ဝက္ကလိတ္ထေရဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁၁။ ဝက္ကလိတ္ထေရဝတ္ထု
325484ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဘိက္ခုဝဂ် — ၁၁။ ဝက္ကလိတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁၁။ ဝက္ကလိမထေရ်ဝတ္ထု

ပါမောဇ္ဇဗဟုလောအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဝက္ကလိမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သဒ္ဓါတရား လွန်ကဲသော ဝက္ကလိမထေရ်

ထိုအရှင်ဝက္ကလိမထေရ်သည် သာဝတ္ထိပြည်ဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ ရောက်လတ်သည်ရှိသော် ဆွမ်းအလို့ငှာ ကြွဝင်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရသဖြင့် မြတ်စွာဘုရား၏ ကိုယ်တော်၏ တင့်တယ်စွာ ပြည့်စုံခြင်းကို ကြည့်ရှုပြီးလျှင် ကိုယ်တော်၏ ပြည့်စုံခြင်းကို ဖူးမြင်ရခြင်းဖြင့် မရောင့်ရဲနိုင်ရကား “ဤသို့ ပြုသည်ရှိသော် ငါသည် အခါခပ်သိမ်း အမြဲမပြတ် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ ရပေလတ္တံ့”ဟု နှလုံးပြု၍ မြတ်စွာဘုရား၏ အထံတော်၌ ရဟန်းပြုပြီးလျှင် အကြင်အရပ်၌ တည်သောသူသည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ တတ်ကောင်း၏။ ထိုအရပ်၌ တည်လျက် သရဇ္ဈာယ်ခြင်း, ကမ္မဋ္ဌာန်းစီးဖြန်းခြင်း, နှလုံးသွင်းခြင်းစသည်တို့ကို ပယ်စွန့်ကာ မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်လျက်သာ လှည့်လည်နေသတတ်။ မြတ်စွာဘုရားသည် ထိုဝက္ကလိရဟန်း၏ ဉာဏ်ရင့်ခြင်းကို ဆိုင်းငံ့တော်မူလျက် တစ်စုံတစ်ခုသော စကားကို မိန့်တော်မမူဘဲ “ယခုတစ်မူကား ထိုဝက္ကလိရဟန်း၏ ဉာဏ်ရင့်သန်ခြင်းသို့ ရောက်လတ်ပြီ”ဟု သိတော်မူလတ်သည်ရှိသော် “ချစ်သားဝက္ကလိ- ဤပုပ်သောကိုယ်ကို ဖူးမြင်ခြင်းဖြင့်၊ ဝါ-သင်ဖူးမြင်အပ်သော ဤပုပ်သောကိုယ်ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း။ ချစ်သား ဝက္ကလိ- အကြင်သူသည် စင်စစ် တရားကိုမြင်၏။ ထိုသူသည် ငါဘုရားကို ဖူးမြင်သည်မည်၏။ အကြင်သူသည် တရားကို မမြင်၊ ထိုသူသည် ငါဘုရားကို ဖူးမြင်ရသည်မမည်”ဟု မိန့်ဆိုတော်မူလျက် ဆုံးမတော်မူလေ၏။ ထိုဝက္ကလိရဟန်းသည် ဤသို့ပင် ဆုံးမသော်လည်း မြတ်စွာဘုရားအား ဖူးမြင်ခြင်းကိုပယ်စွန့်၍ အရပ်တစ်ပါးသို့ ဖဲသွားခြင်းငှာ မတတ်နိုင်သည်သာတည်း။

ဝက္ကလိမထေရ်ကို နှင်ပစ်ခြင်း

ထိုအခါ ဝက္ကလိရဟန်းကို မြတ်စွာဘုရားသည် “ဤရဟန်းကား ထိတ်လန့်ခြင်းကိုမရမူ၍ မကျွတ်လတ္တံ့”ဟု ဝါဆိုအံ့သောအခါ နီးကပ်လတ်သည်ရှိသော် ရာဇဂြိုဟ်ပြည်သို့ ကြွတော်မူပြီးလျှင် ဝါကပ်အံ့သောနေ့၌ “ဝက္ကလိ- ဖဲချေလော့၊ ဝက္ကလိ- ဖဲချေလော့”ဟု မြွက်ဆို၍ နှင်ထုတ်တော်မူလေ၏။ ထိုဝက္ကလိရဟန်းသည် “ငါ့ကို မြတ်စွာဘုရားသည် စကားမြွက်ဆိုတော်မူခြင်းကို ပြုတော်မမူ၊ ထို့ကြောင့် သုံးလပတ်လုံး မြတ်စွာဘုရား၏ မျက်မှောက်တော်၌ နေခြင်းငှာ မတတ်ကောင်း၊ ငါ့အား အသက်ရှင်ခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ တောင်ထက်မှ ကိုယ်ကို ပစ်ချပေတော့အံ့”ဟု ဂိဇ္ဈကုဋ်တောင်ပေါ်သို့ တက်သွားလေ၏။ မြတ်စွာဘုရားသည် ထိုဝက္ကလိမထေရ်၏ စိတ်ပင်ပန်းသောအဖြစ်ကို သိတော်မူ၍ “ဤရဟန်းသည် ငါဘုရား၏အထံ၌ သက်သာရာကို မရသည်ရှိသော် မဂ်ဖိုလ်တို့၏ အကြောင်းဥပနိဿယကို ဖျက်ဆီးပစ်ရာ၏”ဟု ကိုယ်တော်ကို ပြခြင်းငှာ ရောင်ခြည်တော်ကို လွှတ်တော်မူလေ၏။ ထိုအခါ၌ ဝက္ကလိမထေရ်သည် မြတ်စွာဘုရားအား ဖူးမြင်ရသောအခါမှစ၍ ထိုရွေ့လောက် ကြီးကျယ်သော စိုးရိမ်ခြင်းကိုသော်လည်း ပယ်ဖျောက်အပ်လေ၏။ ဘုရားရှင်သည် သွေ့ခြောက်လေပြီးသော တစ်ဖက်ဆည်ကန်ကို ရေအလျဉ်ဖြင့် ပြည့်စေဘိသကဲ့သို့ ဝက္ကလိမထေရ်အား အားကြီးစွာသော နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စိမ့်သောအကျိုးငှာ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၃၈၁] ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။
အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

ပါမောဇ္ဇဗဟုလော၊ များသော နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်းရှိသော။ ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။ ပသန္နော၊ ကြည်ညိုနှစ်သက်သော။ ဘိက္ခု၊ ရဟန်းသည်။ သင်္ခါရူပသမံ၊ သင်္ခါရတို့ ငြိမ်းရာဖြစ်သော။ သုခံ၊ ချမ်းသာခြင်းတို့၏ အထွတ်ဖြစ်သော။ သန္တံ၊ ငြိမ်သက်သော။ ပဒံ၊ နိဗ္ဗာန်ကို။ အဓိဂစ္ဆေ၊ ရရာ၏။

ဝက္ကလိမထေရ် ရဟန္တာဖြစ်ခြင်း

ဤဂါထာကို ဟောကြားတော်မူပြီးလျှင် မြတ်စွာဘုရားသည် ဝက္ကလိမထေရ်အား လက်တော်ကို ဆန့်တန်းတော်မူလျက်-

ဧဟိ ဝက္ကလိ မာ ဘာယိ၊ သြလောကေဟိ တထာဂတံ။
အဟံ တံ ဥဒ္ဓရိဿာမိ၊ ပင်္ကေ သန္နံဝ ကုဉ္ဇရံ။

ဧဟိ ဝက္ကလိ မာ ဘာယိ၊ သြလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿာမိ၊ ရာဟုဂ္ဂဟံဝ သူရိယံ။

ဧဟိ ဝက္ကလိ မာ ဘာယိ၊ သြလောကေဟိ တထာဂတံ။
အဟံ တံ မောစယိဿမိ၊ ရာဟုဂ္ဂဟံဝ စန္ဒိမံ။

ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားကို။ သြလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ပင်္ကေ၊ ညွန်ပျောင်း၌။ သန္နံ၊ ကျွံနစ်သော။ ကုဉ္ဇရံ ဣဝ၊ ဆင်ပြောင်ကြီးကိုကဲ့သို့။ ဥဒ္ဓရိဿာမိ၊ ကိလေသာညွန်ပျောင်းမှ ထုတ်ဆယ် ကယ်တင်တော်မူပေအံ့။

ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားကို။ သြလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ရာဟုဂ္ဂဟံ၊ ရာဟုအသူရိန်ဖမ်းသော။ သူရိယံ ဣဝ၊ နေမင်းကိုကဲ့သို့။ မောစယိဿာမိ၊ ကိလေသာဖမ်းခြင်းမှ လွတ်မြောက်စေတော့အံ့။

ဝက္ကလိ၊ ချစ်သားဝက္ကလိ။ ဧဟိ၊ လာလှည့်ချေလော့။ မာ ဘာယိ၊ မကြောက်လင့်။ တထာဂတံ၊ ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ငါဘုရားကို။ သြလောကေဟိ၊ ဖူးမြင်လေလော့။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ ရာဟုဂ္ဂဟံ၊ ရာဟုအသူရိန်ဖမ်းသော။ စန္ဒိမံ ဣဝ၊ လမင်းကိုကဲ့သို့။ မောစယိဿာမိ၊ ကိလေသာဖမ်းခြင်းမှ လွတ်မြောက်စေတော့အံ့။

ဟူသော ဤဂါထာတို့ကိုလည်း ဟောကြားတော်မူလေ၏။ ထိုဝက္ကလိမထေရ်သည် “မြတ်စွာဘုရားကို ငါဖူးမြင်ရချေပြီ။ လာလှည့်ချေလော့ဟူ၍ ခေါ်ခြင်းကိုလည်း ရအပ်ပေပြီ”ဟု အားကြီးသော နှစ်သက်ခြင်းကို ဖြစ်စေပြီးလျှင် “အဘယ်ခရီးဖြင့် သွားရပါအံ့နည်း”ဟု သွားစရာလမ်းခရီးကို မမြင်သောကြောင့် မြတ်စွာဘုရား၏ ရှေးရှုမျက်မှောက် ကောင်းကင်၌ ပျံတက်ခုန်ချသဖြင့် ရှေးဦးစွာဖြစ်သော ခြေသည် တောင်ထိပ်၌ တည်စဉ်သာလျှင် မြတ်စွာဘုရားသည် ဟောကြားတော်မူသော ဂါထာကို ဆင်ခြင်လျက် ကောင်းကင်ဖြင့်သာလျှင် ပီတိကိုခွာ၍ ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုးလျက်သာလျှင် သက်ဆင်းကျလာ၍ မြတ်စွာဘုရား၏ အထံတော်၌ တည်လေ၏။

ထို့နောက် ဝက္ကလိမထေရ်ကို မြတ်စွာဘုရားသည် နောက်အဖို့၌ သဒ္ဓါလွန်သော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံးဟူသောအရာ၌ ထားတော်မူလေ၏။

(တစ်ပါးသောပုဂ္ဂိုလ်တို့အား သဒ္ဓါတရား တိုးတက်အောင် ပြုရ၏။ ဤဝက္ကလိ မထေရ်အားကား သဒ္ဓါတရား လျော့ပါးသွားအောင်ပြု၍ မရ။ ထို့ကြောင့် သဒ္ဓါလွန်ကဲသောအရာ၌ ဧတဒဂ်ရ၏ဟု အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ဆို၏။)

ဝက္ကလိမထေရ်ဝတ္ထုပြီး၏။