သာရိပုတ္တတ္ထေရဝတ္ထု

ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ယမကဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၈။ သာရိပုတ္တတ္ထေရဝတ္ထု
324775ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ယမကဝဂ် — ၈။ သာရိပုတ္တတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၈။ အရှင်သာရိပုတြာမထေရ်ဝတ္ထု

အသောရေ သာရမတိနော အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် အဂ္ဂသာဝကတို့ လျှောက်ကြား သိစေအပ်သော သိဉ္စည်းပရိဗိုဇ်၏ မလိုက်လာခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။ ထိုဝတ္ထု၌ ဤဆိုလတ္တံ့သည်ကား အစဉ်အတိုင်းဖြစ်သော စကားတည်း။

ဘုရားအလောင်းသုမေဓာ ကိုယ်ကို တံတားခင်းလှူခြင်း

ငါတို့ မြတ်စွာဘုရားသည် ဤကမ္ဘာမှ ပြန်၍ရေသည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ အမရဝတီ အမည်ရှိသောမြို့၌ သုမေဓာ အမည်ရှိသော ပုဏ္ဏားလုလင် သတို့သားဖြစ်၍ အလုံးစုံသော အတတ်ပညာတို့၌ အပြီးအဆုံးသို့ရောက်ပြီးလျှင် မိဘနှစ်ပါး ကွယ်လွန်သွားသဖြင့် ကုဋေပေါင်းများစွာဟု ဆိုအပ်သော ဥစ္စာကို စွန့်ကြဲပေးကမ်း လှူဒါန်းပြီးနောက် ရသေ့ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ ဟိမဝန္တာ၌နေလျက် ဈာန်အဘိညာဉ်တို့ကို ဖြစ်စေပြီးလျှင် ကောင်းကင်ခရီးဖြင့် ကြွသွားစဉ် ဒီပင်္ကရာ မြတ်စွာဘုရား၏ သုဒဿန အမည်ရှိသော ကျောင်းတော်မှ ရမ္မဝတီ ပြည်ခွင်သို့ ကြွဝင်တော်မူရန် လမ်းခရီးကို သုတ်သင်ပြင်ဆင်ကြသည်ကို မြင်ရသဖြင့် မိမိသည်လည်း တစ်ခုသော အရပ်ကိုယူ၍ သုတ်သင်ရာ ထိုနေရာမပြီးမီ ကြွလာတော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားအား မိမိ၏ကိုယ်ကို တံတားပြု၍ ညွန်ပျောင်း၌ သစ်နက်ရေကို (သစ်နက်ရေ-မည်းနက်သော ကျားတစ်မျိုးကို သစ်နက်ဟု ခေါ်သည်၊ ရာဂတဏှာ လွန်စွာနည်းပါးသော သတ္တဝါမျိုးဖြစ်၍ ၎င်းတို့၏ သားရေကို ရာဂတဏှာ ခေါင်းပါးရန် ကျင့်သော ရသေ့သူတော်သူမြတ်တို့ အမြတ်တနိုး ဝတ်ရုံခြင်း၊ နေရာထိုင်ခင်းပြုခြင်းဖြင့် အသုံးပြုသတတ်။) ခင်းလျက် “ဘုရားရှင်သည် တပည့်သံဃာတော်အပေါင်းနှင့်တကွ ညွန်ပျောင်းကိုမနင်းမူ၍ ငါ့ကိုနင်းတော်မူလျက် ကြွတော်မူစေသတည်း”ဟု အလျား ပျပ်ပျပ်ဝပ်၍ အိပ်လေ၏။ ဘုရားရှင်သည် ထိုရသေ့သုမေဓာကို မြင်လျှင်မြင်ချင်း “ဤသူကား ဘုရားအညွန့်အလောင်းတည်း၊ နောင်အခါ ကမ္ဘာတစ်သိန်း အလွန်ရှိသော လေးအသင်္ချေတို့၏အဆုံး၌ ဂေါတမအမည်ရှိသောဘုရားသည် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။

နှစ်ကျိပ်လေးဆူထံမှ ဗျာဒိတ်ရ

ထိုဒီပင်္ကရာ မြတ်စွာဘုရား၏ နောက်အဖို့၌ ကောဏ္ဍည ဘုရားလည်းကောင်း၊ မင်္ဂလဘုရားလည်းကောင်း၊ သုမန ဘုရားလည်းကောင်း၊ ရေဝတဘုရားလည်းကောင်း၊ သောဘိတ ဘုရားလည်းကောင်း၊ အနောမဒဿီ ဘုရားလည်းကောင်း၊ ပဒုမ ဘုရားလည်းကောင်း၊ နာရဒ ဘုရားလည်းကောင်း၊ ပဒုမုတ္တရ ဘုရားလည်းကောင်း၊ သုမေဓာ ဘုရားလည်းကောင်း၊ သုဇာတာ ဘုရားလည်းကောင်း၊ ပိယဒဿီ ဘုရားလည်းကောင်း၊ အတ္ထဒဿီ ဘုရားလည်းကောင်း၊ ဓမ္မဒဿီ ဘုရားလည်းကောင်း၊ သိဒ္ဓတ္ထ ဘုရားလည်းကောင်း၊ တိဿ ဘုရားလည်းကောင်း၊ ဖုဿ ဘုရားလည်းကောင်း၊ ဝိပဿီ ဘုရားလည်းကောင်း၊ သိခီ ဘုရားလည်းကောင်း၊ ဝေဿဘူ ဘုရားလည်းကောင်း၊ ကကုသန် ဘုရားလည်းကောင်း၊ ကောဏာဂုံ ဘုရားလည်းကောင်း၊ ကဿပ ဘုရားလည်းကောင်း ဤသို့လျှင် လောကသုံးပါးကို ကိုယ်တော်ရောင်ဖြင့် ထွန်းလင်းစေပြီး၍ ပွင့်တော်မူပြီးကုန်သော ဤနှစ်ကျိပ်လေးဆူသော ဘုရားရှင်တို့၏ အထံတော်၌လည်း ရအပ်ပြီးသော ဗျာဒိတ် ရှိတော်မူ၏။

ဘုရားအလောင်းကို နတ်ဗြဟ္မာအပေါင်းတို့ တောင်းပန်ခြင်း

ဗာဟိရဖြစ်သော ပစ္စည်းဥစ္စာ, ပြည်ရွာတိုင်းကား စသည်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ပါရမီတို့ကိုလည်းကောင်း၊ ခြေ,လက်စသော အင်္ဂါကြီးငယ်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ဥပပါရမီတို့ကိုလည်းကောင်း၊ အသက်ကို စွန့်ခြင်းဟု ဆိုအပ်သော ဆယ်ပါးသော ပရမတ္ထပါရမီတို့ကိုလည်းကောင်း ဤသို့လျှင် အယုတ်, အလတ်, အမြတ်အားဖြင့် အမျှသုံးဆယ်သော ပါရမီတို့ကိုလည်း ဖြည့်ကျင့်တော်မူပြီး၍ ဝေဿန္တရာမင်းအဖြစ်၌တည်လျက် မြေကြီးတုန်လှုပ်ခြင်းကို ဖြစ်စေတတ်သော အလှူကြီးတို့ကို ပေးလှူခြင်း၊ သားမယားကို စွန့်လွှတ်တော်မူခြင်းတို့ကို ပြုပြီးလျှင် အသက်၏အဆုံး၌ တုသိတာနတ်ပြည်၌ဖြစ်၍ ထိုတုသိတာနတ်ပြည်၌ တုသိတာနတ်တို့၏ အသက်အတိုင်း တည်နေတော်မူသည်ရှိသော် တစ်သောင်းသော စကြဝဠာ၌နေကုန်သော နတ်ဗြဟ္မာအပေါင်းတို့သည် အညီအညွတ် စည်းဝေးကြ၍ ဤဂါထာဖြင့် တောင်းပန်ကြလေကုန်၏။

ကာလော ဒေဝ မဟာဝီရ၊ ဥပ္ပဇ္ဇ မာတုကုစ္ဆိယံ။
သဒေဝကံ တာရယန္တော၊ ဗုဇ္ဈဿု အမတံ ပဒံ။

မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော။ ဒေဝ၊ အလောင်းနတ်မင်း။ တေ၊ သင်နတ်မင်းအား။ ကာလော၊ ဘုရားဖြစ်ရန် အချိန်တန်ပါပြီ။ မာတုကုစ္ဆိယံ၊ မယ်တော်ဝမ်း၌။ ဥပ္ပဇ္ဇ၊ ဖြစ်တော်မူပါလော့။ သဒေဝကံ၊ နတ်နှင့်တကွသော လူအပေါင်းကို။ တာရယန္တော၊ ကယ်တင် မ,စလျက်။ အမတံ ပဒံ၊ သေခြင်းကင်းသော နိဗ္ဗာန်ကို။ ဗုဇ္ဈဿု၊ သိမြင်တော်မူပါလော့။

ကြည့်ခြင်းကြီး ငါးပါး

ဤသို့ဆို၍ တောင်းပန်ကုန်သည်ရှိသော်-

ကာလံ ဒေသဉ္စ ဒီပဉ္စ၊ ကုလံ မာတရမေဝ စ။
ဣမေ ပဉ္စ ဝိလောကေတွာ၊ ဥပ္ပဇ္ဇတိ မဟာယသော။

ကာလဉ္စ၊ ဘုရားဖြစ်ချိန် ကာလကိုလည်းကောင်း။ ဒေသဉ္စ၊ ဘုရားဖြစ်ရာ မဇ္ဈိမဒေသကိုလည်းကောင်း။ ဒီပဉ္စ၊ ဘုရားဖြစ်ရာ ဇမ္ဗုဒီပါကျွန်းကိုလည်းကောင်း။ ကုလဉ္စ၊ ပုဏ္ဏားမျိုး, မင်းမျိုးဟု ဆိုအပ်သော ဘုရားဖြစ်ရာ အမျိုးကိုလည်းကောင်း။ မာတရမေဝ စ၊ ဘုရားအား ထိုက်သော မယ်တော်ကိုလည်းကောင်း။ ဣမေ ပဉ္စ၊ ဤငါးပါးတို့ကို။ ဝိလောကေတွာ၊ ကြည့်၍။ မဟာယသော၊ များသော အခြံအရံရှိသော ဘုရားအလောင်းတော်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။

ဤသို့ ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်တော်မူပြီး၍ ထိုတုသိတာနတ်ပြည်မှ စုတေပြီးလျှင် သာကီဝင်မင်းမျိုး၌ ပဋိသန္ဓေကိုယူ၍ ဆယ်လလွန်သဖြင့် အမိဝမ်းမှ ဖွားမြင်တော်မူလေ၏။ သက်တော် တစ်ဆယ့်ခြောက်နှစ် ရှိသောအခါ မဟာသာကီဝင်မင်းမျိုး၌ တန်ခိုးမတိမ် စည်းစိမ်ချမ်းသာခြင်းဖြင့် ဆောင်ရွက်ပြုစုအပ်သည်ဖြစ်ရကား အစဉ်အားဖြင့် ကောင်းသော အရွယ်အဆင်း ပြည့်စုံခြင်းသို့ ရောက်တော်မူလေ၏။

နိမိတ်ကြီးလေးပါး ထင်လာခြင်း

ထိုအခါ ဥတုသုံးပါးတို့အား လျောက်ပတ်သော ပြာသာဒ်သုံးဆောင်တို့၌ နတ်ပြည်၌ဖြစ်သော ကျက်သရေကဲ့သို့ ပြည်စည်းစိမ်ကို အစဉ်ခံစားလျက် ဥယျာဉ်ကစားခြင်းငှာ ရွှေစက်တော်ဖြန့်သောအခါ အစဉ်အားဖြင့် သူအို,သူနာ,သူသေဟု ဆိုအပ်သော နတ်တမန် သုံးယောက်တို့ကို မြင်လျှင် ပြင်းစွာ ထိတ်လန့်ခြင်းရှိသည်ဖြစ်၍ ပြည်လည် ဆုတ်နစ်တော်မူပြီးလျှင် လေးကြိမ်မြောက် သွားရောက်သောအခါ ရဟန်းအသွင်အပြင်ကိုမြင်၍ “ဤရဟန်းအဖြစ်ကား ကောင်း၏”ဟု ရဟန်းအဖြစ်၌ နှစ်သက်ခြင်းကို ဖြစ်စေလျက် ဥယျာဉ်သို့ ထွက်တော်မူ၍ ထိုယျာဉ်၌ နေ့ကုန်စေလျက် မင်္ဂလာရေကန် ကမ်းနား၌ နေတော်မူစဉ် ဆတ္တာသည်အသွင်ကို ဖန်ဆင်းလာသော ဝိသုကြုံနတ်သားသည် အဆန်းတကြယ် လှပစွာ တန်ဆာဆင်မြန်း ပေးအပ်ပြီးသည့်နောက် ရာဟုလာမင်းသား ဖွားတော်မူကြောင်းကို ကြားသိတော်မူလတ်သော် သား၌ဖြစ်သော ချစ်ခင်ခြင်း၏ ပြင်းပြအားကြီးသည်၏ အဖြစ်ကို သိတော်မူ၍ “ဤချစ်ခင်ခြင်းတည်းဟူသော အနှောင်အဖွဲ့မတိုးပွားသေးမီ ကာလကပင် ထိုအနှောင်အဖွဲ့ကို ဖြတ်အံ့”ဟု ကြံစည်တော်မူလေ၏။

ကိသာဂေါတမီအား ဆုလာဘ်တော်ပေးသနားခြင်း

ဘုရားအလောင်းသည် ထိုသို့ ကြံစည်တော်မူပြီးလျှင် ညချမ်းသောအခါ နေပြည်တော်သို့ ဝင်တော်မူသည်ရှိသော်-

နိဗ္ဗုတာ နူန သာ မာတာ၊ နိဗ္ဗုတော နူန သော ပိတာ။
နိဗ္ဗုတာ နူန သာ နာရီ၊ ယဿာယံ ဤဒီသော ပတိ။

ယဿာ မာတုယာ၊ အကြင် အမိအား။ ဤဒိသော၊ ဤသို့ သဘောရှိသော။ အယံ ပုတ္တော၊ ဤသားကောင်းသည်။ အတ္ထိ၊ ရှိ၏။ သာ မာတာ၊ ထိုသားကောင်းအမိသည်။ နိဗ္ဗုတာ နူန၊ ငြိမ်းလေစွတကား။ ယဿ ပိတုနော၊ အကြင်အဘအား။ ဤဒိသော၊ ဤသို့ သဘောရှိသော။ အယံ ပုတ္တော၊ ဤသားကောင်းသည်။ အတ္ထိ၊ ရှိ၏။ သော ပိတာ၊ ထိုသားကောင်း အဘသည်။ နိဗ္ဗုတော နူန၊ ငြိမ်းလေစွတကား။ ယဿာ နာရိယာ၊ အကြင် မယားအား။ ဤဒိသော၊ ဤသို့ သဘော ရှိသော။ အယံ ပတိ၊ ဤလင်ကောင်းသည်။ အတ္ထိ၊ ရှိ၏။ သာ နာရီ၊ ထိုလင်ကောင်းမယားသည်။ နိဗ္ဗုတာ နူန၊ ငြိမ်းလေစွတကား။

ဤသို့ ကိသာဂေါတမီ အမည်ရှိသော ဘထွေးတော်သမီးသည် ကြည်နူးစဖွယ်ဆိုအပ်သော ဤဂါထာကို ကြားရ၍ “ဤကိသာဂေါတမီသည် ငါ့ကို နိဗ္ဗုတပုဒ် (ငြိမ်းအေးခြင်း အသံ)ကို နာကြား သိစေအပ်၏”ဟု ပုလဲသွယ်ကို လည်မှ ချွတ်၍ ထိုကိသာဂေါတမီထံ ပေးပို့စေတော်မူလေ၏။

အာဠာရ,ဥဒက ရသေ့တို့ထံ ရောက်ခြင်း

ထို့နောက် မိမိ၏ ရွှေနန်းတော် တိုက်ခန်းတွင်းသို့ဝင်၍ အသရေရှိသော အိပ်ရာတော်၌ နေတော်မူလျက် အိပ်ခြင်းသို့ ရောက်ကုန်သော မောင်းမ, က,ချေသည်တို့၏ ဖောက်ပြန်သော အခြင်းအရာကိုမြင်လျှင် ငြီးငွေ့သော နှလုံးတော်ရှိရကား ဆန္နအမတ်ကိုနှိုး၍ ကဏ္ဍကမြင်းကို ဆောင်စေပြီးလျှင် ထိုကဏ္ဍကမြင်းကို တက်စီးလျက် ဆန္နအမတ်လျှင် အဖော်ရှိသဖြင့် တစ်သောင်းသော စကြဝဠာ၌ နေကုန်သော နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် မြတ်သော တောထွက်ခြင်းဖြင့် တောထွက်တော်မူ၍ အနော်မာမြစ်ကမ်းနား၌ ရဟန်းပြုတော်မူပြီးလျှင် အစဉ်အားဖြင့် ရာဇဂြိုဟ်ပြည်သို့ ကြွသွားတော်မူ၍ ထိုရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ ဝင်တော်မူလျက် ပဏ္ဍဝတောင်ဝှမ်း၌ သီတင်းသုံးနေသည်ရှိသော် မဂဓတိုင်းကို အစိုးရသော ဗိမ္ဗိသာရ မင်းကြီးသည် ပြည်စည်းစိမ်ဖြင့် ဖိတ်ကြားသော်လည်း ထိုပြည်စည်းစိမ်ကို ပယ်ရှားတော်မူ၍ သဗ္ဗညုတဉာဏ်ကိုရ၍ ဗုဒ္ဓထင်ရှား ဘုရားဖြစ်တော်မူသောအခါ မိမိ၏နိုင်ငံသို့ ကြွလာစိမ့်သောငှာ ဗိမ္ဗိသာရမင်း လျှောက်ချက်ကို ဝန်ခံတော်မူပြီးလျှင် အာဠာရ ရသေ့၊ ဥဒကရသေ့တို့၏ အထံသို့ ချဉ်းကပ်တော်မူလေ၏။

သဗ္ဗညုဘုရား ဖြစ်တော်မူခြင်း

ထိုရသေ့တို့၏အထံသို့ ချည်းကပ်၍ ရအပ်သော ဈာန်အထူးကို တန်ဆာမဆင်၊ မသက်ဝင် မရောင့်ရဲသဖြင့် ခြောက်နှစ်တို့ပတ်လုံး ကြီးစွာသော ဒုက္ကရစရိယာ အကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့်နေ့ နံနက်စောစောအခါ သုဇာတာသည် ကပ်လှူအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးလျှင် နေရဉ္ဇရာမြစ်၌ ရွှေခွက်ကို မျှောတော်မူပြီး၍ နေရဉ္ဇရာမြစ်ကမ်းနား တောအုပ်ကြီး၌ အထူးထူးသော သမာပတ်တို့ဖြင့် နေ့အဖို့ကို ကုန်စေတော်မူပြီးနောက် ညချမ်းသောအခါ သောတ္ထိယ အမည်ရှိသော လုလင်၏ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော မြက်ရှစ်ဆုပ်ကို ခံယူတော်မူ၍ ကာဠနဂါးမင်းသည် အံ့ဩချီးမွမ်းအပ်သော ဂုဏ်ကျေးဇူးရှိသည်ဖြစ်၍ ဗောဓိမဏ္ဍိုင်သို့ တက်ရောက်တော်မူကာ မြက်တို့ကို ဖြန့်ခင်းတော်မူပြီးလျှင် “အကြင်မျှလောက် ငါသည် တဏှာဒိဋ္ဌိအားဖြင့် မစွဲလမ်းမူ၍ အာသဝေါတို့မှ စိတ်သည် မလွတ်သေး၊ ထိုမျှလောက်သော ကာလပတ်လုံး ဤထက်ဝယ်ဖွဲ့ခွေခြင်းဟု ဆိုအပ်သော ပလ္လင်ကို မဖျက်အံ့”ဟု ပဋိညာဉ်ကို ပြုတော်မူ၍ အရှေ့လောကဓာတ်သို့ ရှေးရှူနေတော်မူလျက် နေမဝင်မီ မာရ်စစ်သည်ကို ဖျောက်လွှင့်တော်မူပြီးလျှင် ပထမယာမ်၌ ပုဗ္ဗေနိဝါသဉာဏ်ကို ရ၍ မဇ္ဈိမယာမ်၌ စုတူပပါတ ဉာဏ်ကို ရ၍ ပစ္ဆိမယာမ်အဆုံး၌ ပဋိစ္စသမုပ္ပါဒ်ဉာဏ်ကို သက်ဝင်စေလျက် ဒသဗလဉာဏ်၊ စတုဝေသာရဇ္ဇဉာဏ် အစရှိသော အလုံးစုံသော ဘုရားဂုဏ်တော်အပေါင်းတို့ဖြင့် တန်ဆာဆင်အပ်သော သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ သိတော်မူလေသည်။

စုတူပပါတဉာဏ်- စုတိ+ဥပပါတ+ဉာဏ်- သေခြင်း- ပဋိသန္ဓေနေခြင်းကို သိသော ဉာဏ်တော်။

ဒသဗလဉာဏ်ဟူသည်- ၁။ ဌာနာဌာန၊ ၂။ ကမ္မာနံဝိပါက၊ ၃။ သဗ္ဗတ္ထဂါမိနီ ပဋိပဒါ၊ ၄။ အနေကဓာတု နာနာဓာတုလောက၊ ၅။ နာနာဓိမုတ္တိကတာ၊ ၆။ ဣန္ဒြိယပရောပရိယတ္တိ၊ ၇။ ဈာနဝိမောက္ခသမာဓိသမာပတ္တီနံ သံကိလေသဝေါဒါနဝုဋ္ဌာန၊ ၈။ ပုဗ္ဗေနိဝါသာနုဿတိ၊ ၉။ စုတူပပါတ၊ ၁၀။ အာသဝက္ခယ ဟူသော ဤဆယ်ပါးတို့ကို ဟုတ်တိုင်းမှန်စွာသိသော ဉာဏ်ဆယ်ပါးတည်း။

စတုဝေသာရဇ္ဇဉာဏ်ဟူသည်မှာ- ၁။ အန္တရာယ်ဖြစ်သော တရားတို့ကို ဟောရာ၌လည်းကောင်း၊ ၂။ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရားတို့ကို ဟောရာ၌လည်းကောင်း၊ ၃။ သစ္စာလေးပါး ထိုးထွင်း၍သိခြင်းကို ဟောရာ၌လည်းကောင်း၊ ၄။ အာသဝေါတရားတို့၏ ကုန်ခြင်းကို ဟောရာ၌လည်းကောင်း မကြောက်မရွံ့ ရဲဝံ့သော ဉာဏ်တော်လေးပါး အပေါင်းတည်း။)

သဟမ္ပတိဗြဟ္မာမင်း တောင်းပန်

သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားသည် ထိုဗောဓိမဏ္ဍိုင်၌ ခုနစ်ခုသော သတ္တာဟတို့ကို (ခုနစ်ရက် ခုနစ်လီ လေးဆယ့်ကိုးရက်တို့ကို) လွန်စေတော်မူပြီးမှ ရှစ်ခုမြောက်ဖြစ်သော သတ္တာဟ၌ ဆိတ်ကျောင်းသားတို့ နားနေရာဖြစ်သော အဇပါလ ပညောင်ပင်အရင်းဝယ် နေတော်မူလျက် တရားတော်မြတ်၏ နက်နဲသိမ်မွေ့သည့်အဖြစ်ကို ဆင်ခြင်တော်မူသဖြင့် ကြောင့်ကြမဲ့ နေတော်မူမည့်အဖြစ်သို့ ရောက်သည်ရှိသော် တစ်သောင်းသော လောကဓာတ်၌ နေကုန်သော ဗြဟ္မာကြီးအပေါင်း ခြံရံခြင်းရှိသော သဟမ္ပတိ ဗြဟ္မာမင်းသည် တရားဟောခြင်းငှာ တောင်းပန်အပ်သည်ဖြစ်ရကား ဗုဒ္ဓစက္ခုဖြင့် (ဗုဒ္ဓစက္ခု- ဣန္ဒြိယပရောပရိယတ္တိဉာဏ်နှင့် အာသယာနုသယဉာဏ်တော် နှစ်ပါးတည်း။) လောကကို ကြည့်တော်မူ၍ သဟမ္ပတိ ဗြဟ္မာမင်း၏ ရိုသေစွာ တောင်းပန်ခြင်းကို သည်းခံတော်မူပြီးလျှင် “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရအံ့နည်း”ဟု ဆင်ခြင်ကြည့်တော်မူသည်ရှိသော် အာဠာရရသေ့ ဥဒကရသေ့တို့ ကွယ်လွန်လေသည့်အဖြစ်ကို သိတော်မူသဖြင့် ပဉ္စဝဂ္ဂီရဟန်းတို့၏ ကျေးဇူးများသည့်အဖြစ်ကို အောက်မေ့တော်မူပြီးလျှင် နေရာမှထတော်မူ၍ ကာသိတိုင်း ဗာရာဏသီပြည်သို့ ကြွတော်မူသည်ရှိသော် ခရီးအကြား၌ ဥပကအမည်ရှိသော တက္ကတွန်းနှင့်တကွ တိုင်ပင်စကား နှုတ်ခွန်းဆက်ပြီး ကြွတော်မူခဲ့ရာ ဝါဆိုလပြည်နေ့ ဣသိပတနမည်သော မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီတို့ နေရာအရပ်သို့ ရောက်တော်မူလေ၏။ ထိုအခါ မလျောက်ပတ်သော ခေါ်ဝေါ်ပြောဆိုခြင်းဖြင့် ခေါ်ဝေါ်ပြောဆိုကြကုန်သော ထို ပဉ္စဝဂ္ဂီရဟန်းတို့ကို ဘုရားဖြစ်ကြောင်းကို သိစေတော်မူပြီးလျှင် အညာသိကောဏ္ဍည အမှူးရှိကုန်သော တစ်ဆယ့်ရှစ်ကုဋေသော နတ်ဗြဟ္မာတို့အား တရားတည်းဟူသော အမြိုက်အရသာကို သောက်စေတော်မူလျက် ဓမ္မစကြာတရားတော်ကို ဟောတော်မူသဖြင့် လည်စေအပ်သော မြတ်သော တရားတည်းဟူသော စက်ရတနာ ရှိတော်မူသည်ဖြစ်၍ လဆုတ်ပက္ခ ငါးရက်မြောက်သောနေ့ (ဝါဆိုလပြည့်ကျော် ငါးရက်နေ့)၌ အလုံးစုံသော ထိုပဉ္စဝဂ္ဂီ ရဟန်းတို့ကို အရဟတ္တဖိုလ်၌ တည်စေတော်မူလေ၏။

ရှင်ယသ အမှူးရှိသော ငါးကျိပ်ငါးယောက်နှင့် ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့ ရဟန်းပြုခြင်း

ထိုနေ့၌ပင်လျှင် ယသအမည်ရှိသော သတို့သား၏ ဥပနိဿယအကြောင်းနှင့် ပြည့်စုံခြင်းကို မြင်တော်မူပြီးဖြစ်ရကား ညဉ့်အဖို့၌ ငြီးငွေ့ခြင်းကြောင့် အိမ်ကိုစွန့်၍ တောထွက်လာသော ထိုယသသတို့သားကို မြင်တော်မူလေလျှင် “ချစ်သားယသ- လာလော့”ဟု ခေါ်တော်မူပြီး ထိုညဉ့်အဖို့၌သာလျှင် သောတာပတ္တိဖိုလ်သို့ ရောက်စေတော်မူ၍ တစ်ဖန် မိုးသောက်သောနေ့၌ အရဟတ္တဖိုလ်သို့ ရောက်စေတော်မူပြန်၏။ တစ်ပါးသောအခါ၌လည်း ထိုယသသတို့သား၏ အဆွေခင်ပွန်းဖြစ်ကုန်သော ငါးကျိပ် လေးယောက်သော သူတို့ကို ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုတော်မူ၍ အရဟတ္တဖိုလ်သို့ ရောက်စေတော်မူပြန်၏။ ဤသို့လျှင် လောက၌ ခြောက်ကျိပ် တစ်ပါးကုန်သော ရဟန္တာအရှင်မြတ်တို့သည် ထင်ရှားဖြစ်ကုန်ပြီးလျှင် ဝါကျွတ်သဖြင့် ပဝါရဏာ ပြုတော်မူပြီးသည်ရှိသော် “ချစ်သားရဟန်းတို့.. ဒေသစာရီ သွားကြကုန်လော့”ဟု ခြောက်ကျိပ်သော ရဟန်းတို့ကို ထိုထိုသို့သော အရပ်မျက်နှာတို့သို့ စေလွှတ်တော်မူ၍ ကိုယ်တော်မြတ်သည် ဥရုဝေလတောသို့ ကြွတော်မူ၏။ ထိုသို့ ကြွတော်မူသည်ရှိသော် ခရီးအကြား ကပ္ပါသိကတောအုပ်၌ သုံးကျိပ်သော ဘဒ္ဒဝဂ္ဂီ မင်းသားတို့ကို ဆုံးမတော်မူလေ၏။ ထိုသုံးကျိပ်သော မင်းသားတို့တွင် ဂုဏ်အားဖြင့် အလုံးစုံတို့အောက် အငယ်ဆုံးဖြစ်သောသူကား သောတာပန်ဖြစ်၏။ ဂုဏ်အားဖြင့် အလုံးစုံတို့ထက် အမြတ်ဆုံးဖြစ်သောသူကား အနာဂါမ် ဖြစ်၏။ အလုံးစုံသော ထိုဘဒ္ဒဝဂ္ဂီ မင်းသားတို့ကို ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြုစေ၍ အရပ်မျက်နှာတို့သို့ စေလွှတ်တော်မူလေ၏။

ရှင်တစ်ထောင်ချွတ်၍ ရာဇဂြိုဟ်သို့ ကြွဝင်တော်မူခြင်း

ကိုယ်တော်မြတ်သည်ကား ဥရုဝေလတောသို့ ကြွတော်မူ၍ သုံးထောင့်ငါးရာသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူသဖြင့် ဥရုဝေလကဿပ အစရှိကုန်သော တစ်ထောင်သော ရသေ့အခြံအရံရှိကုန်သော ရသေ့ညီနောင် သုံးယောက်တို့ကို ဆုံးမတော်မူပြီးလျှင် ဧဟိဘိက္ခု ရဟန်း အဖြစ်ဖြင့် ရဟန်းပြုစေတော်မူ၏။ ထို့နောက် ဂယာသီသ ကျောက်ဖျာအပြင်၌ နေစေ၍ အာဒိတ္တပရိယာယသုတ္တန်ဒေသနာတော်ဖြင့် အရဟတ္တဖိုလ်၌ တည်စေတော်မူပြီးလျှင် ထိုရဟန္တာတစ်ထောင်ဖြင့် ခြံရံလျက် “ဗိမ္ဗိသာရမင်းအား ပေးခဲ့သော ပဋိညာဉ်ကို လွတ်စေအံ့”ဟု ရာဇဂြိုဟ်ပြည်၏အနီး ထန်းတောဥယျာဉ်သို့ ကြွသွားတော်မူလေ၏။ “ဘုရားရှင်သည် ကြွလာတော်မူသတတ်”ဟူသော သတင်းစကားကိုကြား၍ တစ်သိန်းနှစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့နှင့်တကွ ရောက်လာသော ဗိမ္ဗိသာရမင်းအား နူးညံ့သာယာစွာသော တရားစကားကို ဟောကြားတော်မူသည်ရှိသော် ဗိမ္ဗိသာရမင်းသည် တစ်သိန်းတစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့နှင့်တကွ သောတာပတ္တိဖိုလ်၌တည်၍ တစ်သောင်းသော ပုဏ္ဏားသူကြွယ်တို့သည် သရဏဂုံ၌ တည်ကြကုန်၏။ တစ်ဖန် မိုးသောက်သောနေ့၌ သိကြားနတ်မင်းသည် လုလင်၏အသွင်အပြင်ကို ယူ၍ ချီးမွမ်းထောမနာအပ်သော ဂုဏ်ကျေးဇူးတို့ကို ကြည်နူးစဖွယ် သာယာစွာ ရှေ့တော်မှ ချီးကျူးလျက် ရာဇဂြိုဟ်ပြည်သို့ ဝင်တော်မူ၍ ဗိမ္ဗိသာရမင်း၏ ရွှေနန်းတော်၌ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြုပြီးသော် ဝေဠုဝန်ကျောင်း အာရာမ်တော်ကို အလှူခံတော်မူ၍ ထိုဝေဠုဝန်ကျောင်းအာရာမ်တော်၌သာလျှင် သီတင်းသုံး စံနေတော်မူသောအခါ မြတ်စွာဘုရားထံသို့ အရှင်သာရိပုတြာ၊ အရှင်မောဂ္ဂလာန်တို့သည် ရောက်လာ ဆည်းကပ်ကြလေကုန်၏။

ဥပတိဿနှင့် ကောလိတ

ဘုရားရှင် မပွင့်မီကာလကပင်လျှင် ရာဇဂြိုဟ်ပြည်မှ မနီးမဝေးသောအရပ်၌ ဥပတိဿရွာ၊ ကောလိတရွာဟူ၍ နှစ်ခုသော ပုဏ္ဏားရွာတို့သည် ရှိကြကုန်၏။ ထိုရွာနှစ်ရွာတို့တွင် ဥပတိဿရွာ၌ ရူပသာရီအမည်ရှိသော ပုဏ္ဏေးမ၏ဝမ်းဝယ် ကိုယ်ဝန်တည်သောနေ့၌ပင်လျှင် ကောလိတရွာ မောဂ္ဂလိ အမည်ရှိသော ပုဏ္ဏေးမ၏ဝမ်း၌လည်း ကိုယ်ဝန်တည်သည် ဖြစ်၏။ ထိုနှစ်ဦးသော အမျိုးတို့သည်လည်း ဆွေမျိုး ခုနစ်ဆက်တိုင်တိုင် အစဉ်အဆက်မပျက်သော အဆွေခင်ပွန်း ဖြစ်ကုန်သတတ်။ ထိုနှစ်ယောက်သော ပုဏ္ဏေးမတို့အားလည်း တစ်နေ့တည်း၌သာလျှင် ကိုယ်ဝန်အစောင့်အရှောက်ကို ပေးကြကုန်၏။ ထိုနှစ်ယောက်သော ပုဏ္ဏေးမတို့သည်လည်း ဆယ်လလွန်မြောက်သော် သားသူငယ်တို့ကို ဖွားမြင်ကြကုန်၏။ အမည်မှည့်အံ့သော နေ့၌ ရူပသာရီအမည်ရှိသော ပုဏ္ဏေးမ၏သားအား ဥပတိဿရွာ၌ အကြီးဖြစ်သော အမျိုး၏သားဖြစ်သောကြောင့် ဥပတိဿဟူသော အမည်ကို မှည့်ကုန်၏။ မောဂ္ဂလိပုဏ္ဏေးမ၏သားအား ကောလိတရွာ၌ အကြီးဖြစ်သော အမျိုး၏သားဖြစ်သောကြောင့် ကောလိတဟူသော အမည်ကို မှည့်ကြလေကုန်၏။

ထိုနှစ်ဦးကုန်သော အမျိုးသားတို့သည်လည်း ကြီးရင့်ခြင်းသို့ရောက်၍ အလုံးစုံသော အတတ်တို့၌ တစ်ဖက်ကမ်းရောက် တတ်မြောက်ကြကုန်၏။ ဥပတိဿ လုလင်အား ကစားခြင်းငှာ မြစ်သို့လည်းကောင်း၊ ဥယျာဉ်သို့လည်းကောင်း သွားသောအခါ ရွှေထမ်းစင် ငါးရာတို့သည် ခြံရံလိုက်ပါကြရကုန်၏။ ကောလိတ လုလင်အားလည်း အာဇာနည်မြင်း က,သော ရထားငါးရာတို့သည် ခြံရံလိုက်ပါကြရကုန်၏။ နှစ်ယောက်သော လုလင်တို့သည်လည်း ငါးရာ,ငါးရာစီ လုလင်အခြံအရံ ရှိကြကုန်၏။

ပွဲသဘင်ကြည့်ရှုရင်း တရားရှာလိုစိတ်ဖြစ်ပေါ်

ထိုအခါ ရာဇဂြိုဟ်ပြည်၌ နှစ်စဉ်မပြတ် ပြုအပ်သော တောင်ထိပ်ပွဲသဘင်မည်သည် ရှိလေ၏။ ထိုနှစ်ဦးသော လုလင်တို့အားလည်း ညောင်စောင်းကို တစ်ခုတည်းသော အရပ်၌သာ ဖွဲ့ကြ,ခင်းကြကုန်၏။ နှစ်ယောက်သော လုလင်တို့သည် တစ်ပေါင်းတည်း အတူနေ၍ ပွဲလမ်းသဘင်ကို ကြည့်ရှုကြကုန်သည်ရှိသော် ရယ်ရွှင်သင့်သော အရာ၌ ရယ်ရွှင်ကုန်၏။ ထိတ်လန့် တုန်လှုပ်ဖွယ်သော အရာ၌ ထိတ်လန့်တုန်လှုပ်ခြင်းကို ဖြစ်စေကြကုန်၏။ ဆုလာဘ်ပေးခြင်းငှာ သင့်သောအရာ၌ ဆုလာဘ် ပေးကမ်းကြကုန်၏။ ဤသို့သောနည်းဖြင့် တစ်နေ့သ၌ ပွဲသဘင်ကို ကြည့်ရှုကုန်သော ထိုသူတို့အား ဉာဏ်ရင့်သန်ခြင်းသို့ ရောက်သည့်အဖြစ်ကြောင့် ရှေးဖြစ်သော နေ့တို့၌ကဲ့သို့ ရယ်ရွှင်သင့်သောအရာ၌ ရယ်ရွှင်ခြင်းသည်လည်းကောင်း၊ ထိတ်လန့် တုန်လှုပ်ဖွယ်သော အရာ၌ ထိတ်လန့်တုန်လှုပ်ခြင်းသည်လည်းကောင်း၊ ဆုလာဘ်ပေးသင့်သောအရာ၌ ဆုလာဘ်ပေးခြင်းသည်လည်းကောင်း မဖြစ်လေပြီ။ ထိုသို့ ပွဲလမ်းသဘင် ကြည့်ရှုစဉ် နှစ်ယောက်သောသူတို့သည် ဤသို့ ကြံကြကုန်၏။ “ဤပွဲလမ်းသဘင်၌ ကြည့်ရှုဖွယ်ရာ တစ်စုံတစ်ခုသော အခြင်းအရာသည် အဘယ်မှာ ရှိသနည်း၊ ဤအလုံးစုံသော သတ္တဝါတို့သည် အနှစ်တစ်ရာသို့ မရောက်မီ မိမိ၏ အမည်ပညတ်မျှ မရှိသည်၏အဖြစ်သို့ ရောက်ကြကုန်လတ္တံ့၊ ငါတို့သည်ကား ဝဋ်မှထွက်မြောက်ရာ တစ်ခုသောတရားကို ရှာခြင်းငှာ သင့်၏”ဟူသော အာရုံကိုယူ၍ နေကြကုန်၏။ ထို့နောက်မှ ကောလိတသည် ဥပတိဿကို “အဆွေဥပတိဿ- သင်ကား အခါတစ်ပါး အခြားသော နေ့ရက်တို့၌ကဲ့သို့ ဝမ်းမြောက်ဝမ်းသာ မရှိ၊ နှလုံးမသာခြင်း သဘောရှိသည် ဖြစ်၏၊ သင်သည် အဘယ်အာရုံကို အမှတ်အသား ပြုနေသနည်း”ဟု မေးလတ်သော် “အဆွေကောလိတ၊ ထိုပွဲသဘင်တို့ကို ကြည့်ရှုရာ၌ အနှစ်မရှိ၊ ထိုပွဲသဘင်ကို ကြည့်ရှုခြင်းသည် အကျိုးမရှိ၊ မိမိ၏ ဝဋ်မှထွက်မြောက်ရာတရားကို ရှာခြင်းငှာ သင့်သည်ဟု ကြံစည် အောက်မေ့လျက် နေပေသည်။ အသင်ကား အဘယ့်ကြောင့် နှလုံးမသာခြင်း သဘောရှိသနည်း”ဟု မေးပြန်၏။ ထိုကောလိတသည်လည်း ဥပတိဿနှင့်တူစွာ ပြောဆိုသောအခါ ဥပတိဿသည် ကောလိတ၏ မိမိနှင့်အတူတကွ အလိုတူသည့်အဖြစ်ကို သိရ၍ “နှစ်ယောက်သော ငါတို့အား ကောင်းသောအကြံကို ကြံမိ၏။ ဝဋ်မှထွက်မြောက်ရာ တရားကို ရှာလိုကုန်သော ငါတို့သည် တစ်ခုသော ရဟန်းအဖြစ်ကို ရခြင်းငှာ သင့်၏။ ထို့ကြောင့် ဘယ်ဆရာ့အထံ၌ ရဟန်းပြုကြရကုန်အံ့နည်း”ဟု ဆိုလေ၏။

သိဉ္စည်းဆရာကြီးထံ တပည့်ခံ

ထိုအခါ သိဉ္စည်းပရိဗိုဇ်သည် ရာဇဂြိုဟ်ပြည်၌ များစွာသော ပရိဗိုဇ်ပရိသတ်နှင့်တကွ နေ၏။ ဥပတိဿနှင့် ကောလိတတို့သည် ထိုသိဉ္စည်း ပရိဗိုဇ်အထံ၌ ရဟန်းပြုကုန်အံ့ဟူ၍ ငါးရာသော လုလင်တို့ကို “ထမ်းစင်တို့ကိုလည်းကောင်း၊ ရထားတို့ကိုလည်းကောင်း သင်တို့ ယူသွားကြကုန်လော့”ဟု လွှတ်လိုက်၍ ထိုနှစ်ဦးကုန်သော လုလင်တို့သည်လည်း တစ်ခုသော ထမ်းစင်၊ တစ်ခုသော ရထားတို့ဖြင့် သွား၍ သိဉ္စည်းပရိဗိုဇ်အထံ၌ ရဟန်းပြုကြလေကုန်၏။

ထိုဥပတိဿ၊ ကောလိတတို့ ရဟန်းပြုသောကာလမှစ၍ သိဉ္စည်းပရိဗိုဇ်သည် အလွန်လျှင် ကြီးမြတ်သော လာဘ် ပူဇော်သက္ကာရ ရှိသည့်အဖြစ်သို့ ရောက်လေ၏။ ထိုဥပတိဿ၊ ကောလိတတို့သည် နှစ်ရက်သုံးရက်ဖြင့်သာလျှင် သိဉ္စည်းပရိဗိုဇ်၏ အလုံးစုံသောအယူကို မွှေနှောက်ချောက်ချား၍ “ဆရာ- သင်တို့သိသော အယူဝါဒသည် ဤမျှသာ ရှိလေသလော၊ သို့တည်းမဟုတ် ထို့ထက်အလွန် ရှိသေးသလော”ဟု မေးကြကုန်သည်ရှိသော် “ဤမျှသာလျှင်တည်း၊ သင်တို့သည် အလုံးစုံကို သိကြရလေကုန်ပြီ”ဟု ပြန်ကြားဖြေဆိုလေ၏။

အမြိုက်တရားကိုသာ သူတို့ရှာ

ထိုအခါ ဥပတိဿ၊ ကောလိတတို့သည် “ဤသို့ ဖြစ်သည်ရှိသော် ဤဆရာ၏အထံ၌ ကျင့်သုံးအပ်သော မြတ်သော အကျင့်သည် အကျိုးမရှိ၊ ငါတို့သည် ဝဋ်မှထွက်မြောက်ရာ တရားကို ရှာခြင်းငှာ ထွက်လာခဲ့ကုန်၏။ ထိုတရားကို ဤဆရာ၏အထံ၌ ဖြစ်စေခြင်းငှာ မတတ်ကောင်း၊ ဇမ္ဗုဒီပါကျွန်းသည် ကျယ်ဝန်းသည်သာလျှင်တည်း၊ ရွာ,နိဂုံး,မင်းနေပြည်တို့သို့ လှည့်လည်ကုန်သည်ရှိသော် မချွတ်လျှင် ဝဋ်မှထွက်မြောက်ရာ တရားကို ဟောတတ်သော တစ်စုံ တစ်ယောက်သော ဆရာကို ရကုန်အံ့”ဟု ကြံကြကုန်၏။ ထိုအခါမှစ၍ အကြင်အကြင်အရပ်၌ ပညာရှိကုန်သော ရဟန်းပုဏ္ဏားတို့သည် ရှိကုန်၏ဟူ၍ ဆိုကြကုန်၏၊ ထိုထိုအရပ်သို့သွား၍ ဆွေးနွေး မေးမြန်းကြကုန်၏။ ထိုဥပတိဿ၊ ကောလိတတို့ မေးမြန်းအပ်သော ပြဿနာကို တစ်ပါးကုန်သော ပညာရှိတို့သည် ဖြေဆိုခြင်းငှာ မတတ်နိုင်ကုန်။ ထိုဥပတိဿ၊ ကောလိတတို့ကား ထိုပညာရှိတို့၏ပြဿနာကို ဖြေဆိုနိုင်ကြကုန်၏။ ဤသို့လျှင် အလုံးစုံသော ဇဗ္ဗုဒီပါကျွန်းသို့ လှည့်လည်စုံစမ်း၍ ပြန်လည်ခဲ့ပြီးလျှင် မိမိတို့ နေရင်းအရပ်သို့သာလျှင် ပြန်လာ၍ “အဆွေ ကောလိတ- ငါတို့နှစ်ယောက်တွင် ရှေးဦးစွာ သေခြင်းကင်းရာ အမြိုက်တရားကို ရသောသူသည် တစ်ယောက်အား ပြန်ကြား ပြောဆိုစေသတည်း”ဟု ကတိကဝတ် ပြုကြလေကုန်၏။

အရှင်အဿဇိမထေရ်နှင့် တွေ့ခြင်း

ဤသို့လျှင် ဥပတိဿ၊ ကောလိတတို့သည် ကတိကဝတ်ကိုပြု၍ နေကြကုန်သည်ရှိသော် ဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဝေဠုဝန်ကျောင်းတော်ကို အလှူခံပြီးလျှင် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူ၏။ ထိုအခါ “ချစ်သား ရဟန်းတို့- များစွာသောလူတို့၏ အစီးအပွားအကျိုးငှာ ဒေသစာရီ လှည့်လည်ကြကုန်လော့”ဟု ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို ပြခြင်းငှာ ဘုရားရှင် စေလွှတ်အပ်ကုန်သော ခြောက်ကျိပ် တစ်ပါးသော ရဟန္တာတို့၏အတွင်းဝယ် ပဉ္စဝဂ္ဂီရဟန်းတို့တွင် အပါအဝင် အရှင်အဿဇိမထေရ်သည် တစ်ဖန် ပြန်လည်ခဲ့၍ ရာဇဂြိုဟ်ပြည်သို့ ရောက်လာလေ၏။ ထိုအဿဇိ မထေရ်သည် မိုးသောက်သောအခါ နံနက်စောစောကသာလျှင် သပိတ်သင်္ကန်းကို ယူဆောင်၍ ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းအလို့ငှာ ဝင်တော်မူလေ၏။ ထိုအခါ ဥပတိဿ ပရိဗိုဇ်သည်လည်း နံနက်စောစောကသာလျှင် ဆွမ်းစားခြင်းကိစ္စကို ပြုပြီး၍ ပရိဗိုဇ်တို့၏နေရာ အာရာမ်သို့သွားစဉ် အဿဇိမထေရ်ကိုမြင်၍ “ငါကား ဤသို့သဘောရှိသော ရဟန်းမည်သည်ကို မမြင်ဖူးသည်သာလျှင်တည်း၊ လောက၌ ရဟန္တာ, ရဟန္တာဖြစ်ကြောင်း လမ်းကောင်းသို့ရောက်ကုန်သော ရဟန်းတို့တွင် ဤရဟန်းသည် တစ်ပါးအပါအဝင် ဖြစ်ပေလိမ့်မည်၊ ငါသည် ဤရဟန်းအထံသို့ ချဉ်းကပ်၍ “ငါ့ရှင်- သင်ကား အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသနည်း၊ သင်၏ဆရာကား အဘယ်သူနည်း၊ အဘယ်သူ၏တရားကို နှစ်သက်သနည်း”ဟု မေးရမူကား ကောင်းလေစွ”ဟု အကြံဖြစ်လေ၏။

ထိုအခါ ထိုဥပတိဿ ပရိဗိုဇ်အား ဤသို့ အကြံဖြစ်လေ၏။ “ဤရဟန်းကို ပြဿနာမေးခြင်းငှာ အခါမဟုတ်သေး၊ ရွာတွင်းသို့ဝင်၍ ဆွမ်းအလို့ငှာ လှည့်လည်သွားလာသေး၏။ သေချာတိတိ မသိသော ခရီးလမ်းကို ဖြောင့်တန်းစွာ သိရှိလိုကုန်သော သူတို့သည် နောက်မှနောက်မှ အစဉ်တစိုက် လိုက်ဘိသကဲ့သို့ ငါသည် ဤရဟန်းသို့ နောက်မှနောက်မှ အစဉ်အတိုင်း လိုက်ရမူကား ကောင်းလေစွ”ဟု နှလုံးသွင်း၍ နောက်မှနောက်မှ အစဉ်လိုက်လေ၏။ အဿဇိမထေရ်သည် ဆွမ်းခံပြီး၍ အမှတ်မရှိ အရပ်တစ်ပါးသို့သွား၍ ထိုင်ခြင်းငှာ အလိုရှိသည့်အဖြစ်ကို ထိုဥပတိဿသည်သိ၍ မိမိ၏ ပရိဗိုဇ်နေရာ အင်းပျဉ်ကို ခင်း၍ပေးလေ၏။ ထိုဥပတိဿသည် မထေရ်မြတ် ဆွမ်းစားပြီးသော အဆုံး၌လည်း မိမိကရားမှ ရေကိုယူ၍ ပေးလှူလေ၏။ ဤသို့ ဆရာ့ဝတ်ကိုပြု၍ ဆွမ်းစားခြင်းကိစ္စ ပြီးစီးသည်ရှိသော် မထေရ်နှင့်အတူတကွ သာယာချေငံစွာ စကားပြောဟောခြင်းကိုပြု၍ “ငါ့ရှင်- သင်၏ မျက်စိစသော ဣန္ဒြေတို့သည် စင်စစ် ကြည်လင်ကုန်၏။ ကိုယ်အဆင်းသည် ဖြူစင်၏။ ဖြိုးပြိုးပြက်ရှိ၏၊ သင်သည် အဘယ်သူကို ရည်မှန်း၍ ရဟန်းပြုသနည်း၊ သင့်ဆရာကား အဘယ်သူနည်း၊ သင်သည် အဘယ်သူ့တရားကို နှစ်သက်သနည်း”ဟု မေးလေ၏။ အဿဇိထေရ်သည် “ဤပရိဗိုဇ်တို့မည်သည်ကား သာသနာတော်၏ ဆန့်ကျင်ဘက် ဖြစ်ကုန်၏။ ဤသူအား သာသနာတော်၏ နက်နဲသိမ်မွေ့သည့်အဖြစ်ကို ပြအံ့”ဟု ကြံတော်မူ၍ မိမိ၏ သီတင်းငယ်အဖြစ်ကို ပြလိုသောကြောင့် “ငါ့ရှင်- ငါသည်ကား သီတင်းငယ်တည်း၊ ရဟန်းပြု၍ မကြာမြင့်သေး၊ ယခုပင် သာသနာ့ဘောင်သို့ ရောက်လာ၏။ ငါသည် အကျယ်အားဖြင့် တရားဟောခြင်းငှာ မတတ်နိုင်သေး”ဟု ဆိုလေ၏။ ထိုအခါ ပရိဗိုဇ်သည် “အကျွန်ုပ်ကား ဥပတိဿမည်သော သူပါတည်း၊ အရှင်ဘုရားသည် အစွမ်းသတ္တိ ရှိသည်အားလျော်စွာ နည်းများမဟူ ဟောတော်မူပါလော့၊ ထိုတရားစကားကို နည်းတစ်ရာ၊ နည်းတစ်ထောင်ဖြင့် ထိုးထွင်း၍ သိခြင်းကား အကျွန်ုပ်၏ တာဝန်တည်း”ဟု ကြံစည်၍ ဤဂါထာကို ဆိုလေ၏။

အပ္ပံ ဝါ ဗဟုံ ဝါ ဘာသဿု၊ အတ္ထညေဝ မေ ဗြူဟိ။
အတ္ထေနေဝ မေ အတ္ထော၊ ကိံ ကာဟသိ ဗျဉ္ဇနံ ဗဟုံ။

အပ္ပံ ဝါ၊ နည်းသော တရားကိုသော်လည်းကောင်း။ ဗဟုံ ဝါ၊ များသော တရားကိုသော်လည်းကောင်း။ ဘာသဿု၊ ဟောတော်မူပါလော့။ မေ၊ အကျွန်ုပ်အား။ အတ္ထညေဝ၊ အနက်ကိုသာလျှင်။ ဗြူဟိ၊ ဟောပါလော့။ မေ၊ အကျွန်ုပ်အား။ အတ္ထေနေဝ၊ အနက်ဖြင့်သာလျှင်။ အတ္ထော၊ အလိုရှိပါ၏။ ဗဟုံ၊ များစွာသော။ ဗျဉ္ဇနံ၊ သဒ္ဒါကို။ ကိံ ကာဟသိ၊ အဘယ်သို့ ပြုလတ္တံ့နည်း။

အရှင်အဿဇိမထေရ် ဟောသောတရား

ဤသို့ ပရိဗိုဇ်ဆိုသည်ရှိသော် မထေရ်သည် “ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစရှိသော ဂါထာကို ဟောတော်မူလေ၏။ ပရိဗိုဇ်သည် ရှေ့နှစ်ပါဒကိုသာလျှင် ကြားနာရ၍ နည်းတစ်ထောင်ဖြင့် တန်ဆာဆင်အပ်သော သောတာပတ္တိဖိုလ်၌ တည်လေ၏။ နောက်နှစ်ပါဒကို သောတာပတ္တိဖိုလ်သို့ ရောက်သောကာလ၌ ပြီးစေ၏။ ထိုဥပတိဿ ပရိဗိုဇ်သည် သောတာပန်ဖြစ်၍ အထက်မဂ်ဖိုလ် အထူးကို မဖြစ်စေနိုင်သည်ရှိသော် “ဤအထက်မဂ်ဖိုလ် အထူးကို မဖြစ်စေနိုင်သောအရာ၌ အကြောင်းရှိသည် ဖြစ်လတ္တံ့”ဟု မှတ်သား၍ အဿဇိမထေရ်ကို “အရှင်ဘုရား- အထက်မဂ်ဖိုလ်အလို့ငှာ တရားဟောခြင်းကို မပွားတိုးပါစေကုန်လင့်၊ ဤမျှသော တရားဟောခြင်းသည်သာလျှင် ဖြစ်ပါစေလော့၊ တပည့်တော်တို့ဆရာ ဘုရားရှင်သည် အဘယ်အရပ်၌ သီတင်းသုံးနေတော်မူပါသနည်း”ဟု မေးလျှောက်လေ၏။

ထိုအခါ အဿဇိမထေရ်သည် “ငါ့ရှင်- ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏”ဟု မိန့်တော်မူလျှင် “အရှင်ဘုရား- ထိုသို့ဖြစ်မူ အရှင်ဘုရားတို့သည် ရှေ့မှ ကြွနှင့်တော်မူကြပါ၊ တပည့်တော်အား အဆွေခင်ပွန်းတစ်ယောက် ရှိပါသေးသည်၊ တပည့်တော်တို့မှာ ရှေးဦးစွာ အမြိုက်တရားကို သိသောသူသည် ပြန်ကြား ပြောဆိုစေသတည်းဟု တပည့်တော်တို့ အချင်းချင်း ကတိကဝတ်ကိုပြု၍ ထားပါသည်၊ တပည့်တော်သည် ထိုသို့ ဝန်ခံခြင်းကို လွတ်စေ၍ အဆွေခင်ပွန်းကို ခေါ်ခဲ့ပြီးလျှင် အရှင်ဘုရားတို့လာသော လမ်းခရီးဖြင့်သာ မြတ်စွာဘုရားအထံသို့ လိုက်လာကြပါအံ့”ဟု ငါးပါးသော တည်ခြင်းဖြင့် (ဒူးနှစ်ဖက်၊ လက်ဝါးနှစ်ဖက်၊ နဖူးဟူသော အင်္ဂါငါးပါးကို မြေ၌,ကြမ်း၌ တည်အောင်ထား၍ ဦးကျအောင်ချ၍ ရှိခိုးခြင်းသည် ငါးပါးသော တည်ခြင်းဖြင့် ရှိခိုးခြင်းမည်၏။) မထေရ်၏ခြေရင်း၌ ပျပ်ဝပ်ရှိခိုး၍ သုံးကြိမ် လက်ယာရစ် လှည့်လည်သည်ကိုပြု၍ မထေရ်ကို လွှတ်လိုက်ပြီးလျှင် ပရိဗိုဇ်တို့၏ အာရာမ်သို့ ရှေးရှုသွားလေ၏။ ထိုအခါ ကောလိတ ပရိဗိုဇ်သည် အဝေးမှလာသော ထိုဥပတိဿ ပရိဗိုဇ်ကို မြင်လျှင် “ယနေ့ ငါ့အဆွေခင်ပွန်း၏ မျက်နှာအဆင်းသည် တစ်ပါးသော နေ့ရက်တို့၌ကဲ့သို့ မဟုတ်၊ ထိုဥပတိဿသည် အမြိုက်တရားကို မချွတ်ရခဲ့သည်ဖြစ်လတ္တံ့”ဟု နှလုံးသွင်းလျက် အမြိုက်တရားရခြင်းကို မေးလေ၏။ ထိုဥပတိဿသည်လည်း ကောလိတအား “ငါ့ရှင်- အမြိုက်တရားကို ရသည်မှန်၏”ဟုဝန်ခံ၍ ထိုဂါထာကိုပင်လျှင် ဟောလေ၏။ ဂါထာအဆုံး၌ ကောလိတသည်လည်း သောတာပတ္တိဖိုလ်၌တည်၍ “အဆွေဥပတိဿ- ငါတို့ဆရာ ဘုရားရှင်သည် အဘယ်အရပ်၌ သီတင်းသုံးနေတော်မူသနည်း”ဟု မေးလေ၏။ “အဆွေကောလိတ- ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူ၏ဟု ငါတို့ဆရာဖြစ်သော အဿဇိမထေရ်သည် မိန့်မှာတော်မူခဲ့ပေသည်”ဟု ပြောလတ်သော် “အဆွေဥပတိဿ- ထိုသို့ဖြစ်မူ လာ-သွားကြကုန်စို့၊ မြတ်စွာဘုရားကို ဖူးမြင်ကြကုန်အံ့”ဟု ဆို၏။

သိဉ္စည်းဆရာကြီးအား ဘုရားထံသို့ လိုက်ရန်ခေါ်

ဤအရှင်သာရိပုတြာ မည်သည်ကား အခါခပ်သိမ်းပင် ဆရာသမားတို့အား ပူဇော်တတ်သည်သာလျှင်တည်း။ ထို့ကြောင့် အဆွေခင်ပွန်းဖြစ်သော ကောလိတကို “အဆွေ ကောလိတ- ငါတို့ရအပ်သော အမြိုက်တရားကို ငါတို့ဆရာဖြစ်သော သိဉ္စည်းဆရာကြီးအားလည်း ပြောကြားကြကုန်ဦးအံ့၊ ကျွတ်ထိုက်သည်ရှိသော် ထိုးထွင်း၍ သိပေလတ္တံ့၊ ထိုးထွင်း၍ မသိသည်ရှိသော် ငါတို့ကို ယုံကြည်၍ ဘုရားအထံသို့ သွားရောက်ပေလတ္တံ့၊ ဘုရားရှင်၏ တရားဟောခြင်းကို ကြားနာရသည်ရှိသော် မဂ်ဖိုလ်ကို ထိုးထွင်း၍ သိခြင်းကို ပြုလတ္တံ့”ဟု ဆို၏။ ထိုသို့ ပြောဆိုပြီးလျှင် နှစ်ယောက်ကုန်သော ဥပတိဿ၊ ကောလိတတို့သည်လည်း သိဉ္စည်းပရိဗိုဇ်အထံသို့ သွားကြလေကုန်၏။ သိဉ္စည်းပရိဗိုဇ်သည် ထိုဥပတိဿ၊ ကောလိတတို့ကို မြင်လျှင်မြင်ချင်း “ချစ်သားတို့- အသို့နည်း၊ သင်တို့အား တစ်စုံတစ်ယောက်သော အမြိုက်တရား ရောက်ကြောင်းလမ်းကို ဟောပြတတ်သောသူကို ရခဲ့သလော”ဟု မေး၏။ ထိုအခါ “ဆရာ- ရခဲ့ပါပြီ”ဟု ပြောဆိုပြီးလျှင် “လောက၌ မြတ်စွာဘုရားသည် ထင်ရှားပွင့်တော်မူ၏၊ လောက၌ တရားတော်သည် ထင်ရှားဖြစ်တော်မူ၏။ လောက၌ သံဃာတော်သည် ထင်ရှား ဖြစ်တော်မူ၏၊ ဆရာတို့သည် အချည်းနှီးဖြစ်၍ အနှစ်မရှိသောအရာ၌ လှည့်လည်၍ နေကြကုန်၏၊ ထို့ကြောင့် ကြွလာပါ၊ ဘုရားအထံသို့ သွားကြကုန်အံ့”ဟု ခေါ်ကြကုန်၏။

ထိုအခါ ဆရာကြီးက “သင်တို့သာ သွားကြလေကုန်၊ ငါသည်ကား သွားခြင်းငှာ မတတ်နိုင်”ဟု ဆိုသဖြင့် “အဘယ့်ကြောင့် မတတ်နိုင်သနည်း”ဟု မေးသည်ရှိသော် သိဉ္စည်းဆရာက “ငါကား လူများအပေါင်း၏ ဆရာကြီးတစ်ဆူဖြစ်၍ လှည့်လည်နေပြီးမှ အတွင်းတပည့်ဖြစ်၍ နေခြင်းသည် အိုးစရည်းကြီးသည် ရေလောင်းအိုးငယ်အဖြစ်သို့ ရောက်ခြင်းကဲ့သို့ ဖြစ်၏။ ငါသည် အန္တေဝါသိက တပည့်အဖြစ်ဖြင့်နေခြင်းငှာ မတတ်နိုင်”ဟု ဆိုပြန်သဖြင့် “ဆရာ- ဤသို့ မပြုပါလင့်”ဟု တောင်းပန်ကြသော်လည်း “ချစ်သားတို့- ရှိစေတော့ သင်တို့သည်သာ သွားကြလေကုန်၊ ငါကား သွားခြင်းငှာ မတတ်နိုင်”ဟု ဆို၏။

ပညာမဲ့သူရှိရာ ပညာမဲ့တို့ လာလိမ့်မယ်

ထိုအခါ “ဆရာ- လောက၌ ဘုရားရှင် ပွင့်တော်မူသော အခါမှစ၍ လူအပေါင်းသည် ပန်းနံ့သာစသည်ကို လက်စွဲကာ သွား၍ ထိုဘုရားရှင်ကိုသာလျှင် ပူဇော်ကြကုန်လတ္တံ့၊ အကျွန်ုပ်တို့သည်လည်း ထိုဘုရားရှိရာသို့သာ သွားကြကုန်လတ္တံ့၊ အရှင်ဆရာတို့သည် အဘယ်သို့ ပြုကုန်အံ့နည်း”ဟု မေးသည်ရှိသော် “ချစ်သားတို့- ဤလောက၌ ပညာနုံ့သော သူတို့သည် များကုန်သလော၊ သို့တည်းမဟုတ် ပညာရှိသောသူတို့သည် များကုန်သလော”ဟု မေးသဖြင့် “ဆရာ- ပညာနုံ့သောသူတို့သာ များကုန်၏၊ ပညာရှိသောသူတို့ကား အနည်းငယ် တစ်ခါတစ်ရံသာ ဖြစ်ကုန်၏”ဟု ပြောသည်ရှိသော် “ချစ်သားတို့- ထိုသို့ဖြစ်မူ ပညာရှိသောသူတို့သည် ရဟန်းဂေါတမအထံသို့ သွားကုန်လတ္တံ့၊ ပညာနုံ့သောသူတို့သည် ငါတို့အထံသို့ လာကုန်လတ္တံ့၊ သင်တို့သည် သွားကြလေကုန်၊ ငါသည် သွားခြင်းငှာ မတတ်နိုင်”ဟု ဆိုပြန်သဖြင့် “ထိုသို့ဖြစ်ဘိမူကား ဆရာအရှင်တို့သည် သိသာထင်ရှားကြကုန်လတ္တံ့”ဟု ဆို၍ ဖဲသွားကြလေကုန်၏။

ဥပတိဿနှင့်ကောလိတတို့ ဧဟိဘိက္ခု ရဟန်းဖြစ်ကြခြင်း

ထိုဥပတိဿ၊ ကောလိတတို့ သွားကြကုန်သည်ရှိသော် သိဉ္စည်းပရိဗိုဇ်၏ ပရိသတ်တို့သည် ဖရိုဖရဲ ပျက်စီးကြကုန်၏။ ထိုခဏ၌ ပရိဗိုဇ်အာရာမ်သည် အချည်းနှီး ဖြစ်လေ၏။ ထိုသိဉ္စည်းဆရာသည် အချည်းနှီးသော ကျောင်းအာရာမ်ကို မြင်လျှင် မရွှင်လဲလူ ဗျာပါထူ၍ ပူသောသွေးကို အန်လေသတည်း။ ထိုဥပတိဿ၊ ကောလိတတို့နှင့် အတူတကွ သွားကြကုန်သော ငါးရာသော ပရိဗိုဇ်တို့တွင် နှစ်ရာ့ငါးဆယ်သောသူတို့သည် သိဉ္စည်းဆရာ၏အထံသို့ ပြန်လည်နေရစ်ကြကုန်၏။ ထိုနှစ်ရာ့ငါးဆယ်တို့ သွားကုန်သည်ရှိသော် ဥပတိဿ၊ ကောလိတတို့သည် မိမိ၏ အန္တေဝါသိကဖြစ်သော နှစ်ရာ့ငါးဆယ်သော ပရိဗိုဇ်တို့နှင့် ဝေဠုဝန် ကျောင်းတော်သို့ သွားကြလေကုန်၏။ မြတ်စွာဘုရားသည် ပရိသတ်လေးပါးအလယ်၌ နေတော်မူလျက် တရားဟောတော်မူစဉ် အဝေးမှလာကုန်သော ထိုဥပတိဿ၊ ကောလိတတို့ကို မြင်တော်မူ၍ ရဟန်းတို့ကို ခေါ်တော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ကောလိတ,ဥပတိဿ ဟူကုန်သော ဤအဆွေခင်ပွန်းနှစ်ယောက်တို့သည် လာကုန်၏။ ထိုသူတို့သည် ငါဘုရား၏ ကောင်းမြတ်သော အဂ္ဂသာဝက အစုံသည် ဖြစ်လတ္တံ့”ဟု မိန့်တော်မူနှင့်လေ၏။ ထိုဥပတိဿ၊ ကောလိတတို့သည် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ် လျောက်ပတ်သောအရပ်၌ နေကြကုန်၏။ နေပြီး၍လည်း ထိုအဆွေခင်ပွန်း နှစ်ယောက်တို့သည် မြတ်စွာဘုရားကို “ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား.. တပည့်တော်တို့သည် ဘုရားရှင်အထံတော်၌ ရှင်ရဟန်းအဖြစ်ကို ရလိုကြပါကုန်၏”ဟု လျှောက်ကြားကြကုန်သည်ရှိသော် မြတ်စွာဘုရားသည် “ဧထ ဘိက္ခဝေါ” ဘိက္ခဝေါ၊ ချစ်သားရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဧထ၊ လာကြကုန်လော့ဟု ခေါ်တော်မူ၍ “သွာက္ခာတော ဓမ္မော၊ စရထ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယ။” ဓမ္မော၊ တရားတော်ကို။ သွာက္ခာတော၊ ကောင်းစွာ ဟောအပ်ပြီ။ သမ္မာ၊ ကောင်းစွာ။ ဒုက္ခဿ၊ ဆင်းရဲအပေါင်း၏။ အန္တကိရိယာယ၊ အဆုံးကို ပြုခြင်းငှာ။ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို။ စရထ၊ ကျင့်ကြကုန်လော့။ ဤသို့ မိန့်ဆိုတော်မူသောစကား၏ အခြားမဲ့၌ အလုံးစုံသော သူတို့သည် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆောင်ကုန်လျက် ဝါတော် ခြောက်ဆယ်ရှိသော မထေရ်ကြီးတို့ကဲ့သို့ ဖြစ်လေကုန်၏။

သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်ခြင်း

ထို့နောက်မှ ဥပတိဿ၊ ကောလိတတို့၏ တပည့်ပရိသတ်အား စရိုက်,အလေ့အကျင့်၏ အစွမ်းဖြင့် ဘုရားရှင်သည် တရားဒေသနာကို ကောင်းစွာဆင့်ပွား ဟောကြားတော်မူ၏။ နှစ်ပါးသော အဂ္ဂသာဝကတို့ကို ချန်ထား၍ ကြွင်းသော ပရိဗိုဇ်တို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ အဂ္ဂသာဝကတို့မှာမူကား အထက်မဂ်သုံးပါးကိစ္စသည် အပြီးအဆုံးသို့ မရောက်လေ။ အဘယ့်ကြောင့်နည်းဟူမူကား သာဝကပါရမီဉာဏ်၏ ကျယ်ဝန်းသည်၏ အဖြစ်ကြောင့်တည်း။ (ဥပတိဿကား သာရီပုဏ္ဏေးမ၏ သားဖြစ်ခြင်းကြောင့် သာရိပုတြာ၊ ကောလိတကား မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်ခြင်းကြောင့် မောဂ္ဂလာန်ဟု အမည်တွင်လေ၏။) ထို့နောက် အရှင်မောဂ္ဂလာန်သည် ရဟန်းပြုသောနေ့မှစ၍ ခုနစ်ရက်မြောက်သောနေ့၌ မဂဓတိုင်း ကလ္လဝါဠမည်သောရွာကို အမှီပြု၍ နေတော်မူစဉ် ငိုက်မျဉ်းခြင်း ထိနမိဒ္ဓ သက်ဝင်သည်ရှိသော် ဘုရားရှင်သည် ထိတ်လန့်စေလျက် ငိုက်မျဉ်းခြင်း ထိန,မိဒ္ဓကို ပယ်ဖျောက်၍ ဘုရားရှင်ပေးအပ်သော ဓာတ်ကမ္မဋ္ဌာန်းကို နာကြားလျက်သာလျှင် အထက်မဂ်သုံးပါးကိစ္စကို ပြီးစေ၍ သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူလေ၏။ အရှင်သာရိပုတြာ မထေရ်သည်လည်း ရဟန်းပြုသောနေ့မှစ၍ လခွဲလွန်သော် ဘုရားရှင်နှင့်တကွ ထိုရာဇဂြိုဟ်ပြည်ကိုသာလျှင် အမှီပြု၍ သူကရခတမည်သော ဝက်တူးလိုဏ်ဂူ၌ နေတော်မူလျက် မိမိတူဖြစ်သော ဒီဃနခပရိဗိုဇ်အား ဝေဒနာ ပရိဂ္ဂဟဏသုတ္တန်ကို ဟောတော်မူသည်ရှိသော် သုတ်ကို အစဉ်လျှောက်သဖြင့် ဉာဏ်ကိုစေလွှတ်၍ သူတစ်ပါးအလို့ငှာ ခူးအပ်သောထမင်းကို သုံးဆောင်သောသူကဲ့သို့ သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူလေ၏။

(အရှင် သာရိပုတြာသည် ပညာကြီးတော်မူသည် မဟုတ်လော၊ ထိုသို့ ပညာကြီးပါလျက် အဘယ့်ကြောင့် အရှင်မဟာမောဂ္ဂလာန်ထက် ကြာမြင့်စွာမှ သာဝကပါရမီဉာဏ်ကို ရောက်လေဘိသနည်းဟု ဆိုငြားအံ့၊ များသော ပရိကံ (အသိုင်းအဝိုင်း အခြေပြု) ရှိသည့် အဖြစ်ကြောင့်တည်း။ ထင်စွာဆိုဦးအံ့၊ ဆင်းရဲသောသူတို့သည် တစ်စုံတစ်ခုသောအရပ်သို့ သွားလိုသည်ရှိသော် လျင်စွာ ထွက်သွားနိုင်ကြကုန်၏။ မင်းတို့မှာမူကား ဆင်ယာဉ်, မြင်းယာဉ်, ကကြိုးတန်ဆာ, ဗိုလ်ပါစစ်သည် အစရှိသည်တို့ဖြင့် များစွာသော အဆောက်အဦကို ရခြင်းငှာ သင့်သည်ဖြစ်၍ ထိုအလုံးစုံကို ပြင်ဆင်စုရုံးရသောကြောင့် ဖြည်းဖြည်းလေးလေး ကြာမြင့်မှ ထွက်ရသကဲ့သို့ ထို့အတူ ဤဥပမာ ပြည့်စုံခြင်းကို သိအပ်၏။)

အဂ္ဂသာဝကအရာပေး၍ ကဲ့ရဲ့ကြခြင်း

ထိုနေ့ပင်လျှင် မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူလျက် သာဝကအစည်းအဝေးကိုပြု၍ နှစ်ဦးသော မထေရ်တို့အား အဂ္ဂသာဝကအရာကိုပေး၍ ပါတိမောက်ကို ပြတော်မူ၏။ (အဆုံးအမတရား ဟောတော်မူ၏။) ရဟန်းတို့သည် “မြတ်စွာဘုရားကား မျက်နှာကြည့်၍ ဆွမ်းပေးသည်။ (မျက်နှာကြီးရာ ဟင်းဖတ်ပါသည်။) အဂ္ဂသာဝကအရာကို ပေးလိုပါမူကား ရှေးဦးစွာ ရဟန်းဖြစ်သော ပဉ္စဝဂ္ဂီတို့အား ပေးခြင်းငှာ သင့်၏။ ဤပဉ္စဝဂ္ဂီတို့ကို မကြည့်သည်ရှိသော် ယသမထေရ်လျှင် အမှူးအကြီးဖြစ်ကုန်သော ငါးကျိပ်ငါးပါးကုန်သော ရဟန်းတို့အား ပေးခြင်းငှာ သင့်၏။ ဤရဟန်းတို့ကို မကြည့်ပြန်သည်ရှိသော် သုံးကျိပ်သော ဘဒ္ဒဝဂ္ဂီတို့အား ပေးခြင်းငှာ သင့်၏။ ဤရဟန်းတို့ကို မကြည့်ပြန်သည်ရှိသော် ဥရုဝေလကဿပ အစရှိကုန်သော ညီနောင်သုံးယောက်တို့အား ပေးခြင်းငှာ သင့်၏။ ဤမျှလောက်သော မဟာထေရ်ကြီးတို့ကို ပစ်ပယ်လှပ်ထား၍ အလုံးစုံသော ရဟန်းတို့၏ နောက်မှ လာ၍ ရဟန်းပြုကုန်သော အရှင်သာရိပုတြာ၊ အရှင်မောဂ္ဂလာန်တို့အား အဂ္ဂသာဝကအရာကို ပေးခြင်းဖြင့် မျက်နှာကြည့်၍ပေးသည်ကား မသင့်လေစွတကား”ဟု ကဲ့ရဲ့စကား ဆိုကြလေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် “ချစ်သား ရဟန်းတို့- အဘယ်စကားကို ပြောဆိုကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သော စကားပါတည်း”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါဘုရားကား မျက်နှာကြည့်၍ ထမင်းပေးသည်မဟုတ်၊ ထိုပုဂ္ဂိုလ်တို့အား မိမိ,မိမိ၏ တောင့်တတိုင်း တောင့်တတိုင်းကိုသာလျှင် ပေး၏။ ထိုစကား သင့်စွ၊ အညာသိကောဏ္ဍညမထေရ်သည် တစ်ကြိမ်စိုက်ပျိုးရာ ကောက်အတွင်း၌ ကိုးကြိမ်တိုင်တိုင် ကောက်ဦးအလှူကို ပေးလှူသည်ရှိသော် အဂ္ဂသာဝကရာထူးကို တောင့်တ၍ ပေးလှူသည် မဟုတ်၊ မြတ်သော တရားဟူသော အရဟတ္တဖိုလ်ကို အလုံးစုံသောသူတို့၏ ရှေးဦးစွာ ထိုးထွင်း၍သိခြင်းငှာ တောင့်တ၍ ပေးလှူခဲ့လေသည်”ဟု မိန့်တော်မူ၏။

ဤသို့ မိန့်တော်မူသည်ရှိသော် “ရှင်ပင်ဘုရား- အဘယ်အခါ၌ လှူဖူးပါသနည်း”ဟု ရဟန်းတို့က မေးလျှောက်သည်ဖြစ်၍ “ချစ်သားရဟန်းတို့- သင်တို့သည် နာလိုကြကုန်သလော”ဟု မေးတော်မူ၏။ “နာလိုပါသည်ဘုရား”ဟု လျှောက်ကြကုန်သည်ရှိသော် အတိတ်အကြောင်းကို ဆောင်ပြတော်မူလေ၏။

အညာသိကောဏ္ဍညမထေရ်၏ ရှေးအတိတ်

ချစ်သား ရဟန်းတို့- ဤဘဒ္ဒကပ်ကမ္ဘာမှ နောက်ဆုတ်ပြန်၍ ရေတွက်သည်ရှိသော် ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီ အမည်ရှိသော ဘုရားရှင်သည် လောက၌ ထင်ရှားစွာ ပွင့်တော်မူလေ၏။ ထိုအခါ၌ မဟာကာလ၊ စူဠကာလဟူ၍ သူကြွယ်ညီနောင် နှစ်ယောက်တို့သည် ကျယ်ဝန်းသော သလေးစပါးခင်းကို စိုက်ပျိုးစေကြလေကုန်၏။ ထိုအခါ တစ်နေ့သ၌ စူဠကာလသည် သလေးစပါးစိုက်ရာ လယ်သို့သွား၍ တစ်ခုသော သလေးစပါးဖုံးကိုခွာ၍ စားအပ်သည်ရှိသော် အလွန်ချိုမြိန်သော အရသာရှိရကား ဘုရားအမှူးရှိသော ရဟန်းသံဃာအား သလေးစပါးဖုံးအလှူကို လှူလိုသည်ဖြစ်၍ အစ်ကိုကြီး မဟာကာလထံသို့ ချဉ်းကပ်ပြီးလျှင် “နောင်တော်- သလေးစပါးဖုံးကိုခွာ၍ ဘုရားရှင်တို့အား လျောက်ပတ်သည်ကိုပြုလျက် ချက်ပြုတ်စေ၍ ပေးလှူကြကုန်အံ့”ဟု ဆို၏။ “ညီငယ် စူဠကာလ- အသို့ဆိုဘိသနည်း၊ သလေးဖုံးကိုခွာ၍ လှူခြင်းမည်သည်ကား ရှေးလွန်လေပြီးသော အခါ၌လည်း မဖြစ်စဖူး၊ နောင်အနာဂတ် ကာလ၌လည်း ဖြစ်မည်မဟုတ်၊ ကောက်ပင်ကို မဖျက်ဆီးပါလင့်”ဟု ဆိုသော်လည်း ထိုစူဠကာလသူကြွယ်သည် အဖန်တလဲလဲ တောင်းပန်သည်သာတည်း။ ထိုသို့ တောင်းပန်သောအခါ၌ ထိုစူဠကာလကို နောင်တော် မဟာကာလက “ထိုသို့ လှူလိုမူကား သလေးစပါးခင်းကို နှစ်ဖို့နှစ်စုခွဲဝေ၍ ငါ့အစုကို မသုံးသပ်မူ၍ ကိုယ့်အတွက်ကျအစု၌ အလိုရှိရာ ပြုလေလော့”ဟု ဆိုလေ၏။ ထိုစူဠကာလလည်း “ကောင်းပြီ”ဟုဆို၍ လယ်ကိုခွဲဝေ၍ လူအများတို့ကို ဝိုင်းဝန်းကူညီ ပြုလုပ်ရန် လက်မှုကို တောင်းပန်၍ သလေးဖုံးကို ခွာပြီးလျှင် ရေမပါသော နို့ရည်ဖြင့် ချက်ပြုတ်စေ၍ ထောပတ်, ပျား, တင်လဲ, သကာ စသည်တို့ဖြင့် ဖျော်စေသဖြင့် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလှူကို ပေးလှူပြီးသည်ရှိသော် ဆွမ်းဘုဉ်းပေးပြီးသည်၏ အဆုံး၌ “မြတ်စွာဘုရား- တပည့်တော်၏ ဤသလေးဖုံး ကောက်ဦးအလှူသည် အလုံးစုံသောသူတို့၏ ရှေးဦးစွာ မြတ်သောတရားကို ထိုးထွင်း၍ သိခြင်းအကျိုးငှာ ဖြစ်ပါစေသတည်း”ဟု ဆုတောင်းလေ၏။ ဘုရားရှင်သည် “သင်ဒါယကာ တောင်းသည့်ဆုအတိုင်း ပြည့်စုံသည် ဖြစ်စေလော့”ဟု သလေးဖုံးဆွမ်းအနုမောဒနာ ပြုတော်မူလေ၏။

ထိုစူဠကာလသည် လယ်သို့သွား၍ ကြည့်သည်ရှိသော် လယ်အလုံးသည် အချက်တို့ဖြင့် ဖွဲ့ကုန်ဘိသကဲ့သို့ သလေးစပါးနှံတို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းသည်ကိုမြင်၍ ငါးပါးအပြားရှိသော ပီတိကိုရသဖြင့် “ငါ့အား အရတော်ပေစွတကား”ဟု ကြံ၍ စပါးနှံထွက်စအခါ၌ မုန့်ဆန်းဦး အလှူမည်သည်ကို လှူ၏။ ရွာသူရွာသားအပေါင်းတို့နှင့် အတူတကွ သလေးစပါးနှံဦး မည်သည်ကို လှူ၏။ ထို့အတူ စပါးရိတ်သောအခါ၌ ရိတ်ဦးအလှူကိုလည်းကောင်း၊ လက်ဆုပ်ပြုသောအခါ လက်ဆုပ်ဦးအလှူကိုလည်းကောင်း၊ ကောက်လှိုင်းစည်းသောအခါ ကောက်လှိုင်းဦး အလှူကိုလည်းကောင်း၊ တလင်းသို့ ချသောအခါ တလင်းဦးအလှူကိုလည်းကောင်း၊ နယ်သောအခါ နယ်ဦးအလှူကိုလည်းကောင်း၊ စပါးခြင်သောအခါ ခြင်ဦးအလှူကိုလည်းကောင်း၊ ကျီသို့ သွင်းသောအခါ ကျီဦးအလှူကိုလည်းကောင်း ပေးလှူ၏။ ဤသို့ တစ်ကြိမ်စိုက်ပျိုးရာ ကောက်တွင်း၌ ကိုးကြိမ်တိုင်တိုင် အဦးဖြစ်သော အလှူကို ပေးလှူလေ၏။ ထိုစူဠကာလအား လှူတိုင်း,လှူတိုင်းသော အကြိမ်တို့၌ ယူရာ,ယူရာအရပ်သည် ယုတ်လျော့သည်မရှိ၊ ပြည့်မြဲ ပြည့်လေ၏။ ကောက်ပင်သည် ခါတိုင်းထက်ပင် အလွန်ဖြစ်သော အသီးအနှံနှင့် ပြည့်စုံ၏။ ထိုစကား မှန်၏။ ဤတရားမည်သည် မိမိကို စောင့်ရှောက်သောသူကို တစ်ဖန်တုံ့ပြန်၍ စောင့်ရှောက်တတ်၏။ ထို့ကြောင့် ဘုရားရှင်သည် ဤဂါထာကို ဟောတော်မူလေ၏။

တရားကျင့်သူကို တရားကစောင့်ရှောက်

ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ၊
ဓမ္မော သုစိဏ္ဏော သုခမာဝဟာတိ။
ဧသာနိသံသော ဓမ္မေ သုစိဏ္ဏေ၊
န ဒုဂ္ဂတိံ ဂစ္ဆတိ ဓမ္မစာရီ။

ဟဝေ၊ စင်စစ်အားဖြင့်။ ဓမ္မော၊ တရားသည်။ ဓမ္မစာရီ၊ တရားကိုကျင့်သောသူကို။ ရက္ခတိ၊ စောင့်၏။ သုစိဏ္ဏော၊ ကောင်းစွာ ကျင့်အပ်သော။ ဓမ္မော၊ တရားသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ အာဝဟတိ၊ ရွက်ဆောင်တတ်၏။ ဧသ-ဧသော၊ ဤသဘောသည်ကား။ ဓမ္မေ၊ တရားကို။ သုစိဏ္ဏေ၊ ကောင်းစွာကျင့်ရာ၌။ အာနိသံသော၊ အကျိုးတည်း။ ဓမ္မစာရီ၊ တရားကို ကျင့်သောသူသည်။ ဒုဂ္ဂတိံ၊ အပါယ်လေးပါးသို့။ န ဂစ္ဆတိ၊ မလားရလေ။

ဤသို့လျှင် အညာသိကောဏ္ဍညသည် ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါ၌ မြတ်သောတရားကို လက်ဦးစွာ ထိုးထွင်း၍ သိခြင်းအကျိုးငှာ တောင့်တလျက် ကိုးကြိမ်တိုင်တိုင် အလှူဦးကို ပေးလှူ၏။ ဤဘဒ္ဒကပ်ကမ္ဘာမှ ကမ္ဘာတစ်သိန်းထက်၌ ဟံသာဝတီပြည် ပဒုမုတ္တရဘုရား လက်ထက်တော်အခါ၌လည်း ခုနစ်ရက်ပတ်လုံး အလှူကြီးကိုပေး၍ ထိုဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်၍ မြတ်သောတရားကို လက်ဦးစွာ ထိုးထွင်း၍ သိခြင်းအကျိုးငှာသာလျှင် ဆုတောင်းခဲ့လေ၏။ “ဤသို့လျှင် အညာသိကောဏ္ဍည ရဟန်းအား တောင့်တတိုင်းသာလျှင် ပေးပါ၏။ မျက်နှာကြည့်၍ ပေးသည်မဟုတ်”ဟု မိန့်တော်မူလေ၏။

ယသအမှူးရှိသော ရဟန်းငါးကျိပ်ငါးပါးတို့၏ ရှေးအတိတ်

“ဘုန်းတော် ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ယသ သတို့သား အမှူးရှိသော ငါးကျိပ်ငါးယောက်သော ရဟန်းတို့ကား အဘယ် ကောင်းမှုကံကို ပြုခဲ့ဖူးပါကုန်သနည်း”ဟု မေးလျှောက်ကြကုန်သည်ရှိသော် ဤသို့ အတိတ်အကြောင်းကို ဆောင်ပြတော်မူလေ၏။

ဤယသအမှူးရှိသော ငါးကျိပ်ငါးယောက်သော သူတို့သည်လည်း ဘုရားတစ်ဆူထံ၌ အရဟတ္တဖိုလ်ကို တောင့်တကုန်လျက် များစွာသော ကောင်းမှုကံကို ပြုခဲ့ကြပြီးလျှင် နောက်အဖို့၌ ဘုရားမပွင့်မီ အကျွမ်းတဝင် ချစ်ခင်သော အဆွေခင်ပွန်းတို့ဖြစ်ကြ၍ အပေါင်းအစုဖွဲ့သဖြင့် ညီညီညွတ်ညွတ် ကောင်းမှုပြုကြကုန်သည်ရှိသော် ကိုးကွယ်ရာမရှိ အထီးကျန် သေလေသောသူတို့၏ အလောင်းကောင်တို့ကို သုတ်သင်ကြကုန်လျက် (ဖုတ်ကြည်း သင်္ဂြိုဟ်ကြကုန်လျက်) သွားလာ လှည့်ပတ်ကြလေကုန်၏။

တစ်နေ့သ၌ ကိုယ်ဝန်နှင့်တကွ သေလေသော မိန်းမအလောင်းကိုမြင်၍ သင်္ဂြိုဟ်ကုန်အံ့ဟု သုသာန်သို့ ဆောင်ယူကြကုန်၏။ ထိုငါးကျိပ်ငါးယောက်သော သူတို့တွင် ငါးယောက်သောသူတို့ကို “သင်တို့သည် ထိုမိန်းမ အလောင်းကောင်ကို သင်္ဂြိုဟ်ရစ်ကြကုန်လော့”ဟု မှာထားခဲ့၍ ကြွင်း ငါးကျိပ်သော သူတို့သည် ရွာတွင်းသို့ ဝင်ကြလေကုန်၏။ ယသအလောင်း သတို့သားသည် မိန်းမသေကောင်ကိုကြည့်၍ တံစူးဝါးတို့ဖြင့် ထိုးဆွလှန်လှော၍ မီးရှို့သင်္ဂြိုဟ်သည်ရှိသော် “တင့်တယ်ခြင်းမရှိ”ဟူသော အသုဘသညာကို ရလေ၏။ မိမိ အသုဘသညာရပြီးသော် ကြွင်းလေးယောက်သော သူတို့အားလည်း “အချင်းတို့- ထိုထို ကိုယ်အင်္ဂါအစိတ်၌ ပျက်စီးသော အရေရှိသော နွားပြောက် နွားကျားသဖွယ် မစင်ကြယ်သဖြင့် ရွံဖွယ်ညှီလှောင်း မကောင်းသော အနံ့ရှိသည်ဖြစ်၍ စက်ဆုပ်စရာဖြစ်သော ဤမိန်းမအလောင်းကောင်ကို ရှုကြပါကုန်လော့”ဟုဆို၍ ပြ၏။ ထိုလေးယောက်သော သူတို့သည်လည်း ကိုယ်ဝန်နှင့်တကွသော ထိုမိန်းမအလောင်းကောင်၌ အသုဘသညာကို ရကြလေကုန်၏။ ထိုသူ ငါးယောက်လုံးတို့သည် ရွာသို့သွား၍ ကြွင်းသော အဆွေခင်ပွန်းတို့အားလည်း ပြောပြကြကုန်၏။ ယသ အလောင်းဖြစ်သော သတို့သား လုလင်သည်ကား အိမ်သို့သွား၍ မိဘတို့အားလည်းကောင်း၊ မယားအားလည်းကောင်း ပြောပြလေ၏။ ထိုမိဘ,မယားတို့သည်လည်း အသုဘကမ္မဋ္ဌာန်းကို ပွားကြလေကုန်၏။ ဤကား ထိုယသအမှူးရှိသော ငါးကျိပ်ငါးပါးသော ရဟန်းတို့အား ရှေးကောင်းမှုကံတည်း၊ ဤရှေးကံကြောင့်သာလျှင် ယသ သတို့သားအား မိန်းမဆောင်အခန်း၌ သုသာန်ဟူသော အမှတ်သညာဖြစ်ခဲ့လေ၏၊ ထိုသို့ သဘောရှိသော အားကြီးသော ဥပနိဿယအကြောင်း၏ ပြည့်စုံခြင်းကြောင့် အလုံးစုံသော သူတို့အားလည်း မဂ်ဖိုလ်တရားထူး ရခြင်းသည် ပြီးမြောက်လေ၏။ “ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်”ဟု မိန့်တော်မူလေသည်။

ဘဒ္ဒဝဂ္ဂီမင်းသား သုံးကျိပ်တို့၏ ရှေးအတိတ်

“ဘုန်းတော် ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ဘဒ္ဒဝဂ္ဂီ အဆွေခင်ပွန်း ညီနောင်သုံးကျိပ်တို့သည်ကား အဘယ်ကောင်းမှုကံကို ပြုခဲ့ဖူးပါကုန်သနည်း”ဟု မေးလျှောက်ကြပြန်သည်ရှိသော် “ထိုဘဒ္ဒဝဂ္ဂီတို့သည်လည်း ရှေးဘုရားရှင်တို့၏အထံ၌ အရဟတ္တဖိုလ်ကိုတောင့်တ၍ ကောင်းမှု ကုသိုလ်တို့ကို ပြုကြသဖြင့် နောက်အဖို့၌ ငါဘုရားပွင့်တော်မမူမီကာလ၌ သုံးကျိပ်သော သေသောက်ကြူးတို့ ဖြစ်ကုန်ပြီးလျှင် ငါဘုရားအလောင်းတော် တုဏ္ဍိလဝက်မင်း၏ အဆုံးအမကိုနာခံ၍ အနှစ် ခြောက်သောင်းတို့ပတ်လုံး ငါးပါးသီလတို့ကို စောင့်ရှောက်ခဲ့ကြကုန်၏။ ဤသို့လျှင် ဤသူတို့သည်လည်း မိမိတို့ တောင့်တတိုင်းကိုသာ ရကြလေကုန်၏။ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည် မဟုတ်”ဟု မိန့်တော်မူလေ၏။

ကဿပညီနောင် သုံးယောက်တို့၏ ရှေးအတိတ်

“ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ဥရုဝေလကဿပ စသောသူတို့ကား အဘယ်ကောင်းမှုကံကို ပြုခဲ့ကြပါသနည်း”ဟု မေးလျှောက်ကြကုန်သည်ရှိသော် ထိုသူတို့သည်လည်း အရဟတ္တဖိုလ်ကိုသာလျှင် တောင့်တမျှော်ခေါ်၍ ကောင်းမှုတို့ကို ပြုခဲ့ကြကုန်၏၊ ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် ကိုးဆယ့်နှစ်ကမ္ဘာထက်၌ တိဿ, ဖုဿ ဘုရားနှစ်ဆူတို့သည် ပွင့်တော်မူကြလေကုန်၏၊ ဖုဿဘုရား၏ ခမည်းတော်ကား မဟိန္ဒမည်သော မင်းတည်း၊ ထိုဖုဿဘုရားသည် သဗ္ဗညုတ ဉာဏ်တော်ကိုရ၍ ဘုရားဖြစ်သည်ရှိသော် မင်းကြီး၏ သားတော်အငယ်သည် လက်ယာရံ ပထမ အဂ္ဂသာဝကဖြစ်၍ ပုရောဟိတ်ပုဏ္ဏား၏သားသည် လက်ဝဲရံ ဒုတိယ အဂ္ဂသာဝက ဖြစ်လေ၏။

မဟိန္ဒမင်းကြီးသည် ဘုရားထံတော်သို့သွား၍ “ငါ၏သားတော်ကြီးသည် ဘုရားဖြစ်၏၊ ငါ၏သားတော်ငယ်သည် လက်ယာရံ ပထမ အဂ္ဂသာဝကဖြစ်၏၊ ပုရောဟိတ် ပုဏ္ဏားသားသည် လက်ဝဲရံ ဒုတိယ အဂ္ဂသာဝက ဖြစ်၏၊ ဤသို့ သားကြီး, သားငယ်, ပုရောဟိတ်၏သားတို့ကို ကြည့်၍ ဘုရားလည်း ငါ၏ဘုရားပင်၊ တရားလည်း ငါ၏ တရားပင်၊ သံဃာလည်း ငါ၏ သံဃာပင်”ဟုဆို၍ “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဟု သုံးကြိမ်တိုင်အောင် ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ပြီးလျှင် ဘုရားရှင်၏ ခြေတော်ရင်း၌ တုပ်ဝပ်၍ “မြတ်စွာဘုရား- ယခုအခါ၌ အနှစ်ကိုးသောင်း အတိုင်းအရှည်ရှိသော ဘခမည်းတော်၏ အသက်သည် အစွန်ဖျားနားနေ၍ ငိုက်မျဉ်း အိပ်ပျော်လေဘိသော ကာလကဲ့သို့ ဖြစ်ရကား အခြားသူတို့၏ အိမ်တံခါးသို့ ဆွမ်းခံကြွသွားတော်မမူဘဲ တပည့်တော် အသက်ရှည်သမျှပတ်လုံး တပည့်တော်၏ ပစ္စည်းလေးပါးတို့ကိုသာ သည်းခံတော်မူပါကုန်လော့”ဟု လျှောက်ကြား၍ ဘုရားရှင်၏ဝန်ခံချက်ကို ယူပြီးလျှင် အမြဲမပြတ် ဘုရားရှင်အား လုပ်ကျွေး ဆည်းကပ်ခြင်းကို ပြုလေ၏။

မင်းကြီးအားကား ထိုမှတစ်ပါးသော သားသုံးယောက်လည်း ရှိကုန်၏၊ ထိုသားသုံးယောက်တို့တွင် သားကြီးအား အခြံအရံ စစ်သည်သူရဲ ငါးရာရှိ၏။ သားလတ်အား အခြံအရံ စစ်သည်သူရဲ သုံးရာရှိ၏၊ သားငယ်အား စစ်သည်သူရဲ နှစ်ရာရှိ၏၊ ထိုညီနောင် သုံးယောက်တို့သည် “ငါတို့လည်း နောင်တော်ဘုရားကို ဆွမ်းလုပ်ကျွေးကုန်အံ့”ဟု တိုင်ပင်ကြကုန်၍ ခမည်းတော်မင်းကြီးကို ခွင့်တောင်းကြကုန်သည်ရှိသော် ခွင့်မရကြကုန်၊ အဖန်တလဲလဲ တောင်းပန်ကြကုန်သော်လည်း ခွင့်မရကြကုန်၊ အခါတစ်ပါး၌ ပစ္စန္တရစ်သည် ပုန်ကန်သောင်းကျန်းသည်ရှိသော် ထိုပစ္စန္တရစ်ကို ရန်ငြိမ်းစေခြင်းငှါ စေလွှတ်သောကြောင့် ပစ္စန္တရစ်ကို ငြိမ်းချမ်းသာယာစေပြီးလျှင် ဘခမည်းတော်ထံသို့ ပြန်ရောက်လာသောအခါ ခမည်းတော်သည် ထိုသားတော်တို့ကို လည်ဖက်၍ ဦးခေါင်း၌ နမ်းရှုံ့၍ “သားတော်တို့- သင်တို့အား လိုရာဆုကို ငါပေးသနားတော်မူမည်”ဟု ဆိုလေ၏။

သားတော်တို့လည်း “ခမည်းတော်ဘုရား- ကောင်းပါပြီ”ဟု ဆုယူထားကာမျှကိုသာပြု၍ တစ်ဖန် နှစ်ရက်သုံးရက်လွန်သဖြင့် ခမည်းတော်က “ငါ့သားတော်တို့.. ဆုယူကြကုန်လော့”ဟု မိန့်တော်မူပြန်သော် “ခမည်းတော်ဘုရား- ဤနေ့မှစ၍ နောင်တော်ဘုရားကို ဆွမ်းလုပ်ကျွေးပါရစေ၊ ဤမှတစ်ပါးသောဆုဖြင့် အလိုမရှိပါ၊ ဤဆုကိုသာ ပေးသနားတော်မူပါ”ဟု လျှောက်တင်ကြလေကုန်၏။ “ငါ့သားတော်တို့- ဤဆုကိုကား ငါမပေးနိုင်”ဟု အမိန့်တော်ရှိလတ်သော် “ခမည်းတော်ဘုရား- အမြဲအခွင့်မပေးနိုင်သော် ခုနစ်နှစ် ခွင့်ပေးတော်မူပါကုန်”ဟု လျှောက်ကြကုန်၏။ “ငါ့သားတော်တို့- ခွင့်မပေးနိုင်”ဟု ဆိုပြန်သော် “ထိုသို့ဖြစ်မူ ခြောက်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ သုံးနှစ်၊ နှစ်နှစ်၊ တစ်နှစ် ခွင့်ပေးတော်မူပါကုန်”ဟု လျှော့၍လျှော့၍ လျှောက်တောင်းကြကုန်၏။ “ငါ့သားတော်တို့ ခွင့်မပေးနိုင်”ဟု မိန့်လတ်ပြန်သော် “ထိုသို့ တစ်နှစ်မျှ ခွင့်မပေးနိုင်သည်ရှိသော် ခုနှစ်လ၊ ထိုမျှ ခွင့်မပေးနိုင်သော် ခြောက်လ၊ ငါးလ၊ လေးလ၊ သုံးလတို့ပတ်လုံး လုပ်ကျွေးခွင့် ပေးတော်မူပါကုန်”ဟု လျှောက်ကြကုန်၏။ “ငါ့သားတော်တို့ ခွင့်မပေးနိုင်”ဟု မိန်လတ်ပြန်သော် “ခမည်းတော်ဘုရား- သုံးလ ခွင့်မပေးနိုင်ရှိပါစေ၊ ကျွန်တော်တို့ သုံးယောက်အား တစ်ယောက်တွက် တစ်ယောက်တွက် တစ်လစီ၊ တစ်လစီပြု၍ သုံးလ ခွင့်ပြုတော်မူပါကုန်”ဟု တောင်းပန်ကုန်၏။ “ငါ့သားတော်တို့- ကောင်းပြီ၊ ထိုသို့ဖြစ်မူ သုံးလတို့ပတ်လုံး လုပ်ကျွေးပြုစုကြကုန်လော့”ဟု မိန့်လတ်သော် ထိုသားတော် သုံးပါးတို့သည် နှစ်သက်သဖြင့် ခမည်းတော်မင်ကြီးကို ရှိခိုးကြ၍ မိမိတို့နေရာသို့သာလျှင် သွားကြကုန်၏။

ထိုသုံးယောက်သော မင်းသားတို့အားလည်း ဘဏ္ဍာစိုး တစ်ယောက်သာ၊ အမှုဆောင်အမတ်လည်း တစ်ယောက်သာ ရှိသည်ဖြစ်၍ ထိုအမတ်အား တစ်သိန်းနှစ်သောင်း ယောက်ျားလုလင် အခြံအရံရှိ၏။ မင်းသားတို့သည် ထိုသူတို့ကိုခေါ်စေ၍ “ငါတို့သည် ဤဝါတွင်း သုံးလပတ်လုံး ဆယ်ပါးသီလခံယူ၍ ဖန်ရည်စွန်းသော အဝတ်နှစ်ထည်တို့ကိုဝတ်၍ နောင်တော်ဖြစ်သော ဘုရားရှင်နှင့် အတူတကွ နေကုန်အံ့၊ သင်တို့သည် ဤမျှလောက်သော အလှူဝတ်ကို ယူ၍ နေ့တိုင်းနေ့တိုင်း ကိုးသောင်းကုန်သော ရဟန်းတို့အားလည်းကောင်း၊ စစ်သည်တစ်ထောင်တို့အားလည်းကောင်း အလုံးစုံသော ခဲဖွယ်ဘောဇဉ်ကို စီရင်ခန့်ရမ်းကြလေကုန်လော့၊ ငါတို့ကား ဤနေ့မှစ၍ တစ်စုံတစ်ခုသော စကားကိုမျှ မဆိုကုန်အံ့”ဟု ပြောဆိုမှာထားကြလေကုန်၏။

ထိုမင်းသားညီနောင် သုံးယောက်တို့သည် အခြံအရံ ယောက်ျားတစ်ထောင်ကိုခေါ်၍ ဆယ်ပါးသီလကို ဆောက်တည်ပြီးလျှင် ဖန်ရည်စွန်းသော အဝတ်တို့ကို ဝတ်ဆင်လျက် ကျောင်း၌သာလျှင် နေကြလေကုန်၏။ ဘဏ္ဍာစိုး အမတ်သည်လည်းကောင်း၊ အမှုဆောင် အမတ်သည်လည်းကောင်း တစ်ပေါင်းတည်းဖြစ်၍ မင်းသားညီနောင် သုံးယောက်တို့၏ ကျီတော်တို့မှ အလှည့်ကျ အလှည့်ကျ အလှူဝတ်ကို ထုတ်ယူ၍ အလှူဒါန ပေးလှူကြလေကုန်၏။

အလှူဦးစား၍ ပြိတ္တာဖြစ်ကြရပုံ

အမှုကို ရွက်ဆောင်လုပ်ကိုင်ကုန်သော စားဖိုသည်တို့မှာမူကား သားငယ်တို့သည် ယာဂုထမင်း စသည်တို့၏ အလို့ငှါ ငိုကြွေးကြကုန်၏။ ထိုအမှုလုပ် စားဖိုသည်တို့သည် ထိုသားငယ်တို့အား ရဟန်းသံဃာ မကြွလာမီကပင်လျှင် ယာဂုထမင်း စသည်တို့ကို ပေးကြကုန်၏။ ရဟန်းသံဃာ၏ ဆွမ်းဘုဉ်းပေးပြီးသည်၏အဆုံး၌ တစ်စုံတစ်ခု ပိုလျှံ ကျန်ကျွင်းဖူးသည် မရှိ။ ထိုအမှုလုပ် စားဖိုသည်တို့သည် နောက်ကာလ၌ သူငယ်တို့အား ပေးကုန်အံ့ဟု ယူ၍ မိမိတို့လည်း ယူစားကြကုန်၏။ နှစ်သက်ဖွယ် အရသာရှိသော အစာအာဟာရကို မြင်သည်ရှိသော် သည်းခံခြင်းငှါ မတတ်နိုင်ကြကုန်။ ထိုစားဖိုသည်တို့ကား ရှစ်သောင်းလေးထောင် အရေအတွက်ရှိကုန်၏။ ထိုစားဖိုသည်တို့သည် သံဃာအားရည်၍ လှူအပ်ပြီးသော အလှူဆွမ်းဝတ်ကို စားခြင်းကြောင့် စုတေသေလွန်သောအခါ ပြိတ္တာဘုံ၌ ဖြစ်ကြကုန်၏။

မင်းသားညီနောင် သုံးယောက်တို့သည်ကား ယောက်ျား တစ်ထောင်နှင့် အတူတကွစုတေ၍ နတ်ပြည်၌ ဖြစ်ပြီးလျှင် နတ်ပြည်မှ လူ့ပြည်၊ လူ့ပြည်မှ နတ်ပြည် ကျင်လည်ကြကုန်လျက် ကိုးဆယ့်နှစ်ကမ္ဘာတို့ကို ကုန်စေကြလေကုန်၏။ “ဤသို့လျှင် မင်းသားညီနောင် သုံးယောက် ဖြစ်ဖူးကုန်သော ထိုဥရုဝေလကဿပ၊ ဂယာကဿပ၊ နဒီကဿပ ညီနောင်သုံးယောက်တို့သည် အရဟတ္တဖိုလ်ကို တောင့်တလျက် ကုသိုလ်ကောင်းမှုကို ပြုကြကုန်ပြီ၊ ထိုကဿပညီနောင်တို့သည် မိမိတို့ တောင့်တတိုင်း တောင့်တတိုင်းကိုသာလျှင် ရကြလေကုန်၏။ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်”ဟု မိန့်တော်မူလေ၏။

ထိုအခါ မင်းသားညီနောင် သုံးယောက်တို့၏ အမှုဆောင် အမတ်သည် ဗိမ္ဗိသာရမင်းကြီး ဖြစ်လေ၏၊ ဘဏ္ဍာစိုးအမတ်သည် ဝိသာခမည်သော သီတင်းသည် ဥပါသကာဖြစ်လေ၏၊ ထိုမင်းသား သုံးယောက်တို့၏ အမှုလုပ် စားဖိုသည်တို့သည်ကား ပြိတ္တာဘုံ၌ ဖြစ်ကြကုန်၍ သုဂတိဘုံ၊ ဒုဂ္ဂတိဘုံတို့၏အစွမ်းဖြင့် ကျင်လည်ကြကုန်လျက် ဤဘဒ္ဒကပ်ကမ္ဘာ၌ ဘုရားလေးဆူတို့၏ သုံးခုသောအကြားကာလပတ်လုံး ပြိတ္တာဘုံ၌သာ ဖြစ်ကြလေကုန်၏။

ထိုပြိတ္တာတို့သည် ဤဘဒ္ဒကပ်ကမ္ဘာထက်၌ အလုံးစုံသော ဘုရားတို့၏ ရှေးဦးစွာ ပွင့်တော်မူသော အနှစ်လေးသောင်း သက်တော်ရှည်သော ကကုသန်မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ “ဘုန်းတော်ကြီးသော ရှင်ပင်ဘုရား တပည့်တော်တို့အား အစာအာဟာရ ရအံ့သော အခါကာလအကြောင်းကို မိန့်တော်မူပါကုန်”ဟု မေးလျှောက်ကြလေကုန်၏။ ထိုကကုသန် မြတ်စွာဘုရားသည်လည်း “ငါ၏လက်ထက်၌ မရကြကုန်သေး၊ ငါဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက် မြေကြီးသည် တစ်ယူဇနာမျှ အထက်သို့ တက်သောအခါ၌ ကောဏာဂုံမည်သောဘုရား ပွင့်တော်မူလတ္တံ့၊ ထိုကောဏာဂုံ ဘုရားရှင်ကို မေးကြကုန်ဦးလော့”ဟု မိန့်တော်မူ၏။ ထိုပြိတ္တာတို့သည် ထိုမျှလောက်သော ကာလကို ကုန်လွန်စေ၍ ထိုကောဏာဂုံ ဘုရားရှင် ပွင့်တော်မူလတ်သည်ရှိသော် ကောဏာဂုံဘုရားကို မေးလျှောက်ကြလေကုန်၏။ ကောဏာဂုံ ဘုရားရှင်သည်လည်း “ငါဘုရားလက်ထက်၌ အစာကို မရကြကုန်လတ္တံ့၊ ငါဘုရား ပရိနိဗ္ဗာန် စံတော်မူသည်မှနောက် မြေကြီးသည် တစ်ယူဇနာမျှ အထက်သို့ မြင့်တက်သောအခါ ကဿပဘုရားရှင် ပွင့်တော်မူလတ္တံ့၊ ထိုဘုရားရှင်ကို မေးကြကုန်လော့”ဟု မိန့်တော်မူ၏။ ထိုပြိတ္တာတို့သည် ထိုမျှလောက်သော ကာလကို ကုန်လွန်စေ၍ ကဿပဘုရားရှင် ပွင့်တော်မူလတ်သည်ရှိသော် ကဿပဘုရားရှင်ကို မေးလျှောက်ကြလေကုန်၏။ ကဿပဘုရားရှင်လည်း “ငါဘုရား လက်ထက်၌ အစာကို မရကြကုန်လတ္တံ့၊ ငါဘုရား ပရိနိဗ္ဗာန်စံပြီးသည်မှ နောက်ကာလ၌ မြေကြီးသည် တစ်ယူဇနာမျှ အထက်သို့ မြင့်တက်သောအခါ ဂေါတမဘုရားရှင် ပွင့်တော်မူလတ္တံ့၊ ထိုဂေါတမဘုရားလက်ထက်၌ သင်တို့၏ အဆွေအမျိုးဖြစ်သော အမှုဆောင်အမတ်သည် ဗိမ္ဗိသာရမင်း ဖြစ်လတ္တံ့၊ ထိုဗိမ္ဗိသာရမင်းသည် ဂေါတမဘုရားရှင်အား အလှူပေး၍ သင်တို့အား အမျှဝေ၍ ကုသိုလ်အဖို့ကို ရောက်စေလတ္တံ့၊ ထိုအခါ နတ်၌ဖြစ်သော အစာအာဟာရကို ရကုန်လတ္တံ့”ဟု မိန့်တော်မူလေ၏။ ထိုပြိတ္တာတို့အား ဘုရားနှစ်ဆူတို့၏ တစ်ခုသော အကြားကာလသည် နက်ဖြန်နေ့ကဲ့သို့ ဖြစ်လေ၏။ ထိုပြိတ္တာတို့သည် ဂေါတမဘုရား ပွင့်တော်မူသောကာလ ဗိမ္ဗိသာရမင်း လက်ဦးစွာသောနေ့၌ အလှူပေးလတ်သည်ရှိသော် အမျှမဝေမိသဖြင့် ကုသိုလ်အဖို့ကို မရကြကုန်သဖြင့် ညဉ့်အဖို့၌ ကြောက်လန့်ဖွယ်သော အသံကိုပြု၍ ဗိမ္ဗိသာရမင်းကြီးအား ကိုယ်ထင်ရှားပြကြကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် တစ်ဖန် မိုးသောက်သောနေ့ ဝေဠုဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ထိုအကြောင်းကို လျှောက်ကြားလေ၏။

ဘုရားရှင်သည် “မြတ်သောမင်းကြီး- ဤကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက် ဖုဿဘုရားလက်ထက်၌ သင်၏ ဆွေသားမျိုးသား ဖြစ်ကုန်သော ထိုသူတို့သည် ရဟန်းသံဃာအား လှူအပ်သော အလှူဆွမ်းဝတ်ကို အဦးအဖျား စားကြသောကြောင့် ပြိတ္တာဘုံ၌ဖြစ်၍ ကျင်လည်ကုန်သည်ရှိသော် ကကုသန် အစရှိသော ဘုရားတို့ကိုလျှောက်ထား၍ ထိုကကုသန်စသော ဘုရားတို့သည် ဤမည် ဤမည်သောစကားကို မိန့်တော်မူခဲ့သောကြောင့် ဤမျှလောက်သော ကာလပတ်လုံး သင်မင်းကြီး၏အလှူကို တောင့်တကြကုန်လျက်လည်း ယမန်နေ့က သင်မင်းကြီး အလှူပေးသည်ရှိသော် ကုသိုလ်အဖို့ကို မရကြကုန်သောကြောင့် ဤသို့ ကြောက်လန့်ဖွယ်သော အသံကို ပြုကုန်၏”ဟုမိန့်တော်မူလေ၏။ “မြတ်စွာဘုရား- အသို့ပါနည်း၊ ယခုအခါ၌ ပေးသည်ရှိသော် ရပါသေးကုန်လတ္တံ့လော”ဟု လျှောက်သည်ရှိသော် “မြတ်သောမင်းကြီး- ဪ.. ရကြကုန်လတ္တံ့”ဟု အမိန့်ရှိတော်မူသောကြောင့် မင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာကိုပင့်ဖိတ်၍ တစ်ဖန် မိုးသောက်သောနေ့၌ အလှူကြီးကိုပေး၍ “မြတ်စွာဘုရား- ဤအလှူပေးသော အခါမှစ၍ ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော ထမင်းအဖျော်သည် ပြည့်စုံပါစေသတည်း”ဟု ကုသိုလ်အဖို့ကို ပေးဝေလေ၏။

ထိုပြိတ္တာတို့အား ဗိမ္ဗိသာရမင်းကြီး ရည်စူးတောင့်တတိုင်းပင်လျှင် နတ်၌ဖြစ်သော ထမင်း၊ နတ်၌ဖြစ်သော အဖျော်တို့သည် ထင်ရှားဖြစ်ကုန်၏။ တစ်ဖန် မိုးသောက်သောနေ့၌ အဝတ်မဆည်း အချည်းနှီးဖြစ်ကုန်၍ ကိုယ်ထင်ရှားပြကြပြန်ကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် “မြတ်စွာဘုရား- ယနေ့ ဒကာတော်အား အချည်းနှီး အဝတ်မဲ့ဖြစ်၍ မိမိကိုယ်ကို ပြလာပြန်ကုန်၏”ဟု လျှောက်ကြားလေ၏။ “မြတ်သောမင်းကြီး- သင်မင်းကြီးသည် အဝတ်သင်္ကန်းတို့ကို မပေးလှူရကုန်သေး”ဟု မိန့်တော်မူသည်ရှိသော် မင်းကြီးသည်လည်း တစ်ဖန် မိုးသောက်သောနေ့၌ ဘုရားအမှူးရှိသော ရဟန်းသံဃာအား သင်္ကန်းအလှူကို ပေးလှူ၍ “ဤသင်္ကန်းလှူသော အခါမှစ၍ ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အဝတ်တို့သည် ဖြစ်စေကုန်သတည်း”ဟု တောင့်တလျက် ကုသိုလ်အဖို့ကို ပေးဝေလေ၏။ ထိုခဏ၌သာလျှင် ထိုပြိတ္တာတို့အား နတ်၌ဖြစ်သော အဝတ်တို့သည် ဖြစ်ကြပြန်သဖြင့် ပြိတ္တာအဖြစ်ကိုစွန့်၍ နတ်၌ဖြစ်သောကိုယ်ဖြင့် တည်ကြကုန်၏။ မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုတော်မူသည်ရှိသော် “တိရောကုဋ္ဋေသု တိဋ္ဌန္တိ” ဤသို့အစရှိသည်ဖြင့် တိရောကုဋ္ဋသုတ် အနုမောဒနာတရား ဟောတော်မူလေ၏။ အနုမောဒနာတရား ဟောတော်မူပြီးသည့်အဆုံး၌ ရှစ်သောင်းလေးထောင်သောသူတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။ ဤသို့လျှင် ဘုရားရှင်သည် ရသေ့ညီနောင် သုံးယောက်တို့၏ဝတ္ထုကို ဟောတော်မူ၍ ဤတရားဒေသနာကိုလည်း ဆောင်ပြတော်မူလေ၏။

အရှင်သာရိပုတြာ၊ အရှင်မောဂ္ဂလာန်တို့၏ ရှေးအတိတ်

“ဘုန်းတော်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- အဂ္ဂသာဝကတို့ကား အဘယ် ကောင်းမှုကံကို ပြုကြပါကုန်သနည်း”ဟု မေးလျှောက်သည်ရှိသော် “ဤသူတို့ကား လက်ယာရံ၊ လက်ဝဲရံ သာဝကအစုံ ဖြစ်ခြင်းငှာ ဆုတောင်းခြင်းကို ပြုကြကုန်လေ၏။ ဤဘဒ္ဒကပ်ကမ္ဘာမှ ကမ္ဘာတစ်သိန်း အလွန်ရှိသော တစ်သင်္ချေအထက်၌ သာရိပုတြာသည် များစွာသော စည်းစိမ်ဥစ္စာရှိသော ဗြာဟ္မဏ မဟာသာလ ပုဏ္ဏားမျိုး၌ ဖြစ်လေ၏။ အမည်အားဖြင့် သရဒလုလင် မည်၏။ မောဂ္ဂလာန်သည် များစွာသော ဥစ္စာနှစ်ရှိသော ဂဟပတိ မဟာသာလ သူကြွယ်မျိုး၌ ဖြစ်လေ၏။ အမည်အားဖြင့် သိရိဝဍ္ဎန သူကြွယ်မည်၏။ ထိုနှစ်ယောက်သော သူတို့သည် မြေမှုန့်ကစားဖက် သူငယ်ချင်းတို့ ဖြစ်ကြကုန်၏။

ထိုသူနှစ်ယောက်တို့တွင် သရဒလုလင်သည် အဘလွန်သောအခါ အမျိုး၏ အမွေအနှစ်ဖြစ်သော များစွာသော ဥစ္စာစုကို အမွေရ၍ တစ်နေ့သ၌ ဆိတ်ငြိမ်ရာအရပ်သို့ကပ်လျက် “ငါသည် ဤပစ္စုပ္ပန်လောက အကျိုးစီးပွားကိုသာလျှင် သိ၏။ တမလွန်လောက၌ဖြစ်သော အကျိုးစီးပွားကို မသိ၊ ပဋိသန္ဓေတည်ပြီး၍ ဖွားမြင်လာသော သတ္တဝါတို့အားလည်း သေခြင်းတရားမည်သည် မြဲ၏။ ငါသည် ရသေ့ရဟန်းပြု၍ ဝဋ်မှ ထွက်မြောက်ရာတရားကို ရှာခြင်းငှာ သင့်၏”ဟု ကြံပြီးသော် အဆွေခင်ပွန်းဖြစ်သော သိရိဝဍ္ဎနထံသို့ကပ်၍ “အဆွေ သွေးသောက် သိရိဝဍ္ဎန- ငါသည် ရဟန်းပြု၍ ဝဋ်မှထွက်မြောက်ရာ တရားကို ရှာတော့မည်။ သင်သည် ငါနှင့်အတူ ရဟန်းပြုခြင်းငှာ စွမ်းနိုင်လတ္တံ့လော၊ မစွမ်းနိုင်လတ္တံ့လော”ဟု မေး၏။ “အဆွေ- မစွမ်းနိုင်ပါ၊ သင်သည်သာလျှင် ရဟန်းပြုလေလော့”ဟု ဆိုလတ်သော် ထိုသရဒလုလင်သည် ဤသို့ကြံ၏။ “တမလွန်ဘဝသို့ ပြောင်းသွားရသောသူတို့သည် ချစ်ခင်သော အဆွေခင်ပွန်းကိုလည်းကောင်း၊ မိမျိုး ဘမျိုးကိုလည်းကောင်း၊ နှလုံးအကျွမ်းဝင်သော သူကိုလည်းကောင်း ခေါ်၍ သွားသောမည်သည်မရှိ၊ မိမိပြုအပ်သော ကံသည်သာလျှင် ဖြစ်၏၊” ဤသို့ကြံပြီးသော် ရတနာထားရာ ရွှေတိုက်ကို ဖွင့်လှစ်စေ၍ အထီးကျန်သူ, ခရီးသွားသူ, သီချင်းရတုဆို၍ တောင်းစားကုန်သော သူတို့အား အလှူကြီးပေးပြီးလျှင် တောင်ခြေရင်းသို့ ကပ်ဝင်၍ ရသေ့ရဟန်း အဖြစ်ဖြင့် ရဟန်းပြုလေ၏။ ထိုသရဒရသေ့ကို အတုပြု၍ တစ်ယောက်, နှစ်ယောက်, သုံးယောက် စသောအားဖြင့် လိုက်၍ ရသေ့ရဟန်းပြုကြရာ နောက်ဆုံး၌ ရသေ့ပေါင်း ခုနစ်သောင်း လေးထောင်မျှ ဖြစ်ကုန်၏။ ထိုသရဒရသေ့သည် အဘိညာဉ် ငါးပါး၊ သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေ၍ ထိုတပည့် ရသေ့တို့အား ကသိုဏ်းပရိကံကို ဟောကြားပေ၏။ ထိုအလုံးစုံသော ရသေ့တို့သည်လည်း အဘိညာဉ် ငါးပါး၊ သမာပတ် ရှစ်ပါးတို့ကို ဖြစ်စေကြလေကုန်၏။

ထိုအခါ၌ အနောမဒဿီ မြတ်စွာဘုရားသည် လောက၌ ထင်ရှားပွင့်တော်မူလာ၏။ ဖွားရာပြည်ကား စန္ဒဝတီပြည်တည်း။ ခမည်းတော်ကား ယသဝါမည်သော မင်းတည်း၊ မယ်တော်ကား ယသောဓရာမည်သော မိဖုရားတည်း။ ပွင့်တော်မူရာ ဗောဓိပင်ကား ဖောက်ကြံ့ပင်တည်း၊ အဂ္ဂသာဝက အစုံကား နိသဘ, အနောမတို့တည်း။ အလုပ်အကျွေးကား ဝရုဏ ရဟန်းတည်း။ အဂ္ဂသာဝိကာ အစုံကား သုန္ဒရာ, သုမနာတို့တည်း။ သက်တော်ကား အနှစ် တစ်သိန်းတည်း။ ကိုယ်အရပ်တော်ကား ငါးဆယ့်ရှစ်တောင် မြင့်၏။ ကိုယ်အရောင်ကား တစ်ဆယ့်နှစ်ယူဇနာတိုင်တိုင် နှံ့၏။ ရဟန်းတစ်သိန်း အခြံအရံ ရှိ၏။ ထိုအနောမဒဿီ ဘုရားရှင်သည် တစ်နေ့သ၌ နံနက်စောစောအခါ မြတ်သော ကရုဏာနှင့်ယှဉ်ခြင်းရှိသော မဟာကရုဏာ သမာပတ်မှ ထတော်မူ၍ လောကကို ကြည့်ရှုတော်မူသည်ရှိသော် သရဒရသေ့ကိုမြင်၍ “ယနေ့ ငါဘုရားသည် သရဒရသေ့၏အထံသို့ သွားခြင်းဟူသော အကြောင်းကြောင့် ကြီးစွာသော တရားပွဲသဘင်သည် ဖြစ်လတ္တံ့၊ ထိုသရဒရသေ့သည်လည်း အဂ္ဂသာဝကအရာကို တောင့်တလတ္တံ့၊ ထိုသရဒရသေ့၏ အဆွေခင်ပွန်းဖြစ်သော သိရိဝဍ္ဎနသူကြွယ်သည် လက်ဝဲရံ ဒုတိယသာဝကအရာကို တောင့်တလတ္တံ့၊ ဒေသနာတော်၏အဆုံး၌လည်း ထိုရသေ့၏ အခြံအရံဖြစ်သော ခုနစ်သောင်း လေးထောင်မျှလောက်သော ရသေ့တို့သည် အရဟတ္တဖိုလ်သို့ ရောက်ကုန်လတ္တံ့၊ ငါဘုရားသည် ထိုရသေ့တို့၏နေရာ တောင်ခြေရင်းသို့ ကြွသွားခြင်းငှာ သင့်၏”ဟု ကိုယ်တော်၏ သပိတ်သင်္ကန်းကို ကိုယ်တော်တိုင် ကိုင်ယူ၍ နောက်ပါ ရဟန်းတစ်ပါးမျှ မခေါ်ဘဲ ခြင်္သေ့မင်းကဲ့သို့ တစ်ကိုယ်တော်တည်း ကြွသွားတော်မူသည်ဖြစ်၍ သရဒရသေ့၏ တပည့်ရသေ့တို့သည် သစ်သီးကြီးငယ်အလို့ငှာ သွားကုန်သည်ရှိသော် “ငါ၏ ဘုရားအဖြစ်ကို သိစေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၍ သရဒရသေ့ မြင်စင်ပင်လျှင် ကောင်းကင်မှဆင်းသက်၍ မြေ၌တည်လေ၏။

သရဒရသေ့သည် ဘုရားရှင်၏ အာနုဘော်တော်ကိုလည်းကောင်း၊ ဘုရားရှင်၏ ကိုယ်တော်ရောင်ဖြင့် တင့်တယ်ခြင်းရှိသော လက္ခဏာတော် ကြီးငယ်ကိုလည်းကောင်း မြင်၍ လက္ခဏာတော်ကိုဆိုရာ ဗေဒင်ကျမ်းတို့ကို သုံးသပ်ဆင်ခြင်သည်ရှိသော် “ဤလက္ခဏာတော်တို့နှင့် ပြည့်စုံသောသူမည်သည် အိမ်ရာထောင်သော လူ၏ဘောင်၌ နေသည်ဖြစ်အံ့၊ စကြဝတေးမင်း ဖြစ်တတ်၏။ ရဟန်းပြုသည်ဖြစ်အံ့၊ သံသရာဝဋ်ကို ဖြတ်တတ်သော သဗ္ဗညုဘုရား ဖြစ်တတ်၏။ ဤယောက်ျားသည် မချွတ် ဘုရားတည်း”ဟုသိ၍ ခရီးဦးကြိုဆိုခြင်းပြု၍ တည်ခြင်းငါးပါးဖြင့် ရှိခိုး၍ မြတ်သောနေရာကို ခင်း၍ လှူလေ၏။ မြတ်စွာဘုရားသည် ခင်းအပ်ပြီးသော နေရာမြတ်၌ နေလေ၏။ သရဒရသေ့သည်လည်း မိမိအား လျောက်ပတ်သော နေရာကိုယူ၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလေ၏။ ထိုသို့ နေသောအခါ၌ ခုနစ်သောင်းလေးထောင်ကုန်သော ရသေ့တို့သည် မွန်မြတ် မွန်မြတ်ကုန်သော ဩဇာရှိကုန်သော သစ်သီးကြီးငယ်တို့ကို ယူဆောင်ကြ၍ ဆရာဖြစ်သော သရဒရသေ့၏အထံသို့ ရောက်လာကုန်သည်ရှိသော် မြတ်စွာဘုရားတို့၏ လည်းကောင်း၊ ဆရာရသေ့၏လည်းကောင်း ထိုင်နေကြသောနေရာကို ကြည့်၍ ဤသို့ ဆိုကုန်၏။ “ဆရာ- အကျွန်ုပ်တို့သည် ဤလောက၌ ဆရာတို့ထက် ကြီးမြတ်သောသူ မရှိပြီဟု မှတ်ထင်ကြပါကုန်၏။ ဤယောက်ျားကား ဆရာတို့ထက် လွန်မြတ်ယောင်တကား”ဟု ဆိုကုန်သည်ရှိသော် “ငါ့တပည့်တို့- အသို့ဆိုကုန်ဘိသနည်း၊ မုန်ညင်းစေ့နှင့် ယူဇနာပေါင်း ရှစ်သောင်းလေးထောင် အစောက်မြင့်သော မြင်းမိုရ်တောင်ကို နှိုင်းယှဉ်ခြင်းငှာ အလိုမရှိကြကုန်လင့်၊ ငါ့သားတို့.. သဗ္ဗညုဘုရားနှင့် ငါဆရာအား နှိုင်းယှဉ်ခြင်းကို မပြုကြကုန်လင့်”ဟု ဆိုလေ၏။

ထိုအခါ တပည့်ရသေ့တို့သည် “ဤယောက်ျားကား အမှတ်မထင် ယုတ်ညံ့သော သတ္တဝါ ဖြစ်ခဲ့ငြားအံ့၊ ငါတို့ဆရာသည် ဤသို့သော ဥပမာကို ဆောင်ပြမည် မဟုတ်။ ဤယောက်ျားကား အလွန်ပင် မြတ်စွတကား”ဟု အလုံးစုံသော ရသေ့တို့သည် ခြေတော်အစုံ၌ တုပ်ဝပ်၍ ရှိခိုးကြလေကုန်၏။ ထို့နောက် ဆရာဖြစ်သော သရဒရသေ့သည် ထိုတပည့် ရသေ့တို့ကို ဤသို့ဆို၏။ “ငါ့သားတို့- ဘုရားရှင်တို့အား လျောက်ပတ်ထိုက်တန်သော လှူဖွယ်ဝတ္ထုသည် ငါတို့အားမရှိ၊ ဘုရားရှင်သည်လည်း ဆွမ်းခံချိန်ကာလ၌ပင် ဤအရပ်သို့ ကြွရောက်တော်မူလာ၏။ ငါတို့သည် အစွမ်းသတ္တိ ရှိသည့်အလျောက် လှူဖွယ်ဝတ္ထု အစုစုရှိသမျှကို လှူဒါန်းကြကုန်အံ့၊ သင်တို့သည် ရှာဖွေခဲ့သော သစ်သီးကြီးငယ်တို့မှ ကောင်းမြတ်ချိုမြိန်သော အရသာရှိသော သစ်သီးကို ဆောင်ယူခဲ့ကြကုန်လော့”ဟု ဆောင်ယူစေပြီးလျှင် လက်ဆေး၍ ကိုယ်တိုင် မြတ်စွာဘုရား၏သပိတ်၌ထည့်လှူလေ၏။ ဘုရားရှင်သည် သစ်သီးကြီးငယ်ကို ခံယူတော်မူခါမျှ၌ နတ်တို့သည် နတ်ဩဇာထည့်ကြလေကုန်၏။ သရဒရသေ့သည် သောက်တော်ရေကိုလည်း ကိုယ်တိုင်သာလျှင်စစ်၍ ကပ်လှူလေ၏။ ထို့နောင်မှ ဘုရားရှင်သည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကို ပြုပြီး၍ နေတော်မူသည်ရှိသော် သရဒရသေ့သည် အလုံးစုံသော တပည့်ရသေ့တို့ကိုခေါ်၍ ဘုရားအထံတော်၌ အသက်ထက်ဆုံး အောက်မေ့အပ်သော စကားကို ပြောကြားလျက် နေလေ၏။

ထိုအခါ ဘုရားရှင်သည် “အဂ္ဂသာဝကနှစ်ပါးတို့သည် ရဟန်းသံဃာနှင့်တကွ လာကြစေကုန်သတည်း”ဟု ကြံတော်မူ၏။ ထိုအဂ္ဂသာဝကနှစ်ပါးတို့သည် ဘုရားရှင်၏ စိတ်အကြံကိုသိ၍ ရဟန္တာတစ်သိန်းခြံရံကာ ကြွလာ၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေကြလေကုန်၏။ ထိုအခါမှ သရဒရသေ့သည် တပည့်ရသေ့တို့ကိုခေါ်၍ “ငါ့သားတို့- ဘုရားရှင်၏ နေရာ ပလ္လင်သည် နိမ့်၏။ ရဟန်းတစ်သိန်းတို့၏ နေရာလည်း မရှိခဲ့၊ သင်တို့သည် ယနေ့ ဘုရားရှင်အား ပူဇော်သက္ကာရ အထူးဝိသေသပြုခြင်းငှာ သင့်၏။ ထို့ကြောင့် တောင်ခြေရင်းမှ အဆင်းအနံ့နှင့် ပြည့်စုံကုန်သော ပန်းတို့ကို ဆောင်ချေကုန်လော့”ဟု ဆို၏။ ဆိုသောအခါသည် ကြာမြင့်သကဲ့သို့ ဖြစ်သေး၏။ တန်ခိုးရှိသောသူ၏ တန်ခိုးအရာကို မကြံစည်အပ်၊ ထို့ကြောင့် တစ်ခဏချင်းဖြင့်သာလျှင် ထိုရသေ့တို့သည် အဆင်းအနံ့နှင့် ပြည့်စုံကုန်သော ပန်းတို့ကို ဆောင်ယူခဲ့ကြ၍ ဘုရားရှင်တို့အား တစ်ယူဇနာ အတိုင်းအရှည်ရှိသော ပန်းနေရာကို ခင်းလှူကြကုန်၏။ အဂ္ဂသာဝက နှစ်ပါးတို့၏ နေရာသည် သုံးဂါဝုတ်ရှိ၏။ ကြွင်းသော ရဟန်းတို့၏ နေရာသည် ယူဇနာခွဲ စသည် ရှိ၏။ အငယ်ဆုံးဖြစ်သော သင်္ဃနော (သံဃာငယ်)၏ နေရာသည် တစ်ဥသဘမျှ ရှိ၏။

(ရသေ့တို့နေရာ တစ်ခုသော ကျောင်းသင်္ခမ်း၌ ထိုမျှလောက် ကြီးကျယ်သော ပန်းနေရာတို့ကို အဘယ်သို့ ခင်းလေသနည်းဟု မကြံစည်အပ်။ ထိုစကား မှန်စွ၊ ထိုသို့ ကြီးကြီးကျယ်ကျယ် ခင်းမှုသည်ကား တန်ခိုးဖြင့်ပြီးသော အရာတည်း။)

ဤသို့ ပန်းနေရာတို့ကို ခင်းကုန်ပြီးသည်ရှိသော် သရဒရသေ့သည် ဘုရားရှင်၏ရှေ့မှ လက်အုပ်ချီ၍ရပ်လျက် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်အား ရှည်မြင့်စွာသော ကာလပတ်လုံး စီးပွားချမ်းသာ များစိမ့်သောငှာ ဤပန်းနေရာထက်သို့ တက်ကြွ၍ သီတင်းသုံးတော်မူပါ”ဟု လျှောက်ကြားလေ၏။ ထို့ကြောင့် ဤဂါထာအပေါင်းကို ဆိုအပ်ပြီ။

နာနာပုပ္ဖဉ္စ ဂန္ဓဉ္စ၊ သမ္ပာဒေတွာန ဧကတော။
ပုပ္ဖါသနံ ပညာပေတွာ၊ ဣဒံ ဝစနမဗြဝိ။
ဣဒံ မေ အာသနံ ဝီရ၊ ပညတ္တံ တဝ နုစ္ဆဝိံ။
မမ စိတ္တံ ပသာဒေန္တော၊ နိသီဒ ပုပ္ဖမာသနေ။
သတ္တရတ္တိန္ဒိဝံ ဗုဒ္ဓေါ၊ နိသီဒိ ပုပ္ဖမာသနေ။
မမ စိတ္တံ ပသာဒေတွာ၊ ဟာသယိတွာ သဒေဝကေ။

နာနာပုပ္ဖဉ္စ၊ အထူးထူးသော ပန်းကိုလည်းကောင်း။ နာနာဂန္ဓဉ္စ၊ အထူးထူးသော နံ့သာကိုလည်းကောင်း။ ဧကတော၊ တစ်ပေါင်းတည်း။ သမ္ပာဒေတွာန၊ ပြည့်စုံစေ၍။ ပုပ္ဖါသနံ၊ ပန်းနေရာကို။ ပညာပေတွာ၊ ခင်း၍။ ဣဒံ ဝစနံ၊ ဤသို့သော စကားကို။ အဗြဝိ၊ လျှောက်ကြားလေပြီ။

ဝီရ၊ ကြီးသော လုံ့လရှိတော်မူသော မြတ်စွာဘုရား။ တဝ၊ ရှင်တော်ဘုရားအား။ အနုစ္ဆဝိံ၊ လျောက်ပတ်သော။ ဣဒံ အာသနံ၊ ဤပန်းနေရာကို။ မေ၊ တပည့်တော်သည်။ ပညတ္တံ၊ ခင်းအပ်ပြီ။ မမ၊ တပည့်တော်၏။ စိတ္တံ၊ စိတ်ကို။ ပသာဒေန္တော၊ ကြည်လင်စေလျက်။ ပုပ္ဖမာသနေ၊ ပန်းနေရာထက်၌။ နိသီဒ၊ ထိုင်တော်မူပါဘုရား။

မမ၊ ငါသရဒရသေ့၏။ စိတ္တံ၊ စိတ်ကို။ ပသာဒေတွာ၊ ကြည်လင်စေ၍။ သဒေဝကေ၊ နတ်နှင့်တကွသော လူတို့ကို။ ဟာသယိတွာ၊ ဝမ်းမြောက်သောအားဖြင့် ရွှင်လန်းစေ၍။ ဗုဒ္ဓေါ၊ အနောမဒဿီ ဘုရားရှင်သည်။ သတ္တရတ္တိန္ဒိဝံ၊ ခုနစ်ညဉ့် ခုနစ်နေ့တို့ပတ်လုံး။ ပုပ္ဖမာသနေ၊ ပန်းနေရာထက်၌။ နိသီဒိ၊ ထိုင်နေတော်မူလေပြီ။

ဤသို့ ဘုရားရှင် သီတင်းသုံး စံနေတော်မူသည်ရှိသော် အဂ္ဂသာဝက နှစ်ပါးတို့သည်လည်းကောင်း၊ ကြွင်းသော ရဟန်းတို့သည်လည်းကောင်း မိမိ,မိမိ၏အလို့ငှာ ခင်းထားအပ်သော နေရာ၌ နေတော်မူကြလေကုန်၏။ သရဒရသေ့သည် ကြီးစွာသော ပန်းထီးကိုကိုင်၍ မြတ်စွာဘုရား၏ အဦးထိပ်တော်ထက်၌ ဆောင်းမိုးလျက် ရပ်နေလေ၏။ ဘုရားရှင်သည် “ထိုရသေ့တို့၏ ဤပူဇော်သက္ကာရ အထူးသည် ကြီးကျယ်သော အကျိုးအာနိသင်ရှိသည် ဖြစ်စေသတည်း”ဟု ဆင်ခြင်တော်မူ၍ နိရောဓသမာပတ်ကို ၀င်စားတော်မူလေ၏။ ဘုရားရှင် နိရောဓသမာပတ် ဝင်စားသည့်အဖြစ်ကိုသိ၍ အဂ္ဂသာဝက နှစ်ပါးတို့သည်လည်းကောင်း၊ ကြွင်းသော ရဟန်းတို့သည်လည်းကောင်း နိရောဓသမာပတ်ကို ၀င်စားကြလေကုန်၏။ ဘုရားရှင်သည် ခုနှစ်ရက်ပတ်လုံး နိရောဓသမာပတ် ဝင်စား၍ နေတော်မူစဉ် သရဒရသေ့၏ အတွင်းနေ တပည့်ဖြစ်သော ရသေ့တို့သည် ဆွမ်းခံချိန်ရောက်သောအခါ တော၌ဖြစ်သော သစ်မြစ်, သစ်ဥ, သစ်သီးကြီးငယ်ကို ရှာကြံသုံးဆောင်၍ ကြွင်းသောအခါ၌ ဘုရားရှင်တို့အား လက်အုပ်ချီမိုး ရှိခိုးလျက် တည်နေကြလေကုန်၏။ သရဒ ရသေ့မူကား ဆွမ်းခံမျှပင် မသွားမူ၍ ပန်းထီးကို ဆောင်းမိုးလျက်သာလျှင် ခုနစ်ရက်ပတ်လုံး ပီတိသုခဖြင့် လွန်စေလေ၏။ ဘုရားရှင်သည် နိရောဓသမာပတ်မှ ထတော်မူပြီးလျှင် လက်ယာနံပါး၌ သီတင်းသုံးနေသော အဂ္ဂသာဝကဖြစ်သော နိသဘမထေရ်ကို ဤသို့ မိန့်တော်မူလေ၏။ “ချစ်သားနိသဘ- ပူဇော်သက္ကာရကို ပြုကြကုန်သော ရသေ့တို့အား ပန်းနေရာကိုခင်း၍ လှူဒါန်းပူဇော်ခြင်းနှင့် စပ်လျဉ်းသော အနုမောဒနာတရားကို ဟောကြားလေလော့”ဟု မိန့်တော်မူလေ၏။ ထိုအခါ နိသဘမထေရ်သည် စကြဝတေးမင်းအထံမှ ဆုလာဘ်များစွာရသော စစ်သူကြီးကဲ့သို့ နှစ်သက်ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍ သာဝကပါရမီဉာဏ်၌ တည်လျက် ပန်းနေရာအလှူ အနုမောဒနာတရား ဟောခြင်းငှာ အားထုတ်တော်မူလေ၏။

ထိုနိသဘမထေရ် တရားဟောတော်မူပြီးသည့်အဆုံး၌ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝကဖြစ်သော အနောမထေရ်ကို ခေါ်တော်မူ၍ “ချစ်သား အနောမ၊ သင်သည်လည်း ရသေ့တို့အား တရားဟောဦးလော့”ဟု မိန့်တော်မူ၏။ အနောမမထေရ်သည်လည်း ပိဋကတ်သုံးပုံဟု ဆိုအပ်သော ဘုရားစကားတော်ကို သုံးသပ်ဆင်ခြင်၍ တရားဟောတော်မူလေ၏။ အဂ္ဂသာဝက နှစ်ပါးတို့၏ တရားဟောခြင်းဖြင့် တစ်ဦးသော ရသေ့မျှလည်း တရားကို ထိုးထွင်း၍ သိခြင်းသည် မဖြစ်သေး၊ ထို့နောက်မှ အနောမဒဿီ ဘုရားရှင်သည် အတိုင်းအရှည်မရှိသော ဘုရားအရာ၌ တည်လျက် တရားဟောတော်မူလေ၏။ ဒေသနာတော်၏အဆုံး၌ သရဒရသေ့ကိုထား၍ ကြွင်း အလုံးစုံကုန်သော ခုနစ်သောင်းလေးထောင်ကုန်သော ရသေ့တို့သည် အရဟတ္တဖိုလ်ကို ရ၍ ရဟန္တာဖြစ်ကြလေကုန်၏။ ဘုရားရှင်သည် “ဧထ ဘိက္ခဝေါ” အစရှိသော စကားတို့ကို မိန့်တော်မူလျက် လက်ယာလက်တော်ကို ဆန့်တန်း၍ ခေါ်တော်မူသော ခဏ၌ပင်လျှင် ထိုရသေ့တို့၏ ဆံမုတ်ဆိတ်တို့သည် ကွယ်ပျောက်ကုန်၍ ကိုယ်၌ ပရိက္ခရာရှစ်ပါး လွယ်လျက်ဧဟိ ဘိက္ခုချည်းသာ ဖြစ်ကြကုန်၏။

သရဒရသေ့ကား အဘယ့်ကြောင့် အရဟတ္တဖိုလ်သို့ မရောက်လေသနည်းဟူမူကား စိတ်ပျံ့လွင့်နေသောကြောင့် မရောက်သတည်း၊ ထိုသရဒရသေ့သည် ဘုရားရှင်တို့၏ နှစ်ခုမြောက်သော နေရာ၌နေ၍ သာဝကပါရမီဉာဏ်၌ တည်လျက် တရားဟောကြားသော အဂ္ဂသာဝက နိသဘမထေရ်၏ ဟောအပ်သောတရားကို နာယူအံ့ဟု အားထုတ်သော အခါမှစ၍ “ငါသည်လည်း နောင်ပွင့်တော်မူလတ္တံ့သော ဘုရားတစ်ဆူ၏သာသနာတော်၌ ဤအဂ္ဂသာဝက နိသဘမထေရ်သည် ရအပ်သော လက်ယာရံအရာကို ရရှိပါမူကား ကောင်းလေစွ”ဟု စိတ်အကြံ ဖြစ်သတတ်၊ ထိုသို့သော စိတ်အကြံကြောင့် မဂ်ဖိုလ်ကို ထိုးထွင်း၍ သိမြင်ခြင်းငှာ မတတ်နိုင်လေ၊ ဘုရားရှင်ကို ရှိခိုးပြီးလျှင် မျက်မှောက်တော်၌ နေပြီး၍ကား “မြတ်စွာဘုရား- ရှင်တော်ဘုရားတို့၏ အခြားမရှိသော နေရာ၌ ထိုင်နေသော ရဟန်းသည် ရှင်တော်ဘုရားတို့၏ သာသနာတော်၌ အဘယ်မည်သော ရဟန်းဖြစ်ပါသနည်း”ဟု မေးလျှောက်လေ၏။ “ငါဘုရားသည် လည်စေအပ်သော တရားတည်းဟူသော စကြာရတနာကို အစဉ်တစိုက်လိုက်၍ လည်စေနိုင်သဖြင့် သာဝကပါရမီဉာဏ်၏ အထွတ်အထိပ်သို့ရောက်၍ တစ်ဆယ့်ခြောက်ပါးသော ပညာအခြင်းအရာအားဖြင့် ထိုးထွင်း၍သိလျက် တည်သော ဤရဟန်းသည် ငါဘုရား သာသနာတော်၌ လက်ယာရံ အဂ္ဂသာဝက နိသဘမထေရ် မည်သတည်း”ဟု မိန့်တော်မူလေ၏။ ထိုအခါ သရဒရသေ့သည် ဤသို့ ဆုတောင်း၏။ “ဘုန်းတော်ကြီးမြတ်တော်မူပေသော မြတ်စွာဘုရား- တပည့်တော်သည် ခုနစ်ရက်ပတ်လုံး ပန်းထီးကို ဆောင်းမိုးလျက် ပူဇော်သက္ကာရအထူးကို ပြုရပါပြီ။ ထိုပူဇော်အပ်သော ကောင်းမှု၏ အကျိုးအားဖြင့် အခြားတစ်ပါးသော သိကြားအဖြစ်၊ ဗြဟ္မာအဖြစ်ကို မတောင့်တပါ၊ နောင်သောအခါ၌ ဤနိသဘမထေရ်ကဲ့သို့ တစ်ဆူသော ဘုရားရှင်၏ လက်ယာရံ အဂ္ဂသာဝက ဖြစ်ရပါလို၏”ဟု ဆုတောင်းခြင်းကို ပြုလေ၏။

အနောမဒဿီ မြတ်စွာဘုရားသည် “သရဒရသေ့၏ ဆုတောင်းခြင်းသည် ပြည့်အံ့လော၊ မပြည့်အံ့လော”ဟု အနာဂတံသဉာဏ်ကို စေလွှတ်၍ ကြည့်တော်မူလတ်သော် ကမ္ဘာတစ်သိန်းအလွန်ရှိသော တစ်သင်္ချေကို လွန်မြောက်ပြီးလျှင် ပြည့်စုံလိမ့်မည့်အဖြစ်ကို မြင်တော်မူလေ၏။ ယင်းသို့ မြင်တော်မူသည်ရှိသော် သရဒရသေ့ကို မြတ်စွာဘုရားက “သင်၏ ဆုတောင်းခြင်းသည် အချည်းအနှီး မဖြစ်လတ္တံ့၊ နောင်အခါ၌ ကမ္ဘာတစ်သိန်းအလွန်ရှိသော တစ်သင်္ချေကို လွန်မြောက်ပြီးလျှင် ဂေါတမမည်သော ဘုရားရှင် ပွင့်တော်မူလတ္တံ့၊ ထိုဂေါတမဘုရား၏ မယ်တော်သည် မဟာမာယာမည်သော မိဖုရား ဖြစ်လတ္တံ့၊ ခမည်းတော်သည် သုဒ္ဓေါဒနမည်သော မင်းကြီး ဖြစ်လတ္တံ့၊ သားတော်သည်ကား ရာဟုလာမည်သည် ဖြစ်လတ္တံ့၊ အလုပ်အကျွေးသည်ကား အာနန္ဒာမည်သည် ဖြစ်လတ္တံ့၊ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝကသည်ကား မောဂ္ဂလာန် မည်သည် ဖြစ်လတ္တံ့၊ သင်သည်ကား ထိုဂေါတမဘုရား၏ လက်ယာရံ ပထမ အဂ္ဂသာဝကဖြစ်သော သာရိပုတြာမည်သော တရားစစ်သူကြီး ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ညွှန်ကြားတော်မူလေ၏။ ဤသို့ သရဒရသေ့ကို ဗျာဒိတ်ပေးတော်မူပြီးလျှင် တရားစကားကို ဟောကြားပြီး၍ ရဟန်းအပေါင်းခြံရံလျက် ကောင်းကင်သို့ပျံတက် ကြွသွားတော်မူလေ၏။

သရဒရသေ့သည်လည်း တပည့်ဖြစ်ဖူးသော မထေရ်တို့၏ အထံသို့သွား၍ အဆွေခင်ပွန်းဖြစ်သော သိရိဝဍ္ဎနသူကြွယ်ထံသို့ သတင်းစကား မှာကြားလေ၏။ “အရှင်ဘုရားတို့- တပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော သူကြွယ်အား သင်၏အဆွေခင်ပွန်းဖြစ်သော သရဒရသေ့သည် အနောမဒဿီဘုရားရှင်၏ ခြေတော်ရင်းဝယ် နောင်အနာဂတ်ကာလ၌ ပွင့်တော်မူလတ္တံ့သော ဂေါတမဘုရား၏ သာသနာတော်၌ လက်ယာရံ အဂ္ဂသာဝကအရာကို တောင့်တလေပြီ။ အသင်သူကြွယ်သည် ဒုတိယ အဂ္ဂသာဝက လက်ဝဲရံအရာကို တောင့်တလော့”ဟု ပြောကြားရန် သတင်းစကား မှာကြားလေ၏။ ဤသို့ မှာကြားပြီးလျှင် မထေရ်တို့ထက် ရှေးဦးစွာ တစ်ဖက်သော လမ်းခရီးဖြင့်သွား၍ သိရိဝဍ္ဎနသူကြွယ်၏နေအိမ်တံခါး၌ ရပ်လေ၏။ သိရိဝဍ္ဎန သူကြွယ်သည် “ငါ၏ အရှင်ရသေ့ကား ကြာမြင့်မှ ကြွလာတော်မူပေသည်တကား”ဟု နေရာ၌နေစေ၍ မိမိမူ နိမ့်သောနေရာ၌ နေလျက် “အရှင်ဘုရား- အရှင်မြတ်တို့၏ တပည့်ပရိသတ်ကား မထင်မြင်ချေတကား”ဟု မေးလျှောက်သော် “အဆွေ သိရိဝဍ္ဎန- ဪ၊ ဟုတ်ပေ၏။ ငါတို့၏ ကျောင်းသင်္ခမ်းသို့ အနောမဒဿီ မြတ်စွာဘုရားသည် ကြွလာတော်မူ၏၊ ငါတို့သည် ထိုဘုရားရှင်အား အစွမ်းသတ္တိ ရှိသည်အလျောက် ပူဇော်သက္ကာရကို ပြုကြကုန်၏၊ ဘုရားရှင်သည် အလုံးစုံသောသူတို့အား တရားဟောတော်မူ၏၊ တရားတော်၏ အဆုံး၌ ငါ့ကို ချန်ထား၍ ကြွင်းသော တပည့်ရသေ့တို့သည် အရဟတ္တဖိုလ်သို့ရောက်၍ ရဟန်းပြုကြလေကုန်ပြီ၊ ငါသည်မူကား အနောမဒဿီ မြတ်စွာဘုရား၏ အဂ္ဂသာဝကဖြစ်သော နိသဘမထေရ်ကို မြင်ရ၍ နောင်သောအခါ ပွင့်တော်မူလတ္တံ့သော ဂေါတမဘုရား သာသနာတော်၌ ပထမ အဂ္ဂသာဝက လက်ယာရံအရာကို ဆုတောင်းလိုက်၏။ အဆွေဖြစ်သော အသင်သည်လည်း ထိုဂေါတမဘုရား၏ သာသနာတော်၌ ဒုတိယ အဂ္ဂသာဝက လက်ဝဲရံအရာကို တောင့်တလော့”ဟု တိုက်တွန်းလတ်သော် “အရှင်ဘုရား-တပည့်တော်အား ဘုရားရှင်တို့နှင့် အကျွမ်းဝင်ခြင်း မရှိပါ”ဟု လျှောက်၏။ “ဘုရားရှင်တို့နှင့် စကားပြောဆိုခြင်းကား ငါ၏ တာဝန်ဖြစ်စေ၊ သင်သည် ကြီးမြတ်သော ပူဇော်သက္ကာရကိုသာ ပြုပြင် စီရင်လေလော့”ဟု ပြော ဆို၏။ သိရိဝဍ္ဎန သူကြွယ်သည် ထိုရသေ့၏စကားကို ကြား၍ မိမိ၏နေရာ အိမ်တံခါးအနီးအပါး၌ မင်းပယ်အားဖြင့် (တစ်ဆယ့်တစ်တင်း မျိုးကြဲလောက်သော အရပ်ကို မင်းပယ်တစ်ခု ခေါ်သည်။) ရှစ်မင်းပယ်မျှလောက်သော အရပ်ကို ညီညွတ်သော အပြင်ရှိအောင် ပြုပြင်၍ သဲကိုဖြန့်ကြဲစေ၍ ကြာညိုပန်းတို့ဖြင့် မိုးအပ်သော မဏ္ဍပ်ကို ဆောက်စေ၍ ဘုရားနေရာကို ခင်းစေပြီးလျှင် ကြွင်းသော ရဟန်းတို့၏ နေရာတို့ကိုလည်း စီရင်စေ၍ ကြီးမြတ်သော ပူဇော်သက္ကာရကို ပြုပြင်စီရင်ပြီးသော် မြတ်စွာဘုရားတို့ကို ပင့်ဖိတ်ခြင်းငှာ သရဒရသေ့အား အမှတ်သညာ ပေးလေ၏။

သရဒရသေ့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို ပင့်ဆောင်၍ ထိုသိရိဝဍ္ဎနသူကြွယ်၏ နေအိမ်သို့ သွားလေ၏။ သိရိဝဍ္ဎန သူကြွယ်သည်လည်း ခရီးဦးကြိုဆိုခြင်းကိုပြု၍ ဘုရားရှင်၏ လက်တော်မှ သပိတ်ကို ယူပြီးလျှင် မဏ္ဍပ်သို့ကြွဝင်ရန် လျှောက်ကြား၍ ခင်းအပ်သော နေရာတို့၌ သီတင်းသုံးနေတော်မူသော ဘုရားအမှူးရှိသော ရဟန်းသံဃာအား မြတ်သော အလှူရေစက်ကို သွန်းချ၍ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ဖြင့် လုပ်ကျွေးပြီးလတ်သော် ဆွမ်းဘုဉ်းပေးတော်မူပြီးသည်၏ အဆုံး၌ ဘုရားအမှူးရှိသော ရဟန်းသံဃာကို မြတ်သောသူတို့အား ထိုက်လျော် လျောက်ပတ်သော အဝတ်သင်္ကန်းတို့ဖြင့် လှူဒါန်း၍ “မြတ်စွာဘုရား- ဤသို့ အားထုတ်ပြုစုရခြင်းသည် အနည်းငယ်မျှသော အရာဌာနအကျိုးငှာ မဟုတ်ပါ၊ ဤသို့သောနည်းဖြင့် ခုနစ်ရက်ပတ်လုံး အစဉ်သနားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ ဘုရားရှင်သည် သည်းခံတော်မူ၏။

သိရိဝဍ္ဎနသူကြွယ်သည် ထိုသို့သော နည်းဖြင့်သာလျှင် ခုနစ်ရက်ပတ်လုံး အလှူကြီးကို ဖြစ်စေပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ လက်အုပ်ချီကာ ရပ်လျက် “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- တပည့်တော်၏ အဆွေခင်ပွန်းဖြစ်သော သရဒရသေ့သည် အကြင်ဘုရား၏ လက်ယာရံ အဂ္ဂသာဝက ဖြစ်ရလို၏ဟု ဆုတောင်းပါ၏၊ ဘုရားတပည့်တော်သည်လည်း ထိုဘုရား၏ လက်ဝဲရံ ဒုတိယ အဂ္ဂသာဝက ဖြစ်ရပါလို၏ ဘုရား”ဟု ဆုတောင်းပတ္ထနာ ပြုလေ၏။ ဘုရားရှင်သည် အနာဂတ်ကာလကို ကြည့်တော်မူသော် ထိုသိရိဝဍ္ဎနသူကြွယ်၏ ဆုတောင်းခြင်း၏ ပြည့်စုံအံ့သောအဖြစ်ကို မြင်တော်မူ၍ “သင်သည် ဤကမ္ဘာမှ တစ်သိန်းအလွန်ရှိသော ကမ္ဘာတစ်သင်္ချေကို လွန်မြောက်ပြီးလျှင် ဂေါတမမည်သော ဘုရား၏ ဒုတိယ အဂ္ဂသာဝက လက်ဝဲရံ ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေ၏။ သိရိဝဍ္ဎနသူကြွယ်သည် ဘုရားရှင်တို့၏ ဗျာဒိတ်စကားကို ကြားရ၍ အလွန်လျှင် ရွှင်လန်းဝမ်းမြောက်လေ၏။ မြတ်စွာဘုရားသည်လည်း ဆွမ်းအနုမောဒနာတရား ဟောတော်မူ၍ အခြံအရံ ရဟန်းသံဃာနှင့်တကွ ကျောင်းတော်သို့သာလျှင် ပြန်ကြွတော်မူလေ၏။

“ချစ်သား ရဟန်းများတို့- ငါ၏သားတော် ဖြစ်ကုန်သော ဤသာရိပုတြာ၊ မောဂ္ဂလာန်တို့သည် ဤသို့လျှင် အဂ္ဂသာဝကအစုံဆုကို တောင်းခဲ့ကြကုန်သောကြောင့် မိမိတို့ ဆုတောင်းခဲ့တိုင်းသာလျှင် လက်ယာရံ၊ လက်ဝဲရံအဖြစ်ကို ရကြလေကုန်၏၊ ငါဘုရားသည် မျက်နှာကြည့်၍ ပေးသည်မဟုတ်”ဟု မိန့်တော်မူ၏။ ဤသို့ မိန့်တော်မူပြီးသည်ရှိသော် အဂ္ဂသာဝက နှစ်ပါးတို့သည် ဘုရားရှင်ကို ရှိခိုး၍ ဤသို့ လျှောက်ကြကုန်၏။ “မြတ်စွာဘုရား- တပည့်တော်တို့သည် အိမ်ရာထောင်သော လူ့ဘောင်၌ နေကြကုန်စဉ် တောင်ထိပ်ပွဲသဘင်ကို ကြည့်ရှုခြင်းငှာ သွားကြပါကုန်၏၊” ဤသို့ အစရှိသည်တို့ဖြင့် အကြင်မျှလောက် အဿဇိမထေရ်၏ အထံမှ သောတာပတ္တိဖိုလ်ကို ထိုးထွင်း၍ သိ၏၊ ထိုမျှလောက် အလုံးစုံသော ပစ္စုပ္ပန်ဝတ္ထု အကြောင်းအရာတို့ကို ကောင်းစွာ လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- တပည့်တော်တို့သည် ဆရာဖြစ်သော သိဉ္စည်းပရိဗိုဇ် အထံသို့သွား၍ ရှင်တော်ဘုရားတို့၏ ခြေတော်ရင်းသို့ရောက်အောင် ဆောင်လိုကုန်သောကြောင့် ထိုသိဉ္စည်းဆရာ၏ အယူဝါဒ အနှစ်သာရ မရှိသည့်အဖြစ်ကို ပြောကြားလျက် ရှင်တော်ဘုရားတို့၏ ခြေတော်ရင်း၌ ဆည်းကပ်ခြင်း၏ အကျိုးအာနိသင်ကို ပြသပြောဆိုကြပါသည်ဘုရား၊ ထိုသိဉ္စည်းဆရာသည် ယခုအခါ တပည့်အဖြစ်ဖြင့် နေရခြင်းသည် အိုးစရည်းကြီး၏ ရေသယ်အိုးငယ်အဖြစ်သို့ ရောက်ရသည်နှင့် တူသဖြင့် တပည့်အဖြစ်ဖြင့်နေခြင်းငှာ မစွမ်းနိုင်ဟု ဆိုပါသည်ဘုရား။

ထိုအခါ ဘုရားတပည့်တော်တို့က ဆရာ- ယခုအခါ လူများအပေါင်းသည် ပန်း,နံ့သာစသည် လက်စွဲလျက် မြတ်စွာဘုရား၏ အထံသို့သာသွား၍ ပူဇော်လတ္တံ့၊ ဆရာတို့သည် အဘယ်သို့ ဖြစ်ကုန်အံ့နည်းဟု မေးသောအခါ ဤလောက၌ ပညာရှိသူ များသလော၊ သို့တည်းမဟုတ် ပညာနုံ့သူ များသလောဟု ဘုရားတပည့်တော်တို့ကို မေးသဖြင့် ပညာနုံ့သူ များကြောင်း ပြန်ပြောကုန်လတ်သော် ထိုသို့ဖြစ်မူ ပညာရှိတို့သည် ရဟန်းဂေါတမထံ သွားကုန်လတ္တံ့၊ ပညာနုံ့သူတို့သည် ငါ့ထံ လာကုန်လတ္တံ့၊ သင်တို့သည်သာ ရဟန်းဂေါတမထံ သွားကြကုန်ဟုဆို၍ မြတ်စွာဘုရားထံ လိုက်လာခြင်းငှာ အလိုမရှိပါ”ဟု လျှောက်ကြားကြကုန်၏။ မြတ်စွာဘုရားသည် ထိုစကားကို ကြားတော်မူ၍ “ချစ်သားရဟန်းတို့- သိဉ္စည်းပရိဗိုဇ်သည် မိမိ၏ အမှားကို ယူသည်၏အဖြစ်ကြောင့် အနှစ်သာရ မရှိဘဲလျက် အနှစ်သာရရှိ၏ဟု ယူလေ့ရှိ၏၊ အနှစ်သာရရှိသော အယူကို အနှစ်သာရမရှိဟု ယူလေ့ရှိ၏။ သင်တို့သည်ကား ပညာရှိသည့်အဖြစ်ကြောင့် အနှစ်သာရရှိသော အယူကိုလည်း အနှစ်သာရ ရှိသောအားဖြင့်၊ အနှစ်သာရမရှိသော မိစ္ဆာဒိဋ္ဌိအယူကိုလည်း အနှစ်သာရ မရှိသောအားဖြင့် သိကြကုန်၍ အနှစ်သာရမရှိသော မိစ္ဆာအယူကို ပယ်စွန့်ပြီးလျှင် အနှစ်သာရရှိသော ကောင်းမြတ်သော သူတော်ကောင်းတရားကိုသာလျှင် ယူကြကုန်လော့”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

ဟောဖော်ညွှန်ပြ

[၁၁] အသာရေ သာရမတိနော၊ သာရေ စာ သာရဒဿိနော။
တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။
[၁၂] သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။
တေ သာရ မဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

ယေ၊ အကြင်သူတို့သည်။ အသာရေ၊ အနှစ်မပါ အကာဖြစ်ငြား တိတ္ထိတို့တရား၌။ သာရမတိနော၊ အနှစ်သာရပြည့်ဝသည်ဟု အယူရှိကုန်၏။ သာရေ စ၊ အနှစ်သာရ ပြည့်ဝစုပေါင်း သူတော်ကောင်းတရား၌လည်း။ အသာရဒဿိနော၊ အနှစ်မပါ အကာအတိ အမြင်ရှိကုန်၏။ မိစ္ဆာသင်္ကပ္ပဂေါစရာ၊ မိစ္ဆာဝိတက်၏ ကျက်စားရာ ဖြစ်ကုန်သော။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ သာရံ၊ သီလစသော ဂုဏ်ကျေးဇူး အနှစ်ကို။ နာဓိဂစ္ဆန္တိ၊ မရနိုင်ကြကုန်။

ယေ၊ အကြင်သူတို့သည်။ သာရဉ္စ၊ အနှစ်သာရ ပြည့်ဝစုပေါင်း သူတော်ကောင်း တရားကိုလည်း။ သာရတော၊ အနှစ်သာရ ပြည့်ဝသောအားဖြင့်။ အသာရဉ္စ၊ အနှစ်မပါ အကာအတိဖြစ်သော တိတ္ထိတို့၏ တရားကိုလည်း။ အသာရတော၊ အနှစ်မပါ အကာအတိအားဖြင့်။ ဉတွာ၊ သိ၍။ ဌိတာ၊ တည်ကြကုန်၏။ သမ္မာသင်္ကပ္ပဂေါစရာ၊ အကြံကောင်းစွာ သမ္မာဝိတက်၏ ကျက်စားရာဖြစ်ကုန်သော။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ သာရံ၊ သီလစသော ဂုဏ်ကျေးဇူး အနှစ်ကို။ အဓိဂစ္ဆန္တိ၊ ရနိုင်ကြကုန်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာကုန်သော တရားနာပရိသတ်တို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ စည်းဝေးရောက်လာသော သူတို့အား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အရှင်သာရိပုတြာမထေရ်ဝတ္ထု ပြီး၏။