နာရဒဇာတ်တော်ကြီး/အခန်း-၁၂

နာရဒဇာတ်တော်ကြီး
by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
၁၂။ ရှေးမင်းမြတ်တို့အကျင့်ကို ပြဆိုခန်း
322794နာရဒဇာတ်တော်ကြီး — ၁၂။ ရှေးမင်းမြတ်တို့အကျင့်ကို ပြဆိုခန်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုအခါ ဘုရားလောင်း နာရဒဗြဟ္မာမင်းသည် စင်ကြယ်စွာသောခရီးကို ကြား၍ ကောင်းသောအကျင့်ရှိကုန်သော ရှေးမင်းမြတ်တို့ ကျင့်ဆောင်အပ်သော အကြောင်းကိုပြလို၍- “ယထာ အဟု ဓတရဋ္ဌော” အစရှိသော ၅-ဂါထာတို့ကို ဆိုတော်မူ၏။

အဓိပ္ပာယ်ကား-

“အင်္ဂတိမင်းကြီး။ ရှေး၌ဖြစ်သော ဓတရဋ္ဌမင်း, ဝေဿာမိတ္တမင်း, အဋ္ဌကမင်း, ယမဒဂ္ဂိမင်း, ဥသိန္ဓရမင်း, သိဝိရာဇ်မင်း ဤမင်းတို့သည် ရဟန်းပုဏ္ဏားတို့၏ အလုပ်အကျွေးဒကာ ဖြစ်ကြကုန်၏။ ထိုမင်းတို့သည်လည်းကောင်း, ထိုမှတစ်ပါးသော မင်းတို့သည်လည်းကောင်း အလှူသီတင်း၌ မွေ့လျော်ကုန်သောကြောင့် နတ်ပြည်သို့ သွားကြကုန်ပြီ။”

“မြေကြီးကိုအစိုးရသော အင်္ဂတိမင်းကြီး။ မတရားသောအမူအကျင့်ကို မကျင့်နှင့်။ တရားသော အမူအကျင့်ကိုသာလျှင် ကျင့်လော့။ သင်မင်းကြီး၏ နန်းတော်ရှေ့၌ ထမင်း,အဖျော် စသည်တို့ကိုစီရင်၍ ကြွေးကြော်စေလော့။ “အဘယ်သူ ငတ်မွတ်သနည်း။ အဘယ်သူ ရေသိပ်သနည်း။ အဘယ်သူ ပန်းနံ့သာပျောင်း အဝတ်တန်ဆာတို့ကို အလိုရှိသနည်း”ဟု ကြွေးကြော်စေ။ “အဘယ်သူသည် ထီး, ခြေနင်းကို အလိုရှိသနည်း”ဟု ညချမ်း, နံနက်ချမ်းသောအခါတိုင်း သင်မင်းကြီး၏ နန်းတော်ရှေ့၌ ကြွေးကြော်စေ။”

“သူတစ်ပါး၏ အိမ်အိုကိုလည်းကောင်း၊ နွား,မြင်းအိုကိုလည်းကောင်း ရှေးကဲ့သို့ မပျက်မစီးစေလင့်။ ကျေးဇူးရှိသောသူ, ခွန်အား ပညာအား ကျေးဇူးအား ရှိသောသူတို့သည် အိုမင်းမစွမ်းရှိ၍ အရှင်မင်းကြီး၏ အမှုကိစ္စကို ရှေးကကဲ့သို့ မရွက်ဆောင်နိုင်သော်လည်း ထိုအမှုထမ်း ကျေးဇူးရှိဖူးသောသူတို့အား ရှေးကကဲ့သို့ အခြံအရံ မျိုးရိက္ခာ မပြတ်ပေးလော့”