မဟာပဇာပတိဂေါတမီဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၈။ မဟာပဇာပတိဂေါတမီဝတ္ထု
325493ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၈။ မဟာပဇာပတိဂေါတမီဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ


၈။ မဟာပဇာပတိဂေါတမီ ဝတ္ထု

ယဿ ကာယေန ဝါစာယအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌နေတော်မူစဉ် မဟာပဇာပတိဂေါတမီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

(မြတ်စွာဘုရားသည် လွန်ကျူးသော ဝတ္ထုမဖြစ်မီ ပညတ်တော်မူအပ်သော ရှစ်ပါးသော ဂရုဓမ္မတရားတို့ကို တန်ဆာဆင်လေ့ရှိသော ယောက်ျားသည် အလွန်အဆင်းအနံ့ရှိသော ပန်းဆိုင်းကို ဦးခေါင်းဖြင့် ပန်ဆင်ဘိသကဲ့သို့ ဦးခေါင်းဖြင့် ဝန်ခံခြင်းကြောင့် အခြံအရံနှင့်တကွ မဟာပဇာပတိဂေါတမီသည် ပဉ္စင်းအဖြစ်ကို ရလေ၏။ ထိုမဟာပဇာပတိဂေါတမီ ဘိက္ခုနီမအား ဘုရားရှင်မှတစ်ပါးသော ဥပဇ္ဈာယ်ဆရာသည်လည်းကောင်း၊ ကမ္မဝါစာဆရာသည်လည်းကောင်း မရှိ၊ ဤသို့ ရအပ်သော ပဉ္စင်းဖြစ်ခြင်းရှိသော မဟာပဇာပတိဂေါတမီ ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။)

မိထွေးတော်ဂေါတမီအပေါ်၌ သံသယရှိကြခြင်း

တစ်ပါးသောအခါ၌ “မဟာပဇာပတိဂေါတမီအား ဆရာဥပဇ္ဈာယ်တို့သည် မထင်မရှားကြကုန်၊ မိမိ၏လက်ဖြင့်သာလျှင် သင်္ကန်းတို့ကို ယူဘိ၏။ (ဝတ်ဆင်ဘိ၏။)”ဟု စကားကို ဖြစ်စေကြလေကုန်၏။ ဤသို့သောစကားကို ပြောဆိုကြပြီးလျှင် အလို့လို့ဖြစ်ကြကုန်သော ရဟန်းမိန်းမတို့သည် ထိုမဟာပဇာပတိဂေါတမီ ထေရီမနှင့် အတူတကွ ဥပုသ်လည်း မပြုကြကုန်၊ ပဝါရဏာလည်း မပြုကြကုန်၊ ထိုရဟန်းမိန်းမတို့သည် သွား၍ မြတ်စွာဘုရားအားလည်း ထိုအကြောင်းကို လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းမိန်းမတို့၏ လျှောက်ချက်စကားကို ကြားတော်မူရလျှင် “မဟာပဇာပတိ ဂေါတမီအား ရှစ်ပါးသော ဂရုဓမ္မတရားတို့ကို ပေးအပ်ကုန်၏။ ငါဘုရားသည်သာလျှင် ထိုဂေါတမီ၏ ဥပဇ္ဈာယ်ဆရာဖြစ်၏။ ကာယဒုစရိုက် စသည်တို့မှကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့၌ အပ်လေသလော၊ မအပ်လေသလောဟူသော အလို့လို့မည်သည်ကို မပြုအပ်”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။

(ဂရုဓမ်တရားရှစ်ပါးကား-
၁။ ဝါတစ်ရာရသော်လည်း ယနေ့ဖြစ်စ ရဟန်းကို ရှိခိုးရိုသေရခြင်း၊
၂။ ရဟန်းယောက်ျား အနီး၌မရှိသော ကျောင်း၌ မနေရခြင်း၊
၃။ လခွဲတိုင်း ရဟန်းယောက်ျားထံ ဥပုသ်မေးခြင်း၊ အဆုံးအမသို့ ချဉ်းကပ်ရခြင်း၊
၄။ ဝါကျွတ်သောအခါ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ သံဃာနှစ်ဦးထံသို့ ဆုံးမပါဟု ဖိတ်ကြားရခြင်း၊
၅။ သံဃာဒိသိသ် အာပတ်သို့ရောက်လျှင် ထိုသံဃာနှစ်ဦးထံ တစ်ဆယ့်ငါးရက် မာနတ်အကျင့် ကျင့်ရခြင်း၊
၆။ သိက္ခမာန်မကို နှစ်နှစ်ပတ်လုံး တရားခြောက်ပါး ကျင့်စေပြီးမှ ရဟန်းပြုပေးရခြင်း၊
၇။ အကြောင်းတစ်စုံတစ်ရာကြောင့် ရဟန်းယောက်ျားကို ဆဲရေးကြိမ်းမောင်း မပြုရခြင်း၊
၈။ ရဟန်းယောက်ျားတို့အပေါ်၌ အပြစ်မဆိုရခြင်း၊
ဤတရား ရှစ်ပါးတို့သည် တစ်သက်လုံး မလွန်ကျူးရ၊ အလေးပြုအပ်ကြောင်း ဂရုဓမ်မည်၏ဟူလို။)

ဒေသနာတော်

[၃၉၁] ယဿ ကာယေန ဝါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။
သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယဿ၊ အကြင်ပုဂ္ဂိုလ်အား။ ကာယေန ဝါ၊ ကိုယ်ဖြင့်လည်းကောင်း။ ဝါစာယ ဝါ၊ နှုတ်ဖြင့်လည်းကောင်း။ မနသာ ဝါ၊ စိတ်ဖြင့်လည်းကောင်း။ ဒုက္ကဋံ၊ အပြစ်ရှိ ဆင်းရဲပွား အပါယ်လားကြောင်း မကောင်းမှုသည်။ နတ္ထိ၊ မရှိ။ တီဟိ ဌာနေဟိ၊ သုံးပါးသော အကြောင်းတို့ဖြင့်။ သံဝုတံ၊ ဒုစရိုက် ဝင်လာကြောင်းတံခါးကို ဆီးတားပိတ်ပင်အပ်ပြီ။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

မဟာပဇာပတိဂေါတမီ ဝတ္ထုပြီး၏။