မွေးနေ့ပွဲ

326949ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၃၄။ မွေးနေ့ပွဲဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၄)

မွေးနေ့ပွဲ

edit

မွေးနေ့

ကဆုန်လပြည့် နေ့သောကြာ၊
ဗုဒ္ဓဘုရား မွေးနေ့ပါ။
ထိုနေ့မှာပင် တရားတွေ့၊
ဘုရားဖြစ်လို့ ထူးတဲ့နေ့။
တို့တစ်တွေလည်း မွေးနေ့မှာ၊
ကောင်းမှုများစွာ ပြုလုပ်ကာ။
အမှတ်ရစရာ ကုသိုလ်များ၊
မွေးနေ့တိုင်းမှာ အမြဲပွား။ ။

အဓိပ္ပာယ်ရှိသော မွေးနေ့ပွဲ

edit

ချောစုသည် နံနက်စောစောထပြီး ဘုရားကို ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ဘုရားဂုဏ် တော်များ ရွတ်ဖတ်၍ ငါးပါးသီလဆောက်တည်သည်။ ပြီးလျှင် သတ္တဝါအားလုံးကို မေတ္တာပို့ အမျှဝေသည်။ ယနေ့သည် ချောစု၏ ရှစ်နှစ်ပြည့် မွေးနေ့ဖြစ်သည်။

ညနေတွင် ချောစုသည် ဘွားဘွားနှင့်အတူ အိမ်အနီးရှိ ဘုရားသို့ သွားသည်။ ဘုရားတွင် ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင် ကပ်လှူပူဇော်ပြီး ဘုရားရှိခိုးသည်။ သူစုထားသော မုန့်ဖိုးအချို့ကို အလှူခံပုံးတွင် ထည့်၍ လှူဒါန်းလိုက်သည်။ ဘွားဘွား တရားထိုင်နေစဉ် တံမြက်စည်းလှည်း၍ သန့်ရှင်းရေး ပြုလုပ် သည်။ ဘွားဘွားတရားထိုင်ပြီးသောအခါ ပြုလုပ်ခဲ့သမျှ ကုသိုလ်ကောင်းမှုများကို ခေါင်းလောင်းထိုးပြီး အမျှပေးဝေကြသည်။ အိမ်ပြန်ရောက်သောအခါ ဘွားဘွားနှင့် ဖေဖေ၊ မေမေတို့ကို ကန်တော့သည်။

တစ်နေ့တွင် ချောစုသည် သူငယ်ချင်းရွှေစင်၏ မွေးနေ့ပွဲသို့ သွားခဲ့သည်။ မွေးနေ့ပွဲကို ရွှေစင်တို့ ခြံဝင်းထဲတွင် ကျင်းပသည်။ သူငယ်ချင်းများသည် ရွှေစင်အား မွေးနေ့လက်ဆောင်များ ပေးကြသည်။ သူငယ် ချင်းများစုပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကြသည်။ ရွှေစင်သည် သူငယ်ချင်းများနှင့်အတူ မွေးနေ့သီချင်းဆိုပြီး မွေးနေ့ကိတ်ကို လှီးသည်။ ရွှေစင်၏ မွေးနေ့ပွဲတွင် သူငယ်ချင်းအားလုံး ပျော်ရွှင်ကြသည်။ ရွှေစင်၏ မွေးနေ့ပွဲကို ချောစု အလွန်အားကျပြီး မိမိ၏ မွေးနေ့ပွဲနှင့်ယှဉ်ကာ စိတ်မကောင်း ဖြစ်နေခဲ့လေသည်။

အိမ်ပြန်ရောက်သောအခါ၌လည်း ခမ်းနားသော ရွှေစင့်မွေးနေ့ပွဲကို မြင်ယောင်ပြီး အားငယ်နေခဲ့ လေသည်။ ရွှေစင်၏ မွေးနေ့ပွဲအကြောင်းကို ဘွားဘွားအား ပြောပြသည်။ ထိုအခါ ဘွားဘွားက “ရွှေစင့် မွေးနေ့ပွဲကလည်း ပျော်စရာကြီးပေါ့၊ ဒါပေမဲ့ မြေးလေးမွေးနေ့ပွဲက ပိုလို့တောင် မွန်မြတ်တယ်၊ ဘုရား ကြိုက်တဲ့ မွေးနေ့ပွဲလေးပေါ့၊ ကိုယ့်မွေးနေ့မှာ ကုသိုလ်ကောင်းမှုတွေဖြစ်အောင်လုပ်မှ အဓိပ္ပာယ်ရှိတဲ့ မွေးနေ့ပွဲလို့ ခေါ်တာ” စသည်ဖြင့် ရှင်းပြလိုက်သောအခါ ချောစုလေး ပျော်ရွှင်သွားခဲ့သည်။ နှစ်စဉ်နှစ်တိုင်း မွေးနေ့ပွဲကို အဓိပ္ပာယ်ရှိအောင် ကျင်းပတော့မည်ဟု ဆုံးဖြတ်လိုက်ပါတော့သည်။ </poem>