မွန်ရာဇဝင်/အခန်း-၃၆

မွန်ရာဇဝင်  (1785) 
ဓမ္မစေတီမင်း၏ နောင်တတရား ၄ ပါးအကြောင်း

ဓမ္မစေတီမင်းလည်း -

  1. အာယုသင်္ခါရအဓိပတိရှိခြင်းကိုယူ၍ လောကစည်းစိမ် မမြဲကြောင်း၊ လောကုတ္တရာစည်းစိမ်ကို ရှုမြင်ပြန်ရလျှင် လူထွက်၍ မင်းပြုရသည်ဟု နောင်တရှိသည် တပါး
  2. လောကစည်းစိမ်ကို အာရုံပြု၍ အတူပေါင်းဘက်သော ဓမ္မဉာဏ လူထွက်ကို အသက်ကုန်ကြောင်း ပြုမိလေသည့် နောင်တ တပါး
  3. ရင်ကဘွားသော အသွေးအသား သားကြီး မင်းရဲကျော်စွာကို စေတနာမရှိဘဲလျက် အန္တရာယ်ဖြစ်ရလေသည်ကလည်း နောင်တ တပါး
  4. သိန်းဃိုကျွန်းက ကမ္မဝါစာကို မြင်ရသည်တွင် ကမ္မဝါမမှန်လျှင် ပဉ္စင်းမဟုတ် ရှိလိမ့်မည်၊ တရားတော်နှင့်ညီစွာ ပဉ္စင်းမြောက်အောင် အမြို့မြို့ကျေးလက်ရွာများမှာရှိသော ပဉ္စင်းတို့ကို လူထွက်စေ၍ ပညတ်တော်နှင့်မှန်ကန်အောင်ဟု ကမ္မဝါအသစ်တင်၍ ခံရသည်ကို ကောင်းမှုကြီးစွာ ငါခံရမည်ပင်။ လူထွက်စေရသော မကောင်းမှုသည်ကား နည်းများရှိမည်ပင်။ သည်လည်း နောင်တ တပါး

သည်လေးပါးသော နောင်တကို အောက်မေ့မိတိုင်း ငါ ထိတ်လန့်လှပါသည်။ စင်ကြယ်သန့်ရှင်းအောင် ကောင်းမှုကြီးစွာ ဘုရားတည်လုပ်ပါဦးမည်ဆို၍ ကျိုက်ပွန်ဘုရားကို တည်လုပ်၍ပြီးလျှင် ရွှေမော်ဓောမြတ်စွာဘုရား အရှေ့အနောက်တောင်မြောက်ပတ်လည်၌လည်း အတာတထောင်ခြား မဏ္ဍပ်များဆောက်လုပ်၍ အမြို့မြို့ရှိသော သီလဝန် ဂုဏဝန် ဆရာတော်တို့ကို ဘဒိုင်၊ ထီး၊ တရပတ်၊ ကျောင်း ပရိကံစုံအောင် ဆွမ်းကျွေး၍လှူသည့်ပြင် ဘုရားတွင်လည်း တရားဟောပလ္လင်လုပ်၍ အသက်တော်ကြီး ဆရာတော်တို့ကို တရားဟောစေ၍ ရွှေထီး၊ ငွေထီး၊ ငွေပန်း၊ ရွှေတံခွန်၊ ငွေတံခွန်၊ ရွှေတိုင်၊ ငွေတိုင်၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့ဖြင့် မင်းကိုယ်တိုင် ဘုရားတရားသံဃာ ရတနာသုံးပါးကို ကန်တော့ပူဇော်ပြီးမှ ဝင်တော်မူပြီးနောက် မင်းအိုအဖြစ်နှင့် ဆံကိုပယ်၍ ဦးထုပ်စွပ်လျက် ဝတ်ဖြူနှင့် နေ့တိုင်းမပြတ် သီလစောင့်ခြင်း၊ တရားနာခြင်း၊ သင်္ဃာတော်တို့ကို မပြတ် စာသင်ခြင်း၊ ရာဇဝတ်အမှုကို အသိအမြင်မပြုမူ၍ သုံးနှစ်ခန့်ရှိမှ မြင်းသရိုက်ဝမ်းအနာပေး၍ နာတာရှည်ရှိသည်နှင့် မိန်းမစိုးအကြီးနှစ်ယောက်သည် မင်းမှာဝေဒနာဖြစ်သည့်နေ့မှစ၍ ကျွေးမွေးရသည်။ အနာရောက်ရာတွင် တယောက်တနေ့ လုပ်ကျွေးပြုစုရလေသည်။