သိမ်မျိုးစုံမဟာဋီကာ/အတိဂမ္ဘီရသင်္ကရ ဒေါသဋီကာ

သိမ်မျိုးစုံမဟာဋီကာကျမ်း by ကျွန်းရွာတောရဆရာတော်
၁၂၉။ အတိဂမ္ဘီရသင်္ကရ ဒေါသဋီကာ

     ဥဒကုက္ခေပမှာလည်း ဗဒ္ဓသိမ်သည် ရေလွှမ်းမိုး၍ ကမ်းပြိုသဖြင့် မြစ်ဖြစ်၍သွားရာ၌ မြစ်ပြင်မှာ ဥဒကုက္ခပသိမ်အဖြစ်ဖြင့် ကံပြုကြရာ ဥဒကုက္ခေပ အပိုင်းအခြားသည် ဗဒ္ဓသိမ် အရပ်ကို လွှမ်းမိုးခြင်း၊ ရောစပ်ခြင်း၊ ထိုဗဒ္ဓသိမ်အရပ်၌ ကျောက်ချ၍ ထိုးဝါးစိုက်၍ ပြင်ပ၌ ကံပြုခြင်း စသည်ဖြင့် အပြစ်သုံးပါးကြောင့် ဥဒကုက္ခေပ၌ ကံပျက်ရာ၏။ ထိုဒေါသသုံးပါးတို့တွင် သင်္ကရဒေါသ၌ မှတ်ဖွယ်ရာကား -

     သီမာမာဠကေ ဝဋရုက္ခော ဟောတိ, တဿ သာခါ ဝါ တတော နိဂ္ဂတပါရောဟော ဝါ မဟာသီမာယ ပထဝိတလံ ဝါ တတ္ထဇာတရုက္ခာဒီနိ ဝါ အာဟစ္စ တိဋ္ဌတိ, မဟာသီမံ သောဓေတွာ ဝါ ကမ္မံ ကာတဗ္ဗံ, တေ ဝါ သာခါပါရောဟာ ဆိန္ဒိတွာ ဗဟိဋ္ဌကာ ကာတဗ္ဗာ။  (ဝိနည်းမဟာဝါအဋ္ဌကထာ၊ ၃၂၇။)

     အဓိပ္ပာယ်အကျဉ်းကား ခဏ္ဍသိမ် မဟာသိမ်နှစ်ခုလုံး၌ ထောက်၍တည်သော သစ်ပင်ရှိရာ၏။ ခဏ္ဍသိမ်၌ ကံပြုလိုလျှင် မဟာသိမ်၌ ရှိသောရဟန်းတို့ကို ဟတ္ထပါသ်သို့ ဆောင်ခြင်း၊ ထိုရဟန်းတို့၏ ဆန္ဒကိုဆောင်ခြင်း၊ ထိုရဟန်းတို့ကို သိမ်ပသို့ ထွက်စေခြင်း၊ ကူးယှက်သော အကိုင်းအခက်တို့ကို ဖြတ်တောက်ခြင်းဖြင့် သုတ်သင်၍ ကံပြုရာ၏ ဆိုလိုသည်။

     ခဏ္ဍသိမ်၌ ကံပြုလိုသဖြင့် မဟာသိမ်၌ရှိသော ရဟန်းတို့ကို ဟတ္ထပါသ်သို့ ဆောင်ခြင်းဖြင့် သုတ်သင်ရမည် ဆိုသည်မှာ ဂရုကအရာ၌ တည်သောအားဖြင့် ဆိုခြင်းဖြစ်သည်။ စင်စစ်အမှန် နေရာကျကား သစ်ပင်သစ်ကိုင်းတို့၌ ကိုင်သော ရဟန်းတို့ကိုသာ ဆောင်ရမည်။ မကိုင်ပဲ သိမ်အပြင်မှာ တည်သော ရဟန်းတို့ကို ဟတ္ထပါသ်သို့ ဆောင်ဖွယ်မရှိဟု ကေစိဆရာတို့ ဆိုကြောင်းကို ဝိမတိဝိနောဒနီ ဝိနယာလင်္ကာရတို့၌ ပြ၏။ သာရတ္ထဒီပနီ ဋီကာ၌လည်း ထိုမဟာသိမ်၌တည်သော ရဟန်းတို့သည် ထိုညောင်ပင်၏ အကိုင်းအခက် မြစ်ပျဉ်းတို့ကို မကိုင်ပဲတည်ခြင်းကိုပင် မဟာသီမသောဓန-ဟုဂဏ္ဌိပုဒ်တို့၌ ယူကြောင်းကို ပြ၏။