနိုင်ငံ ပါဋလိပုတ်(ယခု ပဋ္ဋနာ)မြို့၌ နန်းတက်သော သီရိဓမ္မာသောကမင်း, ထိုမင်းနောက် နှစ်ပေါင်း ၁၃၄၃-နှစ်ခန့်အကွာ သာသနာတော်နှစ် ၁၅၆၁ ခုနှစ်,၂ ကောဇာသက္ကရာဇ် ၃၇၉ ခုနှစ်တွင်၃ မြန်မာနိုင်ငံ ပုဂံပြည်၌ နန်းတက်သော အနော်ရထာမင်းတို့သည် ဤဓမ္မပဒကျမ်း အပ္ပမာဒဝဂ်မှ “အပ္ပမာဒေါ အမတပဒံ, ပမာဒေါ မစ္စုနော ပဒံ”ဟူသော ဂါထာတော်ကို နာကြားရသဖြင့် မိစ္ဆာအယူကို စွန့်၍ ကမ္ဘာ့သမိုင်း, မြန်မာ့သမိုင်းတွင် ဥဒါန်း တွင်ရစ်သော သာသနာပြု မင်းကောင်းမင်းမြတ်များ ဖြစ်ခဲ့ကြရသည်။

ယနေ့တွေ့မြင်နေရသော ကမ္ဘာ့ထေရဝါဒသာသနာ, မြန်မာနိုင်ငံ ထေရဝါဒသာသနာသည် ထိုမင်း၂-ပါးတို့ ပြုစုပျိုးထောင်ခဲ့သော သာသနာပင် ဖြစ်သည်၊ မှန်၏-သီရိဓမ္မာသောကမင်း၏ အခန်းကဏ္ဍကို ဖယ်ထားပါက ယနေ့ ကမ္ဘာ့ထေရဝါဒသာသနာသည်လည်းကောင်း, အနော်ရထာမင်း၏ အခန်းကဏ္ဍကို ဖယ် ထားပါက ယနေ့ မြန်မာနိုင်ငံ ထေရဝါဒသာသနာသည်လည်းကောင်း မည်သို့သော အခြေအနေရှိမည်ကို သမိုင်းပညာရှင်တို့ခန့်မှန်းနိုင်ပါသည်။

၁။ ဝိ၊ဋ္ဌ၊၁၊၅၅၊ ကလျာဏီ-၁၊ မှန်နန်း၊၁၊၁၁၇။

၂။ သာသနာလင်္ကာရ-၈၈။

၃။ မှန်နန်း၊၁၊၂၅၃၊ သာသနာလင်္ကာရ-၈၈။

အရကျက်စေရန်စီမံ့ခဲ့။ ။ ထိုသို့ သာသနာတော်အား ကျေးဇူးများလှသောကြောင့် အရကျက်ဖို့ တရားယူဖို့ ကောင်းလှသော ဓမ္မပဒပါဠိအဋ္ဌကထာလာ ဂါထာများကို မိမိတို့ မဟာဂန္ဓာရုံ ကျောင်းတိုက်၌ ပရိယတ္တိအခြေခံတန်း, သာသနာလင်္ကာရ အကျော်တန်းများဝယ် အာဂုံနှုတ်တက် အရကျက်စေရန် မိမိတို့၏ ကျေးဇူးရှင် ဆရာတော်ဘုရားက စီမံထားတော်မူခဲ့သည်။

ဂုရူပဒေသံ နိဿာယ။ ။ ဤနိဿယကို ရေးရာ၌ “သဒ္ဒါနက်ထိ, ချော-ကျဉ်းဘိ, ရှင်း၏အဓိပ္ပာယ်(အလင်္ကာဘာ-ဆ)” ဟူသော ကျေးဇူးရှင်ဆရာတော် ဘုရားကြီး၏ နိဿယပေးနည်း မူလေးချက်နှင့် ညီနိုင်သမျှ ညီစေရန် သဒ္ဒါနက်ထိမိ၍ ချော လည်းချော, ကျဉ်းလည်းကျဉ်း, အဓိပ္ပာယ်လည်း ပေါ်လွင်အောင် ရေးပါသည်။

သဇ္ဇေဿံ။ ။ မိမိတို့ မဟာဂန္ဓာရုံကျောင်းတိုက်၌ “မူလတန်း, ပထမတန်းရှေ့ပိုင်း, ပထမတန်းနောက်ပိုင်း”ဟူ၍ ပရိယတ္တိ အခြေခံတန်း ၃တန်းရှိရာ ပထမတန်းရှေ့ပိုင်းနှင့် ပထမတန်း နောက်ပိုင်းကို ဖြေဆိုကြမည့် ရောက်သစ်စ ရှင်ငယ် ရဟန်း ငယ်များသည်လည်းကောင်း, ထိုအခြေခံတန်းများ အောင်မြင်ပြီး ၍ သာသနာလင်္ကာရသာမဏေကျော်တန်းတို့ကို ဖြေဆိုကြမည့် သာမဏေများသည်လည်းကောင်း မိမိတို့ ဆိုင်ရာအတန်း၌ ပြဋ္ဌာန်းထားသည့် အပိုင်းကဏ္ဍအလိုက် ဓမ္မပဒပါဠိ အဋ္ဌကထာ လာ ဂါထာပါဠိနှင့် နိဿယတို့ကို အဆင့်ဆင့်ရေးကူး၍ ကျက် ကြရသည်၊ ထိုသို့ အဆင့်ဆင့် ရေးကူး၍ ကျက်ကြရာ၌ အမှား အယွင်းမကင်း, အဖြတ်အတောက် ပိုဒ်ခတ်မှစ၍ ကျနခြင်း လည်း မရှိ, ဂါထာနိဿယအချို့ ဆိုင်ရာအဖွင့်ကျမ်းများနှင့် လည်း မညီ, အမှားအယွင်းကို အချိန်ယူ၍ ပြင်ပေးမည့်သူလည်း မရှိသောကြောင့် ထိုအပြစ်များကို ထိန်းသိမ်းလိုသော ဆန္ဒဖြင့် ယခုအခါ အဋ္ဌကထာအခြေပြုကျမ်း, ဆိုင်ရာအဋ္ဌကထာ, ဋီကာ, သဒ္ဒါ, အဘိဓာန်စသော ကျမ်းများနှင့် တိုက်ဆိုင်၍ ပုံနှိပ်အပ် သော ကျမ်းစာအုပ်ငယ်တစ်စောင် ဖြစ်အောင် စီစဉ်လိုက်ရ ပါသည်။

အရှင်သုဇနာဘိဝံသ

၁၃၅၂-ခုနှစ်၊ ကဆုန်လဆန်း(၃)ရက်

ကျေးဇူးတင်လွှာ

၉၀၀၀၀ဝိ/ (ကိုးသိန်းကျပ်)တန် Laptop ကွန်ပျူတာနှင့်

၂၅၀၀၀၀ိ(တစ်သိန်းငါးသောင်း)ကျပ်ကို လှူဒါန်းကြသော ဦးစိုင်းလာ

သမီး-မနန်းရတနာလင်း(ဝမ်းစတားကျောက်မျက်ကုမ္ပဏီ၊ မန္တလေး

ဆေးဆိုင်၊ မန္တလေးမြို့)

၂၀၀၀၀ဝိ(နှစ်သိန်းကျပ်)ကို ဓမ္မဒါနအဖြစ် လှူဒါန်းသော

(ဦးမြင့်ဆွေ)+ဒေါ်အုန်းသင်၊ သမီး-မခင်အေးဆွေ(မန္တလေးမြို့)

၁၀၀၀၀ဝိ(တစ်သိန်းကျပ်)ကို ဓမ္မဒါနအဖြစ် လှူဒါန်းသော

ကိုစိုင်းယီသန်း+မနန်းအိုင်လာ(တာချီလိတ်မြို့)

၁၀၀၀၀ဝိ(တစ်သိန်းကျပ်)ကို ဓမ္မဒါနအဖြစ် လှူဒါန်းသော

မခင်စန်းချို(မန္တလေးဆေးဆိုင်၊ မန္တလေးမြို့)

ကွန်ပျူတာပညာဖြင့် အကူအညီ များစွာပေးသော အရှင်ဝဏ္ဏ- သာရာလင်္ကာရ(သာမဏေကျော်၊ ဓမ္မာစရိယ၊ ဂဏဝါစကစာချ)

ကွန်ပျူတာစီပေးသော အရှင်အဂ္ဂဝံသ(ဓမ္မာစရိယ၊ ဂဏဝါစက စာချ)နှင့် ပရုဖတ်ပေးသော အရှင်အာစာရာလင်္ကာရ စာအုပ်ထုတ်ဝေမှုစသော အထွေထွေကိစ္စများကို ဆောင်ရွက် ပေးသော အရှင်ဣန္ဒာလောကာလင်္ကာရ (သာမဏေကျော်၊ ဓမ္မာစရိယ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ)တို့အား အထူးကျေးဇူးတင် ထိုက်သူများအဖြစ် မှတ်တမ်းတင်ပါသည်။