မကာရရာသီ ပြာသိုလဘွဲ့ လူးတား

မကာရရာသီ ပြာသိုလဘွဲ့ လူးတား  (1781) 
by ဦးယာ

ရာသီညွန့်လမ်း၊ နွယ်ပန်းခွာညို၊
နှင်းစိုချမ်းစိမ့် လွမ်းလိမ့်လေ။ ။

တထွေဆန်းစ၊ မကာရဟု၊
စရရာသီ[1]၊ နာရီနှစ်ခန်း၊
ချင့်မှန်းတိုင်းထွာ၊ နေ့မှာနှစ်ဆယ်၊
စွန်းကယ်ဇယ၊ ညဉ့်သို့ကျသော်၊
ဆနှင့်တြိန်း၊ ကိန်းခန်းသင်္ချာ၊
တသိန်းသာ၍၊ စွန်းပါငါးသောင်း[2]
အပေါင်းသည်မျှ၊ ဓာတ်အိမ်ပြလျက်၊
နှင်းကျမှိုင်းရီ၊ ပထဝီဟု၊
ရာသီစရ[3]၊ ပြာသိုလတွင်၊
ဖုသျှရောင်လျှံ၊ ငှက်ချေးခံနှင့်၊
ဝန်းရံယှက်သန်း၊ စန်းဂြိုဟ်နန်းသို့၊
မြန်းကြတသွန်၊ ပုဇွန်တာရာ၊
ယှဉ်လှာထွန်းဝင်း၊ သူရိန်မင်းမူ၊
ထိန်ပြင်းလှည့်လည်၊ ဝင်မည်လုနီး၊
ပြင်ခရီးက၊ လျှံညီးတုံ့ပယ်၊
နေ့ကြယ်အမှန်၊ သန်ဥတ္တရာ၊
ဘဝါးမှာမူ၊ ဆသာခြောက်ခု၊
သည်ရတုတွင်၊ မြင်းဆင်ခြေသည်[4]
စွယ်ရှည်ဖွေးဖွေး၊ မုန်စွေးစွေးနှင့်[5]
ဒိုင်းလေးသေနတ်၊ ပစ်ခတ်ခင်းကျင်း[6]
မြင်းလည်းတလျှောက်[7]၊ (ဆင်ပေါက်ဦးစီး၊
မှူးကြီးမတ်များ၊ ရွှေသားစိုစို၊
မောက်တိုမောက်လူ၊ လှံယူထားစွဲ၊
လက်ဝဲလက်ျာ၊ တီးပါအတည်၊
မြင်းရှည်မြင်းတို)၊ ကိုယ်ကိုဝတ်ဆင်[8]
ရွှေဖျင်အင်္ကျီ၊ ပုဇွန်ဆီနှင့်၊
နီလာမြသွေး၊ စိုင်းနှင်ပြေး၍၊
မြင်းရေးယှဉ်ပြိုင်၊ စက်တိုင်စက်ကွင်း[9]
စီးနင်းထိုးဖေါက်၊ ရှေ့နောက်ဆုတ်ငင်၊
ဆင်လည်းမုန်ပြင်း၊ မြင်းခင်းပွဲတော်၊
နွယ်ပန်းပေါ်၍[10]၊ ဇင်ယော်ဝမ်းပဲ၊
ငွေသောင်ထဲတွင်၊ ဆကဲကြင်နာ၊
ငှက်ကြိုးကြာတို့၊ သံသာရင့်ကျူး၊
ပျော်ကြမြူးလျက်၊ ညွန့်ဖူးစိုစို၊
ပန်းခွာညိုလည်း၊ ပြာသိုမာသ၊
မကာရတွင်[11]၊ ပွင့်ကြကြိုင်သင်း၊
မြောက်လေသွင်း၍၊ ရင်တွင်းချမ်းစိမ့်၊
လှမျိုးငြိမ့်ကို၊ နှစ်သိမ့်စရာ၊
ကြင်တော်ကွာသား[12]၊ ခွေကာစုရုံး၊
မဉ္ဇူအုံးမှာ၊ မပြုံးညှိုးငယ်၊
သနားဘွယ်နှင့်၊ အရွယ်နုစီ၊
မိဂသီနှင့်၊ ရာသီဆန်းစ၊
မကာရတွင်၊ နွယ်ပန်းဆင်သည်။ ။

မရွှင်တကိုယ်တည်းတည့်လေ။ ။
မြောက်လေတည့်ရစ်သန်း နှင်းကဖျန်း။ ။
လျှပ်ပန်းမြူးသလို[13]။ ။
ရင်ဖိုတည့်သွယ်သေး မြကျောက်သွေး[14]။ ။
ပျံ့မွှေးသင်းကြိုင်ကြိုင်။ ။
ပန်းခိုင်တည့်စုရုံး ခွာညိုကုံး[15]။ ။

မှတ်ချက် edit

  1. မှိုင်းပြရီရီ (မ) (ဟ)
  2. သိန်းဝန်းသင်္ချာ၊ စွန်းပါငါးသောင်း (မ)
  3. အမည်ခေါ်ကြ (မ) (ဟ)
  4. မြင်းစုံခြေသည် (မ) (ဟ)
  5. မြီးသေးသေးနှင့် (မ)။ မီးသွေးသွေးနှင့် (ဟ)
  6. ဝင်းခတ်ခင်းကျင်း (မ) (ဟ)
  7. မြင်းလည်းအလျှောက် (ဘ)။ မြင်းသည်တယောက် (မ) (ဟ)
  8. မြင်းသည်တယောက်၊ လျှောက်ပတ်ဖွယ်ရာ၊ ကိုယ်မှာဝတ်ဆင် (မ) (ဟ) တွင် ဤမျှသာပါသည်။ ကွင်းပိုဒ်စကား မပါ။
  9. ဇက်ကိုင်ဇက်ကွင်း (မ) (ဟ)
  10. ထုံးစံပေါ်၍ (မ) (ဟ)
  11. ထိုသည်လတွင် (မ) (ဟ)
  12. ရင်တွင်းတုန်ချမ်း၊ သဉ္စာခန်းမှာ၊ မျှော်တမ်းခါခါ၊ ကြင်ဘော်ကွာ၍ (မ) (ဟ)
  13. လျှပ်ပန်းပြိုမလို (မ) (ဟ)
  14. သည်းဖိုတည့်သွယ်သေး မွှန်ကြောက်သွေး (မ)။ ယဉ်ပျိုတည့်သွယ်သေး မြကျောက်သွေး (ဘ)။
  15. ပန်းခိုင်တည့်စုရုံး စာဆိုထုံး (ဘ)


  • မူရင်း - ရေနံချောင်း တွင်းစားကြီးဦးဘိုးဂုဏ် လက်ရေးမူ
  • [ဟ] - ဟံသာဝတီပုံနှိပ်တိုက်၊ ရန်ကုန်မြို့၊ ၁၉၀၇-ခုနှစ်ထုတ် စာအုပ်မူ
  • [မ] - မြန်မာစာညွန့်ပေါင်းကျမ်း၊ တတိယတွဲမူ
  • [ဘ] - ဘားနတ်ပိဋကတ်တိုက်ပေမူ၊ ရန်ကုန်မြို့

 

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse