ပဉ္စသတဘိက္ခုဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး စိတ္တဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၆။ ပဉ္စသတဘိက္ခုဝတ္ထု
324796ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး စိတ္တဝဂ် — ၆။ ပဉ္စသတဘိက္ခုဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၆။ ရဟန်းငါးရာဝတ္ထု

ကုမ္ဘူပမံအစရှိသော ဤတရားဒေသနာတော်ကို သဗ္ဗညုဘုရားရှင်သည် သာဝတ္ထိပြည်၌ နေတော်မူစဉ် အားထုတ်အပ်သော ဝိပဿနာရှိသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန်းငါရာတို့အား တောစောင့်နတ်တို့သည် ကြောက်ဖွယ်ကောင်းသော အာရုံတို့ကိုပြခြင်း

သာဝတ္ထိပြည်၌ ငါးရာသော ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်၌ အရဟတ္တဖိုလ်တိုင်အောင်သော ကမ္မဋ္ဌာန်းကိုယူ၍ ရဟန်းတရားကို အားထုတ်ကုန်အံ့ဟု ယူဇနာတစ်ရာမျှလောက်သောအရပ်သို့ သွားကြရာ များစွာသောလူတို့၏ နေရာဖြစ်သော တစ်ခုသောရွာကြီးသို့ ရောက်ကြကုန်သတတ်။ ထိုအခါ၌ ရဟန်းတို့ကို လူတို့မြင်လျှင် ခင်းထားအပ်သောနေရာ၌ သီတင်းသုံးနေစေ၍ မွန်မြတ်သော ယာဂု,ဆွမ်းစသည်တို့ဖြင့် လုပ်ကျွေးပြီးလျှင် “အရှင်ဘုရားတို့- အဘယ်အရပ်သို့ ကြွကုန်အံ့နည်း”ဟု မေးလျှောက်သဖြင့် “ချမ်းသာရာဖြစ်သော အရပ်ထိုထိုသို့ ကြွကုန်အံ့”ဟု ဆိုသည်ရှိသော် “အရှင်ဘုရားတို့- ဤဝါတွင်းသုံးလပတ်လုံး ဤရွာ၌ပင် နေကြပါကုန်လော့၊ တပည့်တော်တို့သည်လည်း အရှင်ဘုရားတို့အထံ၌ သရဏဂုံသုံးပါး၌ တည်လျက် ငါးလီသောသီလတို့ကို စောင့်ထိန်းရပါကုန်အံ့”ဟု တောင်းပန်၍ ထိုအရှင်မြတ်တို့၏ သည်းခံခြင်းကို သိရလျှင် “ရွာ၏ မနီးမဝေးသောအရပ်၌ရှိသော ဤတောအုပ်ကြီးတစ်ခု၌ အရှင်ဘုရားတို့ သီတင်းသုံး နေထိုင်တော်မူကြပါဘုရား”ဟု လျှောက်ကြားကာ လွှတ်လိုက်ကြလေကုန်၏။ ရဟန်းတို့သည်လည်း ထိုတောအုပ်သို့ ဝင်ကြလေကုန်၏။ ထိုတောအုပ်ကြီး၌ စောင့်ရှောက်အုပ်စိုး၍ နေကုန်သော နတ်တို့သည် “သီလရှိသော အရှင်ကောင်းတို့သည် ဤတောအုပ်သို့ အစဉ်ကြွရောက်တော်မူကြကုန်ပြီ။ အရှင်ကောင်းတို့သည် ဤအရပ်၌ နေကုန်သည်ရှိသော် သားမယားတို့ကိုခေါ်၍ သစ်ပင်သို့တက်၍ နေခြင်းငှာ မသင့်လျော်ချေ”ဟု ကြံပြီးလျှင် ထိုနတ်တို့သည် သစ်ပင်မှ သက်ဆင်း၍ မြေ၌နေလျက် “အရှင်ကောင်းတို့သည် ဤအရပ်၌ ယနေ့ တညဉ့်မျှနေ၍ နက်ဖြန် မချွတ်ကြွသွားကြကုန်လတ္တံ့”ဟု ကြံကြပြန်ကုန်၏။ ရဟန်းတို့သည် တစ်ဖန် မိုးသောက်သောနေ့၌ ရွာတွင်းသို့ ဆွမ်းခံဝင်၍ တစ်ဖန် ထိုတောအုပ်သို့သာ ပြန်ကြွလာကြကုန်၏။

နတ်တို့သည် “ဤရဟန်းသံဃာတော်အပေါင်းကား နက်ဖြန် ဆွမ်းဘုဉ်းပေးခြင်းအလို့ငှာ တစ်စုံတစ်ယောက်သောသူသည် ပင့်ဖိတ်အပ်သည် ဖြစ်လတ္တံ့၊ ထို့ကြောင့် ဤအရပ်သို့ ပြန်လာပြန်သည်”ဟု ထင်မှတ်ပြီးလျှင် “ယနေ့ မသွားသေးသော်လည်း နက်ဖြန် ကြွသွားလိမ့်မည်”ဟု ဤသို့သောနည်းဖြင့် နတ်တို့လည်း မြေ၌သာ လခွဲမျှ နေကြရကုန်၏။ ထို့နောက်မှ “အရှင်ကောင်းတို့သည် ဤဝါတွင်းသုံးလပတ်လုံး ဤအရပ်၌သာ နေလိမ့်မည်ထင်၏၊ စင်စစ် ဤရဟန်းတို့ ဤအရပ်၌ နေကုန်သည်ရှိသော် ငါတို့အား သစ်ပင်သို့တက်၍ နေခြင်းငှာလည်း မသင့်၊ သုံးလပတ်လုံး သားမယားကိုယူ၍ မြေ၌ထိုင်ခြင်း၊ ရပ်ခြင်းတို့သည်လည်း ဆင်းရဲခြင်း ဖြစ်ကုန်ရာ၏။ တစ်စုံတစ်ခုသော အမှုကိုပြု၍ ဤရဟန်းတို့ကို ထွက်ပြေးစေခြင်းငှာ သင့်၏”ဟု ထိုထိုနေရာဖြစ်ကုန်သော ညဉ့်သန့်စင်ရာ နေ့သန့်စင်ရာတို့၌လည်းကောင်း၊ စင်္ကြံဦးတို့၌လည်းကောင်း ပြတ်သော ဦးခေါင်း၊ ဦးခေါင်းမပါသောကိုယ်ကို ပြခြင်းငှာလည်းကောင်း၊ ဘီလူးသံကို ကြားစိမ့်သောငှာလည်းကောင်း အားထုတ်ကြလေကုန်၏။ ရဟန်းတို့အားလည်း ထိုအခါမှစ၍ ချေဆတ်ခြင်းကို အစပြု၍ ချောင်းဆိုးခြင်း အစရှိသော ရောဂါဝေဒနာတို့သည် ဖြစ်ကြကုန်၏။ ထိုရဟန်းတို့သည် အချင်းချင်း “ငါ့ရှင်- သင့်အား အဘယ်ရောဂါ နှိပ်စက်ပါသနည်း”ဟု မေးသော် “တပည့်တော်အား ချေဆတ်သောအနာ ချောင်းဆိုးနာ နှိပ်စက်ပါသည်”ဟု ဆို၍ “ငါ့ရှင်- ယနေ့ ငါကား စင်္ကြံဦး၌ ပြတ်သောဦးခေါင်းကို မြင်၏၊ ငါကား ညဉ့်သန့်စင်ရာအရပ်၌ ဦးခေါင်းမပါသောကိုယ်ကို မြင်၏။ ငါကား နေ့သန့်စင်ရာ အရပ်၌ ဘီလူးသံကို ကြား၏၊ ဤအရပ်သည် ရှောင်ကြဉ်ခြင်းငှာသင့်သော အရပ်တည်း၊ ငါတို့အား ဤကျောင်း၌ မချမ်းသာခြင်းသည် ဖြစ်၏၊ ဘုရားရှင်ထံတော်သို့ ငါတို့ သွားကြကုန်စို့အံ့”ဟု တိုင်ပင်ကြလေကုန်၏။

မြတ်စွာဘုရားပေးသော မေတ္တာလက်နက်ဖြင့် ဖြိုဖျက်ခြင်း

ထိုရဟန်ငါးရာတို့သည် ဤသို့တိုင်ပင်၍ ထွက်လာခဲ့ကြရာ အစဉ်သဖြင့် ဘုရားရှင်ထံတော်သို့ ရောက်ကြလျှင် ရှိခိုး၍ တင့်အပ်လျောက်ပတ်သောအရပ်၌ နေကြကုန်၏။ ထိုအခါ ဘုရားရှင်သည် ထိုရဟန်းငါးရာတို့ကို “ချစ်သားရဟန်းတို့- အသို့နည်း၊ ထိုအရပ်၌နေခြင်းငှာ မတတ်နိုင်ကြသလော”ဟု မိန့်တော်မူ၏။ “မြတ်စွာဘုရား- မတတ်နိုင်ကြပါဘုရား၊ ထိုအရပ်၌ နေကြကုန်သော ဘုရားတပည့်တော်တို့အား ဤသို့သဘောရှိသော ကြောက်မက်ဖွယ်သော အာရုံတို့သည် ထင်ပါကုန်သောကြောင့် ဤသို့သော မချမ်းမသာခြင်းသည် ဖြစ်ပါ၏။ ထို့ကြောင့် ဘုရားတပည့်တော်တို့သည် ဤအရပ်ကား ရှောင်ကြဉ်ခြင်းငှာသင့်သော အရပ်တည်းဟု စွန့်၍ မြတ်စွာဘုရားတို့အထံတော်သို့ လာကြပါကုန်၏ဘုရား”ဟု လျှောက်လတ်သော် “ရဟန်းတို့- သင်တို့အား ထိုအရပ်သည်သာလျှင် သွားခြင်းငှာလည်း သင့်၏။ နေခြင်းငှာလည်း သင့်၏”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား သွားခြင်း,နေခြင်းငှာ မဝံ့ပါဘုရား”ဟု လျှောက်ပြန်သော် “ချစ်သား ရဟန်းတို့- သင်တို့သည် လက်နက်ကိုမယူမူ၍ သွားကြကုန်၏။ ဤယခုအခါ၌ လက်နက်ကိုကိုင်စွဲ၍ သွားကြကုန်လော့”ဟု မိန့်တော်မူလေ၏။ “မြတ်စွာဘုရား- လက်နက်တို့ဟူသည် အဘယ်တို့ပါနည်းဘုရား”ဟု မေးလျှောက်ကြရကား မြတ်စွာဘုရားသည် “သင်ချစ်သားတို့အား လက်နက်ကို ငါဘုရား ပေးလိုက်အံ့၊ ငါဘုရားပေးအပ်သော လက်နက်ကို ယူဆောင်၍ သွားကြလေကုန်”ဟု မိန့်မြွက်တော်မူပြီးလျှင်-

ကရဏီယမတ္ထကုသလေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။

ဤသို့ အစရှိသော အလုံးစုံသော မေတ္တသုတ် ဒေသနာကို ဟောကြားတော်မူပြီးလျှင် “ချစ်သား ရဟန်းတို့- ဤမေတ္တသုတ်ကို သင်တို့သည် ကျောင်းမှအပ၌ တောအုပ်ဝင်သည်မှစ၍ သရဇ္ဈာယ်ကြကုန်လျက် ကျောင်းတွင်းသို့ ဝင်ကြကုန်လော့”ဟု လွှတ်လိုက်တော်မူလေ၏။ ထိုရဟန်းတို့သည်လည်း ဘုရားရှင်ကိုရှိခိုး၍ ထွက်လာကြရာ ခရီးစဉ်အတိုင်းအားဖြင့် ထိုအရပ်သို့ရောက်သဖြင့် ကျောင်း၏အပ၌ အပေါင်းသရဇ္ဈာယ်ခြင်းကိုပြု၍ သရဇ္ဈာယ်လျက်သာလျှင် တောအုပ်သို့ ဝင်တော်မူကြလေကုန်၏။ အလုံးစုံသော တောအုပ်၌နေသော နတ်တို့သည်လည်း မေတ္တာစိတ်ကိုရ၍ ထိုရဟန်းတို့အား ခရီးဦးကြိုဆိုခြင်းပြုလျက် သပိတ်သင်္ကန်းကို လှမ်းယူခြင်း၊ လက်ခြေဆုပ်နယ်ခြင်းကို ပန်ကြားကုန်လျက် ထိုရဟန်းငါးရာတို့အလို့ငှာ အစောင့်အရှောက်ကို စီရင်ကြလေကုန်၏။ ထိုနတ်တို့လည်း ကျက်ကျက်ပူသော ဆီကဲ့သို့ ငြိမ်သက်စွာ နေကြလေကုန်၏။ တစ်စုံတစ်ခုသောအရပ်၌ ဘီလူးသံကို ကြားခြင်းမည်သည်မရှိ၊ ထိုရဟန်းတို့၏စိတ်သည် တည်တည်ကြည်ကြည် ဖြစ်လေ၏။

ရဟန်းတို့လည်း ညဉ့်သန့်စင်ရာအရပ်၊ နေ့သန့်စင်ရာအရပ်တို့၌ အညီအညွတ် ငြိမ်သက်စွာ နေကြကုန်လျက် ဝိပဿနာဉာဏ်အကျိုးငှာ စိတ်ကို ချသွင်း၍ မိမိကိုယ်၌ ကုန်ခန်းခြင်း, ပျက်စီးခြင်းကို ရှေးရှုထင်စေပြီးလျှင် “ဤအတ္တဘောမည်သည်ကား ပျက်စီးတတ်သော အနက်ကြောင့်လည်းကောင်း၊ အနှစ်သာရမရှိသော အနက်ကြောင့်လည်းကောင်း အိုးထိန်းသည်တို့၏ ခွက်(မြေအိုး)နှင့် တူ၏”ဟု ဝိပဿနာကို ပွားများစေလျက် နေကြကုန်၏။ ဘုရားရှင်သည်လည်း ဂန္ဓကုဋီ၌ နေတော်မူလျက်ပင်လျှင် ထိုရဟန်းတို့ ဝိပဿနာဉာဏ်အကျိုးငှာ အားထုတ်သည်အဖြစ်ကို သိတော်မူ၍ ထိုရဟန်းတို့ကို ဤသို့ သိစေတော်မူလေ၏။ “ချစ်သားရဟန်းတို့- သင်တို့ ဝိပဿနာပွားများစေသော အတိုင်းသာလျှင် ဤအတ္တဘောမည်သည်ကား ပျက်စီးတတ်သော အနက်ကြောင့်လည်းကောင်း၊ အနှစ်သာရမရှိသော အနက်ကြောင့်လည်းကောင်း အိုးထိန်းသည်တို့၏ ခွက်(မြေအိုး)နှင့် တူသည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် ရောင်ခြည်တော်ကို နှံ့စေလျက် ယူဇနာတစ်ရာထက်၌ပင် တည်ငြားသော်လည်း မျက်မှောက်၌ နေတော်မူဘိသကဲ့သို့ ခြောက်သွယ်သော အဆင်းရှိသော ရောင်ခြည်တော်တို့ကို လွှတ်တော်မူ၍ ထင်ရှားတိတိ မြင်သိအပ်သော ရုပ်သဏ္ဌာန်ဖြင့် ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၄၀] ကုမ္ဘူပမံ ကာယမိမံ ဝိဒိတွာ၊
နဂရူပမံ စိတ္တမိဒံ ထပေတွာ။
ယောဓေထ မာရံ ပညာဝုဓေန၊
ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

ဘိက္ခဝေ၊ ရဟန်းတို့။ ဣမံ ကာယံ၊ ဤဆံအစရှိသည်တို့၏ အပေါင်းဖြစ်သော ရူပကာယကို။ ကုမ္ဘူပမံ၊ အိုးထိန်းသည်တို့၏ အိုးခွက်နှင့်တူသော ဥပမာရှိ၏ဟု။ ဝိဒိတွာ၊ သိ၏။ ဣဒံ စိတ္တံ၊ ဤမိမိ၏ ဝိပဿနာစိတ်ကို။ နဂရူပမံ၊ လုံခြုံစွာသော မြို့နှင့်တူသော ဥပမာရှိအောင်။ ထပေတွာ၊ ဖြစ်စေ၍။ ပညာဝုဓေန၊ ဝိပဿနာဉာဏ် မဂ်ဉာဏ်တည်းဟူသော ပညာလက်နက်ဖြင့်။ မာရံ၊ ကိလေသာတည်းဟူသော မာရ်ကို။ ယောဓေထ၊ ထိုးပစ်ပုတ်ခတ်ရာ၏။ ဇိတံ၊ အောင်မြင်သောအားဖြင့် ဖြစ်စေအပ်ပြီးသော နုသောဝိပဿနာဉာဏ်ကိုလည်း။ ရက္ခေ၊ စင်ကြယ်သောစိတ်ဖြင့် စောင့်ရှောက်ရာ၏၊ အနိဝေသနော၊ သမာပတ်၌ သာယာကပ်ငြိခြင်း မရှိသည်။ သိယာ၊ ဖြစ်ရာ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ ငါးရာသော ရဟန်းတို့သည် နေမြဲတိုင်းသော နေရာအရပ်၌ နေကြကုန်လျက်ပင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ဘုရားရှင်၏ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော ကိုယ်တော်ကို ချီးမွမ်းထောမနာကာ ရှိခိုးလျက် ကြွလာကြလေကုန်၏။

ရဟန်းငါးရာဝတ္ထု ပြီး၏။