ရတနာသုံးပါး (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
သင်ခန်းစာ (၇) ရတနာသုံးပါး (ကျောင်းသားကိုင်သို့)
339299ဗုဒ္ဓဘာသာသင်ခန်းစာ ဒုတိယတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၇) ရတနာသုံးပါး (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၇)

ရတနာသုံးပါး

သင်ယူမှု ဦးတည်ချက် ။ သရဏဂုံသုံးပါးကိုစနစ်တကျ ရွတ်ဆိုတတ်ရန်နှင့်မည်ကဲ့သို့ ကိုးကွယ် ဆည်းကပ်ရမည်ကို သိရှိစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ ရတနာသုံးပါး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍သင်ခန်းစာ (၆) တွင်သင်ခဲ့သော ဘုရားရှိခိုးရကျိုး သင်ခန်းစာကို ပြန်လည်ပြောပြပါ။

֍ပြောပြပြီးပါက “သားတို့၊ သမီးတို့ ရတနာ ဆိုတာကို မြင်ဖူးသလား။ ဘယ်လိုဟာတွေကို ရတနာလို့ ခေါ်တာလဲ။ ဘာဖြစ်လို့ ရတနာလို့ခေါ်တယ် ထင်သလဲ” စသော မေးခွန်းများ ကို မေးမြန်းဆွေးနွေးပြီးနောက် အောက်ပါအတိုင်း ဆက်လက် ရှင်းပြပါ။

ရတနာ၏ အဓိပ္ပာယ်

“စိတ်ထဲမှာ ရွှင်လန်းဝမ်းမြောက်မှု၊ ကျေနပ်နှစ်သက်မှုကို ဖြစ်စေပြီး ရဖို့ ခက်ခဲ တဲ့ အရာမှန်သမျှကို ရတနာလို့ ခေါ်တယ်။ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတွေက လူတွေရဲ့ စိတ်ကို ပျော်ရွှင်မှု၊ ကျေနပ်နှစ်သက်မှုကို ဖြစ်စေပြီး ရဖို့လည်း ခက်ခဲလို့ ရတနာလို့ခေါ်တယ်”

֍ထို့နောက် “ရတနာသုံးပါး ဆိုတာရော ကြားဖူးကြလား။ ဘာတွေလဲ ပြောပြပါဦး စသော မေးခွန်းများကို မေးမြန်းဆွေးနွေးပြီးနောက် အောက်ပါအတိုင်း ဆက်လက် ရှင်းပြပါ။

“ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဟာလည်း ကိုးကွယ်ဆည်းကပ်တဲ့ လူတွေရဲ့ စိတ်ကို ငြိမ်းချမ်းပျော်ရွှင်မှု၊ ကျေနပ်နှစ်သက်မှုကို ဖြစ်စေတယ် လူတိုင်း ကျင့်ကြံ အားထုတ်နိုင်ဖို့လည်း ခက်ခဲတဲ့အတွက် ရတနာလို့ ခေါ်တယ်”

֍“ရတနာရဲ့ အဓိပ္ပာယ်တွေ သိသွားပြီဆိုတော့ ပိုပြီး မှတ်မိသွားအောင် ကဗျာလေးနဲ့ ဆိုကြည့်ကြမယ်ဟု ဆိုကာ အောက်ပါကဗျာကို သင်ပေးပါ။

ရတနာသုံးပါး

ရတနာ ရတနာ၊
နှစ်သက်ဖွယ်ရာ ရတနာ။
ရတနာ ရတနာ၊
တန်ဖိုးကြီးတာ ရတနာ။
ရတနာ ရတနာ၊
အမြတ်ဆုံးဖြစ်တာ ရတနာ။
ရတနာ ရတနာ၊
တွေ့ ခဲလှတာ ရတနာ။
ရတနာ ရတနာ၊
မြတ်သူသုံးတာ ရတနာ။
ဘုရား တရား မြတ်သံဃာ၊
အမြတ်ဆုံး ရတနာ။

֍ထို့နောက် အောက်ပါမေးခွန်းများကို မေးပါ။

-ဘုရားဖူးရတဲ့အခါ၊ ဘုရားရှိခိုးရတဲ့အခါ စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။
-တရားဟောတာကို ကြားရတဲ့အခါ၊ နားထောင်ရတဲ့အခါမှာရော စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။
-တရားကျင့်ကြံနေတဲ့ သံဃာတော်တွေကို တွေ့ ရရင်ရော စိတ်ထဲမှာ ဘယ်လို ခံစားရသလဲ။
-လူတိုင်းရော သံဃာတော်တွေလို ကျင့်ကြံအားထုတ်နိုင်ပါ့မလား။
-ဘာဖြစ်လို့ မလုပ်နိုင်ကြတာလဲ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ ဗုဒ္ဓံ /ဓမ္မံ / သံဃံ သရဏံ ဂစ္ဆာမိ စာလုံးများကို တစ်လုံးချင်းဖြတ်ထားသော ကတ်ပြားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်း၊ ပူဇော်ကန်တော့ရ ခြင်းက လူတိုင်းအတွက် ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှု၊ ကျေနပ်နှစ်သက်မှုကို ရစေတယ်။ ဒါ့ကြောင့် ရတနာသုံးပါးကို ပူဇော်ကန်တော့တဲ့အခါ ဘယ်လို ရွတ်ဆိုရမယ်ဆိုတာကို လေ့ကျင့်ကြည့်ကြမယ်”ဟု ပြောပြီး စာသင်ချိန်ကို စတင်ပါ။

֍ထို့နောက် အောက်ပါ ပါဠိစကားလုံးများကို ဆရာက သင်ပုန်းပေါ်တွင် ရေးပြီးလျှင် အသံထွက် မှန်ကန်အောင် ရွတ်ဖတ်ပြပါ။ ကလေးများအားလုံး အသံထွက်မှန်ကန်စွာ အလွတ်ရသည်အထိ အကြိမ်ကြိမ်ရွတ်ဆိုပါစေ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

֍ထို့နောက် အောက်ပါအတိုင်း ပါဠိနှင့် မြန်မာ တွဲဖက်၍ရေးပြပြီး မှတ်မိသည်အထိ ရွတ်ဆိုပါစေ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဘုရား။

ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဘုရား။

သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်မြတ်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဘုရား။

֍ကလေးများအား အုပ်စုများဖွဲ့၍ ထိုင်ကြပါစေ။ အုပ်စုတစ်စုစီကို ဗုဒ္ဓံ /ဓမ္မံ / သံဃံ သရဏံ ဂစ္ဆာမိ စာလုံးများကို တစ်လုံးချင်းဖြတ်ထားသော ကတ်ပြားများကို တစ်စုံစီ ဝေပေးပါ။

֍အချင်းချင်းဆွေးနွေးပြီးလျှင် စာကြောင်း (၃) ကြောင်းဖြစ်စေရန် ပြန်၍ စီခိုင်းပါ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ

֍အုပ်စုများအလိုက် စီစဉ်ထားသော စာကြောင်းများကို မှန်/မမှန် အချင်းချင်း လှည့်လည်၍ ကြည့်ရှုပါစေ။ အကယ်၍ မှားနေပါက အကြံပြု ပြင်ဆင်ပါစေ။

֍ထို့နောက် ပါဠိနှင့် မြန်မာကို တွဲဖက်၍ အုပ်စုလိုက်အလှည့်ကျ ရွတ်ဆိုပါစေ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ ရတနာသုံးပါးအကြောင်း၊

သင်ယူမှုလုပ်ငန်းစဉ်

֍“အခု ရတနာသုံးပါးကို ပူဇော်ဖို့ ဘယ်လိုရွတ်ဆိုရမလဲဆိုတာ သိသွားပြီဆိုတော့ ရတနာ တစ်ပါးချင်းစီရဲ့ အဓိပ္ပာယ်နဲ့ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့အနေနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာကို ဆက်ပြီးဆွေးနွေးကြမယ်”ဟု အစပျိုးပြီးနောက် အောက်ပါ အကြောင်းအရာများကို ကလေးများ နားလည်အောင် ရှင်းပြပါ။

֍“ပထမဆုံးရတနာဖြစ်တဲ့ ဘုရားရတနာအကြောင်းကို ပြောပြမယ်။

ဗုဒ္ဓဘုရားရှင်ဆိုတာ ...

-ဗုဒ္ဓဘာသာကို စတင် တည်ထောင်တဲ့သူ ဖြစ်တယ်။
-ဗုဒ္ဓဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်တယ်။
-ဉာဏ်ပညာကြီးမားတဲ့သူလည်း ဖြစ်တယ်။
-မေတ္တာတရားကြီးမားပြီး အားလုံးကို ချစ်တတ်တဲ့သူ ဖြစ်တယ်။
အားလုံးရဲ့ ဆရာတစ်ဆူလည်း ဖြစ်တယ်။

֍“ဒုတိယရတနာဖြစ်တဲ့ တရားရတနာ အကြောင်းကို ပြောပြမယ်။

တရားဆိုတာ ..

-ဗုဒ္ဓဘုရားရှင် ဟောထားတဲ့ အဆုံးအမတွေ၊ လမ်းညွှန်ချက်တွေပဲ ဖြစ်တယ်။
-အဲဒီ တရားတော်တွေက လူတွေအားလုံး စိတ်ချမ်းသာရအောင် ကူညီပေးတယ်။”

֍“တတိယရတနာဖြစ်တဲ့ သံဃာရတနာအကြောင်းကို ပြောပြမယ်။

သံဃာဆိုတာ...

-ဘုန်းတော်ကြီးတွေ၊ သာသနာတော်အတွက် တာဝန်ထမ်းဆောင်နေကြတဲ့ ရဟန်း တော်တွေ၊ ဘုရားရဲ့ သားတော်တွေ၊ သမီးတော်တွေ ဖြစ်တယ်။
-ဗုဒ္ဓဘုရားရှင် ဟောကြားခဲ့တာတွေ၊ ညွှန်ကြားထားတာတွေ၊ အဆုံးအမတွေကို တခြားသူတွေ သိရှိပြီး လိုက်နာကျင့်ကြံ လုပ်ဆောင်နိုင်အောင် လမ်းညွှန်သင်ပြပေး နေတဲ့သူတွေလည်း ဖြစ်တယ်။ ဒါကြောင့် သားတို့၊ သမီးတို့တွေက အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးကို ဆည်းကပ် ကိုးကွယ်ကြတာဖြစ်တယ်။”

֍ထိုကဲ့သို့ ရှင်းပြပြီးနောက် အုပ်စု (၃) စု (သို့မဟုတ်) လူများပါက (၆) အုပ်စုခန့်ဖွဲ့၍ အောက်ပါမေးခွန်းများ မေးပါ။

-ဘုရားရတနာကို ဆည်းကပ်ကိုးကွယ်သူတစ်ယောက်အနေနဲ့ ဘာတွေ လုပ်ရမလဲ။
-တရားရတနာကို ဆည်းကပ်ကိုးကွယ်သူတစ်ယောက်အနေနဲ့ ဘာတွေ လုပ်ရမလဲ။
-သံဃာရတနာကို ဆည်းကပ်ကိုးကွယ်သူတစ်ယောက်အနေနဲ့ ဘာတွေ လုပ်ရမလဲ။

֍မေးခွန်းတစ်ခုစီကို အုပ်စုတစ်ခုစီက အလှည့်ကျ တင်ပြပါစေ။ အုပ်စုတစ်ခု တင်ပြပြီးတိုင်း ကျန်အုပ်စုများက အကြံပြုချက်များ၊ ဖြည့်စွက်ပြောစရာများရှိက ဖြည့်စွက်ပြောပါစေ။

֍ကလေးများ၏ ပြောပြချက်များသည် ကလေးများကိုယ်တိုင် လုပ်နိုင်သော အလုပ်များ ဖြစ်ပါက ဆရာက လက်ခံပေးပါ။ ကလေးများ အမှန်တကယ်မလုပ်နိုင်သော အလုပ်များ ပါနေပါက တစ်တန်းလုံးနှင့် ဆွေးနွေး၍ အတည်ပြုဆုံးဖြတ်ပါစေ။

֍ထို့နောက် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ကောင်းသောအလုပ် ဖြစ် ကြောင်း၊ ကောင်းသောအလုပ်များကို လုပ်ဆောင်ပေးခြင်းသည် ကောင်းသော အကျိုး များကိုသာ ရရှိမည်ဖြစ်ကြောင်း၊ လူအများ၏ချစ်ခင်မှုကိုလည်း ရရှိနိုင်ကြောင်း စသည် ဖြင့် ပြောပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ ရတနာသုံးပါး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ရတနာသုံးပါးနှင့်သက်ဆိုင်သော အောက်ပါကဗျာကို ဆရာက ဦးစွာ တိုင်ပေးပါ။

֍ထို့နောက် ဟန်အမူအရာဖြင့် ကလေးများအားလုံး လိုက်၍ ရွတ်ဆိုပါစေ။

ရတနာသုံးပါး

ဘုရားကိုသာ၊ ကိုးကွယ်ရာ၊ နေ့စဉ်ရှိခိုးမှာ။
ဓမ္မတရား၊ အလေးထား၊ လေးစားတို့လိုက်နာ။
သံဃာမြတ်တွင်၊ စိတ်ကြည်လင်၊ အစဉ်မြတ်နိုးပါ။
ရတနာများ၊ ထိုသုံးပါး၊ တို့များမမေ့ရာ။

֍ကဗျာရွတ်ဆိုပြီးနောက် “ရတနာသုံးပါးက ဘာတွေလဲ။ ရတနာသုံးပါးကို ဘယ်လို ကိုးကွယ် ဆည်းကပ်နိုင်သလဲ။ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့ နေရာမှာ ဘယ်လို ရွတ်ဆိုရမလဲ” စသော မေးခွန်းများဖြင့် ပြန်လည်အနှစ်ချုပ်ပါ။

[သတိပြုရန် 1]

  1. တစ်ယောက်တစ်ချက်စီ အလှည့်ကျ ပြောပါစေ။