ဘုရားဖူးသွားကြမယ် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၁ဝ) ဘုရားဖူးသွားကြမယ် (ကျောင်းသားကိုင်သို့)
339302ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၁ဝ) ဘုရားဖူးသွားကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁ဝ)

ဘုရားဖူးသွားကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားဖူးသွားသည့်အလေ့အကျင့်များရှိလာစေရန်နှင့် ဘုရားပေါ်တွင် ယဉ်ကျေးစွာ သွားလာပြုမူတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားပွဲတော်ပုံများ၊ ဘုရားဖူးပုံများ (ဓာတ်ပုံ သို့မဟုတ် ပန်းချီကားများ)။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများ မေးမြန်းပြီး စာသင်ချိန်ကို စတင်ပါ။

[သတိပြုရန် 1]

-သားတို့၊ သမီးတို့ ဘုရားဖူးသွားလေ့ရှိကြလား။
-ဘယ်ဘုရားတွေကို ရောက်ဖူးလဲ၊ ပြောပြပါဦး။
-ဘယ်သူတွေနဲ့ သွားတာလဲ။
-ဘုရားဖူးသွားရတာ ပျော်လား။
-ဘာဖြစ်လို့ ပျော်တာလဲ။

֍“ကဲ သားတို့သမီးတို့ ဘုရားဖူး သွားဖူးကြတယ်ဆိုတော့ အခု နောက်တစ်ခါ ဘုရားဖူး သွားရင် မသွားခင်မှာ ကလေးတို့အနေနဲ့ ဘာတွေလုပ်ရမလဲဆိုတာကို စဉ်းစားကြည့်ကြရ အောင်”ဟု ပြောပါ။

֍“ကဲ ကလေးတို့နဲ့ ဆရာနဲ့ စိတ်ကူးထဲမှာ တစ်ခါလောက် ဘုရားဖူး အတူတူ သွားကြည့်ရ အောင်။ ကဲ ကလေးတို့ ဘယ်ဘုရားသွားဖူးချင်သလဲ။” (ကလေးများသိသော ဘုရားများ ကို ပြောပြပါလိမ့်မည်။ ဆရာက အားလုံးသဘောတူသော ဘုရားတစ်ဆူကို ရွေးချယ် ပေးပါ။)

֍“ဟုတ်ပြီ။ ဆရာတို့ သွားချင်တဲ့ဘုရားကို ရွေးပြီးပြီဆိုတော့ ဘုရားမသွားခင်မှာ ကလေးတို့ ဘာလုပ်ရမလဲ၊ ဘာလုပ်ချင်ကြသလဲဆိုတာကို အုပ်စုဖွဲ့ပြီး စဉ်းစားကြည့်ရအောင်”ဟု ပြော၍ ကလေးများကို အုပ်စု (၅) စု ခန့်ဖွဲ့ပါ။

֍အုပ်စုတစ်စုချင်းစီကို ပြင်ဆင်လုပ်ဆောင်ရမည့်အချက် အနည်းဆုံး ၃. ချက်ရအောင် ဆွေးနွေးတိုင်ပင်ကြပါစေ။ (၁၀ မိနစ်ခန့် အချိန်ပေးပါ)။

֍ထို့နောက် အုပ်စုတစ်စုစီမှ ကိုယ်စားလှယ်တစ်ယောက်က မိမိအုပ်စုစဉ်းစားထားသော အချက်များကို ပြောပြပါစေ။

[သတိပြုရန် 2]

֍အုပ်စုအားလုံး ပြောကြားပြီးသောအခါ ဆရာက ဘုရားဖူးမသွားခင် ပြင်ဆင်လုပ်ဆောင် ရမည့် အချက်များကို အနှစ်ချုပ်ပြောကြားပြီးလျှင် “နောက်တစ်ချိန်မှာ ဘုရားပေါ် ရောက် ရင် ဘယ်လိုပြုမူ၊ ပြောဆို၊ နေထိုင်ရမလဲဆိုတာကို ဆက်ပြီးသင်ပေးမယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဖိနပ်ချွတ်နေပုံ၊ ဘုရားဆင်းတုတော်အား ပန်းကပ်လှူနေပုံ၊ ဘုရားဆင်းတုတော်အား ရိုသေစွာ ရှိခိုးနေပုံ၊ ဘုရားရင်ပြင်တော်ပေါ်တွင် သန့်ရှင်းရေးလုပ်နေပုံ၊ ယဉ်ယဉ်ကျေးကျေး လမ်းလျှောက်နေပုံ၊ ဘုရားဝတ်ပြုပြီး ပြန်ထနေသော သက်ကြီးရွယ်အိုတစ်ယောက်ကို ထူမ ပေးနေပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို စာသင်ခန်းနံရံများတွင် ကပ်ထားပါ။ တစ်ခုနှင့် တစ်ခု သီးခြားစီ ဖြစ်နေပါစေ။

֍ရုပ်ပုံများအားလုံးကို ကလေးများ သွားရောက်ကြည့်ရှုကြပါစေ။

֍“ကဲ ပုံတွေကို ကြည့်ပြီးသွားပြီ၊ အဲဒီပုံထဲက ကလေးက ဘာလုပ်နေတာလဲ၊ ပြောပြပါဦး”ဟု မေးပါ။

֍“အဲဒီပုံတွေထဲက ဘယ်ပုံကိုအကြိုက်ဆုံးလဲ၊ သားတို့၊ သမီးတို့ ကြိုက်တဲ့ပုံရှိတဲ့ နေရာမှာ သွားရပ်ကြပါ”ဟုပြောပြီး ကလေးများကို ၎င်းတို့ရပ်ချင်သောနေရာတွင် သွားရပ်နေကြပါစေ။

֍ထို့နောက် ပုံအသီးသီးရှေ့တွင် ရပ်နေကြသောကလေးများထံသို့ သွားရောက်ပြီး “ဘာကြောင့် ဒီပုံကိုအကြိုက်ဆုံးဖြစ်ရတာလဲ”ဟု ကလေးတစ်ဦးချင်းစီကို မေးမြန်းပါ။

[သတိပြုရန် 3][သတိပြုရန် 4]

֍ကလေးများ ဖြေဆိုပြီးသောအခါ ရုပ်ပုံများကို တစ်ခုချင်း အသေးစိတ် ရှင်းပြပေးပါ။ ဥပမာ... ဘာကြောင့် ဖိနပ်ချွတ်ရတာ (ဖိနပ်ချွတ်နေပုံ အတွက်)၊ ယဉ်ယဉ်ကျေးကျေး သွားလာ မှုမရှိဘဲ ပြေးလွှားဆော့ကစားနေမယ်ဆိုရင် ဘုရားရှိခိုး၊ တရားထိုင်သူများကို အနှောင့် အယှက်ဖြစ်စေတယ် (ယဉ်ယဉ်ကျေးကျေး သွားလာနေပုံအတွက်) စသည်ဖြင့် ရှင်းပြပါ။

֍ထို့နောက် “ရှေ့ပိုင်းစာသင်ချိန်တုန်းက သားတို့၊ သမီးတို့ကို ဘုရားဖူးမသွားခင် လုပ်ရမယ့်အရာတွေကို ပြောပြီးသွားပြီနော်၊ အခု နံရံမှာ ချိတ်ထားတဲ့ပုံတွေ အားလုံးဟာ ဘုရား ရောက်ရင် လိုက်နာပြုကျင့်ရမယ့်အရာတွေ ဖြစ်ကြတယ်၊ ဒါကြောင့် သားတို့၊ သမီးတို့ အနေနဲ့ ဘုရားဖူးမသွားခင်ရော ဘုရားပေါ်ရောက်တဲ့အခါမှာပါ ပြုကျင့်ရမယ့်အချက်တွေ အားလုံးကို လိုက်နာနိုင်ကြတဲ့ သားကောင်း၊ သမီးကောင်းလေးတွေ ဖြစ်ကြပါစေ”ဟု ဆုတောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရွှေတိဂုံစေတီတော်အကြောင်း၊ ဘုရားဖူးသွားကြစို့ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ပါ။

-သားတို့၊ သမီးတို့နေတဲ့ နိုင်ငံအမည်က ဘာလဲ။
-အဲဒီနိုင်ငံမှာ အထင်ရှားဆုံး စေတီတော်က ဘာစေတီတော်လဲ။
-အဲဒီစေတီတော်ပုံကို မြင်ဖူးကြလား။

֍ကလေးများသိသလို၊ ဖြေတတ်သလိုဖြေကြပါစေ။

֍ကလေးများအားလုံး ဖြေဆိုပြီးသောအခါ ဆရာက ရွှေတိဂုံစေတီတော်ပုံကို ထောင်ပြလျက် ဤပုံသည် ရွှေတိဂုံစေတီတော်ပုံဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အထင်ရှားဆုံး စေတီ တော်ကြီးဖြစ်ကြောင်း၊ ရန်ကုန်မြို့ တော်တွင် တည်ရှိကြောင်း စသည်ဖြင့် ပြောကြားပြီး ရွှေတိဂုံစေတီတော်နှင့် ပတ်သက်သော အောက်ပါအချက်အလက်များကို ပြောပြပါ။

ရွှေတိဂုံစေတီတော်အကြောင်း(လက်ရှိအခြေအနေ)

ရွှေတိဂုံစေတီတော်ကြီးရဲ့ ဉာဏ်တော်အမြင့်က (၃၂၆) ပေ မြင့်တယ်။ ရွှေတိဂုံစေတီ တော်မှာ မုခ်ဦးလို့ခေါ်တဲ့ ဝင်ပေါက် (၄) ခု ရှိတယ်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာက မုခ်ဦးအဝင်ဝတိုင်းမှာ ခြင်္သေ့ရုပ်ကြီး (၂) ခုစီ ရှိတယ်။ အဲဒီ မုခ်ဦး (၄) ခုကနေ ရွှေတိဂုံစေတီတော် ရင်ပြင်ပေါ်ကိုတက်နိုင်တဲ့ စောင်းတန်းကြီး (၄) ခုလည်း ရှိတယ်။ အနောက်ဘက်စောင်းတန်းမှာ စက်လှေကားရှိပြီး အရှေ့ဘက်၊ မြောက်ဘက်နဲ့ တောင်ဘက် စောင်းတန်းတွေမှာတော့ ဓာတ်လှေကားတွေ ရှိကြတယ်။

အရှေ့ဘက်၊ မြောက်ဘက်နဲ့ တောင်ဘက်စောင်းတန်းတွေမှာ ဘုရားပစ္စည်းမျိုးစုံ ရောင်းတဲ့ဆိုင်၊ ဘာသာရေးစာအုပ်ဆိုင်တွေနဲ့ ပန်းဆိုင်တွေရှိတယ်။ ကစားစရာ ပစ္စည်းမျိုးစုံ ရောင်းတဲ့ဆိုင်တွေလည်း အများကြီးရှိတယ်။ ခမ်းနားလှပတဲ့ ပန်းချီကားတွေ၊ ပန်းကနုတ်တွေ ကိုလည်း စောင်းတန်းတစ်လျှောက်မှာ မြင်တွေ့ နိုင်တယ်။ စောင်းတန်းတွေကို ဖြတ်ကျော်လာ ပြီးရင် ရွှေရောင်တဝင်းဝင်းနဲ့ အလွန်ကြည်ညိုစရာကောင်းတဲ့ ရွှေတိဂုံစေတီတော်ကြီးကို မြင် တွေ့ ရလိမ့်မယ်။ စေတီတော်ကြီးကို ရွှေပြားအစစ်တွေနဲ့ ကပ်လှူပူဇော်ထားတယ်။ စေတီ တော်အောက်မှာ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမဘုရားရှင်တို့၏ တောင်ဝှေးတော်၊ ရေစစ်တော်၊ ရေသနုတ်တော်၊ ဆံတော်တို့ကို ထည့်သွင်းဌာပနာထားလို့ လေးဆူဓာတ်ပုံ ရွှေတိဂုံလို့ ခေါ်ကြတာဖြစ်တယ်။ ရွှေတိဂုံစေတီတော်မှာ စိန်တွေ၊ ကျောက်သံပတ္တမြားတွေ၊ တန်ဖိုးကြီးတဲ့ ရတနာတွေ အများကြီး စီခြယ် ပူဇော်လှူဒါန်းထားတယ်။

֍အထက်ပါအကြောင်းအရာများကို ပြောကြားပြီးနောက် အောက်ပါမေးခွန်းများကို မေးပါ။ ရွှေတိဂုံစေတီတော်ကြီးဟာ ဘယ်မြို့မှာ ရှိတာလဲ။

-ဝင်ပေါက်မုခ်ဦး ဘယ်နှစ်ခုရှိသလဲ။
-မုခ်ဦးအဝင်ဝမှာ ဘာရုပ်ကြီးတွေ ရှိလဲ။
-စောင်းတန်းဘယ်နှစ်ခုရှိလဲ။
-လေးဆူဓာတ်ပုံ ရွှေတိဂုံလို့ ဘာလို့ ခေါ်တာလဲ။
-ရွှေတိဂုံစေတီတော်ကြီးကို ဖူးမြော်ရတဲ့အခါ ကလေးတို့စိတ်မှာ ဘယ်လိုဖြစ်သွားလဲ။
-ရွှေတိဂုံစေတီကို ဘုရားဖူးသွားရင်းနဲ့ ကုသိုလ်ရမယ့် အလုပ်တွေ လုပ်ခဲ့ဖူးသလား။
-ဘာတွေလုပ်ခဲ့လဲ။
-ရွှေတိဂုံစေတီတော်အပြင် တခြား ဘာဘုရားတွေဖူးဖူးသေးလဲဟုမေးပါ။

֍မေးခွန်းများဖြေဆိုပြီးပါက အောက်ပါကဗျာကို ရွတ်ဆိုပါ။

ဘုရားဖူးသွားကြစို့

ဘယ်သွားမှာလဲ ကိုကြီးရယ်
ညီလေးလိုက်ချင်တယ်။
ကုန်းမြင့်ပေါ်ဝယ် တည်လို့ထား
စေတီတော်သို့သွား။
အဝတ်အစား သပ်ရပ်စွာ
ဝတ်ဆင်ခဲ့ပါကွာ။
ရေချမ်းလှူကာ ပန်းကပ်လို့
ဘုရားရှိခိုးစို့။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရွှေတိဂုံစေတီတော်ပုံ (စေတီတော်ကို အပေါ်စီးမှရိုက်ထားသောပုံ)၊ အာနန္ဒာစေတီ၊ ကောင်းမှုတော်စေတီ၊ ရွှေစည်းခုံစေတီ၊ ဆူးလေစေတီ၊ စွယ်တော်မြတ်စေတီပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရုပ်ပုံများကို စားပွဲပေါ်တွင် စီချထားပြီး ကလေးများအားလုံး ကြည့်ကြပါစေ။

֍ပြီးလျှင် “အခုကြည့်ခဲ့တဲ့ ပုံတွေထဲမှာ သားတို့၊ သမီးတို့သိတဲ့ စေတီတွေရှိလား၊ အဲဒီ စေတီတွေက ဘာစေတီတွေလဲဟုမေးပါ။

֍ကလေးများဖြေပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့ ဒေသမှာ ထင်ရှားတဲ့စေတီတွေကို သိလား။
-အခု ရုပ်ပုံတွေထဲကစေတီတွေထဲမှာ ဘယ်စေတီရှိတဲ့နေရာကို သွားချင်ကြလဲ။

֍ပြီးလျှင် သွားချင်သည့်စေတီဟူသော ကလေးများ တစ်အုပ်စုစီဖွဲ့ထားပါ။ (ဥပမာ ရွှေတိဂုံ သွားချင်သော အုပ်စုတစ်စု၊ အာနန္ဒာသွားချင်သော အုပ်စုတစ်စု) အုပ်စုတစ်စုချင်းကို ဘာကြောင့် အဲဒီစေတီကို သွားချင်ရကြောင်းမေးပါ။ ֍ကလေးများစိတ်ထဲရှိသလို ဖြေကြပါစေ။

֍ဘုရားဖူးသွားခြင်းနှင့် ပတ်သက်သည်များကို ဆရာက အနှစ်ချုပ်ပေးပါ။

  1. ပန်းခူးခြင်း သို့မဟုတ် ပန်းဝယ်ခြင်း၊ ပန်းရေ ဆေးခြင်း၊ ကိုယ်လက် သန့်စင်ခြင်း၊ အဝတ် အစားကို သန့်ရှင်း သပ်ရပ်စွာ ဝတ်ဆင် ခြင်း... စသော ဘုရားဖူးမသွားခင် ပြင် ဆင်လုပ်ဆောင် ရမည့် အချက်များ ပါဝင်အောင် ဆရာက ပြောကြားပေးရမည်။
  2. ဆရာက အုပ်စုတစ်စုချင်းကို လိုက်ကြည့်၍ “ဘာတွေလုပ်ဖို့ ကျန်နေသေးလဲ”ဟု အစဖော်ပေးပါ။
  3. အချိန်အပေါ် မူတည်ပြီး ကလေး အရေအတွက်ကို ချိန်ဆမေးမြန်းပါ။
  4. အဘယ့်ကြောင့် ဖိနပ်ချွတ်ရသည်ကို ဆရာက သေချာ ရှင်းပြရန် လိုသည်။