ရောင်ခြည်တော်ဖွင့် ဘုရားပင့်-၂

ရောင်ခြည်တော်ဖွင့် ဘုရားပင့်-၂
by အမည်မသိ

စတုက္ကရံသိနိက္ခန္တာ၊ မေရုရာဇာ ဂိရုတ္တမော။

သောဘတေဝ သကာဘာယ၊ ဩဘာသယံ သမန္တတော။

တထေဝ သောဘနော ဗုဒ္ဓေါ၊ ဆဗ္ဗဏ္ဏရုစိယာ ဘဝံ။

အနန္တဇုတိမာ ဘန္တေ၊ ဂန္ဃာ မေ ဌာတု သီသကေ။

ဂိရုတ္တမော- ကမ္ဘာပေါ်တွင် ရှိသမျှ တောင်တကာ့ထွတ်မှူး တောင်ဦးတောင်မြတ်ကြီး ဖြစ်တော်မူပေထသော။

စတုက္ကရံသိနိက္ခန္တာ မေရုရာဇာ- ရွှေ ငွေ မြ ဖလ် လေးတန်ရောင်ခြည် ထွက်လည်ကွန့်မြူး တင့်ထူးလျှံပြိုင် မဏ္ဍိုင် ချက်ဗွေ နေစက်လစက် နက္ခတ်တာရာ ကြယ်တာရာတို့ ဝံယာပတ်ဝိုက် ဦးခိုက်ကြရာ မဟာမြင်းမိုရ်တောင်မင်းသည်။

သကာဘာယ- ဝါဝင်းရောင် ဖြူဝင်းရောင် စိမ်းလဲ့ဝင်းရောင် ဖလ်ဝင်းရောင် မှန်ဝင်းရောင် နေရောင် လရောင် တည်းဟူသော မိမိအရောင်အဝါတို့ဖြင့်။


သမန္တတော- နှစ်ထောင်ကျွန်းငယ် လေးသွယ်ကျွန်းကြီး သီးသီးမွမွ အဏ္ဏဝ လေးသွယ် မြစ်ငယ်ငါးရာ ငါးဖြာမြစ်မ ရှိသမျှအကုန် လုံးစုံဒီပါ ရပ်ဒိသာ၌။

ဩဘာသယံ- ဩဘာသယန္တော- ထွန်းလင်း တောက်ပြောက် မြင်းမိုရ်ရောင်သာစေလျက်။

သောဘတေဝ- သောဘတေ ဣ၀ = လေးကျွန်းလုံးအလယ် လွန်တင့်တယ်သကဲ့သို့။

တထေဝ- ထိုမြင်းမိုရ်တောင်ကြီး ပုံမှီးစံယူ အလားတူသာလျှင်။

ဗုဒ္ဓေါ- ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂတဖြာ လေးသစ္စာကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် အလိုလို ကိုယ်တော်တိုင် သိမြင်တော်မူသော မြတ်စွာဘုရားသည်။

ဆဗ္ဗဏ္ဏရုစိယာ- ကြာညိုရောင် မည်းညိုရောင် ပုလဲညိုရောင် ဖဲညိုရောင် မြစိမ်းညိုရောင် အဆင်းကဲ့သို့ ညိုဝင်းသော နီလရောင်ခြည်တော်, နေမင်းအရောင် ရွှေအဆင်းအရောင် ပယင်းဝါရောင် သလင်းဝါရောင် သလွဲဝါရောင် ရွဲအဝါရောင် အဆင်းကဲ့သို့ ဝါဝင်းသော ပီတရောင်ခြည်တော်, တိမ်နီရောင် စိန်နီရောင် ကြာနီရောင် ကမ္ဗလာနီရောင် ပတ္တမြားအနီရောင် အဆင်းကဲ့သို့ နီဝင်းသော လောဟိတရောင်ခြည်တော်, ဘော်သာ ခွါရောင် သော်တာလရောင် မကာရ်းအဖြူရောင် ဂွမ်းအဖြူရောင် ပုလဲအဖြူရောင် ရွဲအဖြူရောင် စံပယ်အဖြူရောင် ကြယ်အဖြူရောင် ဝရဇိန်အဖြူရောင် ပွတ်သစ်စခရုသင်းကဲ့သို့ ဖြူဝင်းသော ဩဒါတရောင်ခြည်တော်, မည်းရောင် နီရောင် ညိုရောင်ထည့်လောင်း ယှက်ကူးပေါင်းသဖြင့် မှည့်မောင်းမှိုင်းအုံ ရီမှုန်သော အဆင်းရှိကုန်သော မဉ္ဇိဋ္ဌ ရောင်ခြည်တော်, မင်းလွင်မြူးခုန် ကဆုန်မာသ သမယ၌ မိုးဝပြင်ကျယ် ကောင်းကင်လယ်က လျှပ်ပန်းနွယ်ယှက်ကူး ပိုးစုံးကြူးသဏ္ဌာန် မီးပန်းတွေပျံသလို အလျှံတလက်လက် တက်တဲ့ခြည် သက်တဲ့ခြည် ဝဲတဲ့ခြည် ပျံတဲ့ခြည် ဤမှထိုမှ ထိုမှဤမှ လူးလာပြိုးပြက် တခဲနက်သော ပဘဿရရောင်ခြည်တော် တည်းဟူသော ခြောက်သွယ်သော ရောင်ခြည်တော်အပေါင်းတို့ဖြင့်။

သောဘနော- မြင်သူအများ ရှုမအားအောင် ကြွားကြွားဝင့်ဝင့် ငွါးငွါးဆင့်၍ တင့်တယ် တော်မူပေထသော။

ဘန္တေ- ရွှေဘုန်းတော်သခင် အရှင်မြတ်ကြီးဘုရား။

အနန္တဇုတိမာ- မြေအဆုံး မိုးအဆုံး စကြ၀ဠာဆုံးအောင် ပြိုင်နှုန်းမပြူ ထွန်းလင်းတောက်ပတော်မူနိုင်ပေထသော။

ဘဝံ- ရှင်တော်မြတ်ဘုရားကြီးသည်။

အာဂန္တွာ- တရာ့ရှစ်ကွက် ရွှေစက်အစုံ ကြာပဒုံကို ညွှန်ရုံဖြန့်မြန်း ကြွလှမ်းတော်မူခဲ့ပါ၍။

မေ- ငါးဝခန္ဓာ သမူဟာကို ငါငါထင်မှတ် အမိုက်ဇာတ်တွင် မပြတ်ခါခါ ကျင်လည်ရပါသော ဘုရားတပည့်တော်၏။

သီသကေ- လူညွန့်လူဖူး ဆံဦး ဗွေထက် ထိပ်လယ်ချက်၌။

ဌာတု- မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်ခိုင်မတ်မတ် တန့်ရပ်တည်နေတော် မူလှည့်ပါ့ နေတနှုန်းတမျှကဲ့သို့ ရွှေဘုန်းတော်ကြွပါတဲ့ အရှင်မြတ်ကြီးဘုရား။


This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse