မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးလမ်းညွှန် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၃၂။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးလမ်းညွှန်(ကျောင်းသားကိုင်သို့)
348414ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၃၂။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးလမ်းညွှန်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၂)

သင်ခန်းစာခေါင်းစဉ်။ ။ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးလမ်းညွှန်

ယေဘုယျရည်ရွယ်ချက်။ ။ မြတ်စွာဘုရား၏ ငြိမ်းချမ်းရေးလမ်းညွန်ချက်များကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးတတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မြတ်စွာဘုရား၏ ငြိမ်းချမ်းရေးလမ်းညွှန်ချက်များကို ပြောပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းများဖြင့် စာသင်ချိန်ကို စတင်ခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေး၍ ကလေးများပြောသောအချက်များကို နားထောင်ပြီး အရေးကြီးသော အချက်များကို ဆရာက သင်ပုန်းတွင် မှတ်သားထားပါ။

-လူတွေဟာ ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း နေကြသလား။ ဘာကြောင့် မငြိမ်းချမ်းတာလဲ။
-ငြိမ်းချမ်းရေးဆိုတာကို ဘယ်လို နားလည်သလဲ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်း။

(၄၀ မိနစ်)

֍ မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးလမ်းညွှန် အကြောင်းအရာကို အသံတိတ် ဖတ်ကြပါစေ။

မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းရေးလမ်းညွှန်

လူတိုင်းလူတိုင်း ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုကြ၏။ ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းကို အလိုမရှိကြပေ။ သို့သော် လူတို့သည် အချင်းချင်း ပျော်ပျော်ရွှင်ရွှင် ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ကြဘဲ ငြင်းခုံခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မကြာခဏ ဖြစ်နေကြ၏။ ထိုသို့ဖြစ်ရသည်မှာ ကိုယ်ကျင့်သီလ ယိုယွင်းပျက်စီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ရန်လိုမုန်းတီးခြင်း၊ မာန်မာန၊ မနာလိုမှုစသော တရားများ အားကြီးခြင်းနှင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားများ ကျင့်သုံးမှု အားနည်းနေခြင်းတို့ကြောင့် ဖြစ်ပေသည်။

ယနေ့ခေတ်တွင် ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှုအပိုင်းသည် လိုလေသေးမရှိ ပြည့်စုံပါသည်။ သို့သော် ကိုယ်ကျင့်သီလနှင့် စိတ်ဓာတ်မြင့်မြတ်မှုတို့မှာ တရှိန်ထိုး နိမ့်ဆင်းလျက်ရှိသည်။ ယနေ့ကမ္ဘာတွင် စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ အသေခံ ဗုံးဖောက်ခွဲမှုများကြောင့် အသက်ပေါင်းများစွာ နေ့စဉ် ဆုံးရှုံးနေကြရသည်။ ကိုယ်ကျင့်သီလ ယိုယွင်းပျက်စီးနေသူသည် တရားသည်၊ မတရားသည်ကို စဉ်းစားလေ့မရှိဘဲ အခြားသူများကို ဖိနှိပ်ချုပ်ချယ်ရန်၊ သတ်ဖြတ်ညှင်းဆဲရန်၊ ဗိုလ်ကျစိုးမိုးရန် ဝန်မလေးတတ်ပေ။ ထို့ကြောင့် ကိုယ့်ကျင့်သီလ ယိုယွင်းပျက်စီးခြင်းသည် ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးနေသော ပဓာနအကြောင်းတရားတစ်ခုဟု ဆိုနိုင်ပါသည်။

လူတို့သည် ကိုးကွယ်သည့်ဘာသာ၊ ပြောဆိုသည့် ဘာသာစကား၊ အသားအရောင်၊ လူမျိုး၊ လူတန်းစား စသည့် မိမိနှင့် မတူညီမှုများအပေါ် အခြေခံ၍ အချင်းချင်း တိုက်ခိုက်နေကြ၏၊ လက်စားချေနေကြ၏။ ဤသို့ ဖြစ်ရသည်မှာ မတူကွဲပြားမှုအပေါ် နားလည်မှု မပေးနိုင်ခြင်း၊ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးကိုသာ ကြီးပွား တိုးတက်စေလိုသည့် တစ်ကိုယ်ကောင်းစိတ် အားကြီးခြင်း၊ ကိုယ်နှင့်မတူသူကို ရန်လိုမုန်တီးခြင်း၊ မတူမတန် ဆက်ဆံခြင်း၊ အခြားသူတို့အပေါ် ဓမတ္တာ၊ ကရုဏာစိတ် ကင်းမဲ့ခြင်း၊ သူတစ်ပါး ကြီးပွားတိုးတက်သည်ကို မနာလိုစိတ်ထားကာ မုဒိတာစိတ် မပွားနိုင်ခြင်းတို့ကြောင့် ဖြစ်ပေသည်။ ဤမကောင်းသောစိတ်များ၏ လှုံ့ဆော်မူကြောင့် အချင်းချင်း အပြန်အလှန် လက်စားချေတိုက်ခိုက်နေကြခြင်း ဖြစ်၏။ ဤသို့ဖြင့် ခိုက်ရန်ဖြစ်ပွားမှုများ

သည် အဆုံးမသတ်နိုင်တော့ပေ။

ဤအချက်ကို မြတ်ဗုဒ္ဓက “ရန်ကို ရန်ချင်း တုံ့ပြန်ခြင်းဖြင့် မငြိမ်းအေးနိုင်၊ မေတ္တာတရားဖြင့်သာလျှင် ငြိမ်းအေးစေနိုင်သည်”ဟု ဆုံးမတော်မူခဲ့သည်။ ထို့အပြင် မြတ်ဗုဒ္ဓက “ချစ်သား ချစ်သမီးတို့ ...ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် နေလိုကြလျှင် ရှေ့၌ဖြစ်စေ၊ ကွယ်ရာ၌ဖြစ်စေ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါသော အမူအရာတို့၌ မေတ္တာဖြင့် ဆက်ဆံရမည်၊ အသုံးအဆောင်ပစ္စည်းတို့ကို အညီအမျှ ခွဲဝေသုံးစွဲရမည်။ ကိုယ်ကျင့် သီလတို့ကို တူညီစွာ ဖြည့်ကျင့်ရမည်၊ အတွေးအမြင် တူညီအောင် ကြိုးစားရမည်”ဟု ဟောကြားတော်မူသည်။

မြတ်ဗုဒ္ဓ၏ ဤလမ်းညွှန်ချက်က အသိဉာဏ်ပညာနှင့် ပြည့်စုံခြင်းတို့သည် လူမျိုးတိုင်း၊ ဘာသာတိုင်းအတွက် လိုအပ်သော အရည်အချင်းများ ဖြစ်သည်ဟု ညွှန်းဆိုနေပါသည်။ ဤအရည်အချင်းများနှင့် ပြည့်စုံသူသည် အစွန်းရောက်အမြင် ကင်းရှင်းမည် ဖြစ်ရာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများလည်း လျော့နည်းလာပေမည်။ တစ်ခါတစ်ရံ ဖြစ်ပေါ်လာသည့် ပြဿနာများကိုလည်း ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာနိုင်ပေလိမ့်မည်။

ထို့ကြောင့် လူသားတို့သည် အမှန်တကယ် ညီညီညွတ်ညွတ် ပျော်ပျော်ရွှင်ရွှင်နေလိုကြလျှင် ငြိမ်းချမ်းသာယာရေးအတွက် အခြေခံအုတ်မြစ်သဖွယ်ဖြစ်သော ကိုယ်ကျင့်သီလကို ဖြည့်ကျင့်ရပေမည်။ တစ်ကိုယ် ကောင်းဆန်သည့် စိတ်ကို ပယ်ရှားရပေမည်။ အခြားသူများအပေါ် ရန်လိုမုန်းတီးခြင်း၊ အမျက်ဒေါသထားခြင်းတို့ကို တွန်းလှန်ပယ်ရှားကာ ချစ်ခြင်းမေတ္တာတရားကို ပွားများရပေမည်၊ ညှင်းဆဲနှိပ်စက်ခြင်းမပြုဘဲ သနားကြင်နာခြင်းကရုဏာတရားကို မွေးမြူရပေမည်။ သူတစ်ပါး အောင်မြင်ကြီးပွားသည်ကို မြင်လျှင် မနာလိုစိတ် မထားဘဲ နှစ်သက်ဝမ်းမြောက်ခြင်း မုဒိတာတရား ပွားများရပေမည်။ ဤကဲ့သို့ ကျင့်သုံးနေထိုင်သော လူ့အဖွဲ့ အစည်းသည် ငြိမ်းချမ်းသာယာကာ နေချင်စဖွယ်ဖြစ်လာပေလိမ့်မည်။

မှီငြမ်း။ ။ မ၊၁၊၃၉၅။ ဓမ္မ၊ ဂါထာ၊၅၊

֍ ကလေးများကို ခြောက်ယောက်ခန့်စီပါသော အုပ်စုများဖွဲ့ပြီး အောက်ပါမေးခွန်း တစ်ခုစီကို ဆရာက သင်ပုန်းတွင် ရေးသားပေးပါ။

-လူတွေအချင်းချင်းကြား မငြိမ်းချမ်းကြတာ ဘာကြောင့်လဲ။
-မြတ်စွာဘုရားက ငြိမ်းချမ်းအောင်နေထိုင်နည်းကို ဘယ်လို ဟောတော်မူခဲ့သလဲ။

֍ ထို့နောက် အုပ်စုတိုင်းတွင် ကိုယ်စားလှယ်နှစ်ဦးစီကို ရွေးပါ။ ကိုယ်စားလှယ်နှစ်ဦးသည် မိမိအုပ်စုတွင် နေခဲ့ပြီး ကျန်သောသူများက အခြားအုပ်စုများသို့ သွားရောက်လှည့်လည် မေးမြန်းဆွေးနွေးကြပါစေ။

֍ ကိုယ်စားလှယ်တစ်ဦးက သင်ပုန်းတွင် ဆရာရေးသားထားသော မေးခွန်းနှင့်ပတ်သက်၍ မိမိအုပ်စုသို့ လာရောက်သောသူများကို ကောင်းစွာဖြေဆိုနိုင်အောင် ပံ့ပိုးပေးရမည်ဖြစ်ပြီး အခြားတစ်ဦးက အဖြေများကို စာရွက်ပေါ်တွင် ရေးသားရမည်ဖြစ်ကြောင်း ဆရာက ညွန်ကြားပါ။

֍ မေးခွန်းတစ်ခု ဆွေးနွေးပြီးမှ နောက်မေးခွန်းတစ်ခုကို ဆရာက သင်ပုန်းတွင် ရေးပါ။ အုပ်စုအားလုံးသို့ ကလေးများ သွားရောက် ဆွေးနွေးနိုင်ရန် ဆရာက ကူညီပေးပါ။

လုပ်ငန်း (၃) နားလည်မှုကို မေးမြန်းဆွေးနွေး၍ အနှစ်ချုပ်ခြင်း၊

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ စာသင်ချိန်ကို အနှစ်ချုပ်ပါ။

-ငြိမ်းချမ်းသာယာရေးအတွက် လိုအပ်တဲ့ အခြေခံအုတ်မြစ်က ဘာလဲ။
-နေချင်စဖွယ် လူ့အဖွဲ့အစည်းဖြစ်အောင် ဘာတွေ လုပ်ဆောင်ဖို့ လိုသလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ ငြိမ်းချမ်းရေးလမ်းညွှန်ချက်များကို သိရှိပြီး ကိုယ်တိုင်လိုက်နာကျင့်သုံးနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ၊ စာရွက်ပိုင်းများ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ “သားတို့သမီးတို့ ... ခိုက်ရန်ဖြစ်ပွားရခြင်း အကြောင်းရင်းတွေနဲ့ ငြိမ်းချမ်းအောင် နေထိုင်နည်းတွေကို သိရှိခဲ့ကြပြီ”ဟုပြော၍ အောက်ပါမေးခွန်းများကို မေးပါ။

-ခိုက်ရန်ဖြစ်ဖူးလား။ ဘယ်လို ဖြစ်ဖူးတာလဲ၊ ပြောပြပါ။
-ခိုက်ရန်ဖြစ်ပွားတဲ့အတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာသလဲ။
-ခိုက်ရန်မဖြစ်အောင် နေဖူးလား၊ အဲဒီလို ခိုက်ရန်မဖြစ်တဲ့အတွက် ဘယ်လိုအကျိုးဆက်တွေ ရလာသလဲ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ လုပ်ငန်းပေးဆွေးနွေးတင်ပြခြင်း။

(၂၅ မိနစ်)

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့ပါ။ အုပ်စုအသီးသီးက စာရွက်ကြီးတစ်ရွက်စီပေါ်တွင် သစ်ပင်ပုံကို ဆွဲကြပါစေ။ ထို့နောက် ကလေးများအား ခိုက်ရန်ဖြစ်ပွားစေသော အကြောင်းအရင်းများကို စဉ်းစားစေပြီး သစ်ပင်၏ အမြစ်နေရာတွင် ဆွေးနွေးရေးသားကြပါစေ။ ‘ပင်စည်’နေရာတွင် ‘ခိုက်ရန်ဖြစ်မှုကို ရေးစေ၍ ခိုက်ရန် ဖြစ်ပွားရခြင်းကြောင့် ရရှိလာသောရလဒ်များကို သစ်ပင်၏ အသီးနေရာတွင် ဆွေးနွေးရေးသားကြပါစေ။ အုပ်စုအားလုံး၏ ဆွေးနွေးရေးသားထားသော ပုံများကို သင့်လျော်သောနေရာတွင် ကပ်ကြပါစေ။ ပြီးနောက် ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည်တင်ပြပါစေ။ (အောက်ပါပုံသည် နမူနာပေးထားသောပုံသာ ဖြစ်သည်။ ကလေးများကိုယ်တိုင် အုပ်စုလိုက် တိုင်ပင်၍ စိတ်ကြိုက် ရေးဆွဲကြပါစေ။)

မိတ်ပျက်

ခိုက်ရန်ဖြစ်

ပညာရေး နိမ့်ကျ

ဒေါသ

အပြိုင်အဆိုင်

လုပ်ငန်း (၃) အုပ်စုကြီးလိုက် ဆွေးနွေးဖော်ထုတ်၍ စာသင်ချိန်ကို အဆုံးသတ်ခြင်း။

(၂၅ မိနစ်)

֍ ကိုယ်စားလှယ်အားလုံး တင်ပြပြီးသောအခါ ဆရာက သင်ပုန်းတွင် သစ်ပင်ကြီးပုံ ရေးဆွဲ၍ အောက်ပါ မေးခွန်းများကို မေးပါ။ ထို့နောက် ကလေးများပြောသော ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရမည့်အချက်များကို သစ်ပင်၏ “အမြစ်”နေရာနှင့် ငြိမ်းချမ်းရေးဆောင်ရွက်လျှင် ရရှိလာမည့် အကျိုးကျေးဇူးများကို သစ်ပင်၏ “အကိုင်း၊ အခက်”နေရာတွင် စာရွက်ပိုင်းများဖြင့် ရေးသား၍ ကလေးတစ်ဦးချင်းစီ လားရာက်တပ်ပါစေ။

-ကလေးတို့ကိုယ်တိုင် နေ့စဉ် ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် ဘာတွေ လုပ်ဆောင်မလဲ။ အဲဒီအတိုင်း ဆောင်ရွက်မယ်ဆိုရင် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ။

ရရှိမည့် အကျိုးဆက်

ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်အောင် လုပ်ဆောင်ရမည့်အချက်များ

֍ ဆရာက ကလေးများပြောသော အချက်များအပေါ်မူတည်၍ သင်ခန်းစာ၏ ရည်ရွယ်ချက်နှင့် ချိတ်ဆက်ပြီးအနှစ်ချုပ်ပေးပါ။