ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ  (1947) 

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ

(မြန်မာနိုင်ငံအက်ဥပဒေအမှတ်-၈၃/၁၉၄၇)

(၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)

ဤအက်ဥပဒေကို အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်-


၁။ ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် ဆက်လက်အာဏာသက်ရောက်မှု မရှိကြောင်း ကြေညာသည့်နေ့ရက်အထိ ဆက်လက်အာဏာတည်စေရမည်။


၂။ ဤအက်ဥပဒေတွင် အကြောင်းအရာ၌ဖြစ်စေ၊ ရှေ့နောက်စကားစပ်၌ဖြစ်စေ ဆန့်ကျင်ကွဲလွဲခြင်း မရှိလျှင်-
(၁) “ပြည်သူပိုင်ပစ္စည်း” ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော ကြည်းတပ်၊ ရေတပ် သို့မဟုတ် လေတပ်တို့က ပိုင်ဆိုင်သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထားသည့် သို့မဟုတ် အသုံးပြုရန် ကြံရွယ်ထားသည့် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော ဒေသဆိုင်ရာ အာဏာပိုင်တစ်ရပ်ရပ် (* * *)(၁၉၅၁ ခုနှစ်၊ အက်ဥပဒေ ၁၇ အရ ဖျက်သိမ်းသည်။) တို့ကဖြစ်စေ ပိုင်ဆိုင်သည့် သို့မဟုတ် ယင်းတို့အား လွှဲအပ်ထား သည့် သို့မဟုတ် အသုံးပြုရန် ကြံရွယ်ထားသည့် သိုလှောင်ပစ္စည်း သို့မဟုတ် ပစ္စည်းကိရိယာတန်ဆာ ပလာ သို့မဟုတ် အခြားပစ္စည်းတစ်ရပ်ရပ်ကို ဆိုသည်။ ထို့ပြင်
(၂) “ထိခိုက်နစ်နာစေသော ပြုလုပ်မှု” ဆိုသည်မှာ အောက်ပါပြုလုပ်မှုများကို ဆိုသည်-
(က) ၁၉၄၇ ခုနှစ်၊ သွင်းကုန်နှင့် ပို့ကုန်များ ကြီးကြပ်ရေး (ယာယီ) အက်ဥပဒေအရ (* * *)(၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် (ဥပဒေများ ဆက်ခံကျင့်သုံးခြင်း)အမိန့်အရ ပယ်ဖျက်သည်။) အစိုးရက ပြဋ္ဌာန်းထားသော သွင်းကုန်နှင့် ပို့ကုန်ဆိုင်ရာ အမိန့်များနှင့် စည်းမျဉ်းများကို ချိုးဖောက်ပြီး ပစ္စည်းတစ်စုံ တစ်ရာကို ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ခိုးသွင်းရန်နှင့် ပြည်ပသို့ ခိုးထုတ်ရန် ရည်ရွယ်ချက်ဖြင့် ဥပဒေနှင့်မညီသော ပြုလုပ်မှုတစ်ရပ်ရပ်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်စပ်သည့် သို့မဟုတ် သက်ဆိုင်သည့် ပြုလုပ်မှုတစ်ရပ်ရပ်၊ သို့မဟုတ်
(ခ) ပြည်သူပိုင်ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရန်ဖြစ်စေ၊ ဤအက်ဥပဒေ (* * *) (၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် (ဥပဒေများဆက်ခံကျင့်သုံးခြင်း) အမိန့်အရ ပယ်ဖျက် သည်။)၊ ၁၉၄၇ ခုနှစ်၊ သွင်းကုန်နှင့် ပို့ကုန်များကြီးကြပ်ရေး (ယာယီ) အက်ဥပဒေ၊ ၁၉၄၇ ခုနှစ်၊ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေ (၁၉၅၁ ခုနှစ်၊ အက်ဥပဒေ ၁၇ အရ ဖြည့်စွက်သည်။) နှင့် ၁၉၄၇ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုများ အက်ဥပဒေတို့အရ ပြဋ္ဌာန်းထားသော စည်းမျဉ်း သို့မဟုတ် အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက်ရန်ဖြစ်စေ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အားပေးကူညီသည့် သို့မဟုတ် လှုံ့ဆော်သည့် သို့မဟုတ် လွယ်ကူစေသည့် ပြုလုပ်မှုတစ်ရပ်ရပ်၊ သို့မဟုတ်
(ဂ) ပြည်သူပိုင်ပစ္စည်းတစ်ရပ်ရပ်အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆုံးရှုံးခြင်း၊ ပစ္စည်းတန်ဖိုး အရည်အသွေး ယိုယွင်းကျဆင်းခြင်း သို့မဟုတ် ပျက်စီးခြင်း ပေါ်ပေါက်စေသည့် ထိုပြည်သူပိုင်ပစ္စည်း ပေါ်တွင် ထိန်းသိမ်းမှု၊ ကွပ်ကဲမှု သို့မဟုတ် ကြီးကြပ်မှု ပြုလုပ်သူ သို့မဟုတ် ပြုလုပ်ခဲ့သူတစ်ဦး၏ ဆောင်ရွက်ချက်တွင် တမင်ပေါ့ဆမှု၊ စီမံခန့်ခွဲရေးညံ့ဖျင်းမှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်၊
(ဃ) ထို့ပြင် သူတစ်ဦးကခိုးမှု၊ အလွဲသုံးစားပြုမှု၊ အကျိုးဖျက်ဆီးမှု၊ ယုံမှတ်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်ခြင်းဖြင့်ဖြစ်စေ၊ မတရားသော နည်းလမ်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ရရှိထားကြောင်း သံသယ ဖြစ်ပေါ်စေသည့် ပြည်သူပိုင်ပစ္စည်းတစ်ရပ်ရပ်ကို သက်ဆိုင်သူတစ်ဦးက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရောင်းဝယ်ဖောက်ကားခြင်း။


၃။ မည်သူမဆို ပြည်သူပိုင်ပစ္စည်းတစ်ရပ်ရပ်သည် ပျောက်ဆုံးသွားကြောင်း သို့မဟုတ် စွန့်ပစ်ထား ကြောင်းနှင့် ထိုပစ္စည်းသည် ပျောက်ဆုံးခြင်း သို့မဟုတ် စွန့်ပစ်ခြင်းမတိုင်မီက လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုခု သို့မဟုတ် အစိုးရလက်အောက်၌ တာဝန်ထမ်းဆောင်ခဲ့သူထံတွင် လက်ဝယ်ရှိခဲ့ကြောင်း ထိုသူက ယုံကြည်ရန် အကြောင်းရှိသည့် ထိုပစ္စည်းကို တွေ့ရှိပါက ထိုပစ္စည်းအား ထိုသို့ တွေ့ရှိသူသည်-
(က) အနီးဝန်းကျင်တွင် တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကြည်းတပ်၊ ရေတပ် သို့မဟုတ် လေတပ် တပ်ဖွဲ့ဝင်တစ်ဦးဦးထံသို့ဖြစ်စေ၊ အနီးဝန်းကျင်ရှိ ရဲစခန်း၏ တာဝန်ခံအရာရှိထံသို့ ဖြစ်စေ ထိုပစ္စည်း၏ သဘောသဘာဝနှင့် အခြေအနေအား အကြောင်းကြားရမည် သို့မဟုတ် အကယ်၍ ထိုပစ္စည်းသည် စာတမ်းအမှတ်အသားဖြစ်ပါက ယင်းကို လက်ရောက်ပေးအပ်ရမည် သို့မဟုတ် ထိုပစ္စည်းအား ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြင်ပတွင်တွေ့ရှိပါက ထိုပစ္စည်း၏ သဘောသဘာဝနှင့် အခြေ အနေအား သတင်းပေးပို့နိုင်ရန် ဖြစ်နိုင်ခြေရှိသည့်နည်းဖြင့် ဆောင်ရွက်ရမည် သို့မဟုတ် ထိုပစ္စည်းသည် စာတမ်းအမှတ်အသားဖြစ်ပါက အစိုးရတာဝန်ထမ်းဆောင်နေသူတစ်ဦးထံသို့ တတ်နိုင်သမျှ အမြန်ဆုံး ပေးအပ်နိုင်ရန် ဆောင်ရွက်ရမည်။
(ခ) ထိုပစ္စည်းကို နိုင်ငံတော်သမ္မတ၏ ခွင့်ပြုချက်မရှိဘဲ အထက်တွင် ဖော်ပြခဲ့သည်မှအပ ဖယ်ရှားခြင်း သို့မဟုတ် မူလအနေအထား ပျက်ယွင်းစေခြင်းမပြုရ။


၄။ နိုင်ငံတော်သမ္မတသည် ပုဒ်မ ၃ အရ သတ်မှတ်သည့် ဆောင်ရွက်ရန် တာဝန်ရှိမှု သို့မဟုတ် ကန့်သတ် ချက်များသည် ထိုအမိန့်တွင် သီးခြားသတ်မှတ်ထားသည့်အတိုင်းဖြစ်စေ၊ ဤကိစ္စရပ်အလို့ငှာ နိုင်ငံတော် သမ္မတခန့်အပ်သည့် အာဏာပိုင်သည် သီးခြားသတ်မှတ်သည့်အတိုင်းဖြစ်စေ သက်ဆိုင်ရာ ပြည်သူပိုင် ပစ္စည်းအမျိုးအစားနှင့် အကျုံးဝင်သက်ဆိုင်မှုမရှိကြောင်း အမိန့်ဖြင့် ညွှန်ကြားနိုင်သည်။


၅။ မည်သူမဆို ပုဒ်မ ၃ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ထောင်ဒဏ် ခြောက်လထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။


၆။ (၁) အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပါရှိစေကာမူ သူတစ်ဦးဦးသည် ပြည်သူပိုင်ပစ္စည်း တစ်ရပ်ရပ်အား အခွင့်အာဏာမရှိဘဲ လက်ဝယ်ရှိလျှင်ဖြစ်စေ၊ ပြည်သူပိုင်ပစ္စည်းတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားမှု သို့မဟုတ် အကျိုးဖျက်ဆီးမှု ကျူးလွန်လျှင်ဖြစ်စေ၊ ထိုသူကို ထောင်ဒဏ်ခုနစ်နှစ်ထိ ဖြစ်စေ၊ ကြိမ်ဒဏ် (ကြိမ်ဒဏ်ပေးခြင်းအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ၂၇/၂၀၁၄ အရ ရုပ်သိမ်းသည်။) ဖြစ်စေ၊ ထောင်ဒဏ်နှင့် ကြိမ်ဒဏ် (ကြိမ်ဒဏ်ပေးခြင်းအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ၂၇/၂၀၁၄ အရ ရုပ်သိမ်းသည်။)နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
(၂) ပုဒ်မခွဲ (၁) အရ တရားစွဲဆိုမှုတစ်ခုခုတွင် လက်ဝယ်ရှိခြင်းသည် အခွင့်အာဏာအပ်နှင်းထား၍ ဖြစ်ကြောင်း သက်သေပြရန် တာဝန်သည် ထိုပြည်သူပိုင်ပစ္စည်း လက်ဝယ်ရှိသူအပေါ်တွင် ကျရောက် သည်။


၇။ (၁) ဒုရဲအုပ်အောက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးသည် သို့မဟုတ် နိုင်ငံတော်သမ္မတက ဤကိစ္စ အလို့ငှာ အထွေထွေ သို့မဟုတ် အထူးအမိန့်ဖြင့် အခွင့်အာဏာ အပ်နှင်းထားသော အခြားအစိုးရအရာရှိ တစ်ဦးဦးသည် ပြည်သူပိုင်ပစ္စည်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ပုဒ်မ ၆၊ ပုဒ်မခွဲ (၁) တွင် ဖော်ပြထားသော ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သူ သို့မဟုတ် ကျူးလွန်သည်ဟု သံသယရှိသူတစ်ဦးဦးကို နိုင်ငံတော် သမ္မတက သတ်မှတ်ထားသော အာဏာပိုင်တစ်ဦးဦးထံမှ ကြိုတင်ခွင့်ပြုချက်ရယူ၍ ဝရမ်းမပါဘဲ ဖမ်းဆီး နိုင်သည်။
(၂) နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အထွေထွေ သို့မဟုတ် အထူးအမိန့်ဖြင့် အခွင့်အာဏာလွှဲအပ် ခြင်းခံရသည့် အရာရှိတစ်ဦးဦးသည် ထိခိုက်နစ်နာစေသော ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ခဲ့သူ သို့မဟုတ် ကျူးလွန်သည်ဟု သံသယရှိသူတစ်ဦးဦးကို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်။
(၂-က) နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အထွေထွေ သို့မဟုတ် အထူးအမိန့်ဖြင့် အခွင့်အာဏာ အပ်နှင်းထားသည့် အရာရှိတစ်ဦးဦးသည် ပုဒ်မ ၆(၁) တွင် ဖော်ပြထားသော ပြစ်မှုတစ်ခုခုကို ကျူးလွန် ခြင်း သို့မဟုတ် ပြည်သူပိုင်ပစ္စည်းနှင့်စပ်လျဉ်း၍ ရာဇဝတ်မကင်းသော ယုံမှတ်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်ခြင်း သို့မဟုတ် ထိခိုက်နစ်နာစေသော ပြုလုပ်ခြင်းမှ ကာကွယ်တားဆီးနိုင်ရေးအတွက် လိုအပ် သည့် အခြေအနေများရှိနေသည်ဟု ယုံကြည်ပါက ထိုသူကို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်။
(၃) ပုဒ်မခွဲ (၁) သို့မဟုတ် ပုဒ်မခွဲ (၂) သို့မဟုတ် ပုဒ်မခွဲ (၂-က) အရ ဖမ်းဆီးမှုပြုလုပ်သော သို့မဟုတ် ပြည်သူပိုင်ပစ္စည်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ရာဇဝတ်မကင်းသော ယုံမှတ်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်သူအား ဖမ်းဆီးမှုပြုလုပ်သော (၁၉၅၁ ခုနှစ်၊ အက်ဥပဒေ ၄၃ အရ ဖြည့်စွက်သည်။) အရာရှိ တစ်ဦးဦးသည် ယင်းသို့ ဖမ်းဆီးရသည့် အကြောင်းခြင်းရာကို နိုင်ငံတော်သမ္မတထံချက်ချင်းအစီရင်ခံရ မည်။ ထို့ပြင် နိုင်ငံတော်သမ္မတထံမှ အမိန့်တစ်စုံတစ်ရာရရှိရန် ဆိုင်းငံ့ထားစဉ်အတွင်း ထိုသူသည် နိုင်ငံတော်သမ္မတက အထွေထွေ သို့မဟုတ် အထူးအမိန့်ဖြင့် သတ်မှတ်သည့်အတိုင်း စာဖြင့်ရေးသား ထားသည့် အမိန့်တစ်ရပ်ဖြင့် ဖမ်းဆီးထားသူအား ချုပ်နှောင်ထားစေရန် လွှဲအပ်နိုင်သည်။
သို့ရာတွင်-
(၁) နိုင်ငံတော်သမ္မတ၏ အမိန့်မပါဘဲ ဤပုဒ်မခွဲအရ မည်သူ့ကိုမျှ တစ်ဆယ့်ငါးရက်ထက်ပို၍ ချုပ်နှောင် မထားရ။
(၂) ဤပုဒ်မခွဲအရ မည်သူ့ကိုမျှ ခြောက်လထက်ပို၍ ချုပ်နှောင်မထားရ။
(၄) ပုဒ်မခွဲ (၁) သို့မဟုတ် ပုဒ်မခွဲ (၂) အရ ဖမ်းဆီးခံရသူတစ်ဦးဦးသည် အာမခံရရန် ပြင်ဆင်ထားလျှင် ၎င်းအား ဖမ်းဆီးသူအရာရှိသည် နိုင်ငံတော်သမ္မတကဖြစ်စေ၊ နိုင်ငံတော်သမ္မတက ဤကိစ္စအလို့ငှာ အခွင့်အာဏာ အပ်နှင်းထားသူကဖြစ်စေ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် အထွေထွေ သို့မဟုတ် အထူးညွှန်ကြားချက်များကို အထောက်အထားပြု၍ အာမခံဖြင့် သို့မဟုတ် အာမခံမပါဘဲ ခံဝန်ချုပ်ဆို စေလျက် နိုင်ငံတော်သမ္မတက အခါအားလျော်စွာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို သို့မဟုတ် ညွှန်ကြားချက်များကို လိုက်နာလျက် ထိုသူအား လွှတ်ထားနိုင်သည်။
(၅) ပုဒ်မခွဲ (၃) အရ ပြုလုပ်ထားသည့် အစီရင်ခံစာကို လက်ခံရရှိသည့်အခါတွင် နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (၁) ၏ ဒုတိယခြွင်းချက်ကို အထောက်အထားပြု၍ ဤပုဒ်မအရ ဖမ်းဆီးထားသူကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်အတွက် လိုအပ်သည်ဟု မှတ်ယူလျှင် ထိုအချိန်ကာလအတွက် ချုပ်နှောင်ထားရန် အမိန့်ဖြင့် ညွှန်ကြားနိုင်သည်။
(၆) ပုဒ်မခွဲ (၄) ၏ ပြဋ္ဌာန်းချက်များနှင့်အညီ အာမခံရရှိသည့်အခါ ခံဝန်ချုပ်သည် အာမခံပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ စီရင်ပိုင်ခွင့်အာဏာရှိသော ခရိုင်ရာဇဝတ်တရားသူကြီးက ရာဇဝတ်ကျင့်ထုံးဥပဒေအရ ပြုုလုပ် သည့် ခံဝန်ချုပ်အဖြစ် မှတ်ယူရမည်ဖြစ်ပြီး ထိုခံဝန်ချုပ်သည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၄ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အကျုံးဝင်စေရမည်။
(၇) ပုဒ်မခွဲ(၅) အရ ချုပ်နှောင်ထားရန် အမိန့်သည် ထိုအမိန့်ထုတ်ခြင်းခံရသူအား စီရင်ခွင့်ရှိသည့် တရားရုံး တစ်ရုံးသို့ တင်ပို့စွဲဆိုပြီးနောက် ထိုသူအား ဆက်လက်ချုပ်နှောင်ထားရန် အခွင့်အာဏာရှိသည်ဟု မှတ်ယူ ခြင်းမရှိစေရ။ သို့သော် စစ်ဆေးမှု သို့မဟုတ် စုံစမ်းမှုပြုလုပ်စဉ်အတွင်း တရားရုံးသည် တရားခံကို အာမခံဖြင့် လွှတ်ထားပါက တရားခံသည် သက်သေများကို မုသားထွက်ဆိုရန် ဖြားယောင်း သွေးဆောင်ခြင်း၊ သက်သေခံ သို့မဟုတ် လျှို့ဝှက်ချက်ကို ပျောက်ကွယ်စေခြင်း သို့မဟုတ် ၎င်းအပေါ် သက်သေခံအဖြစ် အသုံးပြုမည့် စာရွက်စာတမ်းတစ်ခုခုကို ဖျက်ဆီးခြင်းမပြုတန်ရာဟု ပေါ်လွင်မှု မရှိလျှင် တရားခံအား အာမခံဖြင့် လွှတ်မထားရ။


၈။ (၁) အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ဆိုစေကာမူ သူတစ်ဦးဦးအား ပုဒ်မ ၇ အရ ဖမ်းဆီးခြင်း သို့မဟုတ် ချုပ်နှောင်ခြင်းပြုပါက ရဲချုပ် သို့မဟုတ် ရန်ကုန်ရဲမင်းကြီး သို့မဟုတ် နိုင်ငံတော် သမ္မတက ဤကိစ္စအလို့ငှာ အခွင့်အာဏာလွှဲအပ်သည့် အစိုးရအရာရှိတစ်ဦးဦးသည် ထိုသို့ပြုလုပ်သင့် သည်ဟု ထင်မြင်လျှင်-
(က) စာဖြင့် အမည်သတ်မှတ်ဖော်ပြထားသည့် ခရိုင်ရဲအရာရှိအဆင့်အောက်မနိမ့်သော အရာရှိတစ်ဦး ဦးသည် ဘဏ်တစ်ခုခုက ပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းသိမ်းထားသည့် မည်သည့်စာရင်းစာအုပ်ကိုမဆို စစ်ဆေးနိုင်သည် သို့မဟုတ် စစ်ဆေးစေနိုင်သည်။ သို့မဟုတ်
(ခ) ထိုသူ သို့မဟုတ် ထိုသူအား မှီခိုသည့် အခြားသူတစ်ဦးဦး၏ ငွေစာရင်းနှင့်စပ်လျဉ်း၍ဖြစ်စေ၊ ထိုသူ သို့မဟုတ် ထိုသူအား မှီခိုသည့် အခြားသူတစ်ဦးဦး၏အမည်ဖြင့် ဘဏ်တွင် လုံခြုံစွာ ထိန်းသိမ်းလျက် သိမ်းဆည်းထားသည့် ပစ္စည်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ဖြစ်စေ (၁၉၅၁ ခုနှစ်၊ အက်ဥပဒေပုဒ်မ ၁၇ အရ ဖြည့်စွက်သည်။) ဘဏ်စာအုပ်ရှိ ရေးသွင်းချက်တစ်ရပ်ရပ်၏ မိတ္တူမှန်တစ်စောင် သို့မဟုတ် ဘဏ်၏ လက်ဝယ်ရှိသတင်းအချက်အလက်ကိုပေးရန် ဘဏ်မန်နေဂျာ သို့မဟုတ် ကိုယ်စားလှယ်အား ညွှန်ကြားနိုင်သည်။ သို့မဟုတ်
(ဂ) တားမြစ်သူအရာရှိ၏စာဖြင့် ရေးသားထားသောအမိန့် တစ်စုံတစ်ရာမပါရှိဘဲ ထိုသူ သို့မဟုတ် ထိုသူအား မှီခိုသည့်အခြားသူတစ်ဦးဦး၏ ဘဏ်စာရင်းတွင်ရှိသော ငွေပမာဏမှ ပေးချေမှုတစ်ရပ်ရပ်အား ပြုလုပ်ခြင်းကိုဖြစ်စေ၊ ထိုသူ၏ အမည်ဖြင့် သို့မဟုတ် ထိုသူအား မှီခိုသည့် အခြားသူတစ်ဦးဦး၏ အမည်ဖြင့် သို့မဟုတ် ဘဏ်တွင်လုံခြုံစွာ ထိန်းသိမ်းလျက် သိမ်းဆည်းထားသည့် ပစ္စည်းတစ်စုံတစ်ရာအား (၁၉၅၁ ခုနှစ်၊ အက်ဥပဒေပုဒ်မ ၁၇ အရ ဖြည့်စွက်သည်။) လွှဲပြောင်းပေးခြင်းကို ဖြစ်စေ ဘဏ်မန်နေဂျာ သို့မဟုတ် ကိုယ်စားလှယ်အား တားမြစ်နိုင်သည်။
(၂) “ဘဏ်” နှင့် “တာဝန်ခံမိတ္တူ” ဆိုသည့် စကားရပ်များသည် “ဘဏ်လုပ်ငန်းရှင်များ၏ စာအုပ်စာတမ်းများဆိုင်ရာ သက်သေခံအက်ဥပဒေ” အရ ယင်းတို့အား သတ်မှတ်ထားသည့်အတိုင်း တူညီသော အဓိပ္ပာယ် ရှိရမည်။
(၃) ဘဏ်မန်နေဂျာ သို့မဟုတ် ဘဏ်ကိုယ်စားလှယ်သည် ကိစ္စရပ်အလိုက် ဘဏ်ကပိုင်ဆိုင်သည့် သို့မဟုတ် ထိန်းသိမ်းထားသည့် စာအုပ်စာတမ်းတစ်ခုခုအား စစ်ဆေးခြင်းကို ခွင့်ပြုရန် ပျက်ကွက်လျှင် သို့မဟုတ် ငြင်းဆန်လျှင်ဖြစ်စေ၊ ပုဒ်မခွဲ (၁) အရ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် သို့မဟုတ် တားမြစ်ချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ငြင်းဆန်လျှင်ဖြစ်စေ ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။


၉။ မည်သူမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် အားပေးကူညီလျှင် သို့မဟုတ် အားပေးကူညီရန် အားထုတ်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ရန် ပြင်ဆင်လျှင် ထိုပြဋ္ဌာန်းချက်အား ဖောက်ဖျက်ကျူးလွန်သည်ဟု မှတ်ယူရမည်။


၁၀။ (၁) ဤအက်ဥပဒေကို လိုက်နာ၍ သဘောရိုးဖြင့်ပြုလုပ်သော သို့မဟုတ် ပြုလုပ်ရန် ကြံရွယ်သော မည်သည့်ကိစ္စရပ်တွင်မဆို သူတစ်ဦးဦးအား သို့မဟုတ် ပြုလုပ်ရန်ကြံရွယ်သောသူအား တရားမကြောင်း အရ ဖြစ်စေ၊ ရာဇဝတ်ကြောင်းအရဖြစ်စေ၊ အခြားဥပဒေဆိုင်ရာဆောင်ရွက်ချက်များအရဖြစ်စေ စွဲဆိုမှု မပြုလုပ်ရ။
(၂) ဤအက်ဥပဒေအရ အခြားနည်းဖြင့် အတိအလင်း ဖော်ပြထားသည်မှအပ ဤအက်ဥပဒေကို လိုက်နာ၍ ပြုလုပ်သည့် သို့မဟုတ် ပြုလုပ်ရန် ကြံရွယ်သည့် မည်သည့်အကြောင်းကြောင့်မဆို ဖြစ်ပေါ် လာသည့် သို့မဟုတ် ဖြစ်ပေါ်စေနိုင်သည့် နစ်နာမှုတစ်ရပ်အတွက် အစိုးရအား တရားမကြောင်းအရ ဖြစ်စေ၊ အခြားဥပဒေဆိုင်ရာ ဆောင်ရွက်ချက်များအရဖြစ်စေ စွဲဆိုမှု မပြုလုပ်ရ။


၁၁။ မြန်မာနိုင်ငံအက်ဥပဒေအမှတ် ၄၃/၁၉၄၇၊ ၁၉၄၇ ခုနှစ်၊ နိုင်ငံတော်ပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေအား ရုပ်သိမ်းလိုက်သည်။ သို့ရာတွင် ထိုသို့ ရုပ်သိမ်းလင့်ကစား ထိုဥပဒေအရ ပြုလုပ်သည်ဟု သဘောသက်ရောက်သည့်အရာ သို့မဟုတ် အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံးလျက် လုပ်ဆောင်ချက် သို့မဟုတ် ပြုလုပ်သည်ဟု ယူဆရသည့်လုပ်ရပ်သည် ဤအက်ဥပဒေအရ အခွင့်အာဏာ ကို ကျင့်သုံးသည် သို့မဟုတ် ပြုလုပ်သည်ဟု မှတ်ယူရမည်။