သာသနာပြုစေလွှတ်တော်မူခြင်း (ဆရာ)

ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်)
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၆။ သာသနာပြုစေလွှတ်တော်မူခြင်း(ကျောင်းသားကိုင်သို့)
348304ဗုဒ္ဓဘာသာသင်ခန်းစာ စတုတ္ထတန်း (ဆရာလမ်းညွှန်) — ၆။ သာသနာပြုစေလွှတ်တော်မူခြင်း(ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၆)

သင်ခန်းစာခေါင်းစဉ်။ ။ သာသနာပြုစေလွှတ်တော်မူခြင်း

သင်ယူမှုဦးတည်ချက်။ ။ မြတ်စွာဘုရားရှင် သာသနာပြု စေလွှတ်တော်မူခြင်းအကြောင်းကို သိရှိစေရန်။

စာသင်ချိန် (၁)။ ။ ၃၀ မိနစ်

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ “သားတို့သမီးတို့...ပြီးခဲ့တဲ့စာသင်ချိန်တွေမှာ ဘုရားရှင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အများကြီး

ဆွေးနွေးခဲ့ကြပြီ။ မြတ်စွာဘုရားရှင်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဘယ်လောက်မှတ်မိသလဲ”ဟု မေးပြီး အောက်ပါ လုပ်ငန်းကို ပြုလုပ်ခြင်းဖြင့် စာသင်ချိန်ကို စတင်ပါ။

֍ ကလေးများကို အုပ်စု (၄) စုဖွဲ့ပြီး သင်ပုန်းပေါ်တွင် ဆရာက အောက်ပါအချိန်မျဉ်းကို ဆွဲပါ။

ဘုရားရှင်၏ ဘဝအကြောင်း

(၁) ဘုရားဆုပန်
(၂) ငယ်စဉ်ဘဝ
(၃) တောထွက်
(၄) ဘုရားဖြစ်

֍ အုပ်စု (၄) စုကို မဲနှိုက်စေပြီး အချိန်မျဉ်းတွင် ဖော်ပြထားသော မြတ်စွာဘုရား၏ ဖြစ်တော်စဉ်လေးခုမှ မိမိတို့ မဲကျရာ ဖြစ်စဉ်ကို အုပ်စုလိုက်ဆွေးနွေးပြီး အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြပါစေ။ အုပ်စုလိုက် ဆွေးနွေး နေစဉ် ဆရာက လိုက်လံကြည့်ရှုပြီး ကူညီပေးပါ။

֍ အုပ်စုကိုယ်စားလှယ်တစ်ဦးစီက တင်ပြရာတွင် လိုအပ်ချက်များရှိလျှင် အခြားအုပ်စုများက ဖြည့်စွက်ပေးကြပါ စေ။ လိုအပ်မှသာ ဆရာက ဖြည့်စွက်ပေးပါ။

֍ ထို့နောက် ဆရာက “မြတ်စွာဘုရားဟာ သတ္တဝါအားလုံးကို ကယ်တင်ဖို့ ဘုရားဖြစ်အောင်ကြိုးစားခဲ့တယ်။ ဘုရားဖြစ်ပြီးတဲ့နောက်မှာ ဘာတွေဆက်လုပ်ခဲ့တယ် ဆိုတာကို နောက်စာသင်ချိန်မှာ လေ့လာကြရအောင်”ဟု ပြောပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း။ ။ ကျောင်းသားကိုင်စာအုပ်ပါ သာသနာပြုစေလွှတ်တော်မူခြင်း အကြောင်းနှင့် သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကျောင်းသားကိုင်စာအုပ်ပါ သာသနာပြု စေလွှတ်တော်မူခြင်းအကြောင်းကို ကလေးများဖတ်ကြပါစေ။

သာသနာပြုစေလွှတ်တော်မူခြင်း

မြတ်စွာဘုရားရှင် ဘုရားဖြစ်ပြီးစ ၄၉-ရက်မြောက်နေ့မှာ တပုဿနဲ့ ဘလ္လိကဆိုတဲ့ ကုန်သည်ညီနောင် နှစ်ယောက်ဟာ မြတ်စွာဘုရားရှင်ကို မုန့်ကြွက်ကျစ်နဲ့ ပျားဆုပ်မုန့်တွေကို လှူဒါန်းခဲ့တယ်။ မြတ်စွာဘုရားကလည်း သူတို့ကို အနုမောဒနာတရား ဟောကြားတော်မူခဲ့ပြီးနောက် ညီနောင်နှစ်ယောက်တို့ဟာ ဘုရားနဲ့တရားဆိုတဲ့ ရတနာနှစ်ပါးကို ပထမဆုံးကိုးကွယ်ခွင့်ရသူတွေ ဖြစ်သွားခဲ့ကြတယ်။ အဲဒီနောက်မှာ မြတ်စွာဘုရားရှင်ဟာ မိဂဒါဝုန် တောသို့ ကြွတော်မူပြီး ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာသုတ်တော်နှင့် အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူခဲ့ပါတယ်။ အနတ္တလက္ခဏသုတ်တော်ကို ဟောတော်မူတဲ့ ဝါဆိုလပြည့်ကျော် ငါးရက်နေ့မှာ ပဉ္စဝဂ္ဂီငါးဦးလုံး ရဟန္တာ ဖြစ်တော်မူခဲ့ကြတယ်။ အဲဒီအချိန်ကစပြီး သံဃာရတနာ စတင်ပေါ်ပေါက်လာကာ သာသနာတော်မှာ ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါး ပြည့်စုံလာခဲ့တယ်။

မြတ်စွာဘုရားရှင်ဟာ ပဉ္စဝဂ္ဂီငါးဦးနဲ့အတူ မိဂဒါဝုန်တောမှာပဲ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန် သေနာနိဂုံးက သုဇာတာသူဌေးကတော်ကြီးရဲ့ သား ယသဟာ လောကစည်းစိမ်တွေမှာ ငြီးငွေ့လာတဲ့အတွက် မြတ်စွာဘုရားရှိရာ မိဂဒါဝုန်တောထဲကို ရောက်ရှိလာခဲ့တယ်။ ယသသူဌေးသားရဲ့ ဖခင် သူဌေးကြီးဟာ သားဖြစ်သူ အိမ်က ထွက်သွားတဲ့အတွက် စိတ်ပူပြီး လိုက်ရှာခဲ့ရာ မြတ်စွာဘုရားရှင်နဲ့ သားဖြစ်သူရှိရာကို ရောက်လာခဲ့တယ်။ မြတ်စွာဘုရားရှင်က သူဌေးကြီးကို တရားဟောတော်မူပါတယ်။ တရားအဆုံးမှာ သူဌေးကြီးဟာ ဘုရားသာသနာတော်မှာ ရတနာသုံးပါးကို ပထမဆုံးယုံကြည်တဲ့ သောတာပန်ဒါယကာ ဖြစ်လာခဲ့ပါတယ်။ သူဌေးကြီးကို မြတ်စွာဘုရားက တရားဟောနေစဉ်မှာပဲ ယသလည်း ရဟန္တာဖြစ်သွားခဲ့ပါတယ်။ သူဌေးကြီးဟာ မြတ်စွာဘုရားကို ဆွမ်း ဘုဉ်းပေးဖို့ ပင့်ဖိတ်ပြီး အိမ်ပြန်သွားခဲ့တယ်။

ယသသူဌေးသားဟာ မြတ်စွာဘုရားထံမှာ ရဟန်းပြုခွင့်တောင်းပြီး ဘုရားသားတော် ရဟန်းတစ်ပါး ဖြစ်သွား ခဲ့တယ်။ နောက်တစ်နေ့မှာ မြတ်စွာဘုရားရှင်ဟာ အရှင်ယသနဲ့အတူ သူဌေးကြီးအိမ်ကို ဆွမ်းဘုဉ်းပေး ကြွတော်မူပါတယ်။ ဆွမ်းဘုဉ်းပေးတော်မမူမီ မြတ်စွာဘုရားရှင် တရားဟောတော်မူတဲ့အခါ သူဌေးကတော်ကြီး သုဇာတာနဲ့ အရှင်ယသရဲ့ ဇနီးဟောင်းတို့ဟာ ပထမဆုံး ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်တဲ့ သောတာပန် ဒါယိကာမများ ဖြစ်လာခဲ့ကြပါတယ်။

အရှင်ယသရဲ့ သူငယ်ချင်း လေးယောက်တို့လည်း ယသသူဌေးသား ရဟန်းပြုသွားကြောင်း သိရတဲ့အခါ “ငါတို့သူငယ်ချင်း ယသဟာ စည်းစိမ်ဥစ္စာတွေ အများကြီး ရှိပါလျက် အကုန်လုံးကို ထားခဲ့ပြီး ရဟန်းပြုသွားတယ်။ ဒါဆိုရင် ... မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ဟာ မြင့်မြတ်လို့ ဖြစ်လိမ့်မယ်”လို့ တွေးပြီး အရှင်ယသရှိရာကို လိုက်သွားခဲ့ကြတယ်။ မြတ်စွာဘုရားထံမှာ သူဌေးသား လေးယောက်တို့လည်း ရဟန်းပြုပြီး ရဟန္တာများ ဖြစ်သွားခဲ့ ကြတယ်။ ထို့အတူပဲ အရှင်ယသရဲ့ ငယ်သူငယ်ချင်း ၅၀ တို့လည်း အရှင်ယသရဲ့ သတင်းကို ကြားပြီးနောက် မြတ်စွာဘုရားရှင်ထံကို သွားရောက်ပြီး ရဟန်းပြုခွင့် တောင်းခဲ့ကြတယ်။ မြတ်စွာဘုရား တရားဟောပြီးတဲ့အခါ သူငယ်ချင်း ၅၀ တို့လည်း ရဟန္တာဖြစ်ကာ မြတ်စွာဘုရားရှင်ရဲ့ တပည့်သာဝကများ ဖြစ်လာခဲ့ကြပါတယ်။ ဒါကြောင့် ပဉ္စဝဂ္ဂီငါးဦး၊ အရှင်ယသ၊ အရှင်ယသရဲ့ ငယ်သူငယ်ချင်း ၅၄-ပါး၊ စုစုပေါင်း ဘုရားရှင်ရဲ့ တပည့်သာဝက ရဟန္တာအရှင်မြတ် အပါး ၆၀ ဖြစ်လာခဲ့ပါတယ်။

မြတ်စွာဘုရားရှင်ဟာ ဝါကျွတ်တဲ့အခါ တပည့်သာဝက ရဟန္တာအရှင်မြတ် အပါး ၆၀ကို ခေါ်ပြီး လောက ကောင်းကျိုးအတွက် အရပ်ဒေသများစွာကို ခရီးလှည့်လည် တရားဟောကြားဖို့နဲ့ လမ်းခရီးတစ်ခုကို တစ်ပါးတည်း သာကြွရောက်ကြဖို့ တိုက်တွန်းပြီး သာသနာပြု စေလွှတ်တော်မူခဲ့ပါတယ်။

֍ အောက်ပါမေးခွန်းများမေးပါ။

မှီငြမ်း။ ။ မဟာဗုဒ္ဓဝင်၊ ဒုတိယတွဲ၊ ၃၉၄-၅၃၀။

-ဘုရားနဲ့တရားဆိုတဲ့ ရတနာနှစ်ပါးကို ပထမဆုံးကိုးကွယ်ခွင့်ရသူတွေဟာ ဘယ်သူတွေလဲ။
-ဘုရားဖြစ်ပြီးစအချိန်မှာ ဘယ်သူတွေကို တရားဟောခဲ့ပါသလဲ။
-ဘုရားဖြစ်ပြီးစအချိန်မှာ ဘာသုတ်တော်တွေကို ဟောကြားခဲ့တာလဲ။
-သံဃာရတနာဟာ ဘယ်အချိန်ကစတင် ပေါ်ပေါက်ခဲ့သလဲ။
-ယသသူဌေးသားက ဘာကြောင့်ရဟန်းပြုသွားတယ်လို့ ထင်သလဲ။
-ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ခဲ့တဲ့ ပထမဆုံးသောတာပန် ဒါယိကာမတွေက ဘယ်သူတွေလဲ။
-မြတ်စွာဘုရားရှင်က တပည့်သာဝကရဟန္တာများကို ဘာကြောင့်သာသနာပြု စေလွှတ်ခဲ့တာလဲ စသည့် မေးခွန်းများကို မေးမြန်းဆွေးနွေးခြင်းဖြင့် စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း။ ။ မဲလိပ်များ။

သင်ယူမှုလုပ်ငန်းစဉ်

֍ ကလေးများကို “သာသနာပြုစေလွှတ်တော်မူခြင်းအကြောင်းကို အသံတိတ်ဖတ်ကြည့်ရအောင်”ဟု ပြော၍ အသံမထွက်ဘဲ ဖတ်ကြပါစေ။

֍ ကလေးများ ဖတ်ပြီးသောအခါ “ကုန်သည်ညီနောင်၊ ပဉ္စဝဂ္ဂီ၊ ယသ၊ ယသ၏သူငယ်ချင်းလေးယောက်၊ သူဌေးကြီး၊ သုဇာတာ၊ အရှင်ယသ၏ ဇနီးဟောင်း”ဟူသော အမည်များဖြင့် ကလေးအရေအတွက်အလိုက် မဲလိပ်များ ပြုလုပ်ထားပါ။ ထို့နောက် အမည်တူရာချင်းစု၍ အုပ်စု (၇) စု ဖွဲ့ပါ။

֍ မိမိကျရာ အမည်ကို အုပ်စုအတွင်း ဆွေးနွေးပြီး ကိုယ်စားလှယ်တစ်ဦးက ပြန်လည်တင်ပြပါစေ။ (ဥပမာ။ ။ ပဉ္စဝဂ္ဂီငါးဦးဆိုတာ ဘယ်သူတွေလဲ၊ သူတို့က ဘာထူးခြားလဲ ... စသည်ဖြင့်)

֍ အုပ်စုအားလုံးတင်ပြပြီးသောအခါ ဆရာက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ အောက်ပါမေးခွန်းဖြင့် စာသင်ချိန်ကို စတင်ပါ။

“သိဒ္ဓတ္ထမင်းသားဟာ ဘုရားဖြစ်အောင် ဘာကြောင့် ကြိုးစားခဲ့တယ်လို့ထင်သလဲ”

֍ ကလေးများဖြေပြီးလျှင် ဆရာက “သတ္တဝါတွေကို ကယ်တင်ဖို့၊ အများအကျိုး ဆောင်ရွက်ဖို့၊ အမှန်တရားကို သိရှိပြီး သတ္တဝါတွေ ငြိမ်းချမ်းဖို့အတွက် ဘဝပေါင်းများစွာ စွန့်လွှတ်အနစ်နာခံပြီး ပါရမီတွေဖြည့်ကာ ဘုရားဖြစ် အောင် ကြိုးစားတော်မူခဲ့တယ်။ ဘုရားဖြစ်တော်မူခြင်းကို ဘုရားပွင့်တော်မူခြင်းလို့လည်း ခေါ်တယ်”ဟု ရှင်းပြပါ။

֍ ထို့နောက် “ဘုရားပွင့်လာပြီး ဘာတွေထူးခြားသလဲ”ဟု ဆက်မေးပါ။ (ကလေးများကို စဉ်းစားချိန်ပေး၍ ဖြေတတ်သလို ဖြေကြပါစေ။)

֍ ကလေးများဖြေပြီးလျှင် ဆရာက အောက်ပါအတိုင်းပြောပြပါ။

“ဘုရားပွင့်လာတဲ့အတွက် ဒါကတော့ ကုသိုလ် (ကောင်းတဲ့အလုပ်)ပဲ၊ ဒါကတော့ အကုသိုလ်(မကောင်းတဲ့ အလုပ်)ပဲ ဆိုတာ ခွဲခြားသိရတယ်။ ကုသိုလ်၊ အကုသိုလ်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုလည်း ခွဲခြားသိ ရတယ်။ အကျိုးအများကြီးရှိတယ်”ဟု ပြောပြီး အောက်ပါမေးခွန်းကို ဆက်၍မေးပါ။

-ဘုရားမပွင့်ပေါ်ခဲ့ဘူး ဆိုရင်ရော ဘာတွေဖြစ်လာနိုင်သလဲ။

֍ “ဘုရားရှင်ပွင့်တော်မမူဘူးဆိုလျှင် ဒါကတော့ကုသိုလ် (ကောင်းတဲ့အလုပ်)ပဲ၊ ဒါကတော့ အကုသိုလ် (မကောင်း တဲ့အလုပ်)ပဲ ဆိုတာ ခွဲခြားမသိနိုင်ဘူး။ ကုသိုလ်၊ အကုသိုလ်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကိုလည်း ခွဲခြား မသိနိုင်ဘူး။ အပြစ်တွေ အများကြီးဖြစ်လာနိုင်တယ်”စသည်ဖြင့် ပြောပြပါ။

֍ ထို့နောက် အောက်ပါကဗျာကို သင်ပုန်းတွင်ရေးပြပြီး ရွတ်ဆိုကြပါစေ။

ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်
လူတော်အများ၊ စိတ်ကောင်းထားလည်း
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘဝ၊ မသိရ၊ များလှအပြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘဝ၊ သိကြရ၊ များလှကျေးဇူးတွေ။
(အရှင်ဇနကာဘိဝံသ)

֍ “မြတ်စွာဘုရားရှင်ဟာ လောကကောင်းကျိုးအတွက် ကိုယ်တိုင် တရားဟောကြားတော်မူတဲ့အပြင် တပည့် သာဝကများကိုလည်း အရပ်ဒေသများစွာသို့ ခရီးလှည့်လည်တရားဟောကြားရန် စေလွှတ်ခဲ့တယ်။ မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမအတိုင်း နေထိုင်ကျင့်ကြံကြလျှင် ကောင်းကျိုးများစွာရနိုင်တယ်” ဟု ဆရာက ပြောပြပြီး သင်ခန်းစာကို အနှစ်ချုပ်ပေးပါ။