မိတ်ဆွေကောင်း

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၂။ မိတ်ဆွေကောင်း
326936ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂၂။ မိတ်ဆွေကောင်းဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၂)

မိတ်ဆွေကောင်း

edit

ရှေးလွန်လေပြီးသောအခါ သာယာလှပ၍ သစ်သီးဝလံ ပေါများသော တောအုပ်ကြီးတစ်ခု၌ ကြက်တူရွေးအုပ်စုတစ်စုသည် ချစ်ခင်ပျော်ရွှင်စွာ နေထိုင်ကြလေသည်။ ထိုကြက်တူရွေးအုပ်စုတွင် နှုတ်သီးမည်းသော မောင်မဲနှင့် နှုတ်သီးနီသော မောင်နီတို့သည် တစ်ကောင်နှင့်တစ်ကောင် အလွန်ချစ် ခင်ကြသည်။ တစ်နေ့သ၌ ကြက်တူရွေးလေးမောင်မဲတွင် ကူးစက်တတ်သော ရောဂါတစ်ခု စွဲကပ် ခဲ့သည်။ ထိုအခါ အခြားကြက်တူရွေးများသည် ရောဂါကူးမည်ကို ကြောက်သောကြောင့် အဝေးသို့ ပြောင်းရွှေ့သွားကြသည်။ သို့ သော်လည်း ကြက်တူရွေးလေးမောင်နီသည် သူငယ်ချင်းကောင်း ပီသစွာ ကြက်တူရွေးလေး မောင်မဲအား ကူညီစောင့်ရှောက်လျက် အတူနေထိုင်ခဲ့ပါသည်။ မောင်နီလေးသည် သူ့ကို ရောဂါမကူး စက်နိုင်ရန် မောင်မဲလေးအား စနစ်တကျ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ အားပေးစကားများ ပြောဆိုပြီး ကူညီပေးခဲ့သည်။ မကြာမီမှာပင် ကြက်တူရွေးလေးမောင်မဲ၏ ရောဂါဝေဒနာ ပျောက်ကင်းသွားခဲ့သည်။ သူတို့သည် ချစ်ခင်ပျော်ရွှင်စွာ နေထိုင်သွားကြလေသည်။

မိတ်ဆွေကျင့်ဝတ်ငါးပါး

edit

ပေးကမ်းချီးမြှင့်၊
ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊
နှုတ်မြွက်ချိုသာ၊
သစ္စာမှန်စေ၊
ဝတ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။

သူငယ်ချင်းကောင်း

edit

အစာစားလည်း အတူတူ၊
ကစားလည်း အတူတူ။
လဲကျသူကို ထူလို့ ပေး၊
သူငယ်ချင်းကောင်းလေး။
နွေးနွေးထွေးထွေး ချစ်ချစ်ခင်၊
ကူညီကြပါလျှင်။
ဘေးရန်ကင်းစင် ထာဝရ၊
တို့များ ပျော်ရွှင်ကြ။ ။