ရေချမ်း ကပ်လှူမယ် (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၂၀။ ရေချမ်း ကပ်လှူမယ်(ကျောင်းသားကိုင်သို့)
348318ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၂၀။ ရေချမ်း ကပ်လှူမယ်(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၀)

သင်ခန်းစာခေါင်းစဉ်။ ။ ရေချမ်း ကပ်လှူမယ်

သင်ယူမှုဦးတည်ချက်။ ။ ရေချမ်းကပ်လှူခြင်း၏ အကျိုးကျေးဇူးများကို သိရှိပြီး ရေချမ်းကပ်လှူတတ်စေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ ရေလှူရခြင်း အကျိုးပြလင်္ကာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းများကို မေးမြန်းဆွေးနွေးခြင်းဖြင့် စာသင်ချိန်ကိုစတင်ပါ။

-သားတို့သမီးတို့ ဘုရားဖူး သွားဖူးကြသလား။
-ဘုရားမှာ ကလေးတို့ ဘာတွေ လုပ်ကြသလဲ။ (ရေသပ္ပာယ်တယ်၊ ရေချမ်းကပ်တယ် ဟူသော အဖြေများ ပါအောင် ဆရာက လမ်းကြောင်းပေးပါ။)
-သူများတွေရော ဘာတွေလုပ်တာ တွေ့ဖူးသလဲ။
-အိမ်မှာရော ဘုရားကို ရေချမ်း ကပ်လှူကြသလား။
-အဲဒီလို ရေချမ်း ကပ်လှူတဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ ထင်သလဲ။

֍ ကလေးများ ဖြေဆိုပြီးသောအခါ အောက်ပါ ရေလှူရကျိုးလင်္ကာနှင့် အဓိပ္ပာယ်ကို လေ့လာကြစေပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

ရေလှူရခြင်း အကျိုးပြလင်္ကာ

သက်ရှည် ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဉာဏ်ပညာ။
စင်ကြယ်သန့်ရှင်း၊ ကျော်စောခြင်း၊ ခပင်းခြွေရံကာ။
ရေမငတ်ငြား၊ လျင်မြန်သွား၊ ဆယ်ပါးရေကျိုးလာ။

ရေလှူရကျိုး

ရေမသောက်ရလျှင် အသက်မရှည်၊ အဆင်းမလှ၊ ချမ်းသာမရ၊ ခွန်အားဗလမရှိ၊ ဉာဏ်လည်းမရှိ၊ ရေမချိုးရ လျှင်၊ မစင်ကြယ် မသန့်ရှင်း၊ ထို့ကြောင့် ရေလှူသူ ရေပေးသူတို့သည် အသက်ရှည်ခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း စသော အကျိုးများ ရရှိနိုင်ပါသည်။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဘုရားရှင်လက်ထက်တုန်းက ရဟန်းတော်တွေကို ရေချမ်းကပ်လှူလိုက်လို့ ကောင်းကျိုး ရရှိသွားတဲ့ ဇာတ်လမ်း လေးတစ်ပုဒ်ကို ဖတ်ကြည့်ရအောင်။ ဖတ်ပြီးရင် ဇာတ်လမ်းရဲ့ အကျဉ်းချုပ်ကို နားလည်သလို ပြန်ပြောပြရမယ်” ဟု ပြော၍ ဇာတ်လမ်းကို ဖတ်ကြပါစေ။

ရွှေလှေစီး နတ်သမီးလေး

ဘုရားရှင်လက်ထက်မှာ ရဟန်း ၁၆-ပါးတို့ဟာ ဘုရားရှင်ကို ဖူးမြင်ပြီး တရားနာချင်ကြတဲ့အတွက် မြတ်စွာဘုရား သီတင်းသုံးရာ သာဝတ္ထိပြည်ကို ကြွလာကြတယ်။ ခရီးအဝေးကြီးက လာရတဲ့အတွက် ရဟန်းတို့ဟာ ပင်ပန်း နွမ်းနယ်နေပြီး ရေဆာနေကြတယ်။ ဒါကြောင့် ရေရနိုင်မယ့်ရွာကို ကြွသွားကြတယ်။ လမ်းမှာ ရေအိုးရွက်လာတဲ့ အမျိုးသမီးတစ်ဦးကို တွေ့တော့ အဲဒီအမျိုးသမီးရဲ့အနားမှာ ရပ်လိုက်ကြတယ်။ အမျိုးသမီးကလည်း ရဟန်းတော်တွေ ရေဆာနေတာကို ရိပ်မိတဲ့အတွက် ရဟန်းတော်တွေကို ကြည်ညိုတဲ့စိတ်နဲ့ ရေကို ရိုရိုသေသေ ဆက်ကပ်လှူဒါန်း လိုက်တယ်။ ရဟန်းတို့ကလည်း အဲဒီအမျိုးသမီးကို ရေလှူရတဲ့ အကျိုးတရားတွေကို ဟောကြားပေးပြီး သာဝတ္ထိပြည်ကို ဆက်လက် ကြွချီလာခဲ့ကြတယ်။

ရေလှူခဲ့တဲ့ အမျိုးသမီးလည်း သူရေလှူဒါန်းခဲ့တဲ့ ကောင်းမှုကို မကြာမကြာ ပြန်တွေးပြီး ပီတိဖြစ်နေတယ်။ အဲဒီအမျိုးသမီး ကွယ်လွန်တဲ့အခါ ရေလှူဒါန်းခဲ့ရတဲ့ ကောင်းမှုကြောင့် တာဝတိံသာနတ်ပြည်မှာ နတ်သမီးဖြစ်သွားပြီး ကြီးကျယ်ခမ်းနားတဲ့ ဘုံဗိမာန်ကြီးမှာ နေရတယ်။ အဲဒီဗိမာန်ကြီးရဲ့ဘေးမှာ သာယာဖွယ်ကောင်းပြီး ညင်ညင်သာသာ စီးဆင်းနေတဲ့ မြစ်တစ်စင်းလည်း ရှိတယ်။ ဥယျာဉ်ဗိမာန် တံခါးဝမှာလည်း ပဒုမ္မာကြာတွေ ဖွေးဖွေးလှုပ်ပွင့်နေတဲ့ လေးထောင့်ရေကန်ကြီး ရှိတယ်။ နတ်သမီးက အဲဒီရေကန်ကြီးထဲမှာ ရွှေလှေကြီးကို စီးပြီး နတ်သမီးအခြံအရံများနဲ့ မြူးတူးကစားလျက် နေရတယ်။

မှီငြမ်း။ ။ ပဌမနာဝါဝိမာနဝတ္ထု၊ ပုံတော်စုံ ဝိမာနဝတ္ထုတော်ကြီး၊ ၂၃-၂၆။ ဝိမာန၊ဋ္ဌ၊၃၄။

֍ ဖတ်ပြီးသောအခါ ပြောလိုသောကလေးများက မိမိနားလည်သလို ဇာတ်လမ်းကို အကျဉ်းချုပ် ပြန်ပြောပြကြ ပါစေ။

֍ ထို့နောက် အောက်ပါမေးခွန်းများ မေးမြန်းခြင်းဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။

-အမျိုးသမီးလေးဟာ ဘယ်လို ကောင်းမှုတွေပြုခဲ့လို့ ဘာစည်းစိမ်ချမ်းသာကို ခံစားရရှိသလဲ။
-အမျိုးသမီးလေးက ဘယ်သူတွေကို ရေလှူဒါန်းခဲ့တာလဲ။
-ရဟန်းတော်တွေကို ရေလှူတဲ့အခါမှာ သူက ဘယ်လိုစိတ်ထားပြီး လှူဒါန်းခဲ့သလဲ။
-ကလေးတို့ ရေလှူတဲ့အခါ ဘယ်လိုစိတ်ထားမျိုးနဲ့ လှူသင့်တယ်လို့ ထင်သလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ရွှေလှေစီးနတ်သမီးလေး ဇာတ်လမ်းထဲက အမျိုးသမီးဟာ ရေလှူလိုက်လို့ အကျိုးကျေးဇူးတွေ ရရှိသွားတာကို သိခဲ့ကြပြီးပြီ။ အဲဒီအမျိုးသမီး ရေလှူလိုက်တဲ့အတွက် ရဟန်းတွေမှာရော ဘယ်လို အကျိုးကျေးဇူးတွေ ရရှိသွား နိုင်သလဲ” ဆိုသည်ကို ကလေးများ အားလုံးနှင့် မေးမြန်းဆွေးနွေးပြီး ဆွေးနွေးချက်များကို သင်ပုန်းပေါ်တွင် မှတ်တမ်းတင်ထားပါ။

֍ ကလေးများနှင့် မေးမြန်းဆွေးနွေးပြီးပါက “ဘုရားမှာ ရေချမ်းကပ်လှူသလို အခြားဘယ်နေရာတွေမှာ ရေလှူတာ တွေ တွေ့ဖူးလဲ။ အဲဒီလို လှူဒါန်းလိုက်တဲ့အတွက် ရေလှူသူမှာရော အလှူခံရရှိတဲ့သူတွေမှာရော ဘယ်လိုအကျိုး ကျေးဇူးတွေ ရရှိသွားလဲ”ဟု မေးကာ ကလေးများအားလုံး၎င်းတို့ အတွေ့အကြုံများကို စာရွက်ပိုင်းပေါ်တွင် ရေးကြပါစေ။ (စာရွက်ပေါ်တွင် အချက်နှစ်ချက်ကိုသာ ရေးရန် ဆရာက သတိပေးပါ။)

֍ ရေးပြီးသော စာရွက်များကို တစ်ယောက်ချင်း အလှည့်ကျဖတ်ပြပါစေ။ ဖတ်ပြီးသောအခါ သင်ပုန်းပေါ်တွင် ကပ်ကြပါစေ။

֍ ကလေးများအားလုံး လုပ်ဆောင်ပြီးသောအခါ ဆရာက ကလေးများ ဆွေးနွေးထားသော အချက်များကို ခြုံငုံ သုံးသပ်၍ စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ ရေတော်ကပ်နှင့် ဆုတောင်း စာသားများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဘုရားမှာ ရေချမ်းကပ်လှူတဲ့အခါ ဘယ်လိုရွတ်ဆိုရမယ် ဆိုတာကို လေ့လာကြမယ်” စသည်ဖြင့် ပြောကြားပြီး ရေချမ်းကပ်လှူပုံ စာသားကို ကလေးများ ဖတ်စေပြီး မှတ်စုစာအုပ်တွင် ရေးမှတ်ကြပါစေ။

ရေတော်ကပ်

ဘုန်းတော် အနန္တ၊ ကံတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တတို့နှင့် ပြည့်စုံတော်မူသော မဟာ ကရုဏာသခင် ရှင်တော်မြတ်ဘုရားအား ဤကြည်လင်သန့်ရှင်းအေးမြသော ရေချမ်းတော်ကို လှူဒါန်းဆက်ကပ်ပါ၏ အရှင်ဘုရား၊ ဤရေလှူရသော ကောင်းမှုကြောင့် နိဗ္ဗာန်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား။

֍ “သားတို့သမီးတို့အနေနဲ့ ခုလို ရေချမ်းလှူဒါန်းရတဲ့အတွက် ပြန်ပြီး ဆုတောင်းနိုင်တယ်”ဟု ဆို၍ အောက်ပါ ဆုတောင်းစာသားကို ရွတ်ဆိုကြပါစေ။

ဆုတောင်း

ကြည်လင်အေးမြ၊ ရေလှူရ၍၊ ဘဝတိုင်းဝယ်၊ ပညာကြွယ်လျက်၊ ကိုယ်ဝယ်တွင်းပြင်၊ ညစ်ကြေးစင်၊ ကြည် လင်အေးမြရပါလို၏ အရှင်ဘုရား။

֍ “ကလေးတို့ ရေလှူဒါန်းရတဲ့အကျိုးကိုလည်း သိပြီးပြီ ရေချမ်းကပ်လှူပုံနဲ့ ဆုတောင်းကိုလည်း သိရှိရပြီဆိုတော့ ဆရာနဲ့အတူ ဘုရားမှာ ရေချမ်းကပ်လှူကြည့်ရအောင်”ဟု ပြော၍ ကလေးများနှင့် လက်တွေ့ ရေတော်ကပ်လှူ ကြပါစေ။ ထို့နောက် ဆရာက ကလေးများအား “မိမိတို့အိမ်၊ မိမိတို့ကျောင်းမှာ နေ့စဉ်နေ့တိုင်း ဘုရားရှင်ကို ရေချမ်းကပ်လှူနိုင်တဲ့ ကလေးတွေ ဖြစ်ကြပါစေ”ဟု ပြော၍ သင်ခန်းစာကို အဆုံးသတ်ပါ။