ဝိသုံဂါမ သီမာဝိနိစ္ဆယ/ဝိသုံဂါမ အယူမှားများ

ဝိသုံဂါမ သီမာဝိနိစ္ဆယ
by အဘယာရာမဆရာတော်
၁၃။ ဝိသုံဂါမ အယူမှားများ
348216ဝိသုံဂါမ သီမာဝိနိစ္ဆယ — ၁၃။ ဝိသုံဂါမ အယူမှားများအဘယာရာမဆရာတော်

     ထိုသို့ သမုတ်လာကြရာ အချို့သော သဒ္ဓါတရားနည်းပါး၍ မြေကို မိမိတို့သာ အကြွင်းမဲ့ပိုင်ဆိုင်သည်ဟု အထင်မှားသော မင်းတို့လက်ထက်၌ ဝိသုံဂါမပေးက မြေဆုံးသည်ဟု ထင်သောကြောင့် မပေးဘဲရှိရာ အချို့ မထေရ်တို့သည် ပရိယာယ် တာဝကာလိကပြု၍ နယ်ခွဲကာမျှဖြင့်ပင် အပ်သည်ဟုထင်၍ ထိုကဲ့သို့ ပြုလုပ်ကြကုန်၏။ ထိုကိုရည်၍ ဝိနယာလင်္ကာရဋီကာ၌ ကေစိဝါဒ အပရေဝါဒပြုလုပ်၍ ပြဆိုသည်။ ပရိယာယ်မျှ မဟုတ်ဘဲ ရာဇနီတိနှင့်အညီ ပေးသော ဝိသုံဂါမကိုရည်၍မဆို၊ ထိုအကြောင်းကို “ကေဝလံ ဘိက္ခူနံ အနုမတိယာ တာဝကာလိကဝသေနေဝ ဩကာသံ ကရောတိ”ဟု ကေစိ ဝါဒ၌ ပြအပ်သောစကားကိုထောက်၍ သိအပ်၏၊ ထို့ကြောင့် မြန်မာ ရာဇဝံသ, သာသနဝံသတို့ကို မသိဘဲလျက် “ဝိနယာလင်္ကာရဋီကာ ဆရာသည်ပင် မြန်မာပြည်၌ ဝိသုံဂါမသိမ်သမုတ်နည်းကို ပယ်ဖျက် အပ်ပြီ”ဟု ပရဝါဒီစွပ်စွဲသောစကားကို မမှတ်အပ်။

     ဝိနယာလင်္ကာရဋီကာ၌ကား နိဂမ, နဂရသိမ်ဖြစ်၍ များစွာသော ရဟန်းတို့ဖြင့် ပြွမ်းသောကြောင့် သုဓ်သင်ခြင်းငှါခဲယဉ်းမူ မင်းတို့သည် ပိုင်းခြားအပ်သော ဝိသုံဂါမကို သုဓ်သင်၍ သမုတ်အပ်ကြောင်းကို "ယဒိ ပန ပကတိဂါမသီမာ အတိဝိတ္ထာရာ ဟောတိ နိဂမသီမာ နဂရသီမာ ဝါ ဟောန္တိ ဗဟူနံ ဘိက္ခူနံ နိသိန္နဋ္ဌာနသဉ္စရဏဋ္ဌာနတ္တာ သောဓေတုံ ရက္ခိတုံ ဝါ န သက္ကောန္တိ၊ ဧဝဥ သတိ ပထဝိဿရရာဇူဟိ ပရိစ္ဆိန္နာယ ဝိသုံဂါမသီမာယ သုဋ္ဌု သောဓေတွာ သုရက္ခိတံ ကတွာ သီမာသမူဟနနသီမာသမ္မုတိကမ္မံ ကာတဗ္ဗံ”ဟု မိန့်ဆို၏။

     ဤ၌ မြို့ကြီးတို့၌နေသောရဟန်းတို့သည် သုဓ်သင်ခြင်းငှါ ခဲယဉ်း သောကြောင့် ထို၌ သိမ်မမှတ်နိုင်လျှင် တောရွာသို့သွား၍ သိမ်သမုတ်ရမည်ဟု ဆိုလိုသည်မဟုတ်၊ ထိုမြို့ကြီး၏အတွင်း၌ပင် သိမ်သမုတ်ရန် ဒါယကာတို့ကို ဝိသုံဂါမတောင်းခံစေ၍ မင်းက ရာဇနီတိနှင့်အညီ ပိုင်းခြား၍ပေးအပ်သော ဝိသုံဂါမ၌ သိမ်သမုတ်ရမည် ဆိုလိုသည်။

     အချို့သူတို့သည် ဝိမတိဝိနောဒနီဋီကာ(ဝိမတိ၊ ၂။ ၁၅ရ။) ၌ “သာ စ ရာဇိစ္ဆာဝသေန ပရိဝတ္တိတွာ သမုပ္ပန္နာ အဘိနဝါ ဣတရာ စ အပရိဝတ္တာ ပကတိဂါမသီမာ စ”ဟု ဆိုသောကြောင့် ရဟန်းတို့၏ ပယောဂမရှိဘဲလျက် မင်း၏ အလိုအလျောက် ခွဲဝေပေးကမ်းသော ရွာသည်သာ ဝိသုံဂါမဟု ဆိုကုန်၏။ ထိုသူတို့သည် လောက, သာသနာနှစ်ပါး၌ ထင်ရှားသော ပေးခြင်း, ယူခြင်းလက္ခဏာကိုမျှ မသိသောသူတို့တည်း။ 'ရာဇိစ္ဆာဝသေန'ဟူသောစကားဖြင့် နယ်ကို ခွဲနိုင်, ပေါင်းနိုင်သော အမိန့်အာဏာမရသော လက်အောက် အစိုးရ ငယ်တို့သည် တံစိုးစား၍ ခွဲပေးသောရွာ၊ ရွာသားတို့၏ အလိုအလျောက် ခွဲသောရွာ၊ တစ်ခုသော ရွာနယ်အတွင်း၌ နောက်ထပ် အသစ်တည်ထောင်သော ရွာတို့သည် မင်းက အသိအမှတ်ပြု၍ နယ်သီးမပြုသမျှ ကာလပတ်လုံး ဝိသုံဂါမ မဖြစ်ကုန်ဟု ဋီကာဆရာပြသည်ဟု မှတ်အပ်၏။

     အချို့သူတို့သည် “ဧတ္တကကရီသမတ္တော ပဒေသော ပုရိမဂါမတော ဝိသုံဂါမော ဟောတူတိ”ဟုဆိုသော ဝိနယာလင်္ကာရ ဋီကာကိုမှီ၍ ယုတ်သောအပိုင်းအခြားအားဖြင့် တစ်ကရီသကျယ်မှ ဝိသုံဂါမသီမာဟု ယုတ္တိသာဓကမရှိသောစကားကို ဆိုကုန်၏၊ ဋီကာ၌ "ဧတ္တကကရီသ မတ္တော’ဟူသောစကားသည် သန္နိဋ္ဌာနစကား မဟုတ်၊ လောက၌ ဤရွာနယ်သည် လေးကရီသရှိ၏, ငါးကရီသရှိ၏ စသည်ဖြင့် ပြောဆိုသော လောကဝေါဟာရမျှကိုလိုက်၍ ဆိုသောစကားသာ ဖြစ်၏၊ ထိုသူတို့၏ အဆိုအတိုင်းဖြစ်လျှင် အောက်၌ပြဆိုခဲ့သော ပါဠိ အဋ္ဌကထာတို့နှင့် ဆန့်ကျင်သည့်ပြင် ကရိသအပိုင်းအခြားကို ဧကန္တ နိယမ သိနိုင်ရန်ခဲယဉ်း၍ ယုံမှားဘွယ်ကို များစွာဖြစ်စေခြင်းစသော အပြစ်တို့နှင့်ယှဉ် သောကြောင့် ဋီကာစကားကို ပယ်ဖျက်ပစ်လိုက်ရ ရာ၏။

     ယုံမှားဘွယ်တို့ကိုပြပေးအံ့။ မာဂဓအဘိဓာန်၌ “ကရိသံ စတုရမ္မဏံ”ဟု ဆိုသောကြောင့် လေးအမ္မဏ မျိုးစပါးကြဲလောက်သော အရပ်သည် တစ်ကရီသမည်၏၊ “ဧကာဒသဒေါဏာ တု အမ္ဗဏံ”ဟု ၎င်း၌ ဆိုသောကြောင့် တစ်အမ္ဗဏ၌ (၁၁)ဒေါဏရှိ၏။ ထို့ကြောင့် ထို ဆရာ့အလို မျိုးစပါး(၄၄)ဒေါဏ ကြဲလောက်သောအရပ်သည် တစ်ကရီသ ဖြစ်ရာ၏။ အရှင်ဓမ္မပါလဆရာကမူ မဟာပရိနိဗ္ဗာနသုတ် ဋီကာ (ဒီ၊ ဋီ၊ ၂။ ၁၈၁။) ၌ “ဒွိကုမ္ဘံ သကဋံ၊ ကုမ္ဘော ပန ဒသမ္ပဏောတိ ဝဒန္တိ”ဟူ၍၎င်း၊ မဟာဂေါဝိန္ဒသုတ်ဋီကာ (ဒီ၊ ဋီ၊ ၂။ ၂၁၈။ ) ၌ “သကဋသဟဿမတ္တန္တိ ဝါဟသဟဿမတ္တံ၊ ဝါဟော ပန ဝီသတိ ခါရီ၊ ခါရီ သောဠသဒေါဏမတ္တာ၊ ဒေါဏံ သောဠသ နာဠိယော ဝေဒိ တဗ္ဗော၊ ကုမ္ဘံ ဒသမ္ဗဏာနိ . သဟဿနာဠိယောတိ ကေစိ”ဟူ၍ ၎င်းဆို၏။ ဤဋီကာတို့၌ ဒွိကုမ္ဘနှင့် ဝါဟသည် အတူတူဖြစ်၍ ဧကကုမ္ဘနှင့် ဒသခါရိညီမျှ၏၊ ထို့ကြောင့် ထိုဆရာ၏အလိုအားဖြင့် (၆၄)ဒေါဏ မျိုးစပါးကြဲလောက်သော အရပ်သည် တစ်ကရီသဖြစ်ရာ၏။

     ဤဆရာ၏ဝါဒသည် ပြဆိုလတံ့သော အဋ္ဌကထာတို့၌ ညီညွတ်၏။ ညီညွတ်ပုံကား မဟာပရိနိဗ္ဗာနသုတ္တဋ္ဌကထာ (ဒီ၊ ဋ္ဌ၊ ၂။ ၁ရ၈။) ၌ “တေသု ခတ္တိယမဟာသာလာ နာမ ယေသံ ကောဋိသတမ္ပိ ကောဋိသဟဿမ္ပိ ဓနံ နိခဏိတွာ ဌပိတံ၊ ဒိဝသပရိဗ္ဗယော (ဧကံ ကဟာပဏသကဋံ နိဂ္ဂစ္ဆတိ) သာယံ ဒွေ ပဝိသန္တိ၊ ဗြာဟ္မဏ မဟာသာလာ နာမ ယေသံ အသီတိကောဋိဓနံ နိဟိတံ ဟောတိ၊ ဒိဝသပရိဗ္ဗယော(ဧကော ကဟာပဏကုမ္ဘော နိဂ္ဂစ္ဆတိ) သာယံ ဧကသကဋံ ပဝိသတိ”ဟု မိန့်ဆို၏။ ဓမ္မဟဒယဝိဘင်္ဂဋ္ဌကထာ၌ “ယဿ ပန ဂေဟေ ပစ္ဆိမန္တေန အသီတိကောဋိဓနံ နိဓာနဂတံ ဟောတိ ကဟာပဏာနဉ္စ (ဒသမ္ဗဏာနိ ဒိဝသဝဠာ နိက္ခမတိ) အယံ ဗြာဟ္မဏမဟာသာလော နာမ၊ ယဿ ပန ဂေဟေ ကောဋိ သတဓနံ နိဓာနဂတံ ဟောတိ ကဟာပဏာနဉ္စ(ဝီသတိအမ္ဗဏာနိ ဒိဝသဝဠ​​ဉ္ဇော နိက္ခမတိ) အယံ ခတ္တိယမဟာသာလော နာမ”ဟု မိန့်ဆို၏။

     ဤအဋ္ဌကထာနှစ်ရပ်ကို စပ်ဟပ်နှီးနှောလိုက်လျှင် ဝီသတိ အမ္ပဏနှင့် ဧကသကဋ၊ ဒသမ္ဗဏနှင့် ဧကကုမ္ဘ ညီမျှ၏။ သုတ္တနိပါတ ကောကာလိကသုတ္တဋ္ဌကထာ၊ သဂါထာဝဂ္ဂ ဗြဟ္မသံယုတ္တ ကောကာလိကသုတ္တဋ္ဌကထာ၊ ဒသင်္ဂုတ္တရ ထေရဝဂ္ဂ ကောကာလိကသုတ္တဋ္ဌကထာ တို့၌ “တိလဝါဟောတိ တိလသကဋံ”ဟု ဘွင့်သောကြောင့်၎င်း၊ အဘိဓာန်၌ “ဝါဟော တု သကဋော”ဟု ဆိုသောကြောင့်၎င်း ဝါဟနှင့် သကဋသည် ပရိယာယ်ဖြစ်၏။ “ခါရိယောဝီသ ဝါဟော”ဟု ထို၌ ဆိုသောကြောင့် ခါရီနှစ်ဆယ်သည် တစ်ဝါဟ ဖြစ်၏၊ ထိုသို့ဖြစ်လျှင် ဝီသတိခါရီနှင့် ဝီသတိအမ္ဗဏသည် သမာနဖြစ်၏၊ ထို့ကြောင့် အရှင်ဓမ္မပါလ၏စကားသည် ဆိုအပ်ပြီးသော အဋ္ဌကထာတို့နှင့် ညီညွတ်၏။

     အရှင်အာနန္ဒာဆရာကမူ ဓမ္မဟဒယဝိဘင်း မူလဋီကာ၌ “စတု ဒေါဏံ အမ္ဗဏံ၊ ဆ ဒေါဏန္တိ ဧကေ”ဟု မိန့်ဆို၏၊ ထိုကြောင့် ထိုဆရာ့အလိုအားဖြင့် (၁၆) ဒေါဏမျိုးစပါး ကြဲလောက်သောအရပ်သည် တစ်ကရီသ ဖြစ်ရာ၏။ ဝေဇ္ဇာစရိယ ဘာဝမိဿသည် ဘာဝပြကာသ ဆေးကျမ်း၌-
     “စတုဗ္ဘိရာဠှကေ ဒေါဏော၊ ကလသောနလွဏောမ္ဗဏော။
ဥမ္မာနော စ ဃဋော ရာသိ၊ ဒေါဏပရိယာယသညိတော။”
     ဟု အမ္ဗဏကို ဒေါဏ၏ပရိယာယ်ပြု၍ ဆိုခြင်းကြောင့် ထိုဆရာ၏ အလိုအားဖြင့် (၄)ဒေါဏ မျိုးစပါး ကြဲလောက်သောအရပ်သည် တစ်ကရီသ ဖြစ်ရာ၏။

     ဝိနယဋ္ဌကထာ သေနာသနက္ခန္ဓက၌ သာဝတ္ထိပြည် ဇေတဝနာရာမ၏ အကျယ်ပမာဏကို “အမှာကံ ဘဂဝတော သုဒတ္တော ဂဟပတိ အဋ္ဌကရီသပ္ပမာဏံ ဘူမိ ကဟာပဏသန္တရေန ကိဏိတွာ ဝိဟာရံ ကာရာပေသိ”ဟု ဆိုတော်မူ၏။ ထိုရှစ်ကရီသပမာဏကို ကြံဆလျှင် “ကကုသန္ဓဘုရားလက်ထက် တစ်ဂါဝုတ် (ဥသဘ-၈ဝ) ကောနာဂမနဘုရားလက်ထက် အဒ္ဓဂါဝုတ(ဥသဘ-၄ဝ), ကဿပ ဘုရားလက်ထက် ဥသဘ-၂ဝ၊ ငါတို့ဘုရားလက်ထက် (၈)ကရီသ" ဟု ထက်ဝက် ထက်ဝက်လျှော့၍ဆိုသော အဋ္ဌကထာစကားကို ထောက်ဆ၍ (၈) ကရီသသည် ဆယ်ဥသဘနှင့်သော်၎င်း ရှစ်ဥသဘနှင့်သော်၎င်း ညီမျှရာ၏၊ တစ်ဥသဘ၏ ပမာဏသည်လည်း ဈာနဝိဘင်္ဂအဋ္ဌကထာ၌ “သတ္တရတနာနိ ယဋ္ဌိ၊ တာယ ယဋ္ဌိယာ ဝီသတိ ယဋ္ဌိယော ဥသဘံ”ဟူ၍၎င်း မဂဓအဘိဓာန်၌ “ရတနံ တာနိ သတ္တေဝ၊ ယဋ္ဌိ တာ ဝီသတူသဘံ”ဟူ၍၎င်း ဆိုသောကြောင့် ၇-တောင် တာ ၂၀ ရှိ၏၊ ထို့ကြောင့် ကရီသတစ်ခုသည် ၇-တောင် တာ−၂ဝ (အတောင် ၁၄၀) လောက်သာရှိ၏။ ထိုပမာဏသည် ယခုတွေ့မြင်ရသော ကျောင်း တော်ရာနှင့် သင့်လျော်ညီညွတ် ထင်၏။ အိန္ဒိယကျောက်စာဝန်တို့ တိုင်းတာရေးမှတ်ထားသော စာအုပ်များနှင့်လည်း နှီးနှောနိုင်၏။ ဤသို့ ကရီသပ္ပမာဏကို ဆုံးဖြတ်ရန် ခဲယဉ်းသောကြောင့်လည်း ဋီကာ၌ဆိုသော “ဧတ္တကကရီသမတ္တော'ဟူသောစကားသည် သန္နိဋ္ဌာန စကားမဟုတ်၊ ဝေါဟာရမတ္တသာဟု နိရာသင်္က မှတ်အပ်၏။