သာမာဝတီဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အပ္ပမာဒဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁။ သာမာဝတီဝတ္ထု
324782ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အပ္ပမာဒဝဂ် — ၁။ သာမာဝတီဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁။ သာမာဝတီ မိဖုရားဝတ္ထု

အပ္ပမာဒေါ အမတံ ပဒံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ကောသမ္ဗီပြည်ကို အမှီပြု၍ ဃောသိတာရုံကျောင်းတော်၌ နေတော်မူစဉ် သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့၏လည်းကောင်း၊ မာဂဏ္ဍီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့၏လည်းကောင်း၊ ထိုမာဂဏ္ဍီ၏ ဆွေမျိုးဖြစ်ကုန်သော ငါးရာသော သူတို့၏လည်းကောင်း သေလွန်ခြင်း ပျက်စီးခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အလ္လကပ္ပမင်းနှင့် ဝေဋ္ဌဒီပကမင်းတို့ ရသေ့ရဟန်းပြုကြခြင်း

ရှေးလွန်လေပြီးသောအခါ အလ္လကပ္ပတိုင်း၌ အလ္လကပ္ပအမည်ရှိသော မင်းသည်လည်းကောင်း၊ ဝေဋ္ဌဒီပကတိုင်း၌ ဝေဋ္ဌဒီပကအမည်ရှိသော မင်းသည်လည်းကောင်း ဤနှစ်ယောက်ကုန်သော မင်းတို့သည် ပျိုမျစ်နုနယ် ငယ်ရွယ်သောကာလမှစ၍ အဆွေခင်ပွန်းတို့သာလျှင် ဖြစ်ကုန်၏။ ထိုနှစ်ယောက်သော မင်းတို့သည် တစ်ဦးသော ဆရာ၏အိမ်၌ အတတ်ပညာကို ကောင်းစွာသင်ယူ၍ မိမိခမည်းတော်တို့၏ ကွယ်လွန်သဖြင့် ထီးဖြူကိုစိုက်ထူစေ၍ ဆယ်ယူဇနာ, ဆယ်ယူဇနာကျယ်သော တိုင်းပြည်၌ အသီးသီး မင်းဖြစ်ကြကုန်၏။ ထိုမင်းနှစ်ပါးတို့သည် ရံဖန်ရံခါ ကောင်းစွာ စည်းဝေးကြ၍ တစ်ပေါင်းတည်း ရပ်ကြ, ထိုင်နေကြ, လျောင်းစက်ကြကုန်လျက် ပဋိသန္ဓေ တည်နေ ဖွားမြင်သည်လည်းဖြစ်သော စုတိပြောင်းကြွေ သေလွန်သည်လည်းဖြစ်သော လူများအပေါင်းကို မြင်ကုန်သည်ဖြစ်၍ “တမလွန်ဘဝသို့ ပြောင်းသွားသော သူ၏နောက်သို့ အစဉ်တစိုက် လိုက်ပါနိုင်သော သူမည်သည် မရှိ၊ အယုတ်သဖြင့် မိမိ၏ ကိုယ်သည်လည်း မလိုက်မပါ၊ အလုံးစုံရှိသမျှကို ပယ်စွန့်၍ သွားရ၏။ ငါတို့အား လူတို့ဘောင်၌ နေခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ ရဟန်းပြုကြကုန်အံ့”ဟု တိုင်ပင်ကြပြီးလျှင် တိုင်းပြည်တို့ကို သားမယားအား ပေးအပ်ဆောင်နှင်းခဲ့၍ ရသေ့ရဟန်း အဖြစ်ဖြင့် ရဟန်းပြုကြကုန်၍ ဟိမဝန္တာတောအရပ်၌ နေထိုင်ကုန်လျက် တိုင်ပင်ဆွေးနွေးကြကုန်သည်မှာ “ငါတို့သည် ပြည်စည်းစိမ်ကိုပယ်စွန့်၍ ရဟန်းပြုခဲ့ကြကုန်၏။ အသက်မွေးခြင်းငှာ မစွမ်းနိုင်သောကြောင့် ရဟန်းပြုကြကုန်သည် မဟုတ်ချေ။ ထိုသို့ ရသေ့ရဟန်းပြုကြကုန်သော ငါတို့နှစ်ယောက်သည် တစ်နေရာတည်း၌ အတူနေကြကုန်သည်ရှိသော် ရသေ့ရဟန်းမပြုသော သူတို့နှင့် တူကုန်သည်သာတည်း။ ထို့ကြောင့် ငါတို့သည် တခြားစီသာ နေကြကုန်အံ့၊ သင်သည် တစ်ခုသောတောင်၌ နေလော့၊ ငါသည် ဤတောင်၌ နေအံ့၊ လခွဲတစ်ကြိမ် (ဆယ့်ငါးရက်တိုင်း) ဥပုသ်နေ့၌ တစ်ပေါင်းတည်း တွေ့ဆုံခြင်း ဖြစ်ကြကုန်အံ့”ဟု တိုင်ပင်ဆွေးနွေးကြကုန်၏။

ထို့နောက် တစ်ဖန် ထိုရသေ့တို့အား ဤသို့သော တိုင်ပင်ခြင်း ဖြစ်ပြန်၏။ “ဤသို့ လခွဲတစ်ကြိမ် ပေါင်းဆုံခြင်းသည်လည်း အပေါင်းအဖော်၌ မွေ့လျော်သည်သာလျှင် ဖြစ်လတ္တံ့၊ သင်သည်ကား သင်၏တောင်၌ မီးညှိထွန်းလေလော့၊ ငါသည်လည်း ငါ၏တောင်၌ မီးကို ညှိထွန်းပြအံ့၊ ထိုမီးအမှတ်ဖြင့် ရှိသည့်အဖြစ်ကို သိကြကုန်အံ့”ဟု တိုင်ပင်ခြင်း ဖြစ်ကြပြီးလျှင် ထိုရသေ့တို့သည် တိုင်ပင်ချက်အတိုင်းပြု၍ နေကြကုန်၏။

ဝေဋ္ဌဒီပကရသေ့ စုတေသဖြင့် နတ်သားဖြစ်၍ အဖော်ရသေ့ထံလာပြီးလျှင် ဟတ္ထိကန္တစောင်းနှင့် မန္တန်ပေးခြင်း

ထို့နောက် အခါတစ်ပါး၌ ဝေဋ္ဌဒီပက ရသေ့သည် ကွယ်လွန်လေ၍ တန်ခိုးကြီးသော နတ်မင်း၏အဖြစ်ဖြင့် ဖြစ်လေ၏။ ထို့နောက် လခွဲရောက်လတ်သော် မီးကို မမြင်သောကြောင့်သာလျှင် တစ်ပါးသော အဖော် အလ္လကပ္ပ ရသေ့သည် “ငါ၏ အဖော်ဖြစ်သော ဝေဋ္ဌဒီပက ရသေ့သည်ကား သေလွန်ခြင်းကို ပြုခဲ့ပြီ”ဟု သိလေ၏။ ဝေဋ္ဌဒီပက ရသေ့သည်လည်း နတ်ဖြစ်သောခဏ၌သာလျှင် မိမိ၏ နတ်စည်းစိမ် အသရေ အထွေထွေကို သေချာစွာ ကြည့်ရှုပြီးလျှင် မိမိသည် ပြုအပ်သော ကောင်းမှုကံကို ပြန်လှန်စူးစမ်း ဆင်ခြင်သည်ရှိသော် တောထွက်သောကာလမှစ၍ မိမိသည် ကျင့်အပ်သော ခြိုးခြံသောအကျင့်ကို မြင်ရ၍ “ယခု သွားပြီးလျှင် ငါ၏အဖော်ကို ဖူးမြင်ဦးအံ့”ဟု ထိုအတ္တဘောကို စွန့်ပယ်ခဲ့၍ ခရီးသွားသော ယောက်ျားအလား ထိုအလ္လကပ္ပ ရသေ့၏အထံသို့ သွား၍ ရိုသေစွာရှိခိုးပြီးလျှင် သင့်တင့်လျောက်ပတ်သော အရပ်၌ ရပ်တည်လေ၏။

ထိုအခါ ခရီးသွားယောက်ျားကို အလ္လကပ္ပ ရသေ့သည် “သင်ကား အဘယ်အရပ်မှ လာခဲ့ပေသနည်း”ဟု မေး၏။ ခရီးသွား ယောက်ျားသည်လည်း “အရှင်ဘုရား- အသို့နည်း၊ အရှင်မြတ်သည် ဤအရပ်ဒေသ၌ တစ်ပါးတည်းသာလျှင် နေတော်မူပါသလော၊ အခြားသော တစ်စုံတစ်ယောက်သော အဖော်သည်လည်း ရှိပါသေးသလော”ဟု မေးလျှောက်လေ၏။ “ငါ့အား တစ်ယောက်သော အဖော်ရှိ၏”ဟုဆိုလျှင် “ထိုအဖော်သည် အဘယ်မှာနည်း”ဟု မေးမြန်းသဖြင့် “တစ်ခုသောတောင်၌နေ၏။ ဥပုသ်နေ့၌ကား မီးကို မညှိထွန်း၊ ကွယ်လွန်ရှာသည် ဖြစ်ပေလတ္တံ့”ဟု ပြောဆိုသည်ရှိသော် “အရှင်ဘုရား- သည်အတိုင်း ဟုတ်မှန်ပေလိမ့်မည်”ဟု လျှောက်ကြားသဖြင့် “ငါ့ရှင်- ဒါယကာ သည်အတိုင်း ဟုတ်သည်”ဟု ပြောဆိုသောအခါ ခရီးသွားယောက်ျားက “တပည့်တော်သည် အရှင်မြတ်၏ အဖော်ဖြစ်သော ထိုရသေ့ပါတည်း”ဟု လျှောက်ကြားလေ၏။

“အဘယ်အရပ်၌ ဖြစ်လေသနည်း”ဟု မေးပြန်လတ်သော် “အရှင်ဘုရား- တပည့်တော်သည် နတ်ပြည်၌ တန်ခိုးကြီးသော နတ်မင်း၏အဖြစ်ဖြင့် ဖြစ်ပါသည်။ အရှင်မြတ်ကို ဖူးမြင်ဦးအံ့ဟု ယခုတစ်ဖန် လာခဲ့သောသူ မှန်ပါသည်၊ ဤအရပ်ဌာန၌ သီတင်းသုံးနေကုန်သော အရှင်မြတ်တို့အား တစ်စုံတစ်ခုသော ဘေးရန်ဥပဒ္ဒဝေါ ရှိပါသလော”ဟု မေးလျှောက်လေ၏။ “ဪ- ရှိပေ၏ ဒါယကာ၊ ဆင်ကိုမှီ၍ ဆင်းရဲပင်ပန်း၏”ဟု ပြောဆိုသောအခါ “အရှင်ဘုရား- အရှင်မြတ်အား ထိုဆင်တို့သည် အဘယ်သို့ ပြုပါကုန်သနည်း”ဟု မေးလျှောက်ပြန်သော် “တံမြက်လှည်းအပ်သော နေရာဌာန၌ မစင်ကျင်ကြီးတို့ကို စွန့်ချခဲ့ကြကုန်၏။ ခြေတို့ဖြင့် မြေ၌ပုတ်ခတ်၍ မြေကို ယက်ကော်ထုတ်ပစ်ကြကုန်၏၊ ငါသည် မစင်ကျင်ကြီးတို့ကို ကျုံးပစ်ရသည်ဖြစ်၍လည်းကောင်း၊ မြေကို ညီညွတ်အောင် ပြုရသည်ဖြစ်၍လည်းကောင်း ဆင်းရဲပင်ပန်းပေသည်”ဟု ပြောကြားလျှင် “အသို့နည်း၊ အရှင်မြတ်တို့သည် ထိုဆင်တို့၏ မလာခြင်းကို အလိုရှိကြပါကုန်သလော”ဟု မေးလျှောက်သဖြင့် “ဒါယကာ- မလာခြင်းကို အလိုရှိသည်”ဟု မိန့်ဆိုလေသော် “ယင်းသို့ဖြစ်မူ ထိုဆင်တို့၏ မလာခြင်းကို ပြုအံ့”ဟု ဆို၍ ရသေ့အား ဆင်တို့နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းကို ဖြစ်စေတတ်သောကြောင့် ဟတ္ထိကန္တ အမည်ရှိသော စောင်းကိုလည်းကောင်း၊ ဟတ္ထိကန္တ အမည်ရှိသော မန္တန်ကိုလည်းကောင်း ပေးလေ၏။

ယင်းသို့ စောင်း,မန္တန်တို့ကို ပေးသည်ရှိသော်လည်း စောင်း၏ သုံးခုသော ညှို့တို့ကိုပြ၍ သုံးခုသော မန္တန်တို့ကို သင်ယူစေပြီးလျှင် “ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် ပြန်လည်၍ ကြည့်ရှုခြင်းငှာလည်း မဝံ့ကုန်သည်ဖြစ်၍ ဆင်တို့သည် ထွက်ပြေးကြကုန်လတ္တံ့၊ ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် (လှည့်ကြည့် လှည့်ကြည့်) နောက်၌ပြန်နစ်ကာ ကြည့်ရှုကုန်လျက် ပြေးကြကုန်လတ္တံ့၊ ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် ဆင်တို့၏ အကြီးဖြစ်သော ဆင်မင်းသည် ကျောက်ကုန်းကို ညွတ်လျက် ရှေးရှုလာလတ္တံ့၊” ဤသို့သော စကားတို့ကို မှာကြား ပြောဆိုခဲ့ပြီးလျှင် “အကြင်အမှုကို အရှင်မြတ်သည် အလိုရှိ၏၊ ထိုအမှုကို ပြုလေလော့”ဟု ပြောဆို၍ ဖဲသွားလေ၏။ အလ္လကပ္ပရသေ့သည် ပြေးစေတတ်သော မန္တန်ကို ရွတ်ဆို၍ ပြေးစေတတ်သော စောင်းညှို့ကို တီးပြီးလျှင် ဆင်တို့ကိုပြေးစေ၍ နေလေ၏။

ပူရန္တပ္ပမင်း၏ မိဖုရားကြီးအား ငှက်ဆင် ချီသွားခြင်း

ထိုအခါ ကောသမ္ဗီပြည်၌ ပူရန္တပ္ပအမည်ရှိသော မင်းသည် မင်းပြု၏။ ထိုမင်းသည် တစ်နေ့သ၌ ကိုယ်ဝန်ရှိသော မိဖုရားနှင့် အတူတကွ နေပူစာလှုံလျက် ဟင်းလင်းဖြစ်သော နန်းကြမ်းပြင်၌ နေ၏။ မိဖုရားကြီးသည် မင်းကြီး ခြုံအပ်သော အဖိုးတစ်သိန်းထိုက်သော ကမ္ဗလာနီကို သိုင်းခြုံ၍ ထိုင်နေလျက် မင်းကြီးနှင့် စကားပြောနေစဉ် မင်းကြီး၏လက်ချောင်းမှ အဖိုးတစ်သိန်းထိုက်သော မင်းကြီးလက်စွပ်ကို ချွတ်ယူ၍ မိမိလက်ချောင်း၌ ဝတ်ဆင်ထားလေ၏။ ထိုအခါ ငှက်ဆင်သည် ကောင်းကင်ခရီးဖြင့် လာခဲ့သည်ရှိသော် ပျံလာစဉ် (ကမ္ဗလာနီခြုံ၍နေသော) မိဖုရားကိုမြင်၍ သားတစ်ဟူသော အမှတ်ဖြင့် အတောင်တို့ကိုလွှတ်၍ ဆင်းသက်လေသတည်း။ မင်းကြီးသည် ထိုငှက်ဆင်၏ သက်ဆင်းသောအသံဖြင့် နေရာမှထ၍ နန်းတော်ဆောင်အတွင်းသို့ ဝင်လေ၏။ မိဖုရားသည် လေးသော ကိုယ်ဝန်ရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ ကြောက်တတ်သော သဘောရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း လျင်မြန်စွာ သွားခြင်းငှာ မစွမ်းနိုင်၊ ထိုအခါ မိဖုရားကို ငှက်ဆင်သည် ထိုးသုတ်သည်ဖြစ်၍ ခြေသည်းအကြားတည်းဟူသော ချိုင့်၌နေစေလျက် ကောင်းကင်ခရီးဖြင့် ပျံသန်းလေ၏။

ထိုမိဖုရားသည်လည်း ထိုငှက်ဆင် ဆောင်အပ်သည်ရှိသော် သေရအံ့သောဘေးမှ တွေးတောကြောက်ရွံ့သည်ဖြစ်၍ ကြံဆင်ခြင်သည်မှာ “အကယ်၍ ငါသည် ဟစ်အော်လိုက်သည် ဖြစ်အံ့၊ လူတို့၏ အသံမည်သည်ကား တိရစ္ဆာန်တို့အား အလွန် ကြောက်ရွံ့တုန်လှုပ် ထိတ်လန့်ခြင်းကို ဖြစ်စေတတ်၏။ ထိုငါ၏အသံကိုကြားလျှင် ငါ့ကို လွှတ်ပစ်လတ္တံ့၊ ထိုသို့ လွှတ်ပစ်သည်ရှိသော် ကိုယ်ဝန်နှင့်တကွသော ငါသည် အသက်ကုန်ခြင်းသို့ ရောက်ရလတ္တံ့၊ အကြင်အရပ်၌ နားနေ၍ စားခြင်းငှာ အားထုတ်လတ္တံ့၊ ထိုအခါ၌ ထိုငှက်ဆင်ကို လူသံကြားအောင်ပြု၍ ပြေးစေအံ့”ဟု ကြံဆင်ခြင်ပြီးလျှင် မိဖုရားသည် မိမိ၏ ပညာရှိသည်၏အဖြစ်ကြောင့် သည်းခံ၍သာ နေလေ၏။ ထိုအခါ၌လည်း ဟိမဝန္တာ တောအရပ်၌ အတန်ငယ်ကြီးပွား၍ မဏ္ဍပ်အခြင်းအရာဖြင့်တည်သော တစ်ခုသော ပညောင်ပင်ကြီးသည် ရှိ၏။ ထိုငှက်ဆင်သည် သား,သမင်တို့ကို ထိုပညောင်ပင်ကြီးသို့ဆောင်ယူ၍ စားလေ့ရှိ၏။ ထို့ကြောင့် မိဖုရားကိုလည်း ထိုအရပ်သို့ပင် ယူဆောင်၍ ပညောင်ပင်ခွအကြားတွင် ချထားပြီးလျှင် လာခဲ့သောလမ်းခရီးကို ပြန်၍ ကြည့်လေ၏။ (လာခဲ့ပြီးသော လမ်းခရီးကို ပြန်၍ကြည့်ခြင်းမည်သည် ထိုငှက်တို့၏ အလေ့သဘော ဖြစ်ပေသတတ်။)

သစ်ပင်ခွကြား၌ ဥတေနမင်းသားကို ဖွားမြင်ခြင်း

ထိုခဏ၌ မိဖုရားသည် “ယခုအခါ ဤငှက်ဆင်ကို ပြေးစေခြင်းငှာ သင့်လျော်၏”ဟု ကြံ၍ လက်နှစ်ဖက်တို့ကို မြှောက်ပင့်၍ လက်ခုပ်တီးသံကိုလည်းကောင်း ဟစ်အော်ကြွေးကြော်သော ခံတွင်းသံကိုလည်းကောင်း ပြု၍ ထိုငှက်ဆင်ကြီးကို ပျံပြေးစေလေ၏။ ထိုအခါ မိဖုရားအား နေဝင်စ အခါကာလ၌ ကံကြောင့်ဖြစ်သော လေအဟုန်တို့သည် (သားဖွားရန်) တုန်လှုပ်၍ လာကုန်၏။ ခပ်သိမ်းသော အရပ်မျက်နှာတို့၌ ထစ်ချုန်းလျက် ကြီးစွာသော မိုးကြီးသည် တက်၍ ရွာသွန်းခဲ့လေ၏။ နန်းစည်းစိမ်တွင်း၌ ချမ်းသာစွာ ကြီးပွားခဲ့ရသော မင်းမိဖုရားကြီးအား “အရှင်မ- မကြောက်ပါလင့်”ဟူသော အားပေးစကားမျှကိုလည်း မရဘဲ ဆင်းရဲဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ညဉ့်သုံးယာမ်ပတ်လုံး တမှေးတမှိတ် အိပ်ရခြင်းမည်သည် မရှိ။ ညဉ့်၏ ကင်းစင်လင်းရောက် မိုးသောက်လတ်သည်ရှိသော် မိုးတိမ်တိုက် ကင်းခြင်းသည်လည်းကောင်း၊ နေအရုဏ်တက်ခြင်းသည်လည်းကောင်း၊ ထိုမိဖုရား၏ ကိုယ်ဝန်မှ ထမြောက် ဖွားမြင်ခြင်းသည်လည်းကောင်း တစ်ပြိုင်နက်သာလျှင် ဖြစ်လေ၏။ ထိုမိဖုရားသည် မိုးကြောင့်ဖြစ်သော ဥတုကိုလည်းကောင်း၊ တောကြောင့်ဖြစ်သော ဥတုကိုလည်းကောင်း၊ နေအရုဏ်ကြောင့်ဖြစ်သော ဥတုကိုလည်းကောင်း ယူ၍ ဖွားမြင်သောကြောင့် သားငယ်အား ဥတေနဟူသော အမည်ကို မှည့်လေ၏။

မိဖုရားကြီးကို အလ္လကပ္ပရသေ့ကြီး တွေ့မြင်၍ စောင့်ရှောက်ထားခြင်း

အလ္လကပ္ပရသေ့၏ နေရာသင်္ခမ်းသည်လည်း ထိုပညောင်ပင်ကြီးမှ မနီးမဝေးသော အရပ်၌ ဖြစ်ပေ၏။ ထိုရသေ့သည် ပြကတေ့ သဘောဖြင့်ပင် မိုးရွာသောနေ့၌ ချမ်းအေးသောဘေးမှ ကြောက်ရွံ့သဖြင့် သစ်သီးကြီးငယ် အလို့ငှာ တောသို့မဝင်မီ ထိုပညောင်ပင်ရင်းသို့ ချဉ်းကပ် သွားရောက်၍ ငှက်စားအပ်သော အသားတို့၏အရိုးကို ဆောင်ယူကာ ထောင်းထုပြီးလျှင် အရည်ကျိုပြုတ်၍ သောက်လေ့ရှိ၏။ ထို့ကြောင့် ထိုနေ့၌လည်း အရိုးကို ဆောင်ယူအံ့ဟု ထိုအရပ်သို့သွား၍ သစ်ပင်အောက်၌ အရိုးတို့ကို ရှာမှီးစဉ် သစ်ပင်ထက်၌ သူငယ်ငိုသံကိုကြား၍ မျှော်ကြည့်လတ်သည်ရှိသော် မိဖုရားကိုမြင်လျှင် “သင်ကား အဘယ်သူနည်း”ဟု မေး၍ “အကျွန်ုပ်သည် လူမိန်းမပါ”ဟု ဆိုသည်ရှိသော် “အဘယ့်ကြောင့် ဤအရပ်သို့ ရောက်လာသနည်း”ဟု မေးပြန်သဖြင့် “ငှက်ဆင် ချီဆောင်ယူလာပါသည်”ဟု ဆိုပြန်သည်ရှိသော် “ယင်းသို့ဖြစ်မူ သက်ဆင်းခဲ့လော့”ဟု ဆိုလေ၏။ ထိုမိဖုရားသည် “အရှင်မြတ်- ဇာတ်ပျက်မည်မှ ကြောက်ရွံ့လှပါသည်”ဟု ပြန်ပြောသောအခါ “သင် အဘယ်အမျိုးနည်း”ဟု မေးပြန်သဖြင့် “မင်းမျိုးပါ”ဟု ပြောလတ်သော် “ငါသည်လည်း မင်းမျိုးသာလျှင် ဖြစ်သည်”ဟု ပြောလေလျှင် “ယင်းသို့ဖြစ်မူ ခတ္တိယမာယာကို မိန့်ဆိုပါ”ဟု တောင်းပန်သဖြင့် ထိုရသေ့သည် ခတ္တိယမာယာကို ဆိုလေ၏။ “ထိုသို့ဖြစ်မူ တက်လာခဲ့၍ အကျွန်ုပ်၏ သားငယ်ကို အောက်သို့ချပါလော့”ဟု ဆိုလေ၏။ ထိုရသေ့သည် တစ်ခုသော နံပါးအဖို့ဖြင့် တက်အံ့သောလမ်းကိုပြု၍ သစ်ပင်ထက်သို့ တက်ပြီးလျှင် သူငယ်ကိုယူလေ၏။ “အကျွန်ုပ်ကို လက်ဖြင့်မထိပါစေလင့်”ဟူ၍လည်း ဆိုပြန်သည်ရှိသော် ထိုမိဖုရားကို မထိစေဘဲသာလျှင် သူငယ်ကိုယူ၍ အောက်သို့ ချလေ၏။ မိဖုရားသည်လည်း သက်ဆင်းလေ၏။

ထိုအခါ မိဖုရားကို ကျောင်းသင်္ခမ်းသို့ဆောင်၍ သီလ ပျက်စီးခြင်းကို မပြုမူ၍သာလျှင် အစဉ်သနားသောအားဖြင့် လုပ်ကျွေးသမှု ပြုစုလေ၏။ ပျားကောင်မရှိသော ပျားလပို့တို့ကို ဆောင်၍လည်းကောင်း၊ အလိုလို ပေါက်ရောက် ကြီးပွားသော သလေးစပါးကို ဆောင်၍လည်းကောင်း ယာဂုကို ချက်ပြုတ်၍ ပေးလေ၏။ ဤသို့သောအခြင်းအရာဖြင့် ထိုရသေ့သည် လုပ်ကျွေးသမှု ပြုစုသည်ရှိသော် မိဖုရားသည် နောက်အဖို့၌ ကြံစည်သည်မှာ “ငါသည် လာအပ်သော ခရီးကိုလည်း မသိ၊ သွားအပ်သော ခရီးကိုလည်း မသိ၊ ဤရှင်ရသေ့နှင့်လည်း ငါ့အား အကျွမ်းဝင်ခြင်းမျှလည်း မရှိ၊ ဤရသေ့သည် အကယ်၍ ငါတို့ကို စွန့်ပစ်ပယ်ရှား၍ တစ်စုံတစ်ခုသော အရပ်သို့ သွားသည်ဖြစ်အံ့၊ နှစ်ယောက်ကုန်သော ငါတို့သည်လည်း ဤအရပ်၌ပင်လျှင် သေခြင်းသို့ ရောက်ကြရကုန်လတ္တံ့၊ တစ်စုံတစ်ခုသော အမှုကိုပြု၍ ဤရသေ့၏သီလကို ဖျက်ဆီးပြီးလျှင် အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် ဤရသေ့သည် ငါ့ကို မလွှတ်နိုင်၊ ထိုသို့သော အခြင်းအရာဖြင့် ပြုခြင်းငှာ သင့်၏”ဟု ကြံစည်လေ၏။ ထို့နောက် ထိုရသေ့ကို မလျော်သော ဝတ်ခြင်း၊ မလျော်သော ရုံခြင်းကို ပြခြင်းဖြင့် ဖြားယောင်း၍ သီလပျက်စီးခြင်းသို့ ရောက်စေ၏။ ထိုအခါမှစ၍ နှစ်ယောက်ကုန်သော သူတို့သည် အညီအညွတ် ပေါင်းသင်းဆက်ဆံ နေကြလေကုန်၏။

ဥတေနမင်းသားအား ဟတ္ထိကန္တမန္တန် သင်ပေးခန်း

ထိုမှ နောက်ဖြစ်သော တစ်ခုသောနေ့၌ ရသေ့သည် နက္ခတ်ယှဉ်ခြင်းကို ကြည့်ရှုသည်ရှိသော် ပူရန္တပ္ပမင်း၏ နက္ခတ်ညှိုးနွမ်းသည်ကို မြင်၍ “ချစ်နှမ- ကောသမ္ဗီပြည်၌ ပူရန္တပ္ပမင်းသည် ကွယ်လွန်ရှာလေပြီ”ဟု ဆိုလေ၏။ “အရှင်- အဘယ့်ကြောင့် ဤသို့ ဆိုဘိသနည်း၊ ထိုပူရန္တပ္ပမင်းနှင့်တကွ အရှင့်အား ရန်ငြိုးဖွဲ့ခြင်းသည် ရှိသလော”ဟု မေးသောအခါ “ချစ်နှမ- ထိုပူရန္တပ္ပမင်းနှင့်တကွ ရန်ငြိုးဖွဲ့ခြင်း မရှိ၊ ထိုပူရန္တပ္ပမင်း၏ နက္ခတ်ညှိုးနွမ်းခြင်းကို မြင်ရ၍ ဤသို့ ဆိုပေသည်”ဟု ပြောလျှင် မိဖုရားသည်လည်း ငိုကြွေးလေ၏။

ထိုအခါ မိဖုရားကို “အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု မေး၍ မိဖုရားသည် ထိုပူရန္တပ္ပမင်း၏ မိမိအရှင် ကြင်ဖက်တော်ဖြစ်သည်အဖြစ်ကို ပြောကြားသည်ရှိသော် “ချစ်နှမ- မစိုးရိမ် မပူဆွေး မငိုကြွေးလင့်၊ ဖြစ်လာသော သတ္တဝါအား သေခြင်းတရားမည်သည် မြဲသည်သာတည်း”ဟု ပြောကြားလေ၏။ “အရှင်- သေခြင်းမြဲသည်ကို အကျွန်ုပ်သည် သိပါ၏”ဟု ပြန်ပြောသည်ရှိသော် “ထိုသို့သိလျှင် အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု မေးပြန်သဖြင့် “အရှင်- အကျွန်ုပ်၏သားသည် အမျိုးတို့၏ဥစ္စာဖြစ်သော မင်းအဖြစ်အား လျောက်ပတ်၏၊ အကယ်၍သာ ထိုကောသမ္ဗီပြည်၌ ဖြစ်ပါမူကား ထီးဖြူစိုက်ထူ၍ မင်းပြုရလေပြီ၊ ယခုမူကား ဆုံးရှုံးခြင်းကြီး ဖြစ်ခဲ့လေပြီတကားဟူသော စိုးရိမ်ကြောင့်ကြခြင်းဖြင့် ငိုကြွေးပါသည်”ဟု ပြန်ပြောလေ၏။ “ချစ်နှမ- ဖြစ်မူလည်း ဖြစ်စေတော့၊ မစိုးရိမ် မကြောင့်ကြလင့်၊ ထိုမင်းသား၏ မင်းအဖြစ်ကို အကယ်၍ တောင့်တသည်ဖြစ်အံ့၊ ငါသည် မင်းအဖြစ်ကိုရအံ့သော အခြင်းအရာကို ပြုပေးပေအံ့”ဟု ပြောကြားလေ၏။ ထို့နောက် မင်းသားအား ဆင်ချစ်သော ဟတ္ထိကန္တမည်သော စောင်းကိုလည်းကောင်း၊ မန္တန်ကိုလည်းကောင်း ပေးလေ၏။

ထိုအခါ တန်ခိုးကြီးသော နတ်မင်းသည် မှာထားခဲ့သော နည်းဖြင့်သာလျှင် ထိုမင်းသားအား ပြောကြား၍ “ဤစောင်းညှို့ကိုတီး၍ ဤမန္တန်ကို ရွတ်ဆိုသည်ရှိသော် အထောင်မက များစွာသောဆင်တို့သည် လာကုန်၍ မဏ္ဍပ်ပမာ ဝန်းယှက်ကာသော ပညောင်ပင်ရင်း၌ နေကြကုန်လတ္တံ့”ဟု ဆိုပြီးလျှင် ထို့နောက် မင်းသားကို ဤသို့မှာကြားလေ၏။ “ဆင်တို့မလာမီပင် သစ်ပင်ထက်သို့တက်၍ ထိုဆင်တို့ လာကြကုန်သည်ရှိသော် ဤမန္တန်ကိုရွတ်ဆို၍ ဤစောင်းညှို့ကို တီးလော့၊ အလုံးစုံသော ဆင်တို့သည် ပြန်၍ ကြည့်ရှုခြင်းငှာလည်း မဝံ့ကုန်သည်ဖြစ်၍ ပြေးကြကုန်လတ္တံ့၊ ထိုအခါ သစ်ပင်ထက်မှ သက်ဆင်း၍ ပြန်လာခဲ့လော့”ဟု မှာကြားလေ၏။ ဥတေနမင်းသားသည် ထိုရသေ့မှာတိုင်းပြု၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။ ထို့နောက် နှစ်ရက်မြောက်သောနေ့၌ မင်းသားကို “ယနေ့ ဤမန္တန်ကိုရွတ်ဆို၍ စောင်းညှို့ကို တီးလေလော့၊ အလုံးစုံသော ဆင်တို့သည် လှည့်ကြည့် လှည့်ကြည့် ပြေးကြကုန်လတ္တံ့”ဟု မှာကြားလေ၏။ ထိုအခါ၌လည်း မင်းသားသည် ထိုရသေ့မှာကိုင်းပြုပြီး၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။ ထို့နောက် သုံးရက်မြောက်သောနေ့၌ မင်းသားကို “ယနေ့ ဤမန္တန်ကို ရွတ်ဆို၍ ဤစောင်းညှို့ကို တီးလေလော့၊ ဆင် အကြီးအကဲ(ဆင်မင်း)သည် ကျောက်ကုန်းကို ညွှတ်လျက် လာလတ္တံ့”ဟု မှာကြားလေ၏။ ထိုအခါ၌လည်း ထိုရသေ့မှာတိုင်းပြု၍ ပြန်လာခဲ့ပြီးလျှင် ထိုအကြောင်းကို ပြောကြားလေ၏။

ဥတေနမင်းသား ကောသမ္ဗီတိုင်းပြည်၌ မင်းစည်းစိမ်ကို ရခြင်း

ထိုရောအခါ မင်းသား၏ မယ်တော်ကိုခေါ်၍ “ချစ်နှမ- အသင့်သားအား မှာလိုရာ သတင်းစကားကို မှာကြားလေလော့၊ ဤမျှသော အခြင်းအရာဖြင့်သာလျှင် သွားရောက်၍ မင်းဖြစ်ပေလတ္တံ့”ဟု ဆိုလေ၏။ မိဖုရားသည် သားတော်ကိုခေါ်၍ “ချစ်သား- သင်သည် ကောသမ္ဗီပြည် ပူရန္တပ္ပမင်း၏ သားတည်း၊ ငါ့ကို ငှက်ဆင်သည် ချီဆောင်ယူလာခဲ့၏”ဟု ပြောဆိုပြီးလျှင် စစ်သူကြီး စသည်တို့၏ အမည်တို့ကိုလည်း ပြောကြား၍ “မယုံကြည်ကုန်သောသူတို့အား မောင့်ခမည်းတော်မင်းကြီး ခြုံအပ်သော ဤကမ္ဗလာနီကိုလည်းကောင်း၊ ဝတ်ဆင်အပ်သော ဤလက်စွပ်ကိုလည်းကောင်း ပြလေလော့”ဟု ပြောဆို မှာထားပြီး၍ (ထိုကမ္ဗလာနီ၊ လက်စွပ်တို့ကို ပေး၍) လွှတ်လိုက်လေ၏။

မင်းသားသည် ယခုအခါ “အဘယ်သို့ ပြုရပါမည်နည်း”ဟု ရသေ့ကို မေးလေ၏။ “ပညောင်ပင်၏ အောက်အဖို့ဖြစ်သော အခက်၌ထိုင်နေ၍ ဤမန္တန်ကိုရွတ်ဆို၍ ဤစောင်းညှို့ကို တီးလေလော့၊ အကြီးအမှူးဖြစ်သော ဆင်မင်းသည် ကျောက်ကုန်းကိုညွှတ်၍ သင်၏ အထံသို့ ချဉ်းကပ်လာလတ္တံ့၊ ထိုဆင်မင်း၏ ကျောက်ကုန်းထက်၌ ထိုင်စီးကာ လိုက်သွား၍ မင်းအဖြစ်ကို ယူလေလော့”ဟု ဆိုလေ၏။ ထိုဥတေန မင်းသားသည် မယ်တော်,ခမည်းတော်တို့ကို ရှိခိုး၍ မှာထားသော စကားအတိုင်းပြုသဖြင့် ရောက်လာသော ဆင်မင်း၏ ကျောက်ကုန်းထက်၌နေ၍ နားရင်းသို့ ကပ်လျက် “အရှင်ဆင်မင်း- အကျွန်ုပ်သည် ကောသမ္ဗီပြည် ပူရန္တပ္ပမင်းကြီး၏ သားရင်းအစစ် ဖြစ်ပါသည်။ အကျွန်ုပ်အား ဖခမည်းတော်၏ အရိုက်အရာဖြစ်သော မင်းအဖြစ်ကိုယူ၍ ပေးပါလော့”ဟု တိုးတိုးသက်သာ ပြောကြားလေ၏။

ဆင်မင်းသည် မင်းသား၏စကားကို ကြား၍ “အထောင်မက များစွာသောဆင်တို့သည် စည်းဝေး လာရောက်ကြစေကုန်သတည်း”ဟု ဆင်သံကို မြည်၏။ အထောင်မက များစွာသောဆင်တို့သည် စည်းဝေးရောက်လာကြကုန်၏။ တစ်ဖန် “အိုမင်းကြီးရင့်ကုန်သော ဆင်တို့သည် ဖဲရှောင်ကြစေကုန်သတည်း”ဟု ဆင်သံကို မြည်ပြန်၏။ အိုမင်းကြီးရင့်ကုန်သော ဆင်တို့သည် ဖဲရှောင်ကြကုန်၏။ တစ်ဖန် “အလွန်အရွယ်ငယ်ကုန်သော ဆင်တို့သည် ဆုတ်နစ် ပြန်သွားကြစေကုန်သတည်း”ဟု ဆင်သံကို မြည်ပြန်၏။ ထိုဆင်ငယ်တို့သည်လည်း ဆုတ်နစ် ပြန်သွားကြကုန်၏။ ထိုဥကေနမင်းသားသည် အထောင်မက များစွာကုန်သော အအုပ်အစုဖြစ်သော ဆင်တို့ဖြင့်ခြံရံလျက် ပစ္စန္တရစ်ရွာသို့ ရောက်သည်ရှိသော် “ငါသည် ကောသမ္ဗီပြည် ပူရန္တပ္ပ မင်းကြီး၏ သားတော်တည်း၊ စည်းစိမ်ချမ်းသာကို တောင့်တကုန်သောသူတို့သည် ငါနှင့်အတူတကွ လိုက်လာကြကုန်လော့”ဟု ဆိုလေ၏။ ထိုပစ္စန္တရစ်ရွာမှစ၍ လူတို့အား ချီးမြှောက်ထောက်ပံ့ခြင်းကိုပြုကာ သွား၍ မြို့ကို ဝန်းရံပြီးလျှင် “ငါ့အား စစ်ထိုးခြင်းကိုတည်း ပေးမည်လော၊ တိုင်းပြည်ကိုတည်း ပေးမည်လော”ဟု သတင်းစကားကို စေလွှတ်လိုက်၏။ မြို့သူမြို့သားတို့သည် “ငါတို့သည် စစ်ထိုးခြင်း၊ တိုင်းပြည်အပ်ခြင်း နှစ်ပါးကိုပင် မပေးနိုင်ကုန်၊ ငါတို့၏ မိဖုရားကြီးသည် လေးသောကိုယ်ဝန်နှင့် ငှက်ဆင်သည် ဆောင်ယူသွားခဲ့သည်။ ထိုမိဖုရားကြီး၏ ရှိသည့်အဖြစ်ကိုလည်းကောင်း၊ မရှိသည့်အဖြစ်ကိုလည်းကောင်း ငါတို့သည် မသိကြကုန်၊ အကြင်မျှလောက်သော ကာလပတ်လုံး ထိုမိဖုရားကြီး၏ သတင်းစကားကို မကြားရကုန်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ငါတို့သည် စစ်ထိုးခြင်းကိုလည်း မပေးနိုင်၊ မင်းအဖြစ်ကိုလည်း မပေးနိုင်”ဟူ၍ ဆိုကြကုန်၏။

ထိုအခါ ဥတေနမင်းသားက “ငါသည် ထိုမိဖုရားကြီး၏ သားပေတည်း”ဟု ဆိုပြီးလျှင် စစ်သူကြီး စသည်တို့၏ အမည်တို့ကိုပြောပြ၍ ထိုမျှသော စကားဖြင့်လည်း မယုံကြည်ကုန်သောသူတို့အား ကမ္ဗလာနီကိုလည်းကောင်း၊ လက်စွပ်ကိုလည်းကောင်း ပြလေ၏။ ထိုကောသမ္ဗီ ပြည်သူပြည်သားတို့သည် ကမ္ဗလာနီကိုလည်းကောင်း၊ လက်စွပ်ကိုလည်းကောင်း ကောင်းစွာ မှတ်သားမိကြကုန်သည်ဖြစ်၍ မြို့တံခါးကိုဖွင့်ပြီးလျှင် ထိုဥတေနမင်းသားကို မင်းအဖြစ်၌ အဘိသိက်သွန်းကြလေကုန်၏။

ဃောသကသူဌေးကြီး အလောင်းသည် ခရီးအကြား ပင်ပန်းလှသဖြင့် သားငယ်ကို ပစ်စွန့်ထားခဲ့မိခြင်း

အလ္လကပ္ပတိုင်း၌ မွတ်သိပ်ခြင်း ဒုဗ္ဘိက္ခန္တရ ဘေးကြီးဖြစ်သောအခါ၌ အသက်မွေးအံ့သောငှါ မစွမ်းနိုင်သော ကောတုဟလိက အမည်ရှိသော လူတစ်ယောက်သည် ကာပိမည်သော ပျိုမျစ်နုနယ်သော သားငယ်ကိုလည်းကောင်း၊ ကာဠီမည်သော မယားကိုလည်းကောင်း ယူ၍ ကောသမ္ဗီပြည်သို့ သွားပြီးလျှင် အသက်မွေးအံ့ဟု လမ်းစာရိက္ခာကိုယူ၍ ထွက်လာခဲ့လေ၏။ (မြွေအိပ်နှင့်တူသော လေနာဖြင့်၊ ဝါ၊ ယဉ်းအနာဖြင့် သေကုန်သော လူများအပေါင်းတို့ကို မြင်၍ ထွက်ပြေး၏ဟူ၍လည်း ဆိုကုန်သည်သာတည်း။) ထိုသူတို့သည် အစဉ်အတိုင်း သွားကြကုန်သည်ရှိသော် လမ်းစာရိက္ခာ ကုန်ခန်းခြင်းကြောင့် မွတ်သိပ်ခြင်းဖြင့် နှိပ်စက်ရကား သားငယ်ကို ချီသယ်ယူဆောင်ခြင်းငှါ မစွမ်းနိုင်ကြကုန်။

ထိုအခါ ခင်ပွန်းသည်ယောက်ျားက မိမိ၏မယားကို “နှမ- ငါတို့သည် အသက်ရှည်ရှည် တည်နေရကုန်သည်ရှိသော် တစ်ဖန် သား,သမီးမည်သည် ရနိုင်ကုန်လတ္တံ့၊ ထိုသားငယ်ကို စွန့်ပစ်၍ သွားကြပါကုန်အံ့”ဟု ဆိုလေ၏။ မိခင်တို့၏ နှလုံးမည်သည်ကား နူးညံ့သိမ်မွေ့လှပေ၏။ ထို့ကြောင့် မယားဖြစ်သူက “အရှင်- အကျွန်ုပ်သည် အသက်ဝိညာဉ် ရှင်လျက်သာရှိသော သားကို စွန့်ပစ်ခြင်းငှါ မစွမ်းနိုင်ပါ”ဟု ပြောကြားလေ၏။ “ထိုသို့ဖြစ်လျှင် အဘယ်သို့ ပြုမည်နည်း”ဟု မေးသောအခါ “အလှည့်ကျဖြင့် ထိုသားငယ်ကို ချီသယ်ယူဆောင်ကြပါကုန်အံ့”ဟု ဆိုလေ၏။ မိခင်သည် မိမိအလှည့်ရောက်သောအခါ ပန်းကုံး,ပန်းဆိုင်းကဲ့သို့ ထိုသားငယ်ကို ပင့်ပင့်မြှောက်မြှောက်ချီ၍ ရင်လယ်၌ အိပ်စေလျက် ရင်ခွင်ဖြင့်ရွက်ဆောင်၍ ဖခင်အား ပေး၏။ ဖခင်ဖြစ်သောသူအား သားငယ်ကိုယူ၍ သွားသောအခါ၌ (ဆောင်ယူသော အလှည့်၌) ဆာလောင်မွတ်သိပ်သောကြောင့်လည်း လွန်စွာ အားကြီးသော ဆင်းရဲဝေဒနာသည် ဖြစ်လေ၏။ ထိုယောက်ျားသည် အဖန်ဖန်အထပ်ထပ် “နှမ- ငါတို့သည် အသက်ရှည်ရှည် တည်နေရကုန်သည်ရှိသော် သား,သမီးကို ရနိုင်ကုန်လတ္တံ့၊ ဤသားငယ်ကို စွန့်ပစ်ကြပါကုန်အံ့”ဟု ဆို၏။ ထိုမိန်းမသည်လည်း အဖန်ဖန်အထပ်ထပ် ပယ်မြစ်၍ စကားတုံ့ကိုမပေးဘဲ နေလေ၏။

သူငယ်သည် အလှည့် ပြောင်းရွှေ့ဖန်များသဖြင့် ပင်ပန်းရကား ဖခင်၏လက်ပေါ်၌ အိပ်ပျော်ခြင်းသို့ ရောက်လေ၏။ ဖခင်သည် သားငယ်၏ အိပ်ပျော်နေသည်ကိုသိရ၍ မိခင်ကို ရှေ့မှသွားစေပြီးလျှင် တစ်ခုသော ချုံ၏အောက်၌ မြက်သစ်ရွက် အခင်းထက်၌ သူငယ်ကို အိပ်စေ၍၊ ဝါ၊ ပျော်အောင် သိပ်ထား၍သွားလေ၏။ မိခင်သည် နောက်သို့ ပြန်လှည့်၍ ကြည့်လတ်သော် သားငယ်ကို မမြင်ရရှာသောကြောင့် “အရှင်- အကျွန်ုပ်၏သားသည် အဘယ်မှာနည်း”ဟု မေးလေ၏။ “ငါသည် တစ်ခုသော ချုံ၏အောက်၌ သိပ်ထားခဲ့ပေပြီ”ဟု ပြောလျှင် “အရှင် - အကျွန်ုပ်ကို မနှိပ်စက် မဖျက်ဆီးပါလင့်၊ သားနှင့်ကွေကွင်း၍ အကျွန်ုပ် အသက်ရှင်ခြင်းငှါ မစွမ်းနိုင်ပါ၊ အကျွန်ုပ်၏သားကို ယူဆောင်၍ ပေးပါ”ဟု ရင်ဘတ်တီးကာ ငိုကြွေးရှာလေ၏။ ထိုအခါ ပြန်၍ သားငယ်ကို ယူဆောင်ရလေ၏။

ဃောသကသူဌေးကြီးအလောင်းသည် သေလွန်ပြီးလျှင် ခွေးဘဝ၌ ဖြစ်ရခြင်း

ဤသို့ ထိုသူတို့သည် သွားကြကုန်သည်ရှိသော် တစ်ခုသော နွားကျောင်းသားအမျိုးအိမ်သို့ ရောက်ကြလေကုန်၏။ ထိုသူတို့ရောက်သောနေ့၌ပင် နွားကျောင်းသား၏အိမ်၌ နို့ညှစ်နွားမကို အကြောင်းပြု၍ ကျွေးမွေးခြင်း မင်္ဂလာပွဲသည် ဖြစ်လေ၏။ နွားကျောင်းသား၏အိမ်၌ အမြဲမပြတ် ပစ္စေကဗုဒ္ဓါတစ်ပါးသည် ဆွမ်းဘုဉ်းပေးတော်မူ၏။ ထိုနွားကျောင်းသားသည် ထိုပစ္စေကဗုဒ္ဓါကို ဆွမ်းကျွေး၍ မင်္ဂလာကို ပြုလေ၏။ များစွာသော နို့ဃနာကို စီရင်အပ်သောကြောင့် ရှေ့ရှုရောက်လာကုန်သော ထိုသူတို့ကို မြင်သဖြင့် “အဘယ်အရပ်မှ လာခဲ့ကြသနည်း”ဟု မေး၍ ထိုအကြောင်းအလုံးစုံကို အကုန်ကြားသိရလေလျှင် နူးညံ့သိမ်မွေ့သော သဘောရှိသော အမျိုးကောင်းသားသည် ထိုသူတို့၌ အစဉ်သနားသည်ကိုပြု၍ များစွာသော ထောပတ်နှင့်တကွ နို့ဃနာကို ပေးစေ၏။

ထိုအခါ မယားသည် “ချစ်လင်- အရှင်သည် အသက်ရှည်သည်ရှိသော် အကျွန်ုပ်သည်လည်း အသက်ရှည်သည် မည်ပါသည်၊ ရှည်စွာသော နေ့၊ညဉ့်တို့ပတ်လုံး အရှင်သည် ဟောက်သောဝမ်းရှိ၏၊ အလိုရှိတိုင်း စားသောက်သုံးဆောင်ပါလော့”ဟု ထောပတ်ကိုလည်းကောင်း၊ နို့ဓမ်းကိုလည်းကောင်း ခင်ပွန်းသည်ဘက်သို့သာ ရှေ့ရှုပြု၍ မိမိမူကား နည်းသောထောပတ်ဖြင့် အနည်းငယ်မျှကိုသာ စားသောက်လေ၏။ လင်ယောက်ျားသည် များစွာ စားသောက်၍ ခုနစ်ရက်,ရှစ်ရက်တို့ပတ်လုံး မွတ်သိပ်ဆာလောင်ခြင်း ပြင်းသည်ဖြစ်ရကား အစာ၌ တပ်မက်သော ရသတဏှာကို ဖြတ်ခြင်းငှါ မစွမ်းနိုင်၊ နွားကျောင်းသားသည် ထိုသူတို့အား နို့ဃနာကို ပေးစေပြီးမှ မိမိသည် စားသောက်ခြင်းငှါ အားထုတ်လေ၏။ ကောတုဟလိကသည် ထိုနွားကျောင်းသား စားသောက်သည်ကို ကြည့်ရှုကာနေလျက် အင်းပျဉ်အောက်၌ အိပ်နေသော ခွေးမအား နွားကျောင်းသားသည် ခူးယူ၍ ကျွေးမွေးပေးကမ်းအပ်သော နို့ဃနာခဲကိုမြင်ရလျှင် “ဤခွေးမသည်ကား ဘုန်းကံရှိပေစွတကား၊ အမြဲမပြတ် ဤသို့သဘောရှိသော အစာကို ရပေ၏”ဟု ကြံစည်လေ၏။ ထိုကောတုဟလိကသည် ညဉ့်အဖို့ကာလ၌ ထိုနို့ဃနာကို အစာကြေစိမ့်သောငှါ မစွမ်းနိုင်ခြင်းကြောင့် သေလွန်၍ ထိုခွေးမ၏ဝမ်း၌ ဖြစ်လေ၏။

ထိုအခါ ကောတုဟလိက၏ မယားသည် ကြွင်းကျန်ရစ်သော အလောင်းကောင် သင်္ဂြိုဟ်ခြင်းကိစ္စကိုပြု၍ ထိုအိမ်၌သာလျှင် အခစားကိုပြု၍ တစ်စလယ်သောဆန်ကို ရသည်ရှိသော် ချက်ပြုတ်၍ ပစ္စေကဗုဒ္ဓါ၏သပိတ်၌ လောင်းထည့်လှူဒါန်းပြီးလတ်သော် “ဤကောင်းမှုအဖို့သည် အရှင်မြတ်ဘုရားတို့၏ ကျေးကျွန်ဖြစ်သော ကောတုဟလိကအား ရောက်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာပြုပြီးလျှင် ဤသို့ ကြံစည်လေ၏။ “ငါသည် ဤအရပ်၌သာလျှင် နေခြင်းငှါ သင့်၏။ အမြဲမပြတ် ပစ္စေကဗုဒ္ဓါအရှင်မြတ်သည် ဤအိမ်သို့ ကြွလာတော်မူ၏။ လှူဖွယ်ဝတ္ထုသည် ရှိသည်မူလည်းဖြစ်စေ၊ မရှိသည်မူလည်းဖြစ်စေ နေ့တိုင်းမပြတ် ရှိခိုးခြင်း၊ အမှုကြီးငယ်ကို ပြုခြင်း၊ စိတ်ကို ကြည်ညိုစေခြင်းတို့ကိုပြုလျက် များစွာသော ကုသိုလ်ကောင်းမှုကို ပွားများစေရလတ္တံ့”ဟု ကြံစည်၍ ထိုမိန်းမသည် ထိုနွားကျောင်းသားအိမ်၌ပင် သူ့အားလျော်သော အခစားပြုလျက် နေလေ၏။ ထိုနွားကျောင်းသား၏ ခွေးမသည်လည်း ခြောက်လ, ခုနစ်လခန့်မြောက် ရောက်လတ်သောအခါ တစ်ကောင်တည်းသာလျှင်ဖြစ်သော ခွေးကို မွေးဖွားလေ၏။ နွားကျောင်းသားသည် ထိုခွေးငယ်အား နွားမတစ်ကောင်မှ ထွက်သော နို့ရည်ကို ပေးစေ၏။ ထိုခွေးငယ်သည် မကြာမြင့်မီပင် ကြီးပြင်းခြင်းသို့ ရောက်လေ၏။

ခွေးဘဝ၌ ပစ္စေကဗုဒ္ဓါကိုအမှီရ၍ ကုသိုလ်ကောင်းမှု များစွာပြုရခြင်း

ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ဆွမ်းဘုဉ်းပေးသည်ရှိသော် ထိုခွေးငယ်အား အမြဲမပြတ် တစ်ခုတစ်ခုသော ထမင်းခဲကို ပေးတော်မူ၏။ ခွေးငယ်သည် ထမင်းခဲကို အမှီပြု၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်၌ ချစ်ခင်ခြင်းကို ပြုလေ၏။ နွားကျောင်းသားသည်လည်း တစ်နေ့နှစ်ကြိမ် အမြဲ ပစ္စေကဗုဒ္ဓါအား ခစားလုပ်ကျွေးခြင်းငှါ သွားလေ၏။ ထိုသို့ သွားသည်ရှိသော် ခရီးအကြား သားရဲတို့ရှိရာအရပ်၌ တုတ်တံဖြင့် ချုံတို့ကိုလည်းကောင်း၊ မြေကြီးကိုလည်းကောင်း ပုတ်ခတ်၍ “သု,သု”ဟူသော အသံကို သုံးကြိမ်တိုင်အောင် ပြုပြီးလျှင် သားရဲတို့ကို ပြေးလွှားစေ၏။ ခွေးသည်လည်း ထိုနွားကျောင်းသားနှင့် အတူတကွ လိုက်ပါ၍ သွား၏။ ထိုနွားကျောင်းသားသည် တစ်နေ့သ၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကို “အရှင်ဘုရား- အကြင်အခါ၌ တပည့်တော်အား အခွင့်မရသည် ဖြစ်လတ္တံ့၊ ထိုအခါ ဤခွေးကို စေလွှတ်လိုက်ပါအံ့၊ ထိုခွေးလာသော အမှတ်ဖြင့် ကြွလာတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ ထိုနေ့မှစ၍ ကိုယ်တိုင်သွားခွင့် မရသောနေ့၌ “ချစ်သား- သွားချေ၊ အရှင်မြတ်ကို ပင့်ဆောင်ချေလော့”ဟု ခွေးကို စေလွှတ်လေ၏။ ထိုခွေးသည် တစ်ခွန်းတည်းသော စကားဖြင့်သာလျှင် ပြေးသွား၍ မိမိသခင်၏ ချုံကိုပုတ်ခတ်သောနေရာ၊ မြေကို ပုတ်ခတ်သောနေရာ၌ သုံးကြိမ်တိုင်အောင် ဟောင်ခြင်း, အူခြင်းပြု၍ ထိုအသံဖြင့် သားရဲတို့ ပြေးလွှဲ ပုန်းရှောင်သည်၏အဖြစ်ကိုသိပြီးမှ သွားလေ၏။

ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း နံနက်စောစောကပင်လျှင် ကိုယ်လက် သုတ်သင်ခြင်းအမှုကို ပြုတော်မူပြီးလျှင် သစ်ရွက်မိုးသော ကျောင်းသို့ဝင်၍ ထိုင်နေ သီတင်းသုံးတော်မူသည်ရှိသော် အရှင်ပစ္စေကဗုဒ္ဓါ၏ သီတင်းသုံးတော်မူရာအရပ်သို့သွား၍ ကျောင်းသင်္ခမ်းတံခါးဝ၌ သုံးကြိမ်တိုင်အောင် ဟောင်ခြင်း,အူခြင်းပြုသဖြင့် မိမိ၏ လာသောအဖြစ်ကို သိစေပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ ဝပ်နေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် အချိန်အခါကို မှတ်သား၍ ထွက်ကြွတော်မူသည်ရှိသော် ဟောင်ခြင်း,အူခြင်းပြုလျက် ရှေ့က သွားလင့်၏။ လမ်းခရီး အကြား,အကြား၌ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ထိုခွေးကို စူးစမ်းလိုသဖြင့် တစ်ပါးသောလမ်းခရီးသို့ လွှဲရှောင်၍ ကြွတော်မူ၏။ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ ရှေ့အဖို့မှ ဖီလာကန့်လန့် ရပ်တည်၍ ဟောင်ခြင်း,အူခြင်း ပြုပြီးလျှင် ထိုအရှင်မြတ်ကို ဤမှတစ်ပါးဖြစ်သော လမ်းဖြောင့် လမ်းမှန်ဖြစ်သော ခရီးသို့သာလျှင် တက်စေ,ရောက်စေလေ၏။ ထိုမှ နောက်တစ်နေ့၌ တစ်ပါးသော လမ်းခရီးကို လွှဲရှောင် ကြွသွားတော်မူပြီးလျှင် ထိုခွေးသည် ရှေ့မှ ဖီလာကန့်လန့် ရပ်တည်၍ တားမြစ်သော်လည်း မပြန်နစ်မူ၍ ခွေးကို ခြေတော်ဖြင့် ပုတ်ခတ်တိုက်ခိုက်ကာ ကြွမြဲ ကြွတော်မူလေ၏။ ခွေးသည် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်၏ မပြန်ဖြစ်သည်၏ အဖြစ်ကိုသိ၍ သင်းပိုင် သင်္ကန်းစွန်း၌ ကိုက်ပြီးလျှင် ဆွဲငင်လျက် တစ်ပါးသော လမ်းဖြောင့် လမ်းမှန်ဖြစ်သော ခရီးသို့သာလျှင် ထိုအရှင်ပစ္စေကဗုဒ္ဓါကို တက်စေ ရောက်စေလေ၏။ ဤသို့လျှင် ထိုခွေးသည် ပစ္စေကဗုဒ္ဓါအရှင်မြတ်၌ အားကြီးသော ချစ်ခင်ခြင်းကို ဖြစ်စေလေ၏။ ထိုမှ နောက်ဖြစ်သော တစ်ပါးသောအခါ၌ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏သင်္ကန်း ဟောင်းနွမ်း ဆွေးမြည့်ခဲ့လေ၏။

ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား နွားကျောင်းသားသည် သင်္ကန်းလျာပုဆိုးတို့ကို လှူဒါန်းလေ၏။ ထိုနွားကျောင်းသားကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်က “ဒါယကာ- သင်္ကန်းမည်သည်ကို တစ်ယောက်တည်းပြုခြင်းငှါ မလွယ်ကူ၊ ချမ်းသာရာ အရပ်သို့သွား၍ ပြုစေတော့အံ့”ဟု မိန့်ဆိုတော်မူ၏။ နွားကျောင်းသားကလည်း “အရှင်ဘုရား- ဤအရပ်၌ပင် ပြုတော်မူပါဘုရား”ဟု လျှောက်ကြားလေ၏။ “ဒါယကာ- ငါသည် မစွမ်းနိုင်”ဟု မိန့်တော်မူသဖြင့် “အရှင်ဘုရား- ထိုသို့ဖြစ်မူ အခြားပြင်ပအရပ်၌ ကြာမြင့်စွာ သီတင်းသုံးနေတော်မမူပါလင့်”ဟု လျှောက်ကြားလေ၏။ ခွေးသည် အရှင်ပစ္စေကဗုဒ္ဓါနှင့် နွားကျောင်းသားတို့ ပြောဆိုသောစကားကို နားထောင်လျက်သာ တည်နေလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည်လည်း “ဒါယကာ- တည်နေရစ်ခဲ့လေလော့”ဟု နွားကျောင်းသားကို ဆုတ်ပြန်နစ် နေရစ်ခဲ့စေ၍ ကောင်းကင်သို့ ပျံတက်ပြီးလျှင် ဂန္ဓမာဒနတောင်သို့ ရှေ့ရှုကြွတော်မူလေ၏။ ထိုသို့ ပစ္စေကဗုဒ္ဓါအရှင်မြတ် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူသည်ကိုမြင်၍ ကြေကွဲလှစွာ ဟောင်ကာ,အူကာ တည်နေသော ထိုခွေး၏ မျက်စိတဆုံးကို ပစ္စေကဗုဒ္ဓါအရှင်မြတ် လွန်လတ်သည်ရှိသော် နှလုံးသားကွဲ၍ သေရှာလေ၏။

(တိရစ္ဆာန်တို့မည်သည်ကား ဖြောင့်မတ်သောသဘော ရှိကုန်၏။ မကောက်မကျစ်ကုန်၊ လူတို့သည်ကား အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်တတ်ကုန်၏။ ဤသို့သော အဓိပ္ပာယ်ကိုရည်၍ “ဂုယှနဉှေတံ ဘန္တေ ယဒိဒံ မနုဿာ၊ ဥတ္တာနကံ ဟေတံ ဘန္တေ ယဒိဒံ ပသဝေါ” လူတို့ပြုသော အမူအရာသည် ဖုံးအုပ်ကွယ်ဝှက်လျက်ရှိ၏။ တိရစ္ဆာန်တို့ပြုသော အမူအရာသည် ပေါ်လွင်ထင်ရှားလျက်ရှိ၏ဟု မိန့်ဆိုတော်မူ၏။)

ခွေးဘဝမှသေ၍ ဃောသကနတ်သားဖြစ်ရခြင်း

ဤသို့လျှင် ထိုခွေးသည် ထိုသို့ ဖြောင့်မတ်သောစိတ် မကောက်ကျစ်သော စိတ်ရှိသဖြင့် သေဆုံးသည်ရှိသော် တာဝတိံသာနတ်ပြည်၌ဖြစ်၍ နတ်သမီးတစ်ထောင်ခြံရံလျက် ကြီးစွာသော စည်းစိမ်ချမ်းသာကို ခံစား,စံစားရလေ၏။ နားရင်း၌ တိုးတိုးသက်သာ ပြောဆိုတိုင်ပင်သော ထိုနတ်သား၏အသံသည် တစ်ဆယ့်ခြောက်ယူဇနာ အရပ်တိုင်အောင် နှံ့လေ၏။ ပကတိသော စကားအသံသည်ကား ယူဇနာတစ်သောင်းရှိသော နတ်ပြည်တစ်ပြည်လုံးကို လွှမ်းမိုးလေ၏။ ထို့ကြောင့်သာလျှင် ထိုနတ်သားအား ဃောသကနတ်သားဟူသော အမည်သည် ဖြစ်လေ၏။ ဤသို့ဖြစ်ခြင်းသည် အဘယ်သို့သော ကောင်းမှုကံ၏ အကျိုးဆက်နည်းဟူမူကား ပစ္စေကဗုဒ္ဓါ အရှင်မြတ်၌ ချစ်ကြည်မြတ်နိုးသောစိတ်ဖြင့် အူခြင်း,ဟောင်ခြင်းကိုပြုသော ကောင်းမှုကံ၏ အကျိုးဆက်ပေတည်း။ ထိုဃောသကနတ်သားသည် နတ်ပြည်၌ ကြာမြင့်စွာ မတည်မူ၍ စုတိချုပ်ငြိမ်းရှာလေ၏။

(နတ်သားတို့သည်ကား နတ်ပြည်မှ စုတိမရဏ သေလွန်ကြကုန်သည်ရှိသော် အသက်ကုန်ခြင်းကြောင့်လည်းကောင်း၊ ကောင်းမှုကံ ကုန်ခြင်းကြောင့်လည်းကောင်း၊ အာဟာရ ကုန်ခြင်းကြောင့်လည်းကောင်း၊ အမျက်ထွက်ခြင်းကြောင့်လည်းကောင်း၊ ဤလေးပါးကုန်သော အကြောင်းတို့ကြောင့် သေလွန်ကြကုန်၏။)

ဤဃောသကနတ်သားသည်ကား ငါးပါးအာရုံ ကာမဂုဏ်တို့ကို သုံးဆောင်ခံစားလျက် လွတ်ကင်းသော သတိရှိသည်ဖြစ်၍ အာဟာရကုန်ခြင်းကြောင့် သေလွန်ရရှာလေ၏။

ဃောသကနတ်သားဘဝမှ လူ့ပြည်၌ဖြစ်သောအခါ အမှိုက်ပုံ၌ ရှေးဦးစွာ အပစ်ခံရခြင်းနှင့် ကောသမ္ဗီသူဌေးကြီး ဝယ်ယူ၍ မွေးမြူခြင်း

နတ်ပြည်မှ သေလွန်ခဲ့ပြီး၍သော်ကား ကောသမ္ဗီပြည်ကြီးဝယ် ပြည့်တန်ဆာမ၏ဝမ်း၌ ပဋိသန္ဓေ စွဲယူလေ၏။ ပြည့်တန်ဆာမသည်လည်း ဖွားမြင်လာသောနေ့၌ “ဤယခု ဖွားမြင်သော သူငယ်သည် အသို့နည်း၊ (သားလော၊ သမီးလော)”ဟု ကျွန်မကိုမေး၍ “အရှင်မ- သားသူငယ်ပါ”ဟု ဆိုသည်ရှိသော် “အို..ကျွန်မ- ယခု ဤသူငယ်ကို စကောဆိုးအထက်၌ တင်ထား၍ တံမြက်ချေး အမှိုက်တို့ကို စွန့်ရာဖြစ်သော အမှိုက်ပုံ၌ စွန့်ပစ်ချေလော့”ဟု စေခိုင်း၍ ထိုသူငယ်ကို စွန့်ပစ်စေ၏။

(ပြည့်တန်ဆာမတို့သည်ကား သမီးမိန်းမကို သုတ်သင် ကျွေးမွေးကြကုန်၏။ သားယောက်ျားကို မသုတ်သင် မကျွေးမွေးကုန်၊ အဘယ့်ကြောင့်နည်းဟူမူကား သမီးမိန်းမသည် ထိုပြည့်တန်ဆာမတို့၏ အနွယ်အဆက်ကို ဆက်စပ်စေတတ်သောကြောင့်တည်း။)

သူငယ်ကို ကျီးတို့သည်လည်းကောင်း၊ ခွေးတို့သည်လည်းကောင်း ဝန်းရံ၍ နေကြကုန်၏။ ပစ္စေကဗုဒ္ဓါ၌ ချစ်ခင်ခြင်းကြောင့်ဖြစ်သော (ခွေး၏ဘဝက) ဟောင်ခြင်း,အူခြင်းကို ပြုခဲ့ရသော အကျိုးဆက်ဖြင့် တစ်ကောင်မျှလည်းဖြစ်သော ကျီးသည်လည်းကောင်း၊ ခွေးသည်လည်းကောင်း အနီးသို့ ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်ပေ။ ထိုခဏ၌ လူတစ်ယောက်သည် မြို့၏အပသို့ ထွက်သွားသည်ရှိသော် ထိုကျီး,ခွေးတို့ ဝိုင်းအုံစုရုံး၍နေသည်ကို မြင်ရ၍ “ဤအရာကား အဘယ်နည်း”ဟု သွားရောက်သဖြင့် သူငယ်ကိုမြင်လျှင် သားတည်းဟူ၍ဖြစ်သော ချစ်ခြင်းကိုရ၍ “ငါ့အား သားကို ရအပ်ပြီ”ဟု အိမ်သို့ ယူဆောင်သွားလေ၏။ ထိုအခါ ကောသမ္ဗီသူဌေးသည် မင်းအိမ်သို့ သွားသည်ရှိသော် မင်းအိမ်မှဆင်းသက်၍ ရှေ့ရှုလာသော ပုရောဟိတ်ပုဏ္ဏားကိုမြင်၍ “ဆရာ- အသို့နည်း၊ ယနေ့ သင်ဆရာသည် နိမိတ်ကိုလည်းကောင်း၊ စနည်းတဘောင် နက္ခတ်ယှဉ်ခြင်းကိုလည်းကောင်း ကြည့်ရှုပါသလော”ဟု မေးမြန်းလေ၏။ “သူဌေးကြီး- ကြည့်ရှုပေ၏”ဟု ဆိုသဖြင့် “ငါတို့အား ကိစ္စတစ်ပါး အသို့ဖြစ်လတ္တံ့နည်း၊ ဇနပုဒ်အား အသို့ဖြစ်လတ္တံ့နည်း”ဟု မေးမြန်းသည်ရှိသော် “တစ်ပါးသော အကြောင်းကိစ္စမူကားမရှိ၊ ဤကောသမ္ဗီပြည်၌ ယနေ့ဖွားသော သူငယ်သည် အကြီးဆုံးသော သူဌေးကြီး ဖြစ်လတ္တံ့”ဟု ဆိုလေ၏။

ထိုအခါ သူဌေးကြီး၏မယားသည် လေးသောကိုယ်ဝန်ရှိသည် ဖြစ်ခြင်းကြောင့် သူဌေးကြီးသည် လူတစ်ယောက်ကို “အို..အချင်း- သွားချေ၊ ငါ၏ခင်ပွန်းမဖြစ်သော သူဌေးကတော်ကြီးကို သား,သမီး ဖွားမြင်သည်ကိုလည်းကောင်း၊ မဖွားမြင်သည်ကိုလည်းကောင်း သိအောင်ပြုခဲ့လော့”ဟု အိမ်သို့လျင်စွာ စေလွှတ်လိုက်လေ၏။ မဖွားမြင်သေးဟူသော စကားကို ကြားရသည်ရှိသော် မင်းကြီးကို ဖူးမြင်၍ လျင်စွာအိမ်သို့ ပြန်သွားပြီးလျှင် ကာဠီအမည်ရှိသော ကျွန်မကိုခေါ်၍ အသပြာတစ်ထောင်ကို ပေးပြီးမှ “ဟယ်..ကျွန်မ- သွားချေ၊ ဤပြည်၌ စူးစမ်းမေးမြန်း၍ ယနေ့ဖွားသော သူငယ်ကို အသပြာတစ်ထောင် ပေးပြီးလျှင် ဆောင်ယူလာခဲ့”ဟု စေလွှတ်လိုက်လေ၏။ ကျွန်မသည်လည်း စူးစမ်း မေးမြန်းသည်ရှိသော် သူငယ်ကို ကောက်ယူရရှိသော ထိုအိမ်သို့ရောက်သွား၍ သူငယ်ကိုမြင်လျှင် “ဤသူငယ်သည် အဘယ်နေ့က ဖွားမြင်သော သူငယ်ပါနည်း”ဟု အိမ်ရှင်မကိုမေး၍ “ယနေ့ ဖွားမြင်သော သူငယ်”ဟု ဆိုလတ်သော် “ဤသူငယ်ကို အကျွန်ုပ်အား ပေးပါလော့”ဟုဆို၍ တစ်ခုသောအသပြာကို အစပြု၍ အဖိုးကို တိုးတက်စေလျက် အသပြာကြေးငွေ တစ်ထောင်ကိုပေး၍ ထိုသူငယ်ကို ဆောင်ယူခဲ့ပြီးလျှင် သူဌေးကြီးအား ပြလေ၏။ သူဌေးကြီးသည် “ငါ့အား အကယ်၍ သမီးငယ် ဖွားမြင်ခဲ့သည် ဖြစ်အံ့၊ ထိုဖွားမြင်သော ငါ၏သမီးငယ်နှင့်တကွ ဤသူငယ်ကို ထိမ်းမြားစုံဖက် လက်ဆက်စေ၍ သူဌေးကြီး ရာထူးဌာနန္တရ၏ အရှင်ဖြစ်အောင် ပြုပေအံ့၊ သားသူငယ် အကယ်၍ ဖွားမြင်ခဲ့သည်ဖြစ်အံ့၊ ဤသူငယ်ကို သတ်ပေအံ့”ဟု ကြံ၍ ထိုသူငယ်ကို မိမိ၏အိမ်၌ မွေးကျွေးသုတ်သင်ခြင်းကို ပြုစေလေ၏။

နွားခြံတံခါးဝ၌ နှစ်ကြိမ်မြောက် အပစ်ခံရခြင်း

ထို့နောက် နှစ်ရက်,သုံးရက် လွန်မြောက်သည်ရှိသော် ထိုသူဌေးကြီး၏ သူဌေးကတော်ကြီးသည် သားယောက်ျားကို ဖွားမြင်လေ၏။ သူဌေးကြီးသည် “ဤသူငယ်သည် မရှိပါမူကား ငါ၏သားသည်သာလျှင် သူဌေးရာထူးကိုရလတ္တံ့၊ ယခုပင်လျှင် ထိုသူငယ်ကို သတ်ခြင်းငှါ သင့်၏”ဟု ကြံ၍ ကာဠီမည်သော ကျွန်မကို ခေါ်ပြီးလျှင် “ဟယ် ကျွန်မ- သွားချေ၊ နွားခြံမှ နွားတို့ထွက်လာသောအခါ ခြံတံခါးဝအလယ်၌ ဤသူငယ်ကို ဖီလာကန့်လန့် အိပ်စေလော့၊ ဝါ၊ သိပ်ထားလေလော့၊ နွားမတို့သည် ထိုသူငယ်ကိုနင်း၍ သတ်ကုန်လတ္တံ့၊ နင်းသည်၏အဖြစ်, မနင်းသည်၏ အဖြစ်ကိုလည်း သိပြီးမှ ပြန်လာခဲ့လော့”ဟု ဆိုလေ၏။ ထိုကျွန်မသည်လည်း သွား၍ နွားကျောင်းသားသည် ခြံတံခါးကို ဖွင့်ကာမျှ၌သာလျှင် ထိုသူငယ်ကို သူဌေးကြီး ဆိုသောအတိုင်း ဖီလာကန့်လန့် သိပ်ထားလေ၏။ နွားတို့၏ အကြီးအမှူးဖြစ်သော နွားလားဥသဘသည် အခါတစ်ပါးသောကာလ၌ အလုံးစုံသော နွားတို့၏နောက်မှ ထွက်နေကျဖြစ်သော်လည်း ထိုနေ့၌ကား အလုံးစုံသောနွားတို့၏ ရှေးဦးစွာ ထွက်၍ သူငယ်ကို ခြေလေးချောင်းတို့၏အတွင်း၌ ခွထားသည်ကိုပြု၍ ရပ်တန့်လေ၏။ အရာမက များစွာကုန်သော နွားမတို့သည် နွားလားဥသဘ၏ နံပါးနှစ်ဖက်တို့ကို ပွတ်တိုက်ကုန်လျက် ထွက်သွားကြကုန်၏။ နွားကျောင်းသားလည်း “ဤနွားလားဥသဘသည် ရှေးအခါ၌ အလုံးစုံသော နွားတို့၏နောက်မှ ထွက်၏။ ယနေ့မူကား အလုံးစုံသော နွားတို့၏ ရှေးဦးစွာထွက်၍ ခြံတံခါးဝအလယ်၌ မတုန်မလှုပ် ရပ်တန့်၏။ ဤအကြောင်းကား အဘယ်နည်း”ဟု ကြံစည်ကာ သွား၍ ထိုနွားလားဥသဘ၏အောက်၌ အိပ်နေသောသူငယ်ကို မြင်ရလျှင် သားတည်းဟူ၍ဖြစ်သော ချစ်ခြင်းကိုရ၍ ငါ့အား သားကို ရအပ်ပြီဟု အိမ်သို့ ယူဆောင်သွားလေ၏။ ကျွန်မ ကာဠီသည် အိမ်သို့ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် “သွားချေ၊ ထိုသူငယ်ကို ဤအသပြာတစ်ထောင်ပေး၍ တစ်ဖန် ဆောင်ချေဦးလော့”ဟု ဆိုအပ်သည်ဖြစ်၍ အသပြာတစ်ထောင် ပေးပြန်၍ ဆောင်ခဲ့ပြီးလျှင် သူငယ်ကို သူဌေးကြီးအား ပေးလေ၏။

လှည်းလမ်းမ၌ သုံးကြိမ်မြောက် အပစ်ခံရခြင်း

ထို့နောက် သူဌေးကြီးက ထိုကာဠီမည်သော ကျွန်မကို “ချစ်သမီး ကာဠီ- ဤကောသမ္ဗီပြည်၌ ငါးရာကုန်သော လှည်းတို့သည် နံနက်စောစောကာလ၌ထ၍ ကုန်သွယ်ခြင်းအလို့ငှါ သွားကြကုန်လတ္တံ့၊ သင်သည် ဤသူငယ်ကိုဆောင်သွား၍ လှည်းဘီးစက်၏ လိမ့်သွားရာ (လှည်းလမ်း) ခရီး၌ သိပ်ထားလေလော့၊ နွားတို့သည်မူလည်း ထိုသူငယ်ကို နင်းကုန်လတ္တံ့၊ လှည်းဘီးတို့သည်မူလည်း ထက်ပိုင်းကြိတ်ဖြတ်ကုန်လတ္တံ့၊ ထိုသူငယ်၏အကြောင်းကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့”ဟု မှာလိုက်၏။ ထိုကျွန်မသည် ထိုသူငယ်ကို ဆောင်သွား၍ လှည်းဘီးစက်၏ လိမ့်သွားရာလမ်း၌ သိပ်ထားလေ၏။ ထိုအခါ အကြီးအမှူးဖြစ်သော လှည်းသမားသည် ရှေ့ဆုံးလှည်း၌ ဖြစ်လေ၏။ ထိုအခါ ထိုလှည်းမှူး၏နွားတို့သည် ထိုနေရာဌာနသို့ ကျရောက်သည်ရှိသော် လှည်းဦးထမ်းပိုးကို စွန့်ကြကုန်၏။ အဖန်တလဲလဲ ထမ်းပိုးခွင်သို့တင်၍ မောင်းနှင်ကုန်သော်လည်း ရှေ့သို့ မသွားကြကုန်၊ ဤသို့ မသွားကြကုန်သဖြင့် ထိုနွားတို့နှင့် အတူတကွ လှည်းမှူး၏ လုံ့လပြုစဉ်ပင်လျှင် အရုဏ်တက်ခဲ့လေ၏။ လှည်းမှူးသည် “နွားတို့သည် အဘယ်သို့သောအမှုကို ပြုကြကုန်သနည်း”ဟု လမ်းခရီးကို ကြည့်ရှုလတ်သည်ရှိသော် သူငယ်ကိုမြင်၍ ပြုအပ်သောအမှုသည် ဝန်လေးစွတကားဟု ကြံ၍ ငါ့အား သားကို ရအပ်ပြီဟု နှစ်သက် ဝမ်းမြောက်သောစိတ်ရှိသဖြင့် ထိုသူငယ်ကို အိမ်သို့ ယူဆောင်သွားလေ၏။ ကျွန်မ ကာဠသည် အိမ်သို့ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် “သွားချေ၊ ထိုသူငယ်ကို အသပြာ တစ်ထောင်ပေး၍ တစ်ဖန် ဆောင်ချေဦးလော့”ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသော စကားအတိုင်း ပြုလေ၏။

သုသာန်၌ လေးကြိမ်မြောက် အပစ်ခံရခြင်း

ထို့နောက် တစ်ဖန် သူဌေးကြီးက ကျွန်မကို “ယခုအခါ၌ ထိုသူငယ်ကို သူကောင်ပစ်ရာ သုသာန်သို့ ဆောင်သွား၍ ချုံကြား၌ သိပ်ထားလေလော့၊ ထိုသုသာန်ချုံထဲ၌ ခွေးစသော သတ္တဝါတို့သည် ကိုက်ခဲအပ်သည်ဖြစ်၍လည်းကောင်း၊ ဘီလူးတို့သည် ပုတ်ခတ်အပ်သည်ဖြစ်၍လည်းကောင်း သေဆုံးလတ္တံ့၊ ထိုသူငယ်၏ သေသည်အဖြစ်၊ မသေသည်အဖြစ်ကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့”ဟု မှာလိုက်၏။ ထိုကျွန်မသည် ထိုသူငယ်ကို ဆောင်သွားပြီးလျှင် သုသာန်၌ သိပ်ထား၍ သင့်တင့်သော နေရာတစ်ခု၌ ကြည့်ရှုရန် စောင့်စား၍ တည်နေလေ၏။ ထိုသူငယ်ကို ခွေးသည်လည်းကောင်း၊ ကျီးသည်လည်းကောင်း၊ ဘီလူးသည်လည်းကောင်း အနီးသို့ ချဉ်းကပ်ခြင်းငှါ မစွမ်းနိုင်လေ။

(ထိုသူငယ်အား အမိလည်း မရှိ၊ အဘလည်း မရှိ၊ အစ်ကိုကြီး အစရှိကုန်သော စောင့်ရှောက်သူမည်သည် မရှိသည် မဟုတ်တုံလော၊ ထိုသို့ဖြစ်လျက် အဘယ်သူသည် စောင့်ရှောက်လေသနည်း ဟူမူကား ခွေးဖြစ်သောကာလ အရှင်ပစ္စေကဗုဒ္ဓါ၌ ချစ်ခြင်းဖြင့်ဖြစ်စေအပ်သော ဟောင်ခြင်း,အူခြင်း ပြုကာမျှဖြစ်သော ကံသည်သာလျှင် ထိုသူငယ်ကို အစဉ်စောင့်ရှောက်လေ၏။)

ထိုအခါ ဆိတ်ကျောင်းသား တစ်ယောက်သည် အထောင်မက များစွာသောဆိတ်တို့ကို ကျက်စားရာသို့ ဆောင်ယူလျက် သုသာန်၏နံပါးဖြင့် သွားလေ၏။ တစ်ကောင်သောဆိတ်မသည် သစ်ရွက်တို့ကို စားလျက် ချုံ၏အကြားသို့ ဝင်သည်ရှိသော် သူငယ်ကိုမြင်၍ ဒူးဆစ်တို့ဖြင့် ထောက်တည်လျက် သူငယ်အား နို့တိုက်လေ၏။ ဆိတ်ကျောင်းသားသည် “ဟေ-ဟေ”ဟူသောအသံကို ပြုသော်လည်း မထွက်သဖြင့် လှင်တံဖြင့် ထိုဆိတ်မကိုရိုက်၍ ထုတ်ဆောင်အံ့ဟု ကြံ၍ ချုံ၏အကြားဝင်သည်ရှိသော် ဆိတ်မသည် ဒူးဆစ်တို့ဖြင့် ထောက်တည်လျက် သူငယ်ကို နို့ရည်တိုက်ကျွေး၍ နေသည်ကိုမြင်ရလျှင် သူငယ်၌ သားတည်းဟူ၍ဖြစ်သော ချစ်ခြင်းကိုရ၍ ငါ့အား သားကို ရအပ်ပြီဟု ထိုသူငယ်ကို ယူ၍ ဖဲသွားလေ၏။ ကျွန်မကာဠီသည် အိမ်သို့ပြန်သွား၍ သူဌေးကြီးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် “သွားချေ- ထိုသူငယ်ကို အသပြာတစ်ထောင်ပေး၍ တစ်ဖန် ဆောင်ချေဦးလော့”ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသောအတိုင်းပင် ပြုလေ၏။

တောင်ကမ်းပါးပြတ်၌ ငါးကြိမ်မြောက် အပစ်ခံရခြင်း

ထို့နောက်မှ ကျွန်မကို “ချစ်သမီး ကာဠီ- ဤသူငယ်ကိုယူ၍ ခိုးသူတို့ကို ချသတ်ရာဖြစ်သော တောင်ထိပ်ပေါ်သို့တက်၍ တောင်ကမ်းပါးပြတ်၌ ပစ်ချလေလော့၊ တောင်ဝှမ်း၌ ထိပါး တိုက်ခိုက်အပ်သည်ရှိသော် အပိုင်းအပိုင်းပြတ်၍ မြေကြီး၌ ကျလတ္တံ့၊ ထိုသူငယ်၏ သေသည်အဖြစ်, မသေသည်အဖြစ်ကိုလည်း သိပြီးမှသာ ပြန်၍လာခဲ့လော့”ဟု မှာလိုက်၏။ ကျွန်မသည် သူငယ်ကို ထိုတောင်ထိပ်ပေါ်သို့ ဆောင်ယူ၍ တောင်ထိပ်၌ ရပ်လျက်သာလျှင် ပစ်ချလိုက်လေ၏။ ထိုတောင်ဝှမ်းကိုမှီ၍ ကြီးကျယ်စွာသော ဝါးချုံသည် တောင်ကို အစဉ်လျှောက်၍သာလျှင် ကြီးပွားစည်ပင်လေ၏။ ထိုဝါးချုံကြီး၏အထက်၌ တခဲနက်ထူသော ဇင်ရွေးချုံသည် လွှမ်းမိုးဖုံးအုပ်၍ တည်လေ၏။ သူငယ်သည် ကျလတ်သည်ရှိသော် ကော်ဇောအပေါ်၌ ကျရောက်ဘိသကဲ့သို့ ထိုချုံထက်၌ ကျရောက်လေ၏။ ထိုနေ့၌ပင်လျှင် အကြီးအမှူးဖြစ်သော ကျူထရံသည်ကြီးအား ဝါးအခွန်အဖို့ကို ပေးအံ့သောအလှည့်သည် ကျရောက်လာလေ၏။ ထိုကျူထရံသည်ကြီးသည် သားနှင့်အတူတကွ သွား၍ ထိုဝါးချုံကို ဖြတ်ခြင်းငှါ အားထုတ်၏။ ထိုဝါးချုံကို ဖြတ်သဖြင့် ဝါးချုံ လှုပ်ရှားသည်ရှိသော် သူငယ်သည် အသံကို ပြု၏(ငို၏)။ ထိုကျူထရံသည်ကြီးသည် ဤအသံသည်ကား သူငယ်၏ အသံကဲ့သို့ပင် ဖြစ်ချေသည်တကားဟု တစ်ဖက်သောနံပါးဖြင့် တက်သည်ရှိသော် ထိုသူငယ်ကိုမြင်၍ ငါ့အား သားကို ရအပ်ပြီဟု နှစ်သက်ရွှင်လန်းသော စိတ်ရှိသည်ဖြစ်၍ ယူသွားလေ၏။ ကျွန်မကာဠီသည်လည်း သူဌေးကြီး အထံသို့သွား၍ သူဌေးက မေးသည်ရှိသော် ထိုအကြောင်းကို ပြန်ကြားသဖြင့် “သွားချေ- ထိုသူငယ်ကို အသပြာတစ်ထောင်ပေး၍ တစ်ဖန် ဆောင်ချေဦးလော့”ဟု ဆိုအပ်သည်ဖြစ်၍ ထိုပြောဆိုသောအတိုင်းပင် ပြုလေ၏။

ခြောက်ကြိမ်မြောက် မီးတွင် ပစ်ချသတ်ရန် စေလွှတ်ခံရခြင်း

သူဌေးကြီးလည်း ဤသို့,ဤသို့သော သေရာသေကြောင်း အားထုတ်ပြုလုပ်စဉ်ပင် သူငယ်သည် ကြီးပြင်းလာလေ၏။ ထိုသူငယ်အား ဃောသကဟူသောအမည်သည် တွင်လေ၏။ ထိုသူငယ်သည် သူဌေးကြီး၏မျက်စိ၌ ဆူးငြောင့်ကဲ့သို့ ထင်လေ၏။ ဖြောင့်ဖြောင့်တည့်တည့် ကြည့်ရှုခြင်းငှါလည်း မစွမ်းနိုင်၊ ထိုမှအခြား အခါတစ်ပါး၌ သူငယ်အား သေလောက်သောအကြောင်းကို ကြံစည်စိတ်ကူးလျက် မိမိ၏အဖော်ဖြစ်သော အိုးထိန်းသည်၏အထံသို့ သွားပြီးလျှင် “အဘယ်အခါ၌ အိုးဖုတ်ရာ တွင်းကျင်းတို့ကို ပြုစုစီမံ လိမ်းကျံ မီးဖုတ်လတ္တံ့နည်း”ဟု မေးသဖြင့် “နက်ဖြန်ခါ ပြုအံ့”ဟု ဆိုသည်ရှိသော် “ထိုသို့ဖြစ်မူ ဤအသပြာ တစ်ထောင်ကိုယူ၍ ငါ၏ တစ်ခုသော အမှုကို ပြုပါလော့”ဟု ဆို၏။ “အရှင်သူဌေးကြီး- အဘယ်သို့သောအမှုကို ပြုရပါမည်နည်း”ဟု မေးသည်ရှိသော် “ငါ့အား ယုတ်မာညစ်ညမ်း ဆိုးသွမ်းသော (အဝဇာတ) သားတစ်ယောက်သည် ရှိ၏။ ထိုသားကို အသင်၏အထံသို့ စေလွှတ်လိုက်အံ့၊ ထိုအခါ ထိုသူငယ်ကိုဖမ်းယူ၍ တိုက်ခန်းတွင်းသို့ သွင်းပြီးလျှင် ထက်လှစွာသော ပဲခွပ်ဖြင့် အပိုင်းအပိုင်းဖြတ်ပြီး၍ အိုးစရည်းကြီး၌ ထည့်သွင်းလျက် အိုးဖုတ်ရာ တွင်း၌သာလျှင် မီးတိုက် ရှို့မြိုက်လေလော့၊ ဤအသပြာ တစ်ထောင်ကား သင်တို့အား သစ္စာပြုသည်နှင့်တူသော စရန်ပေးခြင်းတည်း၊ ဤထက် အလွန်ပေးကမ်းပြုစုထိုက်သည်ကို နောက်မှ ပြုပေအံ့”ဟု ဆိုလေ၏။ အိုးထိန်းသည်သည် “ကောင်းလှပါပြီ”ဟု ဝန်ခံလိုက်၏။

သူဌေးကြီးလည်း တစ်ဖန်မိုးသောက် ရောက်သောနေ့၌ ဃောသက သတို့သားကို ခေါ်ပြီးလျှင် “ချစ်သား- ယမန်နေ့က ငါသည် အိုးထိန်းသည်ကို တစ်ခုသောအမှု စေခိုင်းခြင်းကို ပြုအပ်၏။ ချစ်သား- လာလှည့်၊ သင်သည် ထိုအိုးထိန်းသည်၏ အထံသို့သွား၍ “ယမန်နေ့က ကျွန်တော်၏ဖခင် စေခိုင်းအပ်သောအမှုကို မချွတ်မလွဲ ပြီးစေရမည်တဲ့”ဟု ပြောဆိုချေ”ဟူ၍ စေလွှတ်လိုက်လေ၏။ ထိုဃောသက သတို့သားသည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍သွားလေ၏။ ဃောသကသတို့သား ထိုအိုးထိန်းသည်အိမ်သို့ သွားသည်ကို သူဌေးကြီး၏ သားရင်းဖြစ်သော (ဃောသကမှ တစ်ပါးသော) သူငယ်သည် သူငယ်ဖော်တို့နှင့် အတူတကွ ဂုံညင်းလုံး ကစားလျက်နေစဉ် မြင်လိုက်၍ ခေါ်ပြီးလျှင် “နောင်တော်- အဘယ်အရပ်သို့ သွားမည်နည်း”ဟုမေး၍ “ဖခင်၏သတင်းစကားကို ဆောင်ယူ၍ အိုးထိန်းသည်၏ အထံသို့သွားအံ့”ဟု ဆိုသည်ရှိသော် “ထိုအရပ်သို့ အကျွန်ုပ်သွားပါအံ့၊ ဤသူငယ်တို့သည် အကျွန်ုပ်ကို လောင်းကြေး အကြိမ်များစွာ နိုင်ကြလေကုန်ပြီ၊ အကျွန်ုပ်အား ထိုဆုံးရှုံးလေသမျှ လောင်းကြေးကို ပြန်နိုင်အောင် ပြု၍ပေးပါလော့”ဟု ဆို၏။ “ငါသည် ဖခင်ကို ကြောက်လှပါသည်”ဟု ဆိုသည်ရှိသော် “နောင်တော် မကြောက်ပါလင့်၊ အကျွန်ုပ်သည် ထိုသတင်းစကားကို ဆောင်ပါအံ့၊ နောင်တော်သည် များစွာနိုင်သော်လည်း အကြင်မျှလောက်ကာလ၌ အကျွန်ုပ်သည် ပြန်လာ၏၊ ထိုမျှလောက်သော ကာလပတ်လုံး အကျွန်ုပ်ဆုံးရှုံးလေပြီးသော လောင်းကြေးကို ပြန်၍နိုင်အောင် ပြုပါလော့”ဟု တောင်းပန်စကား ဆိုလေ၏။

ဃောသကသတို့သားသည် ဂုံညင်းလုံး ကစားခြင်း၌ အလွန်ကျွမ်းကျင်သတတ်။ ထို့ကြောင့်သာလျှင် သူဌေးကြီး၏ သားရင်းဖြစ်သော သူငယ်သည် ဃောသကသတို့သားကို အမြဲမပြတ် အထပ်ထပ် တောင်းပန်စကား ဆိုလေ၏။ ဃောသကသတို့သားသည်လည်း “ထိုသို့ဖြစ်မူ သွား၍ အိုးထိန်းသည်ကို ဆိုချေလော့၊ “ယမန်နေ့က ကျွန်တော်၏ဖခင်သည် တစ်ခုသောအမှုကို စေခိုင်းအပ်၏။ ထိုစေခိုင်းအပ်သောအမှုကို ယခု ပြီးစေရမည်တဲ့”ဟု ပြောဆိုချေ”ဟူ၍ စေလွှတ်လိုက်လေ၏။ သူဌေးကြီး၏ သားရင်းဖြစ်သော ထိုသူငယ်သည်လည်း အိုးထိန်းသည်၏ အထံသို့သွား၍ မှာလိုက်သော စကားအလုံးစုံကို ပြန်ကြားလေ၏။ ထိုအခါ အိုးထိန်းသည်သည် သူငယ်ကို သူဌေးကြီးမှာခဲ့သော နည်းဖြင့်သာလျှင် သတ်ဖြတ်၍ အိုးဖုတ်သောတွင်း၌ ပစ်သွင်းလေ၏။

မိမိ၏သားရင်း သေဆုံးခြင်းကြောင့် သူဌေးကြီး သောကဖြစ်ပုံ

ဃောသက သတို့သားသည်လည်း နေ့အဖို့ပတ်လုံး ကစားပြီး၍ ညနေချမ်းသောအခါ၌ အိမ်သို့ပြန်သွားသဖြင့် သူဌေးကြီးသည် ထိုဃောသကို မြင်၍ “ချစ်သား-အသို့နည်း၊ အိုးထိန်းသည်၏ အထံသို့ မသွားပြီလော”ဟု ဆိုသည်ရှိသော် မိမိ၏ မသွားသောအကြောင်းကိုလည်းကောင်း၊ ညီငယ်၏ သွားသောအကြောင်းကိုလည်းကောင်း ပြောကြားလေ၏။ ထိုစကားကို ကြားရလျှင် သူဌေးကြီးသည် “ငါသည် စက်ဆုပ်ဖွယ် ရှိလေစွ (မိုက်လေစွ)”ဟု သည်းစွာသော မြည်တမ်းခြင်းကို မြည်တမ်း၍ ကိုယ်အလုံး၌ သွေးကျိုက်ကျိုက်ဆူသကဲ့သို့ ဖြစ်ပြီးလျှင် “အို..အချင်း အိုးထိန်းသည်- ငါ့ကို မဖျက်ဆီးပါလင့်၊ ငါ့ကို မဖျက်ဆီးပါလင့်”ဟု လက်မောင်းနှစ်ဖက်တို့ကို ချီမြှောက်ကာ ငိုကြွေးမြည်တမ်းလျက် ထိုအိုးထိန်းသည်၏ အထံသို့ သွားလေ၏။ အိုးထိန်းသည်သည်လည်း ထိုသို့သော အခြင်းအရာဖြင့်လာသော သူဌေးကြီးကိုမြင်လျှင် “အရှင်သူဌေးကြီး- အသံကို မပြုပါလင့်၊ အရှင်မှာထားသော အမှုသည် ပြီးစီးလေပြီ”ဟု ဆိုလေ၏။ ထိုသူဌေးကြီးသည် တောင်ကြီးဖြင့် ဖိစီးလွှမ်းမိုးသကဲ့သို့ ကြီးစွာသောစိုးရိမ်ခြင်းဖြင့် ဖိစီးလွှမ်းမိုးအပ်သည်ဖြစ်၍ အတိုင်းမသိသော များစွာသော နှလုံးမသာယာခြင်းကို ခံစားရလေ၏။ အဘယ်ကဲ့သို့နည်းဟူမူကား မပြစ်မှားထိုက်သောပုဂ္ဂိုလ်အား ပြစ်မှားသောသူသည် အတိုင်းမသိ များစွာသော နှလုံးမသာယာခြင်းကို ခံစားရသကဲ့သို့တည်း။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤဂါထာတို့ကို ဟောတော်မူလေ၏။

မပြစ်မှားသင့်သူ ပြစ်မှားမိက ဒဏ်ဆယ်ပါး ခံရတတ်ပုံ

ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေဝ နိဂစ္ဆတိ။
ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ စ ဘေဒနံ။
ဂရုကံ ဝါပိ အာဗာဓံ၊ စိတ္တက္ခေပဉ္စ ပါပုဏေ။
ရာဇတော ဝါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနဉ္စ ဒါရုဏံ။
ပရိက္ခယဉ္စ ဉာတီနံ၊ ဘောဂါနဉ္စ ပဘင်္ဂုရံ။
အထ ဝါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

ဘိက္ခဝေ၊ ရဟန်းတို့ ။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အဒဏ္ဍေသု၊ ကာယဒဏ္ဍ စသည်တို့မှ ကင်းကြကုန်သော။ အပ္ပဒုဋ္ဌေသု၊ ပြစ်မှားခြင်းမှ ကင်းသောသူတို့၌။ ဒဏ္ဍေန၊ ကိုယ်ဒဏ်စသည် ပေးခြင်းဖြင့်။ ဒုဿတိ၊ ပြစ်မှား၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဒသန္နံ ဌာနာနံ၊ ဆယ်ပါးသော(ဒုက္ခရောက်ကြောင်း) ဒဏ်သင့်ခြင်းတို့တွင်။ အညတရံ၊ တစ်ပါးပါးသော။ ဌာနံ၊ ဒဏ်သင့်ခြင်းသို့။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဂစ္ဆတိ၊ ရောက်တတ်၏။

ဖရုသံ၊ ကြမ်းကြုတ်သော။ ဝေဒနံ၊ ဦးခေါင်းနာစသော ဆင်းရဲဝေဒနာသို့လည်းကောင်း။ ဇာနိံ၊ ငြိုငြင်စွာ ရအပ်သော ဥစ္စာ၏ ဆုံးရှုံးခြင်းသို့လည်းကောင်း။ သရီရဿ၊ လက်,ခြေစသော ကိုယ်၏။ ဘေဒနဉ္စ၊ ပျက်စီးခြင်းသို့လည်းကောင်း။ ဂရုကံ၊ ကြီးလေးသော။ အာဗာဓံ ဝါပိ၊ ခြေလက်ကွေးခြင်း, ဆွံ့ခြင်းစသော အနာနှိပ်စက်ခြင်းသို့လည်းကောင်း။ စိတ္တက္ခေပဉ္စ၊ စိတ်ပျံ့လွင့်၍ ရူးသွပ်ခြင်းသို့လည်းကောင်း။ ပါပုဏေ၊ ရောက်ရာ၏။

ရာဇတော၊ မင်းမှ။ ဥပသဂ္ဂံ ဝါ၊ စည်းစိမ်ပျက်ချော ရာထူး လျှောခြင်းစသော ဘေးသို့လည်းကောင်း။ ဒါရုဏံ၊ ကြမ်းကြုတ်သော။ အဗ္ဘက္ခာနဉ္စ၊ သမုတ်တလွဲ စွပ်စွဲခံရခြင်းသို့လည်းကောင်း။ ဉာတီနံ၊ အားထားလောက်သော ဆွေမျိုးတို့၏။ ပရိက္ခယဉ္စ၊ ကုန်ပျောက်ပြုန်းတီး ပျက်စီးခြင်းသို့လည်းကောင်း။ ဘောဂါနံ၊ ပစ္စည်းဥစ္စာတို့၏။ ပဘင်္ဂုရဉ္စ၊ (ပုပ်ဆွေးခြင်း) ပျက်စီးခြင်းသို့လည်းကောင်း။ပါပုဏေ၊ ရောက်ရာ၏။

အထ၊ ထိုမှတစ်ပါး။ အဿ၊ ထိုပုဂ္ဂိုလ်၏။ အဂါရာနိ၊ အိမ်တို့ကို။ အဂ္ဂိ၊ ပကတိမီး မိုးကြိုးမီးသည်လည်းကောင်း။ ပါဝကော၊ အလိုလို ထလောင်သော မီးသည်လည်းကောင်း။ ဍဟတိ၊ လောင်၏။ ဒုပ္ပညော၊ ပညာနည်းသော။ သော၊ ထိုဒဏ်ဆယ်ပါး တစ်ပါးပါး သင့်ပြီးသော ပုဂ္ဂိုလ်သည်။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်သည်မှ။ ပရံ၊ နောက်၌။ နိရယံ၊ ငရဲသို့။ ဝါ၊ ငရဲ၌။ ဥပပဇ္ဇတိ၊ ကျရောက်တတ် ဖြစ်တတ်၏။

ခုနစ်ကြိမ်မြောက် သတ်ရန် အမှာစာရေး၍ စေလွှတ်ခံရခြင်း

ယင်းသို့ဖြစ်သော်လည်း သူဌေးကြီးသည် တစ်ဖန် ဃောသက သတို့သားကို ဖြောင့်ဖြောင့်တည့်တည့် ကြည့်ရှုခြင်းငှါ မစွမ်းနိုင်လေ၊ “ဃောသကကို ငါသည် အဘယ်သို့သောအကြောင်းဖြင့် သတ်ရအံ့နည်း”ဟု ကြံစည်သည်ရှိသော် “ငါ၏ ပိုင်စားရာဖြစ်သော ရွာငယ်တစ်ရွာ၌ စာရင်းကိုင်အမှုဆောင် (ကိုယ်စားလှယ်)၏ အထံသို့ စေလွှတ်၍ ထိုဃောသကကို သတ်စေအံ့”ဟူသော အကြောင်းကိုမြင်၍ “ဤသူငယ်ကား ငါ၏ ယုတ်မာလှစွာသော သားမိုက်ဖြစ်ချေသည်။ ဤသူငယ်ကို သတ်၍ မစင်တွင်း၌ ပစ်ချလိုက်ပါလေ၊ ဤသို့ ပြုသည်ရှိသော် ငါသည် ဦးရီးအား ပေးကမ်း ပြုစုဖွယ်နှင့် စပ်သည်ကို သိပါအံ့”ဟု ထိုစာရင်းကိုင် အမှုဆောင်အား မှာစာကမ္ပည်းကို ရေးပြီးလျှင် “ချစ်သားဃောသက- ငါတို့ပိုင်စားရာဖြစ်သော တစ်ရာသောရွာ၌ စာရင်းကိုင်အမှုဆောင်သည် ရှိ၏။ ဤကမ္ပည်းမှာစာကို ဆောင်ယူ၍ ထိုအမှုဆောင်အား ပေးအပ်လေလော့”ဟု မှာထားပြောဆို၍ ကမ္ပည်းမှာစာကို ထိုဃောသက၏ ပုဆိုးစွန်း၌ ဖွဲ့ချည်ပေးလိုက်လေ၏။

ထိုဃောသကသည်ကား စာမတတ်ပေ။ အဘသူဌေးကြီးသည် ငယ်ရွယ်စဉ်အခါမှစ၍ ထိုဃောသကကို သတ်ခြင်းငှါ မတတ်နိုင်သော်လည်း သတ်စိမ့်သောငှါ လိုလားလျက်သာ နေ၏။ အဘယ်မှာ စာပေပညာအတတ်ကို သင်စေမည်နည်း။ ထို့ကြောင့် ထိုဃောသကသည် မိမိအား သတ်လတ္တံ့သော ကမ္ပည်းမှာစာကိုသာလျှင် ပုဆိုးစွန်း၌ ဖွဲ့ချည်လျက် အိမ်မှထွက်သည်ရှိသော် “ဖခင်- အကျွန်ုပ်အား လမ်း၌ သုံးစားစရာ ရိက္ခာမရှိပါ”ဟု ဆိုလေ၏။ သူဌေးကြီးက “ချစ်သား- ရိက္ခာဖြင့် ပြုဖွယ်ကိစ္စ မရှိပေ။ ခရီးအကြား ဤမည်သောရွာ၌ ငါ၏ အဆွေခင်ပွန်းဖြစ်သော သူဌေးသည်ရှိ၏။ ထိုသူဌေးအိမ်၌ နံနက်စာစား၍ ရှေ့သို့ သွားလေလော့”ဟုဆိုသဖြင့် ထိုဃောသကလည်း “ကောင်းလှပါပြီ”ဟု ဝန်ခံ၍ ဖခင်ကို ရှိခိုးပြီးလျှင် အိမ်မှ ထွက်လာခဲ့သည်ရှိသော် ဖခင်မှာထားလိုက်သော ထိုရွာသို့ ရောက်သဖြင့် သူဌေးအိမ်ကို မေးမြန်း၍ ရောက်သွားရကား သူဌေးကတော်သည် ထိုဃောသကသတို့သားကို မြင်၍ “အဘယ်အရပ်မှ လာခဲ့ပေသနည်း”ဟု မေးသဖြင့် မြို့တွင်းမှ လာခဲ့ကြောင်းကို ပြန်ကြားပြောဆိုလေ၏။ “အမောင်သည် အဘယ်သူ၏ သားပေနည်း”ဟု မေးသည်ရှိသော် “မိခင်- အသင်တို့၏ အဆွေခင်ပွန်းဖြစ်သော သူဌေးကြီးသားပါတည်း”ဟု ပြောကြားလေ၏။ “ဃောသက သတို့သားဟူသည် အမောင်လုလင်ပင် ဖြစ်ပေသလော”ဟု မေးပြန်သည်ရှိသော် “မိခင် ဪ... ဟုတ်ပါ၏”ဟု ပြောကြားလေ၏။ သူဌေးကတော်ကြီးကား မြင်သည်နှင့်တစ်ပြိုင်နက်သာလျှင် ထိုဃောသက သတို့သားအပေါ်၌ သားတည်းဟူသော ချစ်ခင်ခြင်းသည် ဖြစ်လေ၏။ ထိုသူဌေးအားလည်း တစ်ဆယ့်ငါးနှစ်၊ တစ်ဆယ့်ခြောက်နှစ် အရွယ်ရှိသော သမီးတစ်ယောက်ရှိ၏၊ အလွန် အဆင်းလှ၏၊ ကြည်လင် နှစ်သက်ဖွယ်လည်း ရှိ၏။ ထိုသူဌေးသမီးကို စောင့်ရှောက်ခြင်းငှါ တစ်ယောက်တည်းသာလျှင်ဖြစ်သော ခိုင်းစေစရာ ကျွန်မကိုပေး၍ ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်ပြင် ကျက်သရေရှိသော တိုက်ခန်း၌ နေစေကုန်၏။

သူဌေးသမီးသည် ထိုဃောသက ရောက်လာသောခဏ၌ ထိုကျွန်မကို အိမ်ဈေးသို့ စေလွှတ်၏။ ထိုအခါ ကျွန်မကို သူဌေးကတော်မြင်၍ “အဘယ်အရပ်သို့ သွားမည်နည်း”ဟုမေးလျှင် “သခင်မ- အရှင်မ၏သမီး စေခိုင်းခြင်းကြောင့် အိမ်ဈေးသို့ သွားပါအံ့”ဟု ဆိုသည်ရှိသော် “ဤအရပ်သို့ ရှေးဦးစွာ လာလှည့်ဦးလော့၊ သင်၏ အရှင်မ စေလွှတ်သောအမှုကို ထားဘိဦး၊ ငါ၏သားအား အင်းပျဉ်ကိုခင်း၍ ခြေတို့ကိုရေဆေး၍ ဆီလိမ်းပြီးလျှင် အိပ်ရာခင်း၍ ပေးခဲ့ဦးလော့၊ နောက်မှ အသင်၏ အရှင်မ စေလွှတ်သောအမှုကို ပြုရလိမ့်မည်”ဟု ဆိုလေ၏။ ကျွန်မသည် သူဌေးကတော်ဆိုတိုင်း ပြုလေ၏။

သေဘေးမှလွတ်ရန် သူဌေးသမီးတစ်ဦး ကယ်ဆယ်ပုံ

ထိုအခါ ကြာမြင့်မှ ပြန်လာသော ကျွန်မကို သူဌေးသမီးသည် ကြာမြင့်ရသလောဟု ခြိမ်းခြောက် မောင်းမဲ၏။ ထိုသို့ ခြိမ်းခြောက် မောင်းမဲသောအခါ ကျွန်မက သူဌေးသမီးကို “အရှင်မ-အကျွန်ုပ်အား အမျက်မထွက်ပါလင့်၊ သူဌေးသား ဃောသကသည် လာရောက်သောကြောင့် ထိုသူဌေးသား ဃောသက၏အလို့ငှါ ဤသို့,ဤသို့သော အမှုကိစ္စကို ပြုစုပြီးမှ ထိုအိမ်ဈေးသို့သွား၍ လာခဲ့ရပါသည်”ဟု ဆိုလတ်သော် သူဌေးသမီးအား သူဌေးသား ဃောသကဟူသော အမည်ကို ကြားလျှင်ကြားချင်း ချစ်ခင်ခြင်းသည် အရေစသည်တို့ကို ဖြတ်၍ ရိုးတွင်းခြင်ဆီကို ထိခိုက်လျက် တည်လေ၏။

(အကြောင်းသော်ကား ကောတုဟလိက လုလင်ဖြစ်သောဘဝ၌ ထိုသူဌေးသမီးသည် ထိုသူ၏မယား ကာဠီဖြစ်၍ တစ်စလယ်ချက်သောဆွမ်းကို ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ပေးလှူခဲ့ဖူး၏။ ထိုကောင်းမှု၏ အာနုဘော်အားဖြင့် တမလွန်ဘဝ ပြောင်းသွား၍ ဤသူဌေးအမျိုးအိမ်၌ ဖြစ်လေ၏။)

ထို့ကြောင့် သူဌေးသမီးကို ထိုသို့သဘောရှိသော ရှေးဘဝ၌ ဖြစ်ဖူးသော ချစ်ခင်စုံမက် နှစ်သက်ခြင်းသည် လွှမ်းမိုး၍ ယူလေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူလေ၏။

ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္နဟိတေန ဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။

ဥပ္ပလံဝ၊ ကြာဖြူ၊ ကြာနီစသော ဥပ္ပလကြာသည်လည်းကောင်း။ သေသံဝါ၊ ကြွင်းသော ပဒုမ္မာကြာသည်လည်းကောင်း။ ဥဒကေ၊ ရေ၌။ ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။ ဥဘောဟိ၊ ရေနှင့်ညွန်ပျောင်း နှစ်ပါးစုံသော အကြောင်းတို့ကြောင့်။ ဇာယတေ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ-တထာ၊ ထို့အတူ။ တံ ပေမံ၊ ထိုအချစ်သည်။ ဇာယမာနံ၊ ဖြစ်လတ်သည်ရှိသော်။ ပုဗ္ဗေ၊ အတိတ်ကာလ ရှေးဘဝ၌။ သန္နိဝါသေန ဝါ၊ ချစ်ခင်လှစွာ မကွာကြည်နူး နေကြဖူးသောကြောင့်လည်းကောင်း။ ပစ္စုပ္ပန္နဟိတေန ဝါ၊ ဖြစ်ဆဲသန္တာန် ပစ္စုပ္ပန်ဝယ် ထက်သန်ပွားတိုး အကျိုးများစွာ ဆောင်ရွက်ကြသောကြောင့်လည်းကောင်း။ ဧဝံ၊ ဤအကြောင်း နှစ်ပါးတို့ကြောင့်။ ဇာယတေ၊ ဖြစ်၏။

ထိုအခါ သူဌေးသမီးက ကျွန်မကို “မိခင်- ထိုဃောသက သူဌေးသားကား ယခု အဘယ်မှာနည်း”ဟုမေး၏။ “အရှင်မ- အိပ်ရာ၌ လျောင်းလျက် အိပ်နေပါသည်”ဟုဆိုလျှင် “ထိုသူဌေးသားလက်ထဲ၌ တစ်စုံတစ်ခုသောဝတ္ထုသည် ရှိပါသလော”ဟု မေးမြန်းသဖြင့် “ပုဆိုးစွန်း၌ ကမ္ပည်းစာ ရှိပါသည်”ဟု ပြောလျှင် သူဌေးသမီးသည် “ဤကမ္ပည်းစာသည်ကား အဘယ်သို့သောအကြောင်းကို မှာထားသော ကမ္ပည်းစာဖြစ်လေသနည်း”ဟု ဃောသက သူဌေးသား အိပ်ပျော်နေသောအခါ မိခင်,ဖခင်တို့ တစ်ပါးကို နှလုံးသွင်းသည်ဖြစ်၍ မမြင်ကြကုန်စဉ် ပြာသာဒ်မှ ဆင်းသက်ကာ ထိုကမ္ပည်းစာကို ဖြေချွတ်ယူငင်၍ မိမိ၏ တိုက်ခန်းတွင်းသို့ ဝင်ပြီးလျှင် တံခါးမကြီးကိုပိတ်ပြီးမှ လေသာပြတင်းကို ဖွင့်လှစ်၍ အက္ခရာအတတ်၌ လိမ္မာသောကြောင့် ကမ္ပည်းစာကို ဖတ်ရှုပြီးသောအခါ “ဪ.. မသိမလိမ္မာစွတကား၊ မိမိ၏ သေကြောင်းဖြစ်သော ကမ္ပည်းစာကို ပုဆိုးစွန်း၌ ဖွဲ့ချည်၍ သွားလာလှည့်လည်လေသည်တကား။ ငါသည် အကယ်၍ မတွေ့မမြင်ခဲ့အံ့၊ ထိုသူ၏အသက်သည် ရှိတော့မည် မဟုတ်”ဟု ကြံပြီးမှ ထိုကမ္ပည်းမှာစာကို ဆုတ်ဖျက်၍ သူဌေးကြီး၏စကားဖြင့် တစ်ပါးသော ကမ္ပည်းမှာစာကို ရေးသားသည်မှာ- “ဤသတို့သားသည် ငါ၏သားဖြစ်သော ဃောသကအမည်ရှိသောသူတည်း။ ထိုသတို့သားကို ငါ၏ ပိုင်စားရာ ရွာတစ်ရာမှ လက်ဆောင်ပဏ္ဏာကာရကို ယူဆောင်စေ၍ ဤအမည်ရှိသော ဇနပုဒ်သူဌေး၏သမီးနှင့် အတူတကွ ထိမ်းမြားလက်ထပ်ခြင်းမင်္ဂလာကို ပြုပြီးလျှင် မိမိနေရာဖြစ်သော ရွာ၏အလယ်၌ ဘုံနှစ်ဆင့်ရှိသော အိမ်ကို ဆောက်စေ၍ တံတိုင်းဝန်းရံခြင်းဖြင့်လည်းကောင်း၊ ယောက်ျားအစောင့်အရှောက်ဖြင့်လည်းကောင်း ကောင်းစွာစီမံအပ်သော စောင့်ရှောက်ခြင်းကို ပြုလော့၊ ငါ့အားလည်း “ဤသို့,ဤသို့သောအမှုကို အကျွန်ုပ်သည် ပြုအပ်ပြီ”ဟူ၍ သတင်းစကား ရေးသား စေလွှတ်လိုက်ပါလော့။ ဤသို့ပြုသည်ရှိသော် ငါသည် ဦးရီးအား ပေးကမ်းပြုစုဖွယ်နှင့်စပ်သည်ကို သိပါအံ့”ဟု ရေးသား၍ တစ်ဖန် ထိုစာကိုခေါက်၍ ဃောသကသူဌေးသား၏ ထိုပုဆိုးစွန်း၌သာလျှင် ဖွဲ့ချည်လိုက်လေ၏။

ဃောသကအား ဇနပုဒ်သူဌေးသမီးနှင့် မင်္ဂလာဆောင်ပြီးကြောင်းကြားရသဖြင့် သူဌေးကြီး ဝေဒနာဖြစ်ပုံ

ထိုဃောသကသည် နေ့အဖို့ပတ်လုံး အိပ်ပြီးမှ အိပ်ရာမှ ထပြီးလျှင် ခဲဖွယ်ဘောဇဉ်ကို စားသောက်၍ ဖဲသွားလေ၏။ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ နံနက်စောစောကပင်လျှင် ထိုရွာသို့ ရောက်သွားသည်ရှိသော် စာရင်းကိုင် အမှုဆောင်သည် ရွာ၌ အမှုကိစ္စကိုပြုစဉ်ပင် တွေ့မြင်လေ၏။ ထိုစာရင်းကိုင် အမှုဆောင်သည် ဃောသကသူဌေးသားကို မြင်လျှင် “အမောင်- အဘယ်ကိစ္စနည်း”ဟု မေးလေ၏။

“ကျွန်တော်၏ ဖခင်သည် အသင်တို့၏ထံသို့ ကမ္ပည်းမှာစာကို ပို့စေအပ်ပါသည်”ဟု ပြောလျှင် “အမောင်- အဘယ်အတွက် ကမ္ပည်းမှာစာ ဖြစ်သနည်း၊ ဆောင်ယူခဲ့လော့”ဟု ဆို၍ ကမ္ပည်းမှာစာကိုယူ၍ ဖတ်ရှုပြီးလျှင် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ “အိုအချင်းတို့- ငါ၏အရှင် သူဌေးကြီးသည် ငါ၏အပေါ်၌ ချစ်ခင်သည်ကို အသင်တို့ ရှုကြကုန်လော့၊ မိမိ၏သားကြီးအား ထိမ်းမြားမင်္ဂလာပြုရမည်ဟု ငါ၏အထံသို့ စေလွှတ်လိုက်၏၊ လျင်မြန်စွာ သစ်သား စသည်တို့ကို ဆောင်ယူခဲ့ကြကုန်လော့”ဟု (လက်အောက် ဖြစ်ကုန်သော) သူကြွယ်တို့ကို ပြောဆို၍ ရွာ၏ အလယ်၌ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာအားဖြင့် အိမ်ကိုပြုစေပြီးလျှင် ရွာတစ်ရာမှ လက်ဆောင်ပဏ္ဏာကာရကို ဆောင်ယူစေ၍ ဇနပုဒ်သူဌေး၏သမီးကို ဆောင်ယူပြီးလျှင် ထိမ်းမြားမင်္ဂလာကို ပြုပြီး၍ သူဌေးကြီးအား ဤသို့ဤသို့သောအမှုကို အကျွန်ုပ်သည် ပြုအပ်ပြီဟု သတင်းစကားကို ရေးသားစေလွှတ်လိုက်လေ၏။ ထိုသို့ စေလွှတ်လိုက်သော သတင်းစကားကို ကြားရ၍ သူဌေးကြီးအား “အကြင်အမှုကို ငါသည် ပြုခိုင်း၏၊ ထိုအမှုသည် မဖြစ်၊ အကြင်အမှုကို ငါသည် မပြုခိုင်း၊ ထိုအမှုသည်သာလျှင် ဖြစ်ရလေခြင်း”ဟု အောက်မေ့၍ ကြီးစွာသော နှလုံးမသက်သာခြင်း ဒေါမနဿသည် ဖြစ်ပွားလေ၏။ သားရင်း၌ဖြစ်သော သောကနှင့်တကွ ထိုနှလုံးမသက်သာသော သောကသည် တပေါင်းတည်းဖြစ်၍ ဝမ်းတွင်း၌ နှလုံးသား ပူလောင်ခြင်းဖြစ်၍ အလွန်အားကြီးသော ဝမ်းလားခြင်းကို ဖြစ်စေလေ၏။

ဇနပုဒ်သူဌေးသမီး ဉာဏ်ပညာကြီးပုံ

သူဌေးသမီးသည်လည်း “သူဌေးကြီး၏အထံမှ တစ်စုံတစ်ယောက်သောသူသည် အကယ်၍ လာသည် ဖြစ်အံ့၊ ငါ့အား မပြောကြားဘဲ သူဌေးသားအား ရှေးဦးစွာ မပြောမဆိုကြကုန်လင့်”ဟု အမိန့်စကား ပြောထားလေ၏။ သူဌေးကြီးသည်လည်း “ဤယခုအခါ၌ ထိုမကောင်းယုတ်မာသော သားဆိုး,သားပျက်ကို ငါ၏ ဥစ္စာနှစ်၏ အမွေခံပိုင်ရှင် မဖြစ်အောင် ပြုအံ့”ဟု ကြံ၍ တစ်ယောက်သော စာရင်းကိုင် အမှုဆောင်သောသူကို “ဦးရီး- ငါ၏သားကို ကြည့်ရှုခြင်းငှါ အလိုရှိ၏၊ တစ်ယောက်သာ ခြေရင်း အလုပ်အကျွေးကို စေလွှတ်၍ ငါ၏သားကို ခေါ်စေလော့”ဟု ဆိုလေ၏။ ထိုစာရင်းကိုင် အမှုဆောင်လည်း “ကောင်းပါပြီ”ဟုဆို၍ ကမ္ပည်းမှာစာကို ပေးအပ်ပြီးလျှင် တစ်ယောက်သောယောက်ျားကို စေလွှတ်လိုက်လေ၏။

သူဌေးသမီးသည် စေလွှတ်အပ်သော ထိုသူကို အိမ်တံခါး၌ ရောက်သည့်အဖြစ်ကို ကြားသိ၍ ခေါ်စေပြီးလျှင် “အမောင်- အဘယ်သို့သော ကိစ္စပေနည်း”ဟု မေးလေ၏။ စေလွှတ်အပ်သောသူက “အရှင်မ- သူဌေးကြီးသည် မကျန်းမမာ ရောဂါစွဲကပ်ပေ၏၊ သားကို ကြည့်ရှုခြင်းငှါ ခေါ်စေပါသည်”ဟု ပြောကြားလေ၏။ “အမောင်- ရောဂါစွဲကပ်၍ မကျန်းမမာသော ဖခင်သည် ခွန်အားရှိပါသေးသလော၊ ခွန်အားနည်းပြီလော”ဟု မေးလေ၏။ “အရှင်မ- ခွန်အားရှိပါသေး၏၊ အစာအာဟာရကိုလည်း စားသောက်နိုင်သေးသည်သာတည်း”ဟု ပြန်ကြားလေ၏။ သူဌေးသမီးသည် ဃောသကသူဌေးသားကို မသိစေမူ၍သာလျှင် စေလွှတ်အပ်သောတမန်အား အိပ်ရာနေရာ ရိက္ခာကို ပေးစေ၍ “ငါသည် စေလွှတ်အပ်သောအခါမှ သွားပါလော့၊ ယခု (ဆိုင်းငံ့၍) နေပါဦးလော့”ဟု ပြောထားလေ၏။ သူဌေးကြီးသည် တစ်ဖန် စာရင်းကိုင် အမှုဆောင်ကို “ဦးရီး- အသို့နည်း၊ အသင်သည် ငါ၏သားအထံသို့ မစေလွှတ်ဘဲ ရှိလေသေးသလော”ဟု မေးပြန်၏။ “အရှင်- အကျွန်ုပ်သည် စေလွှတ်ပါ၏၊ စင်စစ်မူကား သွားသော ယောက်ျားသည် မပြန်လာသေးပါ”ဟု ပြောသောအခါ “ထိုသို့ဖြစ်မူ တစ်ဖန် တစ်ပါးသော တစ်ယောက်သောသူကို စေလွှတ်ဦးလော့”ဟု စေပြန်၏။ စာရင်းကိုင် အမှုဆောင်လည်း စေလွှတ်ပြန်လေ၏။ သူဌေးသမီးသည် ထိုနှစ်ကြိမ်မြောက် စေလွှတ်အပ်သော တမန်ကိုလည်း ရှေးအတူသာလျှင် နေရာရိက္ခာပေး၍ တားမြစ်ထားလေ၏။

ထိုအခါ သူဌေးကြီးအား အနာရောဂါသည် အားကြီးပြင်းစွာ ဖြစ်ပွားလာ၏။ တစ်ခွက်ဝင် တစ်ခွက်ထွက် ဖြစ်နေလေ၏။ (တစ်ခုသော (အညစ်အကြေး)အိုးကို သွင်းရသည်ရှိသော် တစ်ခုသောအိုးကို ပြန်ထုတ်ရသည်ဟူလို။) တစ်ဖန် သူဌေးကြီးသည် စာရင်းကိုင် အမှုဆောင်ကို “ဦးရီး- အသို့နည်း၊ အသင်သည် ငါ၏သားအထံသို့ မစေလွှတ်ဘဲ ရှိလေသေးသလော”ဟု မေးပြန်၏။ “အရှင်- အကျွန်ုပ်သည် စေလွှတ်ပါ၏။ စင်စစ်မူကား သွားသော ယောက်ျားသည် မပြန်လာသေးပါ”ဟု ပြောပြန်သောအခါ “ထိုသို့ဖြစ်မူ တစ်ဖန် တစ်ပါးသော တစ်ယောက်သောသူကို စေလွှတ်လိုက်ဦးလော့”ဟု ဆိုပြန်သဖြင့် စာရင်းကိုင် အမှုဆောင်သည် စေလွှတ်လိုက်ပြန်၏။ သူဌေးသမီးသည် သုံးကြိမ်မြောက် လာရောက်သော တမန်ကိုလည်း ထိုအကြောင်းကို မေးပြန်လေ၏။ ထိုစေလွှတ်အပ်သော တမန်သည် “အရှင်မ- သူဌေးကြီးသည် ပြင်းထန်စွာသော အနာရောဂါ ဖြစ်ပွားပါသည်။ အစာအာဟာရကိုပယ်ဖြတ်၍ သေခြင်းလျှင် လဲလျောင်းရာ ရှိပါတော့သည်၊ တစ်ခွက်ထွက် တစ်ခွက်ဝင် ဖြစ်နေပါပြီ”ဟု ပြောကြားလေ၏။

သူဌေးသမီးသည် “ဤအခါကား သွားအံ့သောအခါ တန်ချေပြီ”ဟု ကြံ၍ သူဌေးသားအား “အရှင်၏ဖခင်သည် မကျန်းမမာ ရောဂါစွဲကပ်နေသတဲ့”ဟု ပြောကြားသဖြင့် “ချစ်နှမ၊ အဘယ်ကို ပြောဆိုသနည်း”ဟု ဆိုသည်ရှိသော် “အရှင်-အရှင်၏ ဖခင်သူဌေးကြီးအား မကျန်းမမာ မချမ်းသာခြင်း ဖြစ်နေပြီ”ဟု ပြန်ပြောလေ၏။ “ဤယခုအခါ အဘယ်အမှုကို ပြုသင့်သနည်း”ဟု မေးသည်ရှိသော် “ပိုင်စားရာ ရွာတစ်ရာမှ ထွက်ပေါ်သော လက်ဆောင် ပဏ္ဏာကာရကို ယူဆောင်ကာသွား၍ ထိုဖခင်ကို ဖူးမြင်ကြကုန်စို့အံ့”ဟု ဆိုလေ၏။ ဃောသက သူဌေးသားသည် “ကောင်းပြီ”ဟု ဝန်ခံ၍ လက်ဆောင်ကို ဆောင်စေပြီးလျှင် လှည်းတို့ဖြင့်တိုက်ယူ၍ ဖဲသွားလေ၏။ ထို့နောက်မှ ဃောသက သူဌေးသားကို သူဌေးသမီးက “အရှင်- အရှင်၏ဖခင်သည် ခွန်အားနည်းပါးလေပြီ၊ ဤမျှအတိုင်းအရှည်ရှိသော လက်ဆောင်ကို ယူဆောင်၍ သွားကုန်သော ငါတို့အား ကြာမြင့်ခြင်း ဖြစ်ပေလိမ့်မည်။ ဤလက်ဆောင် အလုံးစုံကို ပြန်လည်ဆုတ်နစ် နေရစ်စေပါလော့”ဟု ဆို၍ ထိုလက်ဆောင် အလုံးစုံကို မိမိ၏ မိဘအိမ်သို့ စေလွှတ်ပို့သစေ၍ တစ်ဖန် ဃောသက သူဌေးသားကို “အရှင်- အရှင်သည် မိမိဖခင်၏ ခြေရင်းနံပါးအဖို့၌ တည်နေပါလော့၊ ကျွန်မသည် ခေါင်းရင်း နံပါးအဖို့၌ တည်နေပါအံ့”ဟု မှာကြားပြောထား၏။ အိမ်သို့ ဝင်ရောက်လာသော ကာလ၌လည်း “အိမ်၏ အရှေ့မှာလည်းကောင်း၊ အနောက်မှာလည်းကောင်း အစောင့်အရှောက်ကို ယူကြကုန်လော့ (ပြုကြကုန်လော့)”ဟု မိမိ၏ အစေအပါး ယောက်ျားတို့ကို စေခိုင်း၏။ အိမ်သို့ဝင်ရောက်ပြီးသော ကာလ၌ကား သူဌေးသား ဃောသကသည် အဖ၏ ခြေရင်းနံပါး၌ တည်နေလေ၏။ သူဌေးသမီးသည် ခေါင်းရင်းနံပါး၌ ထိုင်နေလေ၏။

ဃောသကအား ပစ္စည်းဥစ္စာအမွေပေးပြီးမှ သူဌေးကြီး အနိစ္စရောက်ခြင်း

ထိုခဏ၌ သူဌေးကြီးသည် ပက်လက်အိပ်စေလျက်နေ၏။ စာရင်းကိုင် အမှုဆောင်သည် သူဌေးကြီး၏ခြေတို့ကို ဆုပ်နယ်လျက် “အရှင်သူဌေးမင်း- အရှင်၏သားသည် ရောက်လာပြီ”ဟု ပြောကြားလေ၏။ “ထိုဃောသကသည် အဘယ်မှာနည်း”ဟု မေးသည်ရှိသော် “အရှင့်သား ဃောသကသည် အရှင်၏ခြေရင်း၌ တည်နေပါသည်”ဟု ပြောဆိုလေ၏။ ထိုအခါ ဃောသကကိုမြင်၍ စာရင်းကိုင် အမှုဆောင်ကို ခေါ်ပြီးလျှင် “ငါ၏အိမ်၌ ပစ္စည်းဥစ္စာသည် အဘယ်မျှလောက် ရှိသနည်း”ဟု မေးလေ၏။ “အရှင်- ရွှေ,ငွေတည်းဟူသော ဥစ္စာချည်းသက်သက် ကုဋေလေးဆယ် ရှိပါကုန်၏၊ နေ့တိုင်း သုံးဆောင်အပ်, မပြတ်သုံးဆောင်အပ်သော အဆောက်အဦ ဥစ္စာဘဏ္ဍာတို့၏လည်းကောင်း၊ တော, ရွာ, လယ်, ခြေနှစ်ချောင်းရှိသတ္တဝါ, ခြေလေးချောင်းရှိသတ္တဝါ, ယာဉ်, လှည်းတို့၏လည်းကောင်း ဤရွေ့ဤမျှသော အပိုင်းအခြားရှိပါ၏”ဟူ၍ ပြောဆိုသည်ရှိသော် “ဤမျှအကုန် အလုံးစုံသော ပစ္စည်းဥစ္စာကို ငါ၏သားဖြစ်သော ဃောသကအား ငါမပေးမကမ်း”ဟု ဆိုလိုလျက် “ငါပေးကမ်း၏”ဟု ဆိုမိလေ၏။

ထိုစကားကို ကြားသောအခါ သူဌေးသမီးက “ဤသူဌေးကြီးသည် နောက်ထပ် ပြောဆိုပြန်သည်ရှိသော် တစ်စုံတစ်ရာ စကားတစ်ပါးလွှဲ၍ ဆိုရာ၏”ဟု ကြံ၍ စိုးရိမ်ပူဆွေးခြင်းဖြင့် နှိပ်စက်သည့်အသွင် ဆံပင်တို့ကို ဖရိုဖရဲကြဲ၍ ငိုကြွေးမြည်တမ်းလျက် “ဖခင်သူဌေးကြီး- အဘယ်သို့သော ထိုစကားကို ဆိုတော်မူကုန်ဘိသနည်း၊ သင်ဖခင် သူဌေးကြီးတို့၏ (နှုတ်မှ) ဤမည်သော စကားကိုသော်မှလည်း ကြားရပါကုန်၏၊ ကျွန်မတို့ကား ဘုန်းကံ ကင်းကွေ ကျက်သရေမတိုး အကြောင်းမယ်ဆိုးပါဘိတကား”ဟုဆိုလျက် ဦးခေါင်းဖြင့် ထိုသူဌေးကြီးကို ရင်လယ်၌ ပုတ်ခတ်ကျရောက်စေလျက် အကြင်သို့သောအခြင်းအရာဖြင့် ထိခိုက်တိုးဝှေ့သည်ရှိသော် တစ်ဖန် စကားဆိုခြင်းငှါ မတတ်နိုင်၊ ထိုသို့သော အခြင်းအရာဖြင့် သူဌေးသမီးသည် ထိုသူဌေးကြီး၏ရင်အလယ်၌ ဦးခေါင်းဖြင့် ထိခိုက်တိုးဝှေ့လျက် အလွန်တရာ ငိုကြွေးမြည်တမ်းခြင်း (အမူအရာ)ကို ပြလေ၏။ သူဌေးကြီးသည် ထိုခဏ၌သာလျှင် စုတေသေလွန်ခြင်းကို ပြုလေသတည်း။

ဃောသကအား သူဌေးရာထူး အပ်နှင်းခြင်း

ထိုသူဌေးကြီးသည် သေလွန်သည်ရှိသော် ဥတေနမင်းကြီးအား လျှောက်ကြားကြကုန်၏။ မင်းကြီးသည် သူဌေးကြီး၏ ရုပ်အလောင်းကို ကောင်းမွန်စွာ ဖုတ်ကြည်းသင်္ဂြိုဟ်ခြင်းအမှုကို ပြုစေ၍ “ထိုသူဌေးကြီးအား သားသည်လည်းကောင်း၊ သမီးသည်လည်းကောင်း ရှိလေသလော”ဟု မေး၏။ “အရှင်မင်းမြတ်- ထိုသူဌေးကြီးအား ဃောသကမည်သော သားသည် ရှိပါ၏၊ အလုံးစုံသော ဥစ္စာနှစ်ကို ထိုသားအားဆောင်နှင်း ပေးအပ်၍သာလျှင် ကွယ်လွန်ပါသည်”ဟု လျှောက်ကြားကြကုန်၏။ မင်းကြီးသည် နောက်အဖို့၌ သူဌေးသားကို ခေါ်စေ၏။ ထိုနေ့၌လည်း မိုးရွာခြင်းကြောင့် မင်းရင်ပြင်ဝယ် ထိုထိုအရပ်၌ ရေလွှမ်း၍ တည်လေ၏။ သူဌေးသားသည် မင်းကြီးကို ဖူးမြော်အံ့ဟု သွားလေသောအခါ မင်းကြီးသည် လေသာပြတင်းကို ဖွင့်လှစ်၍ ရှေ့ရှုလာသော ထိုဃောသကသူဌေးသားကို ကြည့်ရှုသည်ရှိသော် မင်းရင်ပြင်၌တည်ရှိသော ရေကို ခုန်လွှားကာ လာသည်ကို မြင်ရပြီးလျှင် လာရောက်ကာ ရှိခိုးလျက် တည်နေသော ဃောသကသူဌေးသားကို “အမောင်လုလင်- ဃောသကမည်သောသူသည် အသင်ပေလော”ဟု မေးသဖြင့် “အရှင်မင်းမြတ်- ဪ... ဟုတ်ပါ၏”ဟု လျှောက်ကြားသည်ရှိသော် “ငါ၏ဖခင်သည် သေရှာလေပြီဟူ၍ မစိုးရိမ် မကြောင့်ကြလေလင့်၊ အသင်၏ဖခင်၏ အမွေဖြစ်သော သူဌေး၏ရာထူးကို အသင်အားသာလျှင် ငါပေးသနားတော်မူမည်”ဟု ဃောသကကို သက်သာရာရစေပြီးလျှင် “အမောင် သွားလေလော့”ဟု လွှတ်လိုက်လေ၏။ မင်းကြီးသည် အစဉ်အတိုင်း ပြန်သွားသော ထိုဃောသကကိုလည်း ကြည့်ရှုလျက်သာလျှင် ရပ်နေလေ၏။ ထိုဃောသကသည် လာခဲ့သောကာလ၌ ခုန်လွှားသွားသော ရေကို ပြန်သွားသောအခါ ဆင်းသက်၍ သွားလေ၏။

ထိုအခါ ဃောသကကို မင်းကြီးသည် ထိုအရပ်မှသာလျှင် ခေါ်စေ၍ “အမောင်လုလင်- အသင်သည် ငါ၏အထံသို့ လာသည်ရှိသော် ရေကို ခုန်လွှားကာ လာခဲ့လေ၏၊ ပြန်သွားသော ယခုအခါ၌မူကား ဆင်းသက်၍သွားသည်မှာ အကြောင်းအသို့နည်း”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- ဪ... ဟုတ်ပါပေ၏။ အကျွန်ုပ်သည် ထိုခဏ၌ သူငယ်ဖြစ်သောကြောင့် ကစားခုန်လွှားကာ သွားလေ့ရှိသောအခါ မည်ပါသည်၊ ဤယခုအခါ၌မူကား အရှင်မင်းမြတ်သည် အကျွန်ုပ်အား ရာထူးဌာနန္တရကို ပေးသနားတော်မူမည်ဟု အမိန့်ချမှတ် ဝန်ခံတော်မူအပ်ပြီ၊ ထို့ကြောင့် ရှေးကကဲ့သို့ မပြုကျင့်ဘဲ ယခုအခါ၌ ငြိမ်သက်တည်ကြည်ခြင်း သဘောရှိသည်ဖြစ်၍ ပြုကျင့်ခြင်းငှါ သင့်၏ဟု ကြံဆင်ခြင်မိပါသည်”ဟူ၍ လျှောက်ထားလေ၏။ ထိုစကားကို ကြားသိတော်မူရ၍ မင်းကြီးသည် “ဤယောက်ျားသည်ကား တည်ကြည်သော ဉာဏ်ပညာ ရှိပေ၏။ ယခုအခါ၌သာလျှင် ဤသူအား သူဌေးရာထူးဌာနန္တရကို ပေးတော့အံ့”ဟု ဆင်ခြင်တော်မူ၍ ဖခင်သူဌေးကြီး သုံးဆောင်ခံစားအပ်သော စည်းစိမ်ချမ်းသာကို ပေးသနားတော်မူ၍ အလုံးစုံ တစ်ရာစီ,တစ်ရာစီ ဆုတော် လာဘ်တော်နှင့်တကွ သူဌေးရာထူး ဌာနန္တရကို ပေးသနားတော်မူလေ၏။

ဃောသကသူဌေးကြီး ကုသိုလ်ကောင်းမှုပြုခြင်း

ထိုဃောသကသူဌေးသည် ရထား၌စီးနင်းလျက် မြို့ကို လက်ယာရစ်လှည့်သည်ကို ပြု၏။ ကြည့်ရှုရာ ကြည့်ရှုရာတိုင်းဖြစ်သော အရပ်သည် တုန်လှုပ်၏။ သူဌေးသမီးသည် ကာဠီမည်သော ကျွန်မနှင့်အတူတကွ တိုင်ပင်စကား ပြောကြားကာနေလျက် “မိခင် ကာဠီ- မိခင်၏ သားတော်မောင် ဃောသကအား ဤမျှအတိုင်းအရှည်ရှိသော စည်းစိမ်ချမ်းသာသည် ကျွန်မကိုအမှီပြု၍ ဖြစ်ပေါ်ရရှိလေသည်”ဟု ဆို၏။ “ချစ်သမီး- အဘယ့်ကြောင့် ဤသို့ဆိုရသနည်း”ဟု မေးလျှင် “မိခင် ဤသူသည် မိမိအား သတ်ခိုင်းသောကမ္ပည်းမှာစာကို ပုဆိုးစွန်း၌ ဖွဲ့ချည်လျက် ကျွန်မတို့၏အိမ်သို့ ရောက်လာ၏၊ ထိုသို့ရောက်လာသောအခါ ကျွန်မသည် ထိုကမ္ပည်းမှာစာကို ဆုတ်ဖျက်၍ ထိုဃောသကအား ကျွန်မနှင့်အတူတကွ ထိမ်းမြားမင်္ဂလာဆောင်စေခြင်းငှါ တစ်ပါးသော ကမ္ပည်းမှာစာကို ရေးသား၍ ဤမျှ အတိုင်းအရှည်ရှိသော ကာလပတ်လုံး ထိုသူ့အပေါ်၌ စောင့်ရှောက်သည်ကို ပြုရလေသည်”ဟု ဆိုလေ၏။ “ချစ်သမီး- အသင်သည်ကား ဤမျှကိုသာ တွေ့မြင်ရလေသည်။ ဤသူငယ်ကို သူဌေးကြီးသည် ပျိုမျစ်နုနယ် ငယ်ရွယ်သောကာလမှစ၍ သတ်စိမ့်သောငှါ အားထုတ်၏၊ သတ်ခြင်းငှါ မစွမ်းနိုင်လေ၊ သက်သက် ဤသူငယ်ကိုအမှီပြု၍ များစွာသော ပစ္စည်းဥစ္စာသည် ကုန်ခန်းလှလေပြီ”ဟု ပြောပြလေ၏။

“မိခင်- သူဌေးကြီး ပြုအပ်သောအမှုသည် အလွန်တရာ ဝန်လေးလေစွတကား”ဟု ဆိုလျက် တိုင်ပင်စကား ပြောကြားကာ နေလေ၏။ မြို့ကို လက်ယာရစ် လှည့်လည်၍ အိမ်သို့ ဝင်ရောက်လာသောအခါ ထိုဃောသကသူဌေးကို မြင်လေလျှင် “ဤမျှလောက်သော စည်းစိမ်ချမ်းသာသည် ငါ့ကိုအမှီပြု၍ ဖြစ်ပေါ်ရရှိလေသည်”ဟု ပြုံးရွှင်ခြင်းကို ပြုလေ၏။ ထိုအခါ သူဌေးသမီးကို ဃောသကသူဌေးက “အဘယ့်ကြောင့် ပြုံးရွှင်ဘိသနည်း”ဟု မေးလေ၏။ “တစ်ခုသော အကြောင်းကို အမှီပြု၍ ပြုံးရွှင်ပါသည်”ဟူ၍ ပြောသဖြင့် “ထိုအကြောင်းကို ပြောပြစမ်းပါဦးလော့”ဟု ဆိုလျှင် သူဌေးသမီးသည် မပြောပြဘဲနေလေ၏။ ဃောသကသူဌေးသည် “အကယ်၍ မပြောပြသည်ဖြစ်အံ့၊ သင့်ကို နှစ်ပိုင်း ပိုင်းဖြတ်သတ်အံ့”ဟု သန်လျက်ကို ဆွဲထုတ်လေ၏။ သူဌေးသမီးက “အရှင်- အသင်သည် ဤမျှအတိုင်းအရှည်ရှိသော စည်းစိမ်ချမ်းသာကို ကျွန်မကိုအမှီပြု၍သာ ရလေသည်ဟု ကြံဆင်ခြင်၍ ပြုံးရွှင်မိပါသည်”ဟု ပြောလေ၏။ ဃောသကသူဌေးက “အကယ်စင်စစ်အားဖြင့် ငါ၏ဖခင်သည် မိမိ၏ဥစ္စာကို ငါ့အား ပေးအပ်ဆောင်နှင်းခဲ့၏။ ဤသို့ ပေးအပ်ဆောင်နှင်းခဲ့ရာ၌ အသင်သည် အဘယ်သို့ ဖြစ်ခဲ့ရလေသနည်း”ဟု မေးလေ၏။ ထိုဃောသကသူဌေးသည် ဤမျှအတိုင်းအရှည်ရှိသော ကာလပတ်လုံး တစ်စုံတစ်ခုကိုမျှ မသိခြင်းဖြစ်ပေသတတ်။ ထို့ကြောင့် ထိုသူဌေးသမီး၏စကားကို ယုံကြည်ခြင်း မရှိပေ။

ထိုအခါ ထိုဃောသကသူဌေးအား သူဌေးသမီးသည် “အရှင်တို့၏ ဖခင်သည် သတ်ခိုင်းသော ကမ္ပည်းမှာစာကို ပေး၍ စေလွှတ်အပ်ကုန်၏၊ အသင်တို့ကို ကျွန်မသည် ဤသို့ဤသို့သော အမှုကိုပြု၍ စောင့်ရှောက်အပ်ကုန်၏”ဟု အလုံးစုံသောအကြောင်းကို ပြောကြားလေ၏။ “အသင်သည် မဟုတ်မမှန်သောစကားကို ပြောဆိုလေသည်”ဟု မယုံကြည်သည်ဖြစ်၍ “မိခင်ဖြစ်သော ကာဠီကို မေးအံ့”ဟု ကြံပြီးလျှင် “မိခင်- ကျွန်တော်၏ ဖခင်ဖြစ်သော သူဌေးသည် ဤသို့သောအမှုကို ပြုသောဟူသည် မှန်ပေသလော”ဟု မေးလေ၏။ “ချစ်သား ဪ... ဟုတ်ပေ၏။ ပျိုမြစ်နုနယ် ငယ်ရွယ်သောကာလမှစ၍ သင်ချစ်သားကို သတ်ခြင်းငှါ အလိုရှိသည်ဖြစ်၍ အားထုတ်၏၊ သတ်ခြင်းငှာ မစွမ်းနိုင်လေ၊ သင်ချစ်သားကို အမှီပြု၍ များစွာ ပစ္စည်းဥစ္စာသည် ကုန်ခန်းလှလေပြီ၊ ခုနစ်ပါးကုန်သော အရပ်ဌာနတို့၌ သင်ချစ်သားသည် သေခြင်းမှ လွတ်ခဲ့လေပြီ၊ ဤယခုအခါ၌ ပိုင်စားရာဖြစ်သောရွာမှ လာလတ်၍ အလုံးစုံ တစ်ရာတစ်ရာစီ ဆုတော်လာဘ်တော်နှင့်တကွ သူဌေး၏ရာထူးသို့ ရောက်ရလေသည်”ဟု ပြောကြားလေ၏။

ဃောသကသူဌေးသည် ထိုစကားကို ကြားသိရလျှင် “ဤမကောင်းမှုသည်ကား စင်စစ် ဝန်လေးလေစွတကား၊ ဤသို့ သဘောရှိသော သေခြင်းမှ လွတ်ကင်းလာခဲ့သော ငါ့အား မေ့လျော့သောအားဖြင့် ဇီဝိတိန္ဒြေကို မြင့်ရှည်စွာ တည်နေစိမ့်သောငှါ မလျောက်ပတ်၊ မမေ့မလျော့သောသူဖြစ်အောင် ပြုတော့အံ့”ဟု ကြံ၍ နေ့တိုင်းနေ့တိုင်း တစ်ထောင်,တစ်ထောင်သော အသပြာကို စွန့်လွှတ်၍ ခရီးသွားသောသူ အထီးကျန်သောသူ စသည်တို့အား အလှူဒါနကို ဖြစ်စေ၏။ မိတ္တအမည်ရှိသော သူကြွယ်သည် ထိုဃောသကသူဌေး၏ အလှူဝတ်၌ အမှုကြီးငယ်ကို ရွက်ဆောင်သောသူ ဖြစ်လေ၏။ ဤကား ဃောသကသူဌေး၏ ဝတ္ထုစကားအစဉ်တည်း။

သာမာဝတီမိဖုရားကြီး ဖြစ်လတ္တံ့သော သူငယ်မသည် ကောသမ္ဗီပြည်သို့ ရောက်လာရပုံ

ထိုအခါ ကာလ၌ ဘဒ္ဒဝတီပြည်ဝယ် ဘဒ္ဒဝတီမည်သော သူဌေးသည် ဃောသကသူဌေး၏ မတွေ့မမြင်ဖူးသော အဆွေခင်ပွန်းဖြစ်လေ၏။ ဘဒ္ဒဝတီပြည်မှလာသော ကုန်သည်တို့၏အထံ၌ ဃောသကသူဌေးသည် ဘဒ္ဒဝတီသူဌေး၏ စည်းစိမ်ချမ်းသာကိုလည်းကောင်း၊ အသက်အရွယ် အပိုင်းအခြားကိုလည်းကောင်း ကြားသိရသဖြင့် ထိုဘဒ္ဒဝတီသူဌေးနှင့် အတူတကွ အဆွေခင်ပွန်းဖွဲ့ခြင်းကို အလိုရှိသည်ဖြစ်၍ လက်ဆောင်ကို ပို့စေ၏။ ဘဒ္ဒဝတီသူဌေးသည်လည်း ကောသမ္ဗီပြည်မှလာသော ကုန်သည်တို့၏အထံ၌ ဃောသကသူဌေး၏ စည်းစိမ်ချမ်းသာကိုလည်းကောင်း၊ အသက်အရွယ် အပိုင်းအခြားကိုလည်းကောင်း ကြားသိရသဖြင့် ထိုဃောသကသူဌေးနှင့် အတူတကွ အဆွေခင်ပွန်းဖွဲ့ခြင်းကို အလိုရှိသည်ဖြစ်၍ လက်ဆောင်ကို ပို့စေလေ၏။ ဤသို့ ထိုသူဌေးနှစ်ဦးတို့သည် အချင်းချင်း မတွေ့မမြင်ဖူးဘဲ အဆွေခင်ပွန်းဖြစ်၍ နေကြလေကုန်၏။ နောက်အဖို့၌ ဘဒ္ဒဝတီသူဌေး၏နေအိမ်၌ မြွေဆိပ်နှင့်တူသော လေနာ(ယဉ်းအနာ)သည် ကျရောက်လေ၏။

(ထိုအနာသည် ကျရောက်သည်ရှိသော် ရှေးဦးစွာ ယင်တို့သည် သေကုန်၏။ ထို့နောက် အစဉ်အတိုင်းအားဖြင့်သာလျှင် ပိုးမွှား, ကြွက်, ကြက်, ဝက်, နွား, ကျွန်မိန်းမ, ကျွန်ယောက်ျားတို့သည် သေကုန်၏။ အလုံးစုံတို့နောက်မှ အိမ်သားဖြစ်သော လူတို့သည် သေကုန်၏။ ထိုသူတို့တွင် အကြင်သူတို့သည် နံရံကိုဖောက်ခွဲ၍ ထွက်ပြေးကုန်၏။ ထိုသူတို့သည် အသက်ရှင်ခြင်းကို ရကုန်၏။)

ထိုအခါ ဘဒ္ဒဝတီ သူဌေးသည်လည်းကောင်း၊ သူဌေးကတော်သည်လည်းကောင်း၊ သူဌေးသမီးသည်လည်းကောင်း ဆိုခဲ့သောအခြင်းအရာဖြင့် ထွက်ပြေး၍ ဃောသကသူဌေးကို အားကိုးကာ တောင့်တလျက် ကောသမ္ဗီပြည်သို့ သွားအံ့သောလမ်းခရီးကို သွားကြကုန်၏။ ထိုသုံးယောက်ကုန်သော သူတို့သည် လမ်းခရီးကြား၌သာလျှင် ကုန်သောရိက္ခာရှိကြသဖြင့် လေ,နေပူတို့ကြောင့်လည်းကောင်း မွတ်သိပ်ခြင်းတို့ကြောင့်လည်းကောင်း ညှိုးနွမ်းသော ကိုယ်ရှိကုန်လျက် ငြိုငြင်ဆင်းရဲစွာ ကောသမ္ဗီပြည်သို့ ရောက်လာ၍ ရေရလွယ်ရာ အရပ်၌ ရပ်နားကာ ရေချိုးပြီးလျှင် မြို့တံခါး၌ ဇရပ်တစ်ဆောင်သို့ ခိုဝင်ကြလေကုန်၏။ ထိုသို့ ဇရပ်၌ ခိုနားဝင်နေပြီးလျှင် သူဌေးကြီးသည် သူဌေးကတော်ကို “ချစ်နှမ- ဤသို့သော အသွင်အပြင်ဖြင့် သွားကြကုန်သည်ရှိသော် မွေးဖွားသော အမိသည်လည်း မနှစ်သက်အပ်ကုန်၊ ငါ၏ အဆွေခင်ပွန်းဖြစ်သော ဃောသကသူဌေးသည် ခရီးသွားသောသူ အထီးကျန်သောသူ စသည်တို့အား နေ့တိုင်း အသပြာတစ်ထောင်ကို စွန့်လွှတ်၍ အလှူဒါနကို ပေးလှူစေသတတ်။ ထိုအလှူရုံမဏ္ဍပ်သို့ သမီးကိုစေလွှတ်၍ အစာအာဟာရကို ဆောင်စေပြီးလျှင် တစ်ရက်, နှစ်ရက်ပတ်လုံး ဤဇရပ်၌သာလျှင်ကိုယ်ကို ရောင့်ရဲစေပြီးမှ ငါ၏ အဆွေခင်ပွန်းဖြစ်သော ခောသကသူဌေးကို ကြည့်ရှုကြကုန်အံ့”ဟု ဆိုလေ၏။ သူဌေးကတော်လည်း “ကောင်းလှပါပြီ အရှင်”ဟု ဝန်ခံ၍ ထိုသူတို့သည် ဇရပ်၌သာလျှင် နေကြလေကုန်၏။

သာမာဝတီမိဖုရားဖြစ်မည့် သူငယ်မလေး ထမင်းတောင်းရခြင်း

တစ်ဖန် မိုးသောက်ရောက်သောနေ့၌ အလှူပေးရန် အချိန်ကာလကို ပြောကြားအပ်သည်ဖြစ်၍ အထီးကျန်သောသူ, ခရီးသွားသောသူ အစရှိသည်တို့သည် အစာအာဟာရအလို့ငှာ သွားကြကုန်သည်ရှိသော် မိခင်ဖခင်တို့သည် “ချစ်သမီး- သွား၍ ငါတို့ဖို့ အစာအာဟာရကို ဆောင်ယူခဲ့လေလော့”ဟု သမီးကို စေလွှတ်ကြရကုန်၏။ များစွာသော စည်းစိမ်ရှိသော အမျိုးကောင်း သမီးကောင်းဖြစ်လျက် စည်းစိမ်ပျက်ခြင်းကြောင့် ပြတ်တောက်သော ရှက်ခြင်းရှိသည်ဖြစ်၍ မရှက်နိုင်ရှာဘဲ ခွက်လက်စွဲကာ အထီးကျန်သော လူဆင်းရဲအပေါင်းနှင့်အတူတကွ အာဟာရအလို့ငှါ သွားပြီးလျှင် “ချစ်သမီး- ဘယ်နှစ်ယောက်အဖို့ ယူအံ့နည်း”ဟု အမေးခံရပြန်သည်ဖြစ်၍လည်း “သုံးယောက်အဖို့ပါ”ဟု ပြောဆိုရရှာလေ၏။ ထိုအခါ သူဌေးသမီးအား သုံးယောက်စာအဖို့တို့ကို ပေးကြလေကုန်၏။ သူဌေးသမီးသည် ထမင်းကို ဆောင်ယူခဲ့ပြီးသည်ရှိသော် သုံးယောက်ကုန်သော သူတို့သည်လည်း တစ်ပြိုင်နက် စားခြင်းငှါ ထိုင်နေကြလေကုန်၏။

ထို့နောက် မိခင်နှင့်သမီးတို့သည် သူဌေးကြီးကို “အရှင်- ပျက်စီးခြင်းမည်သည်ကား အမျိုးကြီးတို့အားလည်း ဖြစ်တတ်ကုန်၏။ အကျွန်ုပ်တို့ နှစ်ယောက်ကို မကြည့်မူ၍ မငဲ့မူ၍ သုံးစားပါလော့၊ တစ်စုံတစ်ခုသော ပူပန်စရာကို မကြံအောက်မေ့ပါလင့်”ဟု ပြောဆိုကြကုန်၏။ ဤသို့ အထူးထူးအပြားပြားသော အခြင်းအရာတို့ဖြင့် ထိုသူဌေးကြီးကို တောင်းပန်ပြောဆို၍ ကျွေးမွေးကြလေကုန်၏။ သူဌေးကြီးသည် စားသောက်ပြီးလျှင် အစာကို ကြေစိမ့်သောငှါ မစွမ်းနိုင်သဖြင့် နေအရုဏ်တက်သောအခါ သေလွန်ခြင်းကို ပြုရရှာလေ၏။ မိခင်နှင့်သမီးတို့သည် အထူးထူးအပြားပြားသော အခြင်းအရာတို့ဖြင့် မြည်တမ်းကာ ငိုကြွေးကြကုန်၏။ သတို့သမီးငယ်သည် တစ်ဖန် မိုးသောက်နေ့၌ ငိုကြွေးလျက် အာဟာရအလို့ငှါ သွားပြီးလျှင် “ချစ်သမီး- ဘယ်နှစ်ယောက်အဖို့ ယူအံ့နည်း”ဟု ပြောဆိုအပ်သည်ဖြစ်၍ “နှစ်ယောက်အဖို့ပါ”ဟု ပြော၍ ယူဆောင်ခဲ့ပြီးလျှင် မိခင်ကိုတောင်းပန်၍ ကျွေးမွေးလေ၏။ မိခင်သည်လည်း ထိုသမီး တောင်းပန်အပ်သည်ဖြစ်၍ စားသောက်ပြီးလျှင် ထိုနေ့၌ပင် သေခြင်းကို ပြုရရှာလေ၏။

သာမာဝတီမိဖုရားဖြစ်မည့် သူငယ်မကို မိတ္တသူကြွယ်က မွေးစားခြင်း

သတို့သမီးသည် တစ်ယောက်ထီးတည်း အဖန်ဖန် ငိုကြွေးမြည်တမ်းလျက် ထိုဆင်းရဲအမျိုးမျိုး ဖြစ်ခြင်းကြောင့် အလွန်တရာဖြစ်သော ဆာလောင်မွတ်သိပ်ခြင်း၊ ဆင်းရဲခြင်းရှိသည်ဖြစ်၍ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ ဖုန်းတောင်းယာစကာတို့နှင့် အတူတကွ ငိုကြွေးမြည်တမ်းလျက်သာ အစာအာဟာရအလို့ငှါ သွားပြီးလျှင် “ချစ်သမီး- ဘယ်နှစ်ယောက်အဖို့ ယူအံ့နည်း”ဟု ဆိုအပ်သည်ရှိသော် “တစ်ယောက်အဖို့ပါ”ဟု ဆိုလေ၏။ မိတ္တသူကြွယ်သည် သုံးရက်လုံး ထမင်းယူသော ထိုသတို့သမီးကို မှတ်မိလေ၏။ ထို့ကြောင့် ထိုသတို့သမီးကို “ဟဲ့ သူယုတ်မ- ပျက်လော့ (ဖယ်သွားလေလော့)၊ ယနေ့မှ အသင်၏ ဝမ်းပမာဏ အတိုင်းအရှည်ကို သိလေတော့သလော”ဟု ဆိုလိုက်လေ၏။ အရှက်အကြောက်နှင့် ပြည့်စုံသော အမျိုးသမီးသည် ရင်လယ်၌ လှံမဖြင့် ထိုးဆွခြင်းကို ခံရဘိသကဲ့သို့လည်းကောင်း အိုင်းအမာ၌ ဆားငန်ရေဖြင့် သွန်းလောင်းခြင်းကို ခံရဘိသကဲ့သို့လည်းကောင်း (ပြင်းပြစွာ နာကြည်းသောစကားကို ရသည်ဖြစ်၍) “အရှင်- အဘယ်သို့ ဆိုပါသနည်း”ဟု မေးလေ၏။

“အသင်သည် ရှေးဦးစွာသောနေ့၌ သုံးယောက်စာ အဖို့အစုတို့ကို (လောဘတကြီး) ယူအပ်ကုန်၏၊ ယမန်နေ့၌ နှစ်ယောက်စာ အဖို့အစုတို့ကို ယူအပ်ကုန်၏၊ ယနေ့ကား တစ်ယောက်စာ အဖို့အစုကို ယူဘိ၏၊ အသင်ကား ယနေ့မှ မိမိဝမ်း၏ ပမာဏကို သိအပ်လေတော့သလော”ဟု ပြောဆိုလတ်သော် “အရှင်- ကျွန်မကို မိမိ၏အလို့ငှါချည်းသာ ယူသည်ဟူ၍ မှတ်ထင်တော် မမူပါလင့်”ဟု ပြောလေ၏။ “ယင်းသို့ဖြစ်မူ အဘယ့်ကြောင့် ဤသို့ ယူရသနည်း”ဟု ပြန်၍ မေးလတ်သော် “အရှင်- ရှေးဦးစွာသောနေ့၌ သုံးယောက်ဖြစ်ပါသည်၊ ယမန်နေ့က နှစ်ယောက်ဖြစ်ပါသည်။ ယနေ့ကား (ကျွန်မ) တစ်ယောက်တည်းသာ ဖြစ်ပါတော့သည်”ဟု ပြောရှာလေ၏။ သူကြွယ်က “အဘယ်အကြောင်းကြောင့်နည်း”ဟု မေးမြန်းသဖြင့် ဖြစ်ရင်းမူလမှစ၍ ထိုသတို့သမီးသည် ပြောကြားအပ်သော အကြောင်းအလုံးစုံကို ကြားသိရလျှင် မျက်ရည်တို့ကို တည်တန့်စိမ့်သောငှါ မတတ်နိုင်ရကား အားကြီးသော နှလုံးမသက်သာခြင်း ရှိသည်ဖြစ်၍ “ချစ်သမီး- ဤသို့ဖြစ်မူ ထွေထွေရာရာ မကြံစည်လင့်၊ သင်သည် ဘဒ္ဒဝတီသူဌေး၏ သမီးတည်း၊ ယနေ့ ဤအခါမှစ၍ ငါ၏ သမီးမည်သည်သာ ဖြစ်ပေတော့သည်”ဟု ဆို၍ ဦးခေါင်းကိုနမ်းရှုပ်၍ အိမ်သို့ဆောင်ပြီးလျှင် မိမိ၏ သမီးအကြီးအရာ၌ ထားလေ၏။

သာမာဝတီအမည်ရခြင်းနှင့် ဃောသကသူဌေးကြီး သမီးအရာ၌ ထားခြင်းအကြောင်း

ထိုသတို့သမီးသည် အလှူရုံမဏ္ဍပ်၌ ကျယ်လောင်သော ဆူညံသောအသံကိုကြားရ၍ “ဖခင်- အဘယ့်ကြောင့် ဤလူများအပေါင်းကို အသံတိတ်ဆိတ်ခြင်းရှိအောင်ပြု၍ အလှူဒါနကို မပေးလှူပါကုန်သနည်း”ဟု မေးလေ၏။ “ချစ်သမီး- ပြုပြင်ခြင်းငှါ မတတ်နိုင်”ဟုဆိုသဖြင့် “ဖခင်- တတ်နိုင်ကောင်းပါ၏”ဟု ဆိုသည်ရှိသော် “ချစ်သမီး- အဘယ်သို့ တတ်နိုင်ကောင်းပါအံ့နည်း”ဟု မေးသောအခါ “ဖခင်- အလှူရုံမဏ္ဍပ်ကိုကာရံ၍ တစ်ယောက် တစ်ယောက်၏သာလျှင် ဝင်ခြင်းငှါလောက်သော ပမာဏဖြင့် ဝင်ပေါက် ထွက်ပေါက် တံခါးနှစ်ခုတို့ကို ယှဉ်စေ,ထားစေ၍ “တစ်ခုသော တံခါးပေါက်ဖြင့်ဝင်၍ တစ်ခုသော တံခါးပေါက်ဖြင့် ထွက်ကြကုန်လော့”ဟု ဆိုရာ၏။ ဤသို့ ပြုအပ်သည်ရှိသော် အသံတိတ်ဆိတ်ခြင်း ရှိသည်ဖြစ်၍ ယူကြပါကုန်လတ္တံ့”ဟု ပြောဆိုလေ၏။ သူကြွယ်လည်း သတို့သမီး၏စကားကို ကြား၍ “ချစ်သမီး- ဤနည်းသည် ကောင်းလှပေ၏”ဟု ဆို၍ ထိုသို့ ပြောဆိုတိုင်းသော အခြင်းအရာဖြင့် ပြုစေလေ၏။

(ထိုသတို့သမီးသည်ကား ရှေးငယ်စဉ် မိဘတို့ပေးသော အမည်ဖြင့် သာမာမည်၏။ စောင်းရန်း, အရံအကာ(ဝတီ)ကို ကာစေပြုစေသောကြောင့် ရှေးအမည်နှင့်ပေါင်း၍ သာမာဝတီ မည်သည် ဖြစ်လေ၏။)

ထိုသို့ ပြုလုပ်စီရင်သဖြင့် ပေးလှူသောကာလမှစ၍ အလှူရုံမဏ္ဍပ်၌ အုတ်အုတ်ကျက်ကျက်သော အသံသည် ပြတ်စဲလေ၏။ ဃောသကသူဌေးသည် ရှေးအခါ၌ ထိုအသံကို ကြားသည်ရှိသော် ငါ၏ အလှူရုံမဏ္ဍပ်က အသံပေတည်းဟု ကြားရသဖြင့် နှစ်သက်ဝမ်းမြောက်ရလေ၏။ နှစ်ရက် သုံးရက်တိုင်တိုင် အသံကိုမကြားရသောကြောင့် မိမိ၏ အထံသို့ ချဉ်းကပ်လာသော မိတ္တသူကြွယ်ကို “အထီးကျန်သောသူ ခရီးသွားသောသူ အစရှိသည်တို့အား အလှူဒါနကို ပေးကမ်းလှူဒါန်းပါ၏လော”ဟု မေးလေ၏။ “အရှင်- ပေးကမ်းလှူဒါန်းပါ၏”ဟု ပြောဆိုလတ်သော် “ထိုသို့ ပေးလှူလျှင် အဘယ်သို့ ဖြစ်နေသနည်း၊ နှစ်ရက်သုံးရက်တိုင်တိုင် အသံကို မကြားရပါတကား”ဟု မေးပြန်လေ၏။ “အရှင်- အကြင်သို့သောနည်းဖြင့်ပြုသည်ရှိသော် အသံတိတ်ဆိတ်ကုန်သည်ဖြစ်၍ ယူကြကုန်၏၊ ထိုသို့သောနည်းကို အကျွန်ုပ် ပြုထားပါသည်”ဟု ပြောကြားလတ်သော် “ထိုသို့ဖြစ်မူ ရှေးယခင်က ဤကဲ့သို့ အဘယ့်ကြောင့် မပြုလေသနည်း”ဟု မေးလေ၏။ “အရှင်- မသိသောကြောင့် မပြုရပါ”ဟု ဆိုသည်ရှိသော် “ယခုကား အဘယ့်ကြောင့် သိရသနည်း”ဟု မေးပြန်လေ၏။ “အရှင်- အကျွန်ုပ်၏သမီးသည် ပြောကြားအပ်သောကြောင့် သိရပါသည်”ဟု ဆိုလေသော် “ငါသည် အသင့်အား သမီးရှိသောမည်သည် မသိရဖူးပါတကား”ဟု မေးပြန်လေ၏။ မိတ္တသူကြွယ်သည် ယဉ်းနာဖြစ်သော ကာလမှစ၍ ဘဒ္ဒဝတီသူဌေး၏ အလုံးစုံသော အကြောင်းကို ပြောကြားပြီးလျှင် ထိုသာမာဝတီအား မိမိ၏ သမီးကြီးအရာ၌ ထားသည်၏အဖြစ်ကို ပြောကြားလေ၏။

ထိုအခါ သူကြွယ်ကို ဃောသကသူဌေးက “ဤသို့ ဖြစ်ခဲ့သည်ရှိသော် အဘယ့်ကြောင့် ငါ့အား မပြောမဆိုဘိသနည်း။ ငါ့အဆွေခင်ပွန်း၏သမီးသည် ငါ၏သမီး မည်သည်သာလျှင်တည်း”ဟုဆို၍ ထိုသာမာဝတီသတို့သမီးကို ခေါ်စေ၍ “ချစ်သမီး- အသင်သည် ဘဒ္ဒဝတီသူဌေး၏ သမီးဟူသည် မှန်သလော”ဟု မေးလေ၏။ “မှန်လှပါသည်ဖခင်”ဟု ပြောသောအခါ “ယင်းသို့ဖြစ်မူ ထွေရာလေးပါး မကြံလင့်၊ ငါ၏သမီးပင် ဖြစ်ပေ၏”ဟု ထိုသာမာဝတီ၏ ဦးခေါင်း၌ နမ်းရှုပ်၍ အခြံအရံအလို့ငှါ ထိုသာမာဝတီအား ငါးရာမျှလောက်ကုန်သော မိန်းမတို့ကိုပေး၍ သာမာဝတီကို မိမိ၏ သမီးကြီးအရာ၌ ထားလေ၏။

ဥတေနမင်းစောသည် သာမာဝတီကို အဂ္ဂမဟေသီ မိဖုရားအရာ၌ထားခြင်း

ထို့နောက် တစ်နေ့သောအခါ ထိုကောသမ္ဗီပြည်၌ နက္ခတ်သဘင် ကြွေးကြော်ခြင်း (နက္ခတ်ပွဲသဘင်)သည်ဖြစ်၏။ ထိုနက္ခတ်သဘင် ကြိမ်သည်ရှိသော် အပသို့မထွက်ဖူးသော အမျိုးသမီးတို့သည်လည်း မိမိ၏ အခြံအရံနှင့်တကွ ခြေဖြင့်သာလျှင် မြစ်ဆိပ်သို့သွား၍ ရေချိုးကြကုန်၏။ (ရေကစားကြကုန်၏)။ ထို့ကြောင့် ထိုနေ့၌ သာမာဝတီ သတို့သမီးသည်လည်း ငါးရာသောမိန်းမတို့ဖြင့် ခြံရံလျက် မင်းရင်ပြင်ဖြင့် ဖြတ်သန်း၍သာလျှင် ရေကစားခြင်းငှာ သွားလေ၏။ ဥတေနမင်းစောသည် ခြင်္သေ့ခံသော လေသာပြတင်း၌ရပ်လျက် သာမာဝတီကိုမြင်လျှင်မြင်ချင်း “ဤမိန်းမတို့သည်ကား အဘယ်သူ၏ ကချေသည် မိန်းမတို့ပေနည်း”ဟု မေးလေ၏။ “အရှင်မင်းမြတ်- တစ်စုံတစ်ယောက်သောသူ၏ ကချေသည်မိန်းမတို့ မဟုတ်ကြပါ”ဟု လျှောက်တင်လေလျှင် “ထိုသို့မဟုတ်ခဲ့သည်ရှိသော် အဘယ်သူ၏ သမီးတို့ပေနည်း”ဟု မေးတော်မူပြန်၏။ “အရှင်မင်းမြတ်- ဤသည်ကား ဃောသကသူဌေးကြီး၏သမီး သာမာဝတီမည်သော သတို့သမီးပါတည်း”ဟု လျှောက်တင်လေလျှင် ထိုဥတေနမင်းသည် မြင်လျှင်မြင်ချင်း ဖြစ်သောချစ်ခြင်း ရှိရကား ဃောသကသူဌေးကြီးအထံသို့ “ငါ့အား သမီးကို ပို့ဆက်စေ”ဟု သတင်းစကား(အမိန့်)ကို စေလွှတ်လိုက်လေ၏။ ဃောသက သူဌေးကလည်း “အရှင်မင်းမြတ်- မပို့ဆက်ဝံ့ပါ”ဟု လျှောက်တင်လိုက်လေ၏။ ထိုဥတေနမင်းက “ဤသို့ မပြုလင့်၊ စေလွှတ်ပို့ဆက်ရမည်သာ”ဟု စေလွှတ်ပြန်သဖြင့် “အရှင်မင်းမြတ်- အကျွန်ုပ်တို့ သူဌေးမျိုးမည်သည်ကား သတို့သမီးတို့ကို ပုတ်ခတ်၍လည်းကောင်း၊ ညှဉ်းဆဲ၍လည်းကောင်း တွန်းငင် နှင်ထုတ်မည့်ဘေးမှ ကြောက်လှပါသောကြောင့် မပို့မဆက်ဝံ့ပါ”ဟု လျှောက်တင်လိုက်သောအခါ မင်းကြီးသည် အမျက်ထွက်၍ အိမ်ကို မင်းတံဆိပ် ခတ်နှိပ်စေပြီးလျှင် သူဌေးကိုလည်းကောင်း၊ သူဌေးကတော်ကိုလည်းကောင်း လက်၌ဆွဲကိုင်ကာ အိမ်မှအပသို့ နှင်ထုတ်စေလေ၏။

သာမာဝတီသည် ရေကစားပြီး၍ ပြန်လာသောအခါ အိမ်သို့ ဝင်ခြင်းငှာ အခွင့်ကို မရသည်ဖြစ်၍ “ဖခင်- ဤသို့ ဖြစ်ရခြင်း အကြောင်းအဘယ်သို့ပါနည်း”ဟု မေးလေ၏။ “ချစ်သမီး- မင်းကြီးသည် သင်ချစ်သမီး၏အကြောင်းကြောင့် သတင်းစကား (အမိန့်)ကို စေလွှတ်လိုက်၏၊ ထိုအခါ ငါတို့သည် မပို့ဆက်ဝံ့ပါဟု လျှောက်တင်လိုက်သည်ရှိသော် အိမ်ကို မင်းတံဆိပ် ခတ်နှိပ်စေပြီးလျှင် ငါတို့ကို အပသို့ နှင်ထုတ်စေ၏”ဟု ပြောပြလေ၏။ “ဖခင်- ဖခင်တို့ပြုအပ်သောအမှုသည် ဝန်လေးလှပါသည်၊ မင်းမည်သည်ကား စေလွှတ်အပ်သည်ရှိသော် မပို့မဆက်ဝံ့ပါဟု မဆိုမူ၍ အကျွန်ုပ်သမီးကို အခြံအရံနှင့်တကွ အကယ်၍ ယူဆောင်ကြကုန်သည်ဖြစ်ခဲ့အံ့၊ ပို့ဆက်ပါမည်ဟုသာ လျှောက်တင်အပ်သည် ဖြစ်ရာ၏”ဟု ပြောဆိုသောအခါ “ချစ်သမီး- သင်ချစ်သမီးအား နှစ်သက်သည်ရှိသော် ဤသို့ပြုရပေအံ့”ဟုဆို၍ မင်းကြီးအား ထိုသမီးပြောဆိုသောအတိုင်း သတင်းစကားကို (သံတော်ဦးတင်ရန်) စေလွှတ်လိုက်လေ၏။ ဥတေနမင်းသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ထိုသာမာဝတီကို အခြံအရံနှင့်တကွ ဆောင်ယူပြီးလျှင် အဘိသိက်သွန်း၍ (အဂ္ဂမဟေသီ) မိဖုရားကြီးအရာ၌ ထားလေ၏။ ကြွင်းသော မိန်းမတို့ကား ထိုသာမာဝတီ မိဖုရား၏သာလျှင် အခြံအရံမိန်းမတို့ ဖြစ်ကြလေကုန်၏။ ဤကား သာမာဝတီ မိဖုရား ဝတ္ထုတည်း။

စဏ္ဍပဇ္ဇေတမင်းသည် သစ်သားဆင်ရုပ်ပြ၍ ဥတေနမင်းကို ဖမ်းယူခြင်း

ဥတေနမင်းအား တစ်ပါးသော ဝါသုလဒတ္တာ အမည်ရှိသော မိဖုရားသည်လည်း ရှိသေး၏။ ထိုဝါသုလဒတ္တာ မိဖုရားသည်ကား စဏ္ဍပဇ္ဇောတမင်း၏ သမီးတော်တည်း၊ ဥဇ္ဇေနီပြည်၌ စဏ္ဍပဇ္ဇောတ အမည်ရှိသော မင်းသည် ရှိလေ၏။ ထိုမင်းသည် တစ်နေ့သ၌ ဥယျာဉ်မှပြန်လာခဲ့သည်ရှိသော် မိမိ၏ စည်းစိမ်ချမ်းသာ ပြည့်စုံခြင်းကိုကြည့်ရှု၍ “ငါမှတစ်ပါးသော တစ်စုံတစ်ယောက်သော မင်းအားလည်း ဤသို့သဘောရှိသော စည်းစိမ်ချမ်းသာသည် ရှိလေသလော”ဟု မေးမြန်းပြောဆိုသောကြောင့် “ဤစည်းစိမ်ချမ်းသာမည်သည် အဘယ်မျှလောက် ရှိသနည်း၊ ကောသမ္ဗီပြည်၌ ဥတေနမင်းကြီး၏ စည်းစိမ်ချမ်းသာသည်ကား အလွန်ကြီးကျယ်စွာရှိ၏”ဟု သံတော်စကား လျှောက်တင်အပ်သည်ရှိသော် မင်းကြီးက “ထိုသို့ဖြစ်မူ ထိုဥတေနမင်းကို ဖမ်းယူအံ့”ဟု ဆိုလေ၏။ “ထိုဥတေနမင်းကို ဖမ်းယူခြင်းငှာ မစွမ်းနိုင်ပါ”ဟု လျှောက်သည်ရှိသော် “အမှတ်မရှိ တစ်စုံတစ်ခုသော အမှုကိုပြု၍ ဖမ်းယူမည်သာလျှင်ကတည်း”ဟု ဆိုပြန်လေ၏။ “အရှင်မင်းမြတ်- ဖမ်းယူခြင်းငှာ မစွမ်းနိုင်ပါ”ဟု ဆိုပြန်လေသော် “အဘယ့်ကြောင့် မဖမ်းယူနိုင်အံ့နည်း”ဟု မေးတော်မူပြန်လေ၏။ “အရှင်မင်းမြတ်- ထိုဥတေနမင်းသည် ဟတ္ထိကန္တမည်သော အတတ်ကို တတ်၏။ မန္တန်ပြန်လှန်သရဇ္ဈာယ်၍ ဟတ္ထိကန္တ စောင်းကိုတီးလျက် ဆင်တို့ကို ပြေးလည်း ပြေးစေနိုင်၏၊ ဖမ်းလည်း ဖမ်းယူနိုင်၏၊ ဆင်ယာဉ်နှင့်လည်း ပြည့်စုံ၏၊ ထိုဥတေနမင်းနှင့်တူသော မင်းမည်သည် မရှိ”ဟု လျှောက်ကြပြန်သော်-

“ငါသည် ထိုဥတေနမင်းကို ဖမ်းယူခြင်းငှာ မစွမ်းနိုင်ဘဲ ရှိမည်လော”ဟု မိန့်တော်မူပြန်သဖြင့် “အရှင်မင်းမြတ်- အရှင်မင်းမြတ်သည် ဖမ်းယူခြင်းငှာ အကယ်၍ အလိုဆန္ဒရှိခဲ့ပါအံ့၊ ဤဥတေနမင်းသည် ဧကန်စင်စစ်အားဖြင့် အခြေအနေ ခိုင်ခံ့မြဲမြံ၏၊ ထိုသို့ပင် ဖြစ်သော်လည်း သစ်သားဆင်ရုပ်ကို ပြုလုပ်စေ၍ ထိုမင်း၏ တိုင်းနိုင်ငံအနီးအရပ်သို့ စေလွှတ်တော်မူပါလော့။ ထိုဥတေနမင်းသည် ဆင်ယာဉ်ကိုလည်းကောင်း၊ မြင်းယာဉ်ကိုလည်းကောင်း သီတင်းစကား ကြားသိသည်ရှိသော် ဝေးကွာသောအရပ်သို့သော်လည်း သွားတတ်၏။ ထိုအရပ်သို့ရောက်လာသော ဥတေနမင်းကို ဖမ်းယူခြင်းငှာ တတ်ကောင်းသည် ဖြစ်ပါလတ္တံ့”ဟု လျှောက်ကြားကြကုန်သော် စဏ္ဍပဇောတမင်းကြီးသည် “ဤသို့သော အကြောင်းသည်ကား ကောင်းမြတ်သင့်လျော်ဖွယ်ရှိ၏”ဟု သစ်သားဖြင့်ပြီးသော စက်ယန္တရားနှင့်ယှဉ်သော ဆင်ကို ပြုလုပ်စေ၍ အပ၌ ပုဆိုးပိုင်းတို့ဖြင့် ရစ်ပတ်ဖုံးလွှမ်းပြီးလျှင် ပန်းချီဆေးရေးအမှုကို ဆန်းကြယ်စွာပြု၍ ထိုဥတေနမင်းကြီး၏ တိုင်းနိုင်ငံအနီးအရပ်ဖြစ်သော တစ်ခုသော ရေအိုင်၏ကမ်းနား၌ လွှတ်ထားစေ၏။ ဆင်ရုပ်၏ဝမ်းတွင်း၌ ခြောက်ကျိပ်သော ယောက်ျားတို့သည် ထိုမှဤမှ လူးလာတုံ့ခေါက် လျှောက်သွားနိုင်ကုန်၏။ ဆင်မစင်တုံးကို ရှာဖွေဆောင်ယူ၍ ထိုထိုသို့သောအရပ်တို့၌ ပစ်စွန့်ကုန်၏။

ထိုအခါ တောမုဆိုးတစ်ယောက်သည် ဆင်ကိုတွေ့မြင်၍ ငါတို့၏မင်းကြီးအား လျောက်ပတ်ထိုက်တန်၏ဟု ကြံ၍ သွားပြီးသော် မင်းကြီးအား “အရှင်မင်းမြတ်- တစ်ကိုယ်လုံး ဖွေးဖွေးဖြူသော ငွေတောင်ထွတ်နှင့်တူသော အဆင်းရှိသော အရှင်မင်းမြတ်တို့အားသာလျှင် လျောက်ပတ်ထိုက်တန်သော ဆင်ပြောင်တစ်စီးကို အရှင့်ကျွန်တော် မြင်အပ်ပါသည်”ဟူ၍ လျှောက်ကြားလေ၏။

ဥတေနမင်းကြီးသည် ထိုလျှောက်ကြားလာသော မုဆိုးကိုပင်လျှင် ခရီးညွှန်ပြု၍ ဆင်စီးတော်မူပြီးလျှင် အခြံအရံနှင့်တကွ ထွက်တော်မူလေ၏။ ထိုဥတေနမင်းကြီး၏ ထွက်လာခြင်းကိုသိ၍ သူလျှိုယောက်ျားတို့သည် သွားပြီးလျှင် စဏ္ဍပဇ္ဇောတမင်းကြီးအား လျှောက်ကြားကြလေကုန်၏။ စဏ္ဍပဇ္ဇောတမင်းသည် ထွက်လာ၍ အလယ်၌ အချည်းနှီး တစ်စုံတစ်ခုမျှမရှိသည်ကို ပြုပြီးလျှင် နံပါးနှစ်ဖက်တို့၌ စစ်သည်အပေါင်း ထားစေ၏။ ဥတေနမင်းသည် စဏ္ဍပဇ္ဇောတမင်းကြီး၏ လာသည်ကို မသိဘဲ ဆင်သို့ အမီလိုက်လေ၏။ ဆင်ရုပ်၏အတွင်း၌ တည်ကုန်သော လူတို့သည် လျင်စွာသောအဟုန်ဖြင့် ပြေးစေကုန်၏။ မန္တန်ကို ရွတ်ဖတ်ပြန်လှန် သရဇ္ဈာယ်၍ စောင်းကိုတီးသော မင်းကြီး၏စောင်းသံကို မကြားဘိသကဲ့သို့ သစ်သားဆင်ရုပ်သည် ပြေးသည်သာလျှင်တည်း။ ဥတေနမင်းကြီးသည် ဆင်ပြောင်ကို မီခြင်းငှာ မစွမ်းနိုင်လေသောကြောင့် မြင်းကိုတက်စီး၍ အစဉ်လိုက်ပြန်လေ၏။ ထိုဥတေနမင်းကြီးသည် လျင်စွာသောအဟုန်ဖြင့် အစဉ်လိုက်သည်ရှိသော် စစ်သည်ဗိုလ်ပါအပေါင်းသည် ဆုတ်နစ်ကျန်ရစ်ခဲ့လေ၏။ ဥတေနမင်းကြီးသည် တစ်ယောက်တည်းသာလျှင် ဖြစ်လေ၏။ ထိုအခါ ဥတေနမင်းကို နံပါးနှစ်ဖက်တို့၌ စီရင်၍ (နေရာချ) ထားအပ်ကုန်သော စဏ္ဍပဇ္ဇောတမင်းကြီး၏ မင်းချင်းယောက်ျားတို့သည် ဖမ်းယူ၍ မိမိတို့၏ မင်းကြီးအား ပို့ဆက်ကြကုန်၏။ ထိုအခါ ဥတေနမင်း၏ ဗိုလ်ပါအပေါင်းသည် ရန်သူ၏အလိုနိုင်ငံ(လက်တွင်း)သို့ လိုက်ပါရောက်သွားရသည့်အဖြစ်ကိုသိ၍ မြို့၏အပ၌ သစ်တပ်မြို့တည်ကာ နေရလေ၏။

ဥတေနမင်းကြီးသည် ဝါသုလဒတ္တာမင်းသမီးအား မန္တန်သင်ပေးခန်း

စဏ္ဍပဇ္ဇောတ မင်းသည်လည်း ဥတေနမင်းကို အရှင်ဖမ်းယူခြင်းဖြင့်သာလျှင်ဖမ်းယူ၍ တစ်ခုသော ခိုးသူနှောင်အိမ်၌ ထည့်သွင်းချုပ်နှောင်ကာ တံခါးကိုပိတ်ထားပြီးလျှင် သုံးရက်တို့ပတ်လုံး အောင်သေသောက်ခြင်းကို သောက်လေ၏။ ဥတေနမင်းသည် သုံးရက်မြောက်သောနေ့၌ အစောင့်အရှောက်တို့ကို “အမောင်တို့- အသင်တို့၏မင်းသည် အဘယ်မှာနည်း”ဟု မေး၏။ အစောင့်အရှောက်တို့က “ရန်သူဖြစ်သောမင်းကို ငါသည် ဖမ်းယူရလေပြီဟု အောင်သေသောက်ကာ နေပါ၏”ဟု ပြောကြားလေ၏။ “ဤသို့ပြုသော အမူအရာသည် အဘယ်သို့သော အမူအရာနည်း၊ အသင်တို့၏ မင်းကြီးပြုသော အမူအရာသည် မိန်းမအမူအရာနှင့် တူ၏။ ရန်သူဖြစ်သောမင်းတို့ကို ဖမ်းပြီးလျှင် လွှတ်မူလည်း လွှတ်ခြင်းငှာလည်းကောင်း၊ သတ်မူလည်း သတ်ခြင်းငှာလည်းကောင်း သင့်သည် မဟုတ်တုံလော၊ ငါတို့ကို ဆင်းရဲကျဉ်းကျပ်စွာ နှောင်အိမ်တွင်းမှာ နေစေ၍ အောင်သေကို သောက်နေရက်ပေသည်”ဟု ပြောဆိုလေ၏။ အစောင့်အရှောက်တို့သည် သွား၍ စဏ္ဍပဇ္ဇောတ မင်းကြီးအား ထိုအကြောင်းကို လျှောက်ကြားကြကုန်၏။

စဏ္ဍပဇောတ မင်းကြီးသည် လာ၍ “အသင်သည် ဤသို့သောစကားကို ပြောဆိုသောဟူသည် မှန်ပေသလော”ဟု မေးသဖြင့် “အရှင်မင်းကြီး- မှန်ပေ၏”ဟု ဝန်ခံလျှင် “ကောင်းပြီ အသင့်ကို လွှတ်အံ့၊ အသင့်အား ဤသို့သဘောရှိသော မန္တန်သည် ရှိသတတ်၊ ထိုမန္တန်ကို ငါ့အား ပေးလတ္တံ့လော”ဟု ဆိုလေ၏။ “ကောင်းပြီ ပေးပေအံ့၊ သင်ခြင်းငှာ လျောက်ပတ်သောအခါ၌ သင်ယူလေလော့၊ အသို့နည်း။ အသင်သည် ငါ့အား ရှိခိုးနိုင်လတ္တံ့လော”ဟု မေးလေလျှင် “ငါသည် သင့်ကို အဘယ့်ကြောင့် ရှိခိုးရအံ့နည်း၊ ရှိမခိုးနိုင်”ဟု ဆိုသဖြင့် “အကယ်၍ ရှိမခိုးနိုင်သည်ဖြစ်ခဲ့အံ့၊ ငါသည်လည်း အသင့်အား မပေးနိုင်”ဟု ဆိုလေ၏။ “ဤသို့ မပေးခဲ့သည်ရှိသော် အသင့်အား မင်းဒဏ်ကိုပြုပေအံ့”ဟု ဆိုသောအခါ “အသင်- မင်းဒဏ်ကိုပြုလိုလျှင် ပြုလေလော့၊ အသင်သည် ငါ၏ကိုယ်ကို အစိုးရ၏၊ စိတ်ကိုကား အစိုးမရ”ဟု ဆိုလိုက်လေ၏။

စဏ္ဍပဇ္ဇောတ မင်းကြီးသည် ထိုဥတေနမင်း၏ ရဲရင့်သောအားဖြင့် ကြုံးဝါးသောအသံကို ကြားရ၍ “အဘယ်သို့သောအကြောင်းဖြင့် ဤမန္တန်ကို ယူရပါအံ့နည်း”ဟု ကြံပြီးလျှင် “ဤမန္တန်ကို တစ်ပါးသောသူကို သိစေခြင်းငှာ မတတ်ကောင်း၊ ငါ၏သမီးတော်ကို ထိုမင်း၏အထံ၌ သင်ယူစေ၍ ငါသည် ငါ၏သမီးတော်အထံ၌ သင်ယူတော့အံ့”ဟု ကြံလေ၏။ ထို့နောက်မှ “ရှိခိုး၍ သင်ယူသည်ရှိသော် တစ်ပါးသောသူအား ပေးလတ္တံ့လော”ဟု ဥတေနမင်းကို မေး၏။ “မင်းကြီး ဪ... ဟုတ်ပေ၏။ ငါ့အား ရှိခိုးသောသူအား ပေးအံ့”ဟုဆိုလျှင် “ထိုသို့ဖြစ်မူ ငါတို့၏ နန်းအိမ်တော်၌ ခါးကုန်းမ တစ်ယောက်သည် ရှိ၏။ ထိုခါးကုန်းမအား တင်းတိမ်အကာ၏အတွင်း၌ ရှိခိုး၍ ထိုင်နေသည်ရှိသော် အသင်သည် တင်းတိမ်အကာ၏ အပ၌တည်လျက်သာလျှင် မန္တန်ကို ပို့ချလေလော့”ဟု ဆိုလေ၏။ “မင်းကြီး-ကောင်းပြီ၊ ခါးကုန်းသော သူမူလည်း ဖြစ်စေ၊ ဆွံ့အသော သူမူလည်း ဖြစ်စေ၊ ရှိခိုးသောသူအား ပေးအံ့”ဟု ဝန်ခံလေ၏။

ထို့နောက်မှ စဏ္ဍပဇ္ဇောတမင်းကြီးသည် သွား၍ သမီးတော် ဝါသုလဒတ္တာကို “ချစ်သမီး- တစ်ကိုယ်လုံးဖြူသော ခရုသင်းနူနာစွဲသော လူတစ်ယောက်သည် အဖိုးအတိုင်းမသိထိုက်သော မန္တန်ကို တတ်၏၊ ထိုမန္တန်ကို တစ်ပါးသောသူကို သိစိမ့်သောငှာ မတတ်ကောင်း၊ သင် ချစ်သမီးသည် တင်းတိမ်ကာ၏အတွင်းက ထိုင်နေ၍ ရှိခိုးပြီးလျှင် မန္တန်ကို သင်ယူလေလော့၊ ထိုလူနူသည် ကာရံသော တင်းတိမ်၏အပ၌တည်လျက် ချစ်သမီးအား ပို့ချလတ္တံ့၊ သင်ချစ်သမီးအထံမှ ခမည်းတော်သည် ထိုမန္တန်ကို သင်ယူအံ့”ဟု ဆိုလေ၏။ ဤသို့သောအခြင်းအရာဖြင့် စဏ္ဍပဇ္ဇောတမင်းကြီးသည် ထိုသူတို့၏ အချင်းချင်း အကျွမ်းတဝင် ရောနှောခြင်းပြုအံ့သည်မှစိုးသဖြင့် သမီးတော်ကို ခါးကုန်းမဖြစ်လေဟန်၊ ဥတေနမင်းကို ခရုသင်းစွဲလူနူဖြစ်လေဟန်ကိုပြု၍ ပြောဆိုမှာထားလေ၏။ ထိုဥတေနမင်းသည် တင်းတိမ်အကာ၏အတွင်း၌ ရှိခိုး၍ထိုင်နေသော ဝါသုဒတ္တာမင်းသမီးအား တင်းတိမ်အကာ၏ အပ၌တည်လျက် မန္တန်ကို ပို့ချရလေ၏။

မန္တန်သင်ရာ၌ ဆရာတပည့်တို့ ခိုက်ရန်ဒေါသဖြစ်ကြခြင်းနှင့်စဏ္ဍပဇ္ဇောတမင်း၏ ယာဉ်ငါးပါးအကြောင်း

ထိုအခါ တစ်နေ့သ၌ မန္တန်ကို အဖန်ဖန်အထပ်ထပ် ရွတ်ဆိုစေအပ်ငြားသော်လည်း မန္တန်ပုဒ်တစ်ခုကို ပီပြင်စွာ ရွတ်ဆိုခြင်းငှာ မစွမ်းနိုင်သည်ဖြစ်၍ ထိုဝါသုလဒတ္တာ မင်းသမီးကို “ဟယ်... ခါးကုန်းမ- အလွန်တရာ ထူကြမ်းသော နှုတ်ခမ်း,ပါးစောင်ရှိသော နင်၏ နှုတ်သီးကြီးကို ပုတ်ခတ်ရလိမ့်မည်။ ဤသို့ ပီပီ ဆိုရမည်ဟဲ့”ဟု ကြိမ်းမောင်းကာ ဆိုလေ၏။ ဝါသုလဒတ္တာ မင်းသမီးသည် အမျက်ထွက်၍ “ဟယ်... ညစ်ညမ်းစုတ်ချာ ယုတ်မာကမြင်း ခရုသင်းဖြူ လူအနူ- နင် အဘယ်ကို ဆိုသနည်း၊ ငါကဲ့သို့ သဘောရှိသော မင်းသမီးသည် အဘယ့်ကြောင့် ခါးကုန်းမမည်သည် ဖြစ်ရအံ့နည်း”ဟု ပြန်၍ ငေါက်ငမ်းပြောဆိုလေ၏။ ထိုအခါ ဥတေနမင်းသည် တင်းတိမ်စွန်းကို ပင့်မြှောက်ကာ “အသင်သည် အဘယ်သူ ဖြစ်လေသနည်း”ဟု မေးသည်ရှိသော် “ဘုရင်မင်းမြတ်၏ သမီးတော် ဝါသုလဒတ္တာ အမည်ရှိသောသူသည် ငါတည်း”ဟု ဆို၏။ “အသင်၏ ဖခမည်းတော်သည် ငါ့အား ပြောသောအခါ ခါးကုန်းမဟု ပြောဆိုလေ၏။” “အကျွန်ုပ်အား ပြောသောကာလလည်း အရှင့်ကို ခရုသင်းဖြူစွဲသော လူနူဟုလုပ်၍ ပြောဆိုပါသည်။” ဤသို့ဆိုပြီး ထိုနှစ်ဦးကုန်သောသူတို့သည်လည်း “မင်းကြီးသည် ငါတို့၏ အကျွမ်းတဝင် ရောနှောခြင်းကိုပြုအံ့သည်မှ စိုးရိမ်သဖြင့် ဆိုအပ်သည် ဖြစ်ပေလိမ့်မည်”ဟု တင်းတိမ်အကာ၏ အတွင်း၌သာလျှင် အကျွမ်းတဝင် ရောနှောခြင်းကို ပြုကြလေကုန်၏။

ထိုနေ့မှစ၍ မန္တန်ကို သင်ယူခြင်းသည်လည်းကောင်း၊ အတတ်ကို သင်ယူခြင်းသည်လည်းကောင်း မရှိ၊ မင်းကြီးသည်ကား သမီးတော်ကို “ချစ်သမီး- အတတ်ပညာကို သင်ယူ၏လော”ဟု အမြဲမပြတ်မေး၏။ “ဖခမည်းတော်- သင်ယူပါ၏”ဟု လျှောက်လေ၏။ ထို့နောက် တစ်နေ့သ၌ ဝါသုလဒတ္တာ မင်းသမီးကို ဥတေနမင်းက “ချစ်နှမ- လင်ယောက်ျားတို့သည် ပြုစုချီးမြှင့်အပ်သော စည်းစိမ်ချမ်းသာမှုမည်သည်ကား မိခင်ဖခင်တို့သည်လည်းကောင်း၊ မောင်ကြီး, မောင်ငယ်, အစ်မ, ညီမတို့သည်လည်းကောင်း ပြုစုခြင်းငှာ မစွမ်းနိုင်ကုန်၊ ငါ့အား အကယ်၍ အသက်ကို ကယ်ဆယ်သည်ဖြစ်ခဲ့အံ့၊ အသင် ချစ်နှမအား ငါးရာကုန်သော မောင်းမအခြံအရံကိုပေး၍ မြတ်သောမိဖုရားကြီးအရာကို ပေးပါအံ့”ဟု ဆိုလေ၏။ ဝါသုလဒတ္တာ မင်းသမီးက “မောင်တော်မင်းမြတ်တို့သည် (ဘုရားနှမအား) ထိုဆိုအပ်သောစကား၌ အကယ်၍ တည်ခြင်းငှာ စွမ်းနိုင်ကုန်သည် ဖြစ်ပါအံ့၊ မောင်တော်မင်းမြတ်အား အသက်ကို ကယ်ဆယ်ပါမည်”ဟု လျှောက်ထားလေ၏။ “ချစ်နှမ- စွမ်းနိုင်ပါသည်”ဟု ဆိုသဖြင့် “အရှင်မင်းမြတ်- ကောင်းပါပြီ”ဟု ဝန်ခံပြီးလျှင် ဝါသုလဒတ္တာ မင်းသမီးသည် ဖခင်၏ အထံသို့သွား၍ ရှိခိုးကာ တင့်အပ် လျောက်ပတ်သော အရပ်၌တည်နေလေ၏။ ထိုအခါ မင်းသမီးကို စဏ္ဍပဇ္ဇောတမင်းကြီးက “ချစ်သမီး- အတတ်ပညာ ပြီးဆုံးပြီလော”ဟု မေးတော်မူလေ၏။ “ဖခမည်းတော်- အတတ်သည် အလုံးစုံအကုန် မပြီးတတ်သေးပါ”ဟု လျှောက်ကြားလေ၏။ “ချစ်သမီး- ထိုသို့ မပြီးသေးသည်ရှိသော် အဘယ်ကို အလိုရှိသနည်း”ဟု မေးတော်မူသောအခါ “ဖခမည်းတော်ဘုရား- အကျွန်ုပ်တို့အား တစ်ခုသောတံခါးကိုလည်းကောင်း၊ တစ်ခုသော ယာဉ်ကိုလည်းကောင်း ရခြင်းငှာ သင့်လျော်ပါသည်”ဟု လျှောက်ထားလေ၏။ “ချစ်သမီး- ဤသို့ တံခါးတစ်ခုနှင့် ယာဉ်တစ်ခုသည် အဘယ်အလို့ငှာပေနည်း”ဟု မေးတော်မူသောအခါ “ခမည်းတော်ဘုရား- ညဉ့်အခါ၌ နက္ခတ်ကြယ်အမှတ်ဖြင့် မန္တန်၏ဥပစာအလို့ငှာ တစ်ခုသောဆေးမြစ်ကို ယူဆောင်၍ ပြုဖွယ်ကိစ္စ ရှိသတတ်။ ထို့ကြောင့် အကျွန်ုပ်တို့အား အခါဟုတ်သည်မူလည်းဖြစ်စေ၊ အခါမဟုတ်သည်မူလည်းဖြစ်စေ ထွက်သွားသောအခါ တစ်ခုသော တံခါးကိုလည်းကောင်း၊ တစ်ခုသော ယာဉ်ကိုလည်းကောင်း ရခြင်းငှာ သင့်လျော်ပါသည်”ဟု လျှောက်ထားလေ၏။ မင်းကြီး လည်း “ကောင်းပြီ”ဟူ၍ ဝန်ခံလေ၏။ ထိုသူတို့သည် မိမိတို့နှစ်သက်အပ်သော တံခါးတစ်ခုကို လက်ရောက်ပြုကြလေကုန်၏။ စဏ္ဍပဇ္ဇောတမင်းကြီးအားကား ငါးပါးကုန်သော ယာဉ်တို့ ရှိကုန်၏။

၁။ ဘဒ္ဒဝတီမည်သော ဆင်မသည် တစ်နေ့လျှင် ယူဇနာ ငါးဆယ်တိုင်တိုင် သွားနိုင်၏။
၂။ ကာကမည်သော ကျွန်သည် တစ်နေ့လျှင် ယူဇနာ ခြောက်ဆယ်တို့တိုင်တိုင် သွားနိုင်၏။
၃။ စေလကဋ္ဌိမည်သော မြင်းသည်လည်းကောင်း၊
၄။ မုဉ္စကေသီမည်သော မြင်းသည်လည်းကောင်း ဤမြင်းနှစ်ကောင်တို့သည် ယူဇနာ တစ်ရာတိုင်တိုင် သွားနိုင်၏။
၅။ နာဠာဂိရိမည်သော ဆင်သည် ယူဇနာ တစ်ရာ့နှစ်ဆယ် တိုင်တိုင် သွားနိုင်၏။

စဏ္ဍပဇ္ဇောတမင်းကြီး၏ ယာဉ်ငါးပါးရခြင်းအကြောင်း ရှေးကောင်းမှု

ထိုစဏ္ဍပဇ္ဇောတမင်းကြီးသည် မြတ်စွာဘုရား ပွင့်တော်မမူမီ တစ်ယောက်သော အစိုးရသောသူ၏ အလုပ်အကျွေး ဖြစ်ဖူးလေသတတ်။ ထိုအခါ တစ်နေ့သ၌ အစိုးရသောသူသည် မြို့၏အပသို့ထွက်၍ ရေချိုးပြီး ပြန်လာခဲ့သည်ရှိသော် ပစ္စေကဗုဒ္ဓါတစ်ပါးသည် မြို့တွင်းသို့ ဆွမ်းအလို့ငှာ ဝင်တော်မူရာ အလုံးစုံကုန်သော မြို့သူမြို့သားတို့အား မာရ်နတ်သည် လှည့်ပတ်၍ ထားအပ်သောကြောင့် တစ်ယောက်ချို တစ်ဇွန်းမျှသော ဆွမ်းကိုလည်း မရမူ၍ ဆေးကြောမြဲတိုင်းဖြစ်သော သပိတ်ဖြင့်သာလျှင် ထွက်လာတော်မူခဲ့၏။ ထိုအခါ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် မြို့တံခါးသို့ရောက်တော်မူသည်ရှိသော် မာရ်နတ်သည် မထင်ရှားသောအသွင်ဖြင့် ချဉ်းကပ်၍ “အရှင်ဘုရား- အရှင်မြတ်အား တစ်စုံတစ်ခုကို ရပါသလော”ဟု မေးလေ၏။ “အသို့နည်း၊ သင်သည် ငါ့အား မရအပ်သော အခြင်းအရာကို ပြုဘိသလော”ဟု မိန့်တော်မူလျှင် “ထိုသို့ဖြစ်မူ ပြန်လည်ဆုတ်နစ်၍ ယခုတစ်ဖန် ကြွဝင်တော်မူပါဦး၊ ဤအခါမူကား မပြုပါတော့အံ့”ဟု လျှောက်ကြား၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း “တစ်ဖန် ငါပြန်၍ မကြွဝင်တော့အံ့”ဟု မိန့်တော်မူ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ပြန်လည်ဆုတ်နစ်ခြင်း မပြုမူ၍ ကြွသွားတော်မူသည်ရှိသော် မာရ်နတ်သည် ထိုအရပ်၌ပင် ကွယ်ပျောက်လေ၏။

(ပြန်လည်ဆုတ်နစ်ခြင်း မပြုခြင်းအကြောင်းကား ထိုအရှင်ပစ္စေကဗုဒ္ဓါသည် အကယ်၍ တစ်ဖန် ပြန်လည်ဆုတ်နစ်တော်မူငြားအံ့၊ ထိုမာရ်နတ်သည် အလုံးစုံသော ပြည်သူပြည်သားတို့၏ကိုယ်၌ ပူးကပ်ပြီးလျှင် လက်ခုပ်လက်ဝါးတီး၍ ပြက်ရယ်ပြုမှုဖြင့် ကစားခြင်းကို ပြုရာ၏။ ထို့ကြောင့် ပြန်လည်ဆုတ်နှစ်ခြင်းကို မပြုသတည်း။)

ထိုအခါ အစိုးရသောသူသည် ဆေးကြောမြဲတိုင်းသော သပိတ်ဖြင့် ကြွလာတော်မူသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကိုမြင်လျှင် ရိုသေမြတ်နိုး ရှိခိုးလျက် “အရှင်ဘုရား- တစ်စုံတစ်ခုသောဆွမ်းကို ရပါသလားဘုရား”ဟု မေးလျှောက်လေ၏။ “ဒါယကာ- ဆွမ်းခံလှည့်လည်၍ ထွက်လာခဲ့ပေသည်”ဟု မိန့်တော်မူ၏။ ထိုဒါယကာ ကြံဆင်ခြင်သည်မှာ “အရှင်မြတ်သည် ငါလျှောက်ထား မေးမြန်းအပ်သောစကားကို မိန့်ဆိုတော်မမူဘဲ တစ်ပါးသောစကားကိုသာ မိန့်ဆိုတော်မူ၏။ တစ်စုံတစ်ခုသော ဆွမ်းကို ရသည် မဖြစ်လတ္တံ့”ဟု ကြံဆင်ခြင်မိလေ၏။ ထို့နောက်မှ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ သပိတ်တော်ကို ကြည့်သည်ရှိသော် အချည်းနှီးသော သပိတ်ကိုမြင်ရ၍ မိမိ၏အိမ်၌ ထမင်းကျက်သည်, မကျက်သည်အဖြစ်ကို ဧကန်တိတိ မသိရသေးသည် အဖြစ်ကြောင့် ရဲရင့်သော စိတ်မရှိသည် ဖြစ်ရကား သပိတ်ကိုယူခြင်းငှာ မဝံ့သည်ဖြစ်၍ “အရှင်ဘုရား- အတန်ငယ် ခဏမျှ ဆိုင်းငံ့ရပ်တန့် သည်းခံတော်မူပါကုန်ဦးဘုရား”ဟု လျှောက်ထား၍ လျင်စွာ အိမ်သို့ပြန်သွားပြီးလျှင် “ငါတို့အလို့ငှာ ထမင်းသည် ကျက်ပြီလော”ဟု မေး၍ “ကျက်ပါပြီ”ဟုဆိုသည်ရှိသော် အနီးအပါး၌ရှိသော ထိုအလုပ်အကျွေးကို “အမောင်- အသင်ထက် အလွန်တရာ ပေါ့ပါးဖျတ်လတ် လျင်မြန်သောသူမည်သည် မရှိ၊ အလွန်လျင်စွာသော အဟုန်ဖြင့် ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ အထံသို့ သွားရောက်၍ “အရှင်ဘုရား- သပိတ်တော် တပည့်တော်အား ပေးသနားတော်မူပါဘုရား”ဟု လျှောက်ထားပြီးလျှင် သပိတ်ကို တောင်းယူကာ လျင်စွာ လာခဲ့ပါလော့”ဟု ပြောလေ၏။ အလုပ်အကျွေးလည်း တစ်ခွန်းတည်းသော စကားဖြင့်သာလျှင် ပြေးသွားလေ၍ သပိတ်တော်ကို ယူဆောင်ခဲ့လေ၏။ အစိုးရသော ဒါယကာလည်း မိမိ၏ စားရန်ထမင်းဖြင့် သပိတ်တော်ကို ပြည့်စေ၍ “ဤဆွမ်းသပိတ်ကို လျင်စွာယူသွား၍ ပစ္စေကဗုဒ္ဓါ အရှင်မြတ်အား ကောင်းစွာ လက်ရောက် ကပ်လှူချေ။ ငါသည် သင့်အား ဤအလှူမှ ကုသိုလ်အဖို့ကို ပေးပါအံ့”ဟု ဆိုလေ၏။ ထိုအလုပ်အကျွေး ယောက်ျားသည်လည်း လျင်စွာသွား၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်အား သပိတ်တော်ကို ကပ်လှူပြီးလျှင် ငါးပါးသောတည်ခြင်းဖြင့် ရှိခိုးလျက် ဤသို့ ဆုတောင်းပတ္ထနာ ပြုလေသတည်း။

စဏ္ဍပဇ္ဇောတ မင်းလောင်း၏ ဆုတောင်းခန်း

“ပစ္စေကဗောဓိ ဉာဏ်တော်၏သခင် အရှင်သူမြတ်ဘုရား- ဘုရားတပည့်တော်သည် “မွန်းတည့်ခါနီးလေပြီ”ဟု ကြံအောက်မေ့၍ အလွန်လျင်စွာ အားထုတ်သဖြင့် လာသွားခြင်းကို ပြုရပါသည်အရှင်ဘုရား၊ ဘုရားတပည့်တော်အား ဤလျင်စွာ သွားလာရသော ကုသိုလ်ကံ၏ အစွမ်းအာနုဘော်ကြောင့် ယူဇနာ ငါးဆယ်, ခြောက်ဆယ်, တစ်ရာ, တစ်ရာ့နှစ်ဆယ် အဓွန့်ရှည်သောခရီးကို သွားခြင်းငှာစွမ်းသော ယာဉ်တို့သည် ဖြစ်လာပါစေကုန်သတည်း၊ သွားစဉ်လည်းကောင်း, လာစဉ်လည်းကောင်း တပည့်တော်၏ ကိုယ်ကို နေရှိန်ဖြင့် ပူလောင်ခြင်းကို ခံရပါသည်၊ ထိုသို့ နေရှိန်ဖြင့် ပြင်းစွာ ပူလောင်ခြင်းကိုခံရသော ကုသိုလ်၏ အစွမ်းအာနုဘော်ကြောင့် ဖြစ်လေတိုင်း ဖြစ်လေတိုင်းသော ဘဝ၌ ဘုန်းတန်ခိုးအာဏာသည် ထက်မြက်သော နေမင်း၏ တန်ခိုးအရှိန်နှင့်တူသည် ဖြစ်ပါစေသတည်း၊ ဤဆွမ်းကို လှူဒါန်းရာ၌ ဘုရားတပည့်တော်အား အရှင်သခင်သည် အလှူအဖို့ကို ပေးဝေပါသည်၊ ထိုပတ္တာနုမောဒနာ ကုသိုလ်အကျိုးဆက်ဖြင့် အရှင်ဘုရားတို့သည် သိအပ်မြင်အပ်သောတရား၏ အဖို့ရှိသည် ဖြစ်ပါစေသတည်း”ဟု ဆုတောင်းပတ္ထနာ ပြုလေ၏။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်လည်း “ဒါယကာ- တောင်းသော ဆုတောင်းပတ္ထနာအတိုင်း ပြည့်စုံစေသတည်း”ဟု မိန့်ဆိုတော်မူပြီး၍-

ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ စန္ဒော ပန္နရသော ယထာ။
ဣစ္ဆိတံ ပတ္ထိတံ တုယှံ၊ ခိပ္ပမေ၀ သမိဇ္ဈတု။
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ၊ မဏိ ဇောတိရသော ယထာ။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော။ ယံ၊ အကြင်ဝတ္ထုသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုတောင့်တတိုင်းသော ဝတ္ထုသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေ၀၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ ပန္နရသော၊ တစ်ဆယ့်ငါးရက်ထက်၌ တောက်ထွန်းသော။ စန္ဒော၊ လပြည့်ဝန်းသည်။ ပူရတိ ယထာ၊ ပြည့်သကဲ့သို့။ တထာ၊ ထို့အတူ။ သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ လိုစကောင်းမှန် ကောင်းသောအကြံတို့သည်။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

ဣစ္ဆိတံ၊ အလိုရှိအပ်သော။ ပတ္ထိတံ၊ တောင့်တအပ်သော။ ယံ၊ အကြင်ဝတ္ထုပစ္စည်းသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုတောင့်တတိုင်းသော ဝတ္ထုသည်။ တုယှံ၊ သင့်အား။ ခိပ္ပမေ၀၊ လျင်စွာသာလျှင်။ သမိဇ္ဈတု၊ ပြည့်စုံစေသတည်း။ ဇောတိရသော၊ ရောင်လျှံပြည့်လျှပ် လိုတိုင်းဖြည့်တတ်သော။ မဏိ၊ ဝေပုလ္လတောင်ထိပ်မှဖြစ်သော ပတ္တမြား ရတနာသည်။ ပူရတိ ယထာ၊ အလုံးစုံသောသူ၏ အလိုရှိသမျှကို ပြည့်စုံစေသကဲ့သို့။ တထာ၊ ထို့အတူ။ သဗ္ဗေ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ သင်္ကပ္ပါ၊ လိုစကောင်းမှန် ကောင်းသော အကြံတို့သည်။ ပူရေန္တု၊ ပြည့်စုံစေကုန်သတည်း။

(ဤနှစ်ဂါထာတို့ဖြင့် အနုမောဒနာကို ပြုတော်မူလေ၏။ ဤနှစ်ဂါထာတို့သည်သာလျှင် ပစ္စေကဗုဒ္ဓါတို့၏ အနုမောဒနာ ဂါထာတို့ မည်ကုန်၏။ ထိုအနုမောဒနာ ဂါထာတို့၌ “ဇောတိရသော” ဟူသည် အလုံးစုံ အလိုရှိတိုင်းကို ပေးစွမ်းနိုင်သော ပတ္တမြား ရတနာကို ဆိုအပ်၏။ ဤကား စဏ္ဍပဇ္ဇောတမင်း၏ ရှေး၌ ပြုခဲ့ဖူးသော ကောင်းမှုပေတည်း။)

ထိုအလုပ်အကျွေး ယောက်ျားသည် ယခုအခါ၌ စဏ္ဍပဇ္ဇောတမင်းကြီး ဖြစ်လာ၏။ ထိုကောင်းမှုကံ၏ အကျိုးဆက်အားဖြင့် ဤငါးပါးသော ယာဉ်တို့သည် ဖြစ်ပေါ်လာကြလေကုန်သတည်း။

ဥတေနမင်းသည် ဝါသုလဒက္ကာမင်းသမီးကို ဆင်မယာဉ်သာဖြင့် ခိုးပြေး၍ မိဖုရားကြီးအရာ၌ ထားခြင်း

ထိုသို့ ဥတေနမင်းနှင့် ဝါသုလဒတ္တာ မင်းသမီးတို့သည် မိမိတို့နှစ်သက်အပ်သော တံခါးတစ်ခုကို လက်ရောက်ပြုကြပြီးသည်မှနောက် တစ်နေ့သ၌ စဏ္ဍပဇ္ဇောတ မင်းကြီးသည် ဥယျာဉ်ကစားခြင်းငှာ ထွက်တော်မူလေ၏။ ဥတေနမင်းသည် “ယနေ့ကား ထွက်ပြေးခြင်းငှာ သင့်လျော်သည်”ဟု ကြံဆင်ခြင်၍ ကြီးကုန်,ကြီးကုန်သော သားရေအိတ်တို့ကို ရွှေငွေဖြင့် ပြည့်စေလျက် ဘဒ္ဒဝတီမည်သော ဆင်မယဉ်သာ၏ ကျောက်ကုန်းထက်၌ တင်ထားပြီးလျှင် ဝါသုလဒတ္တာမင်းသမီးကို ခေါ်ယူဆောင်ကြဉ်း၍ ထွက်ပြေးလေ၏။ နန်းတော်တွင်း၌ အစောင့်အရှောက်တို့သည် ထိုထွက်ပြေးသော ဥတေနမင်းကိုမြင်လျှင် သွား၍ မင်းကြီးအား လျှောက်ကြား သံတော်ဦး တင်ကြကုန်၏။ စဏ္ဍပဇ္ဇောတမင်းကြီးသည် “လျင်စွာ လိုက်သွားကြကုန်”ဟု ရဲမက်ဗိုလ်ပါအပေါင်းကို စေလွှတ်လေ၏။ ဥတေနမင်းလည်း ဗိုလ်ပါအပေါင်း၏ ပြေးလိုက်လာသည့်အဖြစ်ကို သိလျှင် အသပြာအိတ်ကို ဖြည်၍ ကြဲဖြန့်ကာ ချလေ၏။ လိုက်လာသော လူတို့သည် အသပြာတို့ကို ကောက်ယူပြီးမှ တစ်ဖန် လိုက်ကြပြန်၏။ ဥတေနမင်းသည် ရွှေဖြင့်ပြည့်သော အိတ်ကိုဖြည်၍ ကြဲဖြန့်ကာ ချပြန်လေ၏။ ထိုရဲမက်ဗိုလ်ပါတို့သည် ရွှေလောဘဖြင့် ကောက်ငင်နေကြကုန်စဉ်သာလျှင် လွတ်မြောက်စေလျက် မြို့၏အပ၌တည်သော မိမိ၏ စစ်သည်ဗိုလ်ပါရှိရာ သစ်တပ်မြို့သို့ ရောက်လေ၏။ ထိုအခါ ရှေးရှုပြန်လာသော ဥတေနမင်းကို မြင်လျှင်မြင်ချင်း မိမိ၏ စစ်သည်အပေါင်းသည် ဝန်းရံလျက် ကောသမ္ဗီပြည်မြို့တွင်းသို့ သွင်းလေ၏။ ထိုဥတေနမင်းသည် မြို့တွင်းနန်းတော်သို့ ရောက်လျှင်ရောက်ချင်း ဝါသုလဒက္ကာမင်းသမီးကို အဘိသိက်သွန်း၍ မြတ်သော (အဂ္ဂမဟေသီ) မိဖုရားကြီးအရာ၌ ထားလေသတည်း။ ဤကား ဝါသုလဒတ္တာမိဖုရားဝတ္ထုတည်း။

မာဂဏ္ဍီမိဖုရားအလောင်း၏ ဖခင်ပုဏ္ဏားကြီးသည် ဘုရားနှင့် ရှေးဦးတွေ့ခြင်း

ထိုမှတစ်ပါးလည်းဖြစ်သော ပုဏ္ဏားသမီး မာဂဏ္ဍီအမည်ရှိသော သတို့သမီးသည်လည်း ဥတေနမင်းကြီး၏အထံမှ (အဂ္ဂမဟေသီ) မိဖုရားကြီးအရာကို ရလေသေး၏။ ထိုမာဂဏ္ဍီမိဖုရားသည်ကား ကုရုတိုင်း မာဂဏ္ဍီပုဏ္ဏားကြီး၏ သမီး ဖြစ်သတတ်။ ထိုမာဂဏ္ဍီမိဖုရား၏မိခင်သည်လည်း မာဂဏ္ဍီပင် မည်၏။ ဘထွေးဖြစ်သော ပုဏ္ဏားသည်လည်း မာဂဏ္ဍီ မည်သည်သာလျှင်တည်း။ ထိုမာဂဏ္ဍီသတို့သမီးသည် အလွန်အဆင်းလှ၏၊ နတ်သမီးနှင့်တူ၏။ ထိုမာဂဏ္ဍီသတို့သမီး၏ ဖခင်ဖြစ်သော ပုဏ္ဏားကြီးသည် ထိုသမီးနှင့် လျောက်ပတ်ထိုက်တန်သော ခင်ပွန်းသည်ကို မရသေးသည်ဖြစ်၍ ကြီးကျယ်ထင်ရှားကုန်သော အမျိုးတို့သည် တောင်းအပ်သော်လည်း “ငါ၏သမီးနှင့် အသင်တို့သည် မထိုက်တန်”ဟု ခြိမ်းခြောက်မောင်းမဲကာ လွှတ်လိုက်လေ့ရှိ၏။ ထိုအခါ တစ်နေ့သ၌ မြတ်စွာဘုရားသည် နံနက်စောစောရောက်သောအခါ၌ လောကကို ကြည့်ရှုတော်မူသည်ရှိသော် မယားနှင့်တကွသော မာဂဏ္ဍီပုဏ္ဏားကြီး၏ အနာဂါမိဖိုလ်သို့ ရောက်အံ့သော အကြောင်းဥပနိဿယကို မြင်တော်မူ၍ ကိုယ်တော်၏ သပိတ်သင်္ကန်းကို ကိုယ်တိုင်ယူဆောင်တော်မူလျက် ပုဏ္ဏား၏ ရွာမှ ပြင်ပသို့ကြွ၍ မီးလုပ်ကျွေး ပူဇော်ရာအရပ်သို့ ကြွတော်မူ၏။ ထိုမာဂဏ္ဍီပုဏ္ဏားကြီးသည် မြတ်စွာဘုရား၏ တင့်တယ်သော အဆင်းတော်၏ အထွတ်အထိပ်သို့ရောက်သော ကိုယ်တော်ကို ကြည့်ရှုပြီးလျှင် “ဤလောက၌ ဤယောက်ျားနှင့်တူသော တစ်ပါးသော ယောက်ျားမည်သည် မရှိ၊ ဤယောက်ျားသည် ငါ၏သမီးအား လျောက်ပတ်ထိုက်တန်လေ၏။ ဤယောက်ျားအား ကျွေးမွေး စောင့်ရှောက်စိမ့်သောငှာ ငါ၏သမီးကို ပေးအံ့”ဟု ကြံ၍ “အို ရှင်ရဟန်း- အကျွန်ုပ်အား သမီးတစ်ယောက်သည် ရှိပါသည်၊ အကျွန်ုပ်သည် ဤမျှလောက်သော ကာလပတ်လုံး ထိုသမီးအား သင့်လျော်ထိုက်တန်သော ယောက်ျားကောင်းကို မတွေ့မမြင်ရသေးပါ၊ အသင်တို့သည်ကား ထိုသတို့သမီးနှင့် သင့်လျော်ထိုက်တန်ပါသည်၊ ထိုသတို့သမီးသည်လည်း အသင်တို့နှင့်သာလျှင် ထိုက်တန်ပါသည်၊ အသင်တို့အားလည်း ခြေရင်းအလုပ်အကျွေးကို ရခြင်းငှါ သင့်လျော်ပါသည်၊ ထိုသတို့သမီးအားလည်း မှီခိုအားထားစရာ ခင်ပွန်းသည်ကောင်းကို ရခြင်းငှါ သင့်လျော်ပါသည်၊ ထို့ကြောင့် ထိုသတို့သမီးကို အသင့်အား ပေးအပ်ဆောင်နှင်းပါအံ့၊ အကြင်မျှလောက် အကျွန်ုပ် လာသည်တိုင်အောင် ဤအရပ်၌သာ ဆိုင်းငံ့ရပ်တန့်ပါဦး”ဟု ဆိုလေ၏။

သမီးနှင့်မယားကို ပြန်ခေါ်ခြင်းနှင့် ဘုရားရှင်၏ စက်တော်ရာ

မြတ်စွာဘုရားသည် ထိုပုဏ္ဏားကို တစ်စုံတစ်ခုမျှသော စကားကို မဆိုမူ၍ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။ မာဂဏ္ဍီပုဏ္ဏားကြီးသည် လျင်စွာသောအဟုန်ဖြင့် အိမ်သို့ ပြန်သွား၍ “အို ရှင်မ, အို ရှင်မ- သမီးနှင့် သင့်လျော်ထိုက်တန်သော ယောက်ျားကောင်းကို ငါတွေ့မြင်ခဲ့ရပြီ၊ လျင်လျင်မြန်မြန် သမီးကို တန်ဆာဆင်လော့”ဟု ဆို၍ ထိုသမီးကို တန်ဆာဆင်စေပြီးလျှင် ပုဏ္ဏေးမနှင့်တကွ သမီးကိုခေါ်ဆောင်၍ မြတ်စွာဘုရား၏ အထံတော်သို့ ထွက်သွားလေ၏။ တစ်မြို့လုံးသည် တုန်လှုပ်ချောက်ချားလေ၏။ အဘယ်သို့ တုန်လှုပ်ချောက်ချားသနည်းဟူမူကား “ဤပုဏ္ဏားကြီးသည် ဤမျှလောက်သောကာလပတ်လုံး ငါ၏သမီးနှင့် သင့်လျော်ထိုက်တန်သောသူ မရှိဟု သမီးကို တစ်စုံတစ်ယောက်သောသူအား မပေးဘဲ ယနေ့ ငါ၏သမီးနှင့် သင့်လျော်ထိုက်တန်သူအား တွေ့ခဲ့ရပြီဟု ဆိုပေသတတ်၊ ထိုယောက်ျားသည် အဘယ်သို့သဘော ရှိပေလိမ့်မည်နည်း၊ ထိုယောက်ျားကို ကြည့်ကြကုန်အံ့”ဟု များစွာသော လူအပေါင်းသည် ထိုပုဏ္ဏားကြီးနှင့် အတူတကွသာ ထွက်လာခဲ့လေ၏။ ထိုပုဏ္ဏားကြီးသည် သမီးကို ခေါ်၍ လာသည်ရှိသော် မြတ်စွာဘုရားသည် ထိုပုဏ္ဏား မှာထားပြောဆိုခဲ့သော နေရာ၌ နေတော်မမူဘဲ ထိုအရပ်၌ ပဒစေတီ ခြေတော်ရာကို ပြတော်မူ၍ ကြွသွားတော်မူပြီးလျှင် တစ်ပါးသောအရပ်၌ တန့်ရပ်တည်နေတော်မူလေ၏။

မြတ်စွာဘုရားတို့၏ ပဒစေတီ ခြေတော်ရာကား ဓိဋ္ဌာန်တော်မူ၍ နင်းချတော်မူသော အရပ်၌သာလျှင် ထင်၏၊ တစ်ပါးသော အရပ်ဌာန၌မူကား မထင်။ အကြင်သူတို့၏ အကျိုးငှါ ဓိဋ္ဌာန်တော်မူသည်ဖြစ်အံ့၊ ထိုသူတို့သည်သာလျှင် ထိုခြေတော်ရာကို ဖူးမြင်ရကုန်၏၊ ထိုသူတို့ မဖူးမြင်ရစိမ့်သောငှါ ဆင်အစရှိသောသတ္တဝါတို့ နင်းနယ်သည်မူလည်းဖြစ်စေ၊ မိုးကြီး သည်းထန်စွာ ရွာသည်မူလည်း ဖြစ်စေ၊ ပြင်းစွာသော လေအဟုန်တို့ ပုတ်ခတ်သည်မူလည်း ဖြစ်စေ တစ်စုံတစ်ခုသော ဝတ္ထုသည် ထိုခြေတော်ရာကို တိမ်ကောပပျောက်အောင် တူးဖြိုခြေဖျက်စေခြင်းငှါ မစွမ်းနိုင်ပေ။ ထိုအခါ ပုဏ္ဏေးမက ပုဏ္ဏားကြီးကို “အသင်ပြောကြားသော ထိုယောက်ျားသည်ကား အဘယ်မှာနည်း”ဟု မေးသည်ရှိသော် “ဤအရပ်၌ ဆိုင်းငံ့ ရပ်တန့်ပါဦးလော့ဟု ထိုသူကို ငါမှာထားပြောဆိုခဲ့ပါသည်၊ ယခု အဘယ်အရပ်သို့ သွားပါလိမ့်မည်နည်း”ဟု ကြည့်ရှုသည်ရှိသော် ပဒစေတီ ခြေတော်ရာကို တွေ့မြင်၍ “ဤသည်ကား ထိုယောက်ျားကောင်း၏ ခြေရာပေတည်း”ဟု ပြလေ၏။

စက်တော်ရာနှင့် ပုဏ္ဏေးမ၏ ဗေဒင်ပညာ

ပုဏ္ဏေးမသည် လက္ခဏာကို သိမြင်ခြင်းငှါ စွမ်းနိုင်သော ဗေဒင်သုံးပုံတို့ကို လေ့လာပြွမ်းတီး တတ်မြောက်ပြီး ဖြစ်သောကြောင့် လက္ခဏာကို ပြဆိုသော မန္တန်ဗေဒင်ကျမ်းကို ဉာဏ်ဖြင့် ပြန်လှန်အောက်မေ့လျက် ခြေရာလက္ခဏာကို စူးစမ်းဆင်ခြင်ပြီးလျှင် “ပုဏ္ဏားကြီး- ဤခြေရာသည်ကား ကာမဂုဏ်ငါးပါး သုံးဆောင်ခံစားသူ၏ခြေရာ မဟုတ်ချေတကား”ဟု ဆို၍ ဤဂါထာကို ရွတ်ဆိုလေ၏။

ရတ္တဿ ဟိ ဥက္ကုဋိကံ ပဒံ ဘဝေ၊
ဒုဋ္ဌဿ ဟောတိ သဟသာနုပီဠိတံ။
မူဠဿ ဟောတိ အဝကဍ္ဎိတံ ပဒံ၊
ဝိဝဋ္ဋစ္ဆဒဿ ဣဒမီဒိသံ ပဒံ။

ဗြာဟ္မဏ၊ အရှင်ပုဏ္ဏားကြီး။ ရတ္တဿ၊ ရာဂဖြင့် တပ်ခြင်း အလေ့ရှိသောသူ၏။ ပဒံ၊ ခြေရာသည်။ ဥက္ကုဋိကံ၊ အလယ်ခွက်ငြား ဆောင့်ကြွားကြွားရှိသည်။ ဘဝေ၊ ဖြစ်၏။ ဒုဋ္ဌဿ၊ အမျက်ထွက်ခြင်းဖြင့် ပြစ်မှားလေ့ရှိသော သူ၏။ ပဒံ၊ ခြေရာသည်။ သဟသာနုပီဠိတံ၊ လျင်စွာနင်း၍ ဖနောင့်တွင်း နက်သည်။ ဟောတိ၊ ဖြစ်၏။ မူဠဿ၊ မိုက်မဲစွာ တွေဝေလေ့ရှိသော သူ၏။ ပဒံ၊ ခြေရာသည်။ အဝကဍ္ဎတံ၊ ဒရွတ်ကြောင်းထင် အပျင်းဝင်၍ ဆွဲငင်အပ်သည်။ ဟောတိ၊ ဖြစ်၏။ ဤဒိသံ၊ ဤသို့ ရွှေခြေနင်းရာ ပမာတူလှ ညီစွာကျလျက် တစ်ရာ့ရှစ်ကွက် စက်တော်စုံလင် ကောင်းစွာထင်သော။ ဣဒံ၊ ဤခြေရာသည်ကား။ ဝိဝဋ္ဋစ္ဆဒဿ၊ တဏှာအမိုး ဖွင့်ချိုးထွင်းဖောက် ဘုံသုံးထောက်မှ ထွက်မြောက်လွတ်ကူး ပုဂ္ဂိုလ်ထူး၏။ ပဒံ၊ တွေ့ကြုံခဲအပ် ခြေရာမြတ်ပေတည်း။

ထိုအခါ ပုဏ္ဏေးမကို ပုဏ္ဏားကြီးသည် ဤသို့ ဆို၏။ “အိုရှင်မ- သင်ရှင်မသည် ရေခွက်၌ မိကျောင်းကို မြင်ဘိသကဲ့သို့လည်းကောင်း၊ အိမ်လယ်ကောင်၌ ခိုးသူကို မြင်ဘိသကဲ့သို့လည်းကောင်း လက္ခဏာဗေဒင်၌ မဆီမဆိုင်သာ မြင်လေ့ရှိသည်။ ဆိတ်ဆိတ်သာ နေဦးလော့”ဟု ဆိုသည်ရှိသော် “အရှင်ပုဏ္ဏား- အကျွန်ုပ်ကို အလိုရှိရာ ပြောလိုရာ ပြောလော့၊ ဤခြေရာသည်ကား ကာမဂုဏ်ငါးပါးကို သုံးဆောင်ခံစားသောသူ၏ ခြေရာမဟုတ်”ဟု တစ်ဖန် ဆိုပြန်လေသတည်း။

ပုဏ္ဏားကြီးလင်မယား အနာဂါမ်တည်ခြင်း

ထို့နောင်မှ ထိုမှဤမှ ကြည့်ရှုရှာဖွေလတ်သည်ရှိသော် မြတ်စွာဘုရားကိုတွေ့မြင်၍ “ငါပြောသော ယောက်ျားသည် ဤယောက်ျားပင်တည်း”ဟု ဆိုပြီးလျှင် ပုဏ္ဏားကြီးသည် သွား၍ “အို ရှင်ရဟန်း- အကျွန်ုပ်၏သမီးကို အသင့်အား ကျွေးမွေးစောင့်ရှောက်စိမ့်သောငှာ ပေးပါ၏”ဟု ဆိုလေ၏။ မြတ်စွာဘုရားသည် သင်၏သမီးကို ငါ့အား အလိုရှိသည်ဟူ၍လည်းကောင်း၊ အလိုမရှိ ဟူ၍လည်းကောင်း မိန့်ဆိုတော်မမူဘဲ “အို.. ပုဏ္ဏားကြီး- သင့်အား တစ်ခုသော အကြောင်းကို ငါဆိုဦးအံ့”ဟု မိန့်တော်မူ၍ “အို ရဟန်း- ဆိုပါလော့”ဟု ဆိုခွင့်ပြုလတ်သည်ရှိသော် “ငါသည် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူသည်မှစ၍ အဇပါလမည်သော ဆိတ်ကျောင်း ညောင်ပင်ရင်းတိုင်အောင် မာရ်နတ်သည် အစဉ်လိုက်၍ နှောင့်ယှက်သည့် အကြောင်းအရာကိုလည်းကောင်း၊ အဇပါလညောင်ပင်ရင်း သီတင်းသုံးနေသောအခါ၌လည်း ဤသူသည် ယခု ငါ၏ ပိုင်နက် နိုင်ငံချက်မှ လွတ်ထွက်ခဲ့လေပြီတကားဟု စိုးရိမ်ကြောင့်ကြခြင်း ပြင်းထန်စွာ နှိပ်စက်အပ်သော မာရ်နတ်၏ စိုးရိမ်ကြောင့်ကြခြင်းကို ငြိမ်းပျောက်စေအံ့သောငှာ ငါ့အထံ လာရောက်ကုန်သော မာရ်နတ်သမီးတို့သည် သတို့သမီးငယ်၏အသွင် စသည်တို့ဖြင့် ကာမဂုဏ်နှင့် ယှဉ်စပ်သော ဖြားယောင်းခြင်း အကြောင်းအရာကိုလည်းကောင်း ပြောကြားတော်မူ၍ ထိုအခါ၌သော်လည်း ငါ့အား အလိုမရှိခဲ့လေသတည်း။”

ဒိသွာန တဏှံ အရတိံ စ ရာဂံ၊
နာဟောသိ ဆန္ဒောအပိ မေထုနသ္မိံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သံဖုသိတုံ န ဣစ္ဆေ။

တဏှံ၊ တဏှာမည်သော မာရ်မင်း၏ သမီးကိုလည်းကောင်း။ အရတိံ စ၊ အရတီမည်သော မာရ်မင်း၏ သမီးကိုလည်းကောင်း။ ရာဂံ စ၊ ရာဂါမည်သော မာရ်မင်း၏ သမီးကိုလည်းကောင်း။ ဒိသွာန၊ မြင်၍သော်လည်း။ မေထုနသ္မိံ၊ ရာဂအားဖြင့် အလိုတူသောသူတို့၏ ဥစ္စာဖြစ်သော မေထုန်အကျင့်၌။ မေ၊ ငါ့အား။ ဆန္ဒော အပိ၊ အားအသေးဆုံး ရာဂစိတ်ဆန္ဒသည်လည်း။ နာဟောသိ၊ မဖြစ်ဖူးခဲ့လေပြီ။ မုတ္တကရီသပုဏ္ဏံ ဧဝ၊ ကျင်ငယ်ကျင်ကြီးတို့ဖြင့် ပြည့်သည်သာဖြစ်သော။ ဣဒံ၊ ဤသတို့သမီး မာဂဏ္ဍီကို။ ကိံ၊ အဘယ်မှာလျှင် အလိုဆန္ဒ ဖြစ်နိုင်တော့အံ့နည်း။ နံ၊ ထိုသင်၏သမီး မာဂဏ္ဍီကို။ ပါဒါပိ၊ ခြေတို့ဖြင့်လည်း။ သံဖုသိတုံ၊ ထိခြင်းငှာ။ န ဣစ္ဆေ၊ ငါ အလိုမရှိချေ။

ဤသို့လျှင် ဤဂါထာကို ဟောတော်မူလေ၏။ ဂါထာ၏ အဆုံး၌ မာဂဏ္ဍီ ပုဏ္ဏားကြီးသည်လည်းကောင်း၊ မာဂဏ္ဍီ ပုဏ္ဏေးမကြီးသည်လည်းကောင်း အနာဂါမိဖိုလ်၌ တည်ကြလေကုန်၏။

မာဂဏ္ဍီသတို့သမီးသည် ဘုရား၌ ရန်ငြိုးဖွဲ့ခြင်းနှင့် ဥတေနမင်းကြီး၏ မိဖုရားဖြစ်ခြင်းအကြောင်း

မာဂဏ္ဍီသတို့သမီးသည်ကား “ဤရဟန်းကြီးသည် ငါ့ကို အကယ်စင်စစ်အားဖြင့် အလိုမရှိသည်ဖြစ်အံ့၊ အလိုမရှိသည် အဖြစ်ကိုသာ ပြောဆိုသင့်ပါသည်။ ယခုမူကား ငါ့ကို ကျင်ငယ် ကျင်ကြီးတို့ဖြင့် ပြည့်သည်ဟု ပြုလုပ်လျက် ခြေတို့ဖြင့်သော်လည်း သင်၏သမီးကို ထိခြင်းငှာ ငါအလိုမရှိချေဟု ဆိုလေဘိသည်၊ ရှိစေဦးတော့၊ ငါသည် မိမိ၏ ဇာတ်, အမျိုး, အရပ်, စည်းစိမ်ချမ်းသာ, အရွယ်၏ပြည့်စုံခြင်းကို အကြောင်းပြု၍ ထိုသို့သဘောရှိသော မှီခိုအားထားစရာ ခင်ပွန်းသည်ကောင်းကို ရသည်ရှိသော် ရဟန်းကြီး ဂေါတမအား ပြုလုပ်ခြင်းငှာ ထိုက်သလောက်ကို ပြုလုပ်ပေအံ့”ဟု မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့လေ၏။

မိဘနှစ်ပါးတို့သည် ထိုသမီး မာဂဏ္ဍီကို ယူဆောင်၍ (သတို့သမီး၏ ဘထွေး) စူဠမာဂဏ္ဍီပုဏ္ဏားကို တာဝန်ခံယူစေပြီးလျှင် ရဟန်းပြုကြသဖြင့် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ဘထွေး စူဠမာဂဏ္ဍီ ကြံဆင်ခြင်သည်မှာ “ငါ၏သမီးသည် ယုတ်ညံ့သောသူအား မသင့်လျော် မထိုက်တန်၊ တစ်ယောက်သော ပြည့်ရှင်မင်းမြတ်အားသာ သင့်လျော်ပေသည်”ဟု ကြံဆင်ခြင်၍ ထိုမာဂဏ္ဍီ သတို့သမီးကို ယူဆောင်ပြီးလျှင် ကောသမ္ဗီပြည်သို့သွား၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် “ဤမိန်းမရတနာသည် အရှင်မင်းကြီးအားသာလျှင် သင့်လျော် ထိုက်တန်ပါသည်”ဟု ဥတေနမင်းကြီးအား ပို့ဆက်လေ၏။ ထိုဥတေနမင်းကြီးသည်လည်း မာဂဏ္ဍီသတို့သမီးကို မြင်လျှင်မြင်ချင်း အားကြီးစွာသော ချစ်ခြင်းရှိသည်ဖြစ်၍ အဘိသိက်သွန်းခြင်းကို ပြုပြီးလျှင် ငါးရာသော နန်းတွင်းသူ မိန်းမအခြံအရံတို့ပေး၍ အဂ္ဂမဟေသီ မိဖုရားကြီးအရာ၌ ထားလေသတည်း။

ကောသမ္ဘီသူဌေးသုံးဦးတို့၏ ဆရာ ဟိမဝန္တာ ရသေ့ငါးရာနှင့် ရုက္ခစိုးနတ်တစ်ယောက်အကြောင်း

ဤသို့လျှင် ထိုဥတေနမင်းကြီးအား တစ်ထောင့်ငါးရာကုန်သော ကချေသည်မောင်းမတို့ ခြံရံလျက် သုံးယောက်သော အဂ္ဂမဟေသီ မိဖုရားကြီးတို့သည် ရှိလေကုန်၏။ ထိုအခါ၌ ဃောသကသူဌေး, ကုက္ကုဋသူဌေး, ပါဝါရိကသူဌေး၊ ဤသို့ သုံးယောက်သော သူဌေးကြီးတို့သည် ကောသမ္ဗီပြည်၌ ရှိသည် ဖြစ်ကုန်၏။ ထိုသူဌေးကြီးတို့သည် မိုးလေးလ နေခြင်းငှာ ချဉ်းကပ်သင့်သောအခါ နီးလတ်သည်ရှိသော် ငါးရာကုန်သော ရသေ့တို့သည် ဟိမဝန္တာတောမှ လာခဲ့၍ မြို့၌ ဆွမ်းခံခြင်းအလို့ငှာ ကြွဝင်တော်မူကြသည်တို့ကို မြင်ကြကုန်သည်ရှိသော် ကြည်ညိုလှသဖြင့် ထိုင်နေစေပြီးလျှင် ဆွမ်းလုပ်ကျွေးပြီး ပဋိညာဉ်ဝန်ခံခြင်းကိုယူ၍ မိုးလေးလတို့ပတ်လုံး မိမိတို့အထံ၌ နေစေပြီးလျှင် တစ်ဖန် မိုးလေးလအခါ ပြန်လာစိမ့်သောငှာ ဝန်ခံစေ၍ လွှတ်လိုက်ကြလေကုန်၏။ ရသေ့တို့သည်လည်း ထိုအခါမှစ၍ ရှစ်လတို့ပတ်လုံး ဟိမဝန္တာ၌နေ၍ မိုးလေးလတို့ပတ်လုံး ထိုသူဌေးကြီး သုံးဦးတို့၏အထံ၌ နေကြလေကုန်၏။ ထိုရသေ့တို့သည် နောက်အဖို့၌ ဟိမဝန္တာမှ ကြွလာကြကုန်သည်ရှိသော် တောအုပ်၌ တစ်ခုသော ပညောင်ပင်ကြီးကို တွေ့မြင်၍ ထိုပညောင်ပင်ရင်း၌ ထိုင်နေကြလေကုန်၏။

ထိုငါးရာသော ရသေ့တို့တွင် အကြီးဆုံးဖြစ်သော ရသေ့သည် ဤသို့ ကြံဆင်ခြင်လေ၏။ “ဤပညောင်ပင်၌ စောင့်ရှောက် ထိန်းသိမ်းရသော နတ်သည်ကား ယုတ်ညံ့သော အတိုင်းအရှည်ရှိသော နတ်ဖြစ်လိမ့်မည် မဟုတ်၊ တန်ခိုးကြီးသော နတ်မင်းသည် ဖြစ်ပေလိမ့်မည်၊ ဤနတ်မင်းသည် ရသေ့အပေါင်းအား သောက်ရေကို ပေးလှူပါမူကား ကောင်းလေစွ”ဟု ကြံဆင်ခြင်လေ၏။ ထိုနတ်သည်လည်း သောက်ရေကို ပေးလှူလေ၏။ ရသေ့သည် ချိုးရေကို ပေးစေရန်ကြံစည်ပြန်၏။ ထိုချိုးရေကိုလည်း ပေးလှူလေ၏။ ထို့နေဝက်မှ ခဲဖွယ်ဘောဇဉ်ကို ကြံပြန်၏။ ထိုခဲဖွယ်ဘောဇဉ်ကိုလည်း ပေးလှူလေ၏။ ထို့နောက်မှ ရသေ့အား ဤသို့သော အကြံသည် ဖြစ်ပြန်၏။ “ဤနတ်မင်းသည် ငါတို့ ကြံတိုင်းကြံတိုင်း အလုံးစုံသော ဝတ္ထုကို ပေးလှူလေ၏။ ထိုနတ်မင်းကို ငါတို့ မြင်ရပါမူကား ကောင်းလေစွ”ဟု တောင့်တကာ အကြံဖြစ်ပြန်လေ၏။ နတ်မင်းသည်လည်း ပညောင်ပင် ပင်စည်ကို နှစ်ဖြာဖောက်ခွဲ၍ ကိုယ်ထင်ရှားပြလေ၏။

ထိုအခါ နတ်မင်းကို ရသေ့တို့သည် “အရှင်နတ်မင်း- အသင်နတ်မင်း၏ စည်းစိမ်ချမ်းသာသည် ကြီးကျယ်ပြန့်ပြောလှပေ၏။ အဘယ်သို့သော ကောင်းမှုကံကို ပြုသောကြောင့် ဤကဲ့သို့ ကြီးကျယ်ပြန့်ပြောသော စည်းစိမ်ချမ်းသာကို ရအပ်လေသနည်း”ဟု မေးကြကုန်၏။ “အရှင်မြတ်တို့- မေးတော်မမူကြပါကုန်လင့်”ဟု တားမြစ်စကား လျှောက်ကြားလေ၏။ “နတ်မင်း- ပြောသာ ပြောကြားပါလော့”ဟု တိုက်တွန်းကြကုန်သော်လည်း ထိုနတ်မင်းသည် မိမိပြုအပ်သော ကောင်းမှုကံ၏ နည်းပါးလှသည်အဖြစ်ကြောင့် ရှက်နိုးလှသည်ဖြစ်၍ ပြောကြား လျှောက်ထားခြင်းငှာ မဝံ့လေ။ အဖန်တလဲလဲ မပြောဘဲ မနေသာအောင် နှိပ်စက်ကာမေးအပ်သည်ရှိသော် “အရှင်မြတ်တို့- ထိုသို့ဖြစ်မူ နားထောင်တော်မူကြပါကုန်လော့”ဟု ဆို၍ ပြောပြလေ၏။

နေ့ထက်ဝက် ဥပုသ်၏အကျိုး ရုက္ခစိုးဖြစ်ရ

ထိုနတ်သားသည် တစ်ယောက်သော လူဆင်းရဲဖြစ်ခဲ့၍ အခစား သူရင်းငှားအလုပ်ကို ရှာသည်ရှိသော် အနာထပိဏ်သူဌေးကြီး၏အထံ၌ အခဖြင့်ပြုအပ်သော အလုပ်တစ်ခုကိုရ၍ အနာထပိဏ် သူဌေးကြီးကို အမှီပြုလျက် အသက်မွေးရလေ၏။ ထို့နောက် အခါတစ်ပါး တစ်ခုသောဥပုသ်နေ့ ကြုံကြိုက်လတ်သည်ရှိသော် အနာထပိဏ် သူဌေးကြီးသည် ကျောင်းတော်မှ ပြန်လာခဲ့၍ “ထိုအမှုလုပ်သူရင်းငှားအား ယနေ့ ဥပုသ်နေ့၏အဖြစ်ကို တစ်စုံတစ်ယောက်သောသူသည် ပြောကြားမိလေသလော”ဟု မေးသည်ရှိသော် “အရှင် သူဌေးမင်း- မပြောကြားမိပါ”ဟု ဆိုသဖြင့် “ထိုသူအလို့ငှာ ညစာထမင်းကို ချက်ထားကြကုန်လော့”ဟု ဆိုလေ၏။ ထိုအခါ တစ်ကွမ်းစား မျှလောက်သော ဆန်ကို ထိုသူ့အတွက် ချက်ထားကြကုန်၏။

ထိုအမှုလုပ် သူရင်းငှားသည် တစ်နေ့ပတ်လုံး တော၌ ကိစ္စကြီးငယ်ကိုပြုလုပ်၍ ညချမ်းသောအခါ၌ ပြန်လာသဖြင့် ထမင်းကို ခူးထည့်ကာ ပေးသည်ရှိသော် “ငါသည် ဆာလောင်မွတ်သိပ်လှသည်”ဟု အဆောတလျင် မစားသေးမူ၍ “တစ်ပါးသောနေ့တို့၌ ဤအိမ်တွင် ထမင်းကို ပေးကြကုန်လော့၊ ဟင်းကို ပေးကြကုန်လော့၊ အမဲဟင်းလျာကို ပေးကြကုန်လော့ဟု ကြီးစွာသော အုတ်အုတ်ကျက်ကျက်သည် ဖြစ်၏၊ ယနေ့ ထိုအလုံးစုံသော သူတို့သည် အသံတိတ်ဆိတ် အိပ်ကြကုန်၏၊ တစ်ယောက်တည်းသော ငါ့အလို့ငှာသာလျှင် ထမင်း အာဟာရကို ခူးထည့်ကာပေးကုန်၏၊ အကြောင်းကားအသို့နည်း”ဟုကြံ၍ “ကျွန်တော်မှ ကြွင်းသောသူတို့သည် ထမင်းစားပြီးကုန်ပြီလော၊ မစားကုန်သေးသလော”ဟု မေးလေ၏။

“အမောင်- မစားကုန်”ဟု ဆိုသည်ရှိသော် “အရှင်- အဘယ့်ကြောင့် မစားကြပါကုန်သနည်း”ဟု မေးမြန်းပြန်သောအခါ “ဤအိမ်တွင် ဥပုသ်နေ့၌ ညစာထမင်းကို မစားကြကုန်၊ အလုံးစုံသော သူတို့သည် ဥပုသ်သီလကို စောင့်သုံးကြကုန်၏။ ယုတ်သော အပိုင်းအခြားအားဖြင့် နို့စို့နို့ညှာ သူငယ်တို့ကိုသော်လည်း ခံတွင်းကိုဆေးကြောပြီးလျှင် စတုမဓူကို ခံတွင်း၌ ထည့်ပေးစေ၍ သူဌေးကြီးသည် ဥပုသ်သည်တို့ချည်းသာဖြစ်အောင် ပြုစေ၏(ပြုခိုင်း၏။)။ နံ့သာဆီမီး ထွန်းညှိပြီးသည်ရှိသော် ငယ်ငယ်ကြီးကြီး အားလုံးသော သတို့သား သူငယ်တို့သည် အိပ်ရာ၌နေကုန်လျက် ဆံပင်,မွေးညှင်းစသော ဒွတ္တိံသာကာရ ကမ္မဋ္ဌာန်းကို စီးဖြန်းကာ ရွတ်ဆို သရဇ္ဈာယ်ကြကုန်၏၊ အသင့်အားကား ဥပုသ်နေ့၏အဖြစ်ကို ပြောခြင်းငှာ သတိကို မပြုမိကြကုန်၊ ထို့ကြောင့် အသင်စားဖို့သာ ထမင်းကို ချက်အပ်၏။ ထိုထမင်းကို စားလေလော့”ဟု ဆိုသည်ရှိသော် အမှုလုပ် သူရင်းငှားသည် “ဤယခု နေလွဲအခါ၌ ဥပုသ်စောင့်သုံးကောင်းသည် အကယ်၍ ဖြစ်သင့်ပါအံ့၊ ကျွန်တော်သည်လည်း ဥပုသ်စောင့်သုံးသောသူ ဖြစ်လိုပါသည်”ဟု ဆိုလေ၏။ “ဤအကြောင်းကို သူဌေးသည် သိပေလတ္တံ့”ဟု ဆိုသည်ရှိသော် “ထိုသို့ဖြစ်မူ အရှင်သူဌေးကြီးကို မေးပေးကြပါ”ဟု ဆိုသဖြင့် ထိုသူတို့သည် သွား၍ သူဌေးကြီးကို မေးကြကုန်၏။ ထိုသူဌေးကြီးသည် ဤသို့ဆို၏။ “ယခုအခါ၌ကား မစားမသောက်မူ၍ ခံတွင်းကိုဆေးကြော၍ ဥပုသ်အင်္ဂါတို့ကို ဆောက်တည်သည်ရှိသော် ထက်ဝက်သော ဥပုသ်ကံကို ရပေလတ္တံ့”ဟု ပြောဆိုလေ၏။ အမှုလုပ် သူရင်းငှားလည်း သူဌေးကြီး၏စကားကို ကြားရလျှင် သူဌေးကြီးပြောဆိုတိုင်းပင် ပြုလေ၏။

တစ်နေ့ပတ်လုံး အမှုကိစ္စကြီးငယ် အဝဝကို ရွက်ဆောင်ပြုလုပ်ရ၍ မွတ်သိပ်ဆာလောင်ခြင်း ပြင်းစွာနှိပ်စက်သော ထိုအခစား သူရင်းငှား၏ကိုယ်၌ လေတို့သည် ပျက်ကုန်၏။ ထိုသူရင်းငှားသည် ဝမ်းကို ကြိုးဖြင့်ဖွဲ့ချည်၍ ကြိုး၏အစွန်းဖြင့် ဆွဲငင်ပြီးလျှင် လူးလှိမ့်ကာ နေရှာလေ၏။ အနာထပိဏ်သူဌေးကြီးသည် ထိုအကြောင်းကိုကြား၍ မီးရှူးမီးတိုင် ညှိထွန်းပြီးလျှင် စတုမဓုကိုယူစေလျက် အခစား သူရင်းငှား၏ အထံသို့ လာခဲ့၍ “အမောင်- အသို့ဖြစ်သနည်း”ဟု မေးလတ်သော် “အရှင်သူဌေးမင်း- ကျွန်တော်အား လေတို့သည် ပြင်းစွာပွားတက် ပျက်လျက်ရှိကြပါသည်”ဟု ပြောကြားလေ၏။ “ထိုသို့ဖြစ်မူ အမောင်.. ထ၍ ဤစတုမဓုဆေးကို စားသောက်ပါလော့”ဟု ဆိုလတ်သော် “အရှင်သူဌေးမင်း- အရှင်တို့သည်လည်း စားသောက်ကြပါကုန်သလော”ဟု မေးလေ၏။

“အမောင်- ငါတို့အား မချမ်းမသာ ရောဂါဖြစ်ပွားခြင်း မရှိ၊ အမောင်သည်သာလျှင် စားသောက်လေလော့”ဟု ပြောသောအခါ “အရှင်သူဌေးမင်း- ကျွန်တော်သည် ဥပုသ်စောင့်သုံးခြင်းကို ပြုရပါသော်လည်း အလုံးစုံသော တစ်နေ့လုံးဥပုသ်ကို စောင့်သုံးခြင်းငှာ မစွမ်းနိုင်ပါ၊ ကျွန်တော်၏ ထက်ဝက်သော ဥပုသ်ကို စောင့်သုံးဆောက်တည်ရခြင်းသည်လည်း ချို့တဲ့ခြင်းသည် မဖြစ်ပါစေလင့်”ဟုဆို၍ စားသောက်ခြင်းငှာ အလိုမရှိလေသတည်း။ “အမောင်- ဤသို့ မပြုလင့်”ဟု အဖန်တလဲလဲ ပြောဆိုအပ်သော်လည်း အလိုမရှိသောကြောင့် အရုဏ်တက်သည်ရှိသော် ညှိုးနွမ်းသော ပန်းကဲ့သို့ သေလွန်ခြင်းကိုပြု၍ ဤပညောင်ပင်၌ ဖြစ်လာလေ၏။ ထို့ကြောင့် ဤအကြောင်းအရာကို ရုက္ခစိုးနတ်မင်းသည် ပြန်ပြောင်းကာ ပြောဆိုပြီးလျှင် “အနာထပိဏ် သူဌေးကြီးသည် ဘုရား၊ တရား၊ သံဃာရတနာသုံးပါး၌ မရက်မစက် မြတ်နိုး၏၊ ထိုအနာထပိဏ်သူဌေးကြီးကို အမှီရ၍ ပြုအပ်သော ထက်ဝက်သော ဥပုသ်ကံ၏ အကျိုးဆက် အာနိသံသအားဖြင့် ဤသို့သော စည်းစိမ်ချမ်းသာတို့ကို အကျွန်ုပ်သည် ရပါသတည်း”ဟု ပြောကြားလေ၏။

ရသေ့ငါးရာတို့ ရဟန္တာဖြစ်ကြခြင်း

ငါးရာကုန်သော ရသေ့တို့သည် “ဘုရား”ဟူသော အသံကို ကြားလျှင်ကြားချင်း နေရာမှတ်ပြီးလျှင် နတ်မင်းအား လက်အုပ်ချီမိုး၍ “ဘုရားဟူ၍ သင်ဆိုပါသလော၊” “ဘုရားဟူ၍ သင်ဆိုပါသလော”ဟု မေးသဖြင့် နတ်မင်းက “ဘုရားဟူ၍ ဆိုပါသည်၊ ဘုရားဟူ၍ ဆိုပါသည်”ဟု သုံးကြိမ်တိုင်အောင် ဝန်ခံစေပြီးလျှင် “ဃောသောပိ ခေါ ဧသော ဒုလ္လဘော လောကသ္မိံ” (လောက၌ ဤ“ဘုရား”ဟူသော အသံကိုမျှသော်လည်း အလွန်ရခဲ၏။)ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်လျက် “အရှင်နတ်မင်း- များစွာကုန်သော ကမ္ဘာတစ်သိန်းတို့၌ မကြားအပ်စဖူးသော ဘုရားဟူသော အသံကို အရှင်နတ်မင်းသည် ငါတို့ကို ကြားနာစေအပ်ပြီ”ဟု အံ့ဩ ပြောဆိုကြလေကုန်၏။ ထို့နောက်မှ အတွင်းနေတပည့်တို့သည် ဆရာရသေ့ကို “ထိုသို့ဖြစ်မူ မြတ်စွာဘုရားအထံတော်သို့ သွားကြကုန်စို့အံ့”ဟု လျှောက်ကြားကြကုန်၏။ “အမောင်တပည့်တို့- သုံးဦးကုန်သောသူဌေးကြီးတို့သည် ငါတို့အား ကျေးဇူးများကုန်၏။ နက်ဖြန် ထိုသူဌေးကြီးတို့၏အိမ်၌ ဆွမ်းခံပြီးလျှင် ထိုသူဌေးကြီးတို့အားလည်း အကြောင်းကိုပြောကြားပြီးမှ သွားကြကုန်စို့အံ့၊ သည်းခံကြကုန်ဦး အမောင်တပည့်တို့”ဟု ပြောဆိုလေ၏။ ထိုတပည့်တို့သည် သည်းခံကြလေကုန်၏။

တစ်ဖန် မိုးသောက်ရောက်သောနေ့၌ သူဌေးကြီးတို့သည် ယာဂုထမင်းကို ပြည့်စုံစေ၍ နေရာတို့ကို ခင်းပြီးလျှင် “ယနေ့သည်ကား ငါတို့၏ အရှင်ရသေ့တို့ ကြွလာတော်မူအံ့သော နေ့ပေတည်း”ဟု သိနှင့်၍ ခရီးဦးကြိုဆိုခြင်းကို ပြုပြီးသော် ထိုရသေ့တို့ကို အိမ်သို့ ပင့်ဆောင်သွား၍ သီတင်းသုံး ထိုင်နေစေပြီးလျှင် ဆွမ်းလှူဒါန်းကြကုန်၏။ ထိုရသေ့တို့လည်း ဆွမ်းစားခြင်းကိစ္စ ပြီးဆုံးသည်ရှိသော် “သူဌေးကြီးတို့ကို ငါတို့သည် သွားကြကုန်တော့အံ့”ဟု ဆိုကုန်၏။ “အရှင်ဘုရားတို့- အရှင်မြတ်တို့သည် မိုးလေးလပတ်လုံး တပည့်တော်တို့အား ဝန်ခံအပ်ပြီးသည် မဟုတ်ကုန်လော၊ ယခုအခါ အဘယ်အရပ်သို့ ကြွတော်မူကြကုန်လတ္တံ့နည်း”ဟု မေးလျှောက်ကြကုန်၏။ “သူဌေးကြီးတို့- လောကလူ့ရွာ၌ ဘုရား ပွင့်တော်မူသတတ်၊ တရား ဖြစ်ပေါ်တော်မူသတတ်၊ သံဃာ ဖြစ်ပေါ်တော်မူသတတ်၊ ထို့ကြောင့် မြတ်စွာဘုရား၏အထံသို့ သွားကုန်တော့အံ့”ဟု ပြောသောအခါ “အရှင်မြတ်တို့- အသို့နည်း၊ ထိုမြတ်စွာဘုရား၏အထံသို့ အရှင်မြတ်တို့အားသာ သွားအပ်ပါသလော”ဟု မေးလျှောက်လေ၏။

“ဒါယကာတို့- တစ်ပါးသော သူတို့အားလည်း တားမြစ်ပိတ်ပင်ခြင်း မရှိပေ”ဟု ဆိုသဖြင့် “အရှင်မြတ်တို့- ထိုသို့ဖြစ်မူ ဆိုင်းငံ့တော်မူကြပါဦး၊ တပည့်တော်တို့သည်လည်း သွားအံ့သော အစီအရင်ကိုပြု၍ လိုက်ပါကုန်အံ့”ဟု လျှောက်ကြကုန်၏။ “အသင်တို့သည် အစီအရင်ကို ပြုကုန်သည်ရှိသော် ငါတို့အား ကြာမြင့်ခြင်း ဖြစ်ပေလိမ့်မည်၊ ငါတို့သည် ရှေ့မှ သွားနှင့်ကုန်အံ့၊ အသင်တို့သည် နောက်မှ လိုက်လာကြကုန်လော့”ဟု ဆို၍ ထိုရသေ့တို့သည် ရှေးဦးစွာ မြတ်စွာဘုရား အထံတော်သို့သွား၍ မြတ်စွာဘုရားကို မြင်လျှင်မြင်ချင်း လွန်စွာ ချီမွမ်းထောမနာ၍ ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေကြလေကုန်၏။ ထိုအခါ ရသေ့တို့အား မြတ်စွာဘုရားသည် အစဉ်အတိုင်းသောစကားကို မိန့်ဆိုတော်မူ၍ တရားဟောတော်မူလေ၏။ ဒေသနာတော်၏ အဆုံး၌ အလုံးစုံကုန်သော ရသေ့တို့သည် ပဋိသမ္ဘိဒါတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်၍ ရဟန်းအဖြစ်ကို တောင်းပန်ပြီးလျှင် “ဧထ ဘိက္ခဝေါ- ရဟန်းတို့ လာလှည့်ကုန်လော့” စသော စကားတော်၏အခြားမဲ့၌ တန်ခိုးဖြင့်ပြီးသော သပိတ်,သင်္ကန်းကို ဆင်မြန်း လွယ်ချီကုန်လျက် ဧဟိ ဘိက္ခုရဟန်းတို့ ဖြစ်ကြလေကုန်၏။

မြတ်စွာဘုရား ကောသမ္ဗီပြည်၌ သီတင်းသုံးတော်မူခြင်း

ထိုသုံးယောက်ကုန်သော သူဌေးကြီးတို့သည်လည်း ငါးရာ, ငါးရာကုန်သော လှည်းတို့ဖြင့် အဝတ်ပုဆိုး, ထောပတ်, ပျား, တင်လဲ အစရှိကုန်သော အလုံးစုံသော လှူဒါန်းဖွယ် အဆောက်အဦတို့ကိုယူ၍ သာဝတ္ထိပြည်သို့ ခရီးအစဉ်အတိုင်း ရောက်လာပြီးလျှင် မြတ်စွာဘုရားကိုယ်တော်မြတ်ကို ရိုသေမြတ်နိုးရှိခိုး၍ တရားစကားကို ကြားနာရသဖြင့် တရားဒေသနာ ဂါထာ၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်ကြကုန်၍ တစ်ဆယ့်ငါးရက်မျှကာလပတ်လုံး အလှူဒါနကို ပေးလှူလျက် မြတ်စွာဘုရား အထံတော်၌သာ မှီဝဲဆည်းကပ်ကာနေ၍ ကောသမ္ဗီပြည်သို့ ကြွလာတော်မူစိမ့်သောငှာ မြတ်စွာဘုရားကို တောင်းပန်လျှောက်ထားကြလေလျှင် မြတ်စွာဘုရားလည်း ပဋိညာဉ်ကို ပေးတော်မူလိုသဖြင့် “ဒါယကာ သူဌေးကြီးတို့- လာခြင်းကောင်းတော်မူကုန်သော ဘုရားတို့သည် ဆိတ်ငြိမ်ရာ အရပ်၌သာလျှင် မွေ့လျော်ကြကုန်၏”ဟု မိန့်ဆိုတော်မူလတ်သည်ရှိသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် သိအပ်ပါပြီ၊ တပည့်တော်တို့သည် စေလွှတ်အပ်သော သတင်းစကားဖြင့် ကြွလာတော်မူခြင်းငှာ သင့်လျော်လျောက်ပတ်ပါသည် ဘုရား”ဟု လျှောက်ထားပြီးလျှင် ကောသမ္ဗီပြည်သို့ ပြန်သွား၍ ဃောသကသူဌေးကြီးသည် ဃောသိတာရုံ ကျောင်းတိုက်ကြီးလည်းကောင်း၊ ကုက္ကုဋ သူဌေးကြီးသည် ကုက္ကုဋာရုံ ကျောင်းတိုက်ကြီးလည်းကောင်း၊ ပါဝါရိက သူဌေးကြီးသည် ပါဝါရိကာရုံ ကျောင်းတိုက်ကြီးလည်းကောင်း၊ ဤသို့အားဖြင့် သုံးခုကုန်သော အာရာမ် ကျောင်းတိုက်ကြီးတို့ကို ပြုလုပ်စေ၍ မြတ်စွာဘုရားအား ကြွလာတော်မူစိမ့်သောငှာ သတင်းစကားကို စေလွှတ်ကြကုန်၏။

မြတ်စွာဘုရားသည် ထိုသူဌေးကြီးတို့ စေလွှတ်သော သတင်းစကားကို ကြားသိတော်မူ၍ ကောသမ္ဗီပြည်သို့ ကြွတော်မူလေ၏။ ထိုသူဌေးကြီးတို့သည် ခရီးဦးကြိုဆို၍ မြတ်စွာဘုရားကို ကျောင်းတိုက်ကြီးသို့ ပင့်သွားပြီးလျှင် အလှည့်,အလှည့်ဖြင့် လုပ်ကျွေးပြုစုကြကုန်၏။ မြတ်စွာဘုရားသည် နေ့တိုင်းနေ့တိုင်း တစ်ခုတစ်ခုသော ကျောင်း၌ သီတင်းသုံး စံနေတော်မူ၏။ အကြင်သူဌေး၏ကျောင်း၌ သီတင်းသုံး စံနေတော်မူသည် ဖြစ်အံ့၊ ထိုသူဌေး၏ အိမ်တံခါး၌သာ ဆွမ်းအလို့ငှာ ကြွတော်မူလေ၏။

ခုဇ္ဇုတ္တရာ သောတာပန်တည်ခြင်း

ထိုအခါ သုမနမည်သော ပန်းသည်သည် ထိုသူဌေးကြီး သုံးဦးတို့၏ အလုပ်အကျွေးတစ်ယောက် ဖြစ်လေ၏။ ထိုသုမန ပန်းသည်သည် သူဌေးကြီးတို့ကို ဤသို့ဆိုလေ၏။ “အကျွန်ုပ်သည် အရှင်သူဌေးကြီးတို့အား ကြာမြင့်စွာသော နေ့ညဉ့်ပတ်လုံး ကျေးဇူးဥပကာရ ပြုရပါသည်၊ အကျွန်ုပ်သည်လည်း မြတ်စွာဘုရားကို ဆွမ်းကျွေးခြင်းငှာ အလိုရှိပါသည်၊ အကျွန်ုပ်အား တစ်နေ့အဖို့မျှ မြတ်စွာဘုရားကို ပေးသနားကြပါဦးလော့”ဟု ခွင့်တောင်းလေ၏။ “ထိုသို့ဖြစ်မူ အချင်းသုမန- နက်ဖြန် ကျွေးမွေးလှူဒါန်းလေလော့”ဟု ခွင့်ပေးကြကုန်၏။ “အရှင်တို့- ကောင်းပါပြီ”ဟု ဝန်ခံ၍ မြတ်စွာဘုရားကို ပင့်ဖိတ်ပြီးလျှင် လှူဖွယ်ဝတ္ထုတို့ကို စီရင်လေ၏။

ထိုအခါ ဥတေနမင်းကြီးသည် သာမာဝတီ မိဖုရားအား နေ့တိုင်းနေ့တိုင်း ပန်းဖိုးငွေ အသပြာရှစ်ကျပ်တို့ကို ပေးလေ၏။ ထိုသာမာဝတီမိဖုရား၏ ခုဇ္ဇုတ္တရာအမည်ရှိသော ကျွန်မသည် သုမနပန်းသည်၏ အထံသို့သွား၍ ပန်းတို့ကို မပြတ်ဝယ်ယူရ၏။ ထိုအခါ ဆွမ်းကျွေးသောနေ့၌ ရောက်လာသော ခုဇ္ဇုတ္တရာကို သုမနပန်းသည်က “ငါသည် မြတ်စွာဘုရားကို ပင့်ဖိတ်အပ်လေပြီ၊ ယနေ့ ပန်းဦးဦးဖျားဖျားတို့ဖြင့် မြတ်စွာဘုရားကို ပူဇော်ဦးအံ့၊ အသင်သည် ထို ရွေ့မျှလောက် ဆိုင်းငံ့တည်နေပါဦး၊ ဆွမ်းလုပ်ကျွေးရာ၌ အဖော်ဖြစ်၍ တရားတော်ကိုနာပြီးမှ ကြွင်းသောပန်းတို့ကို ယူ၍ သွားရပေလတ္တံ့”ဟု ဆို၏။ ခုဇ္ဇုတ္တရာ ကျွန်မကလည်း “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ သုမနပန်းသည်သည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်အပေါင်းကို ဆွမ်းလုပ်ကျွေးပြီးလျှင် အနုမောဒနာတရား ဟောကြားခြင်းငှာ သပိတ်တော်ကို ယူလေ၏။ မြတ်စွာဘုရားသည် အနုမောဒနာ တရားဒေသနာတော်ကို အားထုတ်ကာ ဟောကြားတော်မူလေ၏။ ခုဇ္ဇုတ္တရာ ကျွန်မသည်မြတ်စွာဘုရား၏ တရားစကားကို ကြားနာစဉ်ပင်လျှင် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုခုဇ္ဇုတ္တရာသည် တစ်ပါးသောနေ့တို့၌ အသပြာလေးကျပ်တို့ကို မိမိ၏အဖို့ ယူထားပြီးမှ အသပြာ လေးကျပ်တို့ဖြင့်သာလျှင် ပန်းတို့ကို ဝယ်ယူ၍ သွား၏။ ထိုသောတာပန်တည်သော နေ့၌မူကား အသပြာ ရှစ်ကျပ်ဖိုးစလုံးတို့ဖြင့် ပန်းတို့ကို ဝယ်ယူ၍ သွားလေ၏။

ထိုအခါ ခုဇ္ဇုတ္တရာ ကျွန်မကို သာမာဝတီ မိဖုရားက “အသို့နည်း မိခင်- ယနေ့ ကျွန်မတို့အား အရှင်မင်းမြတ်သည် နှစ်ဆတက်သော ပန်းဖိုးငွေကို ပေးသနားတော်မူလေသလော”ဟု မေးလျှင် “အရှင်မ- မဟုတ်ပါ”ဟု ဆို၏။ “ထိုသို့မဟုတ်လျှင် အဘယ့်ကြောင့် ပန်းတို့သည် များရသနည်း”ဟု မေးပြန်လျှင် “တစ်ပါးသောနေ့တို့၌ ကျွန်မသည် အသပြာ လေးကျပ်တို့ကို ယူထားလေ၏။ အသပြာ လေးကျပ်တို့ဖြင့် ပန်တို့ကို ဆောင်ကြဉ်းခဲ့ပါသည်”ဟု ဆိုလေ၏။ “ယနေ့ကား အဘယ့်ကြောင့် မယူဘိသနည်း”ဟု မေးပြန်သဖြင့် “မြတ်စွာဘုရား၏ တရားတော်မြတ်ကို ကြားနာရ၍ တရားထူးကို ရအပ်သည်၏အဖြစ်ကြောင့် မယူပါ”ဟု ပြောကြားလေ၏။

ခုဇ္ဇုတ္တရာ ပိဋကတ်သုံးပုံဆောင် ဧတဒဂ်ရခြင်း

ထိုအခါ ခုဇ္ဇုတ္တရာကျွန်မကို “ဟဲ့... ကြမ်းတမ်း ယုတ်မာလှစွာသော ကျွန်ပျက်မ- ဤမျှလောက်သော ကာလပတ်လုံး နင်ခိုးယူအပ်သော အသပြာတို့ကို ငါတို့အား ပြန်ပေးဟဲ့”ဟု မခြိမ်းခြောက် မဆိုငေါက်မူ၍ “မိခင်- အသင်မိခင်သည် သောက်မျိုရရှိခဲ့သော အမြိုက်တရားကို ကျွန်မတို့ကိုလည်း တိုက်ကျွေးပါဦးလော့”ဟု တောင်းပန်ပြောဆိုရကား “ထိုသို့ဖြစ်မူ ကျွန်မကို ရေချိုးပေးဦး”ဟု ဆိုသည်ရှိသော် တစ်ဆယ့်ခြောက်လုံးကုန်သော နံ့သာရေအိုးတို့ဖြင့် ရေချိုးစေပြီးလျှင် ပြေပြစ်ချောမွေ့သော အဝတ်ပုဆိုးနှစ်ထည်တို့ကို ပေးစေ၏။ ခုဇ္ဇုတ္တရာသည် တစ်ထည်ဝတ်၍ တစ်ထည်ကိုရုံသဖြင့် နေရာကို ခင်းစေ၍လည်းကောင်း၊ ယပ်တစ်ခုကို ဆောင်ယူစေ၍လည်းကောင်း ခင်ထားအပ်သော မြတ်သောနေရာ၌ ထိုင်နေလျက် ဆန်းကြယ်သောယပ်ကို ကိုင်ယူပြီးလျှင် ငါးရာကုန်သော နန်းတွင်းသူ မောင်းမတို့ကို ခေါ်လျက် သိစေလျက် မြတ်စွာဘုရား ဟောကြားတော်မူအပ်သော နည်းဖြင့်သာလျှင် တရားတော်ကို ဟောကြားလေ၏။ ထိုခုဇ္ဇုတ္တရာ၏ တရားစကားကို ကြားနာရ၍ အလုံးစုံကုန်သော နန်းတွင်းသူ မောင်းမငါးရာတို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကြလေကုန်၏။

အလုံးစုံသော ထိုနန်းတွင်းသူ မောင်းမငါးရာတို့သည် ခုဇ္ဇုတ္တရာကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “မိခင်- ယနေ့မှစ၍ အသင်မိခင်သည် ညစ်နွမ်းသော အစေအပါးအမှုကို မပြုပါလင့်၊ ကျွန်မတို့၏ မိခင်အရာ၌လည်းကောင်း၊ ဆရာ အရာ၌လည်းကောင်း တည်၍ မြတ်စွာဘုရား၏ အထံတော်သို့ သွားပြီးလျှင် မြတ်စွာဘုရား ဟောအပ်တိုင်းသော တရားတော်ကို ကြားနာ၍ ကျွန်မတို့အား ဟောပြပါလော့”ဟု ပြောဆိုကြလေကုန်၏။ ခုဇ္ဇုတ္တရာသည် ထိုသို့ ပြောဆိုတိုင်းသာလျှင် ပြုသည်ရှိသော် နောက်အဖို့၌ ပိဋကတ် သုံးပုံဆောင် ဖြစ်လေ၏။ ထို့နောက် ခုဇ္ဇုတ္တရာကို မြတ်စွာဘုရားသည် “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဥပါသိကာနံ ဗဟုဿုတာနံ ဓမ္မကထိကာနံ ယဒိဒံ ခုဇ္ဇုတ္တရာ”ဟု ဧတဒဂ်အရာ၌ ထားတော်မူလေ၏။

(အနက်ကား- ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ မမ၊ ငါဘုရား၏။ သာဝိကာနံ၊ တပည့်မ ဖြစ်ကုန်သော။ ဗဟုဿုတာနံ၊ များသော အကြားအမြင် ရှိကုန်သော။ ဓမ္မကထိကာနံ၊ တရားဟောတတ်ကုန်သော။ ဥပါသိကာနံ၊ တပည့် ဒါယိကာမတို့တွင်။ ယဒိဒံ ယာ ဧသာ ခုဇ္ဇုတ္တရာ၊ အကြင် ခုဇ္ဇုတ္တရာသည်။ အတ္ထိ၊ ရှိ၏။ ဧတံ ဧသာ ခုဇ္ဇုတ္တရာ၊ ထိုခုဇ္ဇုတ္တရာသည်။ အဂ္ဂံ-အဂ္ဂါ၊ အတော်ဆုံးဖြစ်၏။)

သာမာဝတီမိဖုရား အမှူးရှိကုန်သော ငါးရာကုန်သော နန်းတွင်းသူတို့သည်လည်း ခုဇ္ဇုတ္တရာကို “မိခင်- ကျွန်မတို့လည်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ အလိုရှိပါကုန်၏၊ ကျွန်မတို့အား မြတ်စွာဘုရားကို ပြပါလော့၊ နံ့သာပန်း စသည်တို့ဖြင့် ထိုမြတ်စွာဘုရားကို ပူဇော်ပါရစေ”ဟု တောင်းပန် ပြောကြားကြကုန်၏။ “အရှင်မတို့- မင်းမျိုးမည်သည်ကား ဝန်လေးလှပါသည်။ အရှင်မတို့ကို ယူဆောင်၍ အပပြင်ဘက်သို့ ထွက်သွားခြင်းငှာ မတတ်ကောင်းပါ”ဟု ဆိုလျှင် “မိခင်- ကျွန်မတို့ကို မဖျက်ဆီးပါလင့်၊ ကျွန်မတို့အား မြတ်စွာဘုရားကို ပြသာပြပါ”ဟု (ပူပူဆာဆာ) တောင်းပန်ကြကုန်သဖြင့် “ထိုသို့ဖြစ်မူ အရှင်မတို့၏ နေရာတိုက်ခန်းတို့၏ နံရံတို့၌ အကြင်မျှလောက် အပေါက်ကို ဖောက်အပ်သည်ရှိသော် ကြည့်ရှုခြင်းငှာ စွမ်းနိုင်၏။ ထိုမျှလောက်သော အပေါက်ကိုဖောက်၍ နံ့သာပန်းမန်ကို ဆောင်ယူစေကုန်လျက်သာလျှင် သုံးဦးကုန်သော သူဌေးကြီးတို့၏ အိမ်တံခါးသို့ ကြွသွားတော်မူသော မြတ်စွာဘုရားကို ထိုထိုသို့သော နေရာတို့၌ နေကုန်၍ ကြည့်ရှုကာ ဖူးမြင်လည်း ဖူးမြင်ကြကုန်လော့၊ လက်တို့ကို ဆန့်တန်း၍ ရှိခိုးလည်း ရှိခိုးကြကုန်လော့၊ ပူဇော်လည်း ပူဇော်ကြကုန်လော့”ဟု ပြောကြားလေ၏။ ထိုနန်းတွင်းသူ မောင်းမငါးရာတို့လည်း ထိုခုဇ္ဇုတ္တရာ ပြောကြားသောအတိုင်းပြု၍ မြတ်စွာဘုရား ကြွသွားတော်မူသော အခါ၌လည်းကောင်း၊ ပြန်လည်တော်မူသော အခါ၌လည်းကောင်း ကြည့်ရှုဖူးမြော်လျက် ရှိခိုးပူဇော်ကြလေကုန်သတည်း။

သာမာဝတီတို့ပျက်စီးကြောင်း အားထုတ်ခြင်း

ထိုအခါ တစ်နေ့သ၌ မာဂဏ္ဍီမိဖုရားသည် မိမိ၏ ပြာသာဒ်အပြင်မှထွက်၍ လူးလာတုံ့ခေါက် လျှောက်သွားသည်ရှိသော် သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ မောင်းမတို့၏နေရာသို့ ရောက်သွားသဖြင့် တိုက်ခန်းတို့၌ အပေါက်ကိုမြင်လျှင် “ဤအပေါက်ကား အဘယ်နည်း”ဟု မေးရာ သာမာဝတီ အမှူးရှိကုန်သော မောင်းမတို့ကလည်း မာဂဏ္ဍီမိဖုရား၏ မြတ်စွာဘုရား၌ ရန်ငြိုးဖွဲ့ထားသည့်အဖြစ်ကို မသိလေသောကြောင့် “မြတ်စွာဘုရားသည် ဤမြို့သို့ ကြွလာတော်မူပါသည်။ ကျွန်မတို့သည် ဤနေရာဌာန၌ တည်နေကုန်လျက် မြတ်စွာဘုရားကို ကြည့်ရှုဖူးမြော်လည်း ဖူးမြော်ကြကုန်၏၊ ပူဇော်လည်း ပူဇော်ကြကုန်၏”ဟု ဆိုသည်ရှိသော် “ရဟန်းဂေါတမသည် ဤမြို့သို့ ကြွလာတော်မူသတဲ့လား၊ ယခုအခါ၌ ထိုရဟန်းဂေါတမအား ပြုသင့်ပြုထိုက်သော အမှုကို သိရပေတော့အံ့၊ ဤမိန်းမငါးရာတို့သည်လည်း ထိုရဟန်းဂေါတမ၏ အလုပ်အကျွေး ဖြစ်ကုန်၏။ ဤမိန်းမတို့အားလည်း ပြုသင့်ပြုထိုက်သောအမှုကို သိရပေတော့အံ့”ဟု ကြံပြီးလျှင် မင်းကြီးထံသွား၍ “မြတ်သောမင်းကြီး- သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ မောင်းမငါးရာတို့အား အပပြင်ဘက်၌ မြတ်နိုးတောင့်တခြင်း ရှိ၏။ နှစ်ရက်သုံးရက်မျှဖြင့်သာလျှင် အသင်မင်းကြီး၏ အသက်ကို ချသတ်ကြပါကုန်လတ္တံ့”ဟု လျှောက်တင်လေ၏။

ဥတေနမင်းကြီးသည် “ထိုမိန်းမတို့ကား ဤသို့သဘောရှိသည်ကို မပြုကုန်လတ္တံ့”ဟု အမှတ်သညာထား၍ ယုံကြည်ခြင်း အလျှင်းမရှိလေ၊ အဖန်တလဲလဲ လျှောက်တင်အပ်သော်လည်း မယုံကြည်သည်သာလျှင်တည်း။ ထိုအခါ၌ မင်းကြီးကို ဤသို့ သုံးကြိမ်တိုင်အောင် ပြောဆိုအပ်သော်လည်း မယုံကြည်ဘဲရှိသောအခါ “အရှင်မင်းကြီး- ကျွန်တော်မ၏ စကားကို အကယ်၍ မယုံကြည်သည် ဖြစ်ခဲ့ပါအံ့၊ သာမာဝတီအမှူးရှိသော ထိုမိန်းမငါးရာတို့၏ နေရာဌာနသို့ ကြွသွား၍ စူးစမ်းဆင်ခြင်တော်မူပါ”ဟု လျှောက်ထားပြန်လေ၏။ ဥတေနမင်းကြီးသည် ကြွသွား ကြည့်ရှုသည်ရှိသော် တိုက်ခန်းတို့၌ အပေါက်ကို မြင်ရလျှင် “ဤအပေါက်သည်ကား အဘယ်နည်း”ဟု မေးသဖြင့် ထိုအကြောင်းကို ကြားလျှောက်ကုန်သည်ရှိသော် ထိုမိန်းမငါးရာတို့အား အမျက်မထွက်သဖြင့် တစ်စုံတစ်ခုသော စကားကိုမျှ မဆိုဘဲသာလျှင် အပေါက်တို့ကိုပိတ်စေ၍ အလုံးစုံကုန်သော တိုက်ခန်းတို့၌ အထက်မြင့်ရာ၌ ဖောက်အပ်သော လေသာပြတင်းတို့ကို ပြုလုပ်စေလေသတည်း။

အရှင်အာနန္ဒာအား အဆဲခံတရားဟောပြပုံ

မာဂဏ္ဍီမိဖုရားသည် သာမာဝတီ အမှူးရှိကုန်သော ထိုနန်းတွင်းသူ မောင်းမငါးရာတို့အား တစ်စုံတစ်ခုကိုပြုခြင်းငှာ မစွမ်းနိုင်ရကား “ရဟန်းဂေါတမအားသာလျှင် ပြုသင့်ပြုထိုက်သော အမှုကို ပြုပေတော့အံ့”ဟု မြို့သူမြို့သားတို့အား တံစိုးလက်ဆောင် ပေးပြီးလျှင် “မြို့တွင်းသို့ ကြွဝင်၍ လှည့်လည်သော ရဟန်းဂေါတမကို ကျွန်အမှုလုပ် ယောက်ျားတို့နှင့်တကွ ဆဲရေးစေ၍ ရေရွတ်စေ၍ ထွက်ပြေးစေကြကုန်လော့”ဟု စေခိုင်းလေ၏။ ရတနာသုံးပါး၌ မကြည်ညိုကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် မြို့တွင်းသို့ ကြွဝင်တော်မူလာသော မြတ်စွာဘုရားကို နောက်မှ အစဉ်လိုက်၍ ခိုးသူဟူ၍လည်းကောင်း၊ မိုက်မဲသောသူ ဟူ၍လည်းကောင်း၊ တွေဝေသောသူ ဟူ၍လည်းကောင်း၊ ကုလားအုပ်ဟူ၍လည်းကောင်း၊ နွားဟူ၍လည်းကောင်း၊ မြည်းဟူ၍လည်းကောင်း၊ ငရဲသား ဟူ၍လည်းကောင်း၊ တိရစ္ဆာန်ဟူ၍လည်းကောင်း၊ အသင်အား ကောင်းသော လားရာသုဂတိ မရှိဟူ၍လည်းကောင်း၊ အသင်အလို့ငှာ မကောင်းသော လားရာဒုဂ္ဂတိကိုသာ အလိုရှိအပ်၏ ဟူ၍လည်းကောင်း၊ ဤသို့သော အခြင်းအရာ ဆယ်ဖြာကုန်သော ဆဲရေးကြောင်း စကားတို့ဖြင့် ဆဲရေးကြ ရေရွတ်ကြကုန်၏။ ထိုသို့ ဆဲရေးရေရွတ်သည်ကို ကြား၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ဤသို့သောစကား လျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူလှသော မြတ်စွာဘုရား- ဤကောသမ္ဗီ ပြည်သူပြည်သားတို့သည် တပည့်တော်တို့ကို ဆဲရေးကြ ရေရွတ်ကြပါကုန်၏၊ ဤမြို့မှတစ်ပါးသော မြို့သို့ ဖဲသွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ထားလေ၏။

“ချစ်သား အာနန္ဒာ- အဘယ်အရပ်သို့ သင်သွားလိုသနည်း”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- တစ်ပါးသောမြို့သို့ သွားလိုကြပါကုန်သည်ဘုရား”ဟု လျှောက်ထား၏။ “ချစ်သားအာနန္ဒာ- ရွှေ့ပြောင်း၍ သွားရောက်ရာဖြစ်သော ထိုတစ်ပါးသောမြို့၌ လူတို့သည် ဆဲရေးကုန်သည်ရှိသော် တစ်ဖန် ဘယ်မြို့ဘယ်အရပ်သို့ ငါတို့ သွားကြရကုန်ဦးအံ့နည်း”ဟု မေးတော်မူပြန်သောအခါ “မြတ်စွာဘုရား- ထိုအရပ်မှလည်း တစ်ပါးဖြစ်သောမြို့သို့ သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ထားလေ၏။ “ချစ်သားအာနန္ဒာ- ထိုအရပ်၌ လူတို့သည် ဆဲရေးကုန်သည်ရှိသော် ဘယ်အရပ်သို့ သွားကြရကုန်ဦးအံ့နည်း”ဟု မေးတော်မူပြန်သောအခါ “မြတ်စွာဘုရား- ထိုအရပ်မှလည်း တစ်ပါးဖြစ်သော မြို့သို့ ပြောင်းရွှေ့သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ထားလေ၏။ “ချစ်သားအာနန္ဒာ- ဤသို့ပြုခြင်းငှာ မသင့်မလျောက်ပတ်ချေ၊ အကြင်အရပ်၌ အဓိကရုဏ်းသည် ဖြစ်၏၊ ထိုအရပ်၌ပင်လျှင် ထိုအဓိကရုဏ်းကို ငြိမ်းစေပြီးမှ တစ်ပါးသောအရပ်သို့ သွားခြင်းငှာ သင့်လျော်လျောက်ပတ် ကောင်းမြတ်ပေ၏၊ ချစ်သားအာနန္ဒာ- ဆဲရေးသော ထိုသူတို့သည် အဘယ်သူတို့ ဖြစ်ကုန်သနည်း”ဟု မေးတော်မူပြန်သောအခါ “မြတ်စွာဘုရား- ကျွန်အမှုလုပ်တို့ကို အစပြု၍ အလုံးစုံကုန်သော သူတို့သည် ဆဲရေးကြပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

“ချစ်သားအာနန္ဒာ- ငါဘုရားသည် စစ်မြေပြင်သို့ သက်ဝင်သော ဆင်ပြောင်ကြီးနှင့် တူပေ၏၊ စစ်မြေပြင်သို့ သက်ဝင်သော ဆင်ပြောင်ကြီးအား အရပ်လေးမျက်နှာတို့မှ ပစ်လွှတ်အပ်သည်ဖြစ်၍ လာကုန်သော မြားတို့ကို သည်းခံခြင်းငှာ တာဝန်ဖြစ်ဘိသကဲ့သို့ ထို့အတူသာလျှင် များစွာသော ဒုဿီလပုဂ္ဂိုလ်တို့ ပြောဆိုအပ်သော စကားတို့ကို သည်းခံခြင်းမည်သည် ငါဘုရား၏ တာဝန်ပေတည်း”ဟု မိန့်ဆိုတော်မူပြီးလျှင် မိမိကိုယ်တော်မြတ်ကို အကြောင်းပြု၍ တရားဒေသနာ ဟောကြားတော်မူလိုရကား နာဂဝဂ်လာ ဤသုံးဂါထာကို ဟောမြွက်မိန့်ကြားတော်မူလေ၏။

အဟံ နာဂေါဝ သင်္ဂါမေ၊ စာပတော ပတိတံ သရံ။
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။
ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုဿေသု၊ ယော တိဝါကျံ တိတိက္ခတိ။
ဝရမဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓဝါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တော တတော ဝရံ။

နာဂေါ၊ စစ်ပွဲသို့ဝင် စစ်တိုက်ဆင်သည်။ သင်္ဂါမေ၊ စစ်မြေပြင်၌။ စာပတော၊ လေးမှ။ ပတိတံ၊ လွတ်၍ မိမိ၏အပေါ်၌ ကျလာသော။ သရံ၊ မြားကြီးမြားငယ် အသွယ်သွယ်ကို။ တိတိက္ခတိ ဣဝ၊ သည်းခံသကဲ့သို့။ ဧဝံ၊ ဤအတူ။ အဟံ၊ ငါဘုရားသည်။ အတိဝါကျံ၊ လွန်ကျူး ပြောဆိုအပ်သော စကားကို။ တိတိက္ခိဿံ၊ သည်းခံတော်မူပေအံ့။ ဟိ၊ သည်းခံသင့်ပေစွ။ ဇနော၊ လောကီနယ်သား လူအများသည်။ ဗဟု ဒုဿီလော၊ ထင်တိုင်းမြွက်ဟ ချုပ်ချယ်လှ၍ သီလကွက်ကျား ပျက်သူများလှပေ၏။

သမိတိံ၊ လူစုလူဝေးရှိရာ ပွဲသဘင်အလယ်သို့ ။ ဂစ္ဆန္တာ၊ သွားကြသော သူတို့သည်။ ဒန္တံ၊ ယဉ်ကျေးပြီးသော နွား, ယဉ်ကျေးပြီးသော မြင်းကို။ နယန္တိ၊ လှည်းယာဉ်ယှဉ်က ဆောင်ကြကုန်၏။ ရာဇာပိ၊ ပြည့်ရှင်မင်းသည်လည်း။ ဒန္တံ၊ ယဉ်ကျေးသော ဆင်ယာဉ် မြင်းယာဉ်ကိုသာလျှင်။ အဘိရူဟတိ၊ စီးနင်း၏။ ယော၊ အကြင်သူသည်။ အတိဝါကျံ၊ လွန်ကျူးပြစ်မှား ရမ်းကားပြောဆိုသော စကားကို။ တိတိက္ခတိ၊ သည်းခံနိုင်၏။ သော၊ ထိုသို့ သည်းခံနိုင်ခြင်း သဘောရှိသော သူသည်။ ဒန္တော၊ စင်စစ် ယာဉ်ကျေးသောသူ ဖြစ်၍။ မနုဿေသု၊ လူတို့တွင်။ ဝါ၊ လူတို့ထက်။ သေဋ္ဌော၊ အထူးသင့်လတ် မြတ်၏ဟူ၍ ချီးမွမ်းအပ်သောသူ ဖြစ်ပေ၏။

အဿတရာ စ၊ မြည်းမမှ ဖွားမြင်သော အဿတိုရ် မြင်းတို့သည်လည်းကောင်း။ အာဇာနီယာ စ၊ အကြောင်းဟုတ်သည် မဟုတ်သည်ကို လျင်စွာသိတတ်ကုန်သော အာဇာနည် မြင်းတို့သည်လည်းကောင်း။ သိန္ဓဝါ စ၊ သိန္ဓောမြင်းတို့သည်လည်းကောင်း။ ကုဉ္ဇရာ၊ ကုဉ္ဇရဟု ဆိုအပ်ကုန်သော။ မဟာနာဂါ စ၊ ဆင်ပြောင်ကြီးတို့သည်လည်းကောင်း။ ဒန္တာ၊ ကောင်းစွာ ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးကုန်ပြီးမှသာလျှင်။ ဝရံ၊ မြတ်ကုန်၏။ အတ္တဒန္တော၊ မဂ်ဉာဏ်ဖြင့် ကောင်းစွာ ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးသော သူသည်။ တတော၊ ထိုဆိုအပ်ခဲ့ပြီးသော အလုံးစုံသောသူတို့ထက်။ ဝရံ၊ မြတ်လှပေ၏။

ဤတရားဒေသနာတော်သည် ရောက်လာသော သူအပေါင်းအား အကျိုးများစွာ ရှိလေ၏။ ဤသို့သော အခြင်းအရာဖြင့် တရားဒေသနာတော်ကို ကောင်းစွာ ဟောကြားတော်မူပြီးလျှင် “ချစ်သား အာနန္ဒာ- အသင်သည် မကြံလေလင့် (မစိုးရိမ် မပူပန်လင့်)၊ ဤသူတို့သည် ခုနစ်ရက်မျှသာ ဆဲရေးနိုင်ကြကုန်လတ္တံ့၊ ရှစ်ရက်မြောက်သောနေ့၌ တိတ်တိတ်ဆိတ်ဆိတ် ဖြစ်ကြကုန်လတ္တံ့”ဟု မိန့်တော်မူလေ၏။

ကြက်ပရိယာယ်ဖြင့် သာမာဝတီတို့အား ပျက်စီးကြောင်း အားထုတ်ခြင်း

မာဂဏ္ဍီမိဖုရားသည် မြတ်စွာဘုရားကို ဆဲရေးစေသဖြင့် ထွက်ပြေးစေခြင်းငှာ မစွမ်းနိုင်သည်ရှိသော် “အဘယ်သို့လျှင် ပြုရပါအံ့နည်း”ဟု ကြံဆင်ခြင်၍ “ဤသာမာဝတီ အမှူးရှိကုန်သော မိန်းမငါးရာတို့သည် ထိုရဟန်းဂေါတမ၏ အထောက်အပံ့ ဖြစ်ကြကုန်၏။ ဤမိန်းမတို့အားလည်း ပျက်စီးခြင်းကို ပြုအံ့”ဟု ကြံပြီးလျှင် တစ်နေ့သ၌ ဥတေနမင်းကြီး၏ သေအရက်သောက်သော နေရာ၌ ဆည်းကပ်ခစားခြင်းကို ပြုလျက် ဘထွေး စူဠမာဂဏ္ဍီထံ သတင်းစကားကို စေပို့လိုက်၏။ “ကျွန်မ၏ အထံသို့ ကြက်သေ ရှစ်ကောင်တို့ကိုလည်းကောင်း၊ ကြက်ရှင် ရှစ်ကောင်တို့ကိုလည်းကောင်း ယူဆောင်၍ လာခဲ့ပါ၊ လာပြီးလျှင်လည်း စောင်းတန်းလှေကားထိပ်၌ တန့်ရပ်၍ လာရောက်သည့်အဖြစ်ကို ပြောကြားပါ၊ ထို့နောက်မှ “ဝင်လာပါ”ဟု ဆိုသော်လည်း မဝင်မူ၍ ရှေးဦးစွာ ကြက်ရှင် ရှစ်ကောင်ကို ပို့လိုက်ပါ၊ နောက်မှ ကြက်သေရှစ်ကောင်ကို ပို့လိုက်ပါလော့”ဟု သတင်းစကားကို စေပို့လိုက်လေ၏။ အလုပ်အကျွေးငယ်အားလည်း “ငါ၏စကားကို လိုက်နာပါလော့”ဟု တံစိုးလက်ဆောင်ကို ပေးထားလေ၏။

ဘထွေး စူဠမာဂဏ္ဍီပုဏ္ဏားသည် လာ၍ မင်းကြီးအား လျှောက်ကြား သိစေပြီးလျှင် “ဝင်လော့”ဟု ဆိုသော်လည်း စူဠမာဂဏ္ဍီပုဏ္ဏားကြီးက “မင်းကြီး၏ သေသောက်ရာအရပ်သို့ မဝင်လိုပါ”ဟု ဆိုလိုက်၏။ မာဂဏ္ဍီ မိဖုရားသည် အလုပ်အကျွေးငယ်ကို “အမောင်- ငါ၏ ဘထွေးအထံသို့ သွားချေလော့”ဟု စေလွှတ်လိုက်၏။ အလုပ်အကျွေးငယ်သည် သွား၍ ထိုဘထွေး စူဠမာဂဏ္ဍီသည် ပေးအပ်သော ကြက်ရှင်ရှစ်ကောင်ကို ဆောင်ယူခဲ့၍ “အရှင်မင်းမြတ်- ပုရောဟိတ် ပုဏ္ဏားသည် လက်ဆောင်ပဏ္ဏာကို ပို့ဆက်ပါသည်”ဟု လျှောက်တင်လေ၏။ ဥတေနမင်းကြီးသည် “ငါတို့အား ကောင်းမြတ်သော လက်သုပ်ဟင်းလျာ ဖြစ်လာဘိသည်တကား၊ အဘယ်သူ ချက်ပြုတ်နိုင်အံ့နည်း”ဟု မိန့်ဆိုတော်မူလျှင် မာဂဏ္ဍီမိဖုရားက “အရှင်မင်းမြတ်- သာမာဝတီ အမှူးရှိသော ငါးရာသော မိန်းမတို့သည် အလုပ်မရှိ လှည့်လည် နေထိုင်ကြပါသည်၊ ထိုမိန်းမတို့ အထံသို့ စေပို့တော်မူပါ၊ ထိုမိန်းမတို့သည် ချက်ပြုတ်၍ ဆောင်ယူလာပါကုန်လိမ့်မည်”ဟု လျှောက်တင်လေ၏။

မင်းကြီးလည်း “သွားချေ၊ သာမာဝတီ အမှူးရှိကုန်သော မိန်းမတို့အား ပေးပြီးလျှင် တစ်ပါးသူ၏လက်၌ မပေးမူ၍ သာမာဝတီတို့ ကိုယ်တိုင်သတ်၍ ချက်ကုန်လော့”ဟု ပို့ခိုင်းလိုက်လေ၏။ အလုပ်အကျွေးငယ်သည် “ကောင်းလှပါပြီ အရှင်မင်းမြတ်”ဟု ဝန်ခံ၍ သွားပြီးလျှင် ထိုမင်းကြီး ဆိုတိုင်း ပြောကြားလေသော် သာမာဝတီ အမှူးရှိကုန်သော မိန်းမတို့သည် “ငါတို့ကား သူတစ်ပါး၏ အသက်သတ်ခြင်း အမှုကို မပြုပါကုန်”ဟု ပြောဆို၍ ပယ်လိုက်အပ်သည်ဖြစ်၍ အလုပ်အကျွေးငယ် ပြန်လာပြီးလျှင် ထိုအကြောင်းကို မင်းကြီးအား လျှောက်တင်လေ၏။ မာဂဏ္ဍီမိဖုရားက “မင်းမြတ်- အရှင်မင်းမြတ်တို့ကိုယ်တိုင် မြင်ရပြီ မဟုတ်လော၊ ဤယခုအခါ၌ ထိုမိန်းမတို့၏ သူ့အသက်သတ်ခြင်းအမှု ပြုသည်ကိုလည်းကောင်း၊ မပြုသည်ကိုလည်းကောင်း သိရအံ့၊ အရှင်မင်းမြတ်- “ရဟန်းဂေါတမအလို့ငှာ ချက်ပြုတ်၍ ပို့စေသတည်း”ဟု မိန့်တော်မူကာ စေလွှတ်ပါလော့”ဟု လျှောက်တင်ပြန်၏။ မင်းကြီးလည်း ထိုမာဂဏ္ဍီဆိုတိုင်း မိန့်တော်မူပြီးလျှင် ပို့စေလေ၏။ အလုပ်အကျွေးငယ်လည်း ထိုကြက်တို့ကို ယူ၍ သွားဘိသကဲ့သို့ပြု၍ ထိုကြက်ရှင်တို့ကို ပုရောဟိတ်ပုဏ္ဏားအား ပေးပြီးလျှင် ကြက်သေတို့ကို ထိုမိန်းမတို့၏အထံသို့ဆောင်၍ “ဤကြက်တို့ကို ချက်ပြီးလျှင် မြတ်စွာဘုရား၏အထံသို့ ပို့လှူကြကုန်လော့”ဟု ဆိုလေ၏။ ထိုမိန်းမတို့လည်း “အရှင်- ယူဆောင်လာခဲ့လော့၊ ဤအမှုသည်ကား ငါတို့၏ အမှုကိစ္စပေတည်း”ဟု ခရီးဦးကြိုဆိုကာ လှမ်းယူကြလေကုန်၏။

ထိုအလုပ်အကျွေးငယ်သည် မင်းကြီးအထံသို့ သွားရောက်လျှင် “အမောင်- အသို့နည်း”ဟု မေးလတ်သော် “ရဟန်းဂေါတမအလို့ငှာဟု ဆိုကာမျှဖြင့်သာလျှင် ခရီးရင်ဆိုင်ထလာ၍ ယူကြပါကုန်သည်”ဟု လျှောက်တင်လေ၏။ မာဂဏ္ဍီမိဖုရားက “အရှင်မင်းမြတ်- ရှုစားတော်မူပါလော့၊ ထိုမိန်းမတို့သည် အရှင်သို့ သဘောရှိသော ကျေးဇူးတော်ရှင် ဘုရင်မင်းမြတ်၏အလို့ငှာ ဤသို့ မပြုကြကုန်၊ ထိုမိန်းမတို့အား “အပပြင်ဘက်၌ မြတ်နိုးတောင့်တခြင်း ရှိနေပါသည်”ဟု လျှောက်တင်ပါသော်လည်း အရှင်မင်းမြတ်သည် ယုံကြည်တော်မမူခဲ့ပါ”ဟု လျှောက်ထား သံတော်ဦးတင်လေ၏။ ဥတေနမင်းကြီးသည် ထိုစကားကို ကြားလျက်လည်း သည်းခံတော်မူ၍ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။ မာဂဏ္ဍီ မိဖုရားသည်လည်း “အဘယ်သို့ ပြုရပါဦးအံ့နည်း”ဟု တစ်မျိုးတစ်ဖုံ ကြံစည်ပြန်လေ၏။

မြွေပရိယာယ်ဖြင့် သာမာဝတီတို့အား ပျက်စီးကြောင်း အားထုတ်ခြင်း

ထိုအခါ ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား, ဝါသုလဒတ္တာမိဖုရား, မာဂဏ္ဍီမိဖုရား ဟူကုန်သော သုံးယောက်ကုန်သော မိဖုရားတို့၏ ပြာသာဒ်ဆောင်၌ အလှည့်အလှည့်ဖြင့် စံစားလျက် ခုနစ်ရက်, ခုနစ်ရက်ကို လွန်စေ၏။ ထိုအခါ နက်ဖြန်သန်ဘက် သာမာဝတီ၏ ပြာသာဒ်ဆောင်သို့ မင်းကြီး ကြွသွားလတ္တံ့ဟု သိသဖြင့် မာဂဏ္ဍီမိဖုရားသည် ဘထွေးပုဏ္ဏားအား “မြွေတစ်ကောင်ကို ဆေးဖြင့် အစွယ်တို့ကို အဆိပ်ကင်းအောင် ဆေးကြောသုတ်သင်ပြီးလျှင် ကျွန်မ၏အထံသို့ ပို့လိုက်ပါ”ဟု သတင်းစကား စေလွှတ်လိုက်၏။ ဘထွေးဖြစ်သော ထိုပုဏ္ဏားသည် မှာတိုင်းပြု၍ ပို့လိုက်လေ၏။ ဥတေနမင်းကြီးလည်း မိမိ၏ သွားလေရာအရပ်သို့ ဟတ္ထိကန္တစောင်းကို ယူ၍သာလျှင် သွားစမြဲဖြစ်သတည်း။ ထိုစောင်း၏ စောင်းခွက်၌ တစ်ခုသော အပေါက်သည် ရှိ၏။ မာဂဏ္ဍီမိဖုရားသည် ထိုအပေါက်ဖြင့် မြွေကိုသွင်း၍ အပေါက်ကို ပန်းကုံးထွေးဖြင့် ပိတ်ထားလေ၏။ မြွေသည် နှစ်ရက်,သုံးရက်ပတ်လုံး စောင်း၏အတွင်း၌သာလျှင် နေရ၏။။မာဂဏ္ဍီမိဖုရားသည် မင်းကြီးသွားအပ်သောနေ့၌ “အရှင်မင်းမြတ်- ယနေ့ အဘယ်မိဖုရား၏ ပြာသာဒ်ဆောင်သို့ ကြွသွားတော်မူလတ္တံ့နည်း”ဟု မေးလျှောက်သဖြင့် “သာမာဝတီမိဖုရား၏ အဆောင်သို့”ဟု မိန့်ဆိုလေ၏။ “အရှင်မင်းမြတ်- ယနေ့ ကျွန်တော်မသည် မနှစ်သက်ဖွယ်ရာသော အိပ်မက်ကို မြင်မက်ပါသည်။ ထိုသာမာဝတီ၏ ပြာသာဒ်ဆောင်သို့ ကြွတော်မူခြင်းငှါ မသင့်လျော်ပါ”ဟု လျှောက်ထားသော်လည်း “ငါကား သွားမည်သာလျှင်တည်း”ဟု မိန့်တော်မူပြန်၏။ မာဂဏ္ဍီမိဖုရားလည်း သုံးကြိမ်တိုင်တိုင် တားမြစ်ပြီးလျှင် “ဤသို့ တောင်းပန်တားမြစ်၍ မရခဲ့ပါမူ ကျွန်တော်မသည်လည်း အရှင်မင်းကြီးတို့နှင့် အတူတကွ သွားပါအံ့”ဟု ဆိုလေ၏။ မင်းကြီးက ဆုတ်နစ်ပြန်လည်စေအပ်သော်လည်း မဆုတ်နစ် မပြန်လည်မူ၍ “အရှင်မင်းမြတ်- အသို့ဖြစ်လတ္တံ့သည်ကို မသိနိုင်”ဟုဆို၍ မင်းကြီးနှင့် အတူတကွသာလျှင် လိုက်သွားလေ၏။

ဥတေနမင်းကြီးသည် သာမာဝတီ အမှူးရှိကုန်သော မောင်းမတို့သည် ပေးအပ်ကုန်သော အဝတ်တန်ဆာ ပန်း နံ့သာတို့ကို ဆင်ယင်ပြီးလျှင် ကောင်းသောဘောဇဉ်ကို သုံးဆောင်တော်မူ၍ စောင်းကို ဦးခေါင်းရင်း၌ ထားပြီးမှ အိပ်ရာထက်၌ အိပ်လေ၏။ မာဂဏ္ဍီမိဖုရားသည် ခေါက်တုံ့ခေါက်ပြန် အဖန်ဖန် သွားလာလေဟန်ပြု၍ စောင်းပေါက်မှ ပန်းကုံးထွေးကို ပယ်ပစ်လိုက်လေ၏။ မြွေသည် နှစ်ရက်သုံးရက်ပတ်လုံး အာဟာရ ကင်းပြတ်ရကား ထိုအပေါက်ဖြင့် ထွက်ခဲ့ပြီးလျှင် လေတရှူးရှူးမှုတ်လျက် ပါးပြင်းထောင်ခြင်းကိုပြု၍ အိပ်ရာနောက်နား၌ အလျားလိုက်နေလေ၏။

မာဂဏ္ဍီမိဖုရားသည် ထိုမြွေကိုမြင်၍ “အရှင်မင်းကြီး- စက်ဆုပ်ဖွယ်၊ စက်ဆုပ်ဖွယ် မြွေပါတကား”ဟု ကျယ်လောင်သော အသံကိုပြု၍ မင်းကြီးအားလည်းကောင်း၊ ထိုမိန်းမတို့အားလည်းကောင်း ဆဲရေးလျက် “ဤအလွန်မိုက်လှစွာသော မင်းသည် ဘုန်းကံကျက်သရေ မရှိလေစွ၊ ငါ့စကားကို နားမထောင်၊ ဤမိန်းမတို့လည်း ဘုန်းကံကျက်သရေ မရှိလေကုန်၊ ဆိုဆုံးမခက်ကုန်၏၊ မင်းကြီး၏အထံမှ အဘယ်ဝတ္ထုကို မရကြကုန်ဘိသနည်း၊ ဤမင်းကြီး သေမှသာ သင်တို့သည် ချမ်းသာစွာ အသက်ရှင်ရကုန်အံ့လော၊ ဤမင်းကြီးသည် အသက်တော်ရှည်သည်ရှိသော် သင်တို့သည် ဆင်းရဲစွာ အသက်ရှင်ရကုန်အံ့လော၊ ငါသည် ယနေ့ မကောင်းသော အိပ်မက်ကို မြင်မက်ပါသည်၊ သာမာဝတီ၏ ပြာသာဒ်ဆောင်သို့ သွားခြင်းငှာ မသင့်လျော်ပါဟု တောင်းပန် တားမြစ်လေငြားသော်လည်း ငါ၏စကားကို အသင်မင်းကြီးသည် မနာမယူ”ဟု ဆိုလေ၏။ ဥတေနမင်းကြီးသည် မြွေကိုမြင်လျှင် သေဘေးဖြင့် ခြိမ်းခြောက်အပ်သည်ဖြစ်၍ ကြောက်လန့်ရကား “ဤမိန်းမတို့သည် ဤသို့သဘောရှိသော အမှုမည်သည်ကို ပြုကုန်ဘိ၏၊ ဪ- အလွန်ယုတ်မာလေစွတကား၊ ဤမိန်းမတို့၏ ယုတ်မာသောအဖြစ်ကို အဖန်တလဲလဲ ပြောကြားလျက်လည်း ဤမာဂဏ္ဍီ၏ စကားကို ငါမယုံကြည်မိခဲ့၊ လက်ဦးစွာ မိမိတိုက်ခန်းတို့၌ အပေါက်တို့ကို ဖောက်၍ နေကြကုန်၏။ နောက်တစ်ဖန် ငါသည် ပို့စေအပ်ကုန်သော ကြက်တို့ကို ပြန်၍ ပို့စေကြကုန်၏။ ယနေ့လည်း အိပ်ရာ၌ မြွေကို လွှတ်ကုန်၏”ဟု ဒေါသအမျက် ခြောင်းခြောင်းထွက်သဖြင့် တစ်ကိုယ်လုံး မီးအလျှံတောက်သကဲ့သို့ ဖြစ်လေ၏။

သာမာဝတီတို့၏ မေတ္တာတရားအစွမ်း

သာမာဝတီ မိဖုရားသည်လည်း ငါးရာကုန်သော မိန်းမတို့အား “အမိတို့- ငါတို့အား (မေတ္တာမှတစ်ပါး) အခြားသော ကိုးကွယ် အားထားရာသည် မရှိပြီ။ မင်းကြီး၌လည်းကောင်း၊ မာဂဏ္ဍီ မိဖုရား၌လည်းကောင်း၊ မိမိ၏ကိုယ်၌လည်းကောင်း ထပ်တူထပ်မျှသာလျှင် မေတ္တာစိတ်ကို ဖြစ်စေကြကုန်လော့၊ တစ်စုံတစ်ယောက်သော သူအားမျှ အမျက်ထွက်ခြင်းကို မပြုကြကုန်လင့်”ဟု အဆုံးအမဩဝါဒကို ပေးလေ၏။ ဥတေနမင်းကြီးသည် ဗိုလ်ခြေတစ်ထောင်အားဖြင့် တင်အပ်သော ဆိတ်ချိုလေးကိုယူ၍ လေးညှို့ကိုဖြန့်လျက် အဆိပ်လူးသောမြားကို တင်ပြီးလျှင် သာမာဝတီမိဖုရားကို ရှေ့၌ထားသဖြင့် အလုံးစုံသော မိန်းမငါးရာတို့ကို အစဉ်အတိုင်း ထားစေ၍ သာမာဝတီမိဖုရား၏ ရင်ဝ၌ မြားကို ပစ်လွှတ်လေ၏။ ထိုပစ်လွှတ်အပ်သော မြားသည် သာမာဝတီမိဖုရား၏ မေတ္တာအာနုဘော်၏ အစွမ်းဖြင့် ဆုတ်နစ်ပြန်လည်ကာ လာသော လမ်းခရီးသို့ ရှေးရှုသာလျှင်ဖြစ်၍ မင်းကြီး၏ ရင်ဝ နှလုံးအိမ်သို့ စူးဝင်မည်ကဲ့သို့ တည်လေ၏။

မင်းကြီးသည် ကြံဆင်ခြင်သည်မှာ “ငါပစ်အပ်သော မြားသည်ကား ကျောက်ကိုသော်လည်း ထုတ်ချင်းဖောက်ထွင်း၍ သွားနိုင်၏၊ ဟင်းလင်းအပြင် ကောင်းကင်၌ တားမြစ်အပ်သော အရာဌာနသည် အနည်းငယ်မျှမရှိ၊ ထိုသို့ဖြစ်လျက် ဤမြားသည် ပြန်လည်ကာ လာ၍ ငါ၏ရင်ဝ နှလုံးအိမ်သို့ ရှေးရှုချိန်လျက် ဖြစ်ဘိ၏”ဟု ထိတ်လန့်တုန်လှုပ်သော စိတ်ရှိသည်ဖြစ်၍ “ဤမြားမည်သည် သတ္တဝါမဟုတ်၊ အသက်မရှိသော မြားပင်ဖြစ်သော်လည်း ထိုသာမာဝတီ၏ ဂုဏ်ကျေးဇူးကို သိတုံဘိသေး၏၊ ငါသည် လူစင်စစ် ဖြစ်ပါလျက်လည်း သာမာဝတီ၏ ဂုဏ်ကျေးဇူးအထူးကို မသိလေဘိတကား”ဟု ကြံဆင်ခြင်ပြီးလျှင် ထိုဥတေနမင်းကြီးသည် လေးကိုစွန့်ပစ်၍ လက်အုပ်ချီကာ သာမာဝတီ၏ခြေရင်း၌ ဆောင့်ကြောင့်ထိုင်နေလျက် ဤဂါထာကို ရွတ်ဆိုလေ၏။

သမ္မုယှာမိ ပမုယှာမိ၊ သဗ္ဗာ မုယှန္တိ မေ ဒိသာ။
သာမာဝတီ မံ တာယဿု၊ တွဉ္စ မေ သရဏံ ဘဝ။

သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုရား။ အဟံ၊ ငါသည်။ သမ္မုယှာမိ၊ လွန်မင်းစွာ မိုက်မှားတွေဝေမိပါ၏။ ပမုယှာမိ၊ ခပ်သိမ်းသော အပြားအားဖြင့် မိုက်မှား တွေဝေမိပါ၏။ မေ၊ ငါ၏။ သဗ္ဗာ ဒိသာ၊ အလုံးစုံသော အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်တို့သည်။ မုယှန္တိ၊ မိုက်မှား တွေဝေခဲ့ကုန်၏။ သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုရား။ မံ၊ ငါ့ကို။ တာယဿု၊ ကယ်ဆယ် စောင့်ရှောက်ပါလော့။ တွဉ္စ၊ ရှင်မ သာမာဝတီ မိဖုရားသည်သာလျှင်။ မေ၊ ငါ၏။ သရဏံ၊ ကိုးကွယ်အားထားရာသည်။ ဘဝ၊ ဖြစ်ပါလော့။

သာမာဝတီမိဖုရားသည် ထိုမင်းကြီး၏ စကားကို ကြားရလျှင် “ကောင်းလှပါပြီ အရှင်မင်းမြတ်၊ အကျွန်ုပ်ကို ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပါလော့”ဟု မဆိုတဲ့မူ၍ “အရှင်မင်းကြီး- အကျွန်ုပ်သည် အကြင် မြတ်စွာဘုရားကို ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပါ၏၊ ထိုမြတ်စွာဘုရားကိုသာလျှင် အရှင်မင်းမြတ်သည်လည်း ကိုးကွယ် အားထားရာဟူ၍ ဆည်းကပ်ပါလော့”ဟု လျှောက်တင် မြွက်ဆိုလေ၏။

ဣဒံ ဝတွာ သာမာဝတီ၊ သမ္မာသမ္ဗုဒ္ဓသာဝိကာ။
မာ မံ တွံ သရဏံ ဂစ္ဆ၊ ယမဟံ သရဏံ ဂတာ။
ဧသ ဗုဒ္ဓေါ မဟာရာဇ၊ သေ ဗုဒ္ဓေါ အနုတ္တရော။
သရဏံ ဂစ္ဆ တံ ဗုဒ္ဓံ၊ တွဉ္စ မေ သရဏံ ဘဝ။

သမ္မာသမ္ဗုဒ္ဓသာဝိကာ၊ မြတ်စွာဘုရား၏ တပည့်မဖြစ်သော။ သာမာဝတီ၊ သာမာဝတီ မိဖုရားသည်။ ဣဒံ၊ ဤစကားကို။ ဝတွာ-အဝဒီ၊ ဆိုလေပြီ။ မဟာရာဇ၊ မြတ်သော မင်းကြီး။ တွံ၊ အသင် မင်းကြီးသည်။ မံ၊ ကျွန်တော်မကို။သရဏံ၊ ကိုးကွယ်အားထားရာဟူ၍။ မာ ဂစ္ဆ၊ မဆည်းကပ်ပါလေလင့်။ အဟံ၊ ကျွန်တော်မသည်။ ယံ ဗုဒ္ဓံ၊ အကြင် မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ် အားထားရာဟူ၍။ ဂတာ၊ ဆည်းကပ်ရပါ၏။ ဧသ-ဧသော၊ မင်းကြီးကြင်ဖော် နှမတော်သည် ပူဇော်မြတ်နိုး ကိုးကွယ်ဆည်းကပ် ဤဘုရားမြတ်သည်။ ဗုဒ္ဓေါ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူလေ၏။ ဧသ-ဧသော ဗုဒ္ဓေါ၊ ဤဘုရားမြတ်သည်။ အနုတ္တရော၊ အတုမရှိ မြတ်တော်မူ၏။ တံ ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ တွံ၊ အရှင်မင်းမြတ်သည်။ သရဏံ၊ ကိုးကွယ်အားထားရာဟူ၍။ ဂစ္ဆ၊ ဆည်းကပ်ပါလော့။ တွဉ္စ၊ အရှင်မင်းမြတ်သည်လည်း။ မေ-မမ၊ ပြစ်ချက်ခံရ ကျွန်တော်မ၏။ သရဏံ၊ ကိုးကွယ် အားထားရာသည်။ ဘဝ၊ ဖြစ်တော်မူပါ အရှင်မင်းမြတ်။ ဣတိ၊ ဤသို့။ ဣဒံ၊ ဤစကားကို။ ဝတွာ-အဝဒီ၊ ဆိုလေပြီ။

ဤသို့ လျှောက်တင် မြွက်ဆိုသောအခါ ဥတေနမင်းကြီးသည် “ယခုအခါ ငါသည် အတိုင်းထက်အလွန် ကြောက်ရွံ့လှပါပေ၏”ဟု ဆိုပြီးလျှင် ဤဂါထာကို ဆိုပြန်လေ၏။

ဧသ ဘိယျော ပမုယှာမိ၊ သဗ္ဗာ မုယှန္တိ မေ ဒိသာ။
သာမာဝတီ မံ တာယဿု၊ တွဉ္စ မေ သရဏံ ဘဝ။

သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုရား။ ဧသ-ဧသော၊ ငါဟုသမုတ် ဤမင်းယုတ်သည်။ ဘိယျော၊ လွန်စွာ။ ပမုယှာမိ၊ ခပ်သိမ်းသော အပြားအားဖြင့် မိုက်မှား တွေဝေမိပါ၏။ မေ၊ ငါ၏။ သဗ္ဗာ ဒိသာ၊ အလုံးစုံသော အဇ္ဈတ္တ ဗဟိဒ္ဓသန္တာန်တို့သည်။ မုယှန္တိ၊ မိုက်မှား တွေဝေခဲ့ကုန်၏။ သာမာဝတီ၊ သာမာဝတီ အမည်ထင်ရှား ရှင်မိဖုရား။ မံ၊ ငါ့ကို။ တာယဿု၊ ကယ်ဆယ် စောင့်ရှောက်ပါလော့။ တွဉ္စ၊ ရှင်မ သာမာဝတီ မိဖုရားသည်သာလျှင်။ မေ၊ ငါ၏။ သရဏံ၊ ကိုးကွယ် အားထားရာသည်။ ဘဝ၊ ဖြစ်ပါလော့။

ထိုအခါ သာမာဝတီမိဖုရားသည် မင်းကြီးကို ရှေးနည်းဖြင့်သာလျှင် တစ်ဖန် ပယ်ရှားပြန်သောကြောင့် “ထိုသို့ဖြစ်မူ သင့်ကိုလည်း ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ပါအံ့၊ ဆရာဖြစ်တော်မူသော မြတ်စွာဘုရားကိုလည်း ကိုးကွယ် အားထားရာဟူ၍ ဆည်းကပ်ပါတော့အံ့၊ သင့်အား အလိုရှိအပ်သော ဆုမြတ်ကိုလည်း ပေးပါ၏”ဟု ဆိုသည်ရှိသော် “အရှင်မင်းမြတ်- အရှင်မင်းမြတ်သည် ပေးသနားတော်မူအပ်သော ဆုမြတ်ကို ဘုရားနှမယူအပ်သည် ဖြစ်ပါစေတော့”ဟု တင်လျှောက်လေ၏။

ဥတေနမင်းသည် သာမာဝတီတို့အား ဆုပေးခြင်း

ထိုဥတေနမင်းကြီးသည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ် (သရဏဂုံ ဆောက်တည်)ပြီးမှ ပင့်ဖိတ်၍ (ဘုရားအမှူးရှိသော) ရဟန်းသံဃာတော် အပေါင်းအား ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူပြီးသောအခါ သာမာဝတီမိဖုရားကို ခေါ်ပြီးလျှင် “ချစ်နှမ- ထလော့၊ သင့်အား ငါသည် ပေးသနားအပ်သော ဆုမြတ်ကို ယူလေလော့”ဟု မိန့်ဆိုလေ၏။ “မြတ်သောမင်းကြီး- ကျွန်တော်မအား ရွှေ,ငွေ အစရှိသည်တို့ဖြင့် အလိုမရှိပါ၊ ကျွန်တော်မအား ဤသို့သော ဆုမြတ်ကိုသာ ပေးသနားတော်မူပါ၊ အကြင်သို့သော အခြင်းအရာဖြင့် ပြုသည်ရှိသော် မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတို့နှင့် အတူတကွ ဤနန်းတွင်းသို့ မပြတ် ကြွလာတော်မူသဖြင့် တရားတော်မြတ်ကို နာကြားရပါကုန်အံ့၊ ထိုသို့သော အခြင်းအရာဖြင့်သာ ပြုတော်မူစေချင်ပါသည်”ဟု လျှောက်တင်လေ၏။ ဥတေနမင်းကြီးသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ငါးရာသော ရဟန်းတော်တို့နှင့်တကွ ဤနန်းတွင်းသို့ မပြတ် ကြွလာတော်မူကြပါဘုရား။ သာမာဝတီ အမှူးရှိကုန်သော နန်းတွင်းသူ မောင်းမတို့သည် တရားတော်မြတ်ကို နာကြားပါရစေဟူ၍ ပြောဆိုကြပါသည်ဘုရား”ဟု လျှောက်ထားလေ၏။

ထိုအခါ မြတ်စွာဘုရားက “ဒါယကာမင်းကြီး- မြတ်စွာဘုရားတို့အားမည်သည် တစ်ခုတည်းသော နေရာအရပ်သို့ အမြဲမပြတ် ကြွရောက်ခြင်းငှာ မသင့်၊ များစွာသော လူအပေါင်းသည် မြတ်စွာဘုရားကို ကြွလာတော်မူခြင်းငှာ တောင့်တမျှော်စောပေလတ္တံ့”ဟု မိန့်တော်မူသောအခါ “မြတ်စွာဘုရား- ထိုသို့ဖြစ်မူ ရဟန်းတော်တစ်ပါးကို အမိန့်ချမှတ် စေလွှတ်တော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် အရှင်အာနန္ဒာမထေရ်ကို အမိန့်ချမှတ် စေလွှတ်တော်မူ၏။ ထိုအရှင်အာနန္ဒာ မထေရ်မြတ်သည် ငါးရာသော ရဟန်းတို့ကိုယူ၍ အမြဲမပြတ် မင်းအိမ်နန်းတော်သို့ ကြွသွားတော်မူရ၏။ သာမာဝတီ အမှူးရှိသော ထိုနန်းတွင်းသူ မောင်းမငါးရာတို့သည်လည်း အမြဲမပြတ် အာနန္ဒာမထေရ်မြတ်ကို ဆွမ်းလုပ်ကျွေးကြရကုန်၏။ တရားတော်မြတ်ကိုလည်း ကြားနာကြရကုန်၏။

ထိုသာမာဝတီ အမှူးရှိသော ငါးရာသော မိန်းမတို့သည် တစ်နေ့သ၌ အရှင်အာနန္ဒာမထေရ်၏ တရားစကားတော်ကို ကြားနာရသဖြင့် ကြည်ညိုသည်ဖြစ်၍ အပေါ်ရုံ အဝတ်ပုဆိုး ငါးရာတို့ဖြင့် ပူဇော်ခြင်းကို ပြုကြကုန်၏။ တစ်ခုတစ်ခုသော အပေါ်ရုံ အဝတ်ပုဆိုးသည် အသပြာငါးရာ,ငါးရာ အဖိုးထိုက်တန်၏။ မင်းကြီးလည်း ထိုအလုံးစုံသော မောင်းမငါးရာတို့၏အထံ၌ တစ်ခုသော အပေါ်ရုံ အဝတ်ပုဆိုးကို မမြင်သောကြောင့် “သင်တို့၏ ထိုအပေါ်ရုံ အဝတ်ပုဆိုးတို့သည် အဘယ်မှာနည်း”ဟု မေးလေ၏။ “ဘုရားကျွန်မတို့၏ အရှင်ဖြစ်သော အရှင်အာနန္ဒာ မထေရ်မြတ်အား လှူဒါန်းကြပါကုန်သည်”ဟု လျှောက်တင်လေ၏။ “ထိုအရှင်အာနန္ဒာသည် အလုံးစုံသော အပေါ်ရုံ အဝတ်ပုဆိုးတို့ကို အကုန်ပင် ခံယူကုန်သလော”ဟု မေးသဖြင့် “အရှင်မင်းကြီး- အကုန်ပင် ခံယူသည် မှန်ပါသည်”ဟု လျှောက်တင်လေ၏။

အရှင်အာနန္ဒာ သင်္ကန်းများစွာ ရခြင်း

ဥတေနမင်းသည် အရှင်အာနန္ဒာ မထေရ်မြတ်သို့ ချဉ်းကပ် ရှိခိုးပြီးလျှင် ထိုငါးရာသော နန်းတွင်းသူ မောင်းမတို့သည် အပေါ်ရုံ အဝတ်ပုဆိုးတို့ကို လှူဒါန်းအပ်သည် အဖြစ်ကို မေးလျှောက်၍ ထိုမိန်းမတို့ ပေးလှူအပ်သည်၏ အဖြစ်ကိုလည်းကောင်း၊ အရှင်အာနန္ဒာ မထေရ်မြတ် အလှူခံအပ်သည်၏ အဖြစ်ကိုလည်းကောင်း ကြားနာရလျှင် “အရှင်ဘုရား- အဝတ်တို့သည် အလွန်များကုန်သည် မဟုတ်ပါလော၊ ဤမျှလောက်သော အဝတ်တို့ဖြင့် အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်လေ၏။

“ဒကာတော်မင်းကြီး- ငါတို့အား ဝတ်လောက်ရုံမျှသော အဝတ်တို့ကိုယူ၍ ကြွင်းသော အဝတ်တို့ကို ဆွေးမြည့်ဟောင်းနွမ်းသော သင်္ကန်းရှိသော ရဟန်းတို့အား ပေးလှူပါအံ့”ဟု မိန့်တော်မူသည်ရှိသော် “ထိုရဟန်းတို့သည် မိမိ၏ ဆွေးမြည့်ဟောင်းနွမ်းသော သင်္ကန်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော်မင်းကြီး- မိမိထက်ပင် ဆွေးမြည့်ဟောင်းနွမ်းသော သင်္ကန်းရှိသော ရဟန်းတို့အား ပေးလှူကုန်လတ္တံ့”ဟု မိန့်ဆိုပြန်သည်ရှိသော် “အရှင်ဘုရား- ထိုရဟန်းတို့သည် မိမိ၏ အလွန် ဆွေးမြည့်ဟောင်းနွမ်းသော သင်္ကန်းတို့ကို အသို့ ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော်မင်းကြီး- အိပ်ရာခင်း ပြုကြကုန်လတ္တံ့”ဟု မိန့်တော်မူပြန်သည်ရှိသော် “ရှေးက ရှိနှင့်သော အိပ်ရာခင်းဟောင်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “မြေအခင်း ပြုလုပ်ကြကုန်လတ္တံ့”ဟု မိန့်တော်မူပြန်သည်ရှိသော် “ရှေးက ရှိနှင့်သော မြေအခင်းဟောင်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော် မင်းကြီး- ခြေသုတ်ပုဆိုးပြုကုန်လတ္တံ့”ဟု မိန့်ဆိုပြန်သည်ရှိသော် “ရှေးက ရှိနှင့်သော ခြေသုတ်ပုဆိုးဟောင်းတို့ကို အသို့ပြုပါကုန်လတ္တံ့နည်း”ဟု မေးလျှောက်ပြန်လေ၏။ “ဒကာတော် မင်းကြီး- ခြေသုတ်ပုဆိုးဟောင်းတို့ကို အပိုင်းအပိုင်း နုပ်နုပ်ခုတ်စဉ်း၍ မြေညက်ဖြင့်ဆုပ်နယ်ကာ နံရံအကာကို လိမ်းကျံကုန်လတ္တံ့သတည်း”ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား- အရှင်မြတ်တို့အား ဤမျှလောက်အတိုင်းအရှည်ရှိသော လှူဒါန်းအပ်သော အလှူဝတ္ထုတို့သည် မပျက်မစီးကုန်ချေတကား”ဟု လျှောက်ထားလေ၏။ “ဒကာတော်မင်းကြီး- ဪ.. ဟုတ်ပေ၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ဥတေနမင်းကြီးသည် ကြည်ညိုလှသည်ဖြစ်၍ ထိုမှတစ်ပါးလည်းဖြစ်ကုန်သော ငါးရာသော အဝတ်ပုဆိုးတို့ကို ဆောင်ယူစေလျက် မထေရ်မြတ်၏ ခြေရင်း၌ တင်ထား လှူဒါန်းလေ၏။

(အရှင်အာနန္ဒာ မထေရ်မြတ်သည် အရေအတွက် တစ်ထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ထား၍ လှူအပ်သော အဖိုးအားဖြင့် အသပြာငါးရာစီ ထိုက်တန်သော အဝတ်ပုဆိုးတို့ကို အကြိမ်တစ်သိန်းတိုင်တိုင် ရဖူးလေသတတ်။ တစ်ထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ထား၍ လှူအပ်သော တစ်ထောင်စီ ထိုက်တန်သော အဝတ်ပုဆိုးတို့ကို အကြိမ်တစ်ထောင်တိုင်တိုင် ရဖူးလေသတတ်။ တစ်ထောင်စီသော အဖို့အားဖြင့် ခြေရင်း၌ထား၍ လှူအပ်သော တစ်သိန်းစီ ထိုက်တန်သော အဝတ်ပုဆိုးတို့ကို အကြိမ်တစ်ရာတိုင်တိုင် ရတော်မူဖူးလေသတတ်။ တစ်ထည်, နှစ်ထည်, သုံးထည်, လေးထည်, ငါးထည်, ဆယ်ထည် ဤသို့ အစရှိသောနည်းဖြင့် ရအပ်သောအဝတ်ပုဆိုးတို့၏ကား အရေအတွက် အပိုင်းအခြားသည် မရှိလေပြီ။ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် စံယူတော်မူပြီးသည်ရှိသော် အရှင်အာနန္ဒာ မထေရ်သည် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းသို့ လှည့်လည်တော်မူ၍ အလုံးစုံသော ကျောင်းတို့၌ (သီတင်းသုံးသော) ရဟန်းတို့အား မိမိ၏ပစ္စည်းဥစ္စာသာလျှင် ဖြစ်ကုန်သော သပိတ်သင်္ကန်းတို့ကို ပေးလှူတော်မူလေသတတ်။)

သာမာဝတီတို့ကို မာဂဏ္ဍီ မီးတိုက်သတ်ခြင်း

မာဂဏ္ဍီမိဖုရားသည်လည်း “အကြင်အမှုကို ငါသည် ပြု၏၊ ထိုအမှုသည် ထိုပြုတိုင်းမဖြစ်ဘဲ တစ်ပါးသော အခြင်းအရာဖြင့်သာလျှင် ဖြစ်လေဘိ၏။ ဤယခုအခါ အဘယ်သို့ပြုရပါမည်နည်း”ဟု ကြံဆင်ခြင်သည်ရှိသော် “ဤသို့သော အကြောင်းတစ်ခုသည် ရှိပေသည်”ဟု ကြံဆင်ခြင်မိသောကြောင့် ဥတေနမင်းကြီးသည် ဥယျာဉ်ကစားခြင်းငှာ ထွက်သွားခိုက် ဘထွေး စူဠမာဂဏ္ဍီပုဏ္ဏား၏ အထံသို့ သတင်းစကား မှာကြားစေလွှတ်လိုက်သည်မှာ “ဘထွေး- သာမာဝတီ၏ပြာသာဒ်သို့ သွား၍ ပုဆိုးတိုက်တို့ကိုလည်းကောင်း၊ ဆီတိုက်တို့ကိုလည်းကောင်း ဖွင့်စေပြီးလျှင် ပုဆိုးတို့ကို ဆီအိုးတို့၌ ထည့်နှစ်ဆွတ်ဖျန်းသဖြင့် သည်တိုင်တို့ကိုရစ်ပတ်၍ သာမာဝတီ အမှူးရှိကုန်သော ထိုအလုံးစုံသော မိန်းမငါးရာတို့ကို တစ်ပေါင်းတစ်ဖွဲ့တည်း ပြုပြီးမှ တံခါးကို လုံစွာပိတ်လျက် အပ၌ ကျည်ရှင်ယန္တရားပေး၍ (သော့ခတ်၍) မီးတိုင် မီးထုပ်တို့ဖြင့် အိမ်နန်းပြာသာဒ်ကို မီးတိုက်ပြီး သက်ဆင်းကာ သွားပါလော့”ဟု သတင်းစကားကို မှာကြားစေလွှတ်လိုက်၏။ ထိုဘထွေး ပုဏ္ဏားသည်လည်း ပြာသာဒ်သို့တက်၍ ပုဆိုးတိုက်, ဆီတိုက်ဖြစ်သော ကျီကျတို့ကို ဖွင့်စေပြီးလျှင် အဝတ်တို့ကို ဆီအိုးတို့၌ ထည့်နှစ်ဆွတ်ဖျန်းသဖြင့် သည်တိုင်တို့ကို ရစ်ပတ်ခြင်းငှာ အားထုတ်လေ၏။

ထိုအခါ မာဂဏ္ဍီပုဏ္ဏားကြီးကို သာမာဝတီ အမှူးရှိကုန်သော ငါးရာသောမိန်းမတို့သည် “ဘထွေး- ဤယခုပြုသောအမှုကား အဘယ်သို့သော အမှုပါနည်း”ဟု မေးမြန်းပြောဆိုကုန်လျက် ချဉ်းကပ်လာကြကုန်၏။ “ချစ်သမီးတို့- မင်းကြီးသည် မြဲမြံခိုင်ခံ့စေခြင်းငှာ ဤသည်တိုင်တို့ကို ဆီလိမ်းကျံသော ပုဆိုးပိုင်းတို့ဖြင့် ရစ်ပတ်စေတော်မူ၏၊ မင်းအိမ်နန်းတော်၌မည်သည်ကား ကောင်းသဖြင့်ယှဉ်ခြင်း, မကောင်းသဖြင့် ယှဉ်ခြင်း(ခိုင်ခံ့၊ မခိုင်ခံ့) မည်သည်ကို သိနိုင်ခဲ၏၊ ချစ်သမီးတို့- ငါ၏အထံ၌ ဖြစ်ကြကုန်လော့ (လာကြကုန်လော့)”ဟု ဆို၏။ ထိုမိန်းမငါးရာတို့ လာကြကုန်သည်ရှိသော် တိုက်ခန်း၌သွင်းပြီးလျှင် တံခါးတို့ကို လုံစွာပိတ်လျက် အပ၌ ကျည်ရှင်ယန္တရားပေး၍ အစမှ စ၍သာလျှင် မီးတိုက်ကာ ဆင်းသွားလေ၏။ သာမာဝတီမိဖုရားသည် ထိုငါးရာသောမိန်းမတို့အား အဆုံးအမ ဩဝါဒပေးသည်မှာ “ချစ်ညီမတို့- အစမထင်သော သံသရာ၌ ကျင်လည်ခြင်းရှိကုန်သော ငါတို့အား ဤအတူသာလျှင် မီးဖြင့်လောင်ကျွမ်းကုန်သော ခန္ဓာကိုယ် အတ္တဘောတို့၏ အပိုင်းအခြားကို မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ဖြင့်သော်လည်း ထုတ်ဖော်ပိုင်းခြား ရေတွက်ခြင်းငှာ မလွယ်ပေ၊ မမေ့မလျော့သော သတိတရားရှိသူတို့ ဖြစ်ကြကုန်လော့”ဟု အဆုံးအမ ဩဝါဒကို ပေးလေ၏။ ထိုမိန်းမငါးရာတို့သည် အိမ်နန်းပြာသာဒ် မီးလောင်လတ်သည်ရှိသော် ဒုက္ခဝေဒနာသို့ ရောက်ကုန်သော်လည်း သိမ်းဆည်းအပ်သော ကမ္မဋ္ဌာန်းကို နှလုံးသွင်းကြကုန်သဖြင့် အချို့သောမိန်းမတို့သည် သကဒါဂါမိဖိုလ်သို့၊ အချို့သော မိန်းမတို့သည် အနာဂါမိဖိုလ်သို့ ရောက်ကြလေကုန်၏။

သာမာဝတီတို့ သေခြင်းနှင့် မြတ်စွာဘုရား၏ ဥဒါန်းတော်

ထိုအခါ များစွာကုန်သော ရဟန်းတို့သည် ဆွမ်းစားပြီးသောအခါ ဆွမ်းခံရွာမှ ဖဲကုန်သည်ရှိသော် အကြင်အရပ်၌ မြတ်စွာဘုရားသည် သီတင်းသုံး စံနေတော်မူ၏။ ထိုမြတ်စွာဘုရား စံနေတော်မူရာအရပ်သို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သောအရပ်၌ ထိုင်နေကြကုန်၏။ တင့်အပ်လျောက်ပတ်သော အရပ်၌ ထိုင်နေကြကုန်သော ထိုရဟန်းတို့သည် မြတ်စွာဘုရားကို ဤသို့လျှောက်ထားကြကုန်၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ယခုအခါ၌ ဥတေန မင်းကြီး ဥယျာဉ်တော်သို့ ထွက်သွားစဉ် နန်းတွင်းပြာသာဒ် မီးလောင်လတ်သည်ဖြစ်၍ သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့သည် သေလွန်ခြင်းကို ပြုကြပါကုန်ပြီ၊ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား- ထိုဥပါသိကာမတို့အား အဘယ်သို့သော လားရာဂတိ ရှိပါသနည်း၊ အဘယ်သို့သော တမလွန်ဘဝ ရှိပါသနည်းဘုရား”ဟု ဤသို့သော စကားကို လျှောက်ထားကြကုန်၏။

“ချစ်သားရဟန်းတို့- ဤငါးရာသော ဥပါသိကာမတို့တွင် သောတာပန်တို့သည်လည်း ပါရှိကြကုန်၏၊ သကဒါဂါမ်တို့သည်လည်း ပါရှိကြကုန်၏၊ အနာဂါမ်တို့သည်လည်း ပါရှိကြကုန်၏။ ချစ်သား ရဟန်းတို့- ထိုအလုံးစုံကုန်သော ဥပါသိကာမတို့သည် မဂ်ဖိုလ်ရခြင်းတည်းဟူသော အကျိုးမှ ကင်းသဖြင့် သေလွန်ခြင်းကို ပြုကြရသည် မဟုတ်”ဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤသို့သော အကြောင်းကို သိမြင်တော်မူပြီး၍ ထိုသိမြင်တော်မူသော အခါ၌ ဤဥဒါန်းကို ကျူးရင့်တော်မူလေ၏။

မောဟသမ္ဗန္ဓနော လောကော၊ ဘဗ္ဗရူပေါဝ ဒိဿတိ။
ဥပဓိဗန္ဓနော ဗာလော၊ တမသာ ပရိဝါရိတော။
သဿတီ ဝိယ ခါယတိ၊ ပဿတော နတ္ထိ ကိဉ္စနံ။

လောကော၊ လူများအပေါင်းသည်။ မောဟသမ္ဗန္ဓနော၊ မောဟနှင့် စပ်ယှဉ်ခြင်း သဘောရှိလျက်။ ဘဗ္ဗရူပေါဝ၊ သင့်တော်လျော်ကန် ထိုက်တန်သော သဘောရှိသကဲ့သို့။ ဒိဿတိ၊ ထင်ရှားပြ၏။ ဗာလော၊ သူမိုက်သည်။ ဥပဓိဗန္ဓနော၊ ကိလေသာတည်းဟူသော အနှောင်အဖွဲ့ဖြင့် နှောင်ဖွဲ့ အပ်သည်ဖြစ်လျက်။ တမသာ၊ အဝိဇ္ဇာဟူသော အမိုက်မှောင်ဖြင့်။ ပရိဝါတော၊ ခြံရံအပ်သည်ဖြစ်လျက်။ သဿတီ ဝိယ၊ မြဲသောသဘောရှိသကဲ့သို့။ ခါယတိ၊ ထင်ရှားပြ၏။ ပဿတော၊ ဉာဏ်ဖြင့်ရှုကြည့် မြင်သိပြီးသောသူအား။ ကိဉ္စနံ၊ ကိလေသာဟူသော ကြောင့်ကြစိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။

ဤသို့သော ဥဒါန်းကို ကျူးရင့်သောအား ဟောကြားတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ဤသတ္တဝါတို့မည်သည်ကား သံသရာဝဋ်မှ တပြောင်းပြန်ပြန် ကျင်လည်ပြေးသွားကြရကုန်သည်ဖြစ်၍ အခါခပ်သိမ်း မမေ့မလျော့ကုန်သဖြင့် ကုသိုလ်ကောင်းမှုကိုသာလျှင် စီမံအားထုတ် ပြုလုပ်ကြကုန်သည် မဟုတ်၊ မေ့လျော့ခြင်း ရှိကုန်သည်ဖြစ်၍ အကုသိုလ် မကောင်းမှုကိုလည်း စီမံအားထုတ် ပြုလုပ်ကြကုန်၏။ ထို့ကြောင့် သံသရာဝဋ်မှ ကျင်လည်ပြေးသွားကုန်သော သတ္တဝါတို့သည် ချမ်းသာကိုလည်းကောင်း၊ ဆင်းရဲကိုလည်းကောင်း အစဉ်မလွဲ အမြဲခံစားကြရကုန်၏”ဟု တရားတော်ကို ဟောကြားတော်မူလေ၏။

မာဂဏ္ဍီသည် ဆွေမျိုးအပေါင်းနှင့်တကွ သေဒဏ်(ဆု)ရခြင်း

ဥတေနမင်းကြီးသည် သာမာဝတီမိဖုရား၏ အိမ်နန်းပြာသာဒ် မီးလောင်သတတ်ဟု ကြားသိရ၍ လျင်မြန်စွာသောအဟုန်ဖြင့် လာခဲ့သော်လည်း မီးမလောင်ကျွမ်းမီ အမီရောက်လာခြင်းငှာ မစွမ်းနိုင်လေ။ ရောက်လာပြီး၍ကား အိမ်နန်းပြာသာဒ်ကို မီးငြိမ်းစေပြီးလျှင် ဖြစ်ပေါ်တိုးပွားအားကြီးသော နှလုံးမသက်သာခြင်းရှိသဖြင့် အမတ်အပေါင်းခြံရံကာ ထိုင်နေတော်မူလျက် သာမာဝတီမိဖုရား၏ ဂုဏ်ကျေးဇူးတို့ကို အဖန်ဖန် အောက်မေ့သဖြင့် “ဤအမှုကား အဘယ်သူ၏ အမှုဖြစ်ပေလိမ့်မည်နည်း”ဟု ကြံဆင်ခြင်လတ်သော် “မာဂဏ္ဍီ ပြုအပ်သော အမှုဖြစ်ပေလိမ့်မည်”ဟု သိပြီး၍ “ခြိမ်းခြောက်မောင်းမဲ၍ မေးအပ်သည်ရှိသော် မပြောမဆိုဘဲ ရှိလတ္တံ့၊ သာယာညှင်းပျောင်း အကြောင်းဥပါယ်တံမျဉ်ဖြင့် မေးအံ့”ဟု ကြံတော်မူ၍ အမတ်တို့ကို “အို..အချင်း အမတ်အပေါင်းတို့- ငါဘုရင်မင်းမြတ်သည် ဤနေ့မှ ရှေးအဖို့၌ အဖန်ဖန်ထကြွ ဝီရိယလျင်လျား လုံ့လထားသော်လည်း တွေးတောယုံမှား ရွံ့ရှားကြောက်လန့်လျက်သာ နေရ၏။ သာမာဝတီသည် ငါမင်းမြတ်အပေါ်၌ အမြဲမပြတ် ပျက်စီးစေရန်အခွင့်ကိုသာ ရှာကြံလျက်နေ၏၊ ဤယခုအခါ၌မူကား ငါ၏စိတ်သည် ငြိမ်းအေးခြင်း ဖြစ်ရပေတော့လတ္တံ့၊ ချမ်းသာစွာ နေခြင်းငှာ ရပေတော့လတ္တံ့”ဟု မိန့်မြွက်လေ၏။ အမတ်အပေါင်းတို့ကလည်း “အရှင်မင်းမြတ်- ဤအမှုကို အဘယ်သူသည် ပြုပါသနည်း”ဟု မေးလျှောက်သံတော်ဦး တင်ကြကုန်သည်ရှိသော် “ငါဘုရင်မင်းမြတ်အပေါ်၌ ချစ်ခြင်းမေတ္တာဖြင့် တစ်စုံတစ်ယောက်သောသူ ပြုသည်ဖြစ်ပေလတ္တံ့”ဟု မိန့်မြွက်ပြန်လေ၏။

မာဂဏ္ဍီမိဖုရားသည်လည်း အနီးအပါး၌ တည်နေလျက် ထိုစကားကို ကြားရလေလျှင် “အရှင်မင်းမြတ်- အမှုကို တစ်ပါးသော တစ်စုံတစ်ယောက်သောသူသည် ပြုခြင်းငှာ စွမ်းနိုင်လိမ့်မည် မဟုတ်၊ ဘုရားကျွန်မ ပြုအပ်ပါသည်ဘုရား၊ ဘုရားကျွန်မသည် ဘထွေးကိုစေခိုင်း၍ ပြုစေရပါသည်”ဟု တင်လျှောက်လေ၏။ (ထိုအခါ မင်းကြီးက) “အသင် မာဂဏ္ဍီကိုဖယ်ထား၍ ငါ့အပေါ်၌ ချစ်မြတ်နိုးသော တစ်ပါးသောသူမည်သည် မရှိ၊ သင့်အပေါ် ငါသည် ယုံကြည်နှစ်သက်ခြင်း ရှိပေ၏၊ သင့်အား ငါသည် မြတ်သောဆုကို ပေးသနားတော်မူအံ့၊ မိမိ၏ ဆွေမျိုးအပေါင်းကို ခေါ်စေလော့”ဟု မိန့်မြွက်တော်မူလေ၏။ မာဂဏ္ဍီ မိဖုရားသည် ဆွေမျိုးတို့အထံသို့ “မင်းကြီးသည် ငါ့အပေါ်၌ ယုံကြည်နှစ်သက်ခြင်း ရှိလှသည်ဖြစ်၍ မြတ်သောဆုကို ပေးသနားတော်မူ၏၊ လျင်မြန်စွာ လာခဲ့ကြလော့”ဟု သတင်းစကားကို မှာထားစေလွှတ်လိုက်လေ၏။ မင်းကြီးသည် လာတိုင်းလာတိုင်းကုန်သော သူတို့အား ကြီးစွာသော ပူဇော်သက္ကာရကို ပြုစေ၏။ ထိုထိုသို့သော အခြင်းအရာကိုမြင်၍ မာဂဏ္ဍီမိဖုရား၏ ဆွေမျိုးမတော်သော သူတို့သည်လည်း တံစိုးလက်ဆောင်ပေး၍ “ငါတို့သည် မာဂဏ္ဍီမိဖုရား၏ ဆွေမျိုးတို့ပါတည်း”ဟူ၍ ပြောဆိုကာ လာကြလေကုန်၏။ ဥတေနမင်းကြီးသည် ထိုအလုံးစုံကုန်သောသူတို့ကို ဖမ်းယူစေ၍ မင်းရင်ပြင်၌ ချက်အတိုင်းအရှည် ပမာဏရှိသော တွင်းတို့ကို တူးစေပြီးလျှင် ထိုအလုံးစုံကုန်သော သူတို့ကို တွင်းထဲ၌ ထိုင်နေစေသဖြင့် မြေမှုန့်တို့ဖြင့်ဖို့၍ အထက်၌ ကောက်ရိုးတို့ကို ဖြန့်ကြဲစေပြီး မီးတိုက်စေ၏။ အရေထူလောင်ကျွမ်းသောအခါ၌ သံထွန်သွားဖြင့် ထွန်စေ၍ အပိုင်းအပိုင်း အမျှင်အမျှင်ကို ပြုစေလေ၏။ မာဂဏ္ဍီ၏ကိုယ်မှလည်း ထက်စွာသောဓားဖြင့် ထူထဲထူထဲကုန်သော နေရာတို့၌ အသားကို လှီးခွာယူစေပြီးလျှင် ဆီအိုးကင်းကို ခုံလောက်ထက်သို့တင်၍ မုန့်တို့ကဲ့သို့ ကြော်စေလျက် ထိုမာဂဏ္ဍီကိုပင် စားခိုင်းလေ၏။

သာမာဝတီတို့၏ ရှေးအတိတ်

တရားသဘင်၌ ရဟန်းတို့သည် “ငါ့ရှင်တို့- ဤသို့သဘောရှိသော သဒ္ဓါကြည်ညိုခြင်းရှိပေသော ဥပါသိကာမအား ဤသို့သဘောရှိသော သေရခြင်းသည် မလျောက်ပတ် မသင့်လျော်လေစွတကား”ဟု စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါဘုရား ကြွလာတော်မူဆဲအခါ၌ အဘယ်သို့သော စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သောစကားဖြင့် စည်းဝေးနေထိုင်ကြပါကုန်သည်ဘုရား”ဟု လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- သာမာဝတီ အမှူးရှိကုန်သော ထိုဥပါသိကာမ ငါးရာတို့အား ဤဘဝခန္ဓာ အတ္တဘော၌ မသင့်လျော် မလျောက်ပတ်သော သေခြင်းသို့ ရောက်ရလေသည်။ ရှေးဘဝ၌ ပြုခဲ့ဖူးသောကံအား သင့်လျော်လျောက်ပတ်သော သေခြင်းကိုသာ ထိုဥပါသိကာမတို့ ရလေပြီ”ဟု မိန့်တော်မူလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ထိုဥပါသိကာမတို့သည် ရှေး၌ ပြုဖူးသော ကံသည်ကား အဘယ်ပါနည်း၊ ထိုအကြောင်းကို ဟောကြားတော်မူပါ”ဟု ထိုရဟန်းတို့ လျှောက်ထားတောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူလေ၏။

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် မင်း၏နန်းတော်၌ အမြဲမပြတ် ရှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ ငါးရာကုန်သော နန်းတွင်းသူ မိန်းမတို့သည် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ကို လုပ်ကျွေးပြုစုကြကုန်၏။ ထိုရှစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့တွင် ခုနစ်ပါးကုန်သော ပစ္စေကဗုဒ္ဓါတို့သည် ဟိမဝန္တာသို့ ကြွတော်မူကြကုန်၏။ တစ်ပါးသော ပစ္စေကဗုဒ္ဓါသည် မြစ်ဆိပ်ကမ်းနား၌ တစ်ခုသော မြက်ချုံသည် ရှိ၏။ ထိုမြက်ချုံ၏အတွင်း၌ ဈာန်သမာပတ်ကို ဝင်စား၍ နေတော်မူ၏။ ထိုအခါ တစ်နေ့သ၌ မင်းကြီးသည် ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ ကြွသွားတော်မူကြကုန်သည်ရှိသော် ထိုငါးရာသော နန်းတွင်းသူမိန်းမတို့ကို ခေါ်ဆောင်၍ ရေကစားခြင်းကို ကစားခြင်းငှာ ထွက်သွားလေ၏။ ထိုရေကစားရာ ရေဆိပ်၌ ထိုမိန်းမငါးရာတို့သည် နေ့အဖို့ပတ်လုံး ရေ၌ကစား၍ ရေမှတက်ပြီးလျှင် အချမ်းဖြင့် ပြင်းစွာ နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မီးလှုံခြင်းငှာ အလိုရှိကုန်သဖြင့် “ငါတို့အား မီးထည့်ရာအရပ်ကို ကြည့်ရှုကြကုန်လော့”ဟု ပြောဆိုပြီးလျှင် ထိုမှဤမှ အဖန်ဖန် လှည့်လည်ကုန်သည်ရှိသော် အရှင်ပစ္စေကဗုဒ္ဓါ ဈာန်သမာပတ် ဝင်စားတော်မူရာ ထိုမြက်ရုံကိုမြင်၍ မြက်အစုတည်းဟူသော အမှတ်သညာဖြင့် ဝန်းရံကာ တည်နေကုန်လျက် မီးထည့်ကြကုန်၏။ မြက်တို့ကို မီးလောင်၍ ပြာကျကုန်သည်ရှိသော် ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကိုမြင်၍ “ငါတို့သည် ပျက်စီးကြလေကုန်ပြီ၊ ငါတို့မင်းကြီး၏ အရှင်ပစ္စေကဗုဒ္ဓါသည် မီးလောင်ခဲ့ပြီ၊ မင်းကြီး သိတော်မူသည်ရှိသော် ငါတို့ကို ဖျက်ဆီးပေလတ္တံ့၊ ထိုပစ္စေကဗုဒ္ဓါကို ကောင်းစွာ လောင်ကျွမ်းအောင် ပြုကြကုန်အံ့”ဟု (တိုင်ပင်၍) ထိုအလုံးစုံသော မိန်းမတို့သည် ထိုမှဤမှ ထင်းတို့ကို ယူဆောင်၍ ပစ္စေကဗုဒ္ဓါအရှင်မြတ်၏ အထက်၌ ထင်း အစုအပုံကို ပြုကြသဖြင့် ကြီးစွာသော ထင်းပုံအစုကြီးသည် ဖြစ်လေ၏။ ထို့နောက် ထင်းပုံကြီးကို မီးတိုက်၍ “ယခုအခါ၌မူကာ အကြွင်းမရှိ လောင်ကျွမ်းပေတော့မည်”ဟု ဖဲသွားကြလေကုန်၏။

ထိုမိန်းမတို့သည် ရှေးဦးစွာ စိတ်စေတနာ မရှိသည်သာလျှင် ဖြစ်သောကြောင့် ကံဖြင့် မဖွဲ့အပ်(ကံမထိုက်)ကုန်၊ ဤယခုအခါ နောက်အကြိမ်မှာကား စေတနာရှိသောကြောင့် ကံဖြင့် ဖွဲ့အပ်ကုန်၏။ (ကံထိုက်ကုန်၏။) အရှင်ပစ္စေကဗုဒ္ဓါကိုကား ဈာန်သမာပတ်၏အတွင်း၌ လှည်းအစီးတစ်ထောင်တို့ဖြင့် ထင်းတို့ကိုစုပုံ၍ မီးတိုက်သော်လည်း အခိုးထွက်၍ မီးငွေ့သင့်စေခြင်းမျှလည်း မီးစွဲယူခြင်းငှာမစွမ်းနိုင်။ ထို့ကြောင့် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်သည် ခုနစ်ရက်မြောက်သောနေ့၌ သမာပတ်မှ ထတော်မူပြီးလျှင် အလိုရှိတော်မူတိုင်း ချမ်းသာစွာ ကြွသွားတော်မူလေ၏။ ထိုမိန်းမတို့သည်လည်း ထိုမကောင်းမှုကံကို ပြုအပ်သည်အဖြစ်ကြောင့် များစွာကုန်သော အနှစ်တစ်သိန်းတို့ ကာလပတ်လုံး ငရဲ၌ ကျက်ရပြီးမှ ထိုအကုသိုလ်ကံ၏ အကျိုးကြွင်း၏ အစွမ်းဖြင့်သာလျှင် ဘဝအရာတို့ပတ်လုံး ဤနည်းဖြင့်သာလျှင် နေအိမ် မီးသင့်လောင်သည်ရှိသော် မိမိတို့ပါ မီးကျွမ်းလောင်ကြရလေကုန်၏။ ဤကား သာမာဝတီ အမှူးရှိသော မိန်းမငါးရာတို့၏ ရှေးမကောင်းမှုကံတည်း။

ခုဇ္ဇုတ္တရာ၏ အတိတ်ကံအကြောင်း

ဤသို့ မိန့်တော်မူသည်ရှိသော် ရဟန်းတို့သည် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ခုဇ္ဇုတ္တရာသည် အဘယ်ကံကြောင့် ခါးကုန်းမ ဖြစ်ရပါသနည်း၊ အဘယ်ကံကြောင့် ပညာကြီးပါသနည်း၊ အဘယ်ကံကြောင့် သောတာပတ္တိဖိုလ်ကို ရပါသနည်း၊ အဘယ်ကံကြောင့် သူတစ်ပါးတို့၏ အစေအပါးခံရသော ကျွန်မ ဖြစ်ရပါသနည်းဘုရား”ဟု မေးလျှောက်ကြပြန်လေကုန်၏။ “ချစ်သားရဟန်းတို့- ထိုဗြဟ္မဒတ်မင်းသည်ပင် ဗာရာဏသီပြည်၌ မင်းပြုသောကာလ၌ ထိုရှစ်ပါးသာလျှင် ဖြစ်ကုန်သော ပစ္စေကဗုဒ္ဓါတို့တွင် တစ်ပါးသော ပစ္စေကဗုဒ္ဓါသည် အနည်းငယ် ခါးကုန်းသော သဘောရှိ၏။ ထိုအခါ တစ်ယောက်သော အလုပ်အကျွေး မိန်းမသည် ကမ္ဗလာကို လွှမ်းခြုံဝတ်ရုံလျက် ရွှေခွက်ငယ်ကို ကိုင်ယူပြီးလျှင် “ငါတို့၏ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးသည် ဤသို့ ဤသို့ လှည့်လည် ကြွသွားဘိသည်”ဟု ကုန်းသောသူ၏ အဖြစ်ဖြင့် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီး၏ လှည့်လည် ကြွသွားတော်မူလေဟန် အခြင်းအရာကို ပြက်ရယ်ပြု၍ ပြလေ၏။ ထိုပြက်ရယ်ပြုသောကံ၏ အကျိုးဆက်ဖြင့် ခါးကုန်းမ ဖြစ်ရလေ၏။ ပညာကြီးကြောင်းကား- ထိုပစ္စေကဗုဒ္ဓါတို့ကို ရှေးဦးစွာသောနေ့၌ မင်းအိမ်နန်းတော်၌ နေစေသဖြင့် သပိတ်တို့ကို ယူစေပြီးလျှင် နို့ဃနာဆွမ်းဖြင့် ပြည့်စေ၍ ပေးလှူစေ၏။ ပူလှစွာသော နို့ဃနာဆွမ်းဖြင့်ပြည့်သော သပိတ်တို့ကို ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် လက်ပြောင်း၍ ပြောင်း၍သာလျှင် ကိုင်ယူကြရကုန်၏။ ထိုပြက်ရယ်မှုပြုသော မိန်းမသည် ထိုသို့သော အခြင်းအရာတို့ဖြင့် ပြုတော်မူကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ကို မြင်ရလျှင် မိမိ၏ဥစ္စာဖြစ်ကုန်သော ဆင်စွယ်လက်ကောက် ရှစ်ခုတို့ကို ပေးလှူ၍ “ဤလက်ကောက်ထက်၌ တင်ထား၍ ကိုင်ယူတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါတို့သည်လည်း ထိုသို့ဆိုတိုင်းသော အခြင်းအရာဖြင့်ပြု၍ ထိုဥပါသိကာမကို ကြည့်လတ်သောအခါ “အရှင်ဘုရားတို့- တပည့်တော်မတို့အား ဤလက်ကောက်တို့ဖြင့် အလိုမရှိပါပြီ၊ အရှင်မြတ်တို့အားသာလျှင် ဤလက်ကောက်တို့ကို စွန့်လှူအပ်ပါကုန်ပြီ၊ ယူဆောင်၍ ကြွတော်မူကြပါဘုရား”ဟု လျှောက်ထားလေ၏။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် နန္ဒမူတောင်ဝှမ်း (လိုဏ်ခေါင်း)သို့ယူ၍ ကြွသွားတော်မူကြလေကုန်၏။

ခုဇ္ဇုတ္တရာသည် ထိုလက်ကောက် သပိတ်ခြေလှူရသော ကုသိုလ်ကံ၏ အကျိုးဆက်ဖြင့် ယခုအခါ ပိဋကတ်သုံးပုံကို ဆောင်နိုင်သော ပညာကြီးသောသူ ဖြစ်လေ၏။ အရှင်ပစ္စေကဗုဒ္ဓါတို့အား လုပ်ကျွေးသမှု ပြုစုရသောကံ၏ အကျိုးဆက်ဖြင့် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ ဤသည်ကား ထိုခုဇ္ဇုတ္တရာ၏ ဘုရားနှစ်ဆူတို့၏ တစ်ခုသောအကြား၌ ပြုအပ်သော ကံပေတည်း။

ခုဇ္ဈတ္တရာ၏ အစေခံကျွန်မ ဖြစ်ရခြင်း အတိတ်ကံ

အစေအပါးခံရသော ကျွန်မ ဖြစ်ရကြောင်းကား- ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်အခါ ဗာရာဏသီပြည်၌ တစ်ယောက်သော သူဌေးသမီးသည် ညချမ်းသောအခါ မှန်ကြေးမုံကိုယူ၍ မိမိကိုယ်ကို တန်ဆာဆင်လျက် နေလေ၏။ ထိုအခါ ထိုသူဌေးသမီးအား ချစ်ကျွမ်းဝင်သော တစ်ပါးသော ရဟန္တာဘိက္ခုနီမသည် ထိုသူဌေးသမီးကို ရှုမြင်ခြင်းငှာ သွားလေ၏။ ထိုစကား မှန်၏။ ဘိက္ခုနီမတို့သည် အာသဝေါကုန်ပြီးသော ရဟန္တာမိန်းမတို့ ဖြစ်ကုန်သော်လည်း ညချမ်းသောအခါ၌ အလုပ်အကျွေးဖြစ်ကုန်သော အမျိုးတို့ကို ရှုမြင်ခြင်းငှာ အလိုရှိကြကုန်၏။ ထိုခဏ၌ သူဌေးသမီး၏အထံဝယ် တစ်စုံတစ်ယောက်သော အစေအပါးခံသူသည် မရှိပေ။ ထိုသူဌေးသမီးသည် “အရှင်မ- (မဝံ့မစား) ရှိခိုးပါ၏။ တပည့်တော်မ၏ ထိုတန်ဆာပခြုပ်ကိုယူ၍ ပေးသနားတော်မူပါကုန်ဦးလော့”ဟု ဆိုလေ၏။ မထေရ်မက ကြံဆင်ခြင်သည်မှာ “ဤသူဌေးသမီးအား ဤဘဏ္ဍာထုပ် တန်ဆာပခြုပ်ကို အကယ်၍ ယူမပေးသည် ဖြစ်ခဲ့အံ့၊ ငါ၌ ရန်ငြိုးဖွဲ့၍ ငရဲ၌ ဖြစ်လတ္တံ့၊ ငါသည် အကယ်၍ ယူပေးသည်ဖြစ်ခဲ့အံ့၊ သူတစ်ပါး၏ အစေအပါးခံရသော ကျွန်မ၏အဖြစ်ဖြင့် ဖြစ်ပေလတ္တံ့၊ စင်စစ်အားဖြင့် ငရဲ၌ ပူလောင်ပြင်းပြ ဆင်းရဲဒုက္ခကို ခံရသောထက် သူတစ်ပါး၏ အစေအပါး ကျွန်အမှုလုပ် ဖြစ်ရခြင်းသည်ကား မြတ်သေး၏”ဟု ကြံဆင်ခြင်တော်မူ၍ ထိုရဟန္တာမသည် သူဌေးသမီးအား အစဉ်သနားသည်ကို အစွဲပြု၍ ဘဏ္ဍာထုပ် တန်ဆာပခြုပ်ကိုယူ၍ သူဌေးသမီးအား ပေးလိုက်ရလေ၏။ ထိုအကုသိုလ်ကံ၏ အကျိုးဆက်ဖြင့် သူတစ်ပါး၏ အစေအပါးကို ခံရသော ကျွန်အမှုလုပ် ဖြစ်ရလေသည်ဟု ဟောကြားတော်မူလေ၏။

သာမာဝတီနှင့် မာဂဏ္ဍီတို့၏ ထူးခြားပုံ

တစ်ဖန် တစ်နေ့သောအခါ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့သည် အိမ်နန်းပြာသာဒ်၌ မီးဖြင့် လောင်ကျွမ်းကုန်၏၊ မာဂဏ္ဍီ၏ဆွေမျိုးတို့ကား အထက်၌ ကောက်ရိုးမီးတိုက်ရှို့၍ သံထွန်သွားတို့ဖြင့် တိုက်ခွဲ ဖျက်ဆီးအပ်ကုန်၏၊ မာဂဏ္ဍီကိုကား ကျိုက်ကျိုက်ဆူသော ဆီပူဖြင့် ကျက်စေအပ်၏။ ဤသို့ သေကျေပျက်စီးကြသောအရာ၌ အဘယ်သူတို့သည် အသက်ရှည်သည် မည်ကုန်သနည်း၊ အဘယ်သူတို့သည် သေသည် မည်ကုန်သနည်း” ဟူသောစကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရား ကြွလာတော်မူဆဲဖြစ်သော ယခုအခါ၌ အဘယ်သို့သောစကား ပြောကြားခြင်းဖြင့် စည်းဝေး ထိုင်နေကြကုန်ဘိသနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သောစကား ပြောကြားခြင်းဖြင့် စည်းဝေးထိုင်နေကြပါသည်ဘုရား”ဟု လျှောက်ကြားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- အကြင်သူတို့သည် ကုသိုလ်ကောင်းမှု၌ မေ့လျော့ကြကုန်၏၊ ထိုသူတို့သည် အနှစ်တစ်ရာပင် အသက်ရှည်လေငြားသော်လည်း သေသည် မည်ကုန်သည်သာလျှင်တည်း၊ အကြင်သူတို့သည် မမေ့မလျော့ကြကုန်၊ ထိုသူတို့သည် သေလွန်ကုန်သော်လည်း အသက်ရှည်သည် မည်ကုန်သည်သာလျှင်တည်း၊ ထို့ကြောင့် မာဂဏ္ဍီသည် အသက်ရှည်၍ပင် နေငြားသော်လည်း သေသည် မည်သည်သာလျှင်တည်း၊ သာမာဝတီ အမှူးရှိကုန်သော ငါးရာသော မိန်းမတို့သည်ကား သေလွန်ကုန်ငြားသော်လည်း အသက်ရှည်သည် မည်ကုန်သည်သာလျှင်တည်း၊ ချစ်သားရဟန်းတို့- ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော သူတို့သည် မသေသည် မည်ကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

သေသော်လည်း ရှင်၍၊ ရှင်သော်လည်း သေနေသူများ

[၂၁] အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။
[၂၂] ဧဝံ ဝိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။
[၂၃] တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

အပ္ပမာဒေါ၊ ကုသိုလ်ကောင်းမှု၌ သတိမကင်း မမေ့မလျော့ခြင်းသည်။ အမတပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းတည်း။ ပမာဒေါ၊ သတိလွတ်ကင်း မေ့လျော့ခြင်းသည်။ မစ္စုနော၊ သေရခြင်း၏။ ပဒံ၊ အကြောင်းတည်း။ အပ္ပမတ္တာ၊ မမေ့မလျော့ သတိရှိကုန်သော သူတို့သည်။ န မီယန္တိ၊ သေသည် မမည်ကုန်။ ယေ၊ အကြင်သူတို့သည်။ ပမတ္တာ၊ မေ့လျော့ကြကုန်၏။ တေ၊ ထိုမေ့လျော့ကုန်သော သူတို့သည်။ မတာ ယထာ၊ သေကုန်သော သူတို့ကဲ့သို့တည်း။

အပ္ပမာဒမှိ၊ မမေ့မလျော့ခြင်း၌။ ဌိတာ၊ တည်ကုန်သော။ ပဏ္ဍိတာ၊ ကြောင်းကျိုးမြင်သိ ပညာရှိတို့သည်။ ဧဝံ၊ ဤသို့။ ဝိသေသတော၊ အထူးအားဖြင့်။ ဉတွာ၊ ဧကန်ထင်ထင် သိမြင်ကုန်၍။ အပ္ပမာဒေ၊ မမေ့မလျော့ခြင်း၌။ ပမောဒန္တိ၊ နှစ်သက်ဝမ်းမြောက်ကြကုန်၏။ တေ၊ ထိုပညာရှိတို့သည်။ အရိယာနံ၊ ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့၏။ ဂေါစရေ၊ ကျက်စားရာဖြစ်သော သတိပဋ္ဌာန်အစရှိသော ဗောဓိပက္ခိယတရား လောကုတ္တရာတရား ကိုးပါး၌။ ရတာ၊ နှလုံးရွှင်ပျော် မွေ့လျော်ကြကုန်သည်။ ဟောန္တိ၊ ဖြစ်ကြကုန်၏။

ဈာယိနော၊ သမာပတ် ရှစ်ပါးတည်းဟူသော အာရမ္မဏူပနိဇ္ဈာယနဈာန်, ဝိပဿနာ မဂ်ဖိုလ်တည်းဟူသော လက္ခဏူပနိဇ္ဈာယနဈာန်အားဖြင့် နှစ်ပါးသော ဈာန်ရှိကုန်သော။ သာတတိကာ၊ အမြဲမပြတ် ဖြစ်စေအပ်သော ကာယိက, စေတသိက လုံ့လရှိကုန်သော။ နိစ္စံ၊ အမြဲ။ ဒဠှပုရက္ကမာ၊ ပြင်းစွာ အားထုတ်ခြင်း ရှိကုန်သော။ တေ ဓီရာ၊ ထိုပညာရှိတို့သည်။ ယောဂက္ခေမံ၊ ယောဂလေးပါးတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော။ အနုတ္တရံ၊ မိမိထက်လွန်မြတ်သော တရားမရှိသော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ဖုသန္တိ ၊ ရောက်ကြကုန်၏။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏ အဆုံး၌ များစွာကုန်သော သူတို့သည် သောတာပန်စသည်တို့ ဖြစ်ကြလေကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သာမာဝတီမိဖုရားဝတ္ထု ပြီး၏။