လူမှုရေးမင်္ဂလာ (ဆရာ)

348308ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၁၀။ လူမှုရေးမင်္ဂလာ(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁၀)

သင်ခန်းစာခေါင်းစဉ်။ ။ လူမှုရေးမင်္ဂလာ

သင်ယူမှုဦးတည်ချက်။ ။ လူမှုရေးမင်္ဂလာများကို သိရှိစေရန်နှင့် လိုက်နာကျင့်သုံးတတ်စေရန်

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ သင်ခဲ့ပြီးသော မင်္ဂလာ ကဗျာများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့ကို မင်္ဂလာတရား ၃၈-ပါးရှိတယ်လို့ ပြောခဲ့ပြီးပြီနော်။ အဲဒီ မင်္ဂလာတရား ၃၈-ပါးထဲက ဘယ် မင်္ဂလာတွေကို လေ့လာပြီးခဲ့ပြီလဲ။ မှတ်မိသလောက် ပြောကြည့်ကြပါလား” စသည်ဖြင့်မေး၍ စာသင်ချိန်ကို စတင်ပါ။

֍ ပြီးနောက် ဒုတိယတန်းနှင့် တတိယတန်းတွင် လေ့လာခဲ့ပြီးသော မင်္ဂလာကဗျာလေးပုဒ်ကို ကလေးအားလုံး ရွတ်ဆိုကြပါစေ။ ၄င်းကဗျာများကို ကလေးများ မရွတ်ဆိုနိုင်ပါလျှင် ဆရာက အဆင်သင့် ရေးသားထားသော မင်္ဂလာကဗျာ လေးပုဒ်ကို သင်ပုန်းတွင် ကပ်ပေးပါ။

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊
မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရှည်တွဲလို့၊
မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊
ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။

ပေါင်းသင်းဆက်ဆံရေးမင်္ဂလာသုံးပါး

၁။ လူမိုက်ကို မပေါင်းသင်းခြင်း၊
၂။ ပညာရှိလူလိမ္မာကို မှီဝဲဆည်းကပ်ခြင်း၊
၃။ ပူဇော်ထိုက်သူကို ပူဇော်ခြင်း။

နေထိုင်ရေး မင်္ဂလာ

ကုသိုလ်ပညာ ဥစ္စာရဖို့၊
သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊
ကောင်းမှုအထူးရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။

နေထိုင်ရေးမင်္ဂလာသုံးပါး

၁။ သင့်တော်ကောင်းမွန်သောအရပ်တွင် နေထိုင်ခြင်း၊
၂၊ရှေးက ပြုဖူးသောကုသိုလ်ကောင်းမှုရှိခြင်း၊
၃။ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်း။

ပညာရေး မင်္ဂလာ

တတ်ကောင်းတတ်ရာ ဟူသမျှကို၊
ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ဝမ်းစာရေးနဲ့၊
အသက်မွေးဖို့ အတတ်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊
ကောင်းစွာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊
ဆိုရေး တတ်ပါစေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။

ပညာရေးမင်္ဂလာလေးပါး

၁။ အကြားအမြင် ဗဟုသုတများခြင်း၊
၂။ တတ်သင့်တတ်ထိုက်သော အတတ်ပညာများ တတ်မြောက်ထားခြင်း၊
၃၊ကျင့်ဝတ်တရားများကို သိရှိရန်သင်ကြား၍ လိုက်နာကျင့်သုံးခြင်း၊
၄။ မှန်ကန်ယဉ်ကျေးသောစကားကို ပြောဆိုခြင်း။

ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာ

မြင်းမိုရ်ရွှေတောင် မိဘကြွေးကို
ကောင်းစွာဆပ်ပေး ဝတ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင့်မယားကို၊
မြှောက်စားချီးမြှင့် ဝတ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ့၊
အပြစ်ကင်းအောင် လုပ်ပါလေ။
စည်းစိမ်ကိုပေး ပြုစုရေး၊
မျှော်တွေး သုံးချက်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။

ပြုစုလုပ်ကျွေးရေးနှင့် အသက်မွေးမှုမင်္ဂလာသုံးပါး

၁။ မိဘများကို ကျေးဇူးဆပ်ရခြင်း (မိဘများကို ပြုစုလုပ်ကျွေးရခြင်း)၊
၂။ သားသမီး၊ ဇနီးမယားတို့ကို လုပ်ကိုင်ကျွေးမွေးရခြင်း၊
၃။ အပြစ်ကင်းသော (မိမိ သူတစ်ပါး မထိခိုက်သော၊ မရှုပ်ထွေးသော) စီးပွားရေး အလုပ်များကို လုပ်ကိုင်ခြင်း။

֍ ရွတ်ဆိုပြီးသောအခါ ဆရာက လေ့လာခဲ့ပြီးသော မင်္ဂလာကဗျာများ၏ အနှစ်ချုပ်ကို ပြန်လည်ရှင်းပြပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ လူမှုရေးမင်္ဂလာ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “ဆွေးနွေးပြီးခဲ့တဲ့ မင်္ဂလာ ၁၃-ပါးကို မှတ်မိပြီဆိုတော့ အခု လူမှုရေးနဲ့ဆိုင်တဲ့ မင်္ဂလာတရားလေးပါးကို ထပ်ပြီး ဆွေးနွေးကြမယ်။ မဆွေးနွေးခင် အဲဒီမင်္ဂလာတွေနဲ့ဆိုင်တဲ့ ကဗျာလေးကို အရင်ဆိုကြည့်ကြရအောင်”ဟု ပြော ကာ ကျောင်းသားကိုင်စာအုပ်တွင် ပါဝင်သည့် လူမှုရေးမင်္ဂလာ ကဗျာကို ရွတ်ဆိုကြပါစေ။

လူမှုရေးမင်္ဂလာ

သုံးတန် စေတနာ ဖြူစင်လန်းလို့၊
ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊
သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊
သင်္ဂဟတရားနဲ့ ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး လူထုအကျိုး၊
သယ်ပိုးရွက်ဆောင်စေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။

֍ ကဗျာရွတ်ဆိုပြီးသောအခါ ကဗျာ၏ဆိုလိုရင်းကို ကလေးများအား မေးမြန်းဆွေးနွေးပြီး နားလည်သလို ပြန်လည် ပြောကြပါစေ။

֍ ကလေးများ ပြောပြီးသောအခါ ကဗျာပါ အကြောင်းအရာများကို ကလေးများ နားလည်လွယ်အောင် ဥပမာများဖြင့် ဖြည့်စွက်ဆွေးနွေးပေးပြီး အောက်ပါအချက်များ ပါဝင်စေလျက် စာသင်ချိန်ကို အဆုံးသတ်ပါ။

လူမှုရေးမင်္ဂလာလေးပါး

၁။ ပေးကမ်းလှူဒါန်းခြင်း၊
၂။ ကောင်းသော အကျင့်၊ မှန်ကန်သော အကျင့်ကို ကျင့်ခြင်း၊
၃။ ဆွေမျိုးများအား ကူညီထောက်ပံ့ခြင်း၊
၄။ လူအများ အကျိုးရှိစေမည့် ကောင်းသော အလုပ်၊ အပြစ်ကင်းသော လူမှုရေးအလုပ်များကို လုပ်ဆောင်ခြင်း။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ ဇာတ်လမ်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “အခု လူမှုရေးမင်္ဂလာ လေးပါးကို သိသွားကြပြီ။ ဒီလူမှုရေးမင်္ဂလာတွေထဲက ဘယ်အချက်ကို ကျင့်သုံးသင့်တယ် ဆိုတာသိရအောင် ဒီဇာတ်လမ်းကို ဖတ်ကြည့်ကြရအောင်”ဟု ပြော၍ ကလေးများ ဖတ်ကြပါစေ။ (ဇာတ်လမ်းထဲတွင် ကလေးများ နားမလည်သော စကားလုံးများပါရှိပါက ရှင်းပြပေးပါ။)

အသက်ရှည်ကြောင်း နည်းလမ်းကောင်းများ

ဟိုးရှေးရှေးတုန်းက “ဓမ္မပါလ” လို့အမည်တွင်တဲ့ ရွာလေးတစ်ရွာရှိတယ်။ တရားစောင့်တဲ့ သူတွေနေလို့ ဓမ္မပါလရွာလို့ခေါ်တယ်။ အဲဒီရွာက ဇနီးမောင်နှံမှာ သားလေးတစ်ယောက် ရှိတယ်။ သားလေး အရွယ်ရောက်တဲ့အခါ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံမှာ ပညာသင်ဖို့ စေလွှတ်ခဲ့တယ်။ သားငယ်လုလင်ဟာ အတတ်ပညာများကို ကြိုးစားဆည်းပူးပြီး လက်ထောက်ကထိကဆရာ ဖြစ်သွားတယ်။

တစ်နေ့တော့ပါမောက္ခဆရာကြီးရဲ့ သားငယ်တစ်ယောက် ဆုံးသွားတယ်။ လုလင်က “ဆရာကြီးရဲ့ သားဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာကြောင့် သေဆုံးသွားရတာလဲ” ဆိုပြီး သူ့တပည့်တွေကိုအံ့ဩစွာမေးတယ်။ ဒီအခါ တပည့်တွေက “ဆရာကလည်း လူဆိုတာ သေမျိုးချည်းပဲ၊ ကြီးကြီးငယ်ငယ် သေမှာပဲ”လို့ ပြန်ပြောကြတယ်။ ဒါကို လုလင်က သဘောမကျ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရွာမှာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေရိုးထုံးစံ မရှိလို့ပဲ ဖြစ်တယ်။

လုလင်တို့ရဲ့ ဓမ္မပါလရွာမှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေရိုးထုံးစံ မရှိဘူးဆိုတာကို ကြားရတော့ ဒိသာ ပါမောက္ခဆရာကြီးက မယုံနိုင်ဘူး။ ဒါကြောင့် “လက်တွေ့သိရအောင် စုံစမ်းမယ်”ဆိုပြီး ဆိတ်ရိုးတွေကို လွယ်အိတ် ထဲထည့်ကာ ဓမ္မပါလရွာကို ထွက်လာခဲ့တယ်။

ဓမ္မပါလရွာကိုရောက်တော့ လုလင်ရဲ့ မိဘတွေဆီ သွားပြီး “သင်တို့သားဟာ မမျှော်လင့်ဘဲ ရောဂါတစ်ခုနဲ့ သေဆုံးသွားပါတယ်”လို့ သတင်းပေးစကားပြောပြီး လွယ်အိတ်ထဲက အရိုးတွေကို ထုတ်ပြတယ်။ ဒီအခါ လုလင်ရဲ့ ဖခင်က အားရပါးရ ရယ်မောကာ “မဖြစ်နိုင်တာကို မပြောပါနဲ့ ဆရာကြီးရယ်၊ ကျွန်ုပ်ရဲ့ သားဟာ အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ သေဆုံးတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ ကျွန်ုပ်တို့မျိုးရိုး၊ ကျွန်ုပ်တို့ရွာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရိုးထုံးစံ မရှိပါဘူး၊ ဒီအရိုးတွေကလည်း သတ္တဝါတစ်ကောင်ကောင်ရဲ့ အရိုးတွေသာ ဖြစ်နိုင်ပါတယ်”လို့ ပြော လိုက်တယ်။

ဒီအခါကျမှ ဆရာကြီးက သူရောက်လာရတဲ့ အကြောင်းအရင်းအမှန်ကို ပြောပြပြီး ဓမ္မပါလရွာမှာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေရိုးထုံးစံ မရှိရတဲ့အကြောင်းရင်းကိုလည်း မေးမြန်းတယ်။ လုလင်ရဲ့ ဖခင်က “ဆရာကြီး၊ ကျွန်ုပ်တို့ဟာ သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးယူခြင်း၊ လိမ်ညာ ပြောဆိုခြင်း၊ အပြောအဆို ကြမ်းတမ်းခြင်း၊ အရက် သေစာ သောက်စားမူးယစ်ခြင်း၊ သူတစ်ပါးသားမယားကို လွန်ကျူးစော်ကားခြင်း စတဲ့ ဒုစရိုက်တရားတွေကို ရှောင်ကြဉ်ပြီး ကောင်းတဲ့သုစရိုက်တရားတွေကိုသာ ဆောင်ရွက်ပါတယ်။ ဒါ့အပြင် ရဟန်းသံဃာတွေ၊ သူတော်စင်သူတော်ကောင်းတွေ၊ ခရီးသွားလာသူတွေ၊ တောင်းရမ်း စားသောက်သူတွေ၊ သူဆင်းရဲတွေကို လှူဒါန်းပေးကမ်းတာတွေ အခါမပြတ် ပြုလုပ်ကြပါတယ်။ ဒီလိုမြင့်မြတ်တဲ့အကျင့် ... သုစရိုက်တရားတို့ကိုသာ လုပ်ဆောင်တတ်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်မသေရခြင်း ဖြစ်တယ်”လို့ ရှင်းပြပေးတယ်။ ပြီးတော့ပါမောက္ခဆရာကြီးကိုလည်း ဧည့် ဝတ်ကျေပွန်စွာ ကျွေးမွေးဧည့်ခံတယ်။

ဆရာကြီးလည်း ပုဏ္ဏားကြီး ပြောပြသမျှ “ဓမ္မပါလ” ရွာသူရွာသားများရဲ့ ကောင်းမှ သုစရိုက်ကျင့်စဉ်တရား တွေကို ပေလွှာပေါ်မှာ ရေးမှတ်ထားပြီး အသက်ရှည်နည်းအဖြစ် မှတ်တမ်းတင်ကာ တက္ကသိုလ်ပြည်ကို ဝမ်းမြောက် ဝမ်းသာ ပြန်လာခဲ့ပါတယ်။

မှီငြမ်း။ ။ မဟာဓမ္မပါလဇာတ်၊ ပုံတော်စုံ ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ တတိယတွဲ၊ ၆၆၄။ ဇာ၊ဋ္ဌ၊၄၊၄၉။

֍ အောက်ပါမေးခွန်းများကို မေးပါ။

-“ဓမ္မပါလ”ဆိုတာ ဘာ အဓိပ္ပာယ်လဲ။
-လုလင်ဟာ ဘယ်မှာ ပညာသွားသင်သလဲ။
-ဒိသာပါမောက္ခဆရာကြီးက အသက်ရှည်ခြင်း အကြောင်းအရင်းကို သိရအောင် ဘယ်လို စုံစမ်းခဲ့သလဲ။
-ဓမ္မပါလရွာမှာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေရိုးထုံးစံ မရှိတာ ဘာကြောင့်လဲ။
-ဓမ္မပါလရွာသူ ရွာသားတွေဟာ လူမှုရေးမင်္ဂလာလေးပါးထဲက ဘယ်မင်္ဂလာတရားကို လက်တွေ့ကျင့်သုံးကြ တယ်လို့ ထင်သလဲ။
-ဒီဇာတ်လမ်းကနေ ဘယ်လိုသင်ခန်းစာတွေ ရရှိလိုက်သလဲ။
-ဇာတ်လမ်းကို ဖတ်ပြီးတဲ့အခါ သားတို့သမီးတို့ရဲ့ နေ့စဉ်လူမှုဘဝမှာ ဘယ်လို ကျင့်ကြံနေထိုင်သင့်တယ်လို့ ထင်သလဲ။ ဘာကြောင့်လဲ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ စာရွက်လွတ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အသက်ရှည်ကြောင်း နည်းလမ်းကောင်းများ ဇာတ်လမ်းကို ကလေးများ မှတ်မိသလောက် ပြန်လည်ပြောပြကြပါစေ။

֍ ထို့နောက် ကလေးများအား သင့်လျော်သလို အုပ်စုဖွဲ့ပါ။

֍ လူမှုရေးမင်္ဂလာတရား လေးပါးနှင့်ပတ်သက်၍ မိမိတို့ ပြုလုပ်ခဲ့ဖူးသည့် လုပ်ဆောင်ချက်များကို အုပ်စုတွင်း ဆွေးနွေးစေပြီး ရေးကြပါစေ။

֍ အဖွဲ့အသီးသီး၏ ဆွေးနွေးရေးသားထားသော စာရွက်များကို သင်ပုန်းတွင် ကပ်ပါစေ။ ထို့နောက် အုပ်စုကိုယ်စား လှယ် အားလုံးက ရှေ့သို့ထွက်လာပြီး မိမိ၏ စာရွက်ရှေ့တွင် ရပ်နေပါစေ။ ကိုယ်စားလှယ်တစ်ယောက် တင်ပြ နေချိန်တွင် အခြားကိုယ်စားလှယ်များက မိမိစာရွက်တွင် ရေးသားထားသော အချက်များနှင့် တူသောအချက်များကို မှတ်သားထားပြီး မိမိအလှည့်ရောက်လျှင် မတူသောအချက်များကိုသာ တင်ပြပါစေ။

֍ ကလေးများအားလုံး တင်ပြပြီးသောအခါ ဆရာက “သားတို့၊ သမီးတို့ ... အခုတင်ပြသွားတဲ့ အချက်တွေဟာ တကယ်လုပ်ခဲ့ဖူးတာတွေ ဖြစ်တဲ့အတွက် နောင်လည်း ဆက်ပြီးတော့ လုပ်နိုင်အောင် ကြိုးစားကြရမယ်” ဟု ပြောပြီး သင်ခန်းစာကို အဆုံးသတ်ပါ။