မေတ္တာဘာဝနာ စီးဖြန်းခြင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၉။ မေတ္တာဘာဝနာ စီးဖြန်းခြင်း (ကျောင်းသားကိုင်သို့)
339342ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း (ဆရာလမ်းညွှန်) — ၉။ မေတ္တာဘာဝနာ စီးဖြန်းခြင်း (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၉)

မေတ္တာဘာဝနာစီးဖြန်းခြင်း

သင်ယူမှုဦးတည်ချက် ။ ။ မေတ္တာဘာဝနာစီးဖြန်းခြင်းအကျိုးနှင့်ဗြဟ္မစိုရ်တရား (၄) ပါးကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ကျောင်းသူလေး နိုနို ဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍သင်ခဲ့ပြီးသော မေတ္တာပို့နည်း၊ ဘုရားရှိခိုးနည်းများကို ပြန်လည်ချိတ်ဆက်ပြောပြပါ။

-သားတို့၊ သမီးတို့ မေတ္တာပို့နည်းကို မှတ်မိကြသေးလား။ ပြောပြပါဦး။
-ဘုရားရှိခိုးတာရော မှတ်မိသေးလား၊ ပြောပြပါဦး။

֍ဖြေချင်သော ကလေးများ ဖြေကြပါစေ။ “ဒီနေ့ သားတို့၊ သမီးတို့ကို မေတ္တာဘာဝနာ စီးဖြန်းတာနဲ့ ပတ်သက်ပြီးတော့ ပြောပြမယ်။ သားတို့၊ သမီးတို့ နားလည်အောင် ရိုးရိုး ရှင်းရှင်းပြောရရင် တရားထိုင်တာပေါ့။ နောက်တစ်ချိန်မှာ တရားထိုင်တာကို လက်တွေ့ လုပ်ကြည့်ကြမယ်။ လက်တွေ့ မလုပ်ခင်မှာ တရားထိုင်လို့ ရလာတဲ့အကျိုးတွေကို အရင် ပြောပြမယ်။ သေချာနားထောင်ကြနော်” စသည်ဖြင့် ပြောပါ။

֍ထို့နောက် အောက်ပါ ကျောင်းသူလေး နိုနို ဇာတ်လမ်းကို ကလေးများ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြပါ။

ကျောင်းသူလေး နိုနို

တစ်နေ့မှာ ကျောင်းသူလေး နိုနိုရဲ့ အမေဟာ ဘုန်းတော်ကြီးကျောင်းကို သွားတယ်။ ဆရာတော်ကိုတွေ့ တော့ မေမေက “ဆရာတော်ဘုရား နိုနိုဟာ အတော်ပြောရဆိုရ ခက်လာ တယ်ဘုရား၊ ပြောတာလည်း နားမထောင်ဘူး၊ အိမ်အလုပ်တွေလည်း မလုပ်ဘူး၊ လတ်လျား လတ်လျား နေတယ်ဘုရား၊ ပြောရင်လည်း မေ့သွားလို့ မေ့သွားလို့နဲ့ ကျောင်းစာတွေလည်း သိပ်မလိုက်နိုင်ဘူးဘုရား”လို့ လျှောက်လိုက်တယ်။ အဲဒီအခါ ဆရာတော်က “ကောင်းပြီ ဒကာမကြီး၊ နောက်နေ့ကျရင် ခေါ်လာခဲ့ချေ”လို့ ပြောလိုက်တယ်။

နောက်တစ်နေ့ရောက်တော့ နိုနိုဟာ အမေနှင့်အတူ ဘုန်းတော်ကြီးကျောင်းကို လိုက်သွားတယ်။ ကျောင်းကိုရောက်တဲ့အခါ ဘုန်းတော်ကြီးက “ဒကာမလေး နိုနို၊ ကျောင်းစာ တွေ သေချာနားလည်ရဲ့လား”လို့ မေးတယ်။ “တင်ပါ့ဘုရား၊ တပည့်တော် ကျောင်းမှာ သင် တာတွေ သိပ်နားမလည်ပါဘူးဘုရား၊ သိပ်လည်း မမှတ်မိပါဘူးဘုရား”လို့ နိုနိုက ပြန်လည် လျှောက်ထားတယ်။ “ဒါဆို ဉာဏ်ကောင်းစေတဲ့ နည်းလမ်းကို ဘုန်းကြီးပေးမယ်။ တစ်နေ့ကို နှစ်ကြိမ်၊ တစ်ကြိမ်ကို (၁၀) မိနစ်စီလောက် တရားထိုင်ကြည့်ပါ။ ဒါဆို ဒကာမလေးရဲ့ မှတ်ဉာဏ်အတွက် အထောက်အကူ ဖြစ်စေတယ်။ မနက်၊ ညတွေမှာရော ဘုရားရှိခိုးရဲ့ လား။ တင်ပါ့ဘုရား ရှိခိုးပါတယ်ဘုရား”။ “ဒါဆို လွယ်ပါတယ်၊ ဒကာမလေးက ဘုရားကန်တော့တိုင်း ဘုရားကျောင်းဆောင်၊ ဘုရားခန်းနေရာကို သန့်ရှင်းရမယ်။ တံမြက်စည်းလှည်း ရမယ်။ ပန်း၊ ဆီမီး၊ အမွှေးတိုင် ကပ်လှူပြီးရင် ငါးပါးသီလယူရမယ်၊ ပြီးရင် (၁ဝ) မိနစ် လောက် တရားထိုင်ရမယ်။ မထိုင်ခင်မှာ စိတ်ကို အရင်ဆုံး တည်ငြိမ်အောင် ထားရမယ်။ ပတ်ဝန်းကျင်က အရာအားလုံးကို မေ့ထားရမယ်။ စိတ်ကလေး ကြည်နေရင်တော့ အကောင်း ဆုံးပဲ။ ပြီးရင်တော့ “မေတ္တာ ဘာဝနာ၊ အာနာပါနဘာဝနာ၊ ဗုဒ္ဓါနုဿတိဘာဝနာ”လို့ ခေါ်တဲ့ တရားဘာဝနာပွားများ အားထုတ်ခြင်း (၃)မျိုးထဲက မေတ္တာဘာဝနာနဲ့ အရင်စပြီး တရား အားထုတ်ကြည့်ရမယ်”။

“တရားမှတ်တယ်ဆိုတာ ဘယ်ကိုယ်ဟန် အနေအထားနဲ့မဆို လုပ်လို့ရတယ်။ လမ်းလျှောက်ရင်း၊ ထိုင်ရင်း၊ မတ်တတ်ရပ်ရင်း၊ လဲလျောင်းနေရင်းနဲ့လည်း တရားမှတ်နိုင်ပါ တယ်။ ဒါပေမဲ့ ပထမဦးဆုံး တရားအားထုတ်မယ့်သူအတွက်တော့ ထိုင်တဲ့ ကိုယ်ဟန် အနေ အထားက အကောင်းဆုံးပဲ”။ “အဝတ်အစားကို သပ်သပ်ရပ်ရပ်ဝတ်ပြီး တင်ပလ္လင်ခွေ ထိုင်ရ မယ်။ ဒါမှမဟုတ် မိမိ နှစ်သက်သလို ထိုင်လို့လည်းရတယ်။ ဘယ်လက်ဖဝါးပေါ်မှာ ညာလက် ဖဝါးထပ်ပြီး လက်မထိပ်နှစ်ခုကို ညင်သာစွာ ထိထားရမယ်။ ခါးကို ဖြောင့်ဖြောင့်ထားရမယ်။ ခေါင်းကို မတ်မတ်ထားရမယ်။ မျက်စိမှိတ်ထားရမယ်။ ပြီးရင်

ငါသည် ကျန်းမာပါစေ။ ချမ်းသာပါစေ၊
ငါသည် အနာရောဂါကင်းပြီး ကျန်းမာချမ်းသာပါစေ၊
ငါသည် ဘေးရန်ကင်းပြီး ကျန်းမာချမ်းသာပါစေ၊

ငါသည် ကျန်းမာချမ်းသာစွာဖြင့် မိမိအကျိုး၊ သူတစ်ပါးအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်ပါစေလို့ ပွားများရမယ်။ ဒါဆို ကိုယ့်စိတ်ကလေး နူးညံ့သိမ်မွေ့ လာမယ်။ ပြီးရင် မိဘ၊ ဆရာ၊ မိတ်ဆွေတွေ၊ လူသားတွေအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် ရှေ့နည်းအတိုင်း မေတ္တာပွားများရမယ်။ ကိုယ်ပွားလိုက်တဲ့ မေတ္တာဓာတ်ဟာ ကိုယ့်ဆီပြန်လာတတ်ပါတယ်”လို့ ပြောလိုက်ပါတယ်။

ရက်အနည်းငယ်ကြာတော့ နိုနိုဟာ အမေနှင့်အတူ ဘုန်းတော်ကြီးကျောင်းကို ရောက်ပြန်တယ်။ ဆရာတော်နဲ့တွေ့ တော့ ဆရာတော်က “ဒကာမလေး နိုနို၊ ကျောင်းစာတွေ လိုက်နိုင်ရဲ့လား”လို့ မေးတယ်။ အဲဒီအခါ “ဆရာတော်ဘုရား၊ နိုနိုဟာ သူ့အလုပ်တွေကို ကောင်းကောင်း လုပ်နိုင်နေပါပြီ၊ ကျောင်းစာတွေလည်း လိုက်နိုင်တယ်လို့ ဆရာမက ပြော တယ်။ အရင်လို စိတ်တိုတာလည်း မရှိတော့ဘူး၊ သူငယ်ချင်းတွေလည်း တိုးလာတယ်။ ကောင်းကောင်းလည်း အိပ်ပျော်တယ်။ အိပ်မက်ဆိုးတွေလည်း မမက်တော့ဘူးဘုရား”လို့ အမေက လျှောက်ထားတယ်။

“ကောင်းပါတယ် ဒကာမလေး နိုနို၊ ဆက်လက်ပြီး တရားကျင့်ကြံပွားများ အားထုတ် ပါ။ ကိစ္စတိုင်း အဆင်ပြေချောမွေ့ စေရပါမယ်။ ဒါနဲ့ သိကြသလား၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားထိုင်ခြင်းဟာ အနောက်တိုင်းသားတွေကြားမှာ အတော်လေး အသုံးပြုကြတယ်ကွယ့်။ တရားထိုင်ခြင်းဟာ စိတ်ပင်ပန်းမှုတွေ၊ ရောဂါဝေဒနာတွေ သက်သာပျောက်ကင်းစေတယ်။ မှတ်ဉာဏ်ကိုလည်း တိုးတက်စေတယ်။ ဒါကြောင့်လည်း တချို့ အနောက်တိုင်းသားတွေက တရားထိုင်ကြတာပေါ့”လို့ ဆရာတော်က မိန့်ကြားတယ်။ သားအမိနှစ်ယောက်ဟာ “တင်ပါ့ ဘုရား”လို့ လျှောက်ထားပြီးနောက် ဆရာတော်ကို ရှိခိုးဦးချကာ ပြန်လာခဲ့ကြတယ်။

֍အောက်ပါမေးခွန်းများကို မေးပါ။

-ဘုန်းဘုန်းက နိုနိုကို တစ်နေ့ ဘယ်နှကြိမ် တရားထိုင်ခိုင်းသလဲ။
-တစ်ခါထိုင်ရင် ဘယ်လောက်ကြာသလဲ။
-တရားမထိုင်ခင် စိတ်ကို ဘယ်လိုထားရမလဲ။
-တရားထိုင်ရင် ဘယ်လိုထိုင်ရမလဲ။
-မေတ္တာဘာဝနာကို ဘယ်လိုပွားများရမလဲ။
-မိမိပွားလိုက်တဲ့ မေတ္တာဓာတ်ဟာ ဘယ်ကို ပြန်လာတတ်သလဲ။
-ရက်တော်တော်ကြာ တရားထိုင်၊ မေတ္တာပွား/မေတ္တာဘာဝနာစီးဖြန်းခြင်းတွေ ပြုလုပ် ပြီးတဲ့အခါ နိုနိုဟာ ဘယ်လိုအကျိုးကျေးဇူးတွေ ရလာသလဲ။

[သတိပြုရန် 1]

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ပုံစံတကျ တရားထိုင်နေသော ကိုရင်လေးပုံ၊ သီလရှင်ပုံနှင့် ကလေးတစ်ယောက်ပုံ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ခုနက ပြောသွားတဲ့ ဇာတ်လမ်းထဲမှာ တရားထိုင်တာ ဘယ်လိုထိုင်ရမလဲ” စသည်ဖြင့် ရှေ့စာသင်ချိန်ကို ပြန်နွေးရန် မေးခွန်းများဖြင့် မေးဖြေပြုလုပ်ပါ။

֍ရုပ်ပုံများကိုပြ၍ “ဒီပုံတွေထဲမှာရော ဘာလုပ်နေကြတာလဲ၊ ဘယ်လိုထိုင်နေကြလဲ” စသည်ဖြင့် မေးမြန်းပါ။

֍ထို့နောက် (၁၀) မိနစ်ခန့် တရားထိုင်ခြင်းကို ကလေးများအားလုံး လက်တွေ့ လုပ်ဆောင် ကြည့်ကြပါစေ။

֍တရားထိုင်ပြီးလျှင် အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့ တရားထိုင်နေတဲ့အချိန်မှာ ဘယ်လိုခံစားရသလဲ။
-စိတ်ထဲမှာ ဘာဖြစ်နေလဲ။
-တရားထိုင်ပြီးတဲ့အချိန်မှာရော ဘယ်လိုခံစားရသလဲ .... စသည်ဖြင့်မေးပါ။

֍ကလေးများ၏ အဖြေများထဲမှ သင့်လျော်သလို ဆရာက ပြန်လည် အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ဗြဟ္မစိုရ်တရား (၄) ပါး၏ အနက်အဓိပ္ပာယ်တစ်ခုစီကို ရေးထားသောကတ်ပြား စုစုပေါင်း (၂ဝ) ခု။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါ ဗြဟ္မစိုရ်တရားလေးပါးကို ပါဠိနှင့် အနက်အဓိပ္ပာယ် တွဲ၍ ဦးစွာ ရှင်းပြပါ။

ဗြဟ္မစိုရ်တရား (၄) ပါး

၁။ မေတ္တာ (ချစ်ခင်ကြင်နာစိတ်ရှိခြင်း)
၂။ ကရုဏာ (စာနာသနားခြင်း)
၃။ မုဒိတာ (သူတစ်ပါး၏ ပျော်ရွှင်မှုအပေါ် ဝမ်းသာကြည်နူးခြင်း)
၄။ ဥပေက္ခာ (မချစ်၊ မမုန်းဘဲ အသင့်အတင့် သဘောထားခြင်း)

֍ရှင်းပြပြီးသောအခါ ကလေးများအား အုပ်စု (၅) စုဖွဲ့ပါ။ အုပ်စု (၁)၊ အုပ်စု (၂)၊ အုပ်စု (၃)၊ အုပ်စု (၄)၊ အုပ်စု (၅) ဟူ၍ အုပ်စုအမည်များ အသီးသီး ပေးထားပါ။

֍ပထမဦးစွာ ဆရာက သင်ပုန်းပေါ်တွင် အောက်ပါအတိုင်း ကြိုတင်ရေးသားထားပါ။ ဗြဟ္မစိုရ်တရား (၄) ပါး၏ အနက်အဓိပ္ပာယ်ကို ရေးထားသော ကတ်ပြား (၂ဝ) ခုကို (၄) စု ခွဲပြီး အုပ်စုအသီးသီး၏ ရှေ့စားပွဲပေါ်တွင် မှောက်လျက်ချထားပါ။

[သတိပြုရန် 2]

မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ
အုပ်စု (၁)
အုပ်စု (၂)
အုပ်စု (၃)
အုပ်စု (၄)
အုပ်စု (၅)

֍ထို့နောက် ကစားနည်းကို အောက်ပါအတိုင်း ရှင်းပြပါ။

“အုပ်စုကိုယ်စားလှယ် တစ်ဦးစီ အတန်းရှေ့ကို ထွက်လာရမယ်။ ဆရာက “စ” လို့ ပြောလိုက်တာနဲ့ ကိုယ့်ရှေ့မှာရှိတဲ့ စားပွဲခုံပေါ်က ကတ်ပြား (၄) ခုကို ပြေးယူပြီး သင်ပုန်းပေါ်မှာ နေရာမှန်အောင် ကပ်ပေးရမယ်။ သင်ပုန်းမှာ ပြထားတဲ့အတိုင်း ကိုယ့် အုပ်စုနာမည်ရှိတဲ့ နေရာမှာပဲ ကပ်ပေးရမယ်နော်။ ဆရာက “ရပ်” လို့ပြောတဲ့အချိန်မှာ အားလုံးက ရပ်လိုက်ရမယ်။ လုံးဝ ဆက် ကပ်လို့မရဘူးနော်။ ကတ်ပြား (၄) ခုလုံးကို မှန်အောင်ကပ်နိုင်ရင် အမှတ် (၄) မှတ်ရမယ်။ သုံးခုဆိုရင် (၃) မှတ်၊ နှစ်ခုဆို (၂) မှတ် ရမယ်နော်။ ကစားပြီးတဲ့အခါ အမှတ်တွေအားလုံးကို ပေါင်းပြီးတော့ ဘယ်အဖွဲ့က အမှတ်အများဆုံးရလဲ ဆိုတာကို ကြေညာပေးမယ်။ အနိုင်ရတဲ့အဖွဲ့ကို တခြားအဖွဲ့တွေ က လက်ခုပ်တီးပြီး အားပေးရမယ်”။

֍ရှင်းပြပြီးနောက် အုပ်စုကိုယ်စားလှယ်တစ်ဦးစီကို အတန်းရှေ့သို့ ထွက်စေပြီး ကစားကြပါစေ။

֍အချိန်အပေါ်မူတည်ပြီး ကလေးအရေအတွက်များများ ပါဝင်ကစားစေနိုင်သည်။

֍အားလုံး ကစားပြီးသောအခါတွင် ဗြဟ္မစိုရ်တရားလေးပါးနှင့် အနက်အဓိပ္ပာယ်တို့ကို ပြိုင် တူ ရွတ်ဆိုကြပါစေ။ သို့မဟုတ် မိန်းကလေးများက တရား (၄) ပါးကို ပါဠိလို ရွတ်ဆို လျှင် ယောက်ျားလေးများက အနက်အဓိပ္ပာယ်ကို ရွတ်ဆိုခြင်းဖြင့်လည်း ပြောင်းလဲ၍ ရွတ်ဆိုစေနိုင်ပါသည်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မေတ္တာပို့သနည်း။

သင်ယူမှုလုပ်ငန်းစဉ်

֍“ပထမတန်းက “မေတ္တာပို့သခြင်း” သင်ခန်းစာမှာ သင်ခဲ့ရတဲ့ မေတ္တာပို့နည်းကို မှတ်မိကြ သေးလား”ဟု မေး၍ မှတ်မိသောကလေးများ ရွတ်ပြကြပါစေ။

[သတိပြုရန် 3]

֍ထို့နောက် ဆရာနှင့်တကွ ကလေးများအားလုံး ၎င်းမေတ္တာပို့သနည်းကို ပြိုင်တူရွတ်ဆို ကြပါစေ။

သားသားမီးမီးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဖေဖေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
မေမေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘိုးဘိုးလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘွားဘွားလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဆရာ/ဆရာမလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
သူငယ်ချင်းတွေလည်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။

֍“ဒုတိယတန်းမှာ သင်ခဲ့ဖူးတဲ့ “မေတ္တာထားသောရသေ့များ” ဇာတ်လမ်းထဲက ရသေ့တွေ ရဲ့ မေတ္တာပို့သနည်းကို မှတ်မိကြသေးလားဟု မေး၍ ကလေး (၂/၃) ဦးခန့်က ရွတ်ဆိုပြ ပါစေ။

֍ထို့နောက် ဆရာနှင့်တကွ ကလေးများအားလုံး ၎င်းမေတ္တာပို့သနည်းကို ပြိုင်တူရွတ်ဆို ကြပါစေ။

ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ။

֍ရွတ်ဆိုပြီးနောက် အောက်ပါ မေတ္တာပို့သနည်းကို ထပ်မံဖြည့်စွက် သင်ကြားပေးပါ။ ပြီးနောက် ကလေးများအားလုံး ပြိုင်တူရွတ်ဆိုကြပါစေ။

လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

֍နောက်ဆုံးတွင် မေတ္တာပို့နည်းအားလုံးကို ကလေးများ ပြိုင်တူရွတ်ဆိုကြပါစေ။

  1. ကလေးတစ်ယောက်ကို တစ်ချက် ပြောပါစေ။
  2. ဥပေက္ခာ (ဥပစ်ခါ) ဟု အသံထွက်ပါ။
  3. အကယ်၍ ကလေးများ မေ့နေလျှင် ဆရာက ဦးစွာ ရွတ်ဆိုပေးပါ။