ဘုရားအလောင်း တောထွက်တော်မူခြင်း -ဒု (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၄) ဘုရားအလောင်း တောထွက်တော်မူခြင်း (ကျောင်းသားကိုင်သို့)
339296ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၄) ဘုရားအလောင်း တောထွက်တော်မူခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၄)

ဘုရားအလောင်း တောထွက်တော်မူခြင်း

သင်ယူမှုဦးတည်ချက် ။ ။ ဘုရားအလောင်း တောထွက်တော်မူခြင်းအကြေးကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ သင်ခန်းစာ (၃) မှ ဘုရားအလောင်းငယ်စဉ်ဘဝ သရုပ်ဖော်ပုံများ ပါဝင်သော ရုပ်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို သင့်လျော်သလို အုပ်စုဖွဲ့ပြီး သင်ခန်းစာ (၃) မှ ဘုရားအလောင်းငယ်စဉ် ဘဝ သရုပ်ဖော်ပုံများ ပါဝင်သော ရုပ်ပုံများကို အုပ်စုတိုင်းအား ဝေပေးပါ။

֍သင်ပုန်းတွင် အမှတ်ပေးကွက်များ ရေးဆွဲထားပါ။

֍ထို့နောက် ပန်းချီကားကို အသေးစိတ် ကြည့်ရမည်ဖြစ်ကြောင်း၊ ပန်းချီကားအတွင်း ပါဝင် သော ရုပ်ပုံလေးများကို ရှာဖွေပြီး အခြားအုပ်စုများကို မေးရမည်ဖြစ်ကြောင်း၊ ထိုပုံ (ပန်းချီ ကား) ၏ မည်သည့်နေရာတွင် ရှိသည်ဟု ပထမဆုံး ပြောနိုင်သော အဖွဲ့က (၁) မှတ်ရ မည်ဖြစ်ကြောင်း ရှင်းပြပါ။

֍ပြီးလျှင် “အဲဒီပုံကို ဘာကြောင့် သရုပ်ဖော်ထားတာလဲ”ဟု မေးမြန်းရမည်။ ပြောနိုင်သော အဖွဲ့က (၁) မှတ် ရမည်ဖြစ်ကြောင်း ပြောပြထားပါ။

֍ထို့နောက် အထက်ပါ ညွှန်ကြားချက်အတိုင်း အလှည့်ကျ ဆောင်ရွက်နိုင်ရန် ဆရာက ဦးဆောင်ပေးပါ။

֍ဘုရားအလောင်းငယ်စဉ်ဘဝအကြောင်းကို ပြန်လည်အမှတ်ရစေရန် ရည်ရွယ်သည့်အတွက် နီးစပ်သောအဖြေဖြစ်ပါက အမှတ်ပေးပါ။

֍ဆရာက ရုပ်ပုံများအကြောင်းကို အနည်းငယ် ပြန်လည်အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း တောထွက်တော်မူခြင်းအကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်း တောထွက်တော်မူခြင်းအကြောင်းကို ကလေးများ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြပါ။

ဘုရားအလောင်း တောထွက်တော်မူခြင်း

ဘုရားအလောင်းတော် မင်းသားဟာ ထီးနန်းစည်းစိမ်ခံစားရင်း နန်းတော်ထဲမှာချည်း နေရတော့ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေရခြင်းဆင်းရဲ ဆိုတာတွေကို မသိခဲ့ရဘူး။ နောက်ပိုင်းမှာ လူအို၊ လူနာ၊ လူသေ၊ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို တွေ့မြင်ခဲ့ရတယ်။ နိမိတ်ကြီးလေးပါးကို တွေ့ မြင်ပြီးတော့ ငါလည်း လူအို၊ လူနာဖြစ်ပြီး သေရဦးမှာပါလား၊ မအို၊ မနာ၊ မသေနိုင်တဲ့တရားကို သိရအောင် ရဟန်းဝတ်ပြီး တရားကျင့်ရင် ကောင်းမယ်လို့ တွေးမိတယ်။ ဒီလိုနဲ့ ဘုရားအလောင်းတော် မင်းသားဟာ ရဟန်းကို အားကျပြီး တောထဲသွား ကာ တရားရှာချင်စိတ်တွေ ဖြစ်လာခဲ့တယ်။

ဘုရားအလောင်းတော်မင်းသား တောထဲထွက်ခွာပြီး တရားရှာတော့မယ်လို့ ဆုံးဖြတ် ထားတဲ့နေ့မှာပဲ ယသောဓရာမင်းသမီးဟာ ရာဟုလာဆိုတဲ့ သားတော်လေးတစ်ပါးကို မွေးဖွား ပေးခဲ့တယ်။ ဘုရားအလောင်းတော်မင်းသားဟာ သူ ရဲ့ ချစ်ဇနီး ယသောဓရာမင်းသမီးနဲ့ သား တော်လေးအပေါ်မှာ ချစ်ခင်တွယ်တာပေမဲ့ သတ္တဝါတွေကို ကယ်တင်ချင်တဲ့အတွက်ကြောင့် ယသောဓရာမင်းသမီးနဲ့ မွေးဖွားခါစ သားတော်လေး ရာဟုလာတို့ကို နန်းတော်ထဲမှာ ထားခဲ့ ပြီး တောထဲကို တရားကျင့်ဖို့ ထွက်ခဲ့ပါတော့တယ်။

ဘုရားအလောင်းတော်မင်းသား တောထွက်တဲ့အချိန်က ညသန်းခေါင်အချိန်ကြီးမှာ ဖြစ်ပါတယ်။ အားလုံးတိတ်ဆိတ်နေတဲ့အချိန်မှာ ကဏ္ဍကမြင်းကိုစီးပြီး နောက်လိုက်မောင်ဆန် (ဆန္နအမတ်)နဲ့အတူ တိတ်တဆိတ် ထွက်ခွာလာခဲ့တယ်။ လမ်းခရီးမှာ မာရ်နတ်ကြီးက တောမထွက်ဖို့၊ တန်ခိုးအာဏာအကြီးဆုံး ဘုရင်ဖြစ်အောင်နေဖို့ လာတားပါတယ်။ ဘုရား အလောင်းတော်မင်းသားဟာ မာရ်နတ်ရဲ့ စကားကို နားမထောင်ဘဲ တောထဲကို ဆက်လက် ထွက်ခွာလာခဲ့တယ်။ အနော်မာမြစ်ကမ်းကို ရောက်တဲ့အခါ မင်းဝတ်တန်ဆာတွေကို ပယ်စွန့် ကာ ရဟန်းပြုပြီး တောထဲမှာ တရားကျင့်နေတော်မူပါတယ်။

မှီငြမ်း ။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၁-၁၂ဝ။

֍ထို့နောက် ကလေးများအား ဘုရားအလောင်း တောထွက်တော်မူခြင်းဆိုင်ရာ အကြောင်း အရာများကို ပြန်လည်မေးမြန်းပြီး နားလည်မှုကို ဆန်းစစ်ပါ။ ကလေးများ နားမလည် နိုင်သော အချက်များကို ရှင်းလင်းပြောပြပါ။

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးမြန်းပါ။

-“နိမိတ်ကြီးလေးပါးဆိုတာ ဘာတွေလဲ၊ ပြောပြပါဦး”
-“နိမိတ်ကြီးလေးပါးကိုတွေ့ တော့ ဘုရားအလောင်းတော်မင်းသား ဘယ်လို ဖြစ်သွားသလဲ။
-“ဘုရားအလောင်းတော် မင်းသားရဲ့ သားတော် နာမည်က ဘာလဲ”
-“သားတော်လေး မွေးဖွားခါစပဲ ရှိသေးချိန်မှာ ဘုရားအလောင်းတော်မင်းသားဟာ ဘာဖြစ်လို့ တောထဲကို ထွက်သွားရတာလဲ၊ ယသောဓရာမင်းသမီးနဲ့ သားတော်လေး ကို မချစ်လို့လား” (ယသောဓရာမင်းသမီးနှင့် သားတော်လေးကို မချစ်သည့်အတွက် တောထွက်သွားခြင်း မဟုတ်ကြောင်း၊ သတ္တဝါအားလုံးအပေါ် ချစ်ခင်သနားသည့် အတွက် အများကို ကယ်တင်လိုသည့်စိတ်ဖြင့် တောထွက်သွားခြင်း ဖြစ်ကြောင်း သိစေရပါမည်။)

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ တောထွက်ခန်း ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဘုရားအလောင်းတောထွက်ခြင်းအကြောင်းကို ပြန်လည်ချိတ်ဆက်ပြောပြပါ။ ရှေ့အခန်း များနှင့်ချိတ်ဆက်သိမြင်စေရန် ဖွားတော်မူခြင်းကဗျာ၊ ငယ်စဉ်ဘဝကဗျာတို့ကိုပါ ပြန်လည် ရွတ်ဆိုစေနိုင်ပါသည်။

֍ထို့နောက် အောက်ပါ ကဗျာကို သင်ပေးပြီး သံပြိုင်ညီညာ ရွတ်ဆိုကြပါစေ။

တောထွက်ခန်း

သိဒ္ဓတ္ထဆိုတဲ့ မင်းသားဟာ၊
ထီးနန်း စံမြန်းရာ။
နန်းတော်ထဲမှာ စံစားဘိ၊
အိုနာသေ မသိ။
ဥယျာဉ်ကြည့်ဖို့ လှည့်လည်ရာ၊
လူအိုကို တွေ့ကာ။
လူနာလူသေ သူတွေ့က၊
ပွားများ သံဝေဂ။
ရဟန်းတွေ့မှ အားကျသူ၊
သူ့ကို အတုယူ။
ငြိမ်းချမ်းမှုကို သူလိုလား၊
တရားရှာဖို့ တောထွက်သွား။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ဘုရားအလောင်း မြင်းစီး၍ တောထွက်နေသောပုံနှင့် ရောင်စုံခဲတံများ။

သင်ယူမှုလုပ်ငန်းစဉ်

တောထွက်တော်မူခြင်းထဲက ဘုရားလောင်းမြင်းစီး၍ တောထွက်နေသောပုံကို ကလေးများစိတ်ကြိုက် ဆေးရောင်ခြယ်ကြပါစေ။