လိုက်ပါဟူလည်း-ချီ ရတု

လိုက်ပါဟူလည်း-ချီ ရတု
by ပြည် နဝဒေးကြီး

လိုက်ပါဟူလည်း၊ တူမည်မထင်၊ ခေါ်တွင်ကြေညာ၊ ဟင်္သာဝတီ၊ သိင်္ဂီနန်းတည်၊ မယ်တို့ပြည်ကား၊ ပတ်လည်သာမော၊ သင်္ဘောဆိုက်လှာ၊ လေးမျက်နှာမှ၊ အသာဆန်းကြယ်၊ ရေသော်ကျယ်၏၊ ခြောက်သွယ်ရောင်လင်း၊ တရားမင်းဟု၊ ထန်ပြင်းကျော်စော၊ ရွှေမော်ဓောနှင့်၊ သင်္ဘောဘုရား၊ နှစ်ပါးစုံမှု၊ တောင်းဆုပြည့်လွယ်၊ မွေသောက်သွယ်က၊ သပ္ပာယ်လှစွာ၊ ရွှေတန်ဆာလည်း၊ ရွှေသာအတိ၊ ရဲရဲညိမျှ၊ နှံ့သိလွှတ်ကြား၊ ရွှေကျောင်းများနှင့်၊ ဘုရားဆုယူ၊ နိဗ္ဗာန်ချူသည်၊ ပုံတူပမာ၊ ထန်းမှည့်ညှာသို့၊ အရိယာပုဂ္ဂိုလ်၊ ဆိုသော်များ၏၊ စံထားတုလွတ်၊ ရွှေပြာသာဒ်လည်း၊ တိမ်ထွတ်ထိတန်၊ ဝေဇယန်နှင့်၊ သဏ္ဌာန်ထပ်ရှိ၊ ထူးလှဘိ၏၊ မွေးမိတူချစ်၊ ရွှေနားရစ်လော့၊ ကျစ်လျစ်လျှို့ဝှက်၊ မယ့်ချစ်သက်သည်။ ။ လှည့်ပျက်တခေါ်သာတကား။

ကြိုက်စွာတူလည်း၊ အလှူရှေးက၊ ပေးဖူးကြ၏၊ နောင်မြနှင့်မယ်၊ ပျော်ရာရွယ်အံ့၊ ပြည်ဝယ်သာဟန်၊ မယ့်ကိုယ်ပြန်လည်း၊ မတန်မရာ၊ တို့ရပ်သာ၏၊ နေပါတည်းချုပ်၊ ကျွန်ုပ်မသင့်၊ မဆိုတင့်ခဲ့၊ သက်နှင့်ထပ်ရှိ၊ မွေးမိတူပင်၊ ရွှေနားတင်လော့၊ မည်တွင်သာထူး၊ ပဲခူးသနစ်၊ ချောင်းသစ်သာထွေ၊ နောက်တောခြေ၌၊ မှည့်ကြွေသစ်သီး၊ ဖြင်ညီးပန်းမန်၊ နွေသန်မပြတ်၊ နှစ်လည်ပတ်မျှ၊ စိတ်ညွတ်ချင်ဖွယ်၊ သပ္ပာယ်လှမော၊ ကျိုက်ပေါ ကျိုက်ပွန်၊ ကျိုက်သလွန်နှင့်၊ နာဂဝန်ကျောင်း၊ မသာတောင်းတည့်၊ ပန်းပေါင်းပျံ့ကြွယ်၊ သီကုံးခြယ်၍၊ နတ်ဆွယ်ဝင်းထွား၊ ရှုပျော်ပါးလော့၊ သနားတပြိ၊ မွေးမိဖခင်၊ မည်ပင်သာယာ၊ မြို့ဟင်သာဝယ်၊ နေပါတုံအံ့၊ စိတ်ပျံ့မမြဲ၊ နောင့်မြခဲသည်။ ။ ဝမ်းထဲမတော်ရာတကား။

မြိုက်ရာချူလည်း၊ အလှူသီလှ၊ ပဓာနကြောင့်၊ မွေးဘခေါ်ရာ၊ လိုက်တုံပါလည်း၊ ဘယ်မှနိဗ္ဗာန်၊ အရောက်မှန်အံ့၊ သဏ္ဌာန်သနစ်၊ သာသည်ဖြစ်ကို၊ ကျွမ်းချစ်မဲ့မောင်၊ ရွှေနားထောင်လော့၊ မာရ်အောင်စင်စစ်၊ ခုနစ်ဌာန၊ တွင်ထလွှမ်းညီ၊ ကလျာဏီနှင့်၊ သာပြီစဟန်၊ နံ့သာကန်လည်း၊ ပန်းမန်မရှား၊ ကြာမျိုးများ၏၊ ဘုရားကိုးသောင်း၊ ဓာတ်မွေပေါင်းနှင့်၊ လျောင်းတုံနိဗ္ဗာန်၊ ရုပ်သဏ္ဌာန်ကား၊ မင်းမွန်ကောင်းမှု၊ ယခုတည်စ၊ သာမောလှ၏၊ မွေးဘပြီးကုံ၊ ငံ့ပါတုံလော့၊ တူစုံလို၍၊ ဆိုသည်မဟုတ်၊ အားထုတ်ကြည်ညို၊ နောက်ကိုနောင်လာ၊ မိတည်းလျာဝယ်၊ မကွာတူပင်၊ ကြည်လင်စိတ်သန်၊ တောင်းဆုပန်သည်။ ။ နိဗ္ဗာန်အနော်မာတကား။

This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago.

Public domainPublic domainfalsefalse