ယုံကြည်အားထားဖွယ်ရာ ဓမ္မရတနာ (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၆။ ယုံကြည်အားထားဖွယ်ရာ ဓမ္မရတနာ(ကျောင်းသားကိုင်သို့)
348388ဗုဒ္ဓဘာသာသင်ခန်းစာ ဆဋ္ဌမတန်း (ဆရာလမ်းညွှန်) — ၆။ ယုံကြည်အားထားဖွယ်ရာ ဓမ္မရတနာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

သင်ခန်းစာခေါင်းစဉ်။ ။ ယုံကြည်အားထားဖွယ်ရာ ဓမ္မရတနာ

ယေဘုယျရည်ရွယ်ချက်။ ။ တရားဂုဏ်တော်များ၏ အကျိုးကို သိရှိပြီး လက်တွေ့ဘဝတွင် လိုက်နာကျင့် တတ်ရန်။

စာသင်ချိန် (၁)။ ။ ၆၀ မိနစ်

အသေးစိတ်ရည်ရွယ်ချက်။ ။ တရားဂုဏ်တော်တို့၏ အနက်အဓိပ္ပာယ်နှင့် အကျိုးတို့ကို သိရှိနားလည်ပြီး ရှင်းပြတတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်၊ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်းမေး၍ ချိတ်ဆက်နိဒါန်းပျိုးခြင်း။

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးပါ။

-ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘယ်အရာတွေကို အဓိကထား ကိုးကွယ်ဆည်းကပ်သလဲ။
-ရတနာသုံးပါးက ဘာတွေလဲ။
-ဘုရားဂုဏ်တော်တွေက ဘာတွေလဲ။
-တရားဂုဏ်တော်တွေက ဘာတွေလဲ။
-သံဃာ့ဂုဏ်တော်တွေက ဘာတွေလဲ။

֍ ထို့နောက် တရားဂုဏ်တော်ခြောက်ပါးကို မှတ်မိသော ကလေးများက ရွတ်ဆိုကြပါစေ။ ကလေးများ ရွတ်ဆိုပြီးသောအခါ ဆရာက “တရားဂုဏ်တော်ခြောက်ပါးရဲ့ အနက်အဓိပ္ပာယ်နဲ့ ထူးခြားချက်တွေကို လေ့လာကြရအောင်”ဟု ပြော၍ ယုံကြည်အားထားဖွယ်ရာ ဓမ္မရတနာ အကြောင်းကို ကလေးများ ဖတ်ကြ ပါစေ။ နားမလည်သော စကားလုံးများကို မှတ်သားကြပါစေ။ ထို့နောက် နားလည်သော ကလေးများကို ဆရာက ဖိတ်ခေါ်၍ နားလည်သည့်အတိုင်း ပြောပါစေ။ ပြီးနောက် ဆရာက ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို ဖြည့်စွက်ဆွေးနွေးပေးပါ။

လုပ်ငန်း (၂) အုပ်စုဖွဲ့ခြင်းနှင့် အကြောင်းအရာဇတ်ဆွေးနွေးခြင်း။

(၃၀ မိနစ်)

֍ ကလေးများကို အုပ်စု(၅) စု ဖွဲ့ပါ။ ထို့နောက် ယုံကြည်အားထားဖွယ်ရာ ဓမ္မရတနာအကြောင်းကို ဖတ်ကြပါစေ။

ယုံကြည်အားထားဖွယ်ရာ ဓမ္မရတနာ

မြတ်စွာဘုရားရှင်၏ ဂုဏ်တော်တို့သည် ရေတွက်၍ မကုန်နိုင်လောက်အောင် များပြားလှ၏။ ထိုဂုဏ်တော်အပေါင်းတို့တွင် အရဟံအစရှိသော ဂုဏ်တော်ကိုးပါးသည် အထင်ရှားဆုံးဖြစ်၏။ ထို့အတူ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သော တရားတော်တို့၏ ဂုဏ်တော်တို့သည်လည်း အတိုင်းအဆမရှိ များပြားလှ၏။ ထိုဂုဏ်တော်အပေါင်းတို့တွင် သွာက္ခာတအစရှိသော ဂုဏ်တော်ခြောက်ပါးသည် အထင်ရှားဆုံး ဖြစ်၏။ ထိုဂုဏ်တော်ခြောက်ပါးတို့ကို အောက်ပါအတိုင်း ပါဠိဘာသာဖြင့် ရွတ်ဆိုပူဇော်လေ့ရှိကြ၏။

သွာက္ခာတာ ဘဂဝတာ ဓမ္မော
သန္ဒိဋ္ဌိကာ အကာလိကော
ဧဟိ ပဿိကော ဩပနေယျိကော
ပစ္စတ္တံ ‌ဝေဒိတဗ္ဗော ဝိညူဟိ။

မြတ်စွာဘုရားရှင်၏ တရားတော်တို့ကို ကြားနာရစဉ်၌လည်းကောင်း၊ လက်တွေ့ကျင့်သုံးစဉ်၌ လည်းကောင်း၊ ကျင့်သုံးပြီးနောက်၌လည်းကောင်း ပူပင်သောကများ ကင်းဝေး၍ ငြိမ်းအေးခြင်း အရသာကို ခံစားရ၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်၏ တရားတော်တို့သည် ကြားနာရခြင်းတည်းဟူသော အစ၏ ကောင်းခြင်း၊ လက်တွေ့ကျင့်ကြံအားထုတ်ခြင်းတည်းဟူသော အလယ်၏ကောင်းခြင်း၊ ကျင့်ကြံပြီးသောအခါ တရားထူးကိုရ၍ ဒုက္ခခပ်သိမ်းအေးငြိမ်းရာ နိဗ္ဗာန်ကို မြင်ခြင်းဟူသော အဆုံး၏ကောင်းခြင်း”ဟူသော သွာက္ခာတဂုဏ်နှင့် ပြည့်စုံ၏။

ဘုရားရှင် ဟောတော်မူအပ်သော တရားတော်တို့သည် လက်တွေ့ကျင့်ကြံအားထုတ်သူကို ပူပင် သောကတို့မှ ချက်ချင်းလက်ငင်း ငြိမ်းအေးစေနိုင်၏၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်အထိလည်း ပေါက်ရောက်စေနိုင်၏။ မဂ်၊ ဖိုလ်ကိုရလျှင် နိဗ္ဗာန်ကို ကိုယ်တိုင်သိမြင်နိုင်၏။ သို့ဖြစ်၍ မြတ်စွာဘုရားရှင်၏ တရားတော်တို့သည် “ကိုယ်တိုင် ကိုယ်ကျ သိမြင်သဘောပေါက်ရခြင်း”ဟူသော သန္ဒိဋ္ဌိကဂုဏ်နှင့် ပြည့်စုံ၏။

တရားကျင့်ကြံအားထုတ်ခြင်း၏ အကျိုးတရားတို့ကို ရရှိခံစားရန် နောက်ဘဝအထိ စောင့်စရာမလိုပေ။ ယခုဘဝတွင်လည်း အချိန်အခါမရွေး အကျိုးပေးနိုင်သည်။ ထို့ကြောင့် မြတ်စွာဘုရားရှင်၏ တရားတော်တို့သည် “အချိန်အခါမရွေး အကျိုးပေးနိုင်ခြင်း”ဟူသော အကာလိကဂုဏ်နှင့် ပြည့်စုံ၏။

လောက၌ သေတ္တာစသည်တို့၏ အတွင်းဝယ် ဘာမျှမရှိလျှင် “လာစမ်းပါ။ ကြည့်စမ်းပါ”ဟု ခေါ်ယူပြသခြင်းငှာမထိုက်၊ ရှိပင်ရှိသော်လည်း ထိုဝတ္ထုက အဖိုးတန်လှပသော အရာဝတ္ထုမျိုးမဟုတ်ဘဲ သာမန်ဝတ္ထုမျိုး ဖြစ်နေပြန်လျှင်လည်း အရေးတကြီး ခေါ်ငင်ပြသခြင်းငှာ မထိုက်။ ဘုရားရှင်၏ တရားတော်တို့ကား ပတ္တမြား ရတနာသဖွယ် အလွန်စင်ကြယ်သန့်ရှင်း၍ အပြစ်ကင်းသည့်အပြင် အမှန်ပင်ထင်ရှားရှိသောကြောင့် “လိုက်ခဲ့စမ်းပါ၊ မည်မျှအဖိုးတန်၍ အကျိုးများသည့် တရားဖြစ်သည်ကို ကိုယ်တိုင်သိရအောင် . ကျင့်ကြည့်စမ်းပါ၊ ကိုယ်တိုင်လာ အားထုတ်ကြည့်စမ်းပါဟု ခေါ်ယူတိုက်တွန်းခြင်းငှာ ထိုက်တန်ခြင်း”ဟူသော ဧဟိပဿိကဂုဏ်နှင့် ပြည့်စုံ၏။

တရားတော်တို့ကို စိတ်ထဲ၌ အမြဲနှလုံးသွင်း၍ ကျင့်ကြံအားထုတ်နေသူသည် ကိလေသာအပူတို့မှ ငြိမ်းအေး၏။ အပါယ်ဆင်းရဲမှ လွတ်မြောက်ပြီး လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကိုလည်း ရရှိခံစားရ၏။ ထို့ကြောင့် မြတ်စွာဘုရား၏ တရားတော်တို့သည် “စိတ်ထဲ၌ အမြဲမပြတ် နှလုံးသွင်းဆောင်ထားထိုက်ခြင်း” ဟူသော ဩပနေယျိကဂုဏ်နှင့် ပြည့်စုံ၏။

သစ္စာလေးပါးမြတ်တရားကို ပညာရှိတို့သာ အပြည့်အဝ နားလည်သဘောပေါက်နိုင်၏။ ဤနေရာ၌ ပညာရှိဟူသည် သစ္စာလေးပါးကိုသိမြင်ပြီးသော အရိယာပညာရှိသူတော်ကောင်းတို့ကိုသာ . ဆိုလိုပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏တရားတော်တို့သည် “ပညာရှိတို့ကိုယ်စီကိုယ်ငှ အပြည့်အဝ သိမြင်ခံစားနိုင်ခြင်း” ဟူသော ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိဂုဏ်နှင့် ပြည့်စုံ၏။

မြတ်စွာဘုရားရှင်၏ တရားတော်တို့သည် ကျင့်ကြံအားထုတ်သူတို့အား စိုးရိမ်ပူဆွေး ငိုကြွေးရခြင်း ဟူသော ပူပင်သောကတို့မှ ချက်ချင်းလက်ငင်းကင်းဝေးစေနိုင်ခြင်း၊ အပါယ်ဆင်းရဲတို့မှလည်း လွတ်မြောက်စေနိုင်ခြင်း၊ ယခုဘဝ၌ပင် ထာဝရအငြိမ်းဓာတ် နိဗ္ဗာန်မြတ်ကို ပေးစွမ်းနိုင်ခြင်းစသည့် များပြားစွာသော အကျိုး တရားတို့ကြောင့် ယုံယုံကြည်ကြည် နာယူကျင့်သုံးရန် ထိုက်တန်သော ဓမ္မရတနာအစစ်များပင် ဖြစ်ပါသည်။

မှီငြမ်း။ ။ ရတနာ့ဂုဏ်ရည်၊ အရှင်ဇနကာဘိဝံသ၊ ၉၉-၁၂၀။

ခက်ဆစ်အဖွင့်

မဂ်ဉာဏ် = ကိလေသာတို့ကို ပယ်သတ်၍ နိဗ္ဗာန်သို့ မျက်မှောက်ပြုသောဉာဏ်။ (မဂ်ဉာဏ်လေးပါး = သောတာပတ္တိမဂ်ဉာဏ်၊ သကဒါဂါမိမဂ်ဉာဏ်၊ အနာဂါမိမဂ်ဉာဏ်၊ အရဟတ္တမဂ်ဉာဏ်။)
ဖိုလ် = မဂ်ဖြင့်ရအပ်သော အကျိုး၊ (ဖိုလ်လေးပါး = သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်။)
နိဗ္ဗာန် = ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာခြင်း သဘောတရား။
ကိလေသာ = စိတ်ကိုညစ်ညူးစေတတ်၊ ပူပန်စေတတ်သောတရား။
အရိယာ(ပညာရှိ) = စင်ကြယ်သော အကျင့်ရှိသူ၊ မဂ်ဖိုလ်ရပြီးသော ပုဂ္ဂိုလ်။
ရတနာ = နှစ်သက်မြတ်နိုး တန်ဖိုးထားအပ်သောအရာ။

֍ ပြီးနောက် ဆရာက ဂုဏ်တော်ခြောက်ပါးတစ်ပါးစီ ပါဠိလိုရေးထားသော ကတ်ပြားများကို သင်ပုန်းတွင် ကပ်ပါ။ ဂုဏ်တော်တစ်ခုချင်းစီ၏ အနက်အဓိပ္ပာယ်ကို ကျောင်းသားကိုင်စာအုပ်မှ ရှာ၍ အုပ်စုလိုက် ဆွေးနွေးပြီး စာရွက်လွတ်များတွင် ရေးကြပါစေ။ ပြီးနောက် ပါဠိနှင့် အနက်အဓိပ္ပာယ်ကို အောက်ပါ နမူနာပုံစံအတိုင်း တွဲ၍ကပ်ကြပါစေ။ (ဆရာက ဂုဏ်တော်များကို သင့်လျော်သလို ရှေ့နောက် ပြောင်းလဲ၍ သင်ပုန်းတွင် ကပ်နိုင်ပါသည်။)

ဂုဏ်တော်များ အုပ်စု (၁) အုပ်စု (၂) အုပ်စု (၃) အုပ်စု (၄) အုပ်စု (၅)

သွာက္ခာတော
သန္ဒိဋ္ဌိကော
အကာလိကော
ဧဟိပဿိကော
ဩပနေယျိကော
ပစ္စတံ ‌ဝေဒိတ‌‌ဗ္ဗော ဝိညူဟိ

֍ အားလုံးကပ်ပြီးသောအခါ မှန်မမှန်ကို ဆရာနှင့်ကလေးများ ဆွေးနွေးအတည်ပြုကြပါစေ။

လုပ်ငန်း (၃) မေးခွန်းမေး၍ အနှစ်ချုပ်ခြင်း၊

(၁၅ မိနစ်)

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေး၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

-မြတ်စွာဘုရားရဲ့ တရားတော်တွေကို အစ၊ အလယ်၊ အဆုံး သုံးပါးလုံး ကောင်းမွန်စွာ ဟောကြားတော်မူတဲ့တရားလို့ ဘာကြောင့် ပြောနိုင်တာလဲ။
-မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေအတိုင်း ကိုယ်တိုင်ကျင့်ကြံရင် ဘယ်လို အကျိုးတွေ ခံစားရမလဲ။
-မြတ်စွာဘုရားရဲ့ တရားတော်တွေက ဘယ်လိုအချိန်အခါမှာ အကျိုးပေးနိုင်သလဲ။
-မြတ်စွာဘုရားရဲ့ တရားတော်တွေဟာ ဘာကြောင့် အစမ်းသပ်ခံနိုင်တာလဲ။
-မြတ်စွာဘုရားရဲ့ တရားတော်တွေကို စိတ်ထဲမှာ အမြဲနှလုံးသွင်း ဆောင်ထားရင် ဘယ်လိုအကျိုးတွေ ရရှိမလဲ။
-မြတ်စွာဘုရားရဲ့ တရားတော်တွေကို ဘယ်လိုပုဂ္ဂိုလ်တွေသာ အပြည့်အဝ သိမြင်သဘောပေါက်နိုင်သလဲ။

စာသင်ချိန် (၂)

အသေးစိတ်ရည်ရွယ်ချက်။ ။ တရားတော်များ၏ အကျိုးတရားတို့ကို သိရှိပြီး လက်တွေ့ဘဝတွင် ကျင့်သုံးနေထိုင်နိုင်သည့် နည်းလမ်းများကို ဖော်ထုတ်တတ်ရန်။

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

လုပ်ငန်း (၁) မေးခွန်း မးမြန်းဆွေးနွေး၍ နိဒါန်းပျိုးခြင်း။

(၅ မိနစ်)

֍ အောက်ပါမေးခွန်းကို မေးပါ။

-တရားနာခြင်းကြောင့် ရရှိတဲ့အကျိုး (၅)ပါးက ဘာတွေလဲ။

လုပ်ငန်း (၂) အသိဉာဏ်ကို ဖော်ထုတ်ဆွေးနွေးခြင်း။

(၄၅ မိနစ်)

֍ “သားတို့သမီးတို့အနေနဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို နာကြားနေစဉ်မှာပဲဖြစ်ဖြစ်၊ လက်တွေ့ကျင့် သုံးနေစဉ်မှာပဲဖြစ်ဖြစ်၊ ကျင့်သုံးပြီးရင်ပဲဖြစ်ဖြစ် အကျိုးများတယ်ဆိုတာကို သိရှိခဲ့ကြပြီးပြီ”ဟု ပြော၍ အောက်ပါမေးခွန်းကို မေးပါ။

-သားတို့သမီးတို့အနေနဲ့ အခုအချိန်ကစပြီး ဘဝတစ်လျှောက်လုံးမှာ မြတ်စွာဘုရားရဲ့ တရားတော်တွေ နဲ့အညီ ဘယ်လိုနည်းလမ်းတွေနဲ့ လိုက်နာကျင့်သုံး နေထိုင်သွားကြမလဲ။

֍ ကလေးတစ်ဦးချင်းစီက မိမိတို့ လိုက်နာကျင့်သုံးနိုင်သောအချက်များကို မှတ်စုစာအုပ်တွင် ဦးစွာ ရေးသား ပါစေ။ ထို့နောက် နှစ်ယောက်တစ်တွဲ တွဲ၍ မိမိတို့ရသောအချက်များကို ပေါင်း၍ ရေးကြပါစေ။ တူသော အချက်များရှိလျှင် တစ်ချက်စီသာ ရေးပါစေ။ ဤနည်းအတိုင်း နှစ်ယောက်တစ်တွဲမှ လေးယောက်တစ်တွဲ တွဲ၍ စာရွက်လွတ်ကြီး တစ်ရွက်တွင် စုပေါင်းရေးသားပြီးလျှင် ကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။

လုပ်ငန်း (၃) ဖြည့်စွက်ဆွေးနွေးခြင်းနှင့် အနှစ်ချုပ်ခြင်း။

(၁၀ မိနစ်)

֍ ကလေးများပြောပြီးသောအခါ လိုအပ်မှသာ ဆရာက ဖြည့်စွက်၍ သင်ခန်းစာကို အောက်ပါအတိုင်း အနှစ်ချုပ်ပါ။

“မြတ်စွာဘုရားရှင်ရဲ့ တရားတော်တွေဟာ ဘယ်လိုထူးခြားတယ်၊ လက်တွေ့လိုက်နာ ကျင့်သုံးမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတာ သိခဲ့ရပြီ၊ တရားတော်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကျင့်သုံးနေထိုင်သွားမယ်ဆိုတာကိုလည်း ဖော်ထုတ်ဆွေးနွေးခဲ့ကြပြီးပြီ၊ ဒါကြောင့် ဖော်ထုတ်ဆွေးနွေးခဲ့ကြ တဲ့အတိုင်း ဆရာတို့ သားတို့သမီးတို့အားလုံး ကြိုးစားပြီးတော့ လိုက်နာကျင့်သုံးနေထိုင်သွားကြရအောင်”