မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗာလဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၂။ မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထု
324816ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗာလဝဂ် — ၂။ မဟာကဿပတ္ထေရသဒ္ဓိဝိဟာရိကဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၂။ မဟာကဿပ မထေရ်မြတ်၏တပည့် ဝတ္ထု

စရဉ္စေ နာဓိဂစ္ဆေယျအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်မဟာကဿပမထေရ်၏ အတူနေတပည့်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။ ဒေသနာဝတ္ထုသည် ရာဇဂြိုဟ်ပြည်၌ ဖြစ်၏။

တပည့်လိမ္မာ အလိမ်ပေါ်ခြင်း

ရာဇဂြိုဟ်ပြည်ကိုမှီ၍ ပိပ္ဖလိညောင်ချပ်ပင်ရှိသော လိုဏ်ဂူ၌ သီတင်းသုံးနေတော်မူသော ရှင်မဟာကဿပမထေရ်ကို နှစ်ယောက်သော အတူနေတပည့်တို့သည် လုပ်ကျွေးပြုစုကြလေကုန်သတတ်။ ထိုတပည့်နှစ်ယောက်တို့တွင် တစ်ယောက်ကား ရိုသေကောင်းမွန်စွာ ဝတ်ကြီးဝတ်ငယ်ကို ပြု၏။ တစ်ယောက်ကား ထိုဝတ်နှင့်ပြည့်စုံသောရဟန်း ပြုပြုသမျှကို မိမိပြုသကဲ့သို့ ပြလျက် မျက်သစ်ရေ, ဒန်ပူတို့ကို စီရင်ပြီးသည့်အဖြစ်ကို သိသောအခါ “အရှင်ဘုရား- မျက်သစ်ရေ, ဒန်ပူတို့ကို တပည့်တော် ပြုပြင်စီရင် ထားအပ်ပါကုန်ပြီ၊ မျက်နှာသစ်တော်မူပါဘုရား”ဟု လျှောက်ကြား၏၊ ခြေဆေးအံ့သောအခါ၊ ရေချိုးအံ့သောအခါ စသည်တို့၌လည်း ဤအတူသာလျှင် လျှောက်ကြားလေ့ရှိ၏။ ဤမှတပါး ဝတ်နှင့် ပြည့်စုံသော တပည့်ရဟန်းသည် ကြံဆင်ခြင်သည်မှာ “ဤရဟန်းသည် အမြဲမပြတ် ကာလပတ်လုံး ငါပြုပြုသမျှကို မိမိပြုသကဲ့သို့ပြု၍ ညွှန်ပြလေ့ရှိ၏၊ ရှိစေဦးတော့၊ ဤရဟန်းအား ပြုအပ်သောအမှုကို ပြုဦးအံ့”ဟု ကြံဆင်ခြင်ပြီးလျှင် ဆွမ်းစားပြီး၍ ထိုရဟန်းအိပ်ပျော်စဉ် ချိုးရေကိုနွှေး၍ အိုးတစ်ခု၌ထည့်လျက် ရေချိုးအိမ်၏နောက်၌ ထားလေ၏။ ရေကိုနွှေးသောအိုး၌ကား တစ်ကွမ်းစား တစ်စလယ်မျှလောက်သော ရေကို ချန်ကြွင်း၍ အငွေ့ကိုလွှတ်စေလျက် ထားလေ၏။

ဤမှတစ်ပါး ဝတ်နှင့်မပြည့်စုံသော တပည့်ရဟန်းသည် ညချမ်းအခါ အိပ်ရာမှနိုး၍ အခိုးအငွေ့ ခြောင်းခြောင်းထနေသည်ကို မြင်ရလျှင် “ရေကိုနွှေး၍ ရေချိုးအိမ်၌ ထားအပ်သည် ဖြစ်ပေလတ္တံ့”ဟု မှတ်ထင်သဖြင့် လျင်မြန်စွာ သွားရောက်၍ မထေရ်ကိုရှိခိုးလျက် “အရှင်ဘုရား- ရေချိုးအိမ်၌ ရေကို ထည့်ထားအပ်ပါပြီ၊ ရေသုံးသပ်တော်မူကြပါဘုရား”ဟု လျှောက်၍ မထေရ်နှင့်တကွသာလျှင် ရေချိုးအိမ်သို့ဝင်လေ၏။ မထေရ်လည်း ရေကိုမမြင်ရကား “ငါ့ရှင်- ရေအဘယ်မှာနည်း”ဟု မေးတော်မူ၏၊ ရဟန်းငယ်သည် မီးတင်းကုပ်သို့သွား၍ အိုး၌ မှုတ်ကိုချခပ်လိုက်လျှင် ရေမရှိဘဲ အချည်းနှီးသော အိုး၏အဖြစ်ကိုသိရ၍ “ယုတ်မာသော ရဟန်းပျက်၏အမှုကို ကြည့်စမ်းပါလော့၊ ရေမရှိဘဲ အချည်းနှီးသောအိုးကို ဖိုခနောက်၌ တင်ထား၍ အဘယ်အရပ်သို့ သွားလေဘိသနည်း၊ ငါကား ရေချိုးအိမ်၌ ရေရှိ၏ဟူသောအမှတ်ဖြင့် မထေရ်ကို လျှောက်ထားမိလေပြီ”ဟု ကဲ့ရဲ့ရှုတ်ချလျက် ရေအိုးကိုယူ၍ ရေဆိပ်သို့ သွားလေ၏။ ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်သည် ရေချိုးအိမ်၏နောက်မှ ရေကို ဆောင်ယူလာ၍ ရေချိုးအိမ်၌ ထားလေ၏။ အရှင်မဟာကဿပမထေရ် ကြံဆင်ခြင်တော်မူသည်မှာ “ဤရဟန်းငယ်သည် ရေကိုနွှေး၍ ရေချိုအိမ်၌ တပည့်တော် ထားအပ်ပါပြီ၊ အရှင်ဘုရား ကြွတော်မူကြပါ။ ရေသုံးသပ်တော်မူကြပါဘုရားဟု ဆိုလျက် ဤယခုအခါ၌ ကဲ့ရဲ့ရှုတ်ချကာ ရေအိုးကိုယူ၍ မြစ်ဆိပ်သို့ သွားဘိ၏။”

“ဤအကြောင်းကား အသို့နည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် “ဤမျှလောက်သော ကာလပတ်လုံး ထိုရဟန်းငယ်သည် ဤရဟန်းငယ်ပြုအပ်သော ဝတ်ကြီးဝတ်ငယ်အမှုကို မိမိသာလျှင်ပြုအပ်ဘိသကဲ့သို့ ထင်ရှားပြလျက် နေလေဘိသည်”ဟု သိတော်မူရကား ညချမ်းအခါလာ၍ ခစားနေထိုင်သော ထိုရဟန်းငယ်အား အဆုံးအမကို ဤသို့ပေးတော်မူလေ၏။ “ငါ့ရှင်- ရဟန်းမည်သည်ကား မိမိပြုအပ်သော အမှုကိုသာလျှင် ပြု၏ဟု ပြောဆိုခြင်းငှာ သင့်သည်၊ မပြုအပ်သောအမှုကို ပြု၏ဟု ပြောဆိုခြင်းငှာ မသင့်၊ သင်သည် ယခုပင် ရေချိုးအိမ်၌ ရေကို ထားအပ်ပါပြီ၊ အရှင်ဘုရား- ရေသုံးသပ်တော်မူကြပါဘုရားဟု လျှောက်ကြားသဖြင့် ငါသည် ရေချိုးအိမ်သို့ ဝင်ရောက်၍ နေသည်ရှိသော် ရေအိုးကို ယူဆောင်၍ ကဲ့ရဲ့ရှုတ်ချကာ သွားလေဘိ၏။ ရဟန်းမည်သောသူအား ဤသို့ပြုခြင်းငှာ မသင့်လျော်”ဟု အဆုံးအမကို ပေးတော်မူလေ၏။ ထိုရဟန်းငယ်သည် “မထေရ်၏အမှုကို ကြည့်ရှုကြပါကုန်လော့၊ ရေအနည်းငယ်မျှကိုအမှီပြု၍ ငါ့ကို ဤသို့ ပြောဆိုဘိ၏”ဟု အမျက်ထွက်သဖြင့် တစ်ဖန် မိုးသောက်သောနေ့၌ မထေရ်နှင့်အတူတကွ ဆွမ်းခံမဝင်ဘဲ နေလေ၏။

ရန်ငြိုးကြီးသဖြင့် ကျောင်းမီးရှို့ခြင်း

မထေရ်သည်လည်း ဝတ်နှင့်ပြည့်စုံသော ရဟန်းငယ်နှင့် အတူတကွ တစ်ခုသောအရပ်သို့ ကြွတော်မူ၏။ ဝတ်နှင့်မပြည့်စုံသော ရဟန်းငယ်သည် မထေရ်ကြွတော်မူသည်ရှိသော် မထေရ်၏ အလုပ်အကျွေးဖြစ်သော အမျိုးအိမ်သို့ သွားသဖြင့် “အရှင်ဘုရား- မထေရ်မြတ်သည် အဘယ်မှာနည်း”ဟု မေးလျှောက်အပ်သည်ဖြစ်၍ “မထေရ်အား မချမ်းမသာ မကျန်းမမာဖြစ်၍ ကျောင်း၌သာလျှင် ကျိန်းစက်တော်မူ၏”ဟု ပြောလေ၏။ “အရှင်ဘုရား- အဘယ်ကိုရခြင်းငှာ သင့်ပါသနည်း”ဟု မေးပြန်လျှင် “ဤသို့သဘောရှိသည်မည်သော အစာအာဟာရကို လှူကြကုန်လော့”ဟု ပြောဆိုသဖြင့် ထိုရဟန်းငယ်ပြောဆိုသော အတိုင်းဖြင့်သာလျှင် ကောင်းစွာ ပြုပြင်စီရင်၍ ပေးလှူလိုက်ကြကုန်၏။ ထိုရဟန်းငယ်သည် ခရီးအကြား၌သာလျှင် ဆွမ်းကိုစား၍ ကျောင်းသို့သွားလေ၏။ မထေရ်သည်လည်း ကြွတော်မူရာအရပ်၌ ကြီးသည်ဖြစ်၍ သိမ်မွေ့နူးညံ့သော သင်္ကန်းလျာပုဆိုးကိုရခဲ့၍ မိမိနှင့်အတူတကွ လိုက်ပါသွားသော ရဟန်းငယ်အား ပေးသနားတော်မူ၏။ ထိုရဟန်းငယ်သည်လည်း သင်္ကန်းလျာပုဆိုးကို ဆိုးရည်ဖြင့်ဆိုး၍ မိမိကိုယ်တိုင် အဝတ်အရုံကို ပြုလေ၏။

အရှင်မဟာကဿပ မထေရ်သည် တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ထိုအလုပ်အကျွေးအမျိုးအိမ်သို့ ကြွသွားတော်မူသည်ရှိသော် “အရှင်ဘုရား- အရှင်ဘုရားတို့အား မချမ်းမသာမကျန်းမမာဖြစ်သည်ဟု တပည့်တော်တို့သည် ရဟန်းငယ် မိန့်ဆိုအပ်သောအတိုင်းဖြင့်သာလျှင် ပြုပြင်စီရင်၍ အစာအာဟာရကို ပေးပို့လိုက်ပါသည်၊ ဘုဉ်းပေးသုံးဆောင် စားသောက်ရသောကြောင့် အရှင်မြတ်အား ကျန်းမာချမ်းသာခြင်း ဖြစ်ပါလေသလောဘုရား”ဟု လျှောက်ကြားလျှင် မထေရ်သည် ဆိတ်ဆိတ်သာ နေတော်မူခဲ့၍ ကျောင်းသို့ရောက်သွားတော်မူလတ်သည်ရှိသော် ရှိခိုး၍ နေထိုင်လာသော ထိုရဟန်းငယ်ကို “ငါ့ရှင်- အသင်သည် ယမန်နေ့က ဤသို့သော အမှုမည်သည်ကို ပြုအပ်လေသတတ်၊ ဤသို့ပြုခြင်းသည် ရဟန်းတို့အား မလျောက်ပတ်၊ ဝိညတ်ကိုပြု၍ (အမျိုးမတော်သူ၊ လိုလျှင်တောင်းပါဟု မဖိတ်ကြားထားသော သူတို့အထံ၌ နှုတ်မြွက်၍ တောင်းခြင်းတည်း။) စားသောက်ခြင်းငှာ မအပ်”ဟု ပြောဆိုဆုံးမတော်မူလေ၏။ ထိုရဟန်းငယ်သည်လည်း အမျက်ထွက်၍ မထေရ်၌ ရန်ငြိုးဖွဲ့သဖြင့် “ရှေးဖြစ်သောနေ့၌ ရေအနည်းငယ်မျှကိုမှီ၍ ငါ့ကို မုသာဝါဒ ပြောဆိုလေ့ရှိသောသူဟု ပြောဘိ၏၊ ယနေ့လည်း မိမိ၏အလုပ်အကျွေးဖြစ်သော အမျိုးအိမ်၌ တစ်ဆုပ်မျှလောက်သောဆွမ်းကို စားသုံးမိခြင်းတည်းဟူသော အကြောင်းကြောင့် ငါ့ကို ဝိညတ်ပြု၍ တောင်းစားခြင်းငှာ မအပ်ဟု ပြောဆိုဘိ၏။ ရအပ်သော သင်္ကန်းလျာပုဆိုးကိုလည်း ထိုမထေရ်သည် မိမိ၏ အလုပ်အကျွေးဖြစ်သော ထိုရဟန်းအားသာလျှင် ပေးဘို၏။ ဪ.. မထေရ်သည် ပြုအပ်သောအမှုကား ဝန်လေးလှ၏တကား၊ မထေရ်အား ပြုအပ်သည်နှင့်ယှဉ်သောအမှုကို သိရပေတော့အံ့”ဟု အပြစ်ရှုပြီးလျှင် တစ်ဖန် မိုးသောက်သောနေ့၌ မထေရ်သည် ရွာတွင်းသို့ ဝင်တော်မူသည်ရှိသော် မိမိကား ကျောင်း၌ကျန်နေရစ်ခဲ့၍ တုတ်လှံတံကိုကိုင်လျက် အသုံးအဆောင်ဖြစ်သော အိုးခွက်တို့ကိုရိုက်ခွဲပြီးလျှင် မထေရ်၏ သစ်ရွက်မိုးသောကျောင်းကို မီးတိုက်၍ အကြင်ဝတ္ထုသည် မီးမစွဲမလောင်၊ ထိုမီးမစွဲမလောင်သော ဝတ္ထုကို လက်ရိုက်တင်းပုတ်ဖြင့် ရိုက်ခွဲပြီးမှ ထွက်ပြေးလေ၏။ ထိုရဟန်းငယ်သည် စုတေ သေလွန်သည်ရှိသော် အဝီစိငရဲကြီး၌ ဖြစ်ရရှာလေ၏။

ဘုရားအား လျှောက်ထားခြင်း

များစွာသော လူအပေါင်းသည် “အရှင်မဟာကဿပ မထေရ်၏ သိဒ္ဓိဝိဟာရိက တပည့်ရဟန်းသည် ဆိုဆုံးမသည်မျှကို သည်းမခံနိုင်သဖြင့် အမျက်ထွက်၍ မထေရ်၏ သစ်ရွက်မိုးသော ကျောင်းကို မီးတိုက်၍ ထွက်ပြေးလေသတတ်”ဟု စကားကို ဖြစ်စေကြလေကုန်၏။ ထိုမှနောက်အဖို့၌ ရဟန်းတစ်ပါးသည် ရာဇဂြိုဟ်ပြည်မှ ထွက်ခဲ့၍ မြတ်စွာဘုရားကို ဖူးမြော်လိုသဖြင့် ဇေတဝန်ကျောင်းတော်သို့ သွားရောက်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ မြတ်စွာဘုရားကို အစေ့အစပ် ပဋိသန္ဓာရပြုသဖြင့် “ချစ်သားရဟန်း- အသင်သည် အဘယ်အရပ်မှ လာခဲ့သနည်း”ဟု မေးတော်မူအပ်သည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရာဇဂြိုဟ်ပြည်မှ လာခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ငါ၏ သားတော်ဖြစ်သော မဟာကဿပအား ခန့်ကျန်းချမ်းသာစွာ ရှိ၏လော”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ခန့်ကျန်းချမ်းသာစွာ ရှိပါ၏၊ သိဒ္ဓိဝိဟာရိက တပည့်ရဟန်းငယ်တစ်ပါးသည်ကား အဆုံးအမ ဩဝါဒပေးကာမျှဖြင့် အမျက်ထွက်၍ သစ်ရွက်မိုးသောကျောင်းကို မီးတိုက်ပြီးလျှင် ထွက်ပြေးပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်း- ထိုရဟန်းငယ်သည် ယခုအခါ၌သာလျှင် အဆုံးအမကို ကြားနာရ၍ အမျက်ထွက်သည် မဟုတ်သေး၊ ရှေး၌လည်း အမျက်ထွက်သည်သာလျှင်တည်း။ ယခုအခါ၌သာလျှင် နေရာဖြစ်သော ကုဋီကို ဖျက်ဆီးသည်မဟုတ်သေး၊ ရှေး၌လည်း ဖျက်ဆီးသည်သာလျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

(ကုဋီဟူသည် အလျား ၂၇-တောင်၊ အနံ ၁၅-တောင် တစ်ထွာ ခြောက်သစ်ထက် မကြီး။ အလျား ၄-တောင်၊ အနံ ၄-တောင်အောက် မငယ်သော နေရာအဆောက်အအုံတည်း။ တစ်ပါးသော အဆောက်အအုံကိုလည်း ရုဠှီ, ဥပစာအားဖြင့် ကုဋီဟု ခေါ်သေး၏။)

မျောက်နှင့် စာပေါင်းသောင်း အတိတ်ဝတ္ထု

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဟိမဝန္တာအရပ်၌ တစ်ခုသော စာပေါင်းသောင်းသည် အသိုက်ပြု၍ နေလေ၏။ ထိုအခါ တစ်နေ့သ၌ မိုးရွာလတ်သော် တစ်ကောင်သော မျောက်သည် ချမ်းအေးခြင်းကြောင့် တုန်တုန်လှုပ်လှုပ်ဖြစ်လျက် ထိုအရပ်သို့ ရောက်သွားလေ၏။ စာပေါင်းသောင်းသည် ထိုမျောက်ကိုမြင်၍ ဤဂါထာကို ဆိုလေ၏။

မနုဿဿေဝ တေ သီသံ၊ ဟတ္ထပါဒါ စ ဝါနရ။
အထ ကေန နု ဝဏ္ဏေန၊ အဂါရံ တေ န ဝိဇ္ဇတိ။

ဝါနရ၊ အိုမျောက်။ တေ၊ သင်မျောက်၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံ ဣဝ၊ ဦးခေါင်းကဲ့သို့ ဖြစ်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါ ဣဝ၊ လက်ခြေတို့ကဲ့သို့ ဖြစ်ကုန်၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကေန နု ဝဏ္ဏေန၊ အဘယ်အကြောင့်ကြောင့်။ တေ၊ သင့်အား။ အဂါရံ၊ နေရာအိမ်သည်။ န ဝိဇ္ဇတိ၊ မရှိရလေသနည်း။

မျောက်သည်လည်း “ငါ့အား လက်ခြေတို့သည်ကား အကယ်၍ ရှိကုန်၏။ ထိုသို့ပင် ရှိကုန်သော်လည်း အကြင်ပညာဖြင့် စိစစ်ဆင်ခြင်၍ နေရာအိမ်ကို ဆောက်လုပ်နိုင်၏။ ထိုပညာသည် ငါ့အား မရှိ”ဟု ကြံစည်လျက် ထိုအကြောင်းကို ထင်ရှားစွာ သိစေလိုရကား ဤဂါထာကို ဆိုလေ၏။

မနုဿဿေဝ မေ သီသံ၊ ဟတ္ထပါဒါ စ သိင်္ဂိလ။
ယာဟု သေဋ္ဌာ မနုဿေသု၊ သာ မေ ပညာ န ဝိဇ္ဇတိ။

သိင်္ဂိလ၊ အဆွေ စာပေါင်းသောင်း။ မေ၊ ငါ၏။ သီသံ၊ ဦးခေါင်းသည်။ မနုဿဿ၊ လူ၏။ သီသံ ဣဝ၊ ဦးခေါင်းကဲ့သို့ ဖြစ်၏။ ဟတ္ထပါဒါ စ၊ လက်ခြေတို့သည်လည်း။ မနုဿဿ၊ လူ၏။ ဟတ္ထပါဒါ ဣဝ၊ လက်ခြေတို့ကဲ့သို့ ဖြစ်ကုန်၏။ ယာ ပညာ၊ အကြင်ပညာသည်။ မနုဿေသု၊ လူတို့၌။ သေဋ္ဌာ၊ မြတ်၏ဟူ၍။ အာဟု၊ ဆိုကုန်၏။ သာ ပညာ၊ ထိုပညာသည်။ မေ၊ ငါ့အား။ န ဝိဇ္ဇတိ၊ မရှိ။

ထိုအခါ မျောက်ကို “ဤသို့သဘောရှိသာ သင့်အား အဘယ်သို့လျှင် အိမ်၌နေခြင်းသည် ပြည့်စုံနိုင်လတ္တံ့နည်း”ဟု ကဲ့ရဲ့ရှုတ်ချလိုသဖြင့် စာပေါင်းသောင်းသည် ဤဂါထာနှစ်ခုအပေါင်းကို ဆိုလေ၏။

အနဝဋ္ဌိတစိတ္တဿ၊ လဟုစိတ္တဿ ဒုဗ္ဘိနော။
နိစ္စံ အဒ္ဓုဝသီလဿ၊ သုခဘာဝေါ န ဝိဇ္ဇတိ။
သော ကရဿု အာနုဘာဝံ၊ ဝီတိဝတ္တဿု သီလိယံ။
သီတဝါတပရိတ္တာဏံ၊ ကရဿု ကုဋဝံ ကပိ။

ဝါနရ၊ အိုမျောက်။ အနဝဋ္ဌိတစိတ္တဿ၊ မတည်တံ့ မငြိမ်သက်သော စိတ်ရှိသော။ လဟုစိတ္တဿ၊ ပေါ့သော လျင်သော စိတ်အကြံရှိသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းအား ပြစ်မှားတတ်သော။ နိစ္စံ၊ အမြဲ။ အဒ္ဓုဝသီလဿ၊ မမြဲသော သီလအကျင့်ရှိသော သူအား။ သုခဘာဝေါ၊ ချမ်းသာခြင်း၏ အဖြစ်သည်။ န ဝိဇ္ဇတိ၊ မရှိ။

ကပိ၊ အို..မျောက်။ သော တွံ၊ ထိုသင်သည်။ အာနုဘာဝံ၊ ပညာ၏ ဖြစ်ခြင်းအကျိုးငှာ အာနုဘော်ဟုဆိုအပ်သော ဥပါယ်တံမျဉ်ကို။ ကရဿု၊ ပြုလေဦးလော့။ သီလိယံ၊ ညစ်နွမ်းခြင်းကို ဖြစ်စေတတ်သော မျောက်တို့၏ အလေ့အလာကို။ ဝီတိဝတ္တဿု၊ လွန်စေဦးလော့။ သီတဝါတပရိတ္တာဏံ၊ ချမ်းအေးခြင်းကို ဖြစ်စေတတ်သောလေကို တားမြစ်ရာ, တားမြစ်ကြောင်းဖြစ်သော။ ကုဋဝံ၊ နေရာအိမ်ကို။ ကရဿု၊ ပြုလေဦးလော့။

မျောက်သည်လည်း “ဤစာပေါင်းသောင်းငှက်ကား ငါ့ကို မရပ်သွေဖည် မတည်ကြည်သော စိတ်ရှိသည်ကိုလည်းကောင်း၊ ပေါ့သော လျင်သော စိတ်ရှိသည်ကိုလည်းကောင်း၊ အဆွေခင်ပွန်းအား ပြစ်မှားတတ်သည်ကိုလည်းကောင်း၊ မမြဲသော သီလရှိသည်ကိုလည်းကောင်း ပြုလေဘိ၏။ ဤယခုအခါ၌ ထိုစာပေါင်းသောင်းငှက်အား အဆွေခင်ပွန်းအား ပြစ်မှားတတ်သည်၏အဖြစ်ကို ပြရပေတော့အံ့”ဟု အသိုက်ကို ဆုတ်ဖဲ့ဖျက်ဆီး၍ ဖရိုဖရဲ ကြဲဖြန့်လေ၏။ ထိုစာပေါင်းသောင်းငှက်ကား မျောက်သည် အသိုက်ကို ဆွဲငင်သော ကာလ၌ပင် နံပါးတစ်ဘက်ဖြင့်ထွက်၍ ပျံသွားလေ၏။ မြတ်စွာဘုရားသည် ဤစတုက္ကနိပါတ် သိင်္ဂိလသကုဏဇာတ်ဖြစ်သော ဓမ္မဒေသနာကို ဆောင်တော်မူ၍ ဇာတ်ကို ပေါင်းတော်မူလေ၏။

ကျောင်းကိုဖျက်ဆီးသော ရဟန်းသည် ထိုအခါ မျောက်ဖြစ်ဖူးလေပြီ၊ ကဿပမထေရ်သည် စာပေါင်းသောင်းငှက် ဖြစ်ဖူးလေပြီ။ ဤသို့ ဇာတ်ကိုပေါင်းတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ထိုရဟန်းငယ်သည် ဤယခုအခါ၌သာ ဤသို့သဘောရှိသည် မဟုတ်သေး၊ ရှေး၌လည်း ဆိုဆုံးမသောခဏ၌ အမျက်ထွက်၍ စာပေါင်းသောင်းအသိုက်ကို ဖျက်ဆီး၏၊ ငါ့သားဖြစ်သော ကဿပအား ဤသို့သဘောရှိသော မလိမ္မာသောသူနှင့်တကွ နေရခြင်းထက် တစ်ယောက်တည်းသာ နေရခြင်းသည် မြတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၆၁] စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

စရံ စရန္တော၊ ကလျာဏမိတ္တကို ရှာမှီးသောသူသည်။ အတ္တနော၊ မိမိထက်။ သေယျံ၊ သီလအစရှိသော ဂုဏ်ကျေးဇူးတို့ဖြင့် လွန်မြတ်သောသူကိုလည်းကောင်း။ အတ္တနော၊ မိမိနှင့်။ သဒိသံ၊ သီလစသော ဂုဏ်ကျေးဇူးတို့ဖြင့် တူသောသူကိုလည်းကောင်း။ စေ နာဓိဂစ္ဆေယျ၊ အကယ်၍ မရငြားအံ့။ ဧကစရိယံ၊ တစ်ယောက်တည်းသာ ကျင့်ခြင်းကို။ ဒဠှံ၊ မြဲစွာ။ ကယိရာ၊ ပြုရာ၏။ ကသ္မာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ ဗာလေ ဗာလံ၊ မလိမ္မာသောသူကို။ နိဿာယ၊ မှီ၍။ သဟာယတာ၊ အပေါင်းအဖော်၏ဖြစ်ကြောင်း သီလစသော ဂုဏ်ကျေးဇူးသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ ရာဇဂြိုဟ်ပြည်မှ ကြွလာသော အာဂန္တုကရဟန်းသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ထိုမှတစ်ပါး များစွာသောသူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

မဟာကဿပမထေရ်မြတ်၏ တပည့်ဝတ္ထု ပြီး၏။