မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၉။ မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာ(ကျောင်းသားကိုင်သို့)
348391ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၉။ မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၉)

သင်ခန်းစာခေါင်းစဉ်။ ။ မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာ

ယေဘုယျရည်ရွယ်ချက်။ ။ မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာကို သိရှိပြီး လိုက်နာကျင့်သုံးတတ်‌စေရန်

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာကို ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၁၅ မိနစ်)

֍ လေ့လာခဲ့ပြီးသော ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာကဗျာကို ကလေးများအားလုံး ပြန်လည်ရွတ်ဆိုကြပါစေ။ ကဗျာပါ မင်္ဂလာလေးပါးတို့ကို ပြန်လည်ပြောပြကြစေပြီး လိုအပ်လျှင် ဆရာက ဖြည့်စွက်ပေးပါ။

ခြိုးခြံစွာ ကျင့်ခြင်းစသော မင်္ဂလာလေးပါးမှာ-

၁။ ခြိုးခြံစွာ ကျင့်ခြင်း။
၂။ မြတ်သော အကျင့်ကို ကျင့်ခြင်း။
၃။ သစ္စာလေးပါးကို သိမြင်ခြင်း။
၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း၊

֍ ပြီးနောက် ဆရာက အောက်ပါမေးခွန်းကိုမေး၍ ကလေးများပြောသော အချက်များကို သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

-မြတ်သောအကျင့်ဆိုတာကို ကြားဖူးလား။ ဘယ်လိုအကျင့်တွေလို့ ထင်သလဲ။

֍ ကလေးများပြောပြီးလျှင် ဆရာက “မြတ်သောအကျင့်ကို ကျင့်ခြင်းဆိုတာ ဘာလုပ်တာလဲ သိရအောင် လေ့လာကြည့်ကြမယ်”ဟု ပြောပါ။

လုပ်ငန်း (၂) အကြောင်းအရာဖတ်ခြင်းနှင့် အနှစ်ချုပ်ရေးသားခြင်း။

֍ မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာ အကြောင်းအရာကို ကလေးများအားလုံး ဖတ်ကြပါစေ။

မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာ

(၃၅ မိနစ်)

ဇွဲ။ ။ ဖေဖေ... မြတ်စွာဘုရားဟောကြားခဲ့တဲ့ မင်္ဂလာတရားတော်တွေထဲက ခြိုးခြံစွာ ကျင့်ခြင်းမင်္ဂလာအကြောင်းကို မေမေ ပြောပြလို့သိပြီးပါပြီ။ မြတ်သောအကျင့်ကို ကျင့်ခြင်းမင်္ဂလာအကြောင်းကိုလည်း သားသိချင်ပါတယ်။

ဦးအောင်စိုး။ ။ မြတ်သောအကျင့်ကို ကျင့်ခြင်းဆိုတာ မေထုန်မှရှောင်ကြဉ်ခြင်း၊ ဗြဟ္မစိုရ်တရား ပွားများခြင်း၊ ဘာဝနာတရား ပွားများအားထုတ်ခြင်းဖြစ်တယ်။ ဒီမင်္ဂလာနဲ့. ပတ်သက်ပြီး ... သားတို့အရွယ်မှာ လက်တွေ့လိုက်နာနိုင်တာလေးတွေကို ဖေဖေ ပြောပြမယ်နော်။

ဇွဲ။ ။ ဗြဟ္မစိုရ်တရားဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ လေးပါးကို ပြောတာမဟုတ်လား ဖေဖေ။

ဦးအောင်စိုး။ ။ ဟုတ်တာပေါ့ သားရဲ့။ သားက သိပ်တော်တာပဲနော်။ ကဲ သားက သိနေပြီဆိုတော့ အဲဒီလေးပါးရဲ့ အဓိပ္ပာယ်တွေကို အဖေ့ကို အရင်ပြောပြပါဦး။

ဇွဲ။ ။ ၁။ မေတ္တာဆိုတာ သတ္တဝါအားလုံးကို ချစ်ခင်ခြင်း၊
၂။ ကရုဏာဆိုတာ ဆင်းရဲဒုက္ခရောက်နေတဲ့ သတ္တဝါတွေကို သနားကြင်နာခြင်း၊
၃။ မုဒိတာဆိုတာ သူတစ်ပါး အောင်မြင်နေတာ၊ ကြီးပွားချမ်းသာနေတာတွေကို ဝမ်းမြောက်ခြင်း၊
၄။ ဥပေက္ခာဆိုတာ သတ္တဝါအားလုံးကို ချပ်ခြင်း မုန်းခြင်းမရှိဘဲ အညီအမျှသဘာ ထားခြင်းဖြစ်တယ်လို့ မကြာသေးခင်က သားတို့ဓမ္မစကူးလ်မှာ သင်ခဲ့ရတယ် ဖေဖေ။

ဦးအောင်စိုး။ ။ ဟုတ်တယ်သား ... ဗြဟ္မစိုရ်တရားလေးပါးကို ပွားများကျင့်သုံးရင် လူသား အချင်းချင်း တစ်ဦးနဲ့တစ်ဦး အလွှာမရွေး၊ အဆင့်အတန်းမရွေး သင့်မြတ်ပြီး အဆင်ပြေတယ်။ နှလုံးစိတ်ဝမ်း အေးချမ်းတယ်။ ဒါကြောင့် ဗြဟ္မစိုရ်တရားလေးပါးကို အမြဲမပြတ် ပွားများသင့်တယ်။

ဇွဲ။ ။ ပြီးတော့ ဖေဖေ . ... မြတ်သောအကျင့်ကို ကျင့်ရာမှာ ဘာဝနာတရားပွားများဖို့လည်း လိုတယ်လို့ ဖေဖေပြောခဲ့တယ်နော်။ အဲဒါက ဘာကိုဆိုလိုတာလဲ။ ဘယ်လိုပွားများရမှာလဲ။ သားသိသလောက် ပြောရရင် ဘာဝနာတရား ပွားများတယ်ဆိုတာ အသက်ကြီးတဲ့လူတွေ လုပ်ရတာ မဟုတ်ဘူးလား ဖေဖေ။

ဦးအောင်စိုး။ ။ တကယ်တော့ ဘာဝနာတရား ပွားများအားထုတ်ဖို့ ဘယ်အရွယ်က အကောင်းဆုံး ဆိုတာ ခွဲခြား သတ်မှတ်ထားတာ မရှိပါဘူး။ ဘယ်အရွယ်မဆို အားထုတ်သင့်တယ်။ ငယ်ငယ်ကတည်းက စပြီး အားထုတ်နိုင်ရင် ပိုကောင်းတာပေါ့။ ဘာဝနာတရား ပွားများအားထုတ်တာဟာ စိတ်တည်ကြည်အောင် လုပ်ရတဲ့ အလုပ်ဆိုတော့ ဉာဏ်ရည်ဉာဏ်သွေး ပိုပြီးထက်မြက်စေတယ်။ စိတ်ကိုလည်း ပိုမိုကြည်လင်ရွှင်ပျစေတယ်။ ဒီတော့ စာကျက်တဲ့အခါ မြန်မြန်ရစေတာပေါ့။ သားတို့နဲ့အကိုက်ညီဆုံး ဘာဝနာပွားများနည်းကတော့ အာနာပါန ကမ္မဋ္ဌာန်းပဲသား။

ဇွဲ။ ။ အာနာပါနဆိုတာ ဘာလဲဖေဖေ။

ဦးအောင်စိုး။ ။ အာနာပါနဆိုတာ အာနနဲ့ အပါန ဆိုတဲ့ ပုဒ်နှစ်ပုဒ်ကို ပေါင်းထားတာ၊ အာနဆိုတာက ထွက်လေ၊ အပါနဆိုတာက ဝင်လေ၊ အာနနဲ့ အပါန ပေါင်းလိုက်တော့ ထွက်လေ၊ ဝင်လေလို့ အဓိပ္ပာယ်ရတယ်။

ဇွဲ။ ။ ဒီလိုဆိုရင် အာနာပါနကမ္မဋ္ဌာန်းကို ဘယ်လိုရှုမှတ်ရမယ်ဆိုတာ သားကို ရှင်းပြပါလား ဖေဖေ။

ဦးအောင်စိုး။ ။ အရင်ဆုံး တင်ပျဉ်ခွေထိုင်ရမယ်။ ပြီးတော့ ခါးကို ဖြောင့်ဖြောင့်ထားရမယ်။ ဒါပေမယ့် တောင့်တောင့်ကြီးမထားဘဲ သက်သောင့်သက်သာနဲ့ လေဝင်လေထွက်ကောင်းအောင် ထားရမယ်။ မျက်စိ မှိတ်ပြီး အာရုံတွေ မပျံ့လွင့်အောင် စိတ်ကို တည်တည်ငြိမ်ငြိမ် ထားရမယ်။ လေကို ပုံမှန်အတိုင်း ရှူထုတ်ရမယ်။ လေရှူထုတ်လိုက်တဲ့အခါမှာ လေက နှာသီးဝကို ထိပြီး ထွက်သွားလိမ့်မယ်။ လေထိသွားတဲ့ နေရာမှာ စိတ်ကို ကပ်ထားပြီးတော့ လေထွက်သွားတာလေးကို သိနေအောင် ကြိုးစားပြီး မှတ်နေရမယ်။ လေရှူသွင်းလိုက်တဲ့ အခါမှာ လေက နှာသီးဝကို ထိပြီး ဝင်လာလိမ့်မယ်။ လေထိသွားတဲ့နေရာမှာ စိတ်ကို ကပ်ထားပြီးတော့ လေဝင်လာတာလေးကို သိနေအောင် ကြိုးစားပြီး မှတ်နေရမယ်။ ဒါဟာ အာနာပါနကမ္မဋ္ဌာန်း ရှုမှတ်တဲ့နည်းပဲ

ဇွဲ။ ။ နေ့စဉ်နေ့တိုင်း အချိန်ဘယ်လောက် ရှုမှတ်ရမှာလဲ ဖေဖေ။ အဲဒီလို ရှုမှတ်တဲ့အတွက် ဘယ်လို ကောင်းကျိုးဝတွေ ရနိုင်တယ်ဆိုတာ သားသိချင်တယ်။

ဦးအောင်စိုး။ ။ နေ့စဉ် ဆယ်မိနစ်လောက် ဒီအာနာပါနကမ္မဋ္ဌာန်းကို ပွားများအားထုတ်မယ်ဆိုရင် သိသိသာသာ စိတ်ကြည်လင်လန်းဆန်းလာမယ်။ စိတ်တည်ငြိမ်လာမယ်။ စိတ်တည်ငြိမ်လာတော့ မှတ်ဉာဏ်တွေ ကောင်းလာမယ်။ သားတို့လို ကျောင်းသားအရွယ် ကိုယ်စိတ်နှစ်ပါး ကျန်းမာရေး အကောင်းဆုံးအချိန်မှ လောကီပညာနဲ့ လောကုတ္တရာပညာတွေကို တွဲပြီး လေ့လာဆည်းပူးသင့်တယ် သား။

ဇွဲ။ ။ သား သဘောပေါက်သွားပါပြီ ဖေဖေ။ သားတို့လို ပညာသင်ယူနေဆဲအရွယ်မှာ မြတ်သော အကျင့်နဲ့အညီ နေထိုင်ဖို့အတွက် ဗြဟ္မစိုရ်တရားတွေကို ပွားများကျင့်သုံးရမယ်။ ဘာဝနာတရားကိုလည်း တတ်နိုင်သလောက် ပွားများအားထုတ်ရမယ်။ ဒီအချက်တွေကို ကိုယ်တိုင် လိုက်နာကျင့်သုံးရင် လက်ရှိဘဝ အတွက်သာမက နောက်ဘဝအတွက်ပါ ကောင်းကျိုးများစွာ ရရှိမယ်ဆိုတာ နားလည်သွားပါပြီ။ သားကို အခုလို စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဖေဖေ။

မှီငြမ်း။ ။ ပရိတ်ကြီးနိဿယသစ်၊ အရှင်ဝါသဋ္ဌာဘိဝံသ၊ ၂၀၂။ မင်္ဂလာအစစ်နှင့် မျိုးဆက်သစ်၊ သန်းသန်းတင့်၊ ၁၃၀-၃၂၊

ခက်ဆစ်အဖွင့်

မေထုန် = ကာမဆက်ဆံခြင်း။
လောကီ = လောကရေးရာ။
ပညာ = ခွဲခြမ်းသိမြင်နိုင်သော အသိဉာဏ်။ အတတ်။
လောကုတ္တရာ = လောကမှ လွန်မြောက်ကြောင်းဖြစ်သော တရား။

֍ ဖတ်ပြီးလျှင် ကလေးများကို ခြောက်ယောက်ခန့်ပါသော အုပ်စုများဖွဲ့ပါ။ ထို့နောက် အောက်ပါမေးခွန်းကို အုပ်စုလိုက် ဆွေးနွေးပြီး စာရွက်လွတ်တွင် အနှစ်ချုပ်ရေးသား၍ ကိုယ်စားလှယ်တစ်ဦးစီက ပြန်လည် တင်ပြပါစေ။

-မြတ်သောအကျင့်ဆိုတာ ဘယ်လိုအကျင့်တွေလဲ။ မြတ်သောအကျင့်ကို ကျင့်မယ်ဆိုရင် ဘာတွေ လုပ်ဆောင်ရမှာလဲ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေး၍ အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများ၏ တင်ပြချက်များကို ဆရာက နားထောင်ပြီး လိုအပ်ချက်များကို ဖြည့်စွက်၍ အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ မြတ်သောအကျင့်ကို လက်တွေ့ကျင့်သုံးနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ နိဒါန်းပျိုးခြင်း။

(၁၀ မိနစ်)

֍ အောက်ပါမေးခွန်းကို မေး၍ ကလေးများပြောသမျှကို သင်ပုန်းတွင် မှတ်တမ်းတင်ပေးပါ။

-သားတို့သမီးတို့အနေနဲ့ နေ့စဉ်ဘဝမှာ မြတ်သောအကျင့်ကို ကျင့်မယ်ဆိုရင် ဘာတွေလုပ်ရမလဲ။

လုပ်ငန်း (၂) အုပ်စုလုပ်ငန်းပေးခြင်း။

(၄၀ မိနစ်)

֍ ကလေးများကို အုပ်စု(၅) စုဖွဲ့ပါ။ သင်ပုန်းတွင် မှတ်တမ်းတင်ထားသော အချက်များထဲမှ ကလေးများ ကိုယ်တိုင် လက်တွေ့လုပ်နိုင်သော အချက်များကို ကလေးများနှင့် သဘောတူညီမှု ယူ၍ ဖော်ထုတ်ပြီး အောက်ပါမေးခွန်းများကို မေးပါ။ မေးခွန်းများကို အုပ်စုလိုက်ဆွေးနွေးပြီး ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါပေ။

-သင်ပုန်းမှာ မှတ်တမ်းတင်ထားတဲ့ အချက်တွေထဲက သားတို့သမီးတို့အဝနနဲ့ နေ့စဉ်ဘဝမှာ လုပ်နိုင် တာတွေကို ဘယ်လိုလုပ်မလဲ။ အဲဒီလိုလုပ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရမယ်ထင်သလဲ။ (ကလေးများ လုပ်ဆောင်မည်ဟု ပြောသောအချက်များတွင် ဗြဟ္မဝိဟာရတရားလေးပါးနှင့် တရားရှု မှတ်ခြင်း မပါလျှင် ဆရာက ဖြည့်စွက်ဆွေးနွေးပါ။)

လုပ်ငန်း (၃) အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကိုယ်စားလှယ်အားလုံး တင်ပြပြီးလျှင် လိုအပ်ချက်များကို ဆရာက ဖြည့်စွက်ဆွေးနွေး၍ အောက်ပါအတိုင်း အနှစ်ချုပ်ပေးပါ။

“သားတို့သမီးတို့ ... မြတ်သောအကျင့်တွေကို အခု သိသွားကြပြီ၊ သားတို့သမီးတို့ကိုယ်တိုင် လုပ်နိုင်တဲ့ အကျင့်တွေကိုလည်း ပြောခဲ့ကြပြီးပြီ၊ အဲဒီမြတ်သောအကျင့်တွေကို လက်တွေ့လိုက်နာကျင့်သုံးရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့ပြီးပြီ၊ ဒါကြောင့် ဒီနေ့ကစပြီး ဆရာတို့ သားတို့ သမီးတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ လူတော်လူကောင်းတွေအဖြစ် ရပ်တည်သွားနိုင်အောင် မြတ်သော အကျင့်တွေနဲ့အညီ နေထိုင်သွားကြပါစို့”