နဋပုတ္တကတ္ထေရဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၃၅။ နဋပုတ္တကတ္ထေရဝတ္ထု
325520ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၃၅။ နဋပုတ္တကတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၃၅။ ကချေသည်မ၏သား မထေရ်ဝတ္ထု

ဟိတွာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကချေသည်မ၏ သားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာအား ယောဂလွန်မြောက်ခြင်း

ထိုကချေသည်မ၏သားသည် တစ်ခုသောကချေသည်တို့၏ ကပြကစားခြင်းကို ကစားလျက် လှည့်လည်သွားလာသည်ရှိသော် မြတ်စွာဘုရား၏ တရားစကားတော်ကို ကြားနာရသဖြင့် ရဟန်းပြု၍ အရဟတ္တဖိုလ်သို့ ရောက်လေသတတ်။ ထိုရဟန်းသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းနှင့် အတူတကွ ဆွမ်းအလို့ငှာ ဝင်လတ်သည်ရှိသော် ရဟန်းတို့သည် ကချေသည်မသားတစ်ယောက် ကစားနေသည်ကို မြင်ရလျှင် ထိုကချေသည်ဖြစ်ဖူးသော ရဟန်းကို “ငါ့ရှင်- ဤကချေသည်သည် သင်ကပြကစားဖူးသော ကစားခြင်းကို ကစားဘိ၏၊ ဤကစားခြင်း၌ စုံမက်နှစ်သက်ခြင်းသည် ရှိသေးသလော”ဟု မေးမြန်းကြသဖြင့် “မရှိပါဘုရား”ဟု လျှောက်ဆိုလတ်သော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤရဟန်းကား မဟုတ်မမှန်သည်ကိုဆို၍ အရဟတ္တဖိုလ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏စကားကို ကြားရလျှင် “ချစ်သားရဟန်းတို့- ငါဘုရား၏သားတော်သည် အလုံးစုံသော ယောဂတို့ကို လွန်မြောက်လေပြီ”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၄၁၈] ဟိတွာ မာနုသကံ ယောဂံ၊ ဒိဗ္ဗယောဂံ ဥပစ္စဂါ။
သဗ္ဗယောဂဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ မာနုသကံ၊ လူ၌ဖြစ်သော။ ယောဂံ၊ အသက်ကို။ ဝါ- ကာမဂုဏ်ငါးပါးကို။ ဟိတွာ၊ ပယ်စွန့်၍။ ဒိဗ္ဗယောဂံ၊ နတ်၌ဖြစ်သော (အထက် နတ်၌ ဖြစ်သော) ကာမဂုဏ်ကို။ ဥပစ္စဂါ၊ လွန်မြောက်လေပြီ။ သဗ္ဗယောဂဝိသံယုတ္တံ၊ အလုံးစုံသော ယောဂလေးပါးတို့နှင့် မယှဉ်သော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ မကောင်းမှုမှ အပပြုပြီးသော ပုဂ္ဂိုလ်ဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ကချေသည်မ၏သား မထေရ်ဝတ္ထုပြီး၏။