ဘုရားအလောင်း တောထွက်တော်မူခြင်း -ဆရာ

ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၄) ဘုရားအလောင်း တောထွက်တော်မူခြင်း (ကျောင်းသားကိုင်သို့)
339255ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၄) ဘုရားအလောင်း တောထွက်တော်မူခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

ဘုရားအလောင်း တောထွက်တော်မူခြင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း တောထွက်တော်မူခြင်အကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း တောထွက်တော်မူခြင်း ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ယခင်အပတ်မှ သင်ကြားခဲ့သည့် ဗုဒ္ဓဝင်သင်ခန်းစာများကို ကလေးများ မှတ်မိခြင်းရှိ/မရှိ ပြန်လည်မေးမြန်းပြီး ပြန်ပြောပြလိုသော ကလေးများရှိပါက လွတ်လပ်စွာပြောပါစေ။ မရှိပါက ဆရာက အကျဉ်းချုပ် ပြန်လည်ပြောပြပါ။

֍ထို့နောက် ဆရာက ဘုရားအလောင်း တောထွက်တော်မူခြင်းအကြောင်းကို ဆက်၍ ပြောပါ။

ဘုရားအလောင်း တောထွက်တော်မူခြင်း

သိဒ္ဓတ္ထမင်းသားဟာ ယသောဓရာမင်းသမီးနဲ့ လက်ထပ်ပြီး ထီးနန်းစည်းစိမ်ကို ခံစား တော်မူခဲ့ပါတယ်။ မင်းသားဟာ ထီးနန်းစည်းစိမ်ခံစားရင်း နန်းတော်ထဲမှာပဲ နေရတော့ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲဆိုတာတွေကို မသိခဲ့ရဘူး။ နောက်ပိုင်းမှာ

-တုန်တုန်ချည့်ချည့်နဲ့ လမ်းသွားနေတဲ့ လူအို၊
-အနာတွေ၊ ပြည်တွေနဲ့ ရောင်ကိုင်းနေပြီး ညည်းညူနေတဲ့ လူနာ၊
-ထမ်းစင်နဲ့သယ်လာတဲ့ လူသေနဲ့
-ကောင်းမြတ်တဲ့ တရားတွေကို ကျင့်ကြံနေတဲ့ ရဟန်း
အစရှိတဲ့ နိမိတ်ကြီးလေးပါးကို တွေ့ မြင်သွားခဲ့တယ်။

အဲဒါတွေကို တစ်ခါမှမတွေ့ ဖူးတဲ့ မင်းသားဟာ “လူတိုင်း လူတိုင်း အိုရ၊ နာရ၊ သေရ တယ်ဆိုပါလား။ ငါလည်း အိုရ၊ နာရ၊ သေရမယ်။ မအို၊ မနာ၊ မသေနိုင်တဲ့ တရားကို သိရ အောင် ရဟန်းဝတ်ပြီး တရားကျင့်ရင်ကောင်းမယ်”လို့ တွေးနေမိပါတယ်။ ဒီလိုနဲ့ နန်းတော်ထဲ ကို ပြန်လာခဲ့တဲ့အချိန်မှာ “ယသောဓရာမင်းသမီးက သားတော်လေးတစ်ပါး မွေးဖွားပေး လိုက်ပြီ” ဆိုတဲ့အကြောင်း ကြားလိုက်ရတယ်။

သားတော်လေး မွေးဖွားတဲ့နေ့မှာပဲ မင်းသားဟာ သူ့ရဲ့စီးတော်မြင်းကို အစာဝ အောင် ကျွေးထားစေတယ်။ ညသန်းခေါင်ချိန်မှာ မင်းသားဟာ သားတော်လေး ရာဟုလာနဲ့ မင်းသမီးကို နှုတ်ဆက်ဖို့ သွားခဲ့တဲ့အခါ ယသောဓရာ မင်းသမီးဟာ သားတော်လေးကို ဖက်ပြီးအိပ်နေရှာတယ်။ သားတော်လေးကို ပွေ့ချီနမ်းရှုပ်ချင်ပေမဲ့ သတ္တဝါတွေကို ကယ်တင်ဖို့ တရားရှာသွားမယ့်အစီအစဉ် ပျက်မှာစိုးရိမ်တဲ့အတွက် အခန်းပေါက်ဝကနေ လှမ်းကြည့်ပြီး ပြန်ထွက်ခဲ့တယ်။ မင်းသားဟာ မင်းသမီးနဲ့ သားတော်လေးကို အလွန်ချစ်ခင် ကြင်နာပေမဲ့ သတ္တဝါအားလုံးအပေါ်ထားတဲ့ မေတ္တာ၊ ကရုဏာကြီးမားတဲ့အတွက် သာမန် လူတွေ မလုပ်နိုင်တဲ့ စွန့်လွှတ်မှုကို ပြုလုပ်တော်မူခဲ့တယ်။

မင်းသားဟာ အလွန်သန်မာတောင့်တင်းတဲ့ စီးတော်မြင်းကို စီးပြီး မြင်းထိန်းသမား မောင်ဆန္နနဲ့အတူ တောထဲကို တိတ်တိတ်လေး .. ထွက်ခွာလာခဲ့ပါတယ်။ လမ်းခရီးမှာ အနှောင့်အယှက်အမျိုးမျိုးကို ဖြတ်ကျော်ပြီး အနော်မာမြစ်ကမ်းကို ရောက်လာခဲ့တယ်။ မင်းသားဟာ နန်းတော်က အဝတ်အစားတွေ၊ ဆံပင်တွေကို စွန့်ပယ်ပြီး ရသေ့ရဟန်းအသွင် ဝတ်ဆင်ခဲ့ပါတယ်။ အဲဒီနောက် မြင်းထိန်းသမား မောင်ဆန္နနဲ့ စီးတော်မြင်းကို နန်းတော် ပြန်စေပြီး တောထဲမှာ တစ်ပါးတည်း တရားကျင့်တော်မူခဲ့ပါတယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ။ ၁-၁၂ဝ။

֍ဘုရားအလောင်း တောထွက်တော်မူခြင်းအကြောင်း ပြောပြီးသောအခါ အောက်ပါ မေးခွန်းများကို မေးပါ။

-ဘုရားအလောင်းတော်မင်းသားဟာ ဘာတွေ တွေ့ သွားလို့ တောထွက်ချင်စိတ် ဖြစ်သွားခဲ့တာလဲ။
-ဘုရားအလောင်းတော်မင်းသားဟာ ဘာဖြစ်လို့ ရဟန်းကို အားကျခဲ့တာလဲ။
-မင်းသားရဲ့ သားတော်နာမည်က ဘာလဲ။
-မင်းသားဟာ သားတော်လေးကို ဘာကြောင့် ထားခဲ့နိုင်တာလဲ။
-တောထဲကို ဘယ်လို သွားခဲ့သလဲ။
-တောထွက်သွားတော့ အခြား ဘယ်သူ ပါသွားသေးလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း တောထွက်တော်မူခြင်း ရုပ်ပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်း တောထွက်တော်မူခြင်း ရုပ်ပုံများကို ဆေးရောင်ခြယ်ပါစေ။

֍ဆေးရောင်ခြယ်ပြီးသောအခါ ရုပ်ပုံနှင့် ပတ်သက်၍ ကလေးများအား အမေးအဖြေ ပြုလုပ်ပါ။ ဥပမာ “မင်းသားဟာ တောထဲကို ဘာနဲ့သွားသလဲ” စသည်။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍အသံများနှင့်ကစားနည်းကို အောက်ပါအတိုင်းကစားပါ။

֍“သားတို့၊ သမီးတို့ တောဆိုတာ ဘာလဲသိလား၊ တောကို ဘယ်မှာ တွေ့ဖူးသလဲ စသည်ဖြင့် မေးမြန်းပါ။

֍“တောထဲမှာ ဘာပင်တွေရှိသလဲ၊ ဘာကောင်တွေ ရှိသလဲ”စသည်ဖြင့် ဆက်လက် မေးမြန်းပါ။

֍ထို့နောက် ဆရာက “တို့တွေ တောထဲကို သွားကြမယ်။ အားလုံးမျက်လုံး မှိတ်ထားရ အောင်” ဟု ပြော၍ အောက်ပါအတိုင်း ဆက်ပြောပါ။

֍“တို့တွေ တောထဲကို သွားလည်ကြမယ်၊ မိုးလည်း ရွာနေတယ်။ တောက်..တောက်.. တောက်နဲ့ မိုးသံတွေ ကြားနေရတယ်။ လေကလည်း တိုက်နေတယ်။ လေတိုက်တော့ သစ်ပင်ပေါ်က သစ်ရွက်တွေက ရှဲရှဲ..ရှဲရှဲနဲ့ မြည်နေကြတယ်။ စမ်းချောင်းဘေးမှာ လည်း အုံအွမ်...အုံအွမ်နဲ့ ဖားအော်သံကို ကြားနေရတယ်။ ခွေးတွေကလည်း ဝုတ် ဝုတ်... ဝုတ်ဝုတ်နဲ့ ဟောင်နေကြတယ်။ ဒေါင်းတွေကလည်း အိုးဝေ...အိုး... အိုးဝေ လို့ အော်မြည်နေကြတယ်။ အို... မြွေတွေလည်း အများကြီးပဲ။ တစ်နေရာက တစ်နေရာ သွားနေကြတယ်။ ပါးစပ်ကလည်း ...လို့ တွန်နေတယ်”

֍ထို့နောက် ဆရာက “တို့အားလုံး တောထဲက ပြန်ရောက်လာပြီ၊ အားလုံး မျက်လုံး ဖွင့်မယ်”ဟု ပြောပါ။

֍ဆရာက မိုးသံဘယ်လိုလဲ။ လေတိုက်တော့ သစ်ရွက်သံက ဘယ်လိုလဲ။ ဖားအော်သံက ဘယ်လိုလဲ။ ခွေးဟောင်သံက ဘယ်လိုလဲ။ ဒေါင်းအော်သံက ဘယ်လို၊ မြွေတွေက ဘယ်လိုအော်လဲ”စသည်ဖြင့် မေးပါ။

֍မေးခွန်းမေးပြီးသောအခါ ကလေးများကို အုပ်စု (၆) စု ဖွဲ့ပါး

֍သိဒ္ဓတ္ထမင်းသား နောက်လိုက်မောင်ဆန္ဒနှင့်အတူ မြင်းစီးပြီး တောထွက်လာပုံ သရုပ်ဆောင်ရန် ... ကလေးသုံးယောက်ကို ရွေးချယ်ပြီး တစ်ယောက်က မင်းသား၊ တစ်ယောက်က မြင်း၊ တစ်ယောက်က မောင်ဆန္ဒအဖြစ် အသီးသီး သရုပ်ဆောင်ပါစေ။

֍မင်းသား မောင်ဆန္ဒနှင့်အတူ တောထွက်လာရင်း တောအုပ်ထဲ စတင်ရောက်သောအခါ အုပ်စု (၆) စုမှ ကလေးများက မိုးသံ၊ သစ်ရွက်သံ၊ ဖားအော်သံ၊ ခွေးဟောင်သံ၊ ဒေါင်းအော်သံ၊ မြွေတွန်သံတို့ကို အသီးအသီး ခွဲဝေပြီး အသံပြုပေးကြပါစေ။ အသံ တစ်မျိုးပြီးမှ တစ်မျိုး အသံပြုပေး၍ သရုပ်ဖော်ကြပါစေ။

[သတိပြုရန် 1]

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း ဖွားတော်မူခန်းကဗျာနှင့် ဘုရားအလောင်းမင်းသား ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

အောက်ပါ ကဗျာများကို အသံနေအသံထား၊ ဟန်အမူအရာဖြင့် စနစ်တကျ ရွတ်ဆိုကြပါစေ။

ဘုရားအလောင်း ဖွားတော်မူခန်း

သုဒ္ဓေါဒန ဖခင်ပါ၊
မိခင် မယ်မာယာ။
ထူးခြားစွာ ဆင်အိပ်မက်၊
မယ်မာယာ မြင်မက်။
အင်ကြင်းတောဘက် မွေးဖွားမြင်၊
ဘုရားအလောင်း တို့အရှင်။
ဖွားမြင်စဉ် နတ်အပေါင်း၊
ပူဇော် တသောင်းသောင်း။

ဘုရားအလောင်းမင်းသား

အများအကျိုး၊ ဆောင်လို့ပါ၊
သိဒ္ဓတ္ထ ခေါ်တာ။
လောကမှာ၊ ရှေ့ဆောင်ကောင်း၊
ငါတို့ ဘုရားအလောင်း။

֍ကဗျာများရွတ်ဆိုပြီးသောအခါ အဓိပ္ပာယ်နားလည်သည်အထိ ရှင်းပြပြီး ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ထို့နောက် “သားတို့၊ သမီးတို့ ကဗျာရဲ့ အဓိပ္ပာယ်ကို နားလည်သွားပြီ၊ အခု ကဗျာကို ဘယ်လောက် နားလည်သလဲဆိုတာကို သိရအောင် မေးခွန်းလေးတွေ မေးကြည့်ပါ” ဟု ပြောပြီး တစ်ဖွဲ့ နှင့် တစ်ဖွဲ့ မေးခွန်းမေးကြပါစေ။ (လိုအပ်ပါက မေးခွန်းအားလုံးစုံရန် ဆရာက ဖြည့်စွက်မေးခွန်း မေးပြပါ)။

֍မေးခွန်းမေးပြီးသောအခါ “ဆရာတို့၊ ဒီနေ့တော့ ဘုရားအလောင်းဟာ မြင်းကြီးကို စီးပြီး တရားရှာဖို့ တောထွက်သွားတယ်ဆိုတာကို သိခဲ့ကြပြီ၊ နောက်တစ်ပတ်လာတဲ့အခါ ဘုရားဖြစ်တော်မူခြင်းအကြောင်းကို ဆက်ပြီး နားထောင်မယ်”ဟု ပြော၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ကလေးများကို တောက်...တောက်... တောက်...တောက်၊ ရှဲရှဲ..ရှဲရှဲ..ရှဲရှဲ၊ အုံအွမ်...အုံအွမ်.. ဝုတ်ဝုတ်...ဝုတ်ဝုတ်၊ အိုးဝေ အိုးဝေ...၊ ရွှီ .. ရွှီ.. စသည်ဖြင့် အသံများ ပြုလုပ်ကြပါစေ။