မိတ်ကောင်းဆွေကောင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၇။ မိတ်ကောင်းဆွေကောင်း(ကျောင်းသားကိုင်သို့)
348409ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၂၇။ မိတ်ကောင်းဆွေကောင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၇)

သင်ခန်းစာခေါင်းစဉ်။ ။ မိတ်ကောင်းဆွေကောင်း

ယေဘုယျရည်ရွယ်ချက်။ ။ မိတ်ဆွေကောင်း ဖြစ်အောင် ကျင့်ကြံနေထိုင်တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။မိတ်ဆွေကောင်း၏ ကျင့်ဝတ်များကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) သိရှိပြီးသော အကြောင်းအရာနှင့် ချိတ်ဆက်၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ “ကလေးတို့ ... မိတ်ဆွေကျင့်ဝတ်ကို မှတ်မိသလား၊ ဘာတွေလဲ” ပြောပြပါ။ ထို့နောက် ကဗျာကို ကလေးများ ရွတ်ဆိုကြပါစေ။ (လိုအပ်လျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပေးပါ။)

မိတ်ဆွေကျင့်ဝတ် ငါးပါး

ပေးကမ်းချီးမြှင့်၊ ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊ ဝတ်ငါးထွေ၊
ကျင့်လေမိတ်သဟာ။

ဆရာသိရန်-

၁။ လိုအပ်သည့်အချိန်တွင် ပေးကမ်းကူညီခြင်း။
၂။ ချမ်းသာဆင်းရဲ မခွဲခြားဘဲ ကိုယ်နှင့်တန်းတူ သဘောထားခြင်း။
၃။ အကျိုးစီးပွားဆောင်ရွက်ပေးခြင်း။
၄။ စကားပြော ချိုသာခြင်း။
၅။ မှန်မှန်ကန်ကန် ပြောဆိုခြင်း။

လုပ်ငန်း (၂) ဇာတ်လမ်းဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို ခြောက်ယောက်ခန့်စီပါသော အဖွဲ့များဖွဲ့ပါ။ပြီးလျှင် “ကလေးတို့လည်း မိတ်ဆွေကျင့်ဝတ် တွေကို သိခဲ့ကြပြီးပြီဆိုတော့ အခု မိတ်ဆွေကောင်းဟာ ဘယ်လို လူမျိုးဖြစ်တယ်ဆိုတာ ဆက်ပြီး ဆွေးနွေး ကြရအောင်”ဟု ဆရာက ပြော၍ အုပ်စုလိုက် ဖတ်ကြပါစေ။

မိတ်ကောင်းဆွေကောင်း

မြတ်စွာဘုရားရှင် လက်ထက်တော်အခါက အနာထပိဏ်သူဌေးကြီးတွင် “ကာဠကဏ္ဏီ”ဟု ခေါ်သည့် မိတ်ဆွေသူငယ်ချင်း တစ်ယောက်ရှိသည်။ အနာထပိဏ်နှင့် ကာဠကဏ္ဏတို့သည် ကစားဖော် ကစားဖက် ကစားဖော်ကစားဖက်၊ ပညာသင်ဖော်သင်ဖက်များ ဖြစ်ကြသည်။ ကာဠကဏ္ဏီ၏ အဓိပ္ပာယ်မှာ “မည်းညစ်ပြီး ကောက်ကျစ်သူ”ဟု ဆိုလိုသည်။ ဤသို့ နှစ်ပေါင်းများစွာ နေလာကြစဉ် ကာဠကဏ္ဏီသည် စီးပွားပျက်၍ ဆင်းရဲသွားလေသည်။ သို့ဖြစ်၍ သူ၏မိတ်ဆွေ အနာထပိဏ်သူဌေးကြီးထံသို့ လာရောက်ပြီး အကူအညီတောင်းလေသည်။ အနာထပိဏ်သူဌေးကြီးက ကာဠကဏ္ဏီကို နှစ်သိမ့်အားပေး၍ သူ့အိမ်တွင် ပစ္စည်းဥစ္စာများကို စောင့်ရှောက်သော(ဘဏ္ဍာစိုး) တာဝန်ကို ပေးလိုက်ပြီး လိုလေသေးမရှိ ပြုစုစောင့်ရှောက်ထားသည်။ ကာဠကဏ္ဏီကလည်း တုံ့ပြန်သည့်အနေဖြင့် မိတ်ဆွေသူဌေးကြီး၏ အိမ်မှုကိစ္စမှန်သမျှကို လုပ်ကိုင်ဆောင်ရွက်ပေးသည်။

ထိုကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ပေးနေသော်လည်း သူဌေးကြီး၏ မိတ်ဆွေအချို့က “ကာဠကဏ္ဏီ”ဆိုသည့် အမည်ကို မနှစ်မြို့ကြသဖြင့် “ဒီလို ကျက်သရေမရှိတဲ့ နာမည်နဲ့ ဆင်းရဲသားကို ခေါ်မထားပါနဲ့ ခေါ်ထားလို့ သင့်အတွက် ဘာအကျိုးရှိမှာလဲ”ဟု အနာထပိဏ်သူဌေးကြီးကို ပြောဆိုကြသည်။ သူဌေးကြီးက “နာမည်က အဓိကမဟုတ်ပါဘူး၊ ဒီနာမည်ကြောင့် ငယ်ငယ်ကတည်းက ခင်လာခဲ့တဲ့ မိတ်ဆွေသူငယ်ချင်းကို မပစ်ပယ်သင့်ဘူး၊ ပစ်ပယ်မှာလည်း မဟုတ်ဘူး”ဟု ပြန်ပြောသည်။

တစ်နေ့တွင် သူဌေးကြီးသည် ကာဠကဏ္ဍီကို အိမ်စောင့်အဖြစ်ထားခဲ့ကာ သူအပိုင်စားရသော ရွာသို့ သွားသည်။ သူဌေးကြီးမရှိမှန်းသိ၍ ထိုညမှာပင် သူခိုးတို့သည် ပစ္စည်းဥစ္စာများကို လုယက်ရန် လက်နက်များကို ကိုင်ဆောင်၍ သူဌေးကြီး၏ အိမ်အနားသို့ ကပ်လာကြသည်။ ထိုအချိန်တွင် ကာဠကဏ္ဏီက အိမ်ကို နိုးကြားစွာ စောင့်ရှောက်နေသည်။ သူခိုးများ အိမ်အနားသို့ ကပ်လာသည်ကို သိလိုက်ရ၍ အခြားအိမ်နီးနားချင်းများ နိုးလာစေရန် တစ်ယောက်ကို ခရုသင်းမှုတ်စေသည်။ အခြားတစ်ယောက်ကို စည်တီးစေကာ အိမ်တွင် ပျော်ပွဲရွှင်ပွဲကြီး ကျင်းပနေသည်ဟု အထင်ရောက်သွားစေရန် စီမံလိုက်သည်။ ထိုအသံများကို သူခိုးများကြားသောအခါ အိမ်တွင် သူဌေးကြီး ရှိနေသည်ဟု ထင်မှတ်၍ ယူလာသောလက်နက်များကို ချကာ ထွက်ပြေးသွား ကြတော့သည်။

သူဌေးကြီး ပြန်လည်ရောက်ရှိလာသောအခါ ဖြစ်ကြောင်းစုံလင်ကို အိမ်သူအိမ်သားများက ပြောပြကြသည်။ ထိုအခါ သူဌေးကြီးက သူ၏မိတ်ဆွေများကို “သင်တို့ နှင်ထုတ်ခိုင်းလို့ ဒီသူငယ်ချင်းကို နှင်ထုတ်ခဲ့မယ် ဆိုရင် အခုအချိန်မှာ ငါ့ရဲ့ ပစ္စည်းဥစ္စာတွေ အားလုံးဆုံးရှုံးရပြီပေါ့၊ တကယ်တော့ နာမည်က အဓိက မဟုတ်ပါဘူး၊ စိတ်ကောင်း စိတ်မြတ်ရှိဖို့ကသာ အဓိကကျတာပါ”ဟု ပြောလိုက်သည်။ ထိုအချိန်မှစ၍ သူဌေးကြီးသည် အဆွေ ခင်ပွန်းကောင်း ကာဠကဏ္ဏီအား အဆများစွာတိုး၍ ချီးမြှောက်ထောက်ပံ့ပေးလေသည်။ ဤသို့ဖြင့် သူငယ်ချင်း နှစ်ဦးသည် တစ်သက်လုံး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားကြလေသည်။

မှီငြမ်း။ ။ ကာလကဏ္ဏိဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု၊ ပထမတွဲ၊ ၃၅၉-၃၆၁။ ဇာ၊ဋ္ဌ၊၁၊၃၈၅။

֍ ကာဠကဏ္ဏီကို ကာလကန်ဏီဟု ဖတ်ပါ။

֍ ဇာတ်လမ်းဖတ်ပြီးနောက် အုပ်စုလိုက်ဆွေးနွေးပြီး ဇာတ်လမ်းအကျဉ်းချုပ်ကို အဓိကအချက်များ ပါဝင်စေလျက် စာရွက်လွတ်တွင် စာဆယ်ကြောင်းခန့် ရေးကြပါစေ။

֍ ကလေးများဆွေးနွေးရေးသားနေချိန်တွင် ဆရာက ဇာတ်လမ်းပါ အဓိကအကြောင်းအရာများပါဝင်အောင် လှည့်လည်ကြည့်ရှု၍ ပံ့ပိုးပေးပါ။

֍ ထို့နောက် ရေးပြီးသောစာရွက်များကို အုပ်စုအချင်းချင်း လဲလှယ်ဖတ်ရှုနိုင်အောင် ဆရာက ကူညီပေးပြီး ထိုသို့ လဲလှယ်ဖတ်ရှုရာ တွင်လည်း မတူသောအချက်များကိုသာ ဖြည့်စွက်ရေးသားရန် ဆရာက ပံ့ပိုးပေးပါ။ (ဇာတ်လမ်းဖတ်ချိန်နှင့် ဆွေးနွေးရေးသားချိန် များကို ဆရာက သင်လျော်သလို စီစဉ်ပေးပါ။)

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ဆရာက အောက်ပါမေးခွန်းများမေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။ လိုအပ်လျှင် ဆရာကဖြည့်စွက်ပေးပါ။

-အနာထပိဏ်သူဌေးကြီးနဲ့ ကာဠကဏ္ဏီတို့ဟာ မိတ်ဆွေကောင်းအဖြစ်နဲ့ တစ်သက်လုံးပျော်ရွှင်စွာ နေထိုင်သွားကြတာ ဘာကြောင့်လဲ။
-ကလေးတို့လည်း တစ်ဦးနဲ့တစ်ဦး မိတ်ဆွေကောင်းဖြစ်အောင် ဘယ်လိုနေသင့်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ သူငယ်ချင်းကောင်းတစ်ယောက်အဖြစ် ပြုမူနေထိုင်ရမည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ပုံဆွဲ၍ စာဖြင့်ရေးသား ဖော်ပြရခြင်း။

(၃၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို ကလေးများနှင့် အပြန်အလှန်ဆွေးနွေး၍ စာသင်ချိန်ကို စတင်ပါ။

-သားတို့သမီးတို့မှာ သူငယ်ချင်းကောင်းတွေ ရှိသလား။
-သူငယ်ချင်းအချင်းချင်း တစ်ဦးကိုတစ်ဦး ဘယ်လိုကူညီကြသလဲ။

֍ ထို့နောက် ကလေးများကို ဆယ်ယောက်ခန့်ပါသော အုပ်စုများ ဖွဲ့ပါ။ပြီးလျှင် မိမိတို့အုပ်စုအလိုက် စက်ဝိုင်းပုံစံ ထိုင်ကြပါစေ။ အုပ်စုတွင်းရှိ ကလေးတစ်ဦးစီအား စာရွက်လွတ်တစ်ရွက်စီပေးပြီး မိမိပုံနှင့် အမည်ကို ရေးသားဖော်ပြပါစေ။

֍ မိမိပုံနှင့် မိမိအမည် ရေးထားသော စာရွက်ကိုအုပ်စုအတွင်းရှိ သူငယ်ချင်းအားလုံးအား တစ်ဦးပြီးတစ်ဦး လက်ဆင့်ကမ်းပေးပါ။ မိမိထံရောက်လာသော စာရွက်ပေါ်တွင် သူငယ်ချင်း၏ ကောင်းသောအချက် (သို့) မိမိသဘောကျသောအချက် တစ်ချက်စီပါဝင်အောင် ရေးသားပါစေ။

֍ ဤနည်းဖြင့် ကလေးအားလုံးက မိမိတို့ပုံပါသော စာရွက်များတွင် အခြားကလေးအားလုံး ရေးသားနိုင်အောင် အုပ်စုအတွင်း လက်ဆင့်ကမ်းပေးပါ။ မိမိစာရွက် မိမိလက်ထဲရောက်လျှင် ရပ်ကြပါစေ။

֍ မိမိလက်ထဲ ရောက်ရှိလာသော စာရွက်များကို သူငယ်ချင်းများပြောသော မိမိအကြောင်းဟု ပြောစေပြီး အခြားသူများအား ပြန်လည်ပြောပြပါစေ။ (အချိန်ပေါ်မူတည်ပြီး ကလေးများပြောနိုင်အောင် ဆရာက ကူညီ ပေးပါ)

လုပ်ငန်း (၂) အုပ်စုဖွဲ့လုပ်ငန်းပေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၃၀ မိနစ်)

֍ ကလေးများတင်ပြပြီးသောအခါ အောက်ပါမေးခွန်းကိုမေးပြီး ကလေးများပြောသော အချက်များကို ဆရာက သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ပေးပါ။

-သူငယ်ချင်းတွေက ကိုယ့်ရဲ့ကောင်းတဲ့အချက်၊ ကိုယ့်ကိုသဘောကျတဲ့အချက်တွေကို အခုလိုစာနဲ့ရေး ပြတော့ ဘယ်လို ခံစားရသလဲ။ သူငယ်ချင်းတွေကို ဘာပြောချင်သလဲ။

֍ ထို့နောက်ကလေးများကို (၆)ယောက်ခန့်စီပါသော အုပ်စုများဖွဲ့၍ အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးစေပြီး ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။

-ကလေးတို့ကိုယ်တိုင် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ချင်ရင် ဘယ်လို ပြုမူနေထိုင်သင့်သလဲ။

֍ ကလေးများအားလုံး တင်ပြပြီးသောအခါ ဆရာက “မိတ်ဆွေကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်တွေကိုလည်း သိသွားကြပြီ၊ မိတ်ဆွေကောင်းတွေဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လိုဆက်ဆံသင့်တယ်ဆိုတာလဲ ဆွေးနွေးခဲ့ပြီးပြီ၊ ဒါကြောင့် ဆရာတို့တစ်တွေဟာ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ်တွေနဲ့အညီ သူငယ်ချင်း အချင်းချင်း ကူညီရိုင်းပင်းပြီး ချစ်ချစ်ခင်ခင် နေထိုင်သွားကြရအောင်”... စသည်ဖြင့် ပြော၍ သင်ခန်းစာကို အနှစ်ချုပ်ပါ။