လိုက်ပါလှည့်လော့-ချီ ရတု

လိုက်ပါလှည့်လော့-ချီ ရတု
by ပြည် နဝဒေးကြီး

လိုက်ပါလှည့်လော့၊ ခေါ်မည့်သောထွေ၊ ဇမ္ဗူမြေဝယ်၊ သရေခေတ္တ၊ ကျော်စောလှသော၊ ပြည့်မျာ့းထွတ်ချာ၊ နောင်တို့မှာမူ၊ သာယာစည်ဟန်၊ ရပ်သဏ္ဌာန်ကား၊ နွေသန်ဆောင်းလ၊ ဟူသမျှလည်း၊ မြမြရိပ်စဉ်၊ ခက်ကျိုင်းယှဉ်သား၊ ဥယျာဉ်, အုန်းထန်း၊ သစ်သီးပန်းနှင့်၊ လှလွန်းကုံးစီ၊ ဆွတ်၍သီသို့၊ လုံးညီမဖြစ်၊ မြစ်လည်းဧရာ၊ လက်ယာရစ်ပေါင်း၊ နဝင်းချောင်းနှင့်၊ သံညောင်းတွန်ထူး၊ ငှက်တိကျူးသား၊ ဖိုဦး-ကူဖြူ၊ မဉ္ဇူ တန့်ကြည်း၊ ရှုဖွယ်ပည်းမျှ၊ ဆွေနည်းပြာညက်၊ ကျွမ်းယှဉ်ဖက်သည်။ ။ လှည့်ဖျက်ခေါ် မလျှောက်တကား။

ကြိုက်ရာကြည့်လော့၊ မိုးရှည့်ထိနိုး၊ ဖိုဦးရိုးဝယ်၊ ပုထိုးထုံးညီ၊ စေတီလိုဏ်ခေါင်း၊ ကူကျောင်းဥမင်၊ ပည်းမွမ်းဖြင်မျှ၊ မြင်ထင်မြင်မိ၊ ထွန်းညိလျှံလင်း၊ ကြက်တင်းစံကား၊ ပင်းဘုရားနှင့်၊ သုံးပါးအနှစ်၊ တည်ရာဖြစ်သည်၊ ကန်သစ်ဦးရေ၊ ကြည်မောထွေဝယ်၊ နွေသန်ဆောင်းမြေ့၊ သာမျိုးစေ့သည်၊ ရသေ့တည်ထောင်၊ ပြည်တိုင်အောင်လျှင်၊ ရောင်ရောင်မောင်းမောင်း၊ မွေတော်ပေါင်းနှင့်၊ တန်ဆောင်းဝိဟာ၊ ကျောင်းတော်သာကို၊ လိုက်ပါလှည့်ဦး၊ တူစုံဖူးပိမ့်၊ တိမ်ဦးမိုးခေါင်၊ တပြောင်ပြောင်နှင့်၊ မြူမှောင်မရိပ်၊ မြို့လယ်ထိပ်ဝယ်၊ ချိပ်ချိပ်ပြေးတည့်၊ ထွန်းလင်း၏သို့၊ နှိုင်းရှည့်မမြင်၊ မြသီထင်လည်း၊ ကောင်းကင်ထိအောင်၊ လျှံဝါပြောင်သည်။ ။ ရွှေရောင်ရှုမစောက်တကား။

ပြိုက်လှာဖြည့်လော့၊ ချွတ်လှည့်သူအား၊ ထေရ်မြတ်များနှင့်၊ ဘုရားကျောင်းကန်၊ သာမျိုးလွန်သည်၊ တမ်းခွန်မှန်ကင်း၊ လျှပ်သို့ဝင်းမျှ၊ နှိုင်းခင်းမလျော်၊ ရွှေကျောင်းတော်နှင့်၊ ရွှေလျော်ရုပ်ဆန်း၊ ရွှေတိသွန်းသား၊ ဘုန်းတန်းကြီးစွာ၊ သောကြမာနှင့်၊ ချကာရံပိုက်၊ ငှက်သိုက်မာရ်အောင်၊ ရွှေတောင်ဂီဝါ၊ ရေရာခဲ့လျှင်း၊ ရွှေမြို့တွင်းဝယ်၊ ဝင်းဝင်းညီးညီး၊ ဘိတ်ဘိတ်စီးမျှ၊ ကျောင်းကြီးပြာသာဒ်၊ ကြက်လွှတ်ကူပြောက်၊ ဘုရားပေါက်-ကျောင်းငယ်၊ ခြောက်သွယ်ရောင်ပြေး၊ ကျောင်းဆေးရေး-မုဋ္ဌော၊ ကျော်စောနှံ့ကြား၊ ကင်းဘုရားနှင့်၊ မင်းသားမည်ရင်း၊ အတွင်းရွှေကူ၊ ပြင်ရွှေကူက၊ မြင်မိစသား၊ ပြာမြနတ်ဆွယ်၊ စံပယ်ပျံ့ပျူး၊ ဖူးလှည့်စိုးမင်း၊ လွတ်တုကင်းသား၊ မင်းလည်းထွတ်ဖျား၊ စောတရားနှင့်၊ သကြားတည်နေ၊ ခြောက်ဘုံကြွေသို့၊ သရေခေတ္တရာ၊ သို့ပင်သာသည်။ ။ ယိမ်းကာနိဗ္ဗာန် ရောက်တကား။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse